မူဆယ်ဆွေးနွေးပွဲ ၊ အန်အယ်လ်ဒီကို ကူဖူးတဲ့ ပါဝဲလ် အယူအဆနဲ့ တပွဲထိုး ရှောင်ကြဉ်ရန် လိုအပ်ခြင်း

ငြိမ်းချမ်းရေး ဆွေးနွေးတည်ဆောက်မှုကို တပွဲထိုးအဖြေရှာ သဘောတူလက်မှတ်ရေးထိုးဆိုတဲ့ အခမ်းအနားမျိုး အမြင်ထက် ရန်စောင်အမုန်းပွားနေတဲ့ ဘက်နှစ်ဘက်အကြား ရေရှည်တည်တံ့တဲ့ ယုံကြည်မှုကို အချိန်နဲ့အမျှတည်ဆောက် ပေးရတဲ့ဖြစ်စဉ်တစ်ရပ်အဖြစ် ရှူမြင်သဘောထားရမှာဖြစ်တယ်လို့ ဆိုလာသူကတော့ ဂျိုနသန်ပါဝဲလ်ပဲဖြစ်ပါတယ်။ သူဟာ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဗြိတိသျှအစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှု ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်း ဆောင်အဖြစ် တာဝန်ယူခဲ့သူပါ။ တစ်ချိန်တည်းမှာလည်း သူဟာ ၀န်ကြီးချုပ် တိုနီဘလဲရဲ့ ၀န်ကြီးချုပ်ရုံးအဖွဲ့မှူးရာထူးကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရဖြစ်တဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက် ကျင်းပခဲ့တဲ့ ၂၁ ပင်လုံ ပထမအကြိမ်ကိုလည်း ဂျိုနသန်ပါဝဲလ်ဟာ တက်ရောက်ခဲ့ပြီး နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးမှုတွေလည်း ပြု လုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။

စေ့စပ်ဆွေးနွေးမှု ညှိနှိုင်းဖြစ်စဉ်တစ်ခုကို အစပြုလိုက်တာနဲ့ အဲဒီဖြစ်စဉ်ကို ရေရှည်တည်တံ့ဖို့အတွက် ဦး တည်လုပ်ဆောင်ရပါတယ်။ ၄င်းအနေနဲ့တော့ စက်ဘီးသီအိုရီလို့ သတ်မှတ်ပြီး အဆက်မပြတ် စီးနင်းနေရမည်ဖြစ် ကာရပ် လိုက်တာနဲ့ လဲကျသွားမှာဖြစ်တယ်။ ရပ်ပြီးပြန်နင်းရင်လည်း အားစိုက်ရတယ်။ ဆွေးနွေးပွဲက ဘယ်လောက်ပဲ ပင်ပန်းပါစေ ရပ်တန့်မသွားအောင်လုပ်ဆောင်သွားရမှာဖြစ်သလို ချဉ်းကပ်မှု ပုံစံအဟောင်းတွေနဲ့ အဆင်မပြေရင်လည်း ပုံစံအသစ်အ သစ် ချဉ်းကပ်မှုအသစ်နဲ့ အဆက်မပြတ် စဉ်းစားဆွေးနွေးနေရမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့အခါမှာလည်း သံတမန်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေလိုပဲ စနစ် တကျတည်ဆောက်ထားတဲ့ ပုံစံတစ်ခုတော့ရှိဖို့လိုအပ်တယ်လို့လည်း ဟောင်ကောင်ကိုတရုတ်နိုင်ငံသို့ ပြန်လည်အပ်နှံရေး၊ ၁၉၈၀ ခုနှစ်အလယ်ပိုင်းနှစ်များက ဆိုဗီယက်ယူနီယံနဲ့ ပြုလုပ်တဲ့ လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများနဲ့ ဂျာမန် နိုင်ငံ ပြန်လည်ပေါင်းစည်းခြင်းဆိုင်ရာ ဆွေးနွေးမှုတွေမှာပါဝင်ခဲ့သူ ဂျိုနသန်ပါဝဲလ်က သူ့ရဲ့ How to End Armed Conflict စာအုပ်မှာ ရေးသားထားပါတယ်။

လက်နက်ကိုင်အုပ်စုတွေနဲ့ ဆွေးနွေးညှိနှိုင်းရခြင်းဆိုတာဟာ အစည်းအဝေးတွေ မကြာခဏကျင်းပပြီး လူသိရှင် ကြား လက်မှတ်ရေးထိုးမှု အခမ်းအနားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကိုလုပ်လိုက်တာထက် စိတ်ရှည်သည်းခံမှုတွေ၊ ကြီးမား တဲ့ ဥာဏ်ပညာရှိမှုတွေ၊ ခိုင်မာတဲ့ စိတ်ဆုံးဖြတ်မှုတွေနဲ့အတူ ရေရှည်အကျိုးမျှော်ကိုးပြီး စီမံထားတဲ့ ဖြစ်စဉ်တွေနဲ့ ချဉ်း ကပ်ဖြေရှင်းခြင်းကသာ အကောင်းဆုံးပါပဲလို့လည်း သူကဆိုပါတယ်။ ပဋိပက္ခဖြေရှင်းမှုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တည် ဆောက်မှုအတွက် သူအကြံပြုထားတဲ့ အချက် ၂၀လောက်ထဲမှာ ခိုင်မာတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စနစ်ကျတဲ့ ဖွဲ့စည်း တည်ဆောက်မှုဖြစ်ဖို့၊ စေ့စပ်ညှိနှိုင်းမှုဆိုတာ ဆွေးနွေးငြင်းခုန်မှု Debate နဲ့ တရားဟောဆုံးမ သြ၀ါဒပေးတာ Preaching မဟုတ်တာကို သတိပြုဖို့လိုပါတယ်။ ငြိမ်းချမ်း process အတွက် အရှိန်ကိုထိန်းထားဖို့ စကားလုံးတွေရဲ့ အရေးပါမှု၊ ဆွေး နွေးပွဲတွေကျင်းပမဲ့နေရာကို မှန်ကန်စွာရွေးချယ်သတ်မှတ်နိုင်ဖို့က ယုံကြည်မှုတည်ဆောက်ရာမှာ အရေးပါတယ်လို့လည်း ဆိုသလို စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်အတွက် စီမံချက် ၁နဲ့ မအောင်မြင်ရင် အရံသင့် (၂) ဆိုတာရှိရန်လိုအပ်မှု၊ စေ့စပ်ဆွေးနွေး မှုများမှာ အသွင်သဏ္ဍာန်နဲ့ အမှတ်သရုပ်လက္ခဏာတွေရဲ့ အရေးပါမှုကို အလေးထားမှုကလည်း အရေးကြီးတယ်လို့ မစ္စ တာပါဝဲလ်က ဆိုထားပါတယ်။

အရေးကြီးတဲ့အချက်ကတော့ စေ့စပ်ညှိနှိုင်းဆွေးနွေးရေးကိုမဟာဗျူဟာတကျလုပ်ဖို့လိုသလို အခြေအနေ၊ အချိန် အခါအလိုက်ပြုလွယ်ပြင်လွယ်ရှိစေရန် စီမံထားဖို့ကလည်း အရေးအကြီးဆုံးဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုဖြစ်နဲ့ပတ်သက်တဲ့ အန္တိမရည်မှန်းချက်ကိုမူ ခိုင်ခိုင်မာမာအမျှော်အမြင်ရှိရှိထားဖို့လိုတယ်လို့ သူ့စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ အမျိုးမျိုးသော စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်တွေဟာ အာဏာခွဲဝေခြင်း၊ ရင်းမြစ်ခွဲဝေခြင်း စတဲ့တူညီတဲ့ ကိစ္စရပ်တွေအပေါ်မှာသာ ထပ်ခါတလဲလဲဖြေရှင်းနေကြခြင်းဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုများအတွက် ဆွေးနွေး ဘက်တွေအကြား အကောင်းဆုံးကိုယ်စားပြုမှုကို ဖြစ်ပေါ်စေမဲ့ ဆုံးဖြတ်ချက် ချမှတ်မှုဖြစ်စဉ်ကိုလည်း ကြိုတင်စဉ်းစားဖို့ လို တယ်လို့လည်း သူကဆိုပါတယ်။

လက်ရှိ စစ်တပ် အပစ်ရပ်လေးလတာကို ပြန်ကြည့်မယ်ဆိုရင် ဒီကနေ့ မူဆယ်မှာဆွေးနွေးတဲ့ ၄ ဖွဲ့နဲ့ အပစ်ရပ် လေးလတာ ကာလအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ တွေ့ရမှာပါ။

ဆွေးနွေးပွဲမစခင် တဘက်နဲ့ တဘက် အဆိုပြုချက်တွေကို ကြည့်မယ်ဆိုရင်တော့ ၄ ဖွဲ့စလုံးကို တဖွဲ့ချင်း အပစ် ရပ် ဆွေးနွေးရေးလက်ခံမှ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်မယ်ဆိုတဲ့ အယူအဆကို တိုင်း ရင်းသားမဟာမိတ်ဘက်က ဆုပ်ကိုင်သလို အစိုးရစစ်တပ်ဘက်ကတော့ Deed of Commitment စာချုပ်ကို လက်မှတ်ထိုး အန်စီအေ၀င်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားတာပါ။

မကြာသေးခင်ကပဲ ကေအိုင်အေမှအပ မြောက်ပိုင်း ၃ဖွဲ့ဟာ ရခိုင်စစ်ရေးဖိအားပေးမှုနဲ့ ပတ်သက်လို့ ကြေညာချက် ထုတ်ပြန် ရှုတ်ချခဲ့ပါတယ်။

ကေအိုင်အေကတော့ ရခိုင်အရေးကြေညာချက် ထုတ်ပြန်မှုထဲမပါဘဲ ကချင်လူမှု့အဖွဲ့အစည်းတွေဘက်က စစ် ဘေးရှောင်နေရပ်ပြန်ရေး နေပြည်တော်မှာ လာဆွေးနွေးခဲ့တာ သတိထားမိပါတယ်။

ကေအိုင်အေအနေနဲ့လည်း တဖွဲ့ချင်းအပစ်ရပ်ရေး လိုလားနိုင်ပေမယ့် သူနဲ့နယ်မြေချင်းထိစပ်တဲ့ အဖွဲ့တွေမပါဘဲ လက်မှတ်ထိုးဖို့ဆိုတဲ့ ကိစ္စကတော့ စိတ်ထင့်လေး စိတ်မပါဟန် ဖြစ်နေသလိုပါပဲ.

ထူခြားချက်ကတော့ ကေအိုင်အေနဲ့ မြောက်ပိုင်းမဟာမိတ်အကြား ထိစပ်နေတဲ့ နယ်မြေတွေဖြစ်တဲ့ ကေအိုင်အေ တပ်မဟာ ၆ ၊ ၄ နယ်မြေတွေကို စစ်တပ်က ပြီးခဲ့တဲ့ အပတ်အတွင်းမှာ ၀င်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ မူဆယ် ကွတ်ခိုင်လမ်းကြောကနေ သံလွင်မြစ် အနောက်ဘက်ကျောတလျှောက် အရှေ့ဘက်ကမ်း ကိုးကန့်နယ်အထိ ဆက်နိုင်တဲ့ နယ်မြေမှာ ကေအိုင်အေ မရှိတာကို လိုလားသလား ဒါမှမဟုတ် ရှမ်းမြောက်မှာ ကချင် တည်ရှိနေမှုနဲ့ အခြား တိုင်းရင်းသား တပ်ဖွဲ့တွေကလည်း အဲဒီဂွင်မှာ အခြေချလိုနေမှုအပေါ် စစ်တပ်ကကြားထဲဝင်ခွဲပေးဖို့ လုပ်သလားတော့ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။

တပ်အနေနဲ့လည်း တိုင်းရင်းသား လက်နက်ကိုင်တွေ အင်အားကောင်းလာနေတာကို တစုံတရာ စိုးရိမ်နေဟန်ပါပဲ.

နောက်ပိုင်းနှစ်တွေအတွင်း စစ်တပ်အစိုးရတို့နဲ့ ကေအိုင်အိုတို့အကြား ဆွေးနွေးပွဲကို ပြန်ကြည့်ရင် တပ်မဟာတွေ လျှော့ချဖို့ဆိုတဲ့ ကိစ္စကလည်း အမြဲပါဝင်နေတာပါ။

တဘက်ကလည်း ၉၄မှာ ကေအိုင်အေအနေနဲ့ မဟာမိတ်တွေကိုစွန့်ခွာပြီး အပစ်ရပ်ခဲ့သလို ပြန်လုပ်ဦးမလားဆိုတဲ့ မျှော်လင့်ချက်မျိုး ရှိကောင်းရှိနေနိုင်ပါတယ်။

အေအေ အနေနဲ့ ရခိုင်မှာ မဖြစ်မနေအခြေချရမှုကို အဲလိုတွက်ဆထားကောင်း တွက်ဆထားသူတွေ ရှိနေနိုင်ပါ တယ်။

ဒါပေမယ့်လည်း တွက်ဆမှုဆိုတာ တွက်ဆမှုသာ ဖြစ်နိုင်တာ၊ တခါသေဖူး ပျဉ်ဖိုးနားလည်ဆိုတဲ့ အယူအဆမျိုး ရှိနိုင်တာ ထည့်တွက်ရမယ့် အချက်ဖြစ်သလို အခုဆွေးနွေးပွဲမှာ ကေအိုင်အိုဘက်က ဦးဆောင်လာသူဟာ အတန်ငယ်ပို တင်းမာတဲ့ သဘောရှိလို့ အစိုးရဘက်က သိပ်မကြိုက်နှစ်သက်တဲ့ ဦးလာနန်းဖြစ်နေတာလည်း သတိပြုစရာပါ။

တီအန်အယ်လ်အေ၊ ကိုးကန့်၊ အေအေသုံးဖွဲ့ အခြေအနေကတော့ သုံးဖွဲ့မှာနှစ်ဖွဲ့က ကချင်မှာမွေး “၀’’ ဆီမှာကြီး ဆိုတဲ့အခြေအနေမျိုး ဖြစ်ပေမယ့်လည်း လောလောလတ်လတ် အခြေအနေအရတော့ တီအန်အယ်လ်အေ ကိုးကန့်တို့ အ ခြေအနေကတော့ FPNCC နဲ့ အစိုးရတို့ ညှိနှိုင်းနိုင်မှု အခြေအနေမှာ မူတည်နေပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလ ပန်ဆန်းမှာလုပ်တဲ့ “၀’’ နှစ် ၃၀ ပြည့် အခြေအနေနဲ့ မြင်ကွင်းကို ပြန်ကြည့်ရင်တော့ “၀’’ ကိုရရင်ကျန်သူတွေ ရဆိုပြီး လွန်ခဲ့တဲ့နှစ်နှစ်လောက်အတွင်းက အစိုးရတပ်ဘက်က ချဉ်းကပ်မှုတွေက လွှဲချော် နေဆဲဖြစ် နေကြောင်း အလွယ်တကူ သုံးသပ်လို့ရပါတယ်။

 

“၀’’ ကတော့ တိုင်းရင်းသားတွေကို နိုင်ငံရေးအရ သေချာဦးဆောင်မှု မပေးနိုင်ပေမယ့် ဓနဥစ္စာ ကြွယ်ဝမှုနဲ့ အင် အားတို့ကြောင့် ၂၀၁၁ ကနေ ပြန်စတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးအရကော စီးပွားရေးအရပါ တွက်ခြေကိုက်တဲ့ အဖွဲ့ ဖြစ်လာနေတာပါ။

၃တရုတ်ဘက်က ၂၀၁၅ အလွန်အစောပိုင်းမှာ တစုံတရာ တိုင်းရင်းသားအခွင့်အရေးပေးမှ ငြိမ်းချမ်းရေး ရယူ နိုင်မယ်ဆိုတဲ့အသွင်နဲ့ အစိုးရတပ်မတော်ဘက်ကို တိုက်တွန်းတာတွေ (ဥပမာ “၀’’ မိုင်းလားနဲ့ ဗဟိုအစိုးရ နယ်မြေ တွေ အကြား တရုတ်မှာကျင့်သုံးသလို တနိုင်ငံစနစ်နှစ်မျိုးဖြစ်စေ၊ သို့တည်းမဟုတ် တရုတ်ပြည်တွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသ ပုံစံတွေဖြစ်စေ) လုပ်ခဲ့ပေမယ့် အဲဒီ အစီအစဉ်မလွယ်ခဲ့တဲ့နောက်မှာ နယ်စပ်တည်ငြိမ်ရေးဆိုတဲ့ကိစ္စကို ဦးစားပေး လာပြီး ဘီအာရ်အိုင်မှာ အရေးပါတဲ့ ရွှေလီ- မန်း ရထာားလမ်း အူကြောင်း လေ့လာရေးကာလအတွင်း အပစ်ရပ်စဲရေး လုပ် ထားပေးဖို့ တွန်းအားပေးခဲ့ပါတယ်။

စစ်တိုင်း ၅ တိုင်းမှာ အကန့်အသတ်နဲ့ လေးလတာ အပစ်ရပ်စဲရေးဟာ နိုင်ငံတကာဖိအား အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေကတော့ခနတာဖြေလျှော့မှု ပြသနိုင်ဖို့အတွက် ရည်ရွယ်မှုလား ရေရှည်တည်တံ့တဲ့ အပစ်ရပ် စဲမှု ငြိမ်းချမ်းရေးအတွက်လားဆိုတာ အခုအချိန်မှာတော့ ဒွိဟ ဖြစ်စရာ မလိုတော့ပါ။

ဒါပေမယ့် တရုတ်ရဲ့ နိုင်ငံတကာ ပဋိပက္ခကြားဝင် ဆောင်ရွက်မှုတွေမှာ Social Order ၊ Social Harmony လို ကိစ္စတွေကပါလာတဲ့အတွက် အရင်ဗကပခေတ်လို ပါတီချင်း ပါတီဆက်ဆံ ရေးမဟုတ်တော့တာ လူမှု အသိုင်းအ၀ိုင်း အချင်းချင်း သဟဇာတ ဖြစ်ရေးလိုကိစ္စတွေက တရုတ်ရဲ့ နိုင်ငံခြားရေးပေါ်လစီဖြစ်တဲ့ People to People လူထုအချင်း ချင်း ဆက်ဆံရေးမှာအရေးပါလာမှုတွေက မြောက်ပိုင်းကလူမျိုးစု တိုင်းရင်းသားတပ်တွေနဲ့ ဗဟိုအစိုးရအကြား အပစ်ရပ်စဲ နိုင်ရေး တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေးတို့မှာ ထည့်တွက်ရမယ့် တရုတ်ရဲ့ မူဝါဒဆိုင်ရာ ရပ်တည်မှုတွေ ပဲဖြစ်ပါတယ်။

မြောက်ပိုင်းမှာ အန်စီအေထိုးဖို့ကျန်နေတဲ့ အဖွဲ့ ၇ ဖွဲ့ကို ပြန်ကြည့်ရင် အေအေရခိုင့်တပ်မတော်မှအပ ကျန်အဖွဲ့ တွေဟာ အမျိုးသားညီလာခံလိုပွဲတွေနဲ့ တနည်းမဟုတ်တနည်း ပတ်သက်ဖူးတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။

ရခိုင်ဒေသဘက်ကြည့်ရင်တော့ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသူ မွတ်ဆလင်တွေ ပြန်လည်လက်ခံနိုင်ရေး ကိစ္စ ကအစ၊ ရခိုင်အမျိုးသားရေး လှုပ်ရှားမှုအလယ်၊ တပ်မတော်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံးတင်နိုင်ရေး ကြိုးပမ်းချက်တွေဟာ ရခိုင်ဒေသတွင်းမှာလတ်တလော ဖြစ်နေတဲ့ အေအေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေအထိ တိုက် ရိုက်သော်လည်းကောင်း သွယ်ဝိုက်သော်လည်းကောင်း ဆက်နွယ်လာတာ တွေ့ရမှာဖြစ်ပါတယ်။

တပ်ဘက်က သူ့ရဲ့ ယာယီအပစ်ရပ်မှု သက်တမ်းတိုးရေး မတိုးရေးဟာ အခုမူဆယ် ဆွေးနွေးမှုကို အခြေတည် ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။

ပြန်ကြည့်မယ်ဆိုရင်တော့ ၄ လတာ အကန့်အသတ်နဲ့လုပ်တဲ့ ယာယီ တဘက်သတ်အပစ်ရပ်စဲရေးဟာ တ ချို့ဒေသတွေမှာ တစုံတရာ တိုက်ပွဲလျော့နည်းပေမယ့် ရေရှည်တည်တံ့မဲ့ငြိမ်းချမ်းရေးအတွက်တော့ ကြီးကြီးမားမား အ ထောက်အကူ မပြုခဲ့လို့တော့ ယျေဘူယျ ကောက်ချက်ချနိုင်ပါတယ်။

အဒမ်ပရိုစကီးအဆိုအရတော့ ဒီမိုကရေစီဆိုတာ မရေရာမှု မတည်ငြိမ်မှုတွေကတဆင့် ရယူတည်ဆောက် ရတာလို့ဆိုထားတာကြောင့် မရေရာမှုဖြစ်နေတဲ့ အနေအထားကျော်လွှားနိုင်ဖို့အတွက် မှားယွင်းတဲ့ ခြေလှမ်းဗျူဟာတွေကို ပြန်လည်သုံးသပ်ရမဲ့ အခြေအနေနဲ့ အချိန်ရောက်နေပါပြီ။

လတ်တလော အခင်းအကျင်းမှာ ပဋိပက္ခရပ်စဲရေးအတွက် အကောင်းဆုံးဖြစ်နိုင်တဲ့ ထွက်ပေါက်ကတော့ စစ် တိုင်းအားလုံးစစ်ဆင်ရေး နယ်မြေအားလုံးမှာ အပစ်ရပ်စဲရေး ပြုလုပ်ကြောင်း ကြေညာပေးမှုနဲ့ အန်စီအေ ထဲမပါနိုင်သေးတဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေကို တဖွဲ့ချင်း အပစ်ရပ်စဲနိုင်ရေးအတွက် လက်ခံမှုဟာ သေနတ်သံမထွက်စေမဲ့ တခုတည်းသော ထွက်ပေါက်ဖြစ်နေပါတယ်။

 

စိုင်းထွန်းအောင်လွင်