မရေရာမှုကနေ စတင်တဲ့ ဖြစ်စဉ် သို့မဟုတ် စစ်တပ်အပစ်ရပ် ၃လပြည့်တဲ့နေ့

နေပြည်တော် မှတ်စု (၁)
ငြိမ်းချမ်းရေးဖြစ်စဉ် တန့်နေသည်ပြောပြော ရှေ့မတိုးဟုဆိုဆို မည်သို့ပင်ဆိုစေကာမူ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ် အန်စီအေမှာ လက်မှတ်ရေးထိုးဖို့ ကျန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့မှာ အစိုး ရနှင့်ဆွေးနွေးရန် နေပြည်တော်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲ့နှင့် ထိုင်းနယ်စပ်မှ ကရင်နီ ကေအန်ပီပီတို့မှ ကိုယ်စား လှယ်များမှာ အစိုးရနှင့် တွေ့ဆုံဖို့အတွက် နေပြည်တော်သို့ပင် ရောက်ရှိလာခဲ့ချေပီ။
အန်စီအေမထိုးသေးသည့်အဖွဲ့များ အားလုံးနီးပါးစုပေါင်း၍ နေပြည်တော်သို့ လာရောက်ဆွေးနွေးကြ ခြင်း (နာဂဆိုရှယ်လစ်ကောင်စီနဲ့ ရခိုင်အမျိုးသားကောင်စီသာကျန်) မှာ အန်အယ်လ်ဒီအစိုးရ တက် ပြီးနောက် ပိုင်း ပထမဆုံးအကြိမ်ဟု ဆိုရချေမည်။
မေလ ၁၉ ရက်နေ့က နေပြည်တော်သို့ ရောက်လာသည့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် ၇ ဖွဲ့တွင် ”ဝ”တပ်ဖွဲ့မှအပ ကျန်အဖွဲ့များမှာ ဗဟိုကော်မတီဝင်နှင့်အထက် ဒုတိယဥက္ကဌ ရာထူးအ ထိရယူထားသူတွေပါသလို လတ်တလော တပ်မတော်နဲ့ တိုက်ပွဲပြင်းထန်နေသည့် အေအေရက္ခိုင့်တပ်မတော် မှာ တတိယခေါင်းဆောင်ဖြစ်သည့် ဗိုလ်မှူးကြီးကျော်ဟန်ဦးဆောင်ပြီး နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအနက် အင်အားကြီးနှစ်ဖွဲ့ဖြစ်သည့် ”ဝ” နှင့် ကေအိုင်အေ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့တို့မှာ ထိပ်တန်းခေါင်းဆောင်များ မပါလင့်ကစား ကေအိုင်အေအဖွဲ့ကိုတော့ ဗဟို ကော် မတီဝင် ဗိုလ်မှူးကြီးခွန်နောင်နှင့် ဦးဘရန်နန်တို့က ဦးဆောင်လာခဲ့သည်။
သို့ပေလင့်ကစား ယခင် ၂၁ ပင်လုံ မြောက်ပိုင်းအဖွဲ့များ လာရောက်သည့် အကြိမ်များနှင့် နှိုင်းယှဉ်ရင် တော့ အစိုးရဘက်မှ ခရီးရောက်မဆိုက် လာရောက်ကြိုဆိုမှုများမှာ အနည်းငယ်မေးခွန်းထုတ်စရာတော့ရှိ နေပါ သည်။
ယခင်ကဆိုလျှင်ဦးခင်ဇော်ဦး၊ ဦးသိန်းဇော်စသည့် ဗိုလ်ချုပ်ဟောင်းများတဖြစ်လဲ ငြိမ်းချမ်းရေးကော်မရှင် တွင် ထိပ်တန်းတာဝန်ရှိသူများက လာရောက်ကြိုဆိုလေ့ရှိပြီး ယခုအကြိမ်တွင်မူ သာမန်အရာရှိငယ်များကိုသာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များတည်းခိုသည့် ဟိုတယ် Horizon lake View တွင် မတ်လ ၁၉ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့ရသည်။

Ethnics conflicts တွေကို ပြန်လည် ရင်ကြားစေ့ရေး အမြင်နဲ့ Rights , responsibilities , respect for Minoritiesသုံးခုစလုံး ဟန်ချက်ညီစွာ ဖြည့်ဆည်းဆောင်ရွက်နိုင်မှ အောင်မြင်မယ် လို့  Lord Alderdice က မြောက်အိုင်ယာလန် သင်ခန်းစာကို ကိုးကားပြီး ပြောဆိုထားသည်ကို သတိရမိသည်။
လူဦးရေ ၁.၅ သန်းလောက်ပဲရှိတဲ့ မြောက်အိုင်ယာလန်မှာ အိုင်ယာလန် ယိမ်းကက်သလစ်တွေနဲ့ ဗြိတိန် ယိမ်းပရိုတက်စတင့်တွေအကြား ဆယ်စုနှစ်ချီ conflict ကို ဖြေရှင်းဖို့  ၁၉၇၂ မှာ အာဏာခွဲဝေရေး သဘော တူဖူးတယ် အာဏာခွဲဝေရေး လုပ်ပေမယ့် ရင်ကြားစေ့ရေးမှာအရေးကြီးတဲ့ အမုန်းတရားပပျောက်စေရေး ဆောင်ရွက်ဖို့ လူ့အုပ်စုတွေအတွင်း အချင်းချင်းလေးစားမှုရှိဖို့နှင့် Identity တည်ရှိမှုအတွက် တာဝန်ယူတာဝန်ခံ အကာကွယ်ပေးမှုတွေဟာ လုံလောက်မှုမရှိတာကြောင့် အဲဒီအာဏာခွဲဝေရေး အစီအစဉ်ဟာ မအောင်မြင်ခဲ့ဘဲ ၆ လအကြာမှာပဲ ရပ်တန့်ခဲ့ရပါသည်။
မြန်မာပြည်အနေအထားက နိုင်ငံရေးဆွေးနွေးပွဲ တချို့တဝက်စနေသည် ဆိုလင့်ကစား အင်အားစု အားလုံး မပါဝင်နိုင်သေးသည့်အပြင် ပဋိပက္ခနှင့် အပစ်ရပ်စဲရေးကို မနည်းကြိုးစားနေရသည်ကိုလည်း သတိပြု ကြမိဖို့ဖြစ် သည်။
နေပြည်တော်ရောက် မြောက်ပိုင်းတပ်ဖွဲ့အနေဖြင့် အစိုးရနှင့် တွေ့ဆုံမည်ဖြစ်သော်လည်း တပ်မတော်မှ ဗိုလ် ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အဖွဲ့နှင့်တွေ့ဆုံရေးမှာ မရေမရာဖြစ်နေဆဲပင်။
အကြောင်းမှာ တပ်မတော်က တဖွဲ့ချင်း တွေ့ဆုံခွင့်ပြုသော်လည်း နယ်မြေချင်း ဆက်စပ်နေသည့် အဖွဲ့များ နှင့် ကံကြမ္မာတူမဟာမိတ်အဖွဲ့ဟု ဆိုနိုင်သည့် AA၊ TNLA၊ MNDAA ကိုးကန့်တို့မှာ သုံးဖွဲ့ပူးတွဲ၍ တွေ့လိုသည်ဟု ဆိုထားပါသည်။
မတ်လ ၁၉ ညနေပိုင်းအထိတော့ မြောက်ပိုင်း ၇ ဖွဲ့မှာ FPNCC မဟာမိတ် အဖွဲ့အနေဖြင့်သာ နေပြည်တော် လာရောက်ခြင်းဖြစ်သည်ဟု မီဒီယာတွေကို ပြောဆိုထားသည်။
ယခင် ၂၁ ပင်လုံ နှစ်ကြိမ် မြောက်ပိုင်းတပ်ဖွဲ့ရဲ့ နေပြည်တော်ခရီးစဉ်များကို ကြည့်ရင်တော့ ကေအိုင်အို၊ ”ဝ”၊ ရှမ်း မြောက်၊ မိုင်းလားတစ်စု ကျန် ၃ ဖွဲ့ဖြစ်သည့် အေအေ၊ တအန်း၊ ကိုးကန့်တစ်စုဆိုပြီး အစိုးရ၊ စစ်တပ် ထိပ်သီးခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံခွင့် ရခဲ့ဖူးပါသည်။
တပ်မတော်နှင့် တွေ့ဆုံရေးကိစ္စအပေါ် ညှိနှိုင်းနေဆဲ အခြေအနေပင်။
ယခင် ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံနှင့်ကွာခြားမှုကတော့ ယခုတကြိမ်ဟာ စစ်တပ်မှ တစ်ဘက်သတ် စစ်တိုင်းအချို့တွင် ၄လကြာ အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည့် ၃လမြောက်နေ့တွင် ဆွေးနွေးခြင်း ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်များတွေ့ဆုံခွင့်ရမည့် တပ်ကိုယ်စားလှယ်အဖွဲ့မှာလည်း ယင်းအပစ်ရပ်စဲမှုအရဖွဲ့ စည်းထားသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင် မည့်အဖွဲ့နှင့် တွေ့ခွင့်ရမည်ဖြစ်သည်။
ဟိုခွဲဒီခွဲနှင့် ဟိုကျန်ဒီချန်ဖြင့် လုံးချာလည် လိုက်နေသည့် မြွေပါလည်းဆုံး သားလည်းဆုံးမည့် ဖြစ်စဉ် တစ်ရပ်မဖြစ်ရန်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသူအားလုံးမှာ တာဝန်ရှိမည်ထင်၏။ အထူးသဖြင့် ဗဟို အာဏာချုပ်ကိုင်သူများတွင်လည်း တာဝန်ပိုရှိလောက်မည်။
မီဒီယာတွေနှင့် တွေ့ဆုံခဲ့သည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA မှဒုဥက္ကဌ ဗိုလ်ချုပ်စဝ်ခွန်ဆိုင် ကမူ ငြိမ်းချမ်းရေး မျှော်လင့်ချက်ရှိ၍သာ နေပြည်တော် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။
ငြိမ်းချမ်းရေး၏အဖြေမှာ စစ်မှန်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုလို့ သူကလည်း ရှင်းပြရှာသည်။
အမေရိကန် ဖက်ဒရယ်လစ်ဇင်သော တုဇနရစ်ကာအဆိုအရ ဖက်ဒရယ်လစ်ဇင်မှာ အလျှော့ပေးစေ့စပ်မှု၏ ဖြစ်စဉ်သာဖြစ်သည်ဟု ဆိုသည်။
မည်သို့ပင်ဆိုစေ ပဋိပက္ခဖြစ်နေဆဲ အဖွဲ့များနှင့် အစိုးရတပ်တို့အကြားတွင် အနိမ့်ဆုံးအဆင့်အနေဖြင့် ဆွေး နွေးရေးလမ်းကြောင်း ရှိနေသေးသည်ဟု ဆိုချင်ပါသည်။
အဒမ်ပရိုစကီးအဆိုအရတော့ ဒီမိုကရေစီဆိုသည့် ဖြစ်စဉ်မှာ မရေရာမှုများ တင်းမာမှုများကတဆင့် အခြေ တည်ဖြစ်ပေါ်လာသည့် တည်ဆောက်ရမည့်ဖြစ်စဉ်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားလေရာ မရေရာ မှုများပင်ရှိလင့်က စား ပြည်သူတွေကတော့ ငြိမ်းချမ်းရေးကို မျှော်လင့်နေဆဲပင် ဖြစ်ပေမည်။
နေပြည်တော်မှတ်စု (၁)
စိုင်းထွန်းအောင်လွင်