မရေရာမှုကနေ စတဲ့ဖြစ်စဉ် (သို့မဟုတ်) စစ်တပ်အပစ်ရပ် ၃လပြည့်တဲ့နေ့

 

 

နေပြည်တော်၏ လတပေါင်းမနက်ခင်းက ရန်ကုန်ကဲ့သို့တော့မဟုတ်။ မနက်အစောပိုင်း မြူခိုးနဲ့အတူ ဆောင်းရဲ့ အငွေ့အသက်အချို့တော့ ကျန်ရစ်နေဆဲ။

၇ နာရီခန့်ထ လေ့ကျင့်ခန်းလုပ်၊ ရေမိုးချိုး၊ မနက်စာစားပြီးသည်နှင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲကျင်းပရာ အန်အာရ်ပီစီ အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေး ဗဟိုဌာနဘက်သို့ ထွက်လာခဲ့သည်။

မနက် ၉နာရီ ၅ဝခန့်တွင် ရုံးရှေ့သို့ ရောက်ခဲ့ပြီး အစိုးရနှင့်ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှာလည်း စာရေးသူနှင့် တစ်ပြိုင်နက်လိုလိုပင် ရုံးရှေ့သို့ ရောက်လာခဲ့သည်။

လုံခြုံရေးအရ စစ်ဆေးသည့်နေရာတွင် တန်းစီနေစဉ် ရခိုင့်တပ်မတော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်ဟန်နှင့် ခဏတာ တီးတိုးမေးမြန်းခွင့် အခြေအနေ အကဲခတ်ခွင့် ရခဲ့ပါသည်။

”၂၁ ပင်လုံလာတုန်းက ၄ဖွဲ့တစ်စု ၂ဝ၁၅ ကိုးကန့်တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကိုးကန့်၊ တီအန်အယ်လ်အေ၊ အေအေဆိုပြီး တစုစစ်တပ်နဲ့တွေ့ခွင့်ရတယ်။ အခုအဲလို အုပ်စုလိုက်တွေ့ခွင့်ရဖို့ မရှိဘူးဖြစ်နေတယ်။ ကျွန် တော်တို့လည်း ညှိနှိုင်းနေတုန်းပဲ။”ဆိုပြီး မတ်လ ၂၂ ရက်နေ့တွင် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့်  အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့်ပုံစံ မပြေမ လည်ဖြစ်နေမှုအပေါ် ငြီးတွားပြရှာသည်။

တချို့အဖွဲ့တွေကတော့ အထူးသဖြင့် တပ်မတော်နှင့်စစ်ရေးအရ ပဋိပက္ခသိပ်မ ဖြစ်သည့်အဖွဲ့တချို့ဖြစ် သည့် မိုင်းလား NDAA နှင့် ရံဖန်ရံခါမှသာ တိုက်ပွဲပြင်းထန်တတ် သည့် SSPP ရှမ်းမြောက်တပ်ဖွဲ့တို့မှာ အ ထွေထွေအတွင်းရေးမှူးအဆင့်နှင့် ဒုတိယဥက္ကဌအဆင့်ရှိသူများ အစည်းအဝေး လာတက်သည်ကို တွေ့ရသည်။

အစိုးရဘက်က ဆွေးနွေးရေးအဖွဲ့ဖြစ် သည့် NRPC ကိုတော့ ဒေါက်တာ တင်မျိုးဝင်းဦးဆောင်ပြီး လေးလစစ်တပ် အပစ်ရပ်ကာလ၏ တပ်ဘက်မှ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်အပါ အဝင် တပ်မတော်အရာရှိကြီးများအပါအဝင် ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများကလည်း အားဖြည့် ပါဝင်ကြပါသည်။

အခမ်းအနားစ၍ မကြာမီမှာပင် အစိုးရမူဝါဒကို ပြောဆိုမှာဖြစ်တဲ့အတွက် NRPC  ဒုတိယဥက္ကဌ ဒေါက် တာတင်မျိုးဝင်း မိန့်ခွန်းပြောဆိုမည့် အစီအစဉ်အပေါ် ခန်းမအတွင်းအစည်းအဝေး တက်ရောက်သူတွေအပါအ ဝင် မီဒီယာများကပါ အာရုံစူးစိုက်၍ နားစွင့်နေကြပြီ။

ရှေ့ပိုင်း ပြောဆိုမှုများကတော့ အန်အယ်လ်ဒီအစိုးရလက်ထက် အစိုးရ တာဝန်ရှိသူများ၏ ငြိမ်းချမ်း ရေးနှင့် ပတ်သက်သည့် ပေါ်လစီများပင် ဖြစ်သည့်အတွက် ထူးမခြားနား။

နောက်ပိုင်းတွင် ပိုမိုအလုပ်ဖြစ်လိမ့်နိုး သို့တည်းမဟုတ် Dead Lock ဖြစ်နေသည့် ဖြစ်စဉ်ကနေ ဆွဲ ထုတ်နိုင်မည့် မူဝါဒအချို့ပါလာလေမလားဟူ၍ တက်ရောက်သည့် တိုင်းရင်းသားအဖွဲ့အစည်းများက မျှော်လင့် နေပေမင့် အမြီးအမောက်မတည့်သည့် ဆင်ခြေကဲ့သို့ မူဝါဒတစ်ရပ်သာ ထွက်ပေါ်လာရာ။

”ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ဘယ်အဖွဲ့ကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လက်ခံတာ ဘယ် အဖွဲ့ကို လက်မခံတာနဲ့ မသက်ဆိုင်ပါ။ ရခိုင်ပြည်နယ်ဟာ အဖြူရောင်နယ်မြေဖြစ်တယ် အဖြူရောင်နယ်မြေ ကို လက်နက်ကိုင်ပြီးအခြေချဖို့ကြိုးစားတာဟာ လုံခြုံရေးအရ စိန်ခေါ်မှုဖြစ်စေတဲ့အတွက် အစိုးရအနေနဲ့ထိုက် သင့်တဲ့ လုံခြုံရေးအရ တုံ့ပြန်မှုကို ဆောင်ရွက်တာဖြစ်တယ်။ လက်ရှိရခိုင်မှာ ပြည်သူရဲ့ အခြေအနေဟာ လက် နက်ကိုင်ပြီး တောင်းဆိုနေမယ့်အစား နိုင်ငံရေးစားပွဲဝိုင်းကို လာရောက်ကြဖို့ အလေးအနက်ဖိတ်ခေါ်ပါတယ်” ဟူ၍သာ။

ယင်းအချက်မှာ ရခိုင်ပြည်နယ်တွင် လုပ်နေသည့် တပ်မတော်စစ်ဆင်ရေးများကို အန်အယ်လ်ဒီအစိုးရ က ခွင့်ပြုသည်ဆိုသည့် တပ်မတော်ပြောဆိုချက်ကို ထပ်လောင်း အတည်ပြုပေးလိုက်ရုံမျှပင်မကဟု ထင်မြင်မိ သည်။

အဘယ်ကြောင့် ယင်းကဲ့သို့ စာရေးသူထင်မြင်မိပါသနည်းဟု ပြောရလျှင် ခေတ်သစ် ဒီမိုကရေစီနိုင်ငံ တော်ဆိုင်ရာ နိုင်ငံ ရေးသိပ္ပံအယူအဆဘက်မှ ရပ်ခံခြင်းဖြစ်ပေသည်။

ခေတ်သစ်တွင် နိုင်ငံတော်ဆိုသည်မှာ လူ့အဖွဲ့အစည်းနှင့် အုပ်ချုပ်သူများအကြား ချမှတ်သဘောတူ ထားသည့် ပဋိဥာဉ်အပေါ် တွင် အခြေခံအုပ်ချုပ်ခြင်းဆိုသည့် အနက်ထွက်ပေရာ ရခိုင်အေအေအရေးတွင် ပြည် သူများဆိုပြီး ညွှန်းဆိုပြမှုကို ထောက်ရှူလျှင် ဒီမိုကရေစီစံနှုန်းအရ တိုင်းထွာကြည့်ပါက များစွာ တုန်လှုပ်စရာ ဖြစ်မိပေသည်။

ရခိုင်တွင် ၂ဝ၁၅ ခုနစ်လောက်မှစတင် သည့် အခြေအနေတချို့ကို ပြန်ကြည့်လျှင် ဒေသတွင်း ရွေးကောက်ပွဲမဲနိုင်သည့် ရခိုင်ပါတီအပေါ် အန်အယ်လ်ဒီအစိုးရ၏ ပြုမူဆက်ဆံမှုများကို ဧကန်မုချ အခြေခံရ မည်မှာ မျက်ကွယ်မပြုအပ်သည့် အမှန်တရားပင်။

အရပ်ဘက် နိုင်ငံရေးအားမကောင်းသည့်အတွက် စစ်ဘက်အင်အားပြုနိုင်ငံရေး အားကောင်းလာမှုအ ပေါ် တရားခံပြန်ရှာမည်ဆိုပါက အန်အယ်လ်ဒီအစိုးရပ် အပြစ် ရှိနိုင်သည်မှာ သေချာပေါက်ပင်။

ယင်းအပြင် ပြည်သူအား ဟိုဟာမလုပ်နှင့် ဒီဟာလုပ်ဆိုသကဲ့သို့ မိဘအသွယ်အုပ် ချုပ်မှုသဖွယ် ဒီမို ကရေစီ အစိုးရဘက်က ကိုယ်စားလှယ်ဆိုသူက ပြောဆိုလာခြင်းမှာလည်း ငြိမ်းချမ်းရေးအတွက် အပြုသဘော မဆောင်သည့် သုံးနှုန်းပြောဆိုချက်ဟုသာ ဆိုရမည်ထင်။

ရောဘတ်ဒါလ်းကတော့ အဲဒီ အုပ်ထိန်းသူအယူအဆတိုင်းဟာ ဒီမိုကရေစီ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုတွေနဲ့ သွေဖယ်တဲ့ အယူအဆဖြစ်တယ်လို့ ဆိုနေကြောင်းပါ။

ဒီမိုကရေစီ အလေ့အထအားနည်းသောလူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီအရ အသွင်ကူးပြောင်းမယ်ဆိုရင် ဦးဆောင်သူတွေကိုယ်တိုင် ဒီမိုကရေစီအလေ့အထတွေဖြစ်တဲ့ ညှိနှိုင်း တိုင်ပင်စေ့စပ်ဆွေးနွေးတဲ့ အလေ့အထ တွေကို အသုံးပြုမှုကသာ မျိုးနွယ်စု လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ဒီမိုကရေစီအလေ့အထ မရှိသူတွေအတွက် ဦးဆောင်လမ်းပြအနေနဲ့ အထောက်အကူပြုသလို ဖြစ်ပါစေလိမ့်မယ်လို့ တီမိုသီဆစ့်၏ Power sharing and International Mediation In Ethnic Conflict ဆိုတဲ့စာအုပ်မှာ ဖော်ပြထားသည်။

ယင်းအချက်များနှင့် တိုင်းတာပါက ရခိုင်ပြည်သူများ အနိုင်ရပါတီများ အရပ် ဘက်အင်အားစုများနှင့် ထိတွေ့ဆက်ဆံမှု တနည်းအားဖြင့် တန်းတူဆက်ဆံရေး အား နည်းခဲ့သည့် အစိုးရမှာ ဒီမိုကရေစီစံနှုန်းအရ မည်သည့်နေရာတွင် ရှိနေသည်ဆိုသည်ကို အကျယ်တဝင့် ပြောရန်ပင်မလိုတော့ချေ။

ရခိုင်ကိုအဖြူရောင်နယ်မြေဟု ဒေါက်တာတင်မျိုးဝင်းက ပြောဆိုခဲ့ပေရာ အဖြူ ရောင်နယ်မြေရခိုင်တွင် အန်စီအေ အပစ်ရပ်သည့် ရခိုင်လွတ်မြောက်ရေးပါတီ ရှိပါလျက်နှင့် မည်သည့်အတွက်ကြောင့် ရခိုင် အမျိုးသား အဆင့်ဆွေးနွေးပွဲကျင်းပခွင့် မရသနည်းစသဖြင့် ကိစ္စများကလည်း အမြီးအမောက် မတည့်မှုအပေါ် ထောက် ပြစရာပင်။

ပြည်တွင်းစစ်လွန် နိုင်ငံတွေမှာ လစ်ဘရယ် ဒီမိုကရေစီ အင်စတီကျူးရှင်းတည် ဆောက်ရေးနှင့် ဈေး ကွက်အသွင်ကူး ပြောင်းရေး (လစ်ဘရယ်လိုက်ဇေးရှင်း)တစ်ပြိုင်နက်လုပ်ဖို့ ကြိုးစားကြမှုတွေရှိကြပြီး ယင်းကဲ့ သို့ကိစ္စမှာ ၁၉၉ဝ ပြည့်နှစ်အလွန် တွေမှာခေတ်စားလာတဲ့ ကိစ္စရပ်များပင်။  မတူညီတဲ့ လူ့အဖွဲ့စည်းတွေရဲ့ နှုန်း၊ စံ၊ ယဉ်ကျေးမှု၊ နိုင်ငံရေးဓလေ့နဲ့ ရုပ်လက္ခဏာတွေ ထည့်တွက်စရာမလိုဆိုတဲ့ သဘောနဲ့အ ကောင်ထည်ဖော်ဖို့ ကြိုးစားခဲ့ကြပြီး ဆရာတွေကတော့ လစ်ဘရယ်ငြိမ်းချမ်းရေး အယူအဆလို့ အမည်ပေးကြလေသည်။

အဲဒီအယူအဆနဲ့ ပြည်တွင်းစစ်လွန် လူ့အဖွဲ့အစည်းတွေကို အလျင်အမြန် လစ် ဘရယ်လိုက်ဇေးရှင်း လုပ်တာ၊ ဈေးကွက်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တစ်ပြိုင်နက်တည်းလုပ်တာတွေက တည်ငြိမ်မှု ထိ ခိုက်စေတယ်လို့ သတိပေးမှုတွေလည်း ရှိသလို၊ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး ပြိုင်ဆိုင်မှုတွေကြောင့် ရှိပြီးသား ကွဲလွဲတင်းမာမှုတွေက လစ်ဘရယ်လိုက်ဇေးရှင်းအရှိန်နှင့် ပိုပြီး ဆိုးဝါးလာနိုင်ပြီး ဒီမိုကရက်တိုက်ဇေး ရှင်းအတွက် မရှိမဖြစ်လိုအပ်ချက် Social cohesion လူ့အဖွဲ့အစည်းအတွင်းသွေးစည်း ညီညွတ်မှု ပျက်ပြား စေနိုင်တာကြောင့် ဖြစ်သည်ဟု အကဲဖြတ်ကြသည်။

တကယ်လည်း အဲလို လုပ်ရပ်အများစု ကြိုးပမ်းအားထုတ်မှုတွေက မအောင်မြင်ခဲ့ပါ။ ၁၉၈၉ကနေ ၂ဝဝ၅ အကြား ကုလက ဦးဆောင်ပြီး နိုင်ငံ ၁၉နိုင်ငံမှာ လုပ်ခဲ့တဲ့ ပြည်တွင်းစစ်လွန် ဒီမိုကရက်တိုက်ဇေးရှင်း လုပ်ငန်းတွေက ဒီမိုကရေစီစနစ် ပေါ်ထွန်း အခြေတည်လာအောင် ဆောင်ရွက်နိုင်သော အထောက်အထား နည်းလွန်းလှပြီး၊  အများလက်ခံ ဒီမိုကရေစီ ညွှန်းကိန်းတွေ ဖြစ်တဲ့ Freedom house အပါဝင် အဖွဲ့အစည်း တစ်ချို့ရဲ့ ဒီမိုကရေစီညွှန်းကိန်းတွေအရ ပြည်တွင်းစစ်လွန် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်အစပြုတဲ့ ကိုဆိုဗို၊ ရဝမ်ဒါနဲ့ ဘူရွန်ဒီ နိုင်ငံတွေက ငါးနှစ်အကြာမှာပဲ လုံးဝအာ ဏာရှင်စနစ်ကို ပြန်ကျသွားသလို ကမ္ဘောဒီးယား၊ ဟေတီနဲ့ ဘိုလီးဗီးယား ဘော့စနီးယား နိုင်ငံတွေက ရွေးကောက်ပွဲ အာဏာရှင်စနစ်ကိုကျသွားသည့် အခြေ အနေမျိုးတွေ ကြုံတွေ့ ခဲ့သည်။

အနည်းငယ်အဖြစ် ခရိုအေးရှား နမီးဘီးယားတို့လောက်ပဲ လစ်ဘရယ် စံနှုန်းညီ ဒီမိုကရေစီနိုင်ငံတွေအဖြစ် ကူးပြောင်းသွားနိုင်ခဲ့ပြီး  ပြည်တွင်းစစ်မက်ဖြစ်ပွားမှုတွေနဲ့ လူ့အဖွဲ့အစည်းအကြား ပဋိပကခတွေဟာ အပြန်အ လှန်ကောက်ယူမှုအရ ကြည့်မယ်ဆိုရင် နိုင်ငံတော်ဖြစ်တည်မှုအတွက် ဘယ်လိုပုံစံ တည်ဆောက်မယ်ဆိုတာ ညှိဖို့ ခက်နေတဲ့သဘော၊ ဒါမှမဟုတ် မျှော်လင့်ချက်မဲ့လို့ ပဋိပက္ခဖြစ်နေတဲ့ သဘောကိုဆောင် သည်ဟု From War to Democracy  စာအုပ်တွင် ဖော်ပြထားသည်။

”လက်တွေ့ ဖြစ်နေတဲ့ အခြေနေတွေက အလိုအလျောက်ပေါင်းစည်းလိုမှု ဆွဲအားတွေဖြစ်တဲ့ ဓနအင်အား ကြွယ်ဝမှု လူမှုဘဝ လုံခြုံသာယာရေး ဖန်တီးပေးနိုင်မှု ကောင်းမွန်တဲ့ အုပ်ချုပ်မှုယန္တရား ထူထောင်လည် ပတ်မှု အလှမ်းဝေးမှုတွေက အဓိကကျတဲ့ အချက်အနေနဲ့ ပါဝင်နေတယ်။

ပြည်တွင်းစစ်လွန် ဒီမိုကရက်တိုက်ဇေးရှင်းအောင်မြင်ဖို့ (က) နိုင်ငံရေးတည်ငြိမ်မှု (ခ) ဖြစ်စဉ်မှာ အဓိက ကျတဲ့ အုပ်စုတွေအားလုံး ကိုယ်စားပြုမှုရှိရှိပါဝင်ဖို့ (သဘောက ပဋိပက္ခမှာပါဝင်ခဲ့တဲ့ ရန်သူဟောင်းများအ ကြား နှစ်ဘက်ရှိရင်နှစ်ဘက် သို့မဟုတ် ကွဲပြားမှုများရင် တတ်နိုင်သမျှကွဲပြားမှုအလိုက် အုပ်စုအလိုက် ပါဝင်မှုကို အကောင်ထည်ဖော်မဲ့ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်နှင့် လူမှုစီးပွားပြောင်းလဲမှု လက်တွေ့လုပ်ငန်း စဉ်တွေမှာ ပါဝင်ခွင့်ပေးဖို့၊ ပါဝင်ခွင့်မရပါက ပြည်တွင်းစစ်လွန် လူ့အဖွဲ့အစည်းကို နိုင်ငံရေးတည်ငြိမ်အောင် တည်ဆောက် နိုင်မှာမဟုတ်လို့” အင်နာဂျား စတက်ခ့်က ဆိုသည်။

အန်နာဂျားစတစ် အဆိုအရ ပြန်ယှဉ်ကြည့်ရင် လတ်တလော ရခိုင်ပြည်သူတွေ၏ အေအေ ရခိုင့်တပ်မ တော်အပေါ်တိမ်းညွတ်မှုမှာ မျှော်လင့်ချက်မဲ့နေမှုအပေါ် အခြေခံ နေခြင်းဖြစ်သည်ကို သဘောပေါက်ဆင်ခြင် မိဖို့ လိုပေသည်။

နေ့လည်ပိုင်း အစည်းအဝေးအပြီး ထုတ်ပြန်သည့်ကြေညာချက် ကြည့်ပြန်တော့လည်း တိုက်ပွဲလျှော့ချရေး အတွက် ဆက်လက်ဆွေးနွေးရန်  ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြရန်စသဖြင့် မြင်နေကြ စတိတ်မန့်အဆင့်ထက် မပို။

”ဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ်ဟာ နိုင်ငံရေးအရ တိုးတက်မလာဘဲ ပဋိပက္ခဖြေရှင်း ရေးလောက်သာ ဖြစ်နေခဲ့ရင် အဲဒီဖြစ်စဉ် ဟာ အချိန်ကြာလာနဲ့အမျှငြီးငွေ့စိတ်ပျက် ဖွယ်ရာ Fatique Process  ဖြစ်စဉ်တစ်ရပ်ဖြစ် လာနိုင်ပြီး အချိန်မရွေးအဆိုးဘက် ပြန်ဦးတည်နိုင်သည် ” ဆိုသည့် ပါမောက္ခနိုးကင်၏ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ အယူ အဆကို တွေ့မိတော့ စိတ်မသက်မသာပင်။

ပြန်ချုပ်ကြည့်လျှင် ရခိုင်ဒေသတွင်း အေအေနှင့် တပ်မတော်တို့ တိုက်ပွဲများ အရှိန်ပြင်းလာမှုမှာ နယ် မြေဒေသကွက်ချန် ကာတဘက်သတ် အပစ်ရပ်ကြေညာမှု (ရခိုင်ပြည်နယ်အတွက်မပါခဲ့) နှင့် အနည်း အများ ဆိုသလို သက်ဆိုင်နေမှုမှာ မငြင်းနိုင်သည့်အချက်ပင်။

၂ဝ၁၅ ခုနစ်က အန်စီအေစာချုပ်တွင် လက်မှတ်ထိုးရန်ကျန်သည့် အဖွဲ့များမှာ အားလုံးပါဝင်ရေးမူ မရှိသည့်အတွက် ဖြစ်သည့်အလျောက်အစိုးရအနေဖြင့် အားလုံး ပါဝင်ရေးမူအတိုင်းသာ ဆက်ဆွေးနွေးနေ ကြောင်းသာ အစိုးရဘက်ပြောခွင့်ရ ဦးဇော်ဌေးက မီဒီယာတွေကို ပြောရှာသည်။

ဆွေးနွေးပွဲများမှာ ဆက်ရှိနေကြောင်းနှင့် အန်စီအေ အပစ်ရပ်ထားသည့်အဖွဲ့များနှင့် ဆွေးနွေးမှုများအရ အန်စီအေ စာချုပ်အရကျင်းပသည့် တရားဝင်ဆွေးနွေးမှုများတွင် ပါဝင်မှုရပ်ဆိုင်းထားသည့် ကေအန်ယူ၊ အာ စီအက်စ်အက်စ် ကဲ့သို့အဖွဲ့များ တရားဝင်ဆွေးနွေးမှုများတွင် ပြန်ပါနိုင်ရေး အလားအလာ ရှိနေသည်ဟုလည်း မီဒီယာများ၏ မေးမြန်းမှုတွင် ဦးဇော်ဌေးကဖြေကြားသည်။

အစည်းအဝေးကျင်းပသည့် မတ်လ ၂၁ ရက်နေ့ ညနေပိုင်း ၆ နာရီလောက်အထိ မတ်လ ၂၂ရက်နေ့တွင် တပ်မတော်နှင့်တွေ့ ဆုံဆွေးနွေးမည့် အစီအစဉ်မှာမသေချာ မရေမရာ ဖြစ်နေဆဲပင်။

နေပြည်တော်မှတ်စု ပထမပိုင်းတွင် ဒီမိုကရေစီမှာ မရေရာမသေချာမှုများက တဆင့်အခြေတည် ဖြစ်လာ သည်ဟု အဒမ်ပရိုစ့်ကီး ပြောဆိုမှုကို ထည့်သွင်းကိုးကားမိခဲ့ပါသည်။

သို့သော် ယခုအချိန်တွင် စဉ်းစားနေမိသည်ကား မရေမရာနေ့ရက်တွေဟာ နောင်နှစ်ပေါင်းမည်မျှ ကြာဦး မည်လဲ။ ဖက်ဒရယ် အသုံးအနှုန်းလက်ခံဖို့ နှစ် ၅ဝခန့် စောင့်ရခဲ့သလို မရေမရာနေ့ရက်တွေကလည်း ဆယ် စုနှစ်ချီ ကြာဦးမလား စသဖြင့်မေးခွန်းများ စွာဖြင့်သာ။

 

စိုင်းထွန်းအောင်လွင်

နေပြည်တော်မှတ်စု အပိုင်း (၂)