မြန်မာ၊ ကုလနဲ့ လူ့အခွင့်အရေး

ကုလသမဂ္ဂမှာ နိုင်ငံတစ်ခုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ် (၂)ခုရှိပါတယ်။ တစ်ခု ကတော့ နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီကနေ ထုတ်ပြန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် (UN Human Rights Council Resolu tion) ဖြစ်ပါတယ်။

 

လူ့အခွင့်အရေးကို ဦးစားပေးလေ့ရှိပါတယ်။ နောက်တစ်ခုကတော့ နယူးယောက်မြို့မှာ နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ အထွေထွေ ညီလာခံကနေ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် (UN General Assembly Resolution) ဖြစ်ပါတယ်။ အထွေထွေညီလာခံက ထုတ်ပြန်တဲ့ ဆုံးဖြတ်ချက်ကတော့ နိုင်ငံရဲ့ လူ့အခွင့်အရေးအကြောင်းအရာ တစ်မျိုးထဲသာမက ဘဲ နိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စအလုံးစုံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်မျိုးပါ။ ကုလသမဂ္ဂက နိုင်ငံတစ်ခုအပေါ် ထုတ်ပြန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ သက် ဆိုင်ရာ နိုင်ငံတစ်နိုင်ငံကို ဘာတွေလုပ်သင့်လဲ ဆိုတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တွေ သို့မဟုတ် လူ့အခွင့်အရေးကောင်စီမှာရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေကနေ တိုက်တွန်းတာမျိုး ဖြစ်ပါတယ်။

 

မကြာခင်က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ကရော ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အခုလို ဆုံးဖြတ်ချက်တွေ ထုတ်ပြန်တောင်းဆိုခဲ့တာဟာ အခုမှ မဟုတ်ပါဘူး။ ၁၉၉၂ ခုနှစ်ကထဲက ထုတ်ပြန်လာခဲ့ တာဖြစ်ပါတယ်။

 

ဘာကြောင့်ဒီလိုဆုံးဖြတ်ချက်တွေ ထုတ်ပြန်လာခဲ့ရလဲဆိုရင် တစ်ကမ္ဘာလုံးက အာရုံစိုက်ခံခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးရှိခဲ့လို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံ ကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးရှိနေတယ်လို့ စွပ်စွဲခံရတဲ့ နာမည်ဆိုးနိုင်ငံ စာရင်းမှာ ထည့်ထားခံရတာဖြစ်ပါတယ်။ လူ့အခွင့်အရေးတွေကို ဆိုးဆိုးဝါးဝါးကျယ်ကျယ် ပြန့်ပြန့် ချိုးဖောက်တဲ့ နိုင်ငံတွေကိုဘဲ သီးသန့်စာရင်းပြုပြီး စောင့်ကြည့်တဲ့ လုပ်ငန်းစဉ်ကို အထူးလုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ် (Special Procedure) လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ အဲ့ဒီအထူးလုပ်ထုံးလုပ်နည်းထဲမှာ ၂၀၀၉ခုနှစ် ထဲကပါဝင်ခဲ့ပြီး အခုချိန်ထိ ဒီစာရင်းထဲ က မထွက်သေးပါဘူး။ ဘာကြောင့် အခုထိ မထွက်နိုင်သေးလဲဆိုရင် လူ့အခွင့်ရေးချိုးဖောက်မှု တွေဟာ နိုင်ငံတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ဆက်လက် ရှိနေတုံးမို့လို့ပါဘဲ။ တချို့အကြောင်းအရာ တွေဖြစ်တဲ့ နိုင်ငံရေးပါတီများ လှုပ်ရှားခွင့်လိုမျိုး၊ နိုင်ငံရေး အကျဉ်းသားလို မျိုးကိစ္စတွေမှာ တိုးတက်ပြောင်းလဲလာတာရှိပေမဲ့ တချို့အကြောင်းအရာတွေ- ဥပမာ- လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ လက်နက်ကိုင်စစ်ပွဲတွေကြား လူနည်းစုတွေအပေါ် ချိုးဖောက်မှုတွေကတော့ ပိုမို ဆိုးဝါးလာလို့ပါဘဲ။

 

ဒီနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံလူ့ အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး ကြိုဆိုမှု၊ စိုးရိမ်မှုနဲ့ တိုက်တွန်းအကြံပေး မှုတွေ စုစုပေါင်း အချက် (၄၀) လောက်ပါရှိတာတွေ့ရပါတယ်။ ကုလသမဂ္ဂရဲ့ထုံးစံအတိုင်း အစိုးရ ရဲ့ လုပ်ဆောင်ချက်အချို့ကို ကြိုဆိုထောက်ခံထားပါတယ်။ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်း ဖို့ လွှတ်တော်မှာ ကြိုးစားမှုကို အသိအမှတ်ပြုတယ်။ နိုင်ငံတကာလူ့အခွင့်အရေးစာချုပ် တချို့ကို လက်မှတ်ထိုးခဲ့တာကိုလဲ အသိအမှတ်ပြုထားပါတယ်။

 

တဖက်မှာလဲ လူ့အခွင့်အရေးအချက်အလက်တွေကို စောင့်ကြည့်စုံစမ်းတဲ့ နေရာမှာ နိုင်ငံတကာ နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အချက်ကို အားမလိုအားမရ ဖြစ်တဲ့အကြောင်း ပြောထားပါတယ်။ အခုချိန်ထိ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းအတွင်းက အပြစ်မဲ့ ပြည်သူတွေဟာ လူ့အခွင့် အရေး ချိုးဖောက်မှုကို ရင်ဆိုင်နေရသလို ကျူးလွန်တဲ့ သူတွေအပေါ် အပြစ်ပေးအရေး ယူမှု အားနည်းနေတယ်လို့ ထောက်ပြထားပါတယ်။ အပြစ်ကျူးလွန်တဲ့သူတွေက အခုထိ အပြစ် မပေးခံရဘဲ ကင်းလွတ်နေတဲ့ အချက်ကို မီးမောင်းထိုးပြထားပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ် သက်ပြီးတော့ သတင်းမီဒီယာအပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်မှု တွေရှိနေတဲ့အကြောင်း အထူးသဖြင့် တချို့ဥပဒေတွေကို အသုံးပြုပြီးတော့ သတင်းမီဒီယာကို ခြိမ်းခြောက်မှုတွေရှိနေ ကြောင်းပြောထားပါတယ်။

 

တိုက်တွန်းအကြံပေးချက်တွေကတော့ ရှင်းရှင်းလေးပါဘဲ။ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီးတော့ ထိရောက်စွာအရေးယူဖို့၊ အပြစ်ရှိတဲ့ သူတွေကို အပြစ်ရှိတဲ့အတိုင်း အရေးယူ တာအပြင် ကျူးလွန်ခံရတဲ့သူတွေကို ပြန်လည်ကုစားပေးမှုတွေ လုပ်ဆောင်ပေးဖို့၊ စုံစမ်းစစ်ဆေး မှုလုပ်ဆောင်တဲ့အခါမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဖို့တို့ကို တိုက်တွန်းထား ပါတယ်။ ရိုဟင်ဂျာတွေကို မဲပေးခွင့်ပေးဖို့ဆိုတဲ့ အချက်ကိုထဲ ထည့်သွင်းထားပါတယ်။

 

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်ကတော့ ဒီဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ တင်း တင်းမာမာငြင်းဆို ကန့်ကွက်ခဲ့ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာလဲ ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံကို အထူးလုပ်ထုံးလုပ်နည်း (Special proce dure) ထဲမှာထည့်ပြီး အရေးယူတာမျိုးကို လက်မခံတော့ကြောင်းနဲ့ ဒီလိုလုပ်ဆောင်မှုမျိုးတွေ မဖြစ်သင့်တော့ဘူးလို့ဆိုထားပါတယ်။ နိုင်ငံတစ်နိုင်ငံကို အထူးပစ်မှတ်ထားပြီး စုံစမ်းတဲ့ လုပ်ထုံး လုပ်နည်း (Special Procedure) တွေက ငွေတွေအများကြီးကုန်တယ်၊ ဒါကြောင့် မလုပ်သင့် တော့ဘူးဆိုပြီး ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းအပေါ် ဝေဖန်ပြောဆိုခဲ့ပါတယ်။ နောက်တစ်ခုက အခုလိုမျိုးနိုင်ငံတစ်ခုပေါ် ပစ်မှတ်ထားပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဝေဖန်ပြော ခြင်း က အဲ့ဒီနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလည်း ထိပါးစေတယ်၊ ပြည်တွင်းရေးကိုလည်း ထိပါးစေ တယ်၊ ဒါကြောင့် ကုလသမဂ္ဂကနေ နိုင်ငံတစ်ခုကို လူ့အခွင့်အရေးချိုးဖောက်ပါတယ်ဆိုပြီး ဦးတည်အမည်တပ်ပြီး လုပ်ဆောင်နေတဲ့ အထူးလုပ်ထုံးလုပ်နည်းတွေကို ကန့်ကွက်သင့်ပါ တယ်ဆိုတဲ့ အကြောင်းအရာကို အဓိကထားပြောသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အခွင့် အရေးကတော့ မရှိပါဘူး ချိုးဖောက်မှုတွေမလုပ်တော့ပါဘူးဆိုတဲ့ အချက်တွေကိုတော့ သေသေ ချာချာ ဖော်ပြထားတာမျိုး မရှိခဲ့ပါဘူး။

 

မြန်မာအစိုးရကိုယ်စားလှယ်ကပြောကြားသွားရာမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ပြည် တွင်းတရားစီရင်ရေး ယန္တရားနဲ့ ကုစားလုပ်ဆောင်နေပါတယ်လို့ ဆိုသွားပါတယ်။ ဒါပေမယ့် ပြဿနာက နိုင်ငံတကာက မြန်မာပြည်တွင်းမှာ ရှိတဲ့ တရားစီရင်ရေးကို မယုံကြည်တဲ့ ပြဿနာပါဘဲ။ ပြည်တွင်း တရားစီရင်ရေးအပေါ် ယုံကြည်ချင်ရင်တောင်မှ မယုံကြည်နိုင်စရာ အဖြစ်အပျက်တွေကလဲ အများကြီးပါ။ ဥပမာတချို့ကို ပြောရရင် ရခိုင်ဒေသမှာ ရွာသားတွေကို သတ်ဖြတ်လို့ အရေးယူခံရတဲ့ တပ်မတော်သားတွေဟာ ထောင်ကျအပြီး (၉)လမှာ ပြန်လွတ်လာ တာဟာ ထောက်ပြစရာဖြစ်နေပါတယ်။

 

နောက်ထပ်တစ်ချက်ကတော့ တာဝန်ခံမှုအပိုင်းပါ။ အခုချိန်ထိ ပိုင်ရှင်မဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးပါ။ ဘယ်သူကသတ်လို့ သတ် မှန်းမသိဘဲ သတ်ဖြတ်ခံရခဲ့ရတဲ့အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေ၊ မုဒိန်း ကျင့်ပြီး သတ်ဖြတ်ခံရတဲ့ အမျိုးသမီးငယ်တွေ၊ အခုချိန်ထိ တရားခံရှာမရ သေးတဲ့ ပိုင်ရှင်မဲ့ လက်နက်ကြီးကျည်ဆံတွေနဲ့ ပျက်စီးမှုတွေ တပုံတပင်ပါ။ အများသိတဲ့ WHO ယာဉ်မောင်းပစ်ခတ်ခံရတဲ့အမှုက အခုထိ တရားခံ မပေါ် သေးပါဘူး။ အပြစ်ရှိတဲ့သူဟာ အပြစ်ပေးခံရခြင်းကနေ ကင်းလွတ်နေတဲ့ ယဉ်ကျေးမှုဆိုးကြီးက လွှမ်းမိုးနေဆဲပါ။ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ စုံစမ်းတွေ့ရှိသည့်တိုင်အောင် ကျူးလွန်တဲ့သူက ဌာနဆိုင်ရာက ဖြစ်တယ်ဆို ရင် အမှန်တရားကို ဖော်ဆောင်ဖို့ ပိုခက်ခဲသွားတတ်တာကလဲ အစဉ်အလာ လို ဖြစ်နေလျက်ပါ။

 

ဒီလိုတာဝန်ခံမှုမရှိတာ တရားဥပဒေရရှိရေးကို အကောင်ထည်မဖော်နိုင်တာတွေ ရှိနေသမျှ ကာလပတ်လုံး ပြည်တွင်းရဲ့ တရားစီရင်ရေးယန္တရားကို မြန်မာပြည်သူတွေကလဲ အားကိုးမှာ မဟုတ်ပါဘူး။ နိုင်ငံတကာကလဲ ယုံကြည်မှာ မဟုတ်တာ သေချာပါတယ်။ ပြည်တွင်းရဲ့ တရားစီ ရင်ရေးယန္တယားနဲ့ တရားမျှတရေးကို ဖော်ဆောင်နိုင်မှာကို မယုံကြည်တဲ့အတွက်ကြောင့်မို့ နိုင်ငံတကာ တရားစီရင်ရေးနဲ့သာ လုပ်ဆောင်နိုင်မယ်လို့ ယူဆလာတာဖြစ်ပါတယ်။

 

အခုထုတ်တဲ့ဆုံးဖြတ်ချက်ကတော့ လူ့အခွင့်အရေးကောင်စီကနေ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ဆိုင်ရာဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်မှာပါတဲ့ အချက်တွေနဲ့ ပတ် သက်ပြီး သက်ဆိုင်ရာအစိုးရကနေ ဘယ်လိုတုန့်ပြန်ဆောင်ရွက်ပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ အပေါ် မူတည်ပြီး နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ၊ဒီဇင်ဘာလမှာ ကျင်းပတဲ့ အထွေထွေညီလာခံမှာ ထပ်မံရိုက်ခတ်မှုရှိတတ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးကောင်စီကထုတ် ပြန် ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာအစိုးရက လေးစားလိုက်နာမှုမရှိ၊ ဘာမှပူးပေါင်းဆောင် ရွက်မှုမရှိဘူးဆိုရင် နောက်တစ်ဆင့်ကတော့ အဖွဲ့ဝင်နိုင်ငံအားလုံးတက်ရောက်တဲ့ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြန်တာဘဲဖြစ်ပါတယ်။

 

ဒီလိုသာ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အဆင့်ကို ရောက်သွားရင် အဆင့်တော်တော်မြင့် သွားပါပြီ။ သက်ရောက်မှုလဲ ပိုကြီးလာနိုင်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြင်ဆင်လုပ်ဆောင်နေတဲ့ လွတ်လပ်သောနိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ယန္တယားလမ်းကြောင်း ကို ပိုမိုအရှိန်မြင့်သွားစေနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရားရင်ဆိုင်နေရတဲ့ အပြည်ပြည် တရား တရားရုံး (International Court of Justice –ICJ) နဲ့ ရင်ဆိုင်ရလာနိုင်တဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (International Criminal Court-ICC) တို့ရဲ့ တရားစီရင်မှုအပေါ်တွေမှာ အနည်းနဲ့ အများ သက်ရောက်မှု ရှိစေမှာသေချာပါတယ်။ တကယ်လို့များ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလဲ ပူးပေါင်းမှုမရှိဘူး၊ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကိုလဲ အလေးမထားဘူးဆိုရင် နိုင်ငံတကာ တရားစီရင်ရေးဟာ မြန်မာနိုင်ငံအတွက် မဖြစ်မနေ လိုအပ် ပြီဆိုတဲ့ အတွေးအမြင်တွေက နိုင်ငံတွေကြားထဲမှာ ပြန့်သွားနိုင်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့ ရစ်နေတဲ့ မြွေလိုဘဲ နောက်ဆုံးအသက်ရူလို့မရတော့ဘဲ ပိုပြီးအရေးယူလုပ်ဆောင်မှုတွေ ထပ်မံ ရင်ဆိုင်ရမဲ့အခြေအနေအထိ ရောက်သွားမှာကို စိုးရိမ်ရပါတယ်။

 

ဒါကြောင့် အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး မရှိပါဘူးတို့ ဆုံးဖြတ် ချက်ကို လက်မခံပါဘူးလို့ ငြင်းဆန်နေမဲ့အစား ရေတိုကာလအတွင်း လုပ်ဆောင်နိုင်တဲ့ လုပ် ဆောင်ချက်တွေကို စေတနာရှိရှိနဲ့လုပ်ဆောင်ပြီး ရေရှည်လုပ်ဆောင်ရမဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို စိတ်ထားမှန်မှန်နဲ့ လုပ်ဆောင်နေကြောင်း သက်သေပြ မှတ်ကေျာက်တင်ခံရဲဖို့လိုအပ်ပါတယ်။ ပြောင်းနိုင်သော ဥပဒေတွေပြောင်းနိုင်ဖို့၊ ကာကွယ်နိုင်သော လုပ်ငန်းစဉ်တွေ အားကောင်းဖို့၊ စုံစမ်းစစ်ဆေးရေး ယန္တရားတွေ ခိုင်မာဖို့လုပ်ဆောင်ပေးဖို့ လိုအပ်လှပါတယ်။

 

မကြာမီက ကုလသမဂ္ဂကနေ မြန်မာ့တပ်မတော်ကို ကလေး စစ်သားအသုံးပြုတဲ့ အမည်ပျက် စာရင်းကနေ ထုတ်ပစ်ခဲ့ပါတယ်။ ဒီလိုထုတ်ပယ်ပေးဖို့ အစိုးရဘက်ကနေ လုပ်ဆောင်ချက်တွေ အများကြီး လုပ်ဆောင်ခဲ့ပါတယ်။ ဥပမာ- ကလေးသူငယ်အခွင့်အရေးစာချုပ်ရဲ့ လက်နက်ကိုင် ပဋိပက္ခတွင်းမှာရှိတဲ့ ကလေးများဆိုင်ရာ နောက်ဆက်တွဲ စာချုပ်ကို လက်မှတ်ထိုးခဲ့ပါတယ်။ ကလေးစစ်သားအသုံးပြုမှုကို ကလေး အခွင့်အရေးချိုးဖောက်မှုလို့ သတ်မှတ်ပြီး ပြစ်မှု ပြစ်ဒဏ် တွေပြဌာန်းထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို အတည်ပြုရေးဆွဲပြဌာန်း ခဲ့တယ်။ ဒီဥပဒေထဲမှာ ကလေးစစ်သားအသုံးပြုတာကို ဘယ်သူကဘဲ ကျူးလွန် ကျူးလွန်၊ လက်နက်ကိုင် အဖွဲ့တွေ ဘယ်အဖွဲ့ကဘဲ ကျူးလွန်ကျူးလွန် ရာဇဝတ်မှုမြောက်ကြောင်း တိတိကျကျ ဖော်ပြထားပါတယ်။ ဒါတွေက မြင်သာထင်သာတဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။ မိုင်ထောင်ချီတဲ့ ခရီးရှည်ကို မသွားခင်မှာ တစ်လှမ်းချင်း တတ်နိုင်သရွေ့သွား နေတယ်၊ လမ်းကြောင်းမှန်မှန်သွားနေတယ်တယ်ဆိုတာကို ပြသလာနိုင်တဲ့ အတွက်ကြောင့်မို့ ကလေးစစ်သား အသုံးပြုပါတယ်ဆိုတဲ့ မြန်မာ့တပ်မတော်ကို အမည်ဆိုးစာရင်းကနေ ထုတ်ပယ် ခဲ့တာပါ။ ဒါကို သင်ခန်းစာ ယူစေချင်ပါတယ်။

 

လုံးဝမရှိပါဘူးလို့ငြင်းနေမဲ့အစား လုပ်နိုင်တာကို လုပ်ပြပြီးတော့ တတ်နိုင် သရွေ့ လုပ်နေတဲ့ လမ်းကြောင်းကို သွားနေပါတယ်၊ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်ဆိုတာကို ပြသနိုင်ရင် ပိုမိုပြင်းထန်တဲ့ ဖိအားပေးမှုတွေကို လျော့ ပါးသွားစေနိုင်ပါတယ်။ တစ်ချိန်တည်းမှာ လူ့အခွင့်အရေးတိုးတက် မြင့်မားရေးနဲ့ ကာကွယ်စောင့်ရှောက်မှုကို ပူးပေါင်း ကြိုးပမ်းလုပ်ဆောင် နေတဲ့ အစိုးရဖြစ်တယ်ဆိုတာကို လက်ခံလာနိုင်မှာ ဖြစ်ပါတယ်။ ဒီထက်ပို ဆိုးဝါးတဲ့ အရေးယူမှု လမ်းကြောင်းကို ဖယ်ရှောင်နိုင်ပြီး သက်သေပြနိုင်မှာ ဖြစ်ပါတယ်။

 

အခုခေတ်မှာ အချုပ်အချာအာဏာဆိုတဲ့စကားလုံးအောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုကို လက်မခံနိုင်တော့ပါဘူး။ အရင်လို တံခါးပိတ်ဝါဒကို ကျင့်သုံးပြီး တိုင်းပြည်ကို ထင်သလို အုပ်ချုပ် မင်းလုပ်လို့လဲ မရတော့ပါဘူး။ လူသားတစ်ယောက်အပေါ် လူ့အခွင့်အရေးချိုးဖောက် ခြင်းဟာ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် စော်ကားခြင်းဖြစ်တယ်လို့ ကမ္ဘာက လက်ခံနေကြပါပြီ။ ဖန်တရာ တေနေတဲ့ ငြင်းဆန်မှုတွေအစား လက်တွေ့ကျတဲ့ ပူးပေါင်းလက်တွဲမှုနဲ့အတူ ပြည်သူတွေကို ကာကွယ်နိုင်ဖို့။ နိုင်ငံတကာမှာ နာမည်ဂုဏ်သိက္ခာရှိဖို့ လုပ်ဆောင်ပေးသင့်ပါတယ်။

 

အောင်မျိုးမင်း