မငြိမ်းချမ်းမှု၏ လက်သည်

နှစ်ပေါင်းများစွာလည်း တိုက်လာခဲ့ကြပြီ။ နောက်နှစ်ပေါင်းများစွာလည်း တိုက်နေဦးမယ်လို့ ယူဆရတဲ့ မငြိမ်းချမ်းမှု လက်သည် တရားခံက ဘာလဲဆိုတာကို ကျွန်တော်တွေးမိနေတယ်။ မြန်မာနိုင်ငံကို သူ့ကျွန်ဘ၀က လွတ်လပ်ရေးရအောင် လုပ်လာတဲ့ထဲမှာ ဗမာတိုင်းရင်းသားအပါအ၀င်တခြား တိုင်းရင်းသားတွေလည်း ပါဝင်ခဲ့ကြတယ်။

တကယ်တမ်း လွတ်လပ်ရေးရခါလည်း နီးရော ကိုလိုနီးဇေးရှင်းတွေက တောင်ပေါ်- မြေပြန့်ခွဲပြီး အုပ်ချုပ်မယ်လုပ် သေးတယ်။ ဒါပေမယ့် ဗမာအမျိုးသား တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက နယ်လှည့်ပြီး အသက်နဲ့ထပ် တူကျတဲ့ ကတိက၀တ်တွေကိုပြုခဲ့ရတယ်။ စည်းရုံးခဲ့ရုံတင်မကဘူး၊ အသက်နဲ့ရင်းတဲ့ ကတိက၀တ်တွေကို ပြုထားခဲ့ရတယ်။ ဥပမာ- ကချင်ဆိုရင် ၁၀နှစ်အတူနေမယ်။ တကယ်တမ်းမဟန်ရင် ခွဲထွက်မယ်။ ကချင် သမ္မတနိုင်ငံထူထောင်မယ်။ ဒါကို ဖဆပလက သဘောမတူရင် သူကိုယ်တိုင် ဖဆပလ ကထွက်ပြီးတော့ကို ကချင်တွေထူထောင်တဲ့ သမ္မတနိုင်ငံအတွက် အကူအညီပေးဦး မယ်လို့တောင်ပါသေးတယ်။ ဒီလောက်သေချာတဲ့ ကတိက၀တ်ရမှတော့ တောင်ပေါ်ကလူတွေကို စည်းရုံးလို့ ရခဲ့ပြီပေါ့။

တကယ်တမ်း လွတ်လပ်ရေးရပြီတဲ့ နောက်မှာတော့ ဗမာအင်စတီကျူးရှင်းကိုပဲ ခိုင်မာစွာ တည်ဆောက်ခဲ့ကြတယ်။ ပညာသင်ကြားရေး စနစ်မှာလည်း တစ်ချိန်တုန်းက ၀ိတိုရိယဘုရင်မ၊ ဂျော့ဘုရင်တို့ကို ချီးမွှမ်းခန်းဖွင့်ရတာကို တော်လှန်ခဲ့ တဲ့ သူတို့က အုပ်ချုပ်သူလူတန်းစားဖြစ်လာကြတဲ့အခါ ဗမာသူရဲကောင်းတွေကို တစ်တန်းပြီးတစ်တန်းထည့်ကြတော့တယ်။ တကယ်တမ်းကျတော့လည်း သမိုင်းကို နက်ရှိုင်းစွာ လေ့လာကြရင် အဲသလောက်လည်းမဟုတ်ပါဘူးဆိုတဲ့ စစ်ဘီလူးတချို့ တောင်ပါသေးတယ်။ ပြီးတော့လည်း အရိုင်းခေတ်က လူသတ်ပွဲတွေလို စစ်ပွဲများ။ ဒါပေမယ့် လွတ်လပ်ရေးရခါစ တခြား တိုင်းရင်းသားတွေလည်း ပြည်တွင်းစစ်ကို မစတင်မီကာလ၊ ဖဆပလကနေ ကွန်မြူနစ်ပါတီခွဲထွက်ပြီး တဲ့ကာလမှာတော့ တိုင်းပြည်ရဲ့ ပြည်တွင်းစစ်က စတင်လာခဲ့တော့တယ်။

ဗမာ ဖဆပလအစိုးရကို ဗမာကွန်မြူနစ်ပါတီကတိုက်တော့လည်း ကချင်၊ ရှမ်း၊ မွန်၊ကရင်စတဲ့ ဒေသတွေက လက်နက်ကိုင် အရေးထက် နိုင်ငံရေးကတိက၀တ်တွေကို စောင့်မျှော်နေခဲ့တုန်းပါပဲ။ ဒါပေမယ့် ကတိ က၀တ်တွေချိုးဖောက်ခံ ရရုံမက နိုင်ငံရေးအရ ဖယ်ထုတ်ခံလာရတဲ့အခါ ကတိက၀တ်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးကြ တော့တယ်။ ဒါကပဲ အထိုင်နဲ့ရပ်တည်ကျန်လိုက်တဲ့ အုပ်ချုပ်သူ လူတန်းစားရဲ့ တရားဝင်ဖောက်ပြန်မှု၊ တရားဝင်တည်ဆောက်မှု စတဲ့ကိစ္စတွေ အတွက် အခွင့်ပေးသလို ဖြစ်သွားပြီး မြန်မာနိုင်ငံမှာ စစ်တပ်ကပါဝါ လွန်တရာမှမြင့်သွားခဲ့ပြီတော့ ကဏ္ဍစုံကို ပါဝင်ဖို့လုပ် တော့တယ်။ တကယ်တမ်းလည်း လုပ်ကိုင်ဆောင်ရွက်ခဲ့တယ်။

ကျောင်းသုံးစာအုပ်မှာ ဗမာစာသည် တို့စာ၊ ဗမာစကားသည်တို့စကားဆိုတာကို သင်ခဲ့တုန်းက အရင်တုန်းက မျိုးဆက်တွေက မသိနိုင်ခဲ့သော်လည်း အခုလိုပွင့်လင်းလာတဲ့ခေတ်မှာတော့ လုပ်ဆောင်ချက်တွေနဲ့သာ ယှဉ်ထိုးလာကြပါ တော့တယ်။ ကျန်စစ်သားရဲ့ ညာလက်ဖြင့် စားစရာများကိုပေးမယ်၊ ဘယ်လက်ဖြင့် အ၀တ်အထည်များကိုပေးမယ်ဆိုတဲ့ သင်ခန်းစာကို စစ်ဘေးရှောင်စခန်းမှာ ဆန်ပြတ်လပ်နေပါလျှက်နဲ့ အစိုးရက ကူညီကယ်ဆယ်မှုကို တားမြစ်နေတဲ့အခါ ဒီစာကို သင်နေရတဲ့ စစ်ရှောင်စခန်းက ကလေးတွေ ဘယ်လို သက်ဝင်နိုင်တော့မလဲ။ ဒီစာသားတွေကို အိမ်ရှေ့ ၀ရန်တာမှာ ထွက်ပြီးဆိုရင် ပတ်ဝန်းကျင်က မလှောင်ပြောင်ဘဲ ရှိတော့မလား။ ကမ်္ဘာကြီးက ပြောင်းလဲလာသလို ခေတ် စနစ် ပွင့်လင်း လာမှုတွေကြောင့်လည်း သိလာကြပါပြီ။

ငြိမ်းချမ်ရေးကို ပျက်ပြားစေတဲ့ အကြောင်းတရားတွေထဲမှာ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ ပြည်ပကိုထွက် ခွာသူ များပြားမှုကြောင့်လည်း ဆိုင်ပါတယ်။ ပြည်ပကို သူတို့ဘာလို့ ထွက်လာကြသလဲ။ အများစုက အစတုန်းက မသိကြ ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းလုပ်ကိုင်လာရင်း မိမိတို့ဒေသမှာ သဘာဝရင်းမြစ်တွေ ဖူလုံပါလျက်၊ သဘာဝသယံဇာတ တွေရှိနေပါလျက် ဘာကြောင့်ထွက်လာရသလဲဆိုတဲ့ အဖြေကိုသွားတွေ့ကြပါတယ်။ စနစ်ကိုသွားမြင်ကြပါတယ်။ စနစ်ကို မောင်းနှင်နေတဲ့လူတစ်စုရဲ့ လောဘသက္ကာယကြီးမားပုံကို အော့နှလုံးနာကြတဲ့အခါ တော်လှန်အုပ်စုနဲ့တွေ့လည်း တွေ့ရော သူပုန်ဖြစ်သွားကြတာပါပဲ။

အားလုံးသိကြတဲ့အတိုင်း ရခိုင်ပြည်မှာဆိုရင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိစ္စ။ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ ၅ရက်နေ့မှာ ဗီ-၉ နဲ့ ဗီ-၁၁ လုပ်ကွက်တွေအတွက် Shell Myanmar Energy နဲ့ ချုပ်ဆိုတဲ့ (PSC) စာချုပ်ကနေ မြန်မာအစိုးရ အနေနှင့် လက်မှတ်ရေးထိုးခ အပိုဆုကြေးငွေ (Signature bonus) အဖြစ် ရရှိခဲ့ဖူးပါတယ်။ဒါ့အပြင် ၂၀၁၅ခုနှစ်အတွင်းမှာပဲ ထုတ်လုပ်မှုအပေါ် ခွဲဝေရေးစာချုပ် (Production Sharing Contact-PSC) က လက်မှတ်ရေးထိုးခ အပိုဆုကြေးငွေ (Signature bonus) အဖြစ်ရရှိငွေမှာ အမေရိကန်ဒေါ်လာ (၁၇၀ဒသမ၄နဲ့ သန်းနှင့် အချက်အလက် (Data fee) အဖြစ် ရရှိငွေက ၅ဒသမ၆၁) ရရှိခဲ့ပါတယ်။ (ရည်ညွှန်း- ကျောက်ဖြူကျေးလက်ဒေသအသင်း အစီရင်ခံစာ)။ နောက်ဆက်တွဲ ဖြစ်ရပ်ကတော့ မြားမြောင်လှစွာသောလူမှုဘ၀များအပေါ် ရိုက်ခတ်မှုသာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ လုပ်ကွက် ၂၅ကွက်ရှိတယ်လို့ အဆိုပါ အစီရင်ခံစာအရ သိရပါတယ်။ မြန်မာအစိုးရက တရုတ်နိုင်ငံသို့ ရွှေသဘာဝဓာတ် ငွေ့ စီမံကိန်းက ထွက်ရှိတဲ့ ဓာတ်ငွေ့တွေကို တရုတ်နိုင်ငံသို့ နှစ်ပေါင်း ၃၀ရောင်းချထားပြီး တစ်နှစ်မှာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁ဘီလီယံလောက်ရရှိမယ်လို့ သုတေသီတွေက ခန့်မှန်းထားကြပါတယ်။ ၂၀၁၆ခုနှစ်၊ ဇွန်လ ၂၄ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့ပျမ်းမျှ ကုဗပေ သန်း ၅၇၀လောက် ထုတ်လွှတ် လျက်ရှိပြီး ကုဗပေသန်း ၅၀၀ကို CNPC ကို ပို့လွှတ်လျက်ရှိသလို မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE) ကို နေ့စဉ် ၆၅ ကုဗပေသန်းလောက်ပေးပို့ လျက်ရှိကြောင်း ဖော်ပြထားပါသေးတယ်။အကျိုးဆက်ကတော့ ဒီမြစ်ပြင်မှာ ငါးဖမ်း စက်လှေတွေနဲ့ လုပ်ကိုင်စားသောက်ရတဲ့ သူတွေ ဘ၀စုတ်ပြတ်သတ်သွားကြတာပါပဲ။ နိုင်ငံတကာရေပိုင်နက်ဖြစ် အကျယ် မီတာ ၃၀၀ သတ်မှတ်ထားပြီး ကျောက်ဖြူမြို့ အရှေ့မြောက်ဘက်က မဒဲကျွန်းဆိပ်ကမ်းထိ မှတ်တိုင်စိုက်ထူထားပြီး ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ ၃ရက်နေ့က ပိတ်ပင်လိုက်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။ SEZ ကြောင့် မြေတွေ သိမ်းထား တဲ့ကိစ္စတွေလည်း ရှိပါသေးတယ်။

ဆိုလိုတာကတော့ ဒီလို ဒေသခံတွေ ဆင်းရဲမွဲတေနေပါလျက်နဲ့ လုပ်ငန်းအတွက် ဆောင်ရွက်လာတဲ့အခါ နစ်နာ ကြေးတို့ မပေးရင် ဘာဖြစ်သွားကြမလဲ။ မိမိဒေသမှာ ဖောင်စီးရင်းရေငတ်ရင် ရေကြည်ရာ မြက်နုရာကိုသွားကြမယ်။ စနစ် ကို အပြစ်မြင်မယ်။ မိမိတို့ကို ဒီလိုဖြစ်အောင် ဘယ်သူတွေက လုပ်နေပါလားဆိုတာကို ဘ၀အသိကနေ နိုင်ငံရေးအတွေးထိ တွေးမယ်။ ပြီးရင် တော်လှန်အင်အားစုနဲ့ပေါင်းမိပြီး သူပုန်ဖြစ်မယ်။ ဒီတော့ အစိုးရကိုစိန်ခေါ်နိုင်သူတွေဖြစ်လာမယ်။ ဒါတွေက လည်ပတ်စေနိုင်တဲ့ ကွင်းဆက်တွေ။ ပြေလည်အောင်လုပ်ထားတဲ့ ဘယ်နိုင်ငံသား မဆိုတိုက်ခိုက်တဲ့ ဘက်ကို ရောက်မှာ မဟုတ်ပါဘူး။ ယူစရာရှိတာကို ပါးဖြဲနားဖြဲယူပြီး ပေးစရာနည်းနည်းကို တွန့်တိုတဲ့သူတွေက အပေါင်းအသင်း ဆံ့နိုင်ပါ့မလား။ ပေးစရာရှိတဲ့ တစ်သောင်းကိုမပေးဘဲ တစ်ရာတန်ပွဲလေးလုပ်လိုက်၊ ငါးဆယ်တန်ပွဲလေးလုပ်ပြလိုက် စတဲ့ သံသရာဟာလည်း နောက်ကျရင် ရိုးအီလာမယ့် ကိစ္စတွေပါ။ နိုင်ငံရေး ကတိက၀တ်ပျက်လို့ဖြစ်တဲ့ ပြဿနာကို နိုင်ငံရေးရိုး သားမှုနဲ့ မကုစားသမျှ နာတာရှည်မယ့် လက္ခဏာသာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ရွှေ့ပြောင်းလုပ် သားတွေရဲ့ ပြဿနာများစွာထဲက အရေးကြီးတဲ့ ကိစ်္စတစ်ခုကတော့ လူကုန် ကူးခံရခြင်းဖြစ်ပါတယ်။ ဆင်းရဲခြင်းဟာ အပြစ်မဟုတ်ပေမယ့် ဆင်းရဲမွဲတေမှုများလာတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ အပြစ် တွေဖန်တီးဖို့လည်းလွယ်လာပါတယ်။ သတင်းတွေမှာ ပါလာတတ်တဲ့ မြန်မာနိုင်ငံသားအချင်းချင်း ရောင်းစားတဲ့ကိစ္စတွေ။ ဒါတွေအားလုံးကို ကြည့်လိုက်ရင် ၀င်ငွေနည်းအောင်တောင်မက ၀င်ငွေမရှိအောင်တောင် လုပ်ထားခဲ့တဲ့ အကျိုးဆက်တွေ။ ဒေါက်တာသန့်မြင့်ဦးရဲ့ တရုတ်-အိန်္ဒိယ ဆုံမှတ်စာအုပ်တစ်နေရာမှာ ခုလိုတွက်ချက်ပြထားတာ တွေ့ပါတယ်။ ၁၉၇၈ခုနှစ် ကစပြီး တရုတ်မြို့ကြီးတွေမှာ တစ်အိမ်ထောင်ကလေး ၂ယောက်မယူရ ဥပဒေကိုထုတ်ပြန်ပြီး နိုင်ငံရဲ့ လူဦးရေကို ထိန်းညှိခဲ့ပါတယ်။ ဒီအကျိုးဆက်ကတော့ အခုကာလမှာ အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက သန်း ၄၀ ပိုနေပါတယ်။ သူတို့အတွက် ဇနီးလောင်းတွေရှာဖွေဖို့က တရုတ်ပြည်မထဲမှာထက် တရုတ်ပြည်ပြင်ပ ကရှာဖွေဖို့ပါပဲ။ အလျဉ်းသင့်စွာပင် မြန်မာနိုင်ငံက ဆင်းရဲမွဲတေမှု ဂရပ်မျဉ်းကြောင့် ပြည်ပကိုထွက်ခွာလာတဲ့ထဲမှာ အမျိုးသမီးတွေလည်း ပါပါတယ်။ တချို့က လည်း ရွာကသာထွက်လာတာ။ ဘယ်ကိုသွားမည်လို့ တိကျတဲ့ ရည်မှန်းချက်မရှိကြသေးဘူး။ ပွဲစားတွေရဲ့စကားကြောင့် ခေါ်ဆောင်ရာကိုပါသွားသူတွေရှိပါတယ်။ တရုတ်ပြည် ဘက်မှာတော့ မိန်းမငယ်တွေနဲ့ အမျိုးသမီးတွေကို ဆင်းရဲတဲ့ တရုတ်ရွာတွေမှာ ယွမ် ၂သောင်းကနေ ၄သောင်း (အမေရိကန် ဒေါ်လာ ၃၀၀၀မှ ၆၀၀၀) ကြားမှာရောင်းချ လျက်ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး ပြဿနာတွေကိုလည်း အခုထိမည်မည်ရရ ဖြေရှင်းနိုင်တာ မတွေ့ရသေးသလို စစ်ပွဲရဲ့ ကွင်းဆက်တွေ ဖြစ်တဲ့ နိုင်ငံရေးမပြေလည်မှု၊ စီးပွားရေး မပြေလည်မှုတွေကိုလည်း လုပ်ဆောင်ပေးနိုင်တာမတွေ့ရသေးပါ။ တစ်လ နေလို့မှ ၀င်ငွေ ၂သောင်း မရှိသူတွေရဲ့ တိုင်းပြည်မှာ ၀င်ငွေကျပ် သိန်း၅၀ လောက်ကို တစ်ထိုင်တည်းသုံးနေနိုင်သူတွေက တပ်မ တော်အကြီးအကဲတွေရဲ့ သားသမီးတွေဖြစ်နေတာကလည်း လက်နက်ကိုင်ခြင်းကို အားကျလာခြင်း တစ်မျိုးဖြစ်ပါတယ်။ တချို့ လက်နက်ကိုင်ခေါင်းဆောင်တွေကလည်း ဒီဘက်က တပ်မတော်ခေါင်းဆောင်တွေလို မဆင်းရဲကြပါဘူး။ ဒါပေမယ့် ဒီအပင်ကို စိုက်စေခဲ့တဲ့ရင်းမြစ်ကတော့ လိုအပ်တာကို မပေးခဲ့တဲ့ နိုင်ငံရေးမောင်ပိုင်စီးမှုသာဖြစ်ပါတယ်။

ဆောင်းပါးကိုချုပ်ရရင်နိုင်ငံရဲ့  မငြိမ်းချမ်းမှုကို သယ်ဆောင်လာတဲ့ လက်သည် တရားခံတွေကို ကျွန်တော်တို့ရှာဖွေ တတ်ဖို့ လိုပါတယ်။ သူတို့ကိုတွေ့ရင်လည်း တစ်ကိုယ်စာ အဆင်ပြေမှုနဲ့မလှဲဖို့ လိုပါတယ်။ မော်စီတုန်းပြောဖူးတဲ့ စကား တစ်ခွန်းတော့ ရှိပါတယ်။ သွားကိုက်ဖူးသူမှာသာ သွားကိုက်တာကို ကိုယ်ချင်းစာနာနိုင်မယ်လို့ ဆိုပါတယ်။

 

ကျော်လင်း(ရောင်စုံ)