ရန်ကုန်အစိုးရနှင့် YP စက်သုံးဆီမူဝါဒ

လတ်တလော လူမှုစာမျက်နှာများတွင် ရေးသားပြောဆိုနေကြသည့် မူဝါဒဆိုင်ရာ အကြောင်းအရာတစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Yangon Perto (YP)ကုမ္ပဏီကို စက်သုံးဆီဆိုင်များဖွင့်နိုင်ရန် တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်ပိုင် မြေကွက်များကို အလွန်သက်သာလှသည့် ဈေးနှုန်းဖြင့် လွှဲပြောင်းပေးလိုက်ခြင်းဖြစ် သည်။ အတိအကျမသိရ သော်လည်း ယင်းမြေဧက ၃၇ဧကကျော်ရှိသည့်မြေကွက်၂၆ကွက်ကို တစ်ပေလျှင်ကျပ်၂ဝဝဝနှုန်းဖြင့် ရောင်းချပေးခဲ့သည် ဟု အလဲဗင်းမီဒီယာ၏ သတင်းစာမျက်နှာ၌ ဖော်ပြထားသည် ကိုတွေ့ရသည်။ ထိုသတင်းတွင် အကယ်၍သာ ဖော်ပြပါ အတိုင်း မြေကွက်၂၆ကွက်ကို တစ်ပေပတ်လည် ကျပ်၂ဝဝဝ နှုန်းဖြင့်ရောင်းချခဲ့လျှင် ခန့်မှန်းခြေ ကျပ်ဘီလီယံ၂ဝဝနှင့် ၃ဝဝကြား နစ်နာမည်ဟုဖော်ပြထားသည်။ အခြားသတင်းစာမျက်နှာများပေါ်တွင် ရေးသားနေမှုများကို လေ့လာကြည့်သည့် အခါတွင်လည်း တိုင်းအစိုးရသည် စက်သုံးဆီကို ထိုသို့ အလွန်အမင်းသက်သာသည့် နှုန်းထားဖြင့် YP ကုမ္ပဏီသို့ ရောင်းချ ပေးခြင်းမှာ စက်သုံးဆီဈေးကို ကြပ်မတ်ရန်ဖြစ်သည်ဟု သိရသည်။ ရင်းနှီးမြှုပ်နှံသူကို မက်လုံး (incentive)ပေး၍ ရန်ကုန်မြို့ တွင် တင်သွင်းရောင်းချနေသည့် စက်သုံးဆီဈေး နှုန်းများကျဆင်းရန် တိုင်းအစိုးရ၏ ကြိုးပမ်းမှုဟုဆိုနိုင်သည်။ YP စက်သုံး ဆီဆိုင်များတွင် ရောင်းချသည့် စက်သုံးဆီဈေးနှုန်းများ လျှော့ကျလာခြင်းအားဖြင့် အခြား ကုမ္ပဏီများ၏ စက်သုံးဆီဆိုင်များ တွင် ရောင်းချနေသည့် စက်သုံးဆီဈေးနှုန်းများလည်း လျော့ကျလာပြီး ထိုမှတစ်ဆင့် ကုန်ဈေးနှုန်းများလည်း ကျဆင်း လာစေမည်ဟူသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ဟန်တူသည်။ ထိုသို့တိုင်းအစိုးရ၏ လုပ်ဆောင်ချက်မူဝါဒ မှန်,မမှန်ကို မည်သို့ သုံးသပ်သင့်သနည်း။

 

ပြည်သူ့ရေးရာမူဝါဒများ ဘာကြောင့် ချမှတ်ရ

ပြည်သူ့ရေးရာမူဝါဒ ပညာရပ်တွင် အစိုးရများသည် market failures ဟုခေါ်သည့် ဈေးကွက်စီးပွားရေးစနစ် လည်ပတ်ရာတွင် လူ့အဖွဲ့အစည်းအပေါ် ကျရောက် လာသည့် ဘေးထွက်ဆိုးကျိုးများနှင့် လူ့အဖွဲ့အစည်းကို ကောင်းကျိုးဖြစ် ထွန်းစေမည့် လူမှုအကျိုးစီးပွားများ (social benefits) ကို ထိရောက်စွာ မဖန်တီးနိုင်ခြင်းတို့ကို တုံ့ပြန်သည့်အနေဖြင့် ပြည်သူ့ ရေးရာမူဝါဒများ ချမှတ်အကောင်အထည် ဖော်ဆောင်ရသည်ဟုဆိုသည်။ ဥပမာပေးရလျှင် ပုဂ္ဂလိက ဆိုးဆေး စက်ရုံတစ်ရုံ က စွန့်ပစ်လိုက်သည့် စွန့်ပစ်ပစ္စည်းများသည် စက်ရုံဘေးနားတွင် စီးဆင်းနေသည့် မြစ်ရေနှင့်ယင်း မြစ်ကို မှီခိုအားထားနေရ သည့် ရပ်ရွာအဖွဲ့အစည်းတစ်ခု၏ စားဝတ်နေရေး၊ ကျန်းမာရေးတို့ကို ထိခိုက်စေလျှင် စက်ရုံအနေဖြင့် စွန့်ပစ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင်နှင့် ရပ်ရွာအဖွဲ့အစည်း မထိခိုက်ဘဲစွန့်ပစ်အောင် စည်းမျဉ်းစည်းကမ်းချမှတ်လိုက်နာစေရမည်။ ယင်းကို negative externalities ဟုခေါ်သည်။ အလားတူ အများပြည်သူအကျိုးကို ဆောင်ကြဉ်းပေးမည့် public-goods ဟုခေါ် သည့် အခြေခံအဆောက်အအုံများ၊ ဝန်ဆောင်မှုများ၊ တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ဖြည့်ဆည်းပေးရန်လို အပ်သည်။ ထို့ပြင် ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင်လည်ပတ်နိုင်ရန် ဈေးကွက်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို ဖြန့်ဖြူးပေးဖို့ တာဝန်ရှိသည်။ ထို့အတူ ဈေးကွက်နှင့်စားသုံးသူကြား သတင်းအချက်အလက်မညီမျှမှု ပြဿနာ (inform-ation asymmetry) ကို လည်းဖြေရှင်းပေးရသည်။ ဥပမာ- လတ်တလောဖြစ်ပေါ်နေသည့်  Red Dot ကုမ္ပဏီကဲ့သို့ ပြည်သူ အများကို လိမ်ညာ၍ မပြေးနိုင်အောင် ဈေးကွက်အတွင်းရှိ ဘဏ်များ၊ ကုမ္ပဏီများ၊ ဝန်ဆောင်မှုများ၏ မှန်ကန်မှုနှင့် တည်ငြိမ်မှုရှိ,မရှိတို့ကိုစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ယင်းတို့၏ သတင်းအချက်အလက်များကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးရမည်။ ထပ်မံပြီးလည်း ဈေးကွက်တစ်ခုအား လက်ဝါးကြီးအုပ်၍ ဈေးကစားနေမှုများ (mono-poly) ရှိပါက လည်း ထိုသို့မလုပ်နိုင်ရန် အစိုးရက စည်းမျဉ်းစည်းကမ်းများချမှတ်၍ ဖြေရှင်းပေးရသည်။ အထက်တွင် ဖော်ပြခဲ့သလို စီးပွားရေးလုပ်ငန်းတစ်ခု၏ လုပ်ဆောင်ချက်က အများပြည်သူအကျိုးစီးပွား (ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး)ကို ထိခိုက် လျှင် အစိုးရက ဝင်ရောက်ကြပ်မတ် အရေးယူဆောင်ရွက်ရသကဲ့သို့ အများပြည်သူအတွက် ဘေးထွက်ကောင်းကျိုး အများ အပြားဖြစ်စေသည့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဘွဲ့ရပညာတတ်သူအရေအတွက်၊ ကျန်းမာသန်စွမ်းသည့် နိုင်ငံသားများ အစရှိသည်တို့ အလွန်အမင်း နည်းပါးနေလျှင်လည်း ထိုဘေးထွက်ကောင်းကျိုးများ (social benefits) တိုးတက်များ ပြားလာရန် အစိုးရအနေဖြင့် ထိရောက်သည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက် မှုမူဝါဒ၊ ပညာရေး မူဝါဒ၊ ကျန်းမာရေးမူဝါဒတို့ကို ချမှတ်ရမည်ဖြစ်သည်။

အလုပ်အကိုင်အခွင့်အလမ်းအများအပြား ဖန်တီးပေးနိုင်သည့် စက်မှုလက်မှုလုပ်ငန်းများ (manufacturing) ပေါ်ထွန်းလာရန် အစိုးရအနေဖြင့် အခွန်လျှော့ပေါ့ပေးခြင်း၊ ငှားရမ်းခသက်သာသည့် မြေနေရာများချပေးခြင်း၊ စည်းမျဉ်း စည်းကမ်းများ ဖြေလျှော့ပေးခြင်း၊ ပုံမှန်အတိုးနှုန်းထက် သက်သာသည့် အတိုးနှုန်းများဖြင့် ရင်းနှီး မြှုပ်နှံသူများကို ချေးငွေများ ထုတ်ပေးခြင်း အစရှိသည့် မက်လုံးများ (ငညခနညအငလနျ)ပေး ၍ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည်။ သို့သော် မက်လုံးများပေးရာတွင် အစိုးရအနေဖြင့် သတိပြုရမည်မှာ ကဏ္ဍတစ်ခုအတွင်းရှိ လုပ်ငန်းရှင်များအားလုံးကို တူညီသည့် မက်လုံးများ တစ်ပြေးညီပေးခြင်းလား၊ သို့တည်းမဟုတ် လုပ်ငန်းရှင်အချို့ကို သာရွေးချယ်၍ အထူးအခွင့်အရေးများပေး ခြင်း လားဆိုသည်ကို ဖြစ်သည်။ ဒုတိယအမျိုးအစား ကျင့်သုံးသည့် နိုင်ငံတော်တော် များများတွင် ယင်းတို့၏ စက်မှုကဏ္ဍဖွံ့ဖြိုးမှု မူဝါဒများမအောင်မြင်ဘဲ အခွင့်ထူးခံလုပ်ငန်းရှင် လူတန်းစားသာ ပေါ်ပေါက်လာသည်ကို ကမ္ဘာ့စီးပွားရေးသမိုင်းကို လေ့ လာလျှင် တွေ့နိုင်သည်။

 

ရန်ကုန်အစိုးရ၏ YP စက်သုံးဆီမူဝါဒ သုံးသပ်ချက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ နိုင်ငံ တော်ပိုင် မြေကွက်များကို အထူးလျှော့ ဈေးဖြင့် YP ကုမ္ပဏီသို့ ရောင်းချပေး ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စက်သုံး ဆီဈေးနှုန်းများ ကျဆင်းရန်ဖြစ်သည်။ တစ်နည်းအားဖြင့် စက်သုံးဆီဈေးကွက်ကို ဝင်ရောက်ထိန်းသိမ်းခြင်း (government intervention) ဖြစ်သည်။ အစိုးရပေးသည့် မက်လုံးသည် စက်သုံးဆီဈေးကွက် ပြဿနာနှင့် စက်သုံးဆီဈေးနှုန်းကျဆင်းရေးကို ပြေလည်ပြီး ကုန်ဈေးနှုန်းများကျဆင်းသည် အထိ ဖြစ်ပေါ်နိုင်သည်လားဆို သည့် မေးခွန်းကို တာဝန်ရှိသူများ ဖြေဆိုကြည့်သင့်သည်။ အဘယ်ကြောင့်ဆိုသော် စက်သုံးဆီဈေးနှုန်းများကြီးမြင့်ခြင်း၊ အရည်အသွေး မပြည့်မီခြင်းတို့သည့် ကမ္ဘာ့ဈေးကွက်နှင့်ဆိုင်သလို လက်ဝါးကြီးအုပ် စက်သုံးဆီဈေးကွက်စီးပွားရေး စနစ် ကြောင့်လည်း ဖြစ်သည်။ ကုမ္ပဏီတစ်ခုတည်းက ဈေးကွက်ကို လက်ဝါးကြီးအုပ် (monopoly) မထားသော်လည်း စက်သုံးဆီ တင်သွင်းသူများသည် cartel ဟုခေါ်သည့် ဈေးကွက်ကို ကုမ္ပဏီကြီး ၁ဝခုလောက်က ထိန်းချုပ်ထားနိုင်သူများဖြစ်နေသည်။ ၂ဝ၁၃-၁၄ခန့်လောက်ထိတိုင် ယင်းစက်သုံးဆီ တင်သွင်းသူများ တင်သွင်းသည့် စက်သုံးဆီများ အရည်အချင်း မပြည့်မီ၍ ကားများမကြာခဏ ဝပ်ရှော့သွားရသည်ကို မော်တော်ယာဉ်ပိုင်ရှင်တိုင်း အသိပင်ဖြစ်သည်။ ယခု၂ဝ၁၅နောက်ပိုင်းမှ တဖြည်း ဖြည်းခြင်း စက်သုံးဆီများ အရည်အသွေးကောင်းလာခဲ့သည်။ ဆီဆိုင်များသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေး မှုများရှိလာ သဖြင့်လည်း ဖြစ်သည်။ ကမ္ဘာ့ရေနံဈေးတက်လျှင် တင်သွင်းသူများသည် ယင်းတို့၏ စက်သုံးဆီဈေးနှုန်းများကို အလျင်အမြန် မြှင့်တင်လိုက်သော်လည်း ကမ္ဘာ့ရေနံဈေးကျသည့်အခါ ယင်းတို့နှုန်းထားများကို  အလျင်အမြန် ပြန်ချပေးလေ့ မရှိခဲ့သည်ကို လည်း အများအသိဖြစ်သည်။ ယခုနောက်ပိုင်းတွင်မှ တိုးတက်လာသည်ဟု ယူဆမိသည်။ ထိုသို့ တိုးတက်လာရခြင်းမှာ လည်း ယှဉ်ပြိုင်မှုများပြားလာခြင်းနှင့် မိဘပြည်သူများ၏ လူမှုကွန်ရက်များပေါ်မှ ဝေဖန်မှုများကြောင့်ဟု ထင်မိသည်။ ထို အခါမှာ အစိုးရအနေဖြင့် လုပ်သင့်သည်မှာ လုံးဝလက်ဝါးကြီးအုပ်မထားသော်လည်း ယှဉ်ပြိုင်မှုနည်းနေသည့် စက်သုံးဆီဈေး ကွက်ကိုဖွင့်ပေးခြင်း (liberalize)ဖြစ်သည်။ ကုမ္ပဏီတစ်ခုတည်းကို အထူးမက်လုံးပေးခြင်းထက် ပိုမိုထိရောက်မည်ဟု ယူဆသည်။ ယခုပင် အချို့စက်သုံးဆီဆိုင်များသည် နိုင်ငံခြား ကုမ္ပဏီများဖြင့် ဖက်စပ်လုပ်ကိုင် တော့မည်ဟုကြားသိရသည်။ ထိုအခါတွင် ကမ္ဘာ့စက်သုံးဆီဈေးကွက် တစ်ခုလုံးတွင် ပါဝင်နေသည့် (participants in the whole value chain) နိုင်ငံ တကာ ကုမ္ပဏီများကို ပြည်တွင်း၌ ရောင်းချခွင့်ပြုခြင်း (သို့)ဖက်စပ်လုပ်ကိုင်ခွင့်ပေးခြင်းဖြင့် စက်သုံးဆီဈေးနှုန်းများသည် ပြည်တွင်းကုမ္ပဏီများ ရောင်းချနေသည့် လက်ရှိနှုန်းထားများထက် သက်သာလာမည်ဖြစ်သည်။ ထို့ပြင် ဒုတိယအနေဖြင့် အစိုးရလုပ်ဆောင်သင့်သည်မှာ စည်းမျဉ်းစည်းကမ်းပိုင်းကို စနစ်တကျ ကြပ်မတ်ခြင်း (ဘဏ္ဍာငွေကြေးဆိုင်ရာ မက်လုံးပေး ခြင်းထက်) ဖြစ်သည်။ အထူးသဖြင့် အရည်အသွေးပိုင်းဆိုင်ရာ မပြည့်မီလျှင် ဒဏ်ရိုက်ခြင်းနှင့် ကမ္ဘာ့ပေါက်ဈေး အတက် အကျ ပေါ်မူတည်ပြီး ပြည်တွင်းဈေးနှုန်းများ ရသင့်ရထိုက်သည့် အမြတ်ငွေ ထက်မပိုသည့် နှုန်းထားများဖြင့် ရောင်းချ အောင်ပြုလုပ်ခြင်းဖြစ်သည်။ အရည်အသွေးပြည့်မီခြင်း  ရှိ,မရှိ စစ်ဆေးရသည်က လွယ်ကူသော်လည်း ကမ္ဘာ့ရေနံပေါက်ဈေး အတိုင်း တွက်ချက်ခြင်းက ခက်ခဲနိုင်သည်။ သို့ဖြစ်၍ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှု (competiti-on) များအောင်ပြုလုပ်ခြင်းက ပိုမိုကောင်းမွန်သည်ဟု ယူဆသည်။

လက်ရှိ ကုမ္ပဏီတစ်ခုတည်းကို အထူးအခွင့်အရေးပေးခြင်းက ယာယီသာ ယင်းကုမ္ပဏီဆိုင်များတွင် စက်သုံးဆီဈေး နှုန်းလျှော့ပေါ့ရောင်းချမည် ဖြစ်သော်လည်း ရန်ကုန်တစ်မြို့လုံးရှိ စက်သုံးဆီဆိုင်များတွင် ဈေးနှုန်းကျဆင်းရန်တော့ မဖြစ်နိုင်။  စာချုပ်ပါ အချက်အလက်များ ခိုင်မာမှုမရှိပါက နောင်အစိုးရ ပြောင်းသွားသည့်အခါ သို့မဟုတ် လက်ရှိအစိုးရ လက်ထက်၌ပင် လျှော့မရောင်းလိုက လျှော့မရောင်းဘဲ ကုမ္ပဏီအနေဖြင့် နေနိုင်မည်ဖြစ်သည်။ မည်ကဲ့သို့ ထိန်းချုပ်ထား သည်ကိုတော့မသိ ရှိသဖြင့် အတိအကျပြောရန် ခက်ခဲသော်လည်း အပြီးအပိုင် နိုင်ငံတော်ပိုင်မြေများကို လွှဲပြောင်းပေးလိုက် ခြင်း၊ ရောင်းချလိုက်ခြင်းက စာချုပ်ပါစည်းကမ်းချက်များ မခိုင်မာလျှင် အစိုးရအနေဖြင့် အရေးယူဆောင်ရွက် ရန်ခက်ခဲလိမ့် မည်။ မြေများကို လျှော့ဈေး ဖြင့်ငှားရမ်းထားခြင်းကမှ မြေကွက်များကို နှစ်ပြည့်လျှင် ပြန်ယူ၍ရနိုင်သည်။ လုပ်ငန်းရှင်က လည်း မြေကွက်များပေါ်တွင် အခိုင်အမာ အဆောက်အအုံများ တည်ဆောက်မည်မဟုတ်။ တစ်ဖန် equity ဟုခေါ်သည့် မူဝါဒများချမှတ်ရာတွင် ပြည်သူအများအပေါ် ညီမျှစွာဆက်ဆံမှုရှိ,မရှိ စစ်ဆေးရာတွင်လည်း YP ဆိုင်များနှင့် နီးကပ်ရာ နေရာများတွင် နေထိုင်သည့် မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် ယင်းဆိုင်များမှ ဈေးကွက်ပေါက်ဈေးထက် သက်သာ သည့် ဆီဈေးဖြင့် ဝယ်ယူနိုင်သော်လည်း ကျန်ယာဉ်ပိုင်ရှင်များမှာတော့ ယင်းတို့ထက် ပိုပေးနေရခြင်းသည်  မတရားသကဲ့သို့ ဖြစ်နေသည်။ ထို့ပြင်ကိုယ် ပိုင်ယာဉ်ပိုင်ရှင်အများစုမှာ ရန်ကုန်မြို့ရှိ ဝင်ငွေနည်းလူတန်းစားထဲတွင် မပါဝင်။ ထိုအခါမှာ ယင်းတို့သက်သာဖို့ အစိုးရက ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာကို လက်လွှတ်ဆုံးရှုံးခံပြီး ဝင်ငွေများ လူတန်းစားကို ကြေးပနေသလို ဖြစ်နေသည်။

စက်သုံးဆီဈေးနှုန်းများကို အတင်းအကျပ်ချ၍မရ၊ ချ၍လည်းမရ။ မြန်မာနိုင်ငံတွင် စက်သုံးဆီများသည် ပြည်ပက တင်သွင်းရသည့် သွင်းကုန်ဖြစ်နေခြင်းကြောင့် ကမ္ဘာ့ရေနံဈေးတက်လျှင် သူလည်းလိုက် တက်မည်သာဖြစ်သည်။ မတက် အောင် အခုလိုလုပ်ခြင်းသည် (subsidize) ပေါက်ဈေး ထက်လျှော့ပေးရန် အစိုးရကကြားဝင် ပေးခြင်းဖြစ်သည်။ ထိုကဲ့သို့ပြု လုပ်ခြင်းက ရေရှည်အတွက်မကောင်းချေ။ ကမ္ဘာတွင် ဈေးကွက်ပေါက်ဈေးထက် စားသုံးကုန်များ၊ ဝန်ဆောင်မှုများ၊ သွင်းကုန်များကို subsidize လုပ်ရောင်းချသည့် နိုင်ငံများတွင်နောက် ဆုံးထိုနိုင်ငံအစိုးရများ ကြီးမားသည့်ဘဏ္ဍာ ငွေကြေး ပြဿနာများဖြင့် ရင်ဆိုင်ရသည်။  ဥပမာ- ဂရိ၊ ဗင်နီဇွဲလား။ အိမ်နီးချင်းနိုင်ငံများထဲတွင် စက်သုံးဆီများကို subsidize လုပ်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက စိန်ခေါ်မှုမှာ ယင်း subsidy များကို ဖယ်ရှားရေး ဖြစ်သည်။ သမ္မတဂျိုကိုဝီသည် သူ၏သမ္မတ ပထမသက်တမ်းအတွင်း ကြိုးပမ်းခဲ့သော်လည်း ယခုထက်တိုင် အပြီးသတ်ဖယ် ရှား ရေးမပြုလုပ်နိုင်။ ထိုကဲ့သို့ ဈေးကွက်ပေါက် ဈေးသတ်မှတ်ချက်အတိုင်း မလိုက်နာခြင်း၏ နောက်အကျိုးဆက်တစ်ခုမှာ ဈေးပေါလေ သုံးစွဲသူများက များများသုံးလေဖြစ်သည်။ များများသုံးလေ အစိုးရအနေဖြင့် ဘဏ္ဍာငွေဝန်ထုပ် ဝန်ပိုးကြီးလာ လေဖြစ်သည်။ ထိုအကြောင်းများကြောင့် ဈေးကွက်ပေါက်ဈေးကိုဖျက်သည့် subsidy လိုမျိုး၊ အထူးအခွင့်အရေး လုပ်ငန်းရှင် အချို့ကို ရွေးချယ်ပေးခြင်းမျိုးအား အစိုးရများအနေ ဖြင့် ရှောင်ရှားသင့်သည်ဟု ထင်မြင်မိသည်။

အမှန်တကယ် ဆောင်ရွက်သင့်သည်မှာ မြန်မာနိုင်ငံတွင် ပြည်တွင်းရေနံစိမ်းထုတ်လုပ်မှု၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ယင်းထွက်ရှိလာသည့် ကုန်ကြမ်းများကို ကုန်ချောအနေဖြင့်ပြောင်း လဲနိုင်ရန် ရေနံချက် စက်ရုံများ တည်ထောင် ရေးဖြစ်သည်။ မကြာခင်က ထွက်ရှိလာသည့် ပီပီပီ ၃ဝတွင် သန်လျင်ရေနံချက် စက်ရုံပါ ဝင်လာ သည့်အတွက် ဝမ်းသာလှိုက်လှဲဖြစ် မိသည်။ ထိုအတွက်ကြောင့် ကုမ္ပဏီတစ်ခုတည်းကို အထူးလျှော့ဈေးဖြင့် နိုင်ငံတော် ပိုင်မြေများကို ရောင်းချပေးခြင်းထက် အောင်မြင်သည့် ရေနံဓာတုလုပ်ငန်းကြီး အိမ်နီးချင်း နိုင်ငံများမှာလို ပေါ်ထွန်းလာ ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းခြင်းဖြစ်သည်။

နိဂုံး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကဲ့သို့  ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်ရန် ကြိုးပမ်းနေသည့် အစိုးရများအတွက် အဓိက စိန်ခေါ်မှုတစ်ခုမှာ ယခင်က အာဏာရှင်လက်ထက် အထူးအခွင့်အရေးများရရှိပြီး အလွန်အမင်း ချမ်းသာ ကြွယ်ဝလာသည့် တိုင်းပြည်အရင်းအမြစ် အများစုကို ထိန်းချုပ်ထားသည့် လူတန်းစားနှင့် ဒီမိုကရေစီအစိုးရကို ထောက်ခံအားပေးနေသည့် ပြည်သူအများစု၏ မတူညီသည့် အကျိုးစီးပွား ၂ခုကို ဟန်ချက်ညီအောင် ထိန်းညှိခြင်းဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိလျှင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖန်တီးမပေးနိုင်သကဲ့သို့ ပြည်သူအများစု၏ လူမှုဘဝတိုးတက်ပြောင်းလဲရန် မဖြစ်နိုင်သလို ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုလည်း အဟန့်အတားဖြစ်နိုင်သည်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် ယခင်က အခွင့်ထူးခံများဖြင့်လည်း ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်။ သို့သော် တစ်ဖက်၌ လည်း ယင်းတို့နှင့် သိပ်နီးစပ်သွားသည်၊ ယင်းတို့၏ အကျိုးစီးပွားကိုသာ မိမိတို့တင်မြှောက်ပေးလိုက်သည့် ဒီမိုကရေစီ အစိုးရက ဖော်ဆောင်နေသည်ဟု ပြည်သူများက မြင်သွားလျှင်လည်း ပြည်သူများ၏ အားပေးထောက်ခံမှု လျော့ နည်းသွားနိုင်ပြီး ဒီမိုကရေစီဖော်ဆောင်မှုကို ထိခိုက်နိုင်သည်။ ထို့အတွက်ကြောင့် ရန်ကုန်တိုင်းအစိုးရသည် အထင်မှားနိုင် သည့် ထိုလုပ်ရပ်မျိုး၊ ထိုမူဝါဒမျိုးကို မလုပ်သင့်ဟုထင်မြင်မိသည်။

ဟားဗတ်တက္ကသိုလ်မှ ကမ္ဘာကျော် နိုင်ငံရေးဘောဂဗေဒ ပါမောက္ခ ဒယ်နီရိုဒစ် (Dani Rodrik)က စက်မှုကဏ္ဍ ဖွံ့ဖြိုးမှု မူ ဝါဒနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း သတိပေးခဲ့သည်။

“Industrial policy’s practitioners need to bear in mind that it aims to serve society at large, not the bureaucrats who administer it or the businesses that receive the incentives. To guard against abuse and capture, industrial policy needs be carried out in a transparent and accountable manner and its processes must be open to new entrants as well as cncumbents”

ကမ္ဘာမှာ ထင်ရှားသည့် စီးပွားရေး နိုဘယ်လ်ဆုရှင် Michel Spence နှင့် Robert Solow တို့ဦးဆောင်သည့် Comm-ission က၂ဝဝ၈ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် “The Growth Report: Strategies for Sustained Growth & Inclusive Development ၏ တွေ့ရှိချက်များ၌ ကမ္ဘာမှာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုး တက်မှုကို ရရှိသည့်နိုင်ငံများသည် စုစုပေါင်း ၁၃ နိုင်ငံသာရှိသည်။ အများစုက အရှေ့အာရှနှင့်အရှေ့တောင်အာရှ နိုင်ငံများဖြစ်ကြ သည်။ ထိုနိုင်ငံများမည်သည့်အတွက် ကြောင့် ထိုကဲ့သို့ ဖွံ့ဖြိုးဆဲအဆင့်မှ အလယ်အလတ် (သို့) ဖွံ့ဖြိုးပြီးနိုင်ငံအဆင့် ရောက် ရှိရသနည်း ဆိုသည့်အပေါ် လေ့လာဆန်း စစ်ကြည့်သည့်အခါ အဓိကအချက် ၅ချက် ကိုတွေ့ရသည်။ ထို ၅ချက်တွင်ပါဝင်သည့် အချက်တစ်ချက်ကတော့ “Market Allocation: Prices guide resources and resources follow prices” ထို့အတွက် ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေဖြင့်လည်း စက်သုံးဆီဈေးကွက်တွင် ဝင်ရောက်မစွက်ဖက်သင့်ပါ။

 ခိုင်ဝင်း