“ လူကျွံဘောမိမယ့် သတင်းသမား ”

သတင်းသမားအများစု ကြုံရတတ်တာက အသရေဖျက်မှုလိုမျိုးတွေနဲ့ ဆက်နွှယ်တဲ့ ပုဒ်မတွေဖြစ်ပါတယ်။ အသရေဖျက်မှု ရာဇသတ်ကြီး ပုဒ်မ၅၀၀အပြင် ဆက်သွယ်ရေးနည်းပညာအသုံးပြု အသရေဖျက်ရာရောက်လို့ ဆက်သွယ်ရေးဥပဒေတို့၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတို့နဲ့ တရားစွဲခံရနိုင်ပါတယ်။

ဘောလုံးပွဲမှာ နောက်ခံလူခံစစ်မှူးတွေ မကြာခဏကြုံရတတ်တဲ့ပြဿနာက ပြစ်ဒဏ်ဘောပါ။ ဒီကြားထဲ ကံဆိုးရင် အဝါကတ်၊ အနီကတ်တွေထိတော့တာပေါ့။ အလားတူပဲ တိုက်စစ်မှူးတွေ လည်း လောကြီးပြီး ဂိုးသွင်းချင်ပြီဆိုရင် မကြာခဏကြုံရတတ်တာက လူကျွံဘောပါ။

တိုက်စစ်မှူးတွေက ဂိုးသွင်းချင်ဇော ကြီးတဲ့အခါ တစ်ဖက်အသင်းမှာရှိတဲ့ ခံစစ်မှူးတွေကို ကျော်ပြီး ဘောလုံးစောင့်ယူ မိလို့ လူကျွံဘောမိကြတာပဲဖြစ်ပါတယ်။ ဒီလို တိုက်စစ်မှူးတွေရဲ့ အားနည်းချက်ကိုအခွင့် ကောင်းယူတတ်တဲ့ တစ်ဖက်အသင်းရဲ့ ခံစစ်မှူးတွေကလည်း လူကျွံဘောဖမ်းကစားလေ့ရှိတာမို့ သူတို့ထောင်ချောက်မှာ မကြာခဏမိရတဲ့ တိုက်စစ်မှူးတွေ အများအပြားရှိ နေပါတယ်။

အခုလည်း သတင်းမီဒီယာလောကမှာ လူကျွံဘောမိမယ့် သတင်းသမားတွေ အများအပြား ရှိလာတော့မယ်ဆိုပြီး တချို့က သုံးသပ်ကြပါတယ်။ သူတို့ဘာလို့ အဲဒီလိုသုံးသပ်လဲဆိုတာ အကြောင်းရှိပါတယ်။ တချို့က သတင်းရေးရင်း မတော်တဆကျွံသွားတာရှိနိုင်ပေမယ့် တချို့က တော့ ဆင်ကန်းတောတိုးသလို မဆင်မခြင်သတင်းရေးလို့ လူကျွံဘောမိနိုင်တယ်ဆိုပြီး သုံးသပ်နေကြတာ ဖြစ်ပါတယ်။

ဘောလုံးတိုက်စစ်မှူးတွေက ဂိုးရချင် ဇောနဲ့ လူကျွံသွားတတ်ကြသလိုပဲ သတင်းသမားတွေက သတင်းဦးလိုဇော၊ သတင်း ဖော်ပြချင်ဇောတွေနဲ့ အရေးအသားတွေ ကျွံပြီး တရားစွဲခံရတာ၊ ဖမ်းဆီးခံရတာတွေ ရှိနေလို့ဖြစ်ပါတယ်။ အဲဒီလိုအမှုတွေထဲမှာ သတင်းသမားအများစု ကြုံရ တတ်တာက အသရေဖျက်မှုလိုမျိုးတွေနဲ့ ဆက်နွှယ်တဲ့ ပုဒ်မတွေဖြစ်ပါတယ်။ အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ၅၀၀အပြင် ဆက်သွယ်ရေးနည်းပညာအသုံးပြု အသရေဖျက်ရာရောက်လို့ ဆက်သွယ်ရေးဥပဒေတို့၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတို့နဲ့ တရားစွဲခံရ နိုင်ပါတယ်။

အသရေဖျက်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၀အရ ထောင်၂နှစ်ထိချမှတ်ခံရနိုင်ပါတယ်။ ပုဒ်မ၅၀၀ အပြင် ဆက်သွယ်ရေးနည်းပညာအသုံးပြု အသရေဖျက်ရေးသားဖော်ပြမိမယ်ဆို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ၆၆(ဃ)အရ ထောင်ဒဏ် ၂နှစ်အထိချမှတ်ခံရနိုင်ပါတယ်။ ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးကို ခြောက်လှန့်တောင်းယူတာ၊ အသရေဖျက်တာ၊ နှောင့်ယှက်တာ၊ ခြိမ်းခြောက်တာတွေလုပ်ရင် ပုဒ်မ၆၆(ဃ)အရ အရေးယူတာ ဖြစ်ပါတယ်။

အဲဒီလိုပဲ အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးကို နစ်နာဂုဏ်သိက်္ခာကျဆင်းစေဖို့ သတင်းအချက် အလက်ကို အီလက်ထရွန် နစ်နည်းပညာနဲ့ ပြုလုပ်၊ ပြုပြင်၊ ပြောင်းလဲရင် အဲဒီလိုတွေလုပ်ထားတဲ့ အချက်အလက်တွေကိုဖြန့်ချိရင် ငွေဒဏ် ကျပ်သိန်း ၅၀ကနေ ကျပ်သိန်း၁၀၀အထိ ချမှတ်ခံရ နိုင်ပါတယ်။ ငွေဒဏ်မဆောင်ရင် ထောင်ဒဏ် အနည်းဆုံး ၁နှစ်ကနေ အများဆုံး ၃နှစ်ထိချမှတ်ရ မယ်လို့ အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ)မှာ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း အဲဒီဥပဒေတွေအပြင် သတင်းသမားတွေ လူကျွံဘောမိနိုင်တဲ့ ဥပဒေတချို့ကို တင်ပြလိုပါတယ်။ မတရားသင်းများ အက်ဥပဒေတို့၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နဲ့ လူကျွံဘောမိနိုင်တာဖြစ်ပါတယ်။ ဘာလို့ လူကျွံဘော မိနိုင်လဲဆိုတော့ ဒီဘက်နှစ်ထဲမှာ မတရား သင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ကြေညာတဲ့ လက်နက်ကိုင်အဖွဲ့ရှိလာတဲ့အပြင် အဲဒီအဖွဲ့ကို မကြာခဏဆက်သွယ် သတင်းမေး မြန်းရေးသား တဲ့ သတင်းသမားအချို့လည်းရှိနေလို့ ဖြစ်ပါတယ်။ အရင်ကလည်း အဲဒီလိုအဖွဲ့တွေရှိခဲ့တာပါပဲ။ ဒါပေမယ့် ဒီဘက်ခေတ် မီဒီယာဖွံ့ဖြိုးလာချိန်မှာ သတင်းသမားအချို့က အဲဒီအဖွဲ့အစည်းကို မေးမြန်း သတင်းရေးသားတာတွေများလာလို့ ဖြစ်ပါတယ်။

မတရားသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာမထားတဲ့ အဖွဲ့ကို မေးမြန်းရေးသားရင် တောင် တစ်ခါတလေ ဥပဒေချိုးဖောက်ရာ၊ ရောက်နိုင်ပါတယ်။ ကြေညာထားတဲ့အဖွဲ့ကို သွားမေး မိတာ၊ ဆက်သွယ်မိတာလုပ်မယ်ဆိုရင် ပိုပြီးဥပဒေချိုးဖောက်ရာရောက်လို့ အရေးယူခံရ နိုင်ပါ တယ်။ ဒီနေရာမှာ ဘယ်အဖွဲ့အစည်းကို ဆက်သွယ်ရင် ဥပဒေချိုးဖောက်ရာရောက်လို့ အရေးယူခံ ရနိုင်တယ်ဆိုပြီး အဖွဲ့အစည်းနာမည်ကို ထုတ်ဖော်ပြောကြားမယ်ဆိုရင် သတင်းသမားတစ်ဦး ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အယူအဆနှင့် ခံယူချက်တွေကို စွက်ဖက်ရာ ဆရာလုပ် ရာ ရောက်နိုင်တာမို့ အဖွဲ့အစည်းနာမည်ကို ပြောတာထက် ဥပဒေပိုင်းဆိုင်ရာ ဗဟုသုတကို ပြန်လည်မျှဝေပါ့မယ်။ ဥပဒေပါ တားမြစ်ချက်တွေကို သိပြီးတဲ့နောက် လိုက်နာတာ, မလိုက်နာ တာ၊ လုပ်တာ,မလုပ်တာကတော့ တစ်ဦးချင်းရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့်၊ ဆုံးဖြတ်ခွင့်ပဲဖြစ် ပါတယ်။

သတင်းသမားတွေ သတိထားသင့်တဲ့ မတရားသင်းများ အက်ဥပဒေအကြောင်းကို ပြောပြချင် ပါတယ်။ မတရားအသင်းများ အက်ဥပဒေကို ၁၉၀၈ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတာဖြစ် ပါတယ်။ ၁၉၀၈ခုနှစ် ဒီဇင်ဘာ၁၁ရက်မှာ အာဏာတည်ပါတယ်။

အကြမ်းဖက်မှုကိုဖြစ်ဖြစ်၊ ခြိမ်းခြောက်မှုကိုဖြစ်ဖြစ် ကျူးလွန်ဖို့အားပေးတဲ့၊ ကူညီတဲ့သင်းက မတရားသင်းဖြစ်ပါတယ်။ ဒါမှ မဟုတ်သင်းအဖွဲ့ဝင်တွေက အဲဒီအပြုအမူတွေကို ကျူးလွန်လေ့ ရှိတဲ့ အသင်းကိုလည်း မတရားသင်းအဖြစ် သတ်မှတ်ပါတယ်။ အဲဒီလို သတ်မှတ်ချက်ကို မတရားသင်းများ အက်ဥပဒေပုဒ်မ ၁၅(၂) (က)မှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ်္မတကမတရား သင်းအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတစ်ခုခု ဒါမှမဟုတ် အသင်းတစ်ခုခုကလည်း မတရားသင်းဖြစ်တယ်လို့ မတရားသင်းများ အက် ဥပဒေပုဒ်မ ၁၅ (၂) (ခ)မှာ ဆိုပါတယ်။

ဒီနေရာမှာ သတိပြုရမှာက ပုဒ်မ ၁၅ (၂) (ခ)အရ မတရားသင်းအဖြစ် မကြေညာပေမယ့်လည်း ပုဒ်မ၁၅(၂)(က)ရဲ့ အဓိပ္ပာယ်ဖွင့် ဆိုချက်ထဲမှာ အကျုံးဝင်သက်ဆိုင်နေရင် မတရားသင်းအဖြစ်သတ်မှတ်နိုင်ပါတယ်။

“မည်သူမဆို မတရားအသင်းဝင်ဖြစ်လျှင် သော်လည်းကောင်း၊ ထိုအသင်း၏ အစည်းအဝေးများ တွင် ဝင်ရောက်ဆင်နွှဲလျှင် သော်လည်းကောင်း၊ ထိုအသင်းအတွက် ငွေများ, ရိက္ခာများ ထောက်ပံ့ခြင်း, ရယူခြင်း တောင်းဆိုခြင်းပြုလျှင်သော် လည်းကောင်း၊ ထိုအသင်း၏ လုပ်ငန်းဆောင်တာများတွင် တစ်နည်းနည်းဖြင့် ကူညီခြင်းပြုလျှင် သော်လည်းကောင်း အနည်းဆုံး ထောင်ဒဏ် ၂နှစ်နှင့်အများဆုံး ထောင် ဒဏ်၃နှစ်အထိ ဖြစ်စေ၊ ထောင်ဒဏ် ငွေဒဏ်နှစ်ရပ်စလုံးဖြစ်စေ စီရင်ခြင်းခံရမည်”လို့ မတရားသင်းများ အက်ဥပဒေ ပုဒ်မ ၁၇(၁)မှာ ပြဋ္ဌာန်းထားပါတယ်။

အလားတူပဲ “မည်သူမဆို မတရားအသင်းတစ်ခုခုကို အုပ်ချုပ်ကွပ်ကဲခြင်း၊ အုပ်ချုပ်ကွပ်ကဲခြင်း ကို ကူညီခြင်း၊ ထို သင်း၏ အစည်းအဝေးကိုဖြစ်မြောက် အောင်ဆောင်ရွက်ခြင်း၊ ဖြစ်မြောက် အောင် ဆောင်ရွက်ရာ၌ ကူညီခြင်းတို့ကို ပြုမူလျှင် အနည်းဆုံးထောင်ဒဏ် ၃နှစ်နှင့် အများဆုံး ထောင်ဒဏ် ၅နှစ်အထိဖြစ်စေ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ စီရင်ခြင်းခံရမည်”ဆိုပြီး မတရားသင်းများ အက်ဥပဒေ ပုဒ်မ၁၇(၂)မှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မတရားသင်းများ အက်ဥပဒေနဲ့ပတ်သက်လို့ သတင်းသမားတွေ သတိထားသင့်တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲဆိုခံရသည့် VOM အယ်ဒီတာချုပ်

နိုင်ငံတော်အစိုးရက မတရားသင်းဆိုပြီး ကြေညာထားတာမဟုတ်ရင် အဲဒီသင်းက ဘာလုပ်နေနေ မတရားသင်းများ အက်ဥပဒေနဲ့ အရေးယူ မခံရနိုင်ဘူးဆိုပြီး ပြဋ္ဌာန်းထားတဲ့အချက်မျိုး ဒီဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေထဲမှာ မပါဝင်ပါဘူး။ အဲဒီလိုပဲ မတရားသင်းဆိုပြီး ကြေညာထားတဲ့ အသင်းက နေ အစိုးရက ပယ်ဖျက်လိုက်ပြီဆိုရင် အဲဒီသင်းကို မတရားသင်းအဖြစ် ပြန်မကြေညာ သရွေ့ ဒီဥပဒေအရ အရေးယူလို့ မရပါဘူးဆိုပြီးတော့လည်း ပြဋ္ဌာန်းမထားပါဘူး။

အဲဒီတော့ မတရားအသင်းအဖြစ် မကြေညာထားသည်ဖြစ်စေ၊ မတရားသင်းကနေ ပြန်ပယ်ဖျက် ထားလိုက်သည် ဖြစ်စေ အဲဒီသင်းရဲ့ ထပ်မံလုပ်ဆောင်မှုတွေက အကြမ်းဖက်မှုကိုဖြစ်ဖြစ်၊ ခြိမ်းခြောက်မှုကိုဖြစ်ဖြစ် ကျူးလွန်ဖို့ အားပေးကူညီတဲ့ အပြုအမူတွေ ပြန်လည်လုပ်ဆောင် လာမယ်ဆိုရင် အလိုလို မတရားသင်းဖြစ်သွားမှာပါ။

ဥပမာ- မတရားအသင်းကနေ ဒီနေ့ ပယ်ဖျက်လိုက်တယ်။ မနက်ဖြန်မှာ မတရားအသင်းပုံစံပြန် လည် လုပ်ဆောင်မယ် ဆိုရင် အစိုးရကမကြေညာလည်းဘဲ အလိုလို မတရားသင်း ပြန်ဖြစ်သွား မှာပါပဲ။ အဲဒီ လိုအသင်းကို သွားပြီးဆက်သွယ်မိ ရင် အဲဒီသတင်းသမားက အဲဒီဥပဒေနဲ့ တရားစွဲခံရနိုင်ပါတယ်။ ဒါကြောင့် ဒီဥပဒေကို သေချာမသိ နားမလည်တဲ့ သတင်းသမား တွေအတွက်တော့ လူကျွံဘောထောင်ချောက်သဖွယ် အန္တရာယ်ရှိပါတယ်။

သတင်းသမားတွေအတွက် သတိထား ရမယ့် နောက်ထပ် လူကျွံဘောမိနိုင်စရာ ဥပဒေတစ်ခုက အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေဖြစ်ပါတယ်။ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေကို ၂၀၁၄ခုနှစ်မှာ ပြည် ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၃)နဲ့ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် ဥပဒေနဲ့ မညီဘဲ တစ်နည်းနည်းနဲ့ ကျူးလွန်သူ၊ ကျူး လွန်ဖို့ အားထုတ်သူ၊ အကြမ်းဖက်မှုမှာ ကြံရာပါအဖြစ် ပါဝင်သူ၊ အကြမ်းဖက်မှု ကျူးလွန်ဖို့ အခြားသူတွေကို ညွှန်ကြား သူ၊ စည်းရုံးသိမ်းသွင်းသူ၊ အကြမ်းဖက်မှု ကျူးလွန်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပါဝင်ထောက်ပံ့သူကို အကြမ်းဖက် သမားဆိုပြီး အဓိပ်္ပာယ် ဖွင့်ဆိုပါတယ်။

အဲဒီလိုပဲ အကြမ်းဖက်မှုတစ်ခုကို ကျူးလွန်ဖို့ အချိန်ကာလတစ်ခုယူပြီး ဖွဲ့စည်းထားတဲ့ လူနှစ်ဦးနဲ့ အထက်ပါဝင်တဲ့ အသင်းအဖွဲ့ကို အကြမ်းဖက်အုပ်စုဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ ဒါ့ပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အရဖြစ်ဖြစ်၊ ဗဟိုအဖွဲ့က ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ အတည်ပြုချက်နဲ့ဖြစ်ဖြစ် ကြေညာထားတဲ့ အကြမ်းဖက်အုပ်စုကိုလည်း အကြမ်းဖက် အုပ်စုလို့ သတ်မှတ်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေရဲ့ အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်သက်ရော၊ သေဒဏ်ရော ပါဝင်ပါတယ်။

တကယ်လို့ သတင်းသမားတစ်ယောက်ဟာ သတင်းရေးသားဖို့ အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဦး ကိုဖြစ်ဖြစ်၊ အဖွဲ့အစည်းကိုဖြစ်ဖြစ် ဆက်သွယ်တဲ့အခါ အခန့်မသင့်ရင် အဲဒီဥပဒေပါတားမြစ်ချက် တစ်ရပ်ရပ်ကို ချိုးဖောက်ရာ ရောက်သွားနိုင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေက လည်း သတင်းသမားတွေအတွက် သတိထားရမယ့် ဥပဒေတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့်မို့ သတင်းကိစ္စဆောင်ရွက်တဲ့နေရာမှာ မတရားသင်းဖြစ်ဖြစ်၊ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်ဖြစ် ကြေညာခံထားရတဲ့ လူပုဂ္ဂိုလ်တို့၊ အဖွဲ့အစည်းတို့ကို ဆက်သွယ်မိမယ်၊ ဆက်ဆံမိမယ် ဆိုရင်တော့ ဘောလုံးပွဲမှာ လူကျွံဘောဖမ်းပြီး ကစားတာခံရတဲ့ တိုက်စစ်မှူးတွေလို ဖြစ်သွားနိုင် ပါတယ်လို့ အပြုသဘောဆောင် အကြံပေးလိုက်ပါရစေ။

သာဓက