လူထုမလိုလားတဲ့ မချိန်ဖြုန်းအင်အားဖြုန်းထောက်ခံပွဲများ

အင်န်အယ်လ်ဒီပါတီ မနှစ်ကကျင်းပခဲ့တဲ့ ထောက်ခံပွဲတွေ ဆုတောင်းပွဲတွေကို လူထုက ပြက်ရယ်ပြု ဝေဖန်ခဲ့ကြပါတယ်။ အထူးသဖြင့် မနှစ်ကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အရေးကြောင့် အင်န်အယ်လ်ဒီအစိုးရအ ကျဉ်းအကျပ်မျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာ အင်အယ်ဒီပါတီဝင်တွေက လူစုလူဝေးတွေနဲ့ အင်အယ်ဒီအစိုးရကို ထောက်ခံပွဲတွေ၊ နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး သံတ မန်တွေကို ဖိတ်ကြားပြောဆိုတဲ့မိန့်ခွန်းကို ထောက်ခံတဲ့ ထောက်ခံပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြဖူးပါတယ်။

ဒါ့အပြင် အင်န်အယ်လ်ဒီပါတီရဲ့ နာယကကြီးဦးတင်ဦး လေဖြတ်ပြီးနာမကျန်းဖြစ်တော့လည်း မြို့နယ် တိုင်းလိုလိုက အင်အယ်ဒီပါတီဝင်တွေဟာ သူတို့နေထိုင်ရာမြို့နယ်တွေမှာရှိတဲ့ တန်ခိုးကြီးဘုရားပုထိုးတွေ ဆီသွားပြီးဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။ အသက် ၉ဝ ကျော်လာပြီဖြစ်တဲ့ လူသားတစ်ဦးဟာ အိုနာဘေးကိုရှောင်မလွတ်ပါဘူး။ တတ်နိုင်သမျှဆေးဝါးကောင်းနဲ့ ကုသပေးဖို့ကအဓိကပါ။ မြန်မာ ဗုဒ္ဓဘာသာ တို့ရဲ့ ထုံးစံဘုရားကုကုတာကိုလည်း လက်မလွှတ်ချင်တာနားလည်ပေမဲ့ ပင်နီဝတ်တွေ ဘုရားပေါ်တစု တဝေး တက်ကြ ဆုတောင်းကြလုပ်တာကို အိုဗာတွေလို့ထင်သူကထင်၊ ဟန်ရေးပြနေတာလို့ ဝေဖန်သူက ဝေဖန်ပြီး ခေတ် နောက်ပြန်ဆွဲနေသူတွေလို့ မှတ်ချက်ချသူကချကြပါတယ်။

အင်န်အယ်လ်ဒီပါတီက ဦးဆောင်ပြီးအစိုးရထောက်ခံ ပွဲတွေလုပ်လိုက်၊ နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ် မိန့်ခွန်းကို ထောက်ခံပွဲတွေကျင်းပလိုက်လုပ်ကြတာတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အရေးကြောင့် အင်န် အယ်လ်ဒီအစိုးရ ဘေးကျပ်နံကျပ်ကျပ်နေတုန်း အစိုးရထက်ပိုပြီး တုန်လှုပ်နေသူတွေကအင်န်အယ်လ် ဒီပါတီ ဝင်တွေလို့ လူထုကယူဆခဲ့ကြပါတယ်။ အာဏာရှင်အစိုးရတွေကတော့ သူကလူထုလိုလားလို့ တိုင်းပြည်အာ ဏာကိုရထားသူတွေမဟုတ်ပါဘူး။ သူ့အာဏာကို သူ့ဘာသာဖန်တီးယူထားတာမို့ အာဏာရှင် အစိုးရတွေဟာ အပြင်ပန်း ခက်ထန်တင်းမာပေမဲ့  အတွင်း စိတ်မှာ အမြဲတမ်းစိုးရိမ်ပူပန်မှု နောက်ကျောမလုံမှု စိတ်အားငယ်မှု တွေကို ခံစားရသူတွေပါ။ ဒါတွေကိုဖြေဖျောက်ဖို့ လူထုကအုံနဲ့ကျင်းနဲ့ သူတို့ကိုထောက်ခံတယ်ဆိုတဲ့ လူစုလူဝေး ပွဲတွေကို နည်းအမျိုးမျိုးနဲ့ ကျင်းပကြတာဓမ္မတာပါ။

ဂျာမနီနာဇီ ဟစ်တလာခေတ်ကလုပ်ခဲ့တဲ့ လူစုလူဝေးတွေ၊ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကလုပ်ခဲ့တဲ့ လူစုလူဝေးတွေကိုကြည့်ရင် ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ လူထုကရွေးကောက်တင် မြှောက်တာခံရတဲ့ လူထုအစိုးရတွေကတော့ ကိုယ့်ရဲ့သိမ်ငယ်စိတ်ကို ဖုံးကွယ်ဖို့ လူစုလူဝေးက ကိုယ့်ကိုထောက်ခံတယ်ဆိုတဲ့ ပွဲမျိုးတွေကို အာဏာရထားတဲ့ ပါတီကဦးဆောင်ပြီး လုပ်လေ့လုပ်ထမရှိပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အင်အယ်ဒီပါတီဝင်တွေဟာ နှစ် ၅ဝ ကျော်ကြာ အာဏာရှင်တွေရဲ့ လုပ် လေ့လုပ်ထရှိတဲ့လုပ်ကွက်တွေ ကြားမှာရှင်သန်ခဲ့ရတော့ ကိုယ့်ပါတီအာဏာရလာချိန်မှာတောင် သူငယ်နာမစင် ဘဲ အင်န်အယ်လ်ဒီတီပါတီက ဦးဆောင်ပြီး အင်န်အယ်လ်ဒီအစိုးရကို ထောက်ခံလိုက်၊ အင်အယ်ဒီအစိုးရက ဦး ဆောင်ပြီး အင်န်အယ်လ်ဒီကတင်မြှောက်ထားတဲ့ သမ္မတကိုထောက်ခံကြိုဆိုလိုက်လုပ်နေတာက ပြည်သူ့အသံ ပြည်သူ့သဘောထားကိုလည်း နားမထောင်ရာကျတဲ့ အပြင်ကြောင်တောင်တောင်အလုပ်တွေကို ပြည်သူရဲ့ ပြက်ရယ်ခံပြီး ဘာကြောင့် ဆက်လုပ်နေကြတာပါလိမ့်။

၂ဝ၁၆ မှာ ဦးထင်ကျော်သမ္မတကြီးဖြစ်လာချိန်မှာ လူထုကသူတို့သဘောနဲ့ သူတို့ သမ္မတကြီးကို ကြိုဆိုဂုဏ်ပြုခဲ့ကြတာပါ။ မှတ်မှတ်ရရ လှည်းတန်းဦးထွန်းလင်းခြံလမ်းက လူထုကဦးထင်ကျော်ကို ကြိုဆိုဂုဏ် ပြုတဲ့အနေနဲ့ စတုဒီသာကျွေးမွေးပွဲ အလှူတွေလုပ်ခဲ့ပါတယ်။ ဦးထွန်းလင်းခြံလမ်းမှာ ဦးထင်ကျော်နေခဲ့တာ ဖြစ် လို့ရပ်ကွက်လူထုကကျင်းပတဲ့ ကျွေးမွေးပွဲဒါနအလှူတွေပါ။ အင်န်အယ်လ်ဒီပါတီဝင်တွေက ဦးဆောင်လုပ်တာ မဟုတ်ပါဘူး။

၂ဝ၁၈ မတ် ၃ဝ နေ့မှာ ဦးဝင်းမြင့်သမ္မတ ဖြစ်လာပါတယ်။ ဧပြီ ၂ဝ ရက်နေ့မှာတနင်္သာရီတိုင်းအစိုးရက ဝန်ထမ်းတွေကိုမတက်မနေရစာထုတ်ပြီး နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ကိုကြိုဆိုဂုဏ်ပြုပွဲ ခြိမ့်ခြိမ့်သဲကျင်းပခဲ့ ပါတယ်။ ထားဝယ်မြို့လယ်ကောင်မှာရှိတဲ့ ဗိုလ်ချုပ်ရုပ်တုရှေ့မှာကျင်းပခဲ့ကြပါတယ်။ တောက်တောက်ပပ ဝတ် စားထားကြတဲ့ မိန်းမပျိုလေးတွေက တနင်္သာရီတိုင်းဝန်ကြီး ချုပ်ဒေါက်တာလဲ့လဲ့မော် ဝင်လာတော့ လမ်းဘေး နှစ်ဖက်မှာ တစ်ဖက်တစ်ချက်စီရပ်ပြီးဝန်ကြီးချုပ်ကို လက်အုပ်လေးတွေချီပြီးအရိုအသေပေးကြိုဆိုနေတဲ့ ပုံတွေ တက်လာပါတယ်။ ဒီပုံတွေကို ထောက်ခံသူတစ်ယောက်မှမတွေ့ဘဲ ဖေ့စ်ဘွတ်ပေါ်မှာသရော် လှောင်ပြောင် တာတွေ ရေးထားတာတွေသာတွေ့ ရပါတယ်။

နဝတ နအဖခေတ်က စစ်ဗိုလ်ကြီးတွေလာရင် လူထုကမတ်တတ်လေးတွေရပ် လက်အုပ်လေးတွေချီပြီး ကြိုရ။ စစ်ဗိုလ်ကြီးတွေက ဟန်တင်းတင်းမာန်တင်းတင်းပုံရုပ်တွေနဲ့ လူထုလက် အုပ်ချီတာကိုခံယူကြတဲ့အတိုင်း ဒေါက်တာလဲ့လဲ့မော်တစ်ယောက် လူထုကလက်အုပ်ချီတာကို ခပ်မတ်မတ်လျှောက်လာတဲ့ပုံနဲ့ ခံယူသွားပါ တယ်။ ထိုင်းတို့ အိန္ဒိယတို့မှာ လက်အုပ်ချီတယ်ဆိုတာနှုတ်ဆက်တာပါ။ ငယ်သူကစ လက်အုပ်ချီပါတယ်။ ကြီး သူက ပြန်လက်အုပ်ချီပြီးငယ်သူကို အသိအမှတ်ပြုပေးပါတယ်။ မြန်မာစစ်ဗိုလ်ကြီးတွေလို တနင်္သာရီတိုင်း ဝန်ကြီးချုပ်လို လူထုကို ပြန်လက်အုပ်မချီဘဲ အခန့်သားဖြတ်လျှောက်သူ ထိုင်းမှာအိန္ဒိယမှာ မရှိပါဘူး။

တနင်္သာရီတိုင်းကိုအားကျမခံ သမ္မတကြီးဦးဝင်းမြင့်ကို ကြိုဆိုဂုဏ်ပြုထောက်ခံပွဲ ထလုပ်တာက ပဲခူး တိုင်းပါ။ ဧပြီ ၂၂ ရက်မှာ ပဲခူးတိုင်းကကြိုဆိုပွဲထလုပ်ပါတယ်။ ကြိုဆိုပွဲက မိုးပျံပူဖောင်းတွေ အတွဲလိုက်လွှတ်ပြီး အတော်ခမ်းခမ်းနားနားကျင်းပပါတယ်။ တခြားမြို့နယ်တချို့မှာလည်း သမ္မတကြီးဦးဝင်းမြင့်ကိုကြိုဆို ဂုဏ်ပြု တဲ့ပွဲတွေလုပ်ကြောင်း ကြိုကြားတွေ့ရပေမဲ့ အင်န်အယ်လ် ဒီပါတီက ဦးဆောင်လုပ်တာ ပြည်နယ် (သို့မဟုတ်) တိုင်း အစိုးရ ကဦးဆောင်လုပ်တာမဟုတ်ဘဲ လူထုကပြုလုပ်တဲ့ ထောက်ခံပွဲလေး တွေသာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့ ခြေမြန်လက်မြန် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ထောက်ခံကြတာ၊ ထောက်ခံပွဲကြီး ကျယ်ခမ်းနားစွာ ကျင်းပကြတာကို လူထုမကြိုက်ကြောင်းဖေ့စ်ဘွတ်ပေါ်က မှတ်ချက်တွေက ဖော်ပြနေပါတယ်။ သုံးနှစ်သာကျန်တော့တဲ့ အင်န်အယ်လ်ဒီအစိုးရသက်တမ်းအတွင်း လူထုကပေါကြောင် ကြောင်အလုပ်တွေလို့မညှာမတာပြောလာကြတဲ့ ဟိုထောက်ခံပွဲ ဒီထောက်ခံပွဲတွေကို အချိန်ကုန်ခံငွေကုန်ခံ လူ အင်အားဖြုန်းတီးပြီး ဘာကြောင့် ကျင်းပနေကြတာပါလိမ့်။

ပဲခူးတိုင်းဝန်ကြီးချုပ်ဆိုရင် အင်န်အယ်လ်ဒီအစိုးရတက်လာ ပြီးနောက်ပိုင်းတိုင်းနဲ့ ပြည်နယ်အစိုးရ တွေထဲမှာ ဝန်ကြီးချုပ်နုတ်ထွက်ပါလို့ ဒေသခံလူထုလမ်းပေါ်ထွက် ဆန္ဒပြခံရတာသုံးကြိမ်ရှိနေပါပြီ။ မကြာသေး ခင်ကလည်း ပဲခူးတိုင်းဝန်ကြီးချုပ်က လယ်သမားတွေ အလုပ်သမားတွေ မြန်မာပြည်ထဲမှာ လုပ်စားနေသရွေ့ ဘာမှအကျိုးအမြတ် သိပ်မရှိပေမဲ့ နိုင်ငံခြားထွက်အလုပ်လုပ်မယ်ဆိုရင် တစ်လခုနစ်သိန်းလောက် ဝင်ငွေရမယ် ဖြစ်ကြောင်းမိန့်ကြားခဲ့သူပါ။ တနင်္သာရီတိုင်းအခြေအနေကို ဒေသခံတွေ အသိဆုံးပါပဲ။ သမ္မတဦးဝင်းမြင့်က အစိုးရအဖွဲ့တွေထဲက အလုပ်မဖြစ်မှုတွေအလုပ်မဖြစ်တဲ့ ဝန်ကြီးဝန်လေးတွေကို ရှင်းလိမ့်မယ်ဆိုတဲ့ ဗေဒင် တွေ ကို ဟောနေသူတွေရှိလေတော့ ထောက်ခံကြိုဆိုတာ လုပ်သင့်ပါတယ်လေ။

အင်န်အယ်လ်ဒီတွေ တကယ်လုပ်သင့်တာက ထောက်ခံပွဲတွေမဟုတ်ပါဘူး။ လူထုကြားကို လက်တွေ့ ဆင်းပြီး လူထုဘာတွေခံစားနေရသလဲ။ လူထုဘာတွေ ရင်ဆိုင်နေရသလဲ။ အင်န်အယ်လ်ဒီ ပါတီဝင်တွေအနေနဲ့ လွှတ်တော်အမတ်တွေအနေနဲ့ သိရှိအောင်လုပ်ပြီးလွှတ်တော်ထဲမှာ တင်ပြပေးဖို့ ဥပဒေပြုပေးဖို့ အစိုးရကိုပြော ပြဖို့သာဖြစ်ပါတယ်။ အင်န်အယ်လ်ဒီအစိုးရအနေနဲ့လည်း ဗဟိုအစိုးရဖြစ်စေတိုင်းနဲ့ ပြည်နယ်အစိုးရဖြစ် စေ သမ္မတကြီးမိန့်ကြားသွားတဲ့ မိန့်ခွန်းထဲကအချက်အလက်တွေကို လက်တွေ့ဝိုင်းဝန်းအကောင်အထည်ဖော်ပေး ဖို့ဖြစ်ပါတယ်။ ဒီမိန့်ခွန်းကို ထောက်ခံပွဲကျင်းပပြီး မိုးပျံပူဖောင်းဖိုး အခမ်းအနားပြင်ဆင်မှုစရိတ်၊ ကျွေး မွေးဧည့်ခံ ရတဲ့စရိတ်တွေ အကုန်ခံတာ လူထု ပြက်ရယ်ပြုကြကြောင်း သတိချပ်သင့်ကြပါပြီ။

လူထုကတင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ဟာ မိမိကိုယ်မိမိယုံကြည်မှုရှိရှိနဲ့ အရှိန်မြှင့် အလုပ်လုပ်ရ မယ့်အစား အချိန်ကုန်ငွေဖြုန်းလူအင်အားဖြုန်းတီးတဲ့အပေါ်ယံဟန်ပြ ထောက်ခံပွဲတွေလုပ်နေတာဟာ အင်န် အယ်လ်ဒီအစိုးရနဲ့ အင်န်အယ်လ်ဒီ ပါတီကြား ဘုတ်ကိုကျီးကမြှောက်လိုက်ကျီးကိုဘုတ်ကမြှောက်လိုက် လုပ် နေတာပဲလို့ ယူဆပြက်ရယ်လာကြပြီဖြစ်တဲ့ လူထုအသံကိုကြားကြပါစေ၊ ထောင်တတ်တဲ့နားရှိကြပါစေ၊ ကြား နိုင်စွမ်းရှိကြပါစေလို့ ဆန္ဒပြုပါတယ်။

ခင်နှင်းဦး