လူမျိုးစုံ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ နှစ် ၃၀ အလွန် မိုင်းလားရဲ့ အကျပ်အတည်း

(က)  ၂ နှစ်ခွဲ အလွန် မိုင်းလား- တာပင်းလမ်းကို ဖြတ်ကျော်၍

ကျိုင်းတုံ လေဆိပ်ရောက်တာနဲ့ အေးမြလတ်ဆတ်တဲ့ တောင်ပေါ်လေကို ရှူရှိုက် ရတဲ့အတွက် အိပ်ရေးမ၀အတွက် အတန်ငယ် လေးလံထိုင်းမှိုင်းနေမှုမှာ ပျောက်သွားသယောင်။မိနစ်ပိုင်းအကြာမှာတော့ တာချီလိတ်အခြေစိုက် ရွှေတြိဂံ သတင်းဌာနက တာဝန်ခံ အယ်ဒီတာ ကိုထွန်း ( မိုင်းဖြတ် ) က ကားတစီးနဲ့ လာကြိုတဲ့အတွက် အဲဒီကားနဲ့ပဲ မြို့ထဲကို လိုက်ပါသွားခဲ့ပါတယ်။

‘ ယွမ်ငွေ တခါတည်း လဲသွားရမယ်။ ၀မ်တာပင်း လမ်းကပဲ သွားမှာ။ မိုင်းယန်းလမ်းကဆို ကြာတယ်။ ‘ လို့ သူက ရှင်းပြပါတယ်။ တာပင်းလမ်းဆိုတာက လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်က  UWSA ၀ တပ်တွေ  မိုင်းလား နယ်ထဲ ၀င်စီးတော့ တြိဂံဒေသတိုင်း လက်အောက်ခံ တပ်တွေက ၀င်ပိတ်ထားတဲ့ ကျိုင်းတုံ- မိုင်းလား လမ်းပေါ်က တောင်ကြားလမ်းနေရာကို ဆိုလိုခြင်းဖြစ်တယ်ဆိုတာ ပြေးမြင်မိတယ်။

ဈေးထဲ ငွေလဲလှယ်ပြီးတော့ ကိုထွန်းနဲ့ ကျွန်တော် နှစ်ယောက်သားမောင်းနှင်တဲ့ ကားလေးမှာ မိုင်းလားဘက်သို့ ဦးတည်ခဲ့ပါပြီ။ လမ်းကကောင်းပေမယ့် ကျိုင်းတုံ- မိုင်းလား လမ်းမှာ ပိတ်ထားလို့လားမသိ။ လမ်းပေါ်မှာ ယာဉ်သွားယာဉ်လာ သိပ်မရှိ။ ခပ်ဝေးဝေးမှ မော်တော်ဆိုင်ကယ် တစီးနှစ်စီး သာ ဖြတ်သွားဖြတ်လာတွေ့ရပါတယ်။

လမ်းဘေးဝဲယာ တလျှောက် ရွာတွေက အိမ်ကြီးအိမ်ကောင်းတွေ ရှိနေပေမယ့် ခြောက်တီးခြောက်ကပ်နဲ့ ။ ဆိုင်ခန်းတွေကလည်း အများစုပိတ်ထားတာ တွေ့ရတယ်။

တနာရီခွဲလောက် မောင်းနှင်ခဲ့ပြီးမှာတော့ တာပင်းရွာကို ရောက်လာပါတယ်။ ပထမဆုံး တောင်ထိပ်က စစ်တပ်ဂိတ်ကို ဖြတ်ကျော်ချိန်မှာတော့ လမ်းဘေးမှာ အမြောက်ကားတွေကို တာလပတ်တွေနဲ့ ဖုံးပြီး တဘက်တောင်ကြောတွေဆီ အဆင်သင့် ဦးလှည့်ထားတာတွေ့ရပါတယ်။ တာပင်းရဲ့ အလယ်ဂိတ် ဗျူဟာဂိတ်ကို ရောက်လာချိန်မှာတော့ ကျွန်တော်တို့ဆီးလာတဲ့ကားကို ဂိတ်က ခဏတားတာနဲ့ ကိုထွန်း ( မိုင်းဖြတ် )က ကားပေါ်က ခဏဆင်းပြီး အကျိုးအကြောင်း ၀င်ပြောပြရှာတယ်။ ခနအကြာမှာတော့ စကားတပြောပြော ပြုံးပြုံးရွှင်ရွှင်နဲ့ ဗျူဟာရုံးထဲက ပြန်ထွက်လာတဲ့ကိုထွန်း ( မိုင်းဖြတ် ) ရဲ့ ဘေးမှာ အရပ်မြင့်မြင့်နဲ့ ခါးမှာ စကားပြောစက်တလုံးကို ချိတ်ထားသူ တဦးကို တွေ့ရတယ်။

‘ ဒါက စိုင်းထွန်းအောင်လွင်ပါ။ ဂျာနယ်လစ် ၊ နိုင်ငံရေးသုံးသပ်သူ ၊ သုတေသီ အဖြစ်လည်း လုပ်တယ်။ ဒီက အကို—- က အရာရှိ။ ကျွန်တော်နဲ့လည်း ခင်တယ်။ ‘ လို့ ကိုထွန်းက မိတ်ဆက်ပေးတယ်။

အဲဒီအရာရှိကပဲ ‘ ကျွန်တော်တို့ကလည်း ဒီမှာ ကြာပြီ ခက်တာက ဟိုဘက်တောင်ကြောက မြင်နေရတဲ့ တောင်တွေပေါ်က ပိုစ့်တွေမှာ ၀ UWSA တပ်တွေက အခုထိ မဆင်းသေးဘူးလေ။ မိုင်းလားက အန်စီအေ ထိုးမယ်ပြောကတည်းက ၀ တပ်တွေ ရှိနေတာ ၂ နှစ်ကျော်နေပြီ။ ဒါကြောင့် ကျွန်တော်တို့လည်း ဆက်ရှိနေရတာဖြစ်တယ်။ ‘ လို့ သူက ရှင်းပြရှာတယ်။

အလယ်ဂိတ်ကနေ ထွက်ခွာလာပြီး မကြာခင်မှာပဲ စစ်တပ်ရဲ့ နောက်ဆုံးဂိတ်လို့ ပြောနိုင်တဲ့ နမ့်လွေချောင်း တံတားဂိတ်ကို ဖြတ်ကျော်လာခဲ့တယ်။

ပထ၀ီ အနေအထားအရ ပြောရမယ်ဆိုရင် နမ့်လွေချောင်းရဲ့ဒီဘက်ခြမ်းတောင်ကုန်းတလျှောက်မှာ အစိုးရ တပ်တွေ တပ်စွဲထားတာ ဖြစ်သလို ချောင်းဟိုဘက် မိုင်းလားနယ်ထဲတောင်ကုန်းထိပ်တွေမှာတော့ ၀ တပ်တွေ ရှိနေတာပါ။ တချို့ကလည်း အဲဒီနေရာမှာ ၀ တပ်တွေကြီးကြီးမဟုတ်ဘဲ မိုင်းလားတပ်နဲ့ ပူးတွဲ ရှိနေတာလို့ ဆိုပါတယ်။ လက်နက်ကြီးနဲ့ ဆိုရင် ကျိုင်းတုံ လွင်ပြင်အထိ ၊ အရှေ့ဘက်ဆိုရင် မိုင်းလားမြို့လောက်အထိ ခြိမ်းခြောက်နိုင်တဲ့ တောင်တွေပေါ်မှာ ၀ တပ်က နေရာဝင်ယူထားတာလည်း ဖြစ်ပါတယ်။

၁၅ မိနစ်လောက် မောင်းနှင်အပြီးမှာတော့ လမ်းဘေးမှာ ဆိုင်ကယ်နဲ့ လမ်းသလားနေတဲ့ UWSA ယူနီဖောင်းဝတ် ၀ စစ်သားအချို့ကိုတွေ့ရပါတယ်။ လွယ်ဆမ်ဆုံ ရောက်တော့ မိုင်းလားစစ်သည်တွေ ထိုင်တဲ့ ဂိတ်ကို စတွေ့ရပြီ။ ဂိတ်က ရှမ်း စစ်သည်ကို စာရင်းပေးပြီး မကြာခင်မှာပဲ  ကာစီနိုတွေရှိတဲ့ မိုင်းမ ကို ဖြတ်ကျော်လို့ မိုင်းလားကို ရောက်လာခဲ့ပါတယ်။ မိုင်းမ နဲ့ မိုင်းလားအကြားမှာတော့ ကားတန်းတွေ မိုင်းမဘက်ကို ဦးတည်လာတာတွေ့ရသလို စနေနေမို့ တရုတ်ဘက်ကနေ အပန်းလာဖြေသူတွေ လာကြတယ်လို့ပဲ ထင်မှတ်မိပါတယ်။

မိုင်းလားရောက်တော့ NDAA တာဝန်ရှိသူတွေ နေရာချပေးတဲ့ Oriental Hotel မှာ တည်းခိုဖို့ ဖြစ်လာပါတယ်။

ဟိုတယ်မှာ စနည်းနာကြည့်တော့ တာပင်းလမ်းပိတ်ထားလို့ ထိုင်းဘက် တာချီလိတ်ဘက်က ဧည့်သည်တွေ သိပ်မလာတော့လို့ ဟိုတယ်အခန်းခတွေတောင် ဈေးလျှော့ထားရကြောင်း ဧည့်ကြို အာခါ တိုင်းရင်းသူလေးက ရှင်းပြရှာတယ်။

မြို့ထဲ ဟိုဒီသွားကြည့်တော့ နောက်ဆုံးအကြိမ်ရောက်ဖူးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလောက်မြို့က သိပ်မစည်ကားတော့ပေမယ့် စနေနေ့မို့လားတော့မသိ ဂိမ်ရုံတွေ လောင်းကစားဝိုင်းတွေမှာတော့ ကစားသူတွေ ရှိမြဲ စည်ကားမြဲပါပဲ။

(ခ)  နှစ် ၃၀ မိုင်းလားနဲ့ ရှင်သန်ဆဲ ကိုယ်ပိုင်အုပ်ချုပ်ရေး အိပ်မက်

နောက်တနေ့မှာတော့ မနက်စာစာရင်း မိုင်းလားNDAA က တာဝန်ရှိသူအချို့နဲ့ စကားပြောဖြစ်တယ်။

ဒေသတွင်းအရေးကနေ ၊ နိုင်ငံရေး ၊ မျက်မှောက်ရေးရာ စသဖြင့်ပါပဲ။ နိုင်ငံရေးစိတ်ဝင်စားတဲ့  သုတေသီ – ဂျာနယ်လစ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတွေ လက်ဆုံ စကားပြောဖြစ်တဲ့ စကားဝိုင်းပီပီ။

ငြိမ်းချမ်းရေးယူစက ရွာအဆင့်သာဖြစ်နေတဲ့ မိုင်းလားကို ကိုယ်ထူကိုယ်ထ ဘယ်လို ကြိုးပမ်းခဲ့ရပုံကစလို့ အမျိုးသားညီလာခံတက်ခဲ့မှု ၊ ပြည်သူ့စစ် နယ်ခြားစောင့် ငြင်းပယ်ချိန် ကာလ နဲ့ ၂၀၁၀ နောက်ပိုင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေအကြောင်းအထိပါ။

‘ တော်တော်များများကတော့ ဖက်ဒရယ်ပြောတယ် အမျိုးသားရေးအလံထောင်အော်နေကြတယ်။ ပြည်နယ်သတ်မှတ်ပေးရေးတောင်းတယ်။ ကျွန်တော်တို့ကတော့ အမျိုးသားရေးအလံလည်း မထောင်ပါ။ ကျွန်တော်တို့ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုတာပါ။ ‘ လို့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ရှင်းပြတယ်။ အမျိုးသား ညီလာခံတက်ခဲ့ပေမယ့် ၂၀၀၈ အခြေခံ ဥပဒေကို မိုင်းလား NDAA အမျိုးသား ဒီမိုကရေစီ မဟာမိတ် အဖွဲ့အနေနဲ့ ဆန့်ကျင်ခဲ့ရတာဟာ မိုင်းလားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် သတ်မှတ်ပေးဖို့ ငြင်းပယ်တာကြောင့်လို့ သူက ထောက်ပြပါတယ်။

‘ ဥပမာ ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံတရုတ်လေ လားဟူ ၊ အာခါ ၊ ၀ ၊ ရှမ်း လေးမျိုးစုတဲ့ လန်ချန်းမှာ လေးမျိုးစုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရှိတယ်။လေးမျိုးပေါင်း လူဦးရေ ၃ သိန်းလောက်ရှိတယ်။ ဥပမာ ကျွန်တော်တို့ အိမ်နီးချင်းက တာလောနားမှာရှိတဲ့ ဇီနော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုက်နယ်  သတ်မှတ်ပေးထားတာ ၊ တိုက်နယ်လူက ၁ သောင်းမပြည့်ဘူး။ ကျွန်တော်တို့ကို မပေးဘူး။ ဒါကြောင့် ၂၀၀၈ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲလုပ်တော့ ဒုတိယ ဆန့်ကျင်မှု အများဆုံး ဒေသက မိုင်းလားဒေသပဲဖြစ်တယ်။ ‘ လို့ သူက ရှင်းပြတယ်။

၂၁ ပင်လုံ ပထမအကြိမ် တင်ပြချက်ထဲမှာတော့ မိုင်းလား ၊ ဆီလူး ၊ နမ့်ပန် သုံးနယ် ပေါင်းပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့် သတ်မှတ်ပေးဖို့ တောင်းဆိုထားတာတွေ့ရပါတယ်။

၂၁ ပင်လုံစာတမ်းအရတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟာ မိမိဒေသ လုံခြုံရေးတပ်ဖွဲ့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရကသာ ကွပ်ကဲသင့်တယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဒီမိုကရေစီနည်းလမ်းနဲ့ ခေါင်းဆောင်တွေ ရွေးချယ်တင်မြှောက်ရမယ် အစိုးရထံတင်ပြအစီရင်ခံရမယ်။

နိုင်ငံတော်စည်းမျဉ်းဥပဒေတွေနဲ့ ပေါင်းစပ်ပြီး မိမိဒေသ လက်တွေ့အခြေအနေနဲ့ ကိုက်ညီတဲ့ ဥပဒေများကိုရေးဆွဲကာ နိုင်ငံတော် အစိုးရထံ တင်ပြကျင့်သုံးမယ်။ နယ်စပ်ဒေသရဲ့ ထူးခြားအခြေအနေအပေါ်မူတည်ပြီး ဥပဒေစိုးမိုးရေးကို ထိရောက်စွာ အကောင်ထည်ဖော်နိုင်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဟာ သီးခြားလွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့် ရလိုတယ် လို့ ဖော်ပြထားတာပါ။

(ဂ) ၂၁ ပင်လုံ ပထမ အကြိမ်နဲ့ ပတ်သက်တဲ့ ၀ နဲ့ မိုင်းလား အကြားက တင်းမာမှု

ပထမ အကြိမ် ၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ်က လုပ်တော့ မိုင်းလားတပ်ဖွဲ့က ဦးစိုင်းလင်း ကိုယ်တိုင်နေပြည်တော်ကို သွားတက်ခဲ့ပါတယ်။ အဲဒီတုန်းက UWSA ၀ ကတော့ သာမန် အရာရှိငယ်တွေကိုပဲ ကိုယ်စားလှယ် အဖြစ်စေလွှတ်ခဲ့သလို သူတို့ကို ဆက်ဆံတာ မမျှတဘူးဆိုပြီး ၀ တပ်ဖွဲ့က အစည်းအဝေး မပြီးခင် ပြန်သွားခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ အန်စီအေ ထိုးမယ်ဆိုတဲ့ သဘောမျိုး မိုင်းလားအဖွဲ့က ပြောခဲ့တယ်။ မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်းကလည်း အစည်းအဝေးကနေ အပြန်မှာ ၃ ရက်လောက် ပျောက်သွားခဲ့တယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအဆိုအရတော့ မြန်မာနိုင်ငံက ဂျပန်ရင်းနှီးမြှပ်နှံမှု စီမံကိန်းတွေ ရှိရာဒေသတွေဘက်ကို သွားလေ့လာခဲ့တယ်လို့ ဆိုကြတယ်။

၂၁ ပင်လုံ အစည်းအဝေးတွေဟာ ၂၀၁၆ ၈ လပိုင်းမှာ စခဲ့တာဖြစ်ပြီး ၉ လ ပိုင်းမှာတော့ မိုင်းလားနယ်ထဲကို ၀ တပ်တွေ ၀င်ရောက် စီးနင်တာတွေ ဖြစ်လာတာပါ။

ပစ်ခတ်တာတွေတော့ မရှိပေမယ့် နဂိုကတည်းက စစ်ရေးအားနည်းတဲ့ မိုင်းလားအနေနဲ့ အလစ်အငိုက်မိ ၀င်စီးခံခဲ့ရပုံပေါ်တယ်လို့ အကဲခတ်တွေက ဆိုကြတယ်။

အဲဒီ ဖြစ်စဉ်မှာ စဉ်းစားစရာ အချက်အနေနဲ့ အချက် (၃) ချက်ပဲ ရှိခဲ့တယ်။

(၁) မိုင်းလားဒေသက ၀ အတွက် စစ်ရေး ၊ စီးပွားရေးအရ အရေးပါတဲ့အတွက်လား

(၂) ၂၀၀၉ ခုနှစ် ဖုန်ကြားရှင်  ကိုးကန့် အရေးအခင်းတုန်းကလို ဂျပန် အကူအညီတွေ တရုတ်နယ်စပ် ကိုးကန့် နယ်ထဲ ရှိနေတာမျိုးကို တရုတ်ဘက်က မလိုလားသလိုလား

(၃) အန်စီအေ ထိုးလိုက်ရင် ပန်ဆန်းအတွက် စစ်ရေးအရ အရေးပါတဲ့ မိုင်းလား နယ်မြေကို ၀ က လက်လွတ်ရမှာ သူ့ထိန်းချုပ်ခွင့် လျော့သွားမှာ စိုးရိမ်သလားဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

တကယ်တော့ မိုင်းလား နယ်ထဲ ၀ တပ်တွေ ရှိနေတာ ၂၀၁၆ ခုနှစ်ကမှ မဟုတ်ဘဲ ပြည်သူ့စစ် နယ်ခြားစောင့် အသွင်ပြောင်းရေး စစ်အစိုးရက ဖိအားပေးခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်က စတယ်လို့ ဆိုနိုင်ပါတယ်။

၂၀၀၉ ခုနှစ် စစ်ရေးအကူအညီပေးစဉ်ကတော့ UWSA ယူနီဖောင်းမဟုတ်ဘဲ အထူးဒေသ(၄)ရဲ့ ဝတ်စုံကိုဝတ် သေးတယ်။  အဓိကအားဖြင့် မိုင်းယောင်းနယ်စပ်ဘက်တွေနဲ့ ဆွပ်လွေတောင်ဘက်ဒေသတွေမှာ ၀ တပ်တွေက အန်ဒီအေအေ ၀တ်စုံတွေနဲ့ နေခဲ့တယ်လို့ ဆိုကြတယ်။ အခုတော့ ၀ ယူနီဖောင်းတွေနဲ့ နေကြပြီး တချို့စခန်းတွေက UWSA အလံနဲ့ မိုင်းလား အလံ ပူးတွဲထောင်ထားတယ်လို့ ဒေသခံအချို့က ဆိုကြတယ်။

ဒါပေမယ့်လည်း အဲဒီလို တင်းမာမှု သတင်းတွေ ထွက်ပြီးမကြာခင်မှာပဲ နှစ်ဖွဲ့တွဲ ပူးတွဲ စစ်ရေးလေ့ကျင့်ကြသယောင် တရားဝင်သတင်း ထုတ်ခဲ့ကြပါတယ်။တရုတ် နယ်စပ်ဖြစ်တဲ့အတွက် ပထ၀ီနိုင်ငံရေး အထိုင်နဲ့ စဉ်းစားရင်တော့ တရုတ်ရဲ့ နိုင်ငံခြားရေး ပေါ်လစီမှာ နယ်စပ် ဒေသတလျှောက် တည်ငြိမ်ရေးဆိုတာပါတဲ့အတွက် နှစ်ဖက် တိုက်ခိုက်မှုတွေ မဖြစ်ခဲ့လေသလားလည်း စဉ်းစားစရာ ရှိပါတယ်။ ဒါပေမယ့်လည်း စစ်ရေး မဖြစ်မနေပြင်ဆင်ထားမှ ဖြစ်မဲ့ အနေထားမို့လို့ ၂၀၁၆ နောက်ပိုင်းမှာ NDAA ဟာ တပ်မဟာ ၁ ခု တိုးချဲ့ခဲ့ပါတယ်။ လူမျိုးစုံ ဒေသဖြစ်ပေမယ့် လူဦးရေ ၁ သိန်းကျော်မှာ အများစုက ရှမ်းတွေဖြစ်နေတဲ့အတွက် စစ်တပ်အတွက် ဘာသာစကားကို ရှမ်းဘာသာနဲ့ သုံးနေရတဲ့ အခြေအနေမှာသာ ရှိနေပါတယ်။

အထူးသဖြင့် ၂၀၀၉ ကိုးကန့် အရေးအခင်းလိုကိစ္စတွေမှာ တရုတ်အနေနဲ့ စစ်ဘေးရှောင်တွေ သူ့နယ်ထဲဝင်ပြေးတဲ့ ကိစ္စတွေလို အရေးတွေအပြင် တိုက်ခိုက်မှုတွေအတွင်း တရုတ်နွယ်ဖွားနဲ့ ဟိုဘက် ဒီဘက် လူမျိုးစုတူ တိုင်းရင်းသားတွေ သေဆုံးမှုတွေ ရှိတာကြောင့် နယ်စပ်နေ လူထုက ဖိအားပြန်ပေးမှုတွေ ကြုံဖူးတာကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အန်စီအေ ထိုးရေးအစီအစဉ်ဟာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် အဖွဲ့ NDAA မိုင်းလား တဖွဲ့လုံးရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ ၂၁ ပင်လုံမှာ စင်ပေါ် တက်ပြောခဲ့သူရဲ့ သီးသန့် အစီအစဉ်သဖွယ် ခေါင်းဆောင်ပိုင်းက ပြောဆိုဖြေရှင်းမှုကို မြောက်ပိုင်းက တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေ အပါအ၀င် တရုတ်ဘက်က လက်ခံခဲ့လေသလား စဉ်းစားစရာဖြစ်ပါတယ်။

စာရေးသူရဲ့ ပြီးခဲ့တဲ့ မတ်လ မိုင်းလား ခရီးစဉ်အတွင်း မေးမြန်းမှုမှာတော့ အန်စီအေ အပစ်ရပ်စာချုပ် နဲ့ ပတ်သက်လို့ NDAA အမြင်ကိုမေးကြည့်တော့

‘ အမှန်တော့ အန်စီအေ က မမှားပါဘူး။အန်စီအေ အပြင်အခြားလမ်းကြောင်း နေပြည်တော်သွားရင် ပုဂံညောင်ဦးသွားလို့ရသလို ကျောက်ပန်းတောင်းလည်းရတယ်။ အဲကနေ ရန်ကုန်သွားလို့ရသလို နေပြည်တော် ရန်ကုန်လည်း တိုက်ရိုက် သွားလို့ရတာပဲ ရှမ်းပြည်လာရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ လမ်းတလမ်းထဲက လာပါဆိုရင် သူများတွေသွားသူလည်း အဆင်ပြေတယ် ချောမောတယ်ဆိုရင် ကျန်တော်တို့ ထောက်ခံပါတယ်။ ဒါပေမယ့် တလမ်းထဲတော့ ရွေးစရာမဟုတ်ဘူးပေါ့။  လမ်းအများကြီးရှိတယ်။ အောင်မြင်ဖို့ပဲ အရေးကြိးတယ် လမ်းတွေထက်ပေါ့။ တယောက်ထဲအမြင်ပါ။  ‘ လို့ ဦးကြည်မြင့်က မှတ်ချက်ပြုပါတယ်။

မိုင်းလားကအပြန် လမ်းတလျှောက်မှာတော့ ဗကပ ခေတ်မတိုင်မှီ ရှမ်းတော်လှန်ရေးခေတ်ဦး SNA ရှမ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ၊  ဗကပ ၀င်လာတော့ ရှမ်းတပ် အသွင်ပြောင်း  ဆီလူးအခြေစိုက် (၇၆၈) စစ်ဒေသ နဲ့ အာခါ  လားဟူ ၊ ပလောင် စသဖြင့် လူမျိုးစုံ ပါလာသည့် ၈၁၅ စစ်ဒေသ ၊ ယင်းနှစ်ဖွဲ့ပေါင်း NDAA ဖြစ်လာခဲ့သော ဖတ်ဖူးမှတ်ဖူးတဲ့ မှတ်တမ်းအကိုးကားထဲက ပုံရိပ်တွေနဲ့အတူ  မရေရာ မသေချာသေးတဲ့ ငြိမ်းချမ်းရေး တံလျှပ်ကလည်း အပြန်လမ်းတလျှောက် အတွေးထဲ ပေါ်လိုက်ပျောက်လိုက်နဲ့ပင်။

ပြီးခဲ့တဲ့ ၁၀ နှစ်ကို ပြန်ကြည့်ရင်အထူးဒေသ ၄ မိုင်းလား အနေနဲ့ကတော့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲကိုတောင် မလုပ်နိုင်ခဲ့ပါ။

ဒါပေမယ့်လည်း ၂၀၁၁ ခုနစ် အစိုးရနဲ့ ပြန်ချုပ်တဲ့ စာချုပ်မှာတော့ လွှတ်တော် နိုင်ငံရေး မဲဆန္ဒနယ် ပူးပေါင်း ပါဝင်ခွင့်ဆိုတဲ့ အချက်ပါလာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအနေထားမျိုးပူးပေါင်းဖို့ဆိုရင် သူတို့ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသ သတ်မှတ်ခံရပြီးမှ လက်ခံမယ့် အခြေအနေပါ။

အန်စီအေ လက်မှတ်ထိုးဖို့က ငြင်းပယ်နေတာ မဟုတ်သလို အချိန်တန်ရင် မြောက်ပိုင်းအဖွဲ့ အားလုံး အန်စီအေ ထိုးကြမယ်။ ထိုးပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲပါမယ်။ အဲဒီကျမှ နိုင်ငံရေးဆွေးနွေးရမယ်။ ကျွန်တော်တို့ လိုချင်တာ၊ ကျွန်တော်တို့ ရည်မှန်းချက်ကို နိုင်ငံတော်ကို တင်မယ်။ နိုင်ငံတော်က လမ်းညွှန်ချက်ပြန်ချပေးမယ်။ အဲဒီကျမှ ကျွန်တော်တို့ ရွေးကောက်ပွဲ ပါလို့ ဖြစ်မှာပေါ့ လို့လည်း မိုင်းလားတပ်ဖွဲ့ ပြောခွင့်ရ ဦးခမ်းမောင်က သတင်းမီဒီယာတွေကို ပြောထားတာ သတိထားမိပါတယ်။

FPNCC ထဲ  မိုင်းလားအဖွဲ့ ပါနေပေမယ့်လည်း အဖွဲ့ရဲ့ နိုင်ငံရေးအရ အစိုးရနဲ့ ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်မှု မရှိမှုအပေါ် မိုင်းလား တာဝန်ရှိသူတွေက သဘောကျပုံမရပါ။

(ဃ) အသွင်မတူသူ နဲ့ တဂူတည်းအောင်းနေရခြင်း ၊ NDAA မိုင်းလားအကျပ်အတည်း

မြန်မာပြည်မြေပုံအရ ကြည့်ရင်တော့ မိုင်းလားဒေသဟာ ၀ ဒေသ ရဲ့ တောင်ဘက်မှာ ရှိနေသလို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ၀ တွေ အခြေချလာခဲ့တဲ့ တာချီလိတ်အောက်ပိုင်း ရှမ်းအရှေ့ ထိုင်းနယ်စပ် ဒေသတွေကိုသွားဖို့ ဆိုရင် မက်မန်း မိုင်းပျဉ်း လမ်းကြောင်းနဲ့ မိုင်းလား မိုင်းယန်း နယ်ကနေ ဆင်းတဲ့ လမ်းကြောင်းဆိုပြီး နှစ်ကြောင်း ရှိတာပါ။

ဒီအတွက် မိုင်းလားက အရေးပါပါတယ်။ ၂၀၁၁ မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ စစ်တပ်အကြား တကျော့ပြန် တိုက်ပွဲတွေ ဖြစ်လာခဲ့ချိန် မက်မန်း( အစိုးရ ထိန်းချုပ်နယ်မြေထဲက ၀ ဒေသ ) လမ်းကြောင်းကို အစိုးရ တပ်က အဓိက အားဖြည့်ခဲ့ပါတယ်။ ဒါကလည်း ပန်ဆန်းကို အဓိကသွားလို့ ရတဲ့ လမ်းကြောင်းဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း တောင်ပိုင်းမှာတောင် အခြေချနိုင်နေပြီဖြစ်တဲ့ UWSA ၀ ဟာ စစ်တပ်က ပြန်ဆုတ်ခိုင်းတောင် ဆုတ်တဲ့ အခြေအနေမျိုးမရှိတဲ့အပြင် ၂၀၀၈ အခြေခံ ဥပဒေအရ ၀ ဒေသထဲ မပါတဲ့ မိုင်းပေါက်မိုင်းဖျန်လိုဒေသတွေနဲ့ ရှမ်းအရှေ့အချို့နေရာတွေမှာ နေရာထပ်ချဲ့တာမျိုးတောင်လုပ်နိုင်ခဲ့ပါတယ်။

မိုင်းလားကတော့ ဗကပ ခေတ်က မူးယစ်ဆေးဝါးလို ကိစ္စ အနည်းအကျဉ်းရှိဖူးပေမယ့် နယ်မြေဖွံ့ဖြိုးလာ ရေခံမြေခံလည်းကောင်းလာသလို ခရီးသွားလုပ်ငန်းလို လုပ်ငန်းကနေ ၀င်ငွေများစွာာ ရလာတဲ့၉၀ ပြည့်လွန် နောက်ပိုင်း ကာလအချိန်မှာ မူးယစ်ဆေးဝါးအပေါ် မှီခိုရမှုက အမြစ်ပြတ်လုနီးပါး လျှော့ချနိုင်ခဲ့ပါတယ်။

ဥပမာအားဖြင့် တရုတ်က မူးယစ်ဆေးဝါးနဲ့ ဖိအားပေးဖူးတဲ့ ၀ ခေါင်းဆောင် ပေါက်ယိုရိ ကိစ္စနဲ့ ဦးစိုင်းလင်းရဲ့ တူ တော်စပ်သူ မူးယစ်ကိစ္စကို ကြည့်ပါ။

ဦးစိုင်းလင်းက သူ့တူကို ထောင်ဒဏ်ချမှတ် အပြစ်ပေးခဲ့ပါတယ်။ ပေါက်ယိုရိကတော့ ၀ တောင်ပိုင်းကို ပြောင်းရွှေ့ခံရပြီး အခုထိ ၀ ထိပ်သီးခေါင်းဆောင် အဖွဲ့ဝင် ဖြစ်နေဆဲပါပဲ။ လူဦးရေ မသိပ်သည်းတဲ့ အပြင် စိုက်ပျိုးမြေဆီလွှာလည်းဖြစ်ထွန်း ဟိုတယ်ခရီး လုပ်ငန်း လောင်းကစားဝိုင်းတွေက မြောက်မြားလှစွာသော အခွန်အခတွေ အပါအ၀င် လာအို ၊ တရုတ် နယ်စပ်ရှိကာ မဲခေါင်မြစ်ထွက်ပေါက်လည်း ရှိတဲ့ မိုင်းလားဟာ UWSA ၀ အတွက် မက်မောစရာ ဒေသဖြစ်နိုင်တယ်ဆိုပြီး တရုတ်မြန်မာ နယ်စပ်အရေး လေ့လာသူက တဦးက ခန့်မှန်းပြောဆိုပါတယ်။

UWSA ၀ ခေါင်းဆောင်တွေဟာ မူးယစ်ကိစ္စကို အမြစ်ပြတ်အောင် လျှော့ချနိုင်အောင် ကြိုးစားနေတယ်လို့ သတင်းတွေမှာ ပြောနေပေမယ့် DEA လို နိုင်ငံတကာမူးယစ်စောင့်ကြည့် စာရင်းထဲမှာ သူတို့နာမည်တွေ ပါနေဆဲဖြစ်ပါတယ်။ မိုင်းလားခေါင်းဆောင်တွေကတော့ DEA စာရင်းမှာ တဦးမှ မပါပါ။

ဒီလိုအနေထားအရ နိုင်ငံတကာကနေ ဖွံ့ဖြိုးရေး အကူအညီတောင်းဖို့လို ကိစ္စတွေက ၀ ထက် ပိုလွယ်ကူမဲ့ အခြေအနေမှာ ရှိနေစေတာဖြစ်ပါတယ်။

တကယ်တော့ မိုင်းလားဟာ အရင်မှောင်ခိုခေတ်ကတည်း ၊ ဗကပ ခေတ်ကတည်းက ထိုင်းကုန်ပစ္စည်းတွေနဲ့ တရုတ်ကုန်ပစ္စည်းတွေ ဖလှယ်ခဲ့ရာ နေရာလည်းဖြစ်ခဲ့ဖူးတာပါ။

တကယ်တော့ ၀ ဒေသဟာ မိုင်းလားနည်းတူ တိုးတက်လာသည်ဆိုဦးစေတော့၊ Social Status အရ အိမ်ထောင်စုအလိုက် လူနေမှုအဆင့်အတန်းအရ မိုင်းလားဒေသဟာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံအကြား လူနေမှု သိပ်မကွာခြားတဲ့ ဒေသဖြစ်ပြီး ၀ ဒေသကတော့ နိုင်လွန်ကတ္တရာ လမ်းမဘေးတွင် တောင်ယာစိုက်ရသည့် အခြေအနေမျိုး မြင်တွေ့နေရဆဲဖြစ်သလို ကျေးလက်ဒေသတွေက မိုင်းလား ဒေသရဲ့ ကျေးလက်တွေလောက် အခြေခံ အဆောက်အဦး မကောင်းမွန်လှပါ။ မိုင်းလားက အခွင့်အရေးပေးရင် မြန်မာပြည်ရဲ့ လျှပ်စစ်လိုအပ်မှုကို ဖြည့်တင်းပေးနိုင်တဲ့ ရေအားလျှပ်စစ်လုပ်ငန်းမျိုး အဆင်သင့်ရှိနေပါပြီ။ UWSA ၀ ကတော့ ရှမ်းပြည်သူတွေ ကန့်ကွက်တဲ့ သံလွင်မြစ်လို နေရာမှာ စီမံကိန်းလုပ်နိုင်ဖို့ စိုင်ပြင်းနေပါတယ်။

‘ စိုင်းလင်းက နှပ်တယ်။ သူ့ပြည်သူတွေ လူတွေဆင်းရဲရင် သူ့ကို ပြန်ပုန်ကန်မယ်ဆိုတာ သိတော့ ပြည်သူတွေကို သူတို့နဲ့ သိပ်ကွာအောင် မထားဘူး။ ဒါက ၀ နဲ့ ကွာတဲ့အချက်ပဲ ‘ လို့ အရှေ့မြောက်ပန်ဆန်းမှာ နှစ်ကာလအတန်ကြာနေထိုင်ခဲ့ဖူးတဲ့  ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း တဦးကလည်း မှတ်ချက်ပြုပါတယ်။

ဘယ်လိုပဲဆိုစေကာမူ စီးပွားရေးတဘက်ပဲ အားပြုခဲ့တဲ့ NDAA အနေနဲ့ ၂၀၀၉ ခုနစ်ဖြစ်စဉ်ကစလို့ သူ့နယ်ထဲ ၀ တပ်အားပေးဖြည့်ခဲ့ရကာ တဆင့် ၂၀၁၆ မှာတော့ UWSA ယူနီဖောင်းဝတ် တွေဟာ မိုင်းလားနယ်မြေထဲ ဒီအတိုင်းရှိနေပြီဖြစ်တယ်။ တဘက်မှာလည်း ၀ နဲ့ မိုင်းလား ရန်ဖြစ် စစ်ဖြစ်နေရင် အစိုးရ တပ်အဖို့ စစ်ရေးစီးပွားရေးအရ မဟာဗျူဟာ ကျတဲ့ နယ်မြေတခုကို ၀င်ဖို့ အခွင့်အရေးပေးသလို ဖြစ်နေပါဦးမယ်။

ဒီနေရာမှာ တရုတ်ရဲ့ သူ့နယ်စပ်တလျှောက် တည်ငြိမ်ရေးဆိုတဲ့ မူဝါဒက NDAA မိုင်းလားကို ဂယ်ပေါက်အနေနဲ့ အတန်ငယ် အသက်ရှူချောင်နေစေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပဲ စစ်ပွဲနဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားထားနိုင်ခဲ့တာဖြစ်ပါတယ်။ တရုတ်ကိုယ်စားလှယ် ဆွန်းကော့ရှန်က မြန်မာ့ငြိမ်းချမ်းရေးအတွက် တနိုင်ငံ စနစ်နှစ်မျိုးကျင့်သုံးတဲ့ တရုတ်ကို နမူနာ ပြခဲ့မှုမှာ ၀ ၊ မိုင်းလား ဒေသတွေအတွက် ရည်ရွယ်ခဲ့သလား စဉ်းစားစရာဖြစ်ပါတယ်။

တချိန်တည်းမှာလည်း မိုင်းလားရဲ့ ရှမ်း ၊ အာခါ ၊ လွယ် ဆိုတဲ့ လူမျိုးစု ပူးတွဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတောင်းဆိုမှု နဲ့ ၀ ရဲ့ ရှမ်းအရှေ့ခြမ်းတခုလုံးနီးပါး ပြည်နယ်အရေးတောင်းဆိုမှုလို ကိစ္စမှာ မိုင်းလား နဲ့ ကျိုင်းတုံ လွင်ပြင်မပါရင် ၀ တောင်ပိုင်းလို့ ခေါ်တဲ့ နောက်ပိုင်းကာလ အခြေချဒေသနဲ့ မြောက်ပိုင်း ၀ နယ်အကြား ခါးဆက်ပြတ်သလို ဖြစ်နေတဲ့ကိစ္စတွေကလည်း စဉ်းစားရမဲ့ အခြေအနေမှာ ရှိနေပါတယ်။

တချိန်တည်းမှာလည်း အစိုးရ နဲ့ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေး မူဝါဒနဲ့ လိုက်လျောနိုင်စွမ်းတွေက NDAA မိုင်းလားရဲ့ ရည်မှန်းချက်တွေ ပြည့်မှီဖို့အတွက် အခွင့်အရေး ပေးနိုင် မပေးနိုင်ဆိုတဲ့ ကိစ္စကလည်း ရှိနေပါသေးတယ်။ တဘက်ကလည်း ၀ ကတဆင့်FPNCC ကို ကိုင်ပြီး ဆွေးနွေးမှုတွေ ၊ တရုတ်ရဲ့ မြန်မာ့အရေးမှာ သူ့ရဲ့ အကျိုးစီးပွား ရရှိနိုင်မယ့် အလားအလား ၊ တိုးပွားနိုင်မှု ရှိမရှိ အခြေအနေတွေကလည်း မိုင်းလား NDAA ရပ်တည်နေရတဲ့ အခြေအနေတွေအပေါ် အနည်းနဲ့ အများဆိုသလို ရိုက်ခတ်မှု ရှိနေဦးမှာဖြစ်ပါတယ်။

 

 

စိုင်းထွန်းအောင်လွင်