လူသားဆန္မႈဘက္က ရပ္တည္ပါ

 

“ဂမ္ဘီယာက ျမန္မာကို တရားစွဲလိုက်ပြီ”

ထိုသတင်းစကား စတင်ပျံ့နှံ့လာချိန်မှစပြီး မြန်မာနိုင်ငံသားတို့ (အားလုံးဟုမဆိုလို) လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ သည်။ ‘အခုစွဲတာက အိုင်စီဂျေမှာတဲ့ ဒါက အိုင်စီစီမှာလို လူပုဂ္ဂိုလ်အလိုက်၊ အဖွဲ့အစည်းအလိုက်ကို ဆွဲတာ မဟုတ်ဘူး တဲ့’၊ ‘နိုင်ငံချင်းသာ စွဲလို့ရတာတဲ့။ အဲဒီတော့ နိုင်ငံသားတွေလည်း တရားစွဲခံရတဲ့ အထဲ ပါတာတဲ့’  နောက်ထပ် ထပ်မံထွက်ပေါ်လာသည့်သတင်းစကား။

သည်လိုနှင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲလိုက်ခြင်းသည်အချိန်တိုအတွင်း အများပြည်သူ ထံ ထိထိ ရောက်ရောက်ပျံ့နှံ့ခဲ့သလို အထက်ပါသတင်းစကားများမှတစ်ဆင့် သက်ရောက်မှုအရှိန် အဟုန်လည်း ကြီးမားခဲ့သည်။ ပြည်တွင်းမှာတောင် တရားတပေါင်နှင့်ပတ်သက်၍ ခပ်ကင်းကင်းနေ တတ်သော မြန်မာတို့အဖို့ ယခုအခါအစိုးရ လူကြီးမင်းများသာမက မိမိတို့ကိုပါထည့်သွင်း၍ ပြည်ပ နိုင်ငံက တရားစွဲဆိုလိုက်ပြီဆိုတော့ စိုးရိမ်မှုဒီရေများ လည်း မြင့်တက်ခဲ့တော့သည်။ ထိုစိုးရိမ်စိတ်များ နှင့်အတူ ဂမ်ဘီယာ၊ အိုင်စီဂျေ၊ ဂျီနိုဆိုက်စသည့်အကြောင်း အရာများနှင့်ပတ်သက်လာလျှင် လူထုက စိတ်ဝင်တစားရှိခဲ့သည်။ နားစွင့်လာခဲ့ကြသည်။

ထိုသို့ဖြင့် အိုင်စီဂျေအရေး သတင်းစကားဇာတ်ရှိန်က ရပ်တန့်မသွားဘဲ ဆက်လက်ထွက်ပေါ်လာခဲ့ သည်။ ‘ဒီအမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်တရားရင်ဆိုင် မယ်တဲ့’၊  နောက်ဆက်တွဲ ဆက်လက်ထွက်ပေါ်လာပြန်တဲ့သတင်းစကား။ အဆိုပါစကားကြားသည်နှင့် လူထုမှာ ရှိရင်းစွဲစိုးရိမ်စိတ်အခံပေါ်တွင် ထပ်ဆင့်ကာ ဝေဒနာတစ်ခု တိုးရပြန်သည်။ မိမိတို့ အားကိုး ချစ်ခင်ရသည့် ခေါင်းဆောင်ကိုယ်တိုင် သွားရောက်မည်ဆိုတော့ အားတက်ခြင်း၊ အားကိုးခြင်း၊ စိုးရိမ် ခြင်းများအရောရောအထွေးထွေးဖြင့် ရှိခဲ့ကြသည်။ ထိုစဉ် ….

“လူထုခေါင်းဆောင်ကို ထောက်ခံပွဲလုပ်မယ်။ အမေစုကို ထောက်ခံကြမယ်။ အန်တီ့ကို ထောက်ခံကြ မယ်”စသည့် သတင်းစကားများထပ်ဆင့်ကြားလာပြန်သည်။ သည်လိုနှင့် မြန်မာနိုင်ငံကို ဂမ်ဘီယာ နိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ဖြင့် အိုင်စီဂျေ၌ တရားစွဲဆိုမှုသည် ပြည်သူလူထုအတွက် နေ့စဉ်နားစွင့်စရာ၊ စိတ်ဝင်တစားစေ့ငုစရာအကြောင်းအရာဖြစ်လာခဲ့သည်။ ဟိုမြို့၊ သည်မြို့၊ ဟိုနယ်၊ သည်နယ်တို့၏ လမ်းမများထက်တွင် ထောက်ခံဆန္ဒထုတ်ဖော်ပွဲများဖြင့် စည်ကားလာတော့သည်။

သည်လိုနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရားရင်ဆိုင်ရေး နယ်သာလန်ခရီးစဉ်ကို ဒီဇင်ဘာ ၈ ရက်တွင် စတင်သည်။ ထောက်ခံအားပေးသူပြည်သူများဘက်က တာဝန်ကျေစွာ ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်သာယာစေကြောင်း၊ အမှုနိုင်စေကြောင်းများ ဆုတောင်းကြသည်။ ယခင်ထက် အဆတိုးကာ ထောက်ခံဆန္ဒထုတ်ဖော်ခြင်းများ အရှိန်တင်ကျင်းပခဲ့ကြသည်။

ဒီဇင်ဘာ ၁၀ ရက်က ကျင်းပသည့် ရန်ကုန်မြို့ထောက်ခံပွဲဆိုလျှင် မယုံကြည်နိုင်လောက်စရာ လူအင် အားကို တွေ့ရသည်။ လူပေါင်းသိန်းနှင့်ချီကာမြို့တော်ခန်းမရှေ့တွင် လာရောက်စုဝေးကြသည်။ ရန်ကုန်တိုင်းဝန်ကြီး ချုပ်ကိုယ်တိုင် ပါဝင်ဆင်နွှဲသည့် ထောက်ခံဆန္ဒထုတ်ဖော်ပွဲလည်းဖြစ်ခဲ့သည်။ သည်ကနေ့ကာလ ခေတ်စားနေသည့် ငြိမ်းစုစီပုဒ်မများနှင့်သာတပ်၍ အမှုဖွင့်အရေးယူမည်ဆိုလျှင် အကျည်းထောင်ဘက်မှာ တော်တော်လေး အခက်တွေစေလိမ့်မည်ဟုပင် ပေါက်ပေါက်ရှာရှာ အတွေး ရောက်မိသေးသည်။ ထားတော့။ ဆောင်းပါး၏ အဓိကဆို လိုရင်းလမ်းကိုဆက်သွားပါမည်။

တရားခွင် ဒုတိယနေ့တွင် မြန်မာဘက်မှ လိုက်ပါအကျိုးဆောင်သည့်ရှေ့နေ ဝီလီယံရှာဘတ်စ် လျှောက်လှဲချက်မပေးမီ ဒေါ်အောင်ဆန်းစုကြည်က အမှာစကားဦးစွာပြောဆိုသည်။ ထိုသို့ပြောကြား ချက်ကို မြို့တော်ခန်းမရှေ့၌ LED ဘုတ်များထောင်ကာ အများပြည်သူကို ကြည့်ရှုစေခဲ့သည်။ မြန်မာ ဘောလုံးအသင်းကို တစ်ခဲနက် အားပေးခဲ့ ကြသည်ကိုပင် ပြန်ပြောင်းအမှတ်ရမိတော့သည်။ သည်လိုနှင့် ဂမ်ဘီယာက တရားစွဲတင်ခဲ့သော အမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်တို့ဖြင့် မြန်မာလူထုကို လွှမ်းမိုးသွားစေတော့သည်။

ထိုသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပါဝင်လာခြင်း၊ ၎င်းအား အားပေးထောက်ခံခြင်းများ အင်အားကြီးမားကာ လွှမ်းမိုးလာခြင်း၏ နောက်ဆက်တွဲကတော့ လူ့အခွင့်အရေး၊ လူသားဆန်မှု၊ စာနာထောက်ထားမှု စသည်တို့ အပေါ် လူထု(အားပေးထောက်ခံသူများ)ဘက်က လျစ်လျှူရှုလာခဲ့ ခြင်းဖြစ်သည်။

ယခင်က လူတစ်ဦးတစ်ယောက် သေဆုံးစေသည့်ဖြစ်ရပ်ကိုပင် ဝမ်းနည်းပူဆွေးတတ်သည့် မြန်မာ ပြည်သူ လူထုက အင်းဒင်တွင် လူ ၁၀ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်အပေါ် လျစ်လျှူရှုလာသည်။ ဂူတာပြင်လို ဖြစ်စဉ်မျိုးအပေါ်တွင် မျက်ကွယ်ပြု မသိယောင်ဆောင်လာ တော့သည်။ သူတစ်ပါးနိုင်ငံနှင့် တရားရင်ဆိုင်ရသည် ငါတို့နိုင်မှဖြစ်မည်။ ငါတို့ခေါင်းဆောင် နိုင်မှ ဖြစ်မည်ဆိုသည့် အတွေးများလွှမ်းမိုးခဲ့သည်။ လူသားဆန်မှုများ၊ စာနာထောက်ထားစိတ်များ ပျောက် ဆုံးကုန်သည်။

ယခုအိုင်စီဂျေဖြစ်ရပ်တွင် ပြည်သူ(ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူများ) ဘက်က ယခုအရေးတွင် တစ်အချက် နိုင်ငံတော်ကို တရားစွဲဆိုခံရခြင်း(မိမိတို့ပါ တရားစွဲခံရခြင်း)ဆိုသည့်အသိ၊ မိမိတို့အားကိုးသည့် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ရာတွင် ဦးဆောင်ပါဝင်လာခြင်း တို့ကြောင့် နောက်လိုက်ကောင်းများအဖြစ် နောက်က လိုက်ပါဝန်းရံပေးသည့် အခြေအနေတစ်ရပ်သာ ဖြစ်သည်။

ယခုအမှုသည် လူ့အခွင့်အရေး၊ လူသားတန်ဖိုး၊ လူမဆန်စွာပြုမူမှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့ကြောင့် ဆိုသည်ကို ထိုသူတို့ စိတ်ဝင်စားခြင်း၊ ထည့်သွင်းစဉ်းစားခြင်းမရှိသည်ကို သူတို့၏ ပြောဆိုချက်များ ထံမှသိရသည်။ မီဒီယာနှင့်တွေ့ဆုံမေးမြန်းခန်းများတွင် “အမေစုကို ထောက်ခံတာ၊ အမေစုရဲ့ ဦးဆောင်မှုကို ယုံကြည်လို့ ထောက်ခံတာ၊ ဒီနိုင်ငံ့အရေးအရာတွေကို အမေစုတစ်ဦးတည်းကသာ ဖြေရှင်းပေးနိုင်မယ်လို့ ယုံလို့ထောက်ခံတာ၊ အမေစုက တစ်ဆိုတစ်၊ အမေစုက ဒါဆို ကျွန်တော်တို့က လည်း ဒါပဲ” ဆိုသည့် စကားများသာ တွင်တွင်ကြား ကြရသည်။

ခေါင်းဆောင်ဖြစ်သူက ရှေ့ကသွား၍ နောက်ကလိုက်ခြင်းအပေါ် အပြစ်မဆိုသာ။ သို့သော် ယခုမြန်မာ နိုင်ငံကို နိုင်ငံနှင့်ချီကာတရားစွဲဆိုခြင်းသည် လူသတ်မှု၊ လူသားမဆန်စွာ ရက်စက်ယုတ်မာမှု၊ လူ့အ ဆင့်အတန်းကနေ နိမ့်ကျအောင်ပြုမူဆောင်ရွက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု စသည်တို့ ကျူးလွန်ခဲ့ သည်ဆိုသော စွပ်စွဲချက်များ ပါဝင်သည့်လူမျိုးတုံးသတ်ဖြတ်မှု(Genocide)ဖြင့်ဖြစ်သည်။ ဒီနေရာတွင် တစ်ဖက်ကစွပ်စွဲအရေးဆိုသည့်အချက်အပေါ်များစွာ သတိပြုသင့်သည်။ နောက်ဆုံး လူမျိုးတုံးသတ် ဖြတ်မှု(Genocide) အရာ မမြောက်ခဲ့ဘူးဆိုလျှင်တောင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇ ဝတ်မှု (crimes against humanity) များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများက ရှိနေမည်မှာမလွဲဧကန်။

ယင်းနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း တရားခွင်ဒုတိယနေ့တွင် အမှာစကားပြောရာ၌ ဂမ်ဘီယာဘက်က စွပ်စွဲချက်ဖြစ်သည့် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) မကျူးလွန်ကြောင်း၊ မမြောက်ကြောင်းကို လူသန်းနှင့် ချီသတ်ဖြတ်သုတ်သင်ခဲ့သည့်နိုင်ငံ၊ လူသန်းနှင့်ချီ ထွက်ပြေးခဲ့ရသည့် နိုင်ငံတို့နှင့်ယှဉ်ထိုးကာ သက်သေတည်ခဲ့သည်။ သို့သော် လူသားများအပေါ် လူမဆန်စွာ ပြုမူကျူး လွန်ခဲ့သည့်လုပ်ရပ်၊ အထက်တွင်ဆိုခဲ့သည့် လူသားမျိုး နွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှု(crimes against humanity) များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ မလုပ်ခဲ့၊ မရှိခဲ့ဆိုသည်ကိုတော့ ငြင်းဆို ခြင်းမပြုခဲ့သည်ကို သတိချပ်ရမည်။

ထို့ပြင် “နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို သတိမမူမိဘဲ အင်အားမမျှမတ သုံးစွဲခဲ့မှုတွေ မရှိခဲ့ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး” ဆိုသည့်စကားကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သလို ဖွဲ့စည်းပုံ အကျပ်အတည်း၊ တပ်မတော်အခန်းကဏ္ဍ၊ စစ်ခုံရုံးစီရင်မှုတို့ အပေါ်လည်း စကားအရာအလှသုံးကာ ပြောဆိုခဲ့သည်ကိုလည်း သတိချပ်ရမည်။

ကျွန်တော်တို့အားလုံးလက်လှမ်းမီ သိရှိအတည်ပြုနိုင်ကြသည့်အထဲမှ တစ်ခုကို ပမာပြုထုတ်ပြရလျှင် အင်းဒင်တွင် လူ ၁၀ ဦး ရက်ရက်စက်စက်အသတ်ခံခဲ့ရသည့်ဖြစ်ရပ်ရှိသည်။ ယင်းသည်မည်သူမှ ငြင်းလို့မရသည့် အမှန်တရား။ ဓာတ်ပုံမှတ်တမ်း၊ လူသက်သေများနှင့်တကွထွက်ပေါ်ခဲ့ရာမှ ပါဝင်ကျူး လွန်သူတို့ကို အရေးယူခဲ့သည်။ သို့သော် ထိုသူတို့တစ်နှစ်မပြည့်မီပင်ထောင်က ပြန်လည်လွတ်မြောက် သွားခဲ့သည်။ ယင်းသို့ပြစ်ဒဏ်တစ်နှစ်မပြည့်မီ ထောင်မှလွှတ်ပေးလိုက်သည့်အပေါ် ပြည်သူများဘက် က စိတ်မသက်မသာဖြစ်ရကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါအမှာစကားတွင်ပင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုသို့ အများပြည်သူကြားထင်ထင်ပေါ်ပေါ်ရောက်ခဲ့သည်မှာအင်းဒင်ဖြစ်စဉ်သာမက ဂူတာပြင်လို ဖြစ်ရပ်များ လည်း ရှိသေးသည်။ အများကြား မကြားမပေါက်ခဲ့သည့် ယင်းထက်(အင်းဒင်၊ ဂူတာပြင် ထက်)ဆိုးသည့်ဖြစ်ရပ် များစွာရှိမနေဘူးလို့လည်း မည်သူမျှမငြင်းနိုင်၊ မည်သူမျှအာမ မခံနိုင်။

ထိုသို့သောအခြေအနေများတည်ရှိနေခဲ့သည့်ဖြစ်ရပ်တစ်ခုအပေါ်တွင် ပြည်သူလူထုအနေဖြင့် ခေါင်းဆောင်တစ်ဦး၏ နောက်ထပ်ကြပ်မကွာလိုက်ပါထောက်ခံခဲ့ခြင်းက မည်သို့ဖြစ်မည်နည်း။ မည်သည့်အခြေသို့ စိုက်ရောက် စေမည်နည်း။ ပြည်ပနိုင်ငံများ၏ အမြင်တွင် မည်သို့ရှိမည်ကို တွေးဆကြဖို့လိုသည်။

သည်နေရာတွင် နောက်ထပ်သတိချပ်စရာတစ်ခုကို ထပ်မံပြောဆိုရမည်ဆိုလျှင် သည်ကနေ့ လူထု ခေါင်းဆောင် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ကလို ပြည်သူ့ခေါင်းဆောင်ချည်းသက် သက်၊ လူထုခေါင်းဆောင် ချည်းသက်သက်မဟုတ်တော့။ အစိုးရအဖွဲ့ကိုပါ ဦးစီးမောင်းနှင်နေရသည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ သို့အတွက် သူသည်အစိုးရအဖွဲ့တစ်ရပ်ကိုပါ တာဝန်ယူ၊ တာဝန်ခံနေရသူဖြစ်သည်။ ယင်းအစိုးရအဖွဲ့ကို ဖွဲ့စည်းပုံအရမည်သို့ဖွဲ့တည်ထားသည်။ မည်သူတွေ ကို ဦးဆောင်ဦးရွက်ပြုနေရသည်။ မည်သူတို့၏ အရှေ့မှ တာဝန်ယူ၊ တာဝန်ခံမှုကို ပြုနေရသည်ကို လည်း ဆင်ခြင်သုံးသပ် သတိချပ်ကြရမည်။

နိဂုံးချုပ်အနေနှင့်ပြောလိုသည်က ယခု ဂမ်ဘီယာဘက်က တရားစွဲဆိုသည့် အိုင်စီဂျေအမှုကိစ္စတွင် နိုင်ငံတော်ဆိုသည့် ရှုထောင့်၊ ခေါင်းဆောင်ဆိုသည့်ရှုထောင့်ဘက်မှကြည့်မြင်ကာ ရပ်တည်ခဲ့ကြသည် ကို ကျွန်တော်တို့တွေ့မြင်ခဲ့ကြရသည်။ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ လူသားမျိုးနွယ်အပေါ် ကျူး လွန်သော ရာဇဝတ်မှုတို့နှင့်ဆက်နွှယ်သည့် ယခုအမှုကိစ္စတွင် နိုင်ငံတော်၊ နိုင်ငံ့ခေါင်းဆောင်ဆိုသည့် ရှုထောင့်က ကြည့်မြင်လိုက်ပါခြင်းထက် လူသားချင်းစာနာထောက်ထားမှုရှုထောင့်၊ လူသားဆန်မှု ရှုထောင့်ဘက်က အလေးထားကြည့်ရှုပေးခြင်းသည်သာ မှန်ကန်သည့်လုပ်ရပ်ဟု ယုံကြည်လက်ခံ ထားကြောင်းပါ။

ဂျေငြိမ်း