လုံချည်ဝတ်ပြီး ဒစ္စကိုကသလိုဖြစ်နေတဲ့ မြန်မာပြည်ရဲ့ အဂတိတိုက်ဖျက်ရေး

သာဓက

အဂတိတရားလို့ဆိုလိုက်တာနဲ့ ကြားတဲ့သူအများစု ခေါင်းထောင်လာနိုင်ပါတယ်။ အရင်ခေတ်အဆက်ဆက် ကတည်းက အဂတိတရားပေါများခဲ့တဲ့ ဒီနိုင်ငံက အခုထိလည်းအလျှင်းမပပျောက်သေးပါဘူး။ ဆိုတော့ကာ နိုင်ငံရေး အကြောင်း ဆွေးနွေးငြင်းခုံတဲ့ စကားဝိုင်းတွေမှာ ပြည်သူအားလုံးစိတ်ဝင်စားဆဲ၊ စိတ်ဝင်စားမြဲ၊ အရေးပါအရာရောက်ဆဲ အကြောင်းအရာ တစ်ခုအဖြစ်ပါလာတတ်စမြဲပါ။
ဒါကြောင့်လည်း နိုင်ငံရေးအသိစိတ်နိုးကြားသူနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအတွက် အဂတိဆိုတဲ့ အသံကြား လိုက်တာနဲ့ အများစုခေါင်းထောင်လာတာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာကလည်း အာဏာတည်ပြီး အရေးယူလို့မရတဲ့ ဥပဒေတွေက အများသားပေပဲကိုး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေလည်း ပြဋ္ဌာန်းပြီးရော အဲဒီလိုဥပဒေတွေ အလျှို လျှိုပေါ်ထွက်လို့လာတာပါပဲ။
အဂတိတိုက်ဖျက်ရေးအတွက်ဆို လုပ်ပိုင်ခွင့်အာဏာက အခုထက်ထိ တိုင်ပတ်နေတယ်လို့ပဲပြောရမှာပါ။ ဘာလို့လဲ ဆိုတော့ ဥပဒေကို အကြိမ်ကြိမ်ပြင်ပြီးတာတောင် အခြားတည်ဆဲဥပဒေတွေကိုသွားပြီး တိုင်ပတ်ချုပ်နှောင်ထားဆဲဖြစ်လို့ပါ။ အခု အာဏာတည်နေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေက တခြားတည်ဆဲ ဥပဒေတွေကိုသွားပြီး တိုင်ပတ်ချုပ် နှောင်ထားတော့ ဒီဥပဒေမပေါ်ခင်က အဂတိလိုက်စားမှုတွေကို ဒီဥပဒေနဲ့လည်းအရေးယူလို့မရ အခြားတည်ဆဲဥပဒေတွေ မှာပါတဲ့ အဂတိလိုက်စားသူတွေကို အရေးယူနိုင်တဲ့ ပုဒ်မတွေနဲ့လည်း အရေးယူလို့မရဖြစ်နေပါတယ်။
ဘာနဲ့အလားသဏ္ဌာန်တူလဲဆိုတော့ အဂတိတိုက်ဖျက်ရေးက လုံချည်ဝတ်ပြီး ဒစ္စကိုကနေသလိုဖြစ်နေပါတယ်။ ကနေတာက လှုပ်လှုပ်ရွရွဒိုးဒိုးဒန့်ဒန့်နဲ့ကရတဲ့ ဒစ္စကိုအက။ ဝတ်ထားတာက လုံချည်ဆိုတော့ လွတ်လွတ်လပ်လပ်ကလည်း ကချင်သေးကလိုက်ရင်လည်း လုံချည်ကွင်းသိုင်းပြီး ချုပ်နှောင်ခံထားရတော့ သေချာကပြလို့မရ အဲဒီလိုဖြစ်နေပါတယ်။
အဂတိတိုက်ဖျက်ရေးက လုံချည်ဝတ်ပြီး ဒစ္စကိုကနေသလိုဖြစ်နေတာဘာကြောင့်လဲ ဥပဒေအချင်းချင်း ဘာလို့ချည် နှောင်သလို ဖြစ်နေတာလဲဆိုတာကို ဥပဒေပြဋ္ဌာန်းခဲ့တာက အစချီလို့ အကြိမ်ကြိမ်ပြင်ဆင်ပြီး ထိရောက်မှုမရှိခဲ့တာက အလယ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ်ကို ဖွဲ့စည်းတဲ့အချိန် နောက်ကျတာကအဆုံး ဒီဇာတ်လမ်းရဲ့ စလယ်အဆုံးကို ခြုံငုံသုံးသပ်ရှင်းပြသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အဂတိလိုက်စားတာတွေကို အရေးယူဖို့ ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေဆို တာရှိခဲ့ပါတယ်။ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက်တိုက်ဖျက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သမ္မတဦးထင်ကျော်ရဲ့ အစိုးရလက်ထက်မတိုင်ခင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၃ ခုနှစ် သြဂုတ် ၇ ရက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့ပါတယ်။ ပြီးတော့ ၁၉၄၈ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေကို အဲဒီဥပဒေအရရုပ်သိမ်းခဲ့ပါတယ်။ ဥပဒေသစ်က အဟောင်းထက်ပိုပြီး အသေးစိတ်ပြဋ္ဌာန်းပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာ အခန်း၁၁ခန်းနဲ့ ပုဒ်မ ၇၃ ခုရှိပါတယ်။ လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူးတာဝန်ကိုအလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင်ကို မိမိအတွက်ပဲဖြစ်ဖြစ် အခြားသူတစ်ဦးဦးအတွက်ပဲဖြစ်ဖြစ် အဖွဲ့ အစည်းအတွက်ပဲဖြစ်ဖြစ် ပေးတာ၊ လက်ခံတာ၊ ရယူတာ၊ ရယူဖို့အားထုတ်တာတွေပြုလုပ်ရင် အဂတိလိုက်စားရာ ရောက်ပါတယ်။ ဒါ့ပြင် ကမ်းလှမ်းတာ၊ ကတိပြုတာ၊ တစ်နည်းနည်းနဲ့ ဆွေးနွေးတာတွေကလည်း အဂတိလိုက်စားရာ ရောက်ပါတယ်။ အဲဒါတွေကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ ရောပြုလုပ်လို့မရပါဘူး။ အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ ပေးသူရော လက်ခံသူရော အပြစ်ရှိပါတယ်။
နိုင်ငံရေးရာထူး လက်ရှိဖြစ်သူက အဂတိလိုက်စားရင် ၁၅နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်။ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူမဟုတ်ဘဲ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူက ကျူးလွန်ရင် ၁ဝ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်ခံရနိုင်ပါတယ်။ အဲဒီလိုလူတွေကလွဲပြီး တခြားဘယ်သူပဲဖြစ်ဖြစ် အဂတိလိုက်စားမှုကျူးလွန်ရင် ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်ခံရနိုင်ပါတယ်။ ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေက ထောင်ဒဏ် ခုနစ်နှစ်အထိပဲ ကျခံရနိုင်ပေမဲ့ ဥပဒေအသစ်က ထောင် ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
ဒီပြစ်ဒဏ်တွေကပေးသူရော လက်ခံသူပါသတိထားရမှာပါ။ အဲဒါနဲ့ပတ်သက်လို့ တချို့ကသုံးသပ်ပါတယ်။ ပေးပြီး မကျေနပ်လို့ သွားတိုင်သူက အရေးယူခံရမှာမို့ သွားတိုင်ကြမှာမဟုတ်ဘူး။ ဒီဥပဒေအရလည်း တိုင်သူမရှိဘဲ အရေးယူလို့ မရဘူးဆိုတော့ အဲဒီအချက်ကလည်း ဥပဒေရဲ့အားနည်းချက်လို့ အချို့က ဆိုပါတယ်။
ဥပဒေပြဋ္ဌာန်းချက်အပေါ် စာရေးသူအမြင်ကတော့ ပေးပြီးမှကိုယ်လိုချင်တဲ့ အကျိုးရလဒ်မခံစားရလို့ သွားတိုင်တယ် ဆိုကတည်းက အစမှာလိုလိုလားလားပေးခဲ့တာ စစ်ဆေးပေါ်ပေါက်ရင် အဲဒီလို လာဘ်ပေးသူမျိုးကတော့ အရေးယူခံရ လည်းတရားပါတယ်။ လာဘ်မပေးဘဲလည်းတိုင်လို့ရတာပါပဲ။ ဥပဒေအရကတော့ အဂတိလိုက်စားချင်သူဘက်က ကမ်းလှမ်း ရုံ၊ ဆွေးနွေးရုံနဲ့ ပြစ်မှုမြောက်ပါတယ်။ ရိုးသားတဲ့သူတွေက လာဘ်ပေးပြီး အခွင့်ထူးခံမဖြစ်ချင်ဘူးဆိုရင် အဲဒီလိုကမ်းလှမ်း ချိန်၊ ခေါ်ယူဆွေးနွေးချိန်ကတည်းက လူသက်သေဖြစ်ဖြစ်၊ အသံဖိုင်သက်သေဖြစ်ဖြစ် သက်သေတစ်ခုခုရအောင်ယူပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို သွားတိုင်လို့ရပါတယ်။ ကိုယ့်ကိုလာဘ်ပေးဖို့ ကမ်းလှမ်းတာ၊ မပေးရင်အကျိုး ပျက်စီးအောင်လုပ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ ပေးရတဲ့သူတွေက တိုင်ရင်တော့ သွားတိုင်တဲ့သူတွေကို ဥပဒေအရအရေးယူဖို့ ခက်ပါလိမ့်မယ်။
တစ်ခုတော့ရှိတာပေါ့လေ လာဘ်စားချင်သူဘက်ကခြိမ်းခြောက်လို့ ကိုယ့်ဆီက လာဘ်ငွေဖြစ်ဖြစ်၊ တံစိုးလက် ဆောင်ဖြစ်ဖြစ်တစ်ခုခုကို မတတ်သာဘဲ ပေးလိုက်ရပြီဆိုလည်း သိပ်မကြာခင်သွားတိုင်သင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ် ကလည်း အကျိုးတစ်ခုခုမျှော်ကိုးပြီး ကိုယ်လိုချင်တဲ့ အကျိုးရလဒ်မထွက်တော့မှ သွားတိုင်တယ်ဆိုရင်တော့ ပေးသူပါမရိုး သားလို့ အရေးယူခံရနိုင်ပါတယ်။ လက်ရှိ အများသုံးသပ်နေသလို သွားတိုင်ပြီဆိုတာနဲ့ ဥပဒေအရ အရေးယူခံရဖို့များနေ တယ်ဆိုတာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်လာဘ်ပေးချင်ပါတယ်ဆိုပြီး စတင်ကမ်းလှမ်းတယ်။ ဟိုကယူပြီး မလုပ်ပေး တော့မှ သွားတိုင်တာပေါ်လွင်တယ်ဆိုရင်တော့ ပေးသူရော ယူသူပါအရေးယူခံရမှာပါ။
ဥပဒေအရ လာဘ်ပေးသူ လာဘ်ယူသူသာအပြစ်ရှိတာပါ။ တိုင်သူမှာအပြစ်မရှိပါဘူး။ သူတို့ကို လာဘ်ပေးဖို့ တောင်း တဲ့ အသံဖိုင်သက်သေလို၊ ခြိမ်းခြောက်လို့ပေးရတဲ့ အသံဖိုင်အပြင် အခြားသက်သေတွေပြနိုင်ရင်သွားတိုင်သူတွေကို အရေးယူဖို့ မလွယ်ပါဘူး။ လက်ရှိအထိလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တိုင်တဲ့သူကို အရေးယူထား တာမရှိသေးပါဘူး။
အာဏာတည်နေတဲ့ အချို့ဥပဒေပုဒ်မတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေက တိုင်ပတ်ချုပ်နှောင်ထား တာ ဘာလဲဆိုတော့ အဂတိလိုက်စားမှုတွေနဲ့ပတ်သက်လို့ ဒီဥပဒေတစ်ခုတည်းနဲ့ပဲ အရေးယူဆောင်ရွက်လို့ရပြီး တခြား ဘယ်ဥပဒေနဲ့မှ အရေးယူလို့မရတဲ့အချက်ပါ။
အဂတိလိုက်စားတာတွေ၊ အဲဒါနဲ့ ကြွယ်ဝချမ်းသာလာတာတွေ၊ အဲဒါနဲ့ဆိုင်တဲ့ ငွေကြေးနဲ့ပစ္စည်းတွေကို စုံစမ်းစစ် ဆေးအရေးယူတာတွေနဲ့ပတ်သက်ပြီး တခြားတည် ဆဲဥပဒေတစ်ရပ်ရပ်မှာ ဘယ်လိုပဲပါပါ ဒီဥပဒေအရပဲ အရေးယူရမယ် ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၈မှာ ဆိုပါတယ်။
အဂတိလိုက်စားမှုတွေကို အရေးယူလို့ရအောင် ပြဋ္ဌာန်းထားတဲ့အချက်တွေပါဝင်တာ အဂတိလိုက်စားမှုတိုက်ဖျက် ရေး ဥပဒေအပြင် အခြားတည်ဆဲဥပဒေတွေရှိ နေပါသေးတယ်။ အဲဒီဥပဒေတွေက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဥပဒေပုဒ်မ ၃၃ ပုဒ်မ ၃၈၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(က)၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၈(က)၊ ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၇(ဇ)၊ ၁၉၉၂ ခုနှစ်သစ် တော ဥပဒေပုဒ်မ ၄၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၆၂ မှ ၁၆၅ အထိ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၇နဲ့ ပုဒ်မ ၅၈ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၇နဲ့ ပုဒ်မ ၅၈ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၇ နဲ့ ပုဒ်မ ၅၈တို့ပဲဖြစ်ပါတယ်။ အဲဒီပုဒ်မတွေထဲမှာ အများစုက ထောင်ဒဏ် တစ်နှစ်ကနေ ၁ဝ နှစ်အတွင်း ပြစ်ဒဏ်ချမှတ်လို့ ရတဲ့ပုဒ်မတွေပါပါတယ်။
အဲဒီပုဒ်မတွေက အဂတိလိုက်စားတာတွေနဲ့ဆက်နွှယ်ပြီး အရေးယူလို့ရအောင် ပြဋ္ဌာန်းပေးထားပေမဲ့ အဂတိလိုက် စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၈ အရ အဂတိလိုက်စားမှုမှန်သမျှကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရပဲ အရေးယူလို့ရမှာ ဖြစ်ပါတယ်။
‘မည်သည့် ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့်မရှိစေရ’လို့ ပြဋ္ဌာန်း ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃ ရယ်၊ အဲဒီလိုပဲ ‘ဥပဒေတစ်ရပ်ရပ်တွင် နောက်ကြောင်းပြန်၍ အာဏာသက်ရောက် မှုရှိစေရမည်ဟု အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိလျှင် ယင်းဥပဒေသည် နောက်ကြောင်းပြန် အာဏာသက်ရောက်မှု မရှိ စေရ။ သို့ရာတွင် မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုမရှိစေရ’လို့ ပြဋ္ဌာန်းထားတဲ့ စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (င)ရယ် အဲဒီပြဋ္ဌာန်းချက်တွေအရ အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေက နောက်ကြောင်းပြန်အာဏာ သက်ရောက်လို့မရတာကြောင့် ဒီဥပဒေမပေါ်ခင်က အဂတိလိုက်စားမှုတွေ ကို ဒီဥပဒေအပါအဝင် အခြားဘယ်ဥပဒေနဲ့မှ အရေးယူလို့မရတော့တာဖြစ်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ စပြင်ဆင်တုန်းက လာဘ်ပေးလာဘ် ယူမှုဆိုတဲ့ စကားလုံးနေရာမှာ အဂတိလိုက်စားမှုဆိုတဲ့ စကားလုံးနဲ့အစားထိုးတာ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဆင့်၊ အဖွဲ့ဝင်တွေနဲ့ အတွင်းရေးမှူးကို ဒုတိယဝန်ကြီး အဆင့်သတ်မှတ်လိုက်ပြီး ရာထူးခံစားခွင့် အဆောင်အယောင်တွေ သတ်မှတ်တာ စတာတွေကို ပြင်ဆင်ခဲ့ပါတယ်။
၂ဝ၁၆ ခုနှစ် ဇူလိုင်၂၉ရက်မှာ ဒုတိယ အကြိမ်ပြင်တဲ့အချိန်မှာ ‘အဖွဲ့ဝင်ငါးဦးစီကို’ဆိုတဲ့စကားရပ်ကို ‘ငါးဦးစီထက်မပို သော အရေအတွက်တူညီသည့် အဖွဲ့ဝင်များကို’ ဆိုတဲ့စကားရပ်နဲ့အစားထိုးခဲ့ပါတယ်။ ပြီးတော့ ‘ရွေးချယ်ထားသည့် အဖွဲ့ဝင် စုစုပေါင်း ၁၅ဦး၏’ ဆိုတဲ့စကားရပ်ကို ‘ရွေးချယ်ထားသည့် အဖွဲ့ဝင်များ၏’ဆိုတဲ့ စကားရပ်နဲ့ အသီးသီးအစားထိုး ပြင်ဆင်ခဲ့ပါ တယ်။
အလားတူပဲ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင် ချိန်မှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (ခ)မှာပါတဲ့ ‘အသက် ၇ဝ နှစ်ထက်မကြီးသူ’ဆိုတဲ့စကား ရပ်ကို ‘အသက် ၇၅ နှစ်ထက်မကြီးသူ’ဆိုတဲ့ စကားရပ်နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။
ပထမအကြိမ်ပြင်တုန်းကတော့အခေါ်အဝေါ်နဲ့ ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်တွေရဲ့ ရာထူးအဆင့်အတန်းကို သေချာ သတ်မှတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ပြင်တာပေါ်လွင်ပါတယ်။ ဒုတိယအကြိမ်ပြင်ချိန်မှာတော့ ကော်မရှင်အဖွဲ့ဝင်၁၅ဦးဆိုတဲ့ အရေအတွက်ကို လျှော့ချချင်လို့ပြင်တယ်လို့ယူဆပါတယ်။ တတိယအကြိမ်ပြင်ဆင်ချိန်မှာတော့ အစိုးရသစ်လက်ထက် အသစ်ခန့်အပ်ချင်တဲ့ ကော်မရှင်အဖွဲ့ဝင်တွေက အသက် ၇ဝ ကျော်သူတွေပါနေလို့ပဲဖြစ်ဖြစ်၊ အသက် ၇ဝအထိပဲဆို လူရွေး ရတာခက် နေလို့ပဲဖြစ်ဖြစ် ပြင်ဆင်တယ်လို့ ယူဆပါတယ်။
ပြင်ဆင်တာတော့ သုံးကြိမ်ရှိပါပြီ။ ဒါပေမဲ့ အခြားပြင်သင့်တာတွေက ကျန်ပါသေးတယ်။ ဥပမာအနေနဲ့ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၇မှာ ဥပဒေအာဏာမတည်မီက ပြစ်မှုတွေကို တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူရမယ်လို့ ပြဋ္ဌာန်းပေးထားပါတယ်။
အဲဒါကိုနမူနာယူပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအာဏာမတည်မီက ပြစ်မှုတွေကို ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေအပါအဝင် အခြားတည်ဆဲသက်ဆိုင်တဲ့ဥပဒေတွေနဲ့အရေး ယူရမယ်ဆိုတဲ့ အချက်မျိုး ထည့်သွင်းပြင်ဆင်သင့်ပါတယ်။ ဒါမှမဟုတ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၈မှာ ပြဋ္ဌာန်းထားတဲ့ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်မှာ မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေအရသာလျှင် အရေး ယူရမည်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ပြင်ဆင်သင့်ပါတယ်။
အဲဒါဆိုရင် လက်ရှိဥပဒေအာဏာ မတည်ခင်က အဂတိလိုက်စားမှုတွေကို ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှုတား မြစ်ရေး အက်ဥပဒေအပါအဝင် အခြားတည်ဆဲ သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ အရေးယူနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင် လုံချည် ဝတ်ပြီး ဒစ္စကိုကတဲ့ အဂတိတိုက်ဖျက်ရေး မဖြစ်တော့ဘူးပေါ့။ ဒစ္စကိုကဖို့ လုံချည်ကိုဖယ်ပြီး အခြားသင့်တော်တဲ့ အဝတ် အစားတွေဝတ်လိုက်တော့ လွတ်လွတ်လပ်လပ်ကလို့ရပြီပေါ့။ ဒါ့ပြင် မြန်မာနိုင်ငံမှာ အာဏာတည်ပြီး အရေးယူလို့မရတဲ့ ဥပဒေတွေလည်း အလိုလို အသက်ပြန်ဝင်လာမှာပေါ့။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်အဖွဲ့အကြောင်းကိုပါ တစ်ဆက်တည်းပြောချင်တာရှိပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့သစ်ကို ပြန်ဖွဲ့ဖို့ အဖွဲ့ဝင် အသစ်တွေရဲ့လူစာရင်းကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလရောက်မှ လွှတ်တော်ကိုတင်နိုင်ခဲ့ပါတယ်။ အမှန်က သမ္မတဟောင်းဦးသိန်း စိန်အစိုးရတာဝန်ပြီးဆုံး လို့ လက်ရှိသမ္မတ ကြီးဦးထင်ကျော် အစိုးရတက်လာတဲ့ အစိုးရအပြောင်းအလဲကာလ ၂ဝ၁၆ ခုနှစ် ဧပြီနဲ့ မေ အဲဒီဝန်းကျင် အချိန်ကတည်းက တစ်ခါတည်းဖွဲ့ရမှာပါ။ ကော်မရှင်အဖွဲ့ ဟောင်းသက်တမ်းက ဦးသိန်းစိန်အစိုးရသက်တမ်းကုန်ချိန် ကတည်းက သူ့သက်တမ်းလည်းကုန်နေပါပြီ။ ဒါပေမဲ့ ဥပဒေအရ ကော်မရှင်အဖွဲ့သစ်ရောက်ချိန်အထိ အဖွဲ့ဟောင်းက လုပ်ငန်းတာဝန်တွေကို ဆက်လက်ဆောင်ရွက်ရမယ်လို့ ဥပဒေမှာပါနေတာကြောင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော် မရှင်အဖွဲ့သစ်ကို မဖွဲ့သေးဘဲ အချိန်ဆွဲလို့ရခဲ့တာဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့သစ်ရဲ့ လုပ်ဆောင်ချက်တွေကို မကြာမီမြင်တွေ့ ရတော့မှာဖြစ်သလို အားနည်းချက်တွေရှိနေသေးတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကလည်း ပြင်ကိုပြင်ဆင်သင့်ပါ တယ်။ ဒါမှလည်း လုံချည်ဝတ်ပြီး ဒစ္စကိုကတဲ့ အဂတိတိုက်ဖျက်ရေးစနစ်ကို ပြုပြင်နိုင်မှာပါလို့ အပြုသဘောဆောင် သုံးသပ်အကြံပြုလိုက်ပါရစေ။
သာဓက