“လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် ဗမာနိုင်ငံအတွက်ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွန်ချက်နှင့် ပြဋ္ဌာန်းချက်”

တောင်တန်းဒေသများနှင့် ကရင်နီနယ်များ အပါအ၀င်ဖြစ်သော ဗမာနိုင်ငံသူ နိုင်ငံသားတို့၏ ကိုယ်စား လှယ်များသည် တိုင်းသူပြည်သားတို့၏အာသီသဆန်္ဒနှင့်လျော်ညီစွာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ  အခြေခံဥပဒေ ကို စီစဉ်ရေးဆွဲရန်အလို့ငှာ စုံညီစုဝေးကြလျက် အောက်ပါပြဋ္ဌာန်းချက်များကို ချမှတ်ကြောင်း။

(၁) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဗမာပြည်ထောင်စုနိုင်ငံဟုခေါ်တွင်စေသော လွတ်လပ် သည့်သည့်အချုပ်အခြာ  အာဏာပိုင် သမ်္မတနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်စေရမည်။

(၂) ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ် ရေးအာဏာရရှိစေရမည်။ ထို့အပြင်-

(၃) အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ်္မတဗမာနိုင်ငံတော်နှင့်တကွ အပါအ၀င်ဖြစ်သည့် ပြည်နယ်များနှင့်အစိုး ရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်။ ထို့အပြင်-

(၄) ပြည်ထောင်စုနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေး ရာ၌လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း တရားမျှတမှုရှိစေလျက် အဆင့်အတန်း အခွင့်အရေး ဥပဒေ သက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိပကတိတူညီစေရမည့်အပြင် တရားဥပဒေနှင့်သော်လည်းကောင်း၊ အ များပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှလွတ်လပ်စွာကြံ စည်ပိုင်ခွင့်၊ လွတ်လပ်စွာထုတ် ဖော်ပြောဆိုနိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ၀တ်ပြုခွင့်၊ ပရယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်  အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။ ထို့အပြင်-

(၅) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်လူနည်းစုများအဖို့ လုံလောက်သောကာကွယ်ချက်များ ထည့်သွင်းပြ ဋ္ဌာန်းထားရှိရမည်။ ထို့အပြင်-

(၆) လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ်္မတဗမာနိုင်ငံ၏နယ်မြေတို့ တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကိုလည်းကောင်း၊ နိုင်ငံ၏ ကြည်း, ရေ, လေ တို့ကို အချုပ်အခြာစိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကို လည်း ကောင်း၊ တရားဓမ်္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရထိန်းစောင့် ထားရှိစေရမည်။ ထို့အပြင်-

(၇) ရာဇ၀င်တွင်ထင်ရှားခဲ့သော ဤဗမာနိုင်ငံတော်သည် ကမ္ဘာတွင်မိမိဂုဏ် ကျက်သရေနှင့်လျော်စွာ ရသင့်ရထိုက်သော  အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင်  လူသတ္တ၀ါတို့၏ တိုးတက်ရေးနှင့် ကောင်း ကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက်စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင် အချင်းချင်းဆိုင် ရာတရားဓမ္မနှင့် ကျင့်ဝတ်သိက်္ခာကို အခြေခံပြု၍ကမ်္ဘာ့ငြိမ်းချမ်းရေးရှေးရှုလျက် နိုင်ငံတကာ တို့နှင့် မိတ်ဝတ်မပျက် တွဲဖက်ပူး ပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသောအဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။

သည်အဆိုကို ကျွန်တော်တို့တင်သွင်းရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ အနယ်နယ်အရပ် ရပ်က လူမျိုးစုံကိုယ် စားလှယ်တို့ အစရှိသည်အားဖြင့်လာရောက် စုဝေးပြီးတော့ တိုင်းပြုပြည်ပြုလွှတ်တော်ဆို ပြီး ကျွန်တော်တို့ဖွဲ့စည်းပြီးနောက် ဗမာပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲဖို့ဆိုပြီး ဒီလွှတ် တော်မှာ တာဝန်ကျလာပါတယ်။

ယခုလာပြီးဆွေးနွေးကြတဲ့အခါမှာ  ဘယ်လိုအခြေခံဥပဒေကို ရေးဆွဲမှာလဲဆိုတာကို ပထမဦးစွာသိ ထား ဖို့လိုပါမယ်။ ဒီလို အခြေခံအချက်အလက်ဆိုပြီး မသိဘဲနှင့် ကျွန်တော်တို့ရှေ့ဆက်လက်ပြီး ဗမာပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲမယ်ဆိုလို့ရှိရင် တစ်ယောက်တစ်ပေါက်ဆိုတဲ့ သဘောမျိုးဖြစ်ပြီး ဘာမျှအခြေခံမရှိဘူး၊  လမ်းစဉ်မရှိဘူး၊ လမ်းစဉ်ညွန်ပြထားခြင်း မရှိဖြစ်ပြီးတော့ကာ လိုချင်ရာကိုအမြန်ရမှာ မဟုတ်ဘူး။ ယခုကျွန်တော်တို့ တင်သွင်းတဲ့အဆိုဟာ Directive Resolution နောက် ဒီအစည်းအဝေးမှာပဲခန့်ရ မည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲတဲ့ အဖွဲ့အသီးသီးကို လမ်းညွှန်အမှာသဖွယ်ဖြစ်တဲ့ အဆိုသာ ဖြစ်တယ်။ အဲဒီကော်မတီအသီးသီးတွေက ဆက်လက်ပြီး ဗမာပြည်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ ဘာတွေထည့်သွင်းတယ်ဆိုတာ အသေးစိတ်အားဖြင့်သော်လည်းကောင်း၊ မူအားဖြင့်သော်လည်းကောင်း သေသေချာချာ ဆွေးနွေးနိုင်တဲ့အခါ အခြေခံအားဖြင့် ဘယ်အပေါ်မှာ “မူ’’ထားပြီးဆွေးနွေးရမည်ဆိုတာ သိထား မှ ဖြစ်နိုင်ပါလိမ့်မည်။ တစ်ဦးနှင့်တစ်ဦးသိ ရှိထားတာချင်း မတူလို့ရှိရင် ကျွန်တော်တို့ ကော်မတီတွေလုပ်ရမည့် လုပ်ငန်းတွေဟာ အင် မတန်အခက်အခဲတွေကို တွေ့စရာရှိပါလိမ့်မယ်။ အဲဒီတော့ အခြေခံသဘောအား ဖြင့်  လမ်းပြတဲ့လမ်းညွှန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို တိုင်းပြုပြည်ပြုလွှတ်တော်ကပင် ပထမဦးစွာဆုံးဖြတ်ရန် လိုပါ လိမ့်မည်။ အဲဒီလို လမ်းညွှန်တဲ့ဆုံးဖြတ်ချက်ရပြီးမှ ကော်မတီ တွေဖွဲ့စည်းပြီးအလုပ်ကို ဆက်လုပ်ရပါလိမ့်မည်။ ဒီလိုမှ မဟုတ်လျှင် တချို့ကော်မတီတွေက“သမ္မတ”စနစ်အရ သဘောမျိုးနှင့် ဆွေးနွေးချင် ဆွေးနွေးသွား မည်။ တချို့ကလည်း“ရှင်ဘုရင်”စနစ်အရ ဆွေးနွေးချင် ဆွေးနွေးမည်၊ နောက်ပြီးတော့“ပြည်ထောင်စုနိုင်ငံ”သဘောကိုလက်ခံသူ တွေက လက်ခံ၊ လက်မခံသူတွေက သူတို့ သဘောအတိုင်း လုပ်ဆိုသလိုဖြစ်လျှင် အဖွဲ့ အမျိုးမျိုးက တိုင်းပြုပြည်ပြုလွှတ်တော်မှာ ပြန်အစီရင်ခံတဲ့အခါမှာ ဆက်စပ်လို့မရနိုင်တဲ့ အစီရင်ခံ စာအမျိုးမျိုး ကို ကျွန်တော်တို့ဘယ်လိုမှဆက်ပြီးဆုံးဖြတ်တတ်မှာ မဟုတ်ဘူး။ ဒါကြောင့် အခြေခံမူကို ပြဋ္ဌာန်းပြီးမှသာလျှင်  ရှေ့ဆက်လက်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို စီမံဖန်တီးလို့ ရနိုင်ပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ အခြေခံလိုတဲ့အတွက် ဒီလွှတ်တော်တွင် ဒီအဆိုကိုတင်သွင်းရခြင်း ပဲဖြစ်ပါတယ်။ ဒီအဆိုကို ကျွန်တော်ပဲစဉ်း စဉ်းစားစားရေးဆွဲပြီး တင်သွင်းထားပါတယ်။ မူလပထမတုန်းက ကျွန်တော်တင်သွင်းရ မည့်အဆိုဟာ ဖဆပလ ပဏာမညီလာခံတုန်းက ဆုံးဖြတ်ခဲ့တဲ့ အဆိုပဲဖြစ်ပါတယ်။

သို့သော်လည်း ဒီအဆိုကိုဖတ်ကြည့်တဲ့အခါ ပြင်စရာလိုနေတဲ့ အချက်အလက်တွေကို တွေ့ရပါတယ်။ ဖဆပလညီလာခံတုန်းက ဆုံးဖြတ်ခဲ့တဲ့ အဆိုတွေနဲ့ပတ်သက်လို့တိုင်း ပြုပြည်ပြုလွှတ်တော်ကနေပြီးတော့ ရိုက်ပေး ထားတဲ့ စာအုပ်ရှိပါတယ်။ အဲဒီအထဲမှာ ကြည့်မယ်ဆိုလို့ရှိရင် တွေ့ရပါလိမ့်မယ်။ အဲဒီဆုံးဖြတ်ချက်ကို ကျွန်တော်ပြင်ဆင်ထားပါတယ်။ ပြင်ထားတုန်းကတော့နိဒါန်းစကားချီးမှာ တောင်တန်းဒေသများနှင့် ကရင်နီ နယ်များအပါအ၀င်ဖြစ်သော ဗမာနိုင်ငံတော်သူနိုင်ငံသားတို့၏ ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသဆန္ဒနှင့်လျော်ညီစွာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စီစဉ်ရေးဆွဲရန်အလို့ငှာ စုံညီစုဝေး ကြရုံလောက်ကလွဲပြီး အခြား သဘောမပါဝင်အောင် ပြင်ဆင်ထားပါတယ်။

ယခု State ဆိုတဲ့ နိုင်ငံတော်ကြီးကို ကျွန်တော်တို့ ဗမာပြည်မှာ မဖွဲ့စည်းမိကြသေးပါဘူး။ အဲဒီတော့ ဒီဖွဲ့ စည်းမည့် နိုင်ငံတော်ထဲမှာ ဘယ်နယ်တွေဘယ်နယ်တွေပါမည်ဆိုတာကို ကျွန်တော်ကျကျနန သတ်မှတ်ပြီး သား မဖြစ်နိုင်သေးပါဘူး။ ယခုကျွန်တော်တို့ ဆွေးနွေးရန်အချက်က “နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် ပြည်ထောင်စုဗမာနိုင်ငံဟုခေါ်တွင်စေသော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်စေရ မည်’’ ဆိုတဲ့အချက်ကိုသာ ဆွေးနွေးရန်ဖြစ်ပါသည်။

မြန်မာပြည်ထောင်စုနိုင်ငံတော်ဆိုတာကို ကျွန်တော်အထူးရှင်းပြနေစရာ မလိုပါဘူး။ နိုင်ငံတော်ကိုပြည် ထောင်တွေစုထား မည်ဆိုတဲ့သဘောလောက်ပါပဲ။ ပြည်ထောင်စုနိုင်ငံတော်ဆိုကတည်းက ကျွန်တော်တို့ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ”Unitary Constitution” လူတစ်မျိုးတည်းဆိုတဲ့ နိုင်ငံမျိုးမဟုတ်ဘဲနဲ့ လူမျိုး ပေါင်းစုံ ပြည်ထောင်စုနိုင်ငံဆိုတဲ့ အဓိပ္ပာယ်ရောက်သွားပါတယ်။ အဲဒီတော့ ကျွန်တော်ကနေပြီးတော့ ပြည် ထောင်စုနိုင်ငံတော်အဖြစ် ဖွဲ့စည်းအပ်တယ်လို့ အဆိုတင်သွင်းတဲ့ကိစ္စမှာယခုကြွရောက်လာကြတဲ့ အမတ်မင်း များက ဗမာနိုင်ငံတော်ကို ဒီလိုပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ်နှင့် ဖွဲ့စည်းအပ်တယ်လို့ဆိုတဲ့ အခြေခံမူဟာ သင့်,မသင့်ကို ဒီလွှတ်တော်ကြီးက စဉ်းစားဖို့ပါပဲ။

ကျွန်တော်တို့ အခုဖြစ်နေတဲ့ ဗမာပြည်ရဲ့အခြေအနေတွေကို ထောက်လို့ကြည့်လျှင် ကျွန်တော်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံအ ဖြစ်နှင့် ဖွဲ့စည်းတည်ထောင်မှသာလျှင် သင့်တင့်လျော်လျောက်ပတ်ပါလိမ့်မည်လို့ ယူဆ တဲ့အတိုင်း ဒီအခြေခံသဘောကို ဒီအဆိုထဲမှာ ထည့်သွင်းပြီး ဒီလွှတ်တော်ကြီးမှာ တင်သွင်းခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတော်ဆိုသည်မှာ တင်ပြထားခြင်းအားဖြင့် ယခု ဒီတိုင်းပြုပြည်ပြု လွှတ်တော်မှာကြွရောက် လာကြတဲ့ တောင်တန်းဒေသများက ကိုယ်စားလှယ်အမတ်မင်းများက ပါဝင်ပြီးသား ဖြစ်သွားမည်လားဆိုပြီး သံသဃရှိနေ တယ်လို့ ကျွန်တော်သိရပါတယ်။

အဲဒီတော့ ဒီကိစ်္စနှင့်ပတ်သက်လို့ ကျွန်တော် တိတိလင်းလင်းပဲရှင်းချင်တာကတော့ ဗမာပြည်ထောင်စုနိုင်ငံ လို့ခေါ်တွင်ဖို့ဆိုပြီးတော့ ဒီအဆိုထဲမှာတင်ပြထားပေမယ့် ဒီပြည်ထောင်စုနိုင်ငံထဲမှာ ဘယ်နယ်တွေပါလို့ ဘယ်နယ်တွေပါရမည်လို့ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။ ဒီတော့ တောင်တန်းဒေသကနေပြီးတော့ တက် ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေဟာ ဒီကိစ်္စနှင့်ပတ်သက်ပြီး စိုးရိမ်စရာအလျှင်း မရှိပါဘူး။ ဒီပြည်ထောင်စု နိုင်ငံတော်ထဲမှာ ကိုယ်ပါချင်မှ ကိုယ့်နယ်ဆိုင်ရာမှနေပြီးတော့ ပါချင်မှပါနိုင်တာပဲ။ ဒီတိုင်းပြုပြည် ပြုလွှတ်တော် မဖွဲ့စည်းမီအခါမှာ တိုင်းပြည်ပြုလွှတ်တော်ဖွဲ့စည်းရန်အလို့ငှာ ကျွန်တော်တို့သဘောတူညီချက်တွေ စာချုပ် အမျိုးမျိုးချုပ်တဲ့အခါတုန်းက တောင်တန်းဒေသဆိုင် ရာစုံစမ်းရေးအဖွဲ့ အစီရင်ခံစာမှ ထောက်ခံချက်များကို ကျွန်တော်တို့လက်ခံလာရသည့် အတိုင်းဖြစ်စေ အဲဒီလိုလက်ခံထားသည့် သဘောတွင်သာမကဘဲ Not Only The letter of agreement ဒီစာသဘောကို ကျွန်တော်တို့ သဘောတူညီလာခဲ့သည် တွင်သာမကဘဲ ကျွန် တော်တို့အဖို့မှာဆိုလို့ရှိရင် The sprit of agreementသဘောတူညီလာခဲ့တဲ့ တကယ့်အရင်းခံသဘောတရား ကိုလက်ခံပြီးတော့ ဒီအတိုင်းသာ ဒီတိုင်းပြုပြည်ပြုလွှတ်တော်မှာ လုပ်မှာပါပဲဆိုတာ တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်များ တိတိလင်းလင်းနားလည်စေချင်ပါတယ်။ ကျွန်တော်တို့ပေးပြီးသား ကတိ၊ နားလည်ပြီးသား သဘောတူညီချက်တွေကိုနယ်ချဲ့သမားလို ကျွန်တော်တို့ ဖောက်ဖျက်ခြင်း မလုပ်ပါဘူး။ အဲဒီလိုပေး ပြီးသားက တိနှင့် နားလည်ပြီးသားသဘောတူညီချက်တွေကို ဖောက်ဖျက်မည်လားလို့ သံသယရှိတဲ့သူတွေဟာ ဥက်္ကဋ္ဌခွင့် ပြုချက်အရပြောရရင် ကျွန်တော်တို့ရဲ့ Sense of honour, sense ofself-repect, Sense of pride  တို့ကိုစော် ကားတယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲဒီတော့ ကျွန်တော်တို့ပေးပြီးသားကတိ၊ နားလည်ပြီးသား သဘော တူညီချက်တွေကို တောင်တန်းနယ် ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ပြုလွှတ် တော်ထဲရောက်လာတဲ့အခါ သေသေချာချာ နားလည်စေချင်တာက ဘယ်နည်းနဲ့မျှ ကျွန်တော်တို့ ဗမာလူမျိုးစုဖြစ်တဲ့သူတွေဟာ ခင်ဗျားတို့ ကိုအတင်းအားဖြင့် ကျွန်တော်တို့ ပြည်ထောင်စုထဲမှာမသွင်းပါဘူး။ သဘောမတူနိုင်ဘဲ မနေနိုင်တဲ့အခြေအနေ မျိုးကို လက်တစ်လုံးခြား လိမ်တဲ့နည်းနဲ့လည်း ကျွန်တော်တို့မလုပ်ပါဘူးဆိုတာ အတိအလင်း နားလည်စေချင်ပါ တယ်။ (သြဘာသံများ)

ဒီနေရာမှာ ကျွန်တော်ထပ်ရှင်းချင်တာက တစ်နေ့တုန်းက ကျွန်တော်တို့ဆီကို စာတစ်စောင်ရောက်လာ ပါတယ်။ အမှန်စင်စစ်က ကျွန်တျော်တို့တောင်တန်းနယ် ကိုယ်စားလှယ်များက ပြောလို့လား၊ ဒီလိုမှ မဟုတ်ရင်လည်း တောင်တန်းနယ်ဆိုင်ရာဌာန ညွှန်ကြားရေးမှူးဝန်က သူ့ဘာသာ အနေချည်း မြင်းကမလှုပ် ခုံကလှုပ်တာလား၊ ဒါတော့ ကျွန်တော်မပြောတတ်ဘူး။ သို့သော်လည်း တစ်ဆင့်ကနေပြီးတော့ တောင်တန်း နယ်ဒေသဆိုင်ရာ ကိစ်္စတွေနဲ့ပတ်သက်ပြီး တိုင်းပြည်ပြုလွှတ်တော်မှာ ဆွေးနွေးတဲ့အခါမှာ အင်မတန်စိုးရိမ် ကြောင့်ကြနေတဲ့အကြောင်း စာတစ်စောင်ရပါတယ်။ ဒီတိုင်းပြည်ပြုလွှတ်တော်ရုံးကလည်းရသလား မပြော တတ်ဘူး။

အဲဒီစာထဲမှာဘာပါလဲဆိုရင် ကျွန်တော်မှတ်မိသလောက်ပြောရရင် တောင်တန်းနယ်ဆိုင်ရာကိစ္စအရပ်ရပ် ကို ဒီတိုင်းပြု ပြည်ပြုလွှတ်တော်ကနေပြီးတော့ ဆုံးဖြတ်တဲ့အခါမှာ ဆိုင်ရာဆိုင်ရာနယ်ရဲ့ ကိုယ်စားလှယ်များ စုရုံးသဘောတူညီချက်မရဘဲနှင့် တိုင်းပြည်ပြုလွှတ်တော်ကနေပြီး မဆုံးဖြတ်နိုင်ဘူးဆိုတာ ကျွန်တော်တို့တောင် တန်း နယ်စုံစမ်းရေးအဖွဲ့တုန်းက ထောက်ခံချက်ပေးခဲ့ပါတယ်။ အဲဒါလည်း အမှန်စင်စစ် ကျွန်တော်တို့ အကြံပေး ခဲ့တဲ့အတိုင်းထည့်ခြင်းဖြစ်ပါတယ်။ အဲဒီမှာဆိုရင် ကိုယ်စားလှယ် တွေအချင်းချင်းပဲ လူနည်းစု၊ လူများစုမဖြစ် ဘဲနှင့် သဘောထားကွဲလွဲတဲ့နေရာမှာ ညီတူမျှတူ သဘောထားကွဲလွဲနေကြလျှင် ဘယ်လိုနည်းနဲ့ တိုင်းပြည်ပြု လွှတ်တော်ကနေပြီး ဆုံးဖြတ်မလဲဆိုတဲ့ မေခွန်းကို တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်တွေ ဒီဟာကို လာမမေးကြဘူး။ သို့သော်လည်း မဆိုင်တဲ့ တောင်တန်းနယ် ဆိုင်ရာဌာနညွှန် ကြားရေးဝန်ကနေပြီး နှိုးဆော် ချက်အရ ဘုရင်ခံမင်းကြီးကနေပြီး စိတ်ပူပြီးမေးတယ်။ ကျွန်တော့်သဘောမှာ ဒါဟာ နည်းလမ်းစည်းကမ်း မမှန်ဘူးလို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုရင် ယခုပြောဆိုနေခြင်းဟာ လည်း တောင်တန်းနယ်ဆိုင်ရာ ကိုယ်စား လှယ်များကနေပြီးတော့ အင်္ဂလိပ်သွားကပ်တယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ သို့သော်လည်း ဒီတိုင်းပြည်ပြု လွှတ်တော်က နေပြီးဆုံးဖြတ်တဲ့ကိစ်္စမှာ အင်္ဂလိပ်အကာအကွယ်ကို ငါတော့ယူမှ ချမ်းသာမယ်လို့ထင်လျှင် ကျွန်တော်ရှင်းရှင်းပဲပြောချင်ပါတယ် အင်္ဂလိပ်ဟာ အမှန်စင်စစ် အနှေးနဲ့အမြန် သူ့လက် အောက်ခံတိုင်းနိုင်ငံ တွေက ထွက်သွားရတော့မှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ဖြစ်နေပြီး ကမ်္ဘာ့အလားအလာကြီးထဲမှာ ဒီလို စိတ်ထား သူတွေဟာ ကိုးကွယ်ရာဘယ် နည်းနဲ့မျှ ရှိနိုင်မည် မဟုတ်ဘူးဆိုတာကို ကျွန်တော်သတိပေးလိုပါတယ်။

အဲဒီတော့ ကျွန်တော်တို့တိုင်းပြည်ပြု လွှတ်တော်အကြောင်းပြောရရင် ဘယ်အင်္ဂလိပ်အကူအညီနဲ့မျှ ဒီတိုင်းပြည်ပြုလွှတ်တော်ကိုလာပြီးတော့ သြဇာမပေးနိုင်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒီတိုင်းပြည်ပြုလွှတ်တော် မှာ တောင်တန်းနယ်ဆိုင်ရာကိစ်္စတွေကို စဉ်းစားဆွေးနွေးတဲ့အခါမှာ ခင်ဗျားတို့သက်ဆိုင်ရာ တောင်တန်းနယ် ကိုယ်စားလှယ်အချင်းချင်း ဘယ်သူ့ဘယ်သူမှ မဲမသာဘဲနှင့် တူနေကြတယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ထဲမှာ ဖဆပလအမတ်များဆုံးဖြတ်တဲ့အတိုင်း အများဆုံးအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်နှင့် ကျွန်တော်တိတိ လင်းလင်း ပြောလိုတာက ခင်ဗျားတို့အချင်းချင်းဘယ် သူ့ဘယ်သူမှ မဲမသာဘဲနှင့် မဲပြိုင်နေကြတဲ့အခါမှာ ကျွန်တော် တို့ ဒီတိုင်းပြည်ပြုလွှတ် တော်ကနေပြီးတော့ အတင်းဖိပြီးတော့ မဆုံးဖြတ်စေပါဘူးဆိုတာကို ကျွန်တော်ကတိ ပေးပါတယ်။ (သြဘာသံများ)

အဲဒီတော့ တောင်တန်းနယ်ဆိုင်ရာ ကိစ်္စနှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ စေတနာဟာ အင်မတန်ရှင်း ရှင်းထားပါတယ်။ ကျွန်တော်တို့တင်သွင်းတဲ့ အဆိုပြီး တဲ့နောက် ဆက်လက်ပြီးတော့ကာ ပြည်ထောင်စုဖွဲ့စည်း တဲ့နေရာမှာ ပြည်ထောင်စု ထဲပါချင်တဲ့ ပြည်နယ်တွေဟာ ဘယ်လိုအချက်အလက်တွေ၊ ဘယ်လိုအခွင့်အရေး တွေ၊ ဘယ်လိုအခြေခံတွေ အဲဒီလိုအချက်အ လက်တွေအရ စုပေါင်းသင့်တယ်ဆိုတဲ့ကိစ္စတွေ ဆွေးနွေးတဲ့ အခါမှာ ကျွန်တော်တို့တင် သွင်းတဲ့အကြံဥာဏ်တွေဒါတွေကို သဘောမကျလို့ရှိရင် သဘောမကျတဲ့အတိုင်း တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်တွေဟာသဘောရှိ ဗမာပြည်နှင့်မပေါင်းဘဲနေချင်နေနိုင်တယ်။ ဒါကျွန် တော် ယနေ့တိုင်းပြည်ပြု လွှတ်တော်ထဲမှာ ဒီစကားကိုပြောခြင်းပဲ။ ကျွန်တော်တို့စေတနာကို ဘယ် လောက်ထိ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားထား တယ်ဆိုတာကို သိစေချင်လို့ ပြောဆိုခြင်း ဖြစ်ပါတယ်။ နောက်ပြီး တော့တစ်ချက် ဒီလိုခင်ဗျားတို့ သဘောမတူလို့ရှိရင် မပါချင်နေ လို့ပြောတဲ့နေရာမှာလည်း နယ်ချဲ့သမားတွေကို တစ်ဖက်ကနေပြီးတော့ မပါချင်နေ ကွာဆိုပြီးတော့ မပါဘူးလို့ထင်တဲ့အခါကျတော့ တစ်ဖက်က၀င်ပြီးတော့မရှုပ် တော့ဘူး။ သို့သော်ကျွန်တော်တို့ အမြင်တော့ရှိတယ်။ ဘယ်နိုင်ငံ ဘယ်နယ်မှာဖြစ်ဖြစ် ယခုခေတ်မှာ ဒီတိုင်း နိုင်ငံမှာ ဒီကမ္ဘာကြီးမှာဖြစ်နေတဲ့ ၀ါဒနှင့် ကမ္ဘာကြီးမှာဖြစ်နေတဲ့ အရေးကိစ်္စတွေရဲ့ ဂယက်အရိုက်ကိုမခံရတဲ့ နယ်ဆိုတာ ရှိမှာမဟုတ်ဘူး။ ဒီမိုကရေစီဝါဒ၊ ဒီမိုကရေစီတရား တွေခေတ်စားနေတဲ့ ဒီကမ္ဘာကြီးမှာ ဒီမိုကရေစီ တရားမထားနိုင်တဲ့နယ်ဟာ အနှေးနဲ့အမြန် အဲဒီနယ်မှာရှိတဲ့ သူတွေနိုးကြား ထကြွလာပြီး ဒီလိုကမ္ဘာကြီးရဲ့ သဘောတရားတွေနဲ့ ဖြစ်ပျက်နေတဲ့ ခေတ်သဘောတရားတွေနဲ့ ဆန့်ကျင်ဘက် သဘောတရားတွေကို တွန်း လှန်ပစ်ကြမှာပဲဆိုတာ ကျွန်တော်နိမိတ်ဖတ်ထားချင်တယ်။ အဲဒီတော့ ကျွန်တော်တို့နားလည်ထားတဲ့အတိုင်း ကျွန်တော်တို့နှင့်အတူပါပြီး  မလုပ်ချင်တော့ဘူးဆိုရင် ကျွန်တော်တို့ အတင်းမတိုက်တွန်းပါဘူး။ အဲဒီလိုမပါ,ပါ အောင်ဆိုပြီးတော့ကာ ဒါကတော့ ဗမာစကားမဟုတ်ဘူး ထင်တယ်။ ကျွန်တော်နားလည် သလောက်တော့ ကရင်စကားလို့ပဲထင်တယ်။ အတင်းနသားပါယလုပ်တဲ့ နည်းမျိုးလည်း ကျွန်တော်တို့မလုပ်ပါဘူး။ အဲဒါကို တိတိလင်းလင်းတောင်တန်းနယ်ဘက်က ကျွန်တော့်မိတ် ဆွေများကို ကျွန်တော် နားလည်စေချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်အင်မ တန်ရှင်းရှင်းလင်းလင်း သဘောထားနေတဲ့ အထဲကနေပြီးတော့ ရှုပ်အောင်လုပ်နေကြတဲ့လူတွေက ယခုတလောမှာ တော်တော်ကို များနေပြီးတော့ ဒါကိုရှင်းသည်ထက်ရှင်း အောင်ထပ်ပြီးပြောရခြင်း ဖြစ်တယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကိုပြောသလိုပဲ ခင်ဗျားအဲဒီ လို ရှင်းရှင်းပြောတာကိုပဲ သူ့စိတ်ထဲမှာ ရှုပ်နေတယ်ဆိုတော့ အဲဒါတော့ မတတ်နိုင်ဘူး။ (ရယ်သံများ)

အဲဒီတော့ပြည်ထောင်စုနိုင်ငံတော်မှာ ဘယ်နယ်တွေပါရမည်ဆိုတာ ကျွန်တော်တို့အထဲမှာ ထည့်ထားတာ လည်း မရှိသေးပါဘူး။ ပါချင်တဲ့လူတွေပါကြ။ အဓိပ္ပာယ်က နယ်ကို သတ်မှတ်မထားဘဲနှင့် ပြည်ထောင်စု နိုင်ငံတော်လို့ သာမညထည့်သွင်းထားခြင်းသာဖြစ်ပါသည်။ နောက်ပြီးအချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံ တော်လို့ ဆိုရခြင်းဟာ လွတ်လပ်တယ်ဆိုတဲ့အဓိပ်္ပာယ်ကို ကျွန်တော် သိပ်ပြီးရှင်းပြနေစရာမလိုပါဘူး ထင်ပေမည့် ဘာပြုလို့ အချုပ်အခြာအာဏာ (Sovereign power) ရှိရမည်လို့ ထပ်ပြီး ပါရသလဲဆိုလျှင် အချုပ် အခြာအာဏာဆိုတာ သဘောတရားအမျိုးမျိုးရှိပါတယ်။ အမှန်တော့ state နိုင်ငံတော်ဆိုကတည်း က အချုပ် အခြာအာဏာဟာ အကျုံးဝင်ပြီးသားပဲ။ ဒီသဘောတရားအရ ရှိတဲ့ဟာကလည်း ရှိပါတယ်။ သို့သော်ဒီ နိုင်ငံတော်ဆိုပေမည့် အားမရ,မကျေနပ်သေးဘဲနှင့် အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတော်ဆိုမှသာလျှင် ပြည့်စုံ လောက်တဲ့ သဘောတ ရားမျိုးလည်းရှိပါတယ်။

ပထမသဘောတရားကတော့ Theory စာသဘောလောက်သာ ဖြစ်ပါတယ်။ ဒုတိယသဘောကတော့ လက်တွေ့ဖြစ်တဲ့ သဘောတရားပါပဲ။ ဘယ်လိုလက်တွေ့ဖြစ်တဲ့ သဘောတရားမျိုးတွေဘာလဲဆိုရင် ဒီလွတ် လပ်တဲ့ နိုင်ငံတော်ဆိုပြီးတော့ဖွဲ့စည်းတည်ထောင်လိုက်ကြတဲ့ နိုင်ငံအသီးသီးတို့ရှိကြပေမည်။ အချုပ်အခြာ အာဏာနှင့် ပြည့်စုံတဲ့နိုင်ငံတော် Sovereign State ၊ အချို့ နိုင်ငံတွေကတော့ အဲဒီလိုမဟုတ်ဘဲနှင့်   ပြည် ထောင်အချင်းချင်း ဆက်သွယ်တဲ့ နိုင်ငံရေးစကားမှာဆိုလျှင် Vassal State လို့ဆိုခံရပါတယ်။ Vassal State ဆိုလို့ရှိတာက တပည့်ကျွန်နိုင်ငံတွေသဘောမျိုးပဲ။ ကျွန်ပေမယ်လို့ Colony လည်းမဟုတ်ဘူး။ သူဘာသာ သူ့မင်းသူ့ချင်းနှင့် သူ့အစိုးရပဲ အပြင်ပန်းအားဖြင့်တော့ လွတ်လပ်တယ်။ သို့သော်လည်း နိုင်ငံကြီးတစ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု ချုပ်ချယ်မှုတို့ကို အထူးတလည်ခံနေရတဲ့ နိုင်ငံဖြစ်လို့ Vassal State လို့ခေါ်တယ်။ နောက်ပြီး တော့ကျွန်တော်တို့ နိုင်ငံကြီး နှစ်နိုင်ငံကြာမှာ နယ်နိမိတ်ခြားပေးရုံလောက်ဖြစ်တဲ့ Buffer State မျိုးလို နယ်ခြား နိုင်ငံမျိုးလည်း မဖြစ်ချင်ဘူး။ နောက်ပြီးတော့ နိုင်ငံကြီးတစ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု အထူးတလည်ခံနေရတဲ့ Vassal State မျိုးလည်းမဖြစ်ချင်ဘူး။ ကျွန်တော်တို့ဖြစ်ချင်တာကတော့ ဆန်မရှိစောက်ကြီးစားပဲခေါ်ခေါ် (ရယ် သံများ) ကျွန်တော်တို့ဖြစ်ချင်တဲ့ နိုင်ငံကတော့လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတော် ဖြစ်ချင် တယ်။ (သြဘာသံများ)

အဲဒီနိုင်ငံဖြစ်နေတဲ့ အခါမှာလည်းကျွန်တော်တို့နိုင်ငံတော်မှာ သမ္မတစနစ်အားဖြင့် ဖွဲ့စည်းရမည်။ တခြား စနစ်အရဖွဲ့စည်းတာကို ကျွန်တော်တို့ မလိုလားပါဘူး။ သမ္မတစနစ်ဆိုတာဟာ ကျွန်တော်တို့ဒီခေတ်ဒီအခါကျမှ သာလျှင် ကျွန်တော်တို့ဗမာစာမှာပေါ်လာတဲ့စကားပါ။ ဘာဖြစ်လို့လဲဆိုလျှင် တစ်တိုင်းပြည်လုံးကိုမင်းလုပ် အုပ်ချုပ်ရမည့် ပုဂ်္ဂိုလ် ၄နှစ်တစ်ကြိမ်ဖြစ်စေ၊ ၅နှစ်တစ်ကြိမ်ဖြစ်စေ ၁၀နှစ်တစ်ကြိမ်ဖြစ်စေ စသည်အားဖြင့် အဲဒီလိုရွေးကောက်တင်မြှောက်တယ် ဆိုတဲ့ထုံးစံဟာ ယခုဒီဘက်ခေတ်တွေကျမှ ပေါ်လာတဲ့စနစ်မျိုးဖြစ်တယ်။

အဲဒီတော့ ကျွန်တော်တို့အဖို့မှာတော့ “မင်း”ဆိုလိုရှိလျှင် တိုင်းသူပြည်သားလုပ်တဲ့ သူတွေက အရမ်းလွှတ် အပ်ထားတဲ့သူတွေ မဟုတ်ပါဘူး။ အချုပ်အချယ်ရှိတန်သလောက် ရှိသင့်တယ်။ အမှန်စင်စစ်နိုင်ငံတော်မှာရှိတဲ့ အချုပ်အခြာအာဏာကို ပိုင်တဲ့သူတွေဟာ ဘယ်သူတွေဖြစ်မလဲဆိုလို့ရှိရင် ကျွန်တော် တို့ယုံကြည်ယူဆချက် ကတော့ နိုင်ငံတော် သူနိုင်ငံသားတို့ဟာအဲဒီနိုင်ငံမှာရှိတဲ့ အချုပ် အခြာအာဏာကို ပိုင်ဆိုင်တဲ့သူတွေလို့ ယူ ဆပါတယ်။ အဲဒီလို ပိုင်ဆိုင်တဲ့သူတွေကနေပြီး လွှဲပေးလို့သာ “မင်း”အစိုးရတို့ဆိုတာ ပေါ်လာရခြင်းဖြစ် ပါတယ်။

အဲဒီတော့ ပထမအပိုဒ်ကဆိုလျှင် “နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ဗမာပြည်ထောင်စု နိုင်ငံဟု ခေါ်တွင်သော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဖြစ် စေရမည်။” ဒီအဓိပ္ပာယ်ကတော့ ကျွန်တော်တို့ တိုင်းပြည်ကိုလွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံ အဖြစ် ကြေညာမည်။ အဲဒီနိုင်ငံဟာလည်း သမ္မတနိုင်ငံဖြစ်ရမည်။ သမ်္မတစနစ်အရ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် ဖြစ်ရမယ်ဆိုတဲ့ မူတွေကို ထည့်ထားပါတယ်။ ဒီနိုင်ငံတော်ဟာလည်း ပြည်ထောင်စုနိုင်ငံတော်ဖြစ်ရမည်။

နံပါတ်(၂)ဖြစ်တဲ့ “ပြည်ထောင်စု နိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တစ်သီးပုဂ္ဂလ ပြည်နယ်များပါဝင်စေလျက်” အဲဒါက ကျွန်တော်တို့သည် ပြည်ထောင်စုထဲမှာ ဘယ်နယ်ဘယ် နယ်တွေ ပါမလဲဆိုတာကို သတ်မှတ်ရမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွေရေးဆွဲတဲ့အခါမှာ ဘယ်နယ် ဘယ်နယ်တွေပါမယ်ဆိုတာကို သတ်မှတ်ရမည်။ အခုမသတ်မှတ်ရသေးဘူး။ ပါချင်တဲ့ နယ်တွေသာ သတ်မှတ် ရမည်။ အခု မသတ်မှတ်ရသေးဘူး။ ပါချင်တဲ့နယ်မှ ပါကြပါဆိုတာရှင်းပါတယ်။ “သို့ သတ်မှတ် ဖော်ပြထားသည့် တစ်သီးပုဂ်္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထား သည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာများရှိစေရမည်။”

ထိုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ နောက်ကျွန်တော်တို့အချင်းချင်း ဆွေးနွေးတိုင်ပင်ညှိနှိုင်း ဆုံးဖြတ်ပြီး တဲ့နောက် သတ်မှတ်ဖော်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ် ရေးအာဏာများလည်း ရှိလိမ့်မည်။ အဲဒီတော့ ဒီကိစ္စမှာ ရှင်းရှင်းနားလည်စေချင်တာက ဒီလို ပြည်ထောင်စုနိုင်ငံတော်ထဲမှာ တစ်သီးပုဂ်္ဂလပြည်နယ်များဟာ ဘယ်ပြည် နယ်တွေလဲဆိုတာ ဒီအထဲမှာ မပါသေးဘူး။ ဘယ်နယ်တွေကပါချင်လို့ ဘယ်နယ်တွေက မပါချင်ဘူး ဆိုတာ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည့် ပြည်နယ်များဟာ ကိုယ်ပိုင်အုပ် ချုပ်ရေး အာဏာများ ရှိစေရမယ်ဆိုတဲ့အတိုင်း အဲဒီကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာတွေကို သတ်မှတ်ဖို့ လိုသေးတယ်။ အထူးသဖြင့် တောင်တန်းနယ်ပယ် ကိုယ်စားလှယ်များနှင့် တိုင်ပင်ဆွေးနွေးပြီး လုပ်ရမည့်ကိစ္စ ဖြစ်ပါတယ်။

အဲဒီလိုလုပ်ပြီးမှ သဘောတူသည်ဖြစ်စေ၊ နောက်ဆုံး ဆုံးဖြတ်ချက်ကျသည်ဖြစ်စေ အဲဒီလို ဆုံးဖြတ်ကြတဲ့ အခါမှာ သတ်မှတ်ဖော်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာများကို သဘောတူကျေနပ်လို့ ၀င်လာတဲ့ ပြည်နယ်များသာပါလိမ့်မယ်။ ပြည်ထောင်စုနိုင်ငံဆိုပြီး အဲဒီလိုသဘောလောက် သာထည့်ထားတယ်။ ဘယ်နယ် ကိုမှ ကျွန်တော်တို့ ဘယ်နယ်ကိုမှ အတင်းထည့် ထားတာမဟုတ်ပါဘူး။

နံပါတ်(၃)ဖြစ်တဲ့ “အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ်္မတဗမာနိုင်ငံတော်နှင့် တကွ အပါအ၀င်ဖြစ် သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းများ အားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သား တို့ထံမှ သက်ဆင်းစေရမည်”။ ဒါကတော့ ကျွန်တော်ယခုတွင်က ပြောခဲ့သည့်အတိုင်း လွတ်လပ်သည့် အချုပ် အခြာအာဏာပိုင် နိုင်ငံတော်လို့ဖွဲ့စည်းလိုက်တဲ့အခါမှာ အဲဒီနိုင်ငံတော်ပိုင်တဲ့ အဲဒီနိုင်ငံ တော်လက်ထဲမှာရှိတဲ့ အချုပ်အခြာအာဏာဟာ ဘယ်သူတွေရဲ့လက်ထဲမှာ ဘယ်သူတွေကသာလျှင် ပိုင်ဆိုင်သင့်တယ်ဆိုတဲ့ ပြဿ နာသဘောတရားကို ကျွန်တော် ဖြေရမယ်ဆိုလို့ရှိရင် တိုင်းသူပြည်သားတွေကသာလျှင် မူလဘူတအားဖြင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ပိုင်တဲ့သူတွေ ဖြစ်တယ်လို့ ကျွန်တော်တို့ယူဆတယ်၊ ယုံကြည်တယ်။

ရာဇ၀င်ကြောင်းလိုက်ကြည့်၊ ဗမာရာဇ၀င်ကြောင်းကို ကြည့်မလား၊ ကမ္ဘာ့ရာဇ၀င်ကြောင်းကိုပဲ ကြည့်ကြည့်၊ ဘယ်လိုပဲကြည့်ကြည့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတွေဆိုတာ မူလဘူတကို ကြည့်လိုက်မည်ဆိုလျှင် တိုင်းသူပြည်သားတွေရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကို တွေ့ရပါလိမ့်မည်။ ကျွန်တော်တို့ အယူအဆမှာဆိုလျှင် ကမ်္ဘာအစ သမ္မတမင်းကဆိုတဲ့အတိုင်း သမ္မတမင်းကို လူတွေကတင်မြှောက်ခဲ့တာပဲ။ အဲဒီအတိုင်းရှေ့ လျှောက် ပြီးဖြစ်ရမှာပဲ။ အဲဒီအတိုင်း ကျွန်တော်တို့ဟာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာ နိုင်ငံ တော်နှင့်တကွ အပါအ၀င်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူ သမျှ တို့သည် တိုင်းသူပြည်သားတို့ထံမှ သက်ဆင်းစေရမည်ဆိုလိုခြင်းဖြစ်ပါတယ်။

အဲဒီတော့ ဒီသဘောကို ကျွန်တော်တို့ အခုချထားလိုက်တဲ့အခါ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုရေးဆွဲတဲ့အခါမှာ တိုင်းသူပြည်သားတွေဆီက အခွင့်အာဏာရတယ်ဆိုတဲ့အချက်တွေ ဆို လို့ရှိ လျှင် မပါဘူးဆိုတဲ့အဓိပ္ပာယ်ပဲ။ ဘယ်အချက်ဟာဖြင့် ဒီမူနှင့်ဆန့်ကျင်နေမည်၊ မဆန့်ကျင်ဘူးဆိုတာ အသေး စိတ်ကျမှပဲ ဆွေးနွေးကြည့်နိုင်မည်။ အမှတ်(၃)အချုပ် အခြာအာဏာဟာ တိုင်းသူပြည်သားတွေ လက်ထဲမှာ ရှိတယ်ဆိုတဲ့ သဘောတရားကို အခြေခံထားခြင်းဖြစ်ပါတယ်။

နံပါတ်(၄)ကတော့ ပြည်ထောင်စုနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေးရာ၌ လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း၊ တရားမျှတမှုရှိစေလျက်။ ဒီကျွန်တော်တို့ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့စီစဉ်တဲ့အခါမှာ လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေးရာ၌လည်း ကောင်း၊ နိုင်ငံရေးရာ၌ တရားမျှတမှုရှိစေရမည်ဆိုတဲ့ အဓိပ္ပာယ်က ကျွန်တော်တို့ အလုပ်သမားနှင့် အလုပ်ရှင် ကိစ်္စမျိုးတွေ၊ လယ်သမားနှင့် လယ်ရှင်ဆက်ဆံတဲ့ကိစ်္စမျိုးတွေ တစ်ယောက်နှင့်တစ်ယောက် တန်းတူအခွင့် အရေးရအောင် စီမံဖန်တီးထားဖို့လိုတယ်ဆိုတဲ့ သဘောပါပဲ။

စီးပွားရေး၌ဆိုလို့ရှိလျှင် တစ်ဖက်စီးနင်းအားဖြင့် လုပ်နိုင်တဲ့အခြေအနေတွေကို ဖယ်ရှင်းပြီးတော့ စီးပွား ရေး၌ အလုပ်တူလျှင် အဲဒီအတိုင်း အခွင့်အရေးအတူတူ ဖြစ်နိုင်သမျှ ဖြစ်အောင်ဆိုတဲ့သဘောကို စီမံဖန်တီး ထားရန်ဖြစ်ပါတယ်။ နိုင်ငံရေးမှာလည်း တရားမျှတဖို့လိုတယ်။ နိုင်ငံရေးမှာဆိုလို့ရှိလျှင် ဘယ်သူကတော့ဖြင့် မဲမရထိုက်ဘူး၊ ဘယ်သူကဖြင့် မဲရထိုက်တယ် စသည်ဖြင့် နိုင်ငံရေးညှဉ်းဆဲမှုတွေ၊ ချုပ်ချယ်မှုတွေမရှိစေရဘူး။ နောက်ပြီးတော့ ဘယ်သူဟာ ဘယ်ရာထူးမျိုးကို မရစေရဘူး။ ဘယ်သူသာလျှင် ရရမယ်ဆိုတဲ့ အဲဒီ လိုချုပ်ချယ် မှုတွေဟာ နိုင်ငံရေးတရားမျှတမှု ကို ထိခိုက်တယ်။

အဲဒီတော့ နိုင်ငံရေးမှာ နိုင်ငံသူနိုင်ငံ သားဖြစ်တဲ့သူတိုင်း မိမိတို့အရည်အချင်းကြောင့် အခွင့်အရေးရသွားနိုင် ဖို့ပဲ။ အားလုံးရရင်လည်း အားလုံးရဖို့၊ ဒီသဘောမျိုးနှင့် တရားမျှတမှုရှိရမယ်။ နောက်အဆင့် အတန်း Equality of Status ။ အဆင့် အတန်းမှာလည်းတူညီရမယ်။ အဆင့် အတန်းမှာ တူညီရမယ်ဆိုတဲ့ သဘောကတော့ သူ ဌေးရယ်၊ ဆင်းရဲသားရယ်ဘာရယ်အစရှိသဖြင့် ဒီလိုကွဲပြားထားတာ မရှိဘဲနှင့် သူဌေးရယ်၊ ဆင်းရဲသားရယ်ဆို တာက ပစ္စည်းအခြေအနေအလျောက် ရှိနေတုန်းရှိပေမယ့် အဆင့်အတန်းမှာ ဆိုလိုရှိရင် တူညီစေရမယ်။ အ ဆင့်အတန်းမှာ တူညီစေရမည်ဆိုတဲ့သဘောဟာ ကျွန်တော်တို့ နေရာမှာပဲဖြစ်ဖြစ်၊ သူဌေးဆိုရင်တော့ ဘယ်လို ပိုပြီးတော့ အခွင့်အရေးရမယ်၊ ဆင်းရဲသားဆိုရင်တော့ ဘယ်လိုမရဘူးစသည်ဖြင့် ဒီလိုမရှိစေရဘဲနှင့် အဆင့်အ တန်းတွင်အားလုံး ဆူကြုံနိမ့်မြင့်မရှိ ပကတိတူညီစေရမည်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

နောက် အခွင့်အရေး Eqtuality of opportunity ။ အခွင့်အရေးမှာလည်း တန်းတူရမည်ဆိုတဲ့ အဓိပ်္ပာယ် ဟာ ပညာသင်ကြားကြတဲ့နေရာမှာ ဥပမာဆိုရင် ဉာဏ်အရည်အချင်းချင်း အတူတူဖြစ်လို့ရှိလျှင် ဉဏ်ရှိသ လောက် သူ့ပညာအလိုက်ရဖို့ အခွင့်အရေးဟာလည်း ရှိသင့်တယ်ဆိုတဲ့ သဘောမျိုးပဲ။ ဆင်းရဲတဲ့သူကတော့ ဆင်းရဲတယ်ဆိုလို့ အခွင့်အရေးမရဘူး။ ချမ်းသာတဲ့သူသာလျှင် အခွင့်အရေးရမယ်ဆိုတဲ့ ဒီလိုသဘောမျိုး မဟုတ်ဘဲနှင့် အားလုံးအခွင့်အရေး Opportunity ၊ အခွင့်အရေး ပေးတဲ့နေရာမှာ မယူတတ်လျှင် ယူတတ်သည့် လူမှန်သမျှ အချုပ်အချယ်မရှိဘဲနှင့် ယူနိုင်တဲ့ အခွင့်အရေးရှိရမည်ဆိုတဲ့ သဘောတရားသာဖြစ်ပါတယ်။

နောက် ဥပဒေသက်ရောက်မှု Before the law ။ ဥပဒေသက်ရောက်မှုမှာ တူညီရမယ်ဆိုတဲ့ သဘောက တော့ ဥပဒေရှေ့မှောက်၌ ဘယ်သူမဆို သမ္မတပဲဖြစ်ဖြစ်၊ တောသားပဲဖြစ်ဖြစ် ဥပဒေစည်းကမ်းကို ဖောက်ဖျက် တဲ့အလျောက် အပြစ်ဒဏ်ခံရလိမ့်မည်။ ကောင်းတာလုပ်လို့ရှိရင်လည်း ကောင်းတဲ့အလျောက် ဥပဒေရဲ့ ချီးမြှင့် ခြင်းခံရမယ်။ ဒီလိုဥပဒေရှေ့မှောက်မှာ ဆိုလို့ရှိလျှင် ဘယ်သူမဆို “မင်း”ဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ်၊ သူဌေး သားဖြစ်ဖြစ် အားလုံးဟာ တန်းတူဖြစ်စေရမယ်ဆိုတဲ့ သဘောပဲ။

အဲဒီလို လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေးရာ၌လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း တရား မျှတမှုရှိစေလျက် အခွင့်အရေး ဥပဒေသက်ရောက်မှုတွင် ပကတိတူညီစေရမည့်အပြင် တရားဥပဒေ နှင့်သော် လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ၀တ်ပြု ခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းလုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတွင် အခိုင်အလုံသတ်မှတ်ထားရှိစေရမည်။

ဒါကတော့ ကျွန်တော်တို့ “ပြည်သူလွတ်လပ်ရေးရပါမည်”ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီအထဲမှာ အကျဉ်းရုံးပြီး လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ၀တ်ပြု ပိုင်ခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်လို့ ဆိုထားပါတယ်။ နောက် ကျွန်တော် တို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲတဲ့ အခါကျလျှင် ဒီ့ထက်ပိုပြီးတော့ကျကျနနနှင့် ရှင်းရှင်းလင်းလင်း ကျွန်တော်တို့ရေးရပါလိမ့်မည်။ အဲဒီအခါကျလျှင် ဥပဒေသဘော ရေးဆွဲရပါလိမ့်မည်။ ဒီတော့မှ အကျဉ်းမျှနှင့် ဘယ်လိုအခွင့်အရေးမျိုးတွေနှင့် လူတိုင်းလူတိုင်းရှိထိုက်တဲ့ အခွင့်အရေးမျိုးတွေလည်း ပေးထားရမည်ဆိုပြီး တော့ ညွှန်ကြားခြင်းမျှသာ ဖြစ်ပါတယ်။

အဲဒီလို ညွှန်ကြားတဲ့နေရာမှာ ဒီလို လွတ်လပ်မှုတွေကို ပေးတဲ့နေရာမှာ Subject to law and public morality တရားဥပဒေနှင့် သော်လည်းကောင်း၊ အများပြည်သူတို့၏ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့် သော်လည်းကောင်း မဆန့်ကျင်သမျှ ကျွန်တော်တို့ နောက်ကျလို့ရှိရင် တိုင်းပြည်ကတင်မြှောက်လိုက်တဲ့ လွှတ် တော်တို့၊ အဲဒီလွှတ်တော်ကလုပ်ထားတဲ့ ဥပဒေ၊ နောက်ပြီးတော့ ဥပဒေမလုပ်ပေမယ့် ကျွန်တော်တို့ လူ့ထုံးစံမှာ မလုပ်အပ်တဲ့ သဘောတရားတွေရှိသေးတယ်။ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့် သော် လည်းကောင်း၊ မဆန့်ကျင်သမျှဥပမာဆိုလို့ရှိရင် လွတ်လပ်ရေးရပြီး ကိုယ်တုံးလုံးနှင့် လမ်းမမှာ သူလျှောက်ပြီး တော့ ပြေးချင်တိုင်းပြေးလို့မဖြစ်ဘူးဆိုတာဟာ အများပြည်သူတို့စောင့်စည်းအပ်တဲ့ အကျင့်သိက္ခာနှင့် ဆန့်ကျင် နေတယ်။

အမှန်ကတော့ ဒီလိုသတ်မှတ်ထားတာ မရှိဘူးဆိုရင် ပြုမူဆောင်ရွက်ပိုင်ခွင့်အတိုင်းဆိုလျှင် ကျွန်တော် တို့ကြည့်နေရမယ်။ ဘာဖြစ်လို့လဲဆိုလျှင် ဘယ်သူမှလည်းသွားမထိခိုက်ဘူး။ သူ့ဟာသူ လွတ်လွတ်လပ်လပ်နှင့် ပြုမူဆောင်ရွက်ပိုင်ခွင့်အတိုင်း လုပ်တာဖြစ်နေတယ်။ ဒီလိုဟာမျိုးမှာ အဲဒီလို တရားလွတ်လာတဲ့ ကိစ္စမျိုးတွေ ကျတော့ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်ဆန့်ကျင်လျှင် ကျွန်တော်တို့ စဉ်းစားကြည့် ရမယ်။ အဲဒါဆန့်ကျင်လို့ရှိရင် ဒီလိုနေရာမျိုးမှာ လွတ်လပ်မှုဆိုတိုင်း တကယ်လွတ်လပ်မှု မခေါ်နိုင်ဘူး။ လွတ် လပ်မှုဟာ အမှန်စင်စစ် စည်းကမ်းရှိမှ လွတ်လပ်မှုဖြစ်နိုင်တယ်လို့ ကျွန်တော်ယူဆတယ်။

အဲဒီလို စည်းကမ်းသတ်မှတ်ပြီးတော့ လူတိုင်းလူတိုင်း လွတ်လပ်မှုတွေကို သတ်မှတ်ပေးပါဆိုပြီးတော့ ဒီအဆိုမှာ ညွှန်ကြားထားခြင်းဖြစ်ပါတယ်။ အဲဒီလို ပြီးတဲ့နောက် နံပါတ်(၅) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ “လူနည်းစုအဖို့ လုံလောက်သော ကာကွယ်ခြင်းများ ထည့်သွင်းပြဋ္ဌာန်းထားရှိစေရမည်”။ အဲဒီမှာလည်း ကျွန် တော်တို့လူမျိုးရေးအတွက် လူနည်းစုဆိုတာရှိပါသေးတယ်။ ဒီတော့သူတို့တစ်တွေအတွက်လည်း လုံလောက်တဲ့ ကာကွယ်ချက်များထည့်သွင်း ပြဋ္ဌာန်းဖို့လိုပါတယ်။ ဒီလိုထည့်ရင်တော့ လုံလောက်မယ်၊ ဘယ်လိုထည့်ရင်တော့ မလုံလောက်ဘူးဆိုတဲ့ ကိစ်္စအရပ်ရပ်ကို ကျွန်တော်တို့ နောက်ကော်မတီတွေဖွဲ့စည်းပြီး ဆွေးနွေးတဲ့အခါ ကျတော့ အသေးစိတ်ဆွေးနွေးဖို့ဖြစ်ပါတယ်။ ဒီမှာတော့ မူအားဖြင့် ကျွန်တော်တို့လူနည်းစု အတွက်လည်း စဉ်းစားပြီးတော့ လူနည်းစုကာကွယ် ဖို့အချက်တွေလည်း ထည့်ပြီးစဉ်းစားခဲ့ပါလို့ မှာခဲ့တဲ့သဘောပါပဲ။ အမှန်က တော့ ဒီအဆိုဟာ နောက်ဖွဲ့စည်းမည့် ကော်မတီတွေကိုမှာခဲ့တဲ့ စကားသာဖြစ်ပါတယ်။ ဘာတွေဘာတွေ လုပ် လာခဲ့ပါလို့ဆိုတဲ့ သဘောတွေပါပဲ။

နံပါတ်(၆)ကတော့ “လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတ မြန်မာနိုင်ငံတော်၏ နယ်မြေတို့ တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကိုလည်းကောင်း၊ နိုင်ငံတော်၏ ကြည်း, ရေ, လေတို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်ခွင့်ကိုလည်း ကောင်း တရားဓမ္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရထိန်းစောင့်ထားရှိ စေရမည်”။ ထို့ပြင် ဒါကတော့ လိုတော့လို တယ်။ သို့သော်လည်း ကျွန်တော်ပုဂ္ဂိုလ် သဘောပြောရမည်ဆိုလျှင် တစ်မျိုးကတော့ ကြီးကြီးကျယ်ကျယ်ရေးတာ တစ်မျိုးပါပဲ။ အမှန်ကတော့ ဥပဒေတတ်တဲ့ ဦးချန်ထွန်းတို့လို ပုဂ္ဂိုလ်တွေက ကြီးကျယ်သည်ထက် ကြီးကျယ်အောင်၊ ခမ်းနားသည်ထက် ခမ်းနားအောင် ထည့်ထားတာပါ။ ဒါကတော့ သိပ်ရှင်းနေစရာမလိုပါဘူး။ ကြည်း၊ ရေ၊ လေ ဒီအထဲမှာပါတဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ရမယ်။ နောက်ပြီးတော့ According to Justic and International Law ပြည်ထောင်အချင်းချင်း ဥပဒေအရ တရား ဓမ်္မနှင့်တကွ ထိန်းစောင့်ထားရှိရမယ်။ တစ်မျိုးကတော့ ဥပဒေရေးတဲ့အခါမှာ တခမ်းတနားရေးရမည့် အချက် အလက်တွေပါပဲ။ အရေးလည်းကြီးပါတယ်။ ခမ်းခမ်းနား နားလည်းရေးဖို့လိုပါတယ်။

နောက်နံပါတ် (၇)က “ရာဇ၀င်ထင်ရှားခဲ့သော ဗမာနိုင်ငံတော်သည် ကမ်္ဘာတွင် မိမိ၏ဂုဏ်ကျက် သရေနှင့်လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တ၀ါတို့၏ တိုးတက် ရေးနှင့် ကောင်းကျိုးချမ်းသာပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက်ထမ်း ရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက်္ခာကို အခြေပြု၍ ကမ်္ဘာ့ငြိမ်းချမ်းရေး ရှေးရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ တွဲဖက်ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်တို့ဖြင့် ထိန်းတော့အံ့။”

ဒါကတော့ ဥဒါန်းကျူးရင့်တဲ့သဘောမျိုးပါပဲ။ ငါတို့နိုင်ငံတော်ကြီးဟာ ကမ္ဘာကြီးရဲ့အလယ်မှာ လူသတ္တ ၀ါတို့၏ ကောင်းကျိုး ချမ်းသာတို့ကို လုပ်ဖို့ရော၊ ကမ္ဘာ့ငြိမ်းချမ်း ရေးတို့ကို တည်ထောင်ပြီး အမြဲတမ်းစောင့် ထိန်းမည်ဆိုတဲ့ဟာပဲ။ ဒါကတော့ နိုင်ငံတကာတိုင်း၊ နိုင်ငံတကာတိုင်း ကြီးကြီး ကျယ်ကျယ်ပြောတဲ့ စကားတွေ ပဲ။ တကယ်လုပ်သလားဆိုတော့ သိပ်မလုပ်ကြပါဘူး။ (ရယ်မောကြသည်)

ဒါကတော့ ကျွန်တော်တို့လူများကြည့်ကောင်းအောင်၊ ကမ္ဘာကကြည့်ကောင်း အောင်ထည့်ရမယ်။ ဖတ်လိုက်ရလို့ရှိရင် ပါးစပ်ထဲမှာ ပြည့်သွားအောင်လုပ်ထားတာပဲ။ တောကလူတွေဖတ်ရင်တော့ ဘာမှ နားလည် မှာမဟုတ်ဘူး။ (ရယ်မောကြသည်။) အရေးကြီးတာကတော့ နံပါတ် (၁)(၂)(၃)(၄)(၅)၊ ကျွန်တော်တို့ နံပါတ်(၁)က (၅)အထိ၊ ကျွန်တော်မြင်သလောက် The most practical points က တကယ့် အသုံးအ၀င် ဆုံး အချက်အလက်တွေဖြစ်နေတယ်။ ဒီအသုံးဝင်တဲ့အချက်အလက်တွေဟာ အဆိုထဲမှာပါတယ်။ (၆)နှင့်(၇)က တော့ အမှန်စင်စစ် စကားတွေကြည့်ကောင်း အောင် ခံ့ခံ့ညားညား သုံးထားခြင်းပဲလို့ တစ်နည်းဆိုနိုင်ပါတယ်။

ဒီတော့ ကျွန်တော်တို့ တိုင်းပြည်ပြုလွှတ်တော်ကနေပြီး ဗမာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေး ဆွဲဖို့ အဖွဲ့အသီးသီးခန့်ထားတဲ့နေရာမှာ ဒီအတိုင်းစဉ်းစားပြီး ဒီအချက်တွေကိုစဉ်းစားပြီး ခင်ဗျားတို့ အကြံဉာဏ် တွေယူလာခဲ့ပါလို့မှာလိုက်ဖို့အတွက် ဒီအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်။ ဒီအဆိုကို စဉ်းစားလိုက်မယ်ဆို လျှင် အခြေခံအချက်တွေပါပေမည့် ဒီအခြေခံအချက်တွေကို ပြည့်ပြည့်စုံစုံထည့်တာရှိတယ်။ ပထမ(၁)အချက် မှာဆိုရင် လွတ်လပ်သည့်အခါ အာဏာပိုင်သမ္မတ နိုင်ငံလုပ်ရမယ်။ အချုပ်အာဏာပိုင်သမ်္မတ နိုင်ငံဖြစ်ရမယ်။ နောက်ပြီးတော့ ဗမာနိုင်ငံ ကိုပြည်ထောင်စု နိုင်ငံခေါ်ဖို့ အဲဒီမူတစ်ခုပါတယ်။ မူအားလုံး ၄ခုပါတယ်။

လွတ်လပ်တဲ့နိုင်ငံတော်ဖြစ်ရမယ် Independence။ အချုပ်အခြာအာဏာ ပိုင်ရမယ် Sovereignty။ နောက် ပြီးတော့ သမ္မတနိုင်ငံဖြစ်ရမယ် Republic။ နောက်ပြီးတော့ တစ်ခါ ပြည်ထောင်စုနိုင်ငံဖြစ်ရမယ်။ အဲဒီလို မူ၎ ခုရှိပါတယ်။ အဲဒီမူ၎ခုကို အပိုဒ်(၁)ထဲမှာ အကုန်လုံးသွင်းထားတယ်။ သွင်းထားတော့ကာ ကျွန်တော်တို့ နိုင်ငံ တော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲတဲ့အခါ ဒီမူ၎ခုကို အခြေခံထားပြီး ရေးဆွဲပါလို့ မှာခြင်းဖြစ်ပါတယ်။ အဲဒီမူ၎ ခုနှင့် ကျွန်တော်တို့ လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာမယ်ဆိုတာ ဒီတိုင်းပြည်ပြုလွှတ်တော်ကနေပြီး သဘောကျတယ်။ ကျေနပ်တယ်၊ မကျေနပ်ဘူး၊ စဉ်းစားဖို့။ အချုပ်အခြာအာဏာပိုင် ပြည့်စုံရမယ်ဆိုတာ သ ဘောကျတယ်၊ မကျဘူးဆုံးဖြတ်ဖို့။ နောက်ပြီး သမ္မတနိုင်ငံအဖြစ် ဖွဲ့စည်းဖို့ဆိုတာ သဘောကျတယ်, မကျဘူး ဆုံးဖြတ်ဖို့ နောက်ပြီး ပြည်ထောင်စု နိုင်ငံတော်ဖွဲ့စည်းဖို့ဆိုတာဟာလည်း ဖွဲ့စည်းထိုက် မဖွဲ့စည်းထိုက်ဆိုတာ ဆွေးနွေးဖို့ပါပဲ။ အဲဒါပြီးမှ ဒုတိယအချက်က ဒီပြည်ထောင်စုနိုင်ငံထဲမှာ ဘယ်နယ်တွေ ဘယ်နယ်တွေပါလို့ ဘယ်လိုအာဏာရှိရမည်ဆိုတာ ခင်ဗျားတို့လာပြီး တင်ပြပါလို့မှာလိုက်ခြင်း ဖြစ်ပါတယ်။ ဒီအချက်မှာ တော်တော် ပဲ အရှင်လုပ်ထားပါတယ်။ ဘာဖြစ်လို့လဲဆို လျှင် ဒီအချက်ထဲမှာ ဘာမျှတိတိကျကျ မူရယ်လို့မရှိပါဘူး။

မူလက ဘာလဲဆိုလျှင် ကိုယ်ပိုင် အာဏာပေးရမည်ဆိုတဲ့ “မူ”ပါပဲ။ ဘယ်လို ပေးဘယ်လောက်ပေးဆိုတာ ဘာမျှမပါဘူး။ ခင်ဗျားတို့စဉ်စားပြီးလာခဲ့ကြပါဆိုတဲ့ သဘောမျိုးနှင့် အရှင်လုပ်ပြီးထားပါတယ်။ ဘယ်ပြည်နယ် တွေပါသင့်တယ်ဆိုတာလည်း အရှင်လုပ်ပြီးထားပါတယ်။ ကျွန်တော်တို့မူလ ဖဆပလညီလာခံမှာ တင်တဲ့ အဆို မှာတော့ ဖော်ပြထည့်ထားပါတယ်။ အဲဒါကျွန်တော်တို့ အမှတ်တမဲ့ထည့်ထားမိတာပါပဲ။ နောက်ပြန်စဉ်း စားမိတော့မှ ပြည်ထောင်စုနိုင်ငံထဲက ဒီနယ်တွေဝင်သွားပြီးသား ဖြစ်သွားမည်လားဆိုပြီး စဉ်းစားမိတာနှင့် ဖြုတ်ပစ်ခဲ့ပြီး အခုလို သာမညဆို ထားခြင်းဖြစ်ပါတယ်။

နံပါတ်(၃)ကတော့ “အချုပ်အခြာ အာဏာပိုင်လွတ်လပ်သော သမ္မတဗမာ နိုင်ငံတော်နှင့်တကွ အပါအ ၀င်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည် သားထံမှ ဆင်းသက်စေရမည်” ဒီမှာကတော့ “မူ”က “တိုင်းသူပြည်သားများဟာ အချုပ်အခြာအာဏာပိုင် တဲ့လူတွေပဲ” ဆိုတဲ့မူကို ထည့်ထားခြင်းဖြစ်ပါတယ်။ ဒီမူအရ ကျွန်တော်တို့ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲတဲ့အခါ ဒီမူသဘောမျိုးနှင့် အကြံဉဏ်တွေရေးဆွဲ လာခဲ့ပါဆိုပြီးမှာထားခြင်းဖြစ်ပါတယ်။

နောက်အချက်(၄)ကတော့ “ပြည်ထောင်စုနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေး၌ လည်းကောင်း၊ စီးပွားရေး၌လည်းကောင်း၊ နိုင်ငံရေး၌လည်းကောင်း တရားမျှတမှုရှိလျက် အဆင့်အတန်း အခွင့် အရေးနှင့် ဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိ တူညီစေရမည့်အပြင် တရားဥပဒေနှင့်သော် လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုး ကွယ်ပိုင်ခွင့်၊ ၀တ်ပြု ခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်း အုပ် ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်”။

ဒါကတော့ ကျွန်တော်တို့ ဒီအထဲမှာ မူတွေကတော့ လူမှုရေးရာ၌ တရားမျှတမှု ရှိစေခြင်းမူ၊ စီးပွားမှု တရားမျှတရှိစေခြင်းမူ၊ နိုင်ငံရေးတရားမျှတမှု ရှိစေခြင်းမူ၊ အဆင့် အတန်းတွင် ဆူကြုံနိမ့်မြင့်မရှိ ပကတိတူညီ စေရမည့်အပြင် တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့် သော် လည်းကောင်း မဆန့်ကျင်သမျှ ပြည်သူတို့ရဲ့ လွတ်လပ်ခွင့်များ ရရှိဖို့ မူ ၇မူဖြစ်ပါတယ်။

အဲဒီ မူ၇မူရဲ့ အခြေခံသဘောတရား ၇ချက်ပေါ်တွင် အခြေပြုပါလို့ ဒီအမှတ် (၄)က ဆိုခြင်းဖြစ်ပါတယ်။ အမှတ် (၅)ကတော့ “ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ် ချက်များ ထည့်သွင်းပြဋ္ဌာန်း ထားရှိစေရမည်” ဆိုတာကတော့ ယခုတွင် အချက်၂ချက်ရဲ့ သဘောမျိုးပဲ၊ သာမ ညပဲဆိုထားလိုက်တာပဲ။ လူနည်းစုတွေအတွက်လည်း လုံလုံလောက်လောက် ထည့်သွင်းထားပါ။ ဘာလုပ်ပါဆို တာ ဒီအထဲမှာ ကျွန်တော်တို့မထည့်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုလျှင် ဒီကိစ္စဟာ အထူးတလည်ပဲ ရေရေလည် လည် စဉ်းစားဆွေးနွေးရမယ့် အချက်တွေဖြစ်ပါတယ်။

ဒါတွင်မကသေးပါဘူး။ ကျွန်တော်အဖို့မှာ အထူးရှင်းလင်းစေချင်တာကတော့ ဒီလူစုတွေအပေါ်မှာ အရှင်းဆုံးစိတ်ထားပါတယ်။ မလိမ့်တပတ်ဖြစ်စေ၊ ခြေရှုပ်လို့ဖြစ်စေ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ လက်တစ်လုံးခြားအားဖြင့် လူနည်းစုတွေအပေါ်မှာ မတရားလုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် စေတနာအလျှင်းမရှိနှင့်။ သူတို့ပြော ဆိုချင်တာ သူတို့ပြောပြီးတော့ကာ၊ လုံလောက်တဲ့ ကာကွယ်ချက်တွေကို ဟုတ်တယ်မဟုတ်ဘူး၊ တရားသဖြင့် အခွင့်အရေးတွေဟုတ်တယ်မဟုတ်ဘူး။ ဒါတွေကို စိစစ်ပြီးတဲ့နောက်မှ ကျွန်တော်တို့သဘော တူလို့ ဖြစ်စေ၊ ကျွန်တော်တို့ သဘောမတူလို့ဖြစ်စေ၊ ကျွန်တော်တို့ ဆုံးဖြတ်တဲ့အခါမှာ ဒီလောက်ပဲရနိုင်မယ်၊ ဒီ့ထက်တော့ပိုပြီး မရနိုင်ဘူး ပြောတဲ့အခါမှာ ဒီလိုရေရေလည်လည် ဆွေးနွေးမှသာလျှင် သဘောတူလို့ဖြစ်စေ၊ မတူလို့ဖြစ်စေ အဲဒီလိုလုပ်ဖို့ပါပဲ။ ဒီမှာလူနည်းစုတွေအတွက် ကာကွယ်ချက်များ ဆိုပြီး ပါရုံလောက်သာပါတယ်။ တသီး တခြား ဖော်ပြခြင်းမရှိပါဘူး။

ဒီအတိုင်း အမှာသဘောဖြစ်တဲ့ ဒီအဆိုကို တင်သွင်းတဲ့အခါမှာ အခုလိုဖြစ်နေတဲ့ ဗမာပြည်မှာ လက်ငင်း အခြေ အနေကို အနည်းငယ်သုံးသပ်ဖို့လိုပါတယ်။ အခုလက်ငင်းဖြစ်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေကို ကြည့် မယ်ဆိုလျှင် အခုဖွဲ့စည်းစည်းဝေးနေတဲ့ တိုင်းပြည်ပြုလွှတ်တော်ကြီးဟာ အချုပ်အခြာအာဏာပြည့်စုံတဲ့ လွှတ် တော်လို့ယူဆတယ်။

ဒီအတိုင်းလည်းဆောင်ရွက်နေတယ်။ ဒီလိုဆောင်ရွက်နေတဲ့အခါမှာ ဒီတိုင်းပြည် ပြုလွှတ်တော်က နေပြီးတော့ ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ဆုံးဖြတ်ပြီးတဲ့နောက် လွတ်လပ်တဲ့ နိုင်ငံတည်ထောင်ဖို့ ရောက်တဲ့ အခါကျတော့ တကယ်လက်တွေ့ရောက်တဲ့ အခါကျတော့ အာဏာဟာ ဒီတိုင်းပြည်ပြု လွှတ်တော်လက်ထဲမှာ မရှိသေးဘူး။ ဘာဖြစ်လို့ မရှိသေးသလဲဆိုလျှင် ဒီတိုင်းပြည်ကို အုပ်ချုပ်နေတာ ဘိလပ်ပါလီမန်က အုပ်ချုပ်နေ တော့ ဘိလပ်ပါလီမန်ကနေပြီး ဒီတိုင်းပြည်ပေါ်မှာ အချုပ်အခြာအာဏာပိုင်တဲ့ သဘောမျိုးအဖြစ်နှင့် စိုးမိုးအုပ် ချုပ်ခြင်းခံရတော့ ဘိလပ်ပါလီမန်က အုပ်ချုပ်နေခြင်းရပ်စဲပစ်ရမယ်။ ရပ်စဲပြီးတဲ့နောက်မှ ကျွန်တော်တို့ တိုင်း ပြည်ဟာအချုပ်အခြာ အာဏာပိုင် နိုင်ငံတော်အဖြစ်ရောက်မယ်။ အခုကျွန်တော်တို့ The status of the con-stitutent assembly is that of a sovereign body ။ အဆင့်အတန်းအားဖြင့် ဒီတိုင်းပြည် ပြုလွှတ်တော်ဟာ အချုပ်အခြာအာဏာနှင့် ပြည့်စုံတဲ့လွှတ်တော်လို့ ယူဆတယ်။ သို့သော်လည်း အာဏာပါဝါကျတော့ မရှိသေး ဘူး။ အခွင့်အရေးကတော့ မရှိသေးဘူး။ ဥပမာ-ဒီတိုင်းပြည်ပြုလွှတ်တော်မှာ ပြောဆိုတဲ့စကားတွေဟာ လွတ် လွတ်လပ်လပ် ပြောဆိုနိုင်တယ်လို့ ကျွန်တော်တို့ယူဆတယ်။ ယူဆထားပင် ယူဆထားငြားသော်လည်း Legai Sanction ခေါ်တဲ့ ဥပဒေအခွင့်အရေး အာဏာရှိသလားဆိုတော့ အဲဒီလိုတော့မရှိဘူး။ အဲဒီအတိုင်းပဲ ကျွန်တော် တို့ တင်သွင်းဆုံးဖြတ်တဲ့ကိစ္စတွေလည်း ဆုံးဖြတ်တော့ ဆုံးဖြတ်နိုင်တယ်။ ဆုံးဖြတ်တဲ့နေရာမှာ ဘယ်သူမှလာ ပြီးတော့ မတားဆီးနိုင်ဘူး၊ မနှောင့်ယှက်နိုင်ဘူး။ လွှတ်တော်ထဲမှာရှိတဲ့ အမတ်တွေကလွဲလျှင် ဘယ်သူမှ မတား ဆီးနိုင်ဘူး၊ မနှောင့်ယှက်နိုင်ဘူး။ ကျွန်တော်တို့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်။ ဒီလွှတ်တော်မှာဆိုလျှင် ကျွန်တော် တို့ဥက်္ကဋ္ဌကြီးဟာ ရှင်ဘုရင်ပဲ။ သူအာဏာအရှိဆုံးပဲ။ သူကနေပြီးတော့ အစည်းအဝေးလုပ်တဲ့ နေရာတွေမှာ အဆုံးအဖြတ်သဘော မျိုးနှင့် ကြည့်ရှုဆုံးဖြတ်သွားရမယ်။

သူ့အဆုံးအဖြတ်ကို ကျွန်တော်တို့ နားထောင်ရမယ်။ အဲဒီတော့ကာ လွှတ်တော်အမတ် ဘာမဆိုဆုံးဖြတ် ချင်တာဆုံးဖြတ်နိုင်တယ်။ ဆုံးဖြတ်ပြီးတဲ့နောက် ဆုံးဖြတ်ချက်အတိုင်း ဒီအတိုင်းဖြစ်အောင်ဆိုတဲ့ ကိစ္စကတော့ ဒီအခါကျလို့ရှိလျှင် ဘိလပ်ပါလီမန်က အဲဒီလိုလိုက်ပြီးတော့ ခင်ဗျားတို့တစ်တွေ ကျုပ်တို့အာဏာလွှဲပါတယ် ဆိုတဲ့ သဘောမျိုး ဘယ်လိုနည်းနှင့်ဖြစ်စေ၊ ဘယ်လိုဥပဒေနှင့်ဖြစ်ဖြစ် လုပ်ရလိမ့်မယ်။ အဲဒါကတော့ ရိုးရိုးနည်းအတိုင်းဖြစ်ပုံကို ကျွန်တော်ပြောပြတာပါ။ ဒါကတစ်ယောက်နှင့် တစ်ယောက်၊ တစ်ဦးကိုတစ်ဦးအာ ဏာ လွှဲပြောင်းပေးမည့် အခြေအနေမျိုး ဖြစ်ရမည့် သဘောမျိုးကို ပြောဆိုခြင်းဖြစ်ပါတယ်။

အဲဒီတော့ အဲဒီလိုအာဏာလွှဲပြောင်း ပေးတဲ့ကိစ္စမှာ စကားများပြီး အကျယ်အကျယ်တွေ ဖြစ်လာကြလျှင် အာဏာလွှဲပြောင်းမှု အခက်အခဲတွေပေါ်လာလျှင်တော့ ဒီ့ပြင်တစ်နည်းတစ်လမ်း စဉ်းစားတန် စဉ်းစားရလိမ့် မယ်။ အဲလိုစဉ်းစားတဲ့အခါမှာ ဥပမာတိုင်းပြည်ပြုလွှတ်တော်ကနေပြီးတော့ ကျုပ်တို့ဟာ အချုပ် အခြာအာဏာ ပိုင်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ကျုပ်တို့ပဲ ဒီအာဏာတွေကိုယူရမယ်ဆိုပြီး အတင်းယူတဲ့ နည်းလမ်းလည်းရှိ ပါတယ်။ သို့သော်လည်း ယခုအဆိုတင်သွင်း နေတဲ့ကိစ္စကတော့ ဒီလိုအတင်းယူဖို့ကိစ္စကို ကျွန်တော် မတိုက်တွန်းသေးဘူး။ ဘာကြောင့် မတိုက်တွန်းသေးဘူးလဲဆိုလျှင် တိုင်းပြည်တစ်ပြည် လုံးမှာဖြစ်နေတဲ့ အခြေ အနေတွေကို ထောက်ပြီးတော့ အကြည်အသာအားဖြင့် မိတ်ဆွေသဘောနှင့် အာဏာလွှဲပြောင်းယူ သွားနိုင်ဖို့ ကျွန်တော်တို့က အနည်းငယ်စောင့်ဆိုင်းပြီးတော့ ဒီအတိုင်းအကြည်အသာ အာဏာလွှဲပြောင်းမှု ရအောင်လုပ်ရ မယ်ဆိုတဲ့ သဘောမျိုးနှင့် ကျွန်တော် ဒီအဆိုကိုတင် သွင်းခြင်းဖြစ်ပါတယ်။

အကယ်၍သာ ဒီလိုကြည်ကြည်သာသာ မိတ်ဆွေသဘောမျိုးနှင့် အာဏာလွှဲပြောင်းမှုကို မလိုလားဘူးဆို လျှင် အခုလို တိုင်းပြည်ပြုလွှတ်တော်ကြီးမှာ ပထမဆုံးအဆိုတင်သွင်းကတည်းက ကျွန်တော်တို့ တစ်မျိုးသွင်း လာခဲ့မှာပဲ။ ဘယ်လိုသွင်းမလဲ ဆိုလျှင် ဒီအဖွဲ့ကြီးဟာ ယာယီအမျိုးသား အစိုးရစသည်အားဖြင့် ဖွဲ့စည်းမယ်၊ ဒါတွေကို ကျွန်တော်တို့ဖွဲ့စည်းမယ်၊ အတင်းလုပ်စရာလိုလျှင် အတင်းလုပ်မယ်။ ကျုပ်ဒီလိုအတင်းလုပ်တဲ့ အခါကျတော့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အင်္ဂလိပ် အစိုးရနှင့်ဆိုလို့ရှိလျှင် အကျယ်အကျယ် မငြိမ်းဖွယ် အနည်းနှင့်အများဖြစ်ရမယ်။ လက်တွေ့အားဖြင့် ပြောရမယ်ဆိုလျှင် ဒီလို အငြင်းအခုံမဖြစ်ချင်ပေမယ့် ဆယ်ရေး တစ်ရေး၊ ကိုးရေးတစ်ရာဆိုသလို လုပ်ထား ဖို့ ပြင်ဆင်ချက်တွေရှိသေးတယ်။

အဲဒီတော့ လက်တွေ့ပြင်ဆင်ချက် လုပ်စရာဆိုတာတွေ အပထားပြီး တခြားစဉ်းစားလိုက်မယ်ဆိုလို့ရှိလျှင် အကျယ်အကျယ် မငြိမ်းဖွယ်ဆိုပြီး တစ်ယောက်နှင့် တစ်ယောက် ဒီအတင်းအကျပ်လျှောက်ပြီး လုပ်နေရမယ့် ကိစ်္စမျိုးတွေဆိုတာ အမှန် အားဖြင့် ကျွန်တော်တို့ ဘယ်လူမဆို လိုလားမှာလည်းမဟုတ်ပါဘူး။ လိုလည်း မလိုလားအပ်ဘူး။ နောက်တိုင်းပြည်ရဲ့ အခြေအနေအားလုံးကိုကြည့်ပြီး အကြည်အသာအားဖြင့် အာဏာလွှဲ ပြောင်းလို့ ရနိုင်မယ်ဆိုလို့ရှိလျှင် မကောင်းဘူးလား။ အဲဒီလို အကြည်အသာဖြစ်အောင်ဆိုပြီး ဒီအဆိုကို တင်သွင်းတဲ့အခါကျတော့ အာဏာလွှဲပြောင်းဖို့ ဖြစ်နိုင်, မဖြစ်နိုင် ကျွန်တော်တို့ ချိန်ဆဖို့လိုပါတယ်။ အကြည် အသာ အာဏာလွှဲပြောင်းလျှင် အခုဖြစ်နေ တဲ့ ကမ်္ဘာရဲ့ အခြေအနေ၊ အင်္ဂလိပ်အစိုးရရဲ့ အခြေအနေအားလုံးကို ခြုံကြည့်လျှင် အကြည်အသာဖြစ်မှာပဲလို့ယူဆတယ်။ အနှေးနှင့်အမြန်ပဲ။ ဒီအနှေးနှင့်အမြန်ဆိုတဲ့ ကိစ်္စဟာလည်း ကျွန်တော်တို့လုပ်တဲ့အပေါ်မှာတည်တယ်။ တခြားမှာလည်းတည်တယ်။

ကျွန်တော်လုပ်တာက မြန်မြန်နှင့် ကောင်းကောင်းမှန်မှန်ရှိပြီးတော့ ကျွန်တော်တို့ တစည်းတလုံးတည်း တညီတညာတည်း အင်အားတောင့်တောင့်တင်းတင်းနှင့်ဆိုလို့ရှိလျှင် ယူနိုင်တယ်။ သို့သော်လည်း တထစ်ချမ ပြောလိုဘူး။ အခု လုံးဝလွတ်လပ်ရေးရပြီဆိုတော့ ဒီအဆိုထဲမှာ ဒီမူကိုထည့်လိုက်တဲ့အခါကျတော့ ဒီ အနှောင့် အယှက်တွေကို စဉ်းစားပြီးတော့မှ ဒီအဆိုကတင်သွင်းတဲ့အခါ အဆိုဟာရှေ့ကို ဘယ်လိုများ ဖြစ်မလဲဆိုတဲ့အ လားအလာကို မတေွးရဲ အောင်ဖြစ်နေတဲ့ အခြေအနေကိုရောက်နေပါတယ်။

ဘာပြုလို့လဲဆိုလျှင် ဒီတိုင်းပြည်ပြုလွှတ်တော်ကနေပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကို ဆုံးဖြတ်ပြီး တဲ့နောက် ဒီအတိုင်းအတည်ဖြစ် ဖို့, မဖြစ်ဖို့ဆိုတာဟာ ဘယ်အပေါ်မှာ တည်သလဲဆိုလို့ရှိလျှင် ကျွန်တော်တို့ အား လုံးအပေါ်မှာတည်ပြီးတော့ မိမိတို့အဆင့်အတန်းရှိနေတဲ့ အချုပ် အခြာအာဏာပိုင် အဆင့်အတန်းကို စ ကားသဘောနှင့်မဟုတ်ဘဲ ဥပဒေသဘောနှင့် တကယ့်လက်တွေ့ လက်ရောက်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ သနိ္နဋ္ဌာန်ရှိဖို့လိုပါတယ်။ အဲဒီလိုရှိနေမှသာလျှင် ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော်အဖွဲ့ကြီး ဆုံးဖြတ်ပေးတဲ့ ဆုံးဖြတ်ထားတဲ့အတိုင်း ဖြစ်မြောက်အောင်မြင်အောင်လုပ်ဖို့ ပြင်ဆင်ပြီးသား ဖြစ်လာပါလိမ့်မယ်။ ဒီလိုလုပ်လို့ရှိ လျှင် ယခုမြင်နေတဲ့အတိုင်းဆိုရင် အာဏာလွှဲပြောင်းမှုနှင့် ပတ်သက်ပြီး အခက်အခဲတွေ အနည်းနှင့်အများ ပေါ် လာလိမ့်မယ်လို့ ထင်ပါတယ်။

ကျွန်တော် ဘယ်လိုရည်ရွယ်ချက်နျင့် ဘယ်သူ့အပေါ်မှာ ဘယ်လိုစိတ်ထားမှ မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုချင်ပါတယ်။ အာဏာလွဲပြောင်းပေးတဲ့ ကိစ်္စမှာဆိုလို့ရှိရင် တောင်တန်းဒေသဆိုင်ရာ ကိုယ် စားလှယ် တွေကို အသုံးချမှာပဲဆိုတာကို ကျွန်တော်ကပွင့်ပွင့် လင်းလင်းပြောထားလိုပါတယ်။ ဘာပြုလို့လဲဆိုရင် ကျွန် တော်တို့ အခုနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲတဲ့နေရာမှာ အခက်အခဲတွေဘယ်လို လွတ် မြောက်အောင် ဖန်တီးဖို့ဆိုတာ ဒီအရေးဒီကိစ္စကလွဲလျှင် ဒီ့ပြင်ဘာမှမရှိဘူး။ ဗမာပြည်မှာဆိုရင် သူတို့က ကရင် တွေကိုမြှောက်ပေးမှာပါပဲ။ တောင်တန်းကိုယ်စားလှယ်တွေကိုလည်း မြှောက်ပေးမယ်။ ကျွန်တော်တို့ကတော့ အားလုံးကိုစဉ်းစားပြီးသားပဲ။ ဘယ်သူကဘယ်သူ့ကို မြှောက်ပေးမြှောက်ပေး ကျွန်တော်တို့အဖို့မှာတော့ ကျွန် တော်တို့သွားရမယ့်လမ်းကို မှန်မှန်ကြီးသွားမယ်။ ရှုပ်လို့လည်း ပိုရမှာမဟုတ်ဘူး။ ခြောက်လို့လည်း ပိုရမှာ မဟုတ်ဘူး။ ဘယ်လိုလုပ်လုပ် သွားမယ်ဆိုတဲ့ လမ်းစဉ်အတိုင်း မှန်မှန်ကြီးသွားမယ်။ နောက်ဆုံးတစ်နေ့မှာ ကျွန်တော်တို့စိတ်စေတနာအရင်းနှင့် လုပ်ကိုင်သွားတာကို ရှုပ်ချင်တဲ့လူတွေရှိရင် သဘောအတိုင်းရှုပ်နိုင်တယ်။

ကျွန်တော်တို့ကတော့ ကျွန်တော်တို့သဘောအရ ပြဋ္ဌာန်းထားတဲ့အတိုင်းသွားမှာပဲ။ အဲဒီလိုသွားတဲ့အခါမှာ လည်း ဘယ်လိုအခက်အခဲတွေနဲ့ တွေ့နေ၊ အခက်အခဲတွေကို ကျော်နင်းပြီးသွားမယ်။ ခြောက်လျှင်လည်း ကျွန် တော်တို့မကြောက်ဘူး။ မြှောက်လျှင်လည်း မမြှောက်ဘူး။ ချော့လျှင်လည်းမပျော့ဘူး။ လမ်းမှန်အတိုင်း မှန်မှန် သွားမယ်။ ကျွန်တော်တို့ လိုလားတဲ့ ပန်းတိုင်ထိအောင် ကျွန်တော်တို့ သွားမယ်။ (သြဘာသံများ)

ကျွန်တော်တို့ အဲဒီလိုသွားတဲ့အခါမှာ ကျွန်တော်တို့အတွက်ကတော့ စဉ်းစားပြီးသား၊ ဆုံးဖြတ်ပြီးသားရှိလို့ ရှေ့ကို ဘယ်လိုအခက်အခဲတွေ တွေ့ဦးမယ်၊ ဘယ်လိုဖြစ်မည်ဆိုတာအားလုံး ကျွန်တော်တို့ စဉ်းစားပြီးသား ဖြစ်တယ်။ သို့သော်လည်း ကျွန်တော်တို့ တောင်တန်းဒေသဘက်က မိတ်ဆွေတွေ ရှမ်းအစရှိသည့်အပြင် အား လုံးကိုပြောချင်တာက မိတ်ဆွေသဘောသာမက ကျွန်တော်တို့နှင့် သွေးချင်းသားချင်းဆိုလျှင် လည်းမှန်ပါ တယ်။ ဘာပြုလို့လဲဆိုတော့ ရှေးကတည်းက ရာဇ၀င်အရ မွန်ဂိုလီယံ အဆက်အနွယ်ကဆင်းသက်လာတဲ့ လူမျိုးများဖြစ်ပါတယ်။ အဲဒီသွေးသားချင်းတူညီ နေကြတဲ့လူတွေနှင့် သွေးချင်းသားချင်းမတူတဲ့ လူတွေမှာ ဘယ် နေပြီးတော့ ဘယ်သူ့အပေါ်မှာ စေတနာပို့မည်ဆိုတာကို သေသေချာချာစဉ်းစားဖို့လိုတယ်။ နောက်ပြီး တစ် ချက်က ကျွန်တော်တို့ကနေပြီးတော့ အခုနေဆောင်ရွက်နေတဲ့ကိစ္စတွေဟာ ခင်ဗျားတို့ တောင်တန်းနယ်က လူတွေ အတွက် ကောင်းကျိုးအတွက်လား၊ ဆိုးကျိုး အတွက်လားဆိုတာကို စဉ်းစားဖို့လိုပါတယ်။

လွန်ခဲ့တဲ့ လေး-ငါးလတုန်းက ဘာမျှအခြေအနေ မရေရာတဲ့ တောင်တန်းဒေသဆိုတဲ့နယ်တွေကို အခြေ အနေရေရေရာရာ ဖြစ်အောင် ကျွန်တော်တို့ ၀င်ရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်။ ဒီလိုလုပ်လာခဲ့တာ တွေဟာ ကျွန်တော်တို့စေတနာနှင့်လုပ်တာပဲ။ စေတနာနှင့် လုပ်တာလား၊ ဝေဒနာနှင့်လုပ်တာလား စဉ်းစားဖို့ လိုတယ်။ အမှောင်ထဲကနေပြီး အလင်းရောင်ထဲ ရောက်အောင် ဆောင်ရွက်လာတဲ့ဟာကို အလင်းရောင်က အမှောင်ထဲ ပြန်ရောက်အောင် ပြန်သွားချင်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့မှာ တားပိုင်ခွင့်မရှိဘူး။ ကျွန်တော် တို့မြင်တဲ့အတိုင်းပြောရလျှင် ကျွန်တော်တို့ ဆွေကြီးမျိုးကြီး သွေးချင်းသားချင်းဝတ္တရား ရှိသလို ဆောင်ရွက်တန် သလောက်ဆောင် ရွက်ခဲ့တယ်။ အလင်းရောင်က အမှောင်ထဲ ပြန်သွားချင်တယ်ဆိုလျှင် ကျွန်တော်တို့မ တတ်နိုင်တော့ဘူး။ အဲဒီတော့ ကျွန်တော် တို့အဖို့မှာတော့ ဘယ်အထိ စေတနာရှိတယ်ဆိုတာ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေရေး ဆွဲထားတဲ့ နောက်မှာလည်း စိတ်ကကူးထား တာတွေ အမြောက်အမြားရှိပါသေးတယ်။

အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆိုတာဟာလည်း အမှန်စင်စစ်အားဖြင့် လူတွေရဲ့ စေတနာ၊ လူတွေရဲ့ ရည်ရွယ်ချက်၊ လူတွေရဲ့ လိုလားချက်အားလုံးကို ဘယ်နည်းနှင့်မျှ ကုန်စင်အောင်မထည့်နိုင်ဘူး။ ဘယ်ဥပဒေ မှာမှ ပြည့်ပြည့်စုံစုံရှိတဲ့ ဥပဒေမျိုး မရှိနိုင်ဘူး။ No constitution in the world is perfect ။ ကမ်္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ဘယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာမှ ပြည့်ပြည့်စုံစုံရှိတဲ့ ဥပဒေရယ်လို့ မရှိဘူး။ အမှားအယွင်းမရှိတဲ့ ဥပဒေရယ်လို့ လုံးဝမရှိသေးဘူး။ အဲဒီတော့ကာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ လိုသမျှ အချက်တွေကို အကုန်လုံး ကျွန်တော်တို့ မထည့်နိုင်သေးဘူး။ တချို့ဟာတွေကို ထည့်နိုင်ပေမယ့် တချို့ဟာတွေကို မထည့် နိုင်ဘဲရှိတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လုပ်တဲ့နေရာမှာလည်း The letter of the constitution and the spirit of the constitution ၂မျိုးရှိတယ်။ ဥပဒေမှာ စာလုံးတွေကိုလိုက်ပြီးတော့ ကတ်သီးကတ် သတ်ဝိ နည်းလွတ်တဲ့ ၀ိနည်းလွတ်ရုံလောက် အဓိပ်္ပာယ်ကောက်တဲ့နည်းက တစ်မျိုး၊ အဲဒီဥပဒေကို လုပ်လိုက်တဲ့အခါ တုန်းက Spirit of the  constitution ကျွန်တော်တို့မှာရှိတဲ့ စေတနာစိတ်ထားအတိုင်းလုပ်လာတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ဖတ်လိုက်တဲ့အခါမှာ ဒီဟာလူမျိုးအချင်းချင်း ခိုင်ခိုင်လုံလုံ ညီညီညွတ်ညွတ်နှင့် ပေါင်း သင်းသွားပြီးတော့ကာ အလုပ်လုပ်ဖို့ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေပါလားလို့ အဲဒီ Spirit စိတ်ထားမျိုး ပေါ်လာအောင် ရေးဆွဲတဲ့ဥပဒေမျိုးဆိုလို့ရှိရင် ဒီဥပဒေမျိုးအရ အဲဒီဥပဒေစိတ်ဓာတ်အရ  Spirit of constitution  ကျွန်တော်တို့ ဒီစိတ်ဓာတ်အတိုင်း နောက်အလုပ်လုပ်သွားတဲ့အခါကျတော့ Extra constitutional understanding and convention ဒီဥပဒေ အပေါ်မှာ တစ်ယောက်နှင့်တစ်ယောက် နား လည်ပြီး ယုံယုံကြည်ကြည် လုပ်တဲ့လုပ်ငန်းတွေ၊ နောက်ပြီး ထုံးတမ်းစဉ်လာ အမြောက်အမြားတွေလုပ်ရမယ်။ ဒီအခါကျ လို့ရှိရင်လည်း ကျွန်တော်တို့စေတနာကို တွေ့ရပါလိမ့်မယ်။ သို့သော်လည်း အခုအထိ ကျွန်တော် တို့ပြလာတဲ့ စေတနာတွေကိုသာ သိစေချင်တယ်။ ဒီတော့ကာ ကျွန်တော်တို့ကတော့ သွေးချင်းသားချင်း အဖြစ် နှင့် ဒီလိုစေတနာပြခဲ့တယ်။ ဒီလိုပြခဲ့တဲ့နေရာမှာလည်း ကျွန်တော်တို့အမှောင်က အလင်းရောင်ရောက်သည် ထက်ရောက်အောင် စေတနာသန့်သန့်နဲ့ လုပ်ခဲ့တာပါပဲ။ အလင်းရောင်ကနေပြီးတော့ အမှောင်သွားစေလိုတဲ့ စေတနာမရှိပါဘူး။

တစ်နေ့က စာတစ်စောင်ဖတ်လိုက်ရတယ်။ နယ်တစ်နယ်က အင်္ဂလိပ်လက် အောက်ကနေပြီး လွတ်လပ်တဲ့ ဗမာနိုင်ငံတော်ထဲမှာ မနေချင်ဘူးဆိုတဲ့ အဲဒီလို အစီရင်ခံစာမျိုး ကျွန်တော်တို့တွေ့ရတယ်။ တွေ့ရတော့ကာ ဒီလို အင်္ဂလိပ်လက်အောက် နေချင်ကြတယ်ဆိုလျှင်လည်း သဘောပဲ။ အလင်းရောင်ကနေပြီး အမှောင်ထဲသွား ချင်ကြတဲ့လူတွေရှိလျှင်လည်းသဘောပဲ။ ကျွန်တော်တို့ကတော့ မတားဆီးပါဘူး။ ကျွန်တော်တို့ကတော့ အင်္ဂလိပ်လက်အောက်မှာလည်း မနေချင်ဘူး။ ဘယ်လူမျိုး၊ ဘယ်နိုင်ငံခြား လူမျိုးလက်အောက်မှာမှ မနေချင် ဘူး။ ကျွန်တော်တို့ လွတ်လွတ် လပ်လပ်နေချင်တယ်။(သြဘာသံများ)

ကျွန်တော်တို့ အတိအလင်းကြေညာလိုပါတယ်။ အဲဒါကတော့ အဲဒီလိုလွတ်လပ်တဲ့ နိုင်ငံအဖြစ်နဲ့ ကျွန်တော် တို့နေနိုင်အောင်ဆိုပြီးတော့ ဒီအဆိုကိုတင်သွင်းတဲ့အခါမှာ အလင်းရောင်ထဲမှာနေချင်ကြတဲ့လူတွေဟာ ကျွန် တော်တို့အဆိုကိုထောက်ခံပါ။ အလင်းရောင်ကနေပြီးတော့ အမှောင်ထဲကို သွားချင်တဲ့လူတွေကတော့ သဘော အတိုင်းပါပဲဆိုတာ ဒီအဆိုကို တင်သွင်းရင်း ကျွန်တော်ပြောခဲ့ပါတယ်။

 

ဗိုလ်ချုပ်အောင်ဆန်း

(ပင်လုံကတိက၀တ်များ)

ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလူမျိုးများ၏ ပြည်ထောင်စုအပေါ် ဝေဖန်သုံးသပ်သည့် စာတမ်းများ (ဒီဇင်ဘာလ၊ ၂၀၁၃) မှထုတ် နှုတ်ဖော်ပြသည်။