“လွယ်လား ခက်လား ခြေဥ”

 

မြန်မာနိုင်ငံရဲ့ ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတချို့က ခြေဥဆိုပြီး အလွယ်ခေါ်ကြပါတယ်။ အခုအဲဒီခြေဥကို ပြင်ဆင်ဖို့အရေး ကော်မတီဖွဲ့ပေးစေလိုတာမို့ အရေးကြီးအဆိုတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်မှာ တင်လိုက်တာ တွေ့ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းတွေ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးကိုအကြောင်းပြပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီပါတီ)ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က အဆိုတင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ အန်အယ်လ်ဒီအစိုးရ သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ ပထမဆုံး အကြိမ်အရေးကြီး အဆိုတင်လာတာလည်း ဖြစ်ပါတယ်။

ပြင်ဆင်ရေးမှာ လွှတ်တော်လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက မဲမပေးဘဲ သူတို့သဘောထားကို ပြသခဲ့ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲနဲ့ အဆိုကို ဆက်လက် ဆွေးနွေးဖို့ လွှတ်တော်ကအတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

”ပြင်ဖို့သဘောတူပြီးသား။ အခြေခံဥပဒေမပြင်ဘူးလို့ တစ်ခါမှ မပြောခဲ့ဖူးဘူး။ ဟိုးနှစ်ပေါင်းများစွာကတည်းက ပြောခဲ့တယ်။ ပထမအကြိမ်အစိုးရကတည်းကပြောခဲ့တယ်”လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က သဘောထားမှတ်ချက်ပေးတယ်ဆိုပြီးတော့လည်း မီဒီယာအတော်များများက ဖော်ပြကြပါတယ်။ စနစ်တကျပြင်ဖို့ လည်း သူကဆိုပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ခြေဥပြင်ဆင်ရေးရေချိန်က စတင်မြင့်တက်စပြုလာပြီဖြစ်ပါတယ်။ အရင့်အရင် က လည်းခြေဥပြင်ဆင်ရေး တက်ကြွလှုပ်ရှားမှု အမျိုးမျိုးရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ကတော့လွှတ်တော်ထဲ ထိရောက် လာခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ခြေဥပြင်ဆင်ရေးအစပြုခဲ့တယ်လို့ ပြောလို့ရနိုင်တဲ့အချက်က ခြေဥပုဒ်မ၅၉(စ)ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ အငြင်းပွားကြဆုံးအချက်ကို ပြပါဆိုရင်လည်း ပုဒ်မ၅၉(စ)ပဲဖြစ်ပါတယ်။ အဲဒါက ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ပုဒ်မဖြစ်ပါတယ်။ အဲဒီပုဒ်မရဲ့အဓိကရည်ရွယ်ချက်က သမ္မတလုပ်မယ့် သူရဲ့ခင်ပွန်း၊ ဇနီး၊ သားသမီးအစရှိသဖြင့် မိသားစုဝင်တွေက အခြားနိုင်ငံတစ်ခုခုရဲ့ နိုင်ငံသားတွေဖြစ်လို့ မရပါဘူး။ ပြီးတော့ နိုင်ငံခြား တိုင်းပြည်တွေရဲ့ ထောက်ပံ့ထားတဲ့ သြဇာခံထားတဲ့သူတွေလည်း မဖြစ်ရပါဘူး။

၅၉(စ)နဲ့ပတ်သက်လို့ အငြင်းပွားရတဲ့အကြောင်းရင်းရဲ့ ဇာစ်မြစ်က လက်ရှိနိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကို တားမြစ်ထားတာကစပါတယ်။ အဲဒီပုဒ်မမှာ အဓိကအငြင်းပွားတဲ့အချက်က နှစ်ချက်ပဲရှိတယ်လို့ ယူဆပါတယ်။ ပထမတစ်ချက်က ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး အဲဒီပုဒ်မကို ဘယ်လိုပြင်မလဲ။ ဒုတိယအချက်က အဲဒီပုဒ်မလိုမျိုး၊ ပုံစံတူပြဋ္ဌာန်းချက်မျိုး ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ၁၉၇၄ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေတွေမှာ ပါတယ်,မပါဘူး စသဖြင့်အငြင်းပွားကြတာဖြစ်ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေလိုလို့ သူ့တစ်ဦးတည်း အတွက်ကိုပဲရည်ရွယ်ပြီး ပြဋ္ဌာန်းခဲ့လေသလားလို့ ထင်မှတ်မှားရလောက်တဲ့ ၅၉(စ) လိုပြဋ္ဌာန်းချက်မျိုးက ၁၉၄၇ခုနှစ်ဥပဒေနဲ့ ၁၉၇၄ခုနှစ် ဥပဒေတွေမှာ မပါဝင်ပါဘူး။ ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာသာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းနဲ့ သားတွေကအခြားနိုင်ငံရဲ့ နိုင်ငံသားတွေဖြစ်နေလို့ ၅၉(စ)က သူ့ကိုသမ္မတ ဖြစ်ခွင့်ကနေ တားဆီးခဲ့တာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက သုံးခုပဲရှိခဲ့ပါတယ်။ အဲဒီသုံးခုက ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုပြီး ဖြစ်ပါတယ်။ လက်ရှိကျင့်သုံးနေကြတာက ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေသုံးခုစလုံးရဲ့ ကွဲပြားခြားနားချက်တွေက အချက်ပေါင်း ၃ဝထက်မနည်းရှိပါတယ်။ အားနည်းချက်၊ လိုအပ်ချက်တွေကလည်း ရှိနေပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသုံးခုစလုံးရဲ့ ကွဲပြားခြားနားချက်တွေထဲမှာ မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူအများစုရဲ့ အာရုံကို အဖမ်းစားနိုင်ဆုံးက နိုင်ငံရေးမှာတပ်မတော်က ဘယ်လောက်ထိ ပါဝင်နိုင်ခဲ့လဲဆိုတာနဲ့ပတ်သက်တဲ့ပြဋ္ဌာန်း ချက်တွေပါ။ ဒါတင်မကပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ကနေ ချုပ်ချယ်ထားတဲ့ သံမဏိနှောင်ကြိုးလေး တစ်မျှင် ၅၉(စ)ကလည်း နိုင်ငံရေးလေ့လာသူအများစုရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ မရှိခဲ့ပါဘူး။ တပ်မတော်အခန်းဆိုပြီးလည်း  အခန်းသီးသန့်နဲ့ မပြဋ္ဌာန်းခဲ့ပါဘူး။ ဒါပေမယ့် ပြည်သူကမရွေးဘဲ လွှတ်တော်ထဲမှာ တိုက် ရိုက်ပါဝင်ခွင့်ရခဲ့တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းနဲ့ တပ်မတော်အခန်း ပြဋ္ဌာန်းချက်တွေက ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်လာပါတယ်။

အဲဒီလိုပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခန့်အပ်တဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးတို့ကလည်း အစိုးရအဖွဲ့မှာရော အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာပါ ၂ဝဝ၈ခုနှစ်ဥပဒေ အရ ပါဝင်လာပါတယ်။ အခြေခံဥပဒေ သုံးခုစလုံးမှာကွဲလွဲတာက ဒါတွေတင်မကပါဘူး။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီ ရင်ရေးမဏ္ဍိုင်တွေရဲ့ အာဏာခွဲဝေမှုအပိုင်းမှာလည်း မတူညီတဲ့အချက်တွေရှိနေပါတယ်။

တစ်ဆက်စပ်တည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာပါတဲ့ ရှေ့နောက်မညီတဲ့ အားနည်းချက်အလွဲလေးတွေကို လည်း အနည်းငယ်ဖော်ပြချင်ပါတယ်။ ဥပဒေတစ်ခုဟာ ရာသက်ပန်သုံးလို့ရအောင် ပြည့်စုံတယ်ဆိုတာမရှိပါဘူး။ ခေတ်နဲ့ အညီ ပြင်ဆင်ရစမြဲပါ။ အဲဒီလိုပဲလွဲမှားတဲ့ အချက်တွေ၊ အားနည်းချက်တွေပါတဲ့ ဥပဒေတွေကလည်း အများအပြားပါပဲ။ အဲဒီ ထဲမှာ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပါဝင်ပါတယ်။ ၂ဝဝ၈ဥပဒေက ပြင်ဆင်စရာမရှိအောင် ပြီးပြည့်စုံတယ်၊ လွဲတာ မရှိဘူးလို့ပြောတဲ့သူတွေအတွက် ထင်သာမြင်သာရှိတဲ့ အလွဲသေးလေးတစ်ခုကိုစပြီးပြောပါမယ်။ အဲဒါကအခန်း(၃) ခေါင်းစဉ် ပါ။ မာတိကာရဲ့ အခန်း(၃)ခေါင်းစဉ်မှာ ”နိုင်ငံတော်အကြီးအကဲ”ဆိုပြီးပါပါတယ်။ အထဲက ခေါင်းစဉ်က ”နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ” ဆိုပြီးဖြစ်သွားပါတယ်။ တကယ်က မာတိကာနဲ့ အထဲနဲ့ကတူညီသင့်ပါတယ်။ ဒါက ပြောပ လောက်တဲ့အလွဲ မဟုတ်ပါဘူး။

သိသိသာသာလွဲနေတာတစ်ခုကို ပြောချင်ပါတယ်။ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၈၊ ၁၂၄၊ ၄၄၁ သုံးခုကို ယှဉ်ကြည့်ပါ။ ပုဒ်မ၇၈-”ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမ အစည်းအဝေးစတင်သည့်နေ့မှ ၁၅ရက်အတွင်းကျင်းပရမည်”။ ၁၂၄(က)-”ဖွဲ့ စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီး နောက် ပထမအကြိမ်ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်”။ ၄၄၁- ”ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေးစတင် ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝန်းလုံး၌ အာဏာတည်သည်”စသဖြင့် ပြဋ္ဌာန်းထားပါတယ်။ အဲဒီသုံးခုရဲ့ ရှေ့နောက်မညီမှုက တကယ်ဆိုရင် ပထမအကြိမ် လွှတ်တော်အစည်းအဝေးကျင်းပတဲ့အဆင့်ထိတောင် လုပ် လို့မရပါဘူး။

ဒီအလွဲတွေကို မဖြစ်မနေပြင်ဆင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ပြီးပြည့်စုံတဲ့ဥပဒေတစ်ခုဖြစ်ဖို့ မလွယ်ဘူးဆို တာနဲ့ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေက ပြီးပြည့်စုံတဲ့ဥပဒေတစ်ခုတော့ မဟုတ်ဘူးဆိုတာကို နမူနာပေးချင်ရုံသက်သက်တင် ပြတာဖြစ်ပါတယ်။ ဥပဒေတစ်ရပ်က ပြည့်စုံဖို့မလွယ်ကူတဲ့အလျောက် ဥပဒေတွေကိုရေးဆွဲရာမှာပြင်ဆင်တဲ့ အခန်းထည့် မယ်ဆိုရင် ပြင်ဆင်ဖို့သိပ်ခက်ခဲအောင် ရေးဆွဲမထားသင့်ပါဘူး။ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ကသာဓကပဲဖြစ်ပါတယ်။ ဥပဒေကပြည့်စုံလားဆိုတော့လည်း မပြည့်စုံပါဘူး။ ပြင်ဆင်မယ်ဆိုတော့လည်း ခက်အောင်ရေးဆွဲ ထားပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်တာနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့နည်းလမ်းအချို့ကိုပြန်လည် ဝေမျှချင်ပါ တယ်။

ပထမအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတင်သွင်းတဲ့အဆိုကို ဥပဒေမူကြမ်းအဖြစ်နဲ့ တင်သွင်းရမှာဖြစ်ပါ တယ်။ ဒုတိယအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ အဆိုတင်သွင်းတဲ့ဥပဒေမူကြမ်းမှာ အခြားအဆိုတွေပါရှိလို့ မရပါဘူး။ တတိယအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းရ ပါမယ်။ စတုတ္ထအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၂ဝရာခိုင်နှုန်းက တင်ပြလာမယ်ဆိုရင် အဲဒီပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ် တော်က လက်ခံဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅တို့ မှာ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီဥပဒေမှာပါတဲ့ ပုဒ်မအရေအတွက် ၄၅၇ခုမှာ အရေအတွက် ၃၆၈ခုကို ပြင်ချင်ရင်ပြည်ထောင်စု လွှတ်တော်ထဲက လွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်က သဘောတူမှရပါမယ်။ ကျန်ပုဒ်မ ၈၉ခုကိုပြင်ချင်ရင် ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့သဘောတူလက်ခံရမယ့်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရပါမယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲနဲ့ပဲ ပြင်လို့ရမှာ ဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ၅၉(စ)လိုကိစ္စ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းလို ကိစ္စ၊ ပြင်ဆင်ခြင်းအခန်းပါပုဒ်မ ၄၃၆လိုကိစ္စတွေကို ပြင်ချင်ရင် ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူလက်ခံတယ် ထားဦး… ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရပါမယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က ဆန္ဒမဲပေးရပါဦး မယ်။ နိုင်ငံရေးအသိနဲ့ ဥပဒေဗဟုသုတအားနည်းလို့ မဲပေးသူ ပြည်သူအရေအတွက်က ထက်ဝက်များ မကျော်ခဲ့ရင် အဲဒီလို ပုဒ်မမျိုးတွေပြင်ဆင်ဖို့ တော်တော်ခက်နိုင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းရှိပါတယ်။ ခြေဥရဲ့ ဘယ်ပုဒ်မကိုပြင်ပြင် လွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော် ထောက်ခံမဲပေးဖို့လိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်ပုဒ်မပြင်ပြင်အနည်းဆုံး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကတော့ ဖြင့်မဲပေးထောက်ခံမှရပါမယ်။ အဲဒီတစ်ယောက်သောသူထောက်ခံတယ်ထားဦး… ကျန် ၇၅ရာခိုင်နှုန်းအားလုံးက ထောက်ခံ ပါမယ်လို့ ဘယ်သူအာမခံနိုင်ပါသလဲ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်နဲ့ ကျန်၇၅ရာခိုင်နှုန်းက ထောက်ခံတယ်ထားဦး… ပြင်မယ့်ပုဒ်မက ပြည်လုံးကျွတ်ဆန္ဒခံယူဖို့လိုတဲ့ပုဒ်မများဖြစ်ခဲ့မယ်ဆိုရင် မဲပေးခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံမယ်လို့ တထစ်ချယုံ ကြည်လို့ရနိုင်ပါပြီလား။

ဒီတော့ ခြေဥပြင်ဆင်ရေးကလွယ်လား၊ ခက်လားမေးမယ်ဆိုရင် စာရေးသူရဲ့ တစ်သီးပုဂ္ဂလအမြင်ကတော့ လွယ်မယောင်နဲ့ ခက်တိမ်မယောင်နဲ့နက်လို့သာ ပြောလိုက်ချင်ပါတယ်။

 

သာဓက