လွှတ်တော်မချွတ်ချော်စေဖို့

 

ဒီမိုကရေစီစနစ်မှာ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တွေရဲ့အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ အထူးသဖြင့်ကိုယ်စားပြု ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ နိုင်ငံတွေမှာပိုအရေးကြီးပါတယ်။ တိုက်ရိုက် ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေမှာ နိုင်ငံ့ရေးရာကိစ္စအများစုကို နိုင်ငံသားတစ်ဦးချင်းစီက တိုက်ရိုက်ပါဝင် ဆုံးဖြတ်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ်စားပြုဒီမိုကရေစီစနစ်မှာတော့ နိုင်ငံသားတွေရဲ့ကိစ္စ၊ နိုင်ငံရေးရာကိစ္စတွေ ကို တစ်ဦးချင်းဆုံးဖြတ်ဖို့ ပါဝင်ဖို့အရမ်းခက်ခဲပါတယ်။ ဒါကြောင့် နိုင်ငံသားတွေက မိမိတို့ရဲ့ကိုယ်စားကိုယ်စား လှယ်ရွေးချယ်ပြီး ဥပဒေပြုရေးမဏ္ဍိုင်မှာပါဝင်ဆွေးနွေးဖို့၊ ဆုံးဖြတ်ဖို့အတွက် စေလွှတ်ထားခဲ့ကြခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဥပဒေပြုရေးမဏ္ဍိုင်ဟာ ဒီမိုကရေစီစနစ်မှာ လူထုရဲ့စိတ်ဆန္ဒ၊ သဘောထားကို ကိုယ်စားပြုဖို့ လိုက်နာဆောင်ရွက်ဖို့အတွက်အရမ်းအရေးကြီးပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ  မိမိကို ရွေးချယ် တင်မြှောက်လိုက်တဲ့လူထုရဲ့သဘောထားကို ကိုယ်စားမပြုဘဲ နိုင်ငံရေးပါတီတစ်ခုခု၊ လူပုဂ္ဂိုလ်ဦးဦးရဲ့သဘော ထားအ မြင်ကိုသာ ကိုယ်စားပြုနေမယ်ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီအပေါ် သစ္စာပျက်ယွင်းမှုပဲ ဖြစ်ပါတယ်။

ဥပဒေပြုရေးမဏ္ဍိုင်ဟာ ဒီမိုကရေစီလုပ်ငန်းစဉ်တွေ အသက်ဝင်ရှင်သန်နိုင်စေရေးအတွက် အဓိကအ ရေးကြီးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံကိုဦးဆောင်ဖို့၊ အုပ်ချုပ်ဖို့အတွက် ရှင်းလင်း တိကျတဲ့မူဝါဒတွေ၊ ဥပဒေတွေကိုချမှတ်ပြီး အဲဒီမူဝါဒတွေအတိုင်း အုပ်ချုပ်ရေးမဏ္ဍိုင်က အကောင်အထည်ဖော် ဆောင်မှု ရှိမရှိ စောင့်ကြည့်တာတွေစတဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်ပြီး ဆောင်ရွက်ဖို့လိုပါတယ်။ မူဝါဒဆိုတာ အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးဦးက လက်ရှိအခြေအနေတစ်ခုကိုထိန်းသိမ်းရန်၊ သို့မဟုတ် ပြုပြင်ပြောင်း လဲရန်အတွက်ရည်ရွယ်ပြီး ဆောင်ရွက်ထားသည့် အခြေခံမူများ၊ လုပ်ငန်းစဉ်များဟု ခေါ်ဆိုကြပါတယ်။ မူဝါဒ တွေကိုဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များရေးဆွဲပြဋ္ဌာန်းပေးခြင်း၊ စီမံ ကိန်းများ၊ စီမံချက်များရေးဆွဲပြီး လိုအပ်သည့် ရန်ပုံငွေအရင်းအမြစ်များ လုံလောက်စွာအသုံးပြုပြီး ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဒါမှမဟုတ် မည်သည့်အရေးကိစ္စမှ မဆောင်ရွက်ဘဲ ပြုမူနေထိုင်ခြင်းစ တဲ့နည်းလမ်းတွေနဲ့ အကောင်အထည်ဖော်ဆောင်ကြလေ့ရှိပါတယ်။ ဆိုတော့ အစိုးရတစ်ရပ်က အကောင်အ ထည်ဖော်နေတဲ့၊ ဖော်ဆောင်မဲ့ မူဝါဒလုပ်ငန်းစဉ်တွေမှာ လူထုကိုယ်စား လှယ်တွေရဲ့ အခန်းကဏ္ဍနဲ့ ပါဝင်မှုက အရမ်းအရေးကြီးပါတယ်။ အဲဒီအတွက်လည်း ဦးဆောင်ပါဝင်ဆောင်ရွက်နေသူ အချို့ရှိနေပေမဲ့လည်း ဥပဒေပြု ရေးမဏ္ဍိုင်တစ်ခုလုံးအနေနဲ့ကတော့ ခိုင်မာအားကောင်းလာခြင်း မရှိသေးပါဘူး။ လွှတ်တော်ဟာ အစိုးရကို မူဝါဒပိုင်းဆိုင်ရာကိစ္စတွေမှာ ထိန်းကျောင်းရမယ့်အစား အုပ်ချုပ်ရေး မဏ္ဍိုင်လုပ်သမျှကို လိုက်ဖြည့်ဆည်းနေရ တဲ့အခြေအနေမှာရှိနေဆဲပါ။ လွှတ်တော်ဟာ ချွတ်ချော်နေပြီလားဆိုတာပြည်သူ လူထုစိတ်ထဲ သံသယတွေ ဝင်နေပါတယ်။

ယေဘုယျအားဖြင့် ဥပဒေပြုရေးမဏ္ဍိုင် (သို့) ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် အဓိက လုပ်ငန်းတာဝန် (သုံး) ရပ်ကို ထမ်းဆောင်ကြရပါတယ်။  အဲဒါတွေကတော့ မဲဆန္ဒရှင် ပြည်သူများ၏အသံ၊ လိုလားချက်နှင့် သဘောထားအမြင်များကိုကိုယ်စားပြုခြင်း (Representation)၊ ဥပဒေများ ရေးဆွဲပြင်ဆင်ဖျက် သိမ်းခြင်း (Law Making) နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှ လုပ် ဆောင်နေမှုများကို ထိန်းကျောင်းခြင်း ( Over sight) စသည်တို့ ဖြစ်ပါသည်။

ကိုယ်စားပြုခြင်းမှာ  ကိုယ်စားပြုဒီမိုကရေစီစနစ်တွေရဲ့ ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် အလွန်အရေးပြီး အဓိ ကကျသည့်လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါတယ်။  ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ပြည်သူလူထုကိုကိုယ် စားပြုမှု မရှိခြင်း၊ တာဝန်ခံမှုအားနည်းနေခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ဒီမိုကရေစီဖြစ်ထွန်းမှုကို အဟန့်အတားဖြစ်စေပါ တယ်။ ဒီမိုကရေစီစနစ်မှာ ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် လူ့အဖွဲ့အစည်း၏အကျိုးစီးပွား၊ လိုအပ်ချက်များကို ကိုယ်စားပြုလိုသည့် စိတ်ဆန္ဒ၊ စွမ်းဆောင်ရည်၊ ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် သတင်းအချက်အလက်များ ရရှိ နေမှသာလျှင် ဒီမိုကရေစီစနစ်ရဲ့အကျိုးကို အမှန်တကယ် ရရှိခံစားကြရမည်ဖြစ်ပါတယ်။  အဲလိုပဲ ပြည်သူလူထု အနေဖြင့်လည်း ဥပဒေပြုရေးမဏ္ဍိုင်ရှိ ပြည်သူ့ကိုယ်စားလှယ်များအား ၎င်းတို့၏ လိုအပ်ချက်များ၊ အကျိုးစီးပွား ဆိုင်ရာအရေးကိစ္စများဆိုင်ရာ သတင်းအချက်အလက်များကို ပို့ဆောင်တင်ပြလိုစိတ်ဆန္ဒ (Will)၊  တင်ပြနိုင်စွမ်း ရှိမှု ( ability) ရှိဖို့လည်း လိုအပ်ပါတယ်။

မူဝါဒဆိုင်ရာကိစ္စတွေအတွက် ကိုယ်စားပြုခြင်းမှာ မဲဆန္ဒရှင်ပြည်သူလူထုတွေရဲ့  သဘောထားအမြင်များကို နားထောင်ခြင်း၊ ၎င်းတို့နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံသားများ၏ လိုအပ်ချက်များ၊ ဆန္ဒများကိုကိုယ် စားပြုခြင်း နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုကိုယ်စားကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်ပေးရပါတယ်။ မူဝါဒဆိုင်ရာကိစ္စများအတွက် ကိုယ်စားပြုရာမှာ လွှတ်တော်ကိုယ်စားလှယ်များအ နေဖြင့် ပြည်သူလူထုအများစု၏ အသံကို တစုတစည်းတည်းနားထောင်ဖို့ ကြားနာဖို့အတွက် အချိန်၊ ငွေကြေး ဆိုင်ရာ အခက်အခဲများ၊ နည်းပညာ ဆိုင်ရာအခက်အခဲများ ရှိနေနိုင်ပါတယ်။

အဲဒီလို အခြေအနေမျိုးတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့  ပါဝင်ကူညီမှုဟာ အထောက်အကူပြုစေ ပါတယ်။  အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ဒေသတစ်ခုရှိ ပြည်သူလူထု၏ လိုအပ်ချက်များကို စုစည်းပြီး လိုအပ်သည့် အကြံဉာဏ်များ၊ သဘောထား မှတ်ချက်များဖြင့် လွှတ်တော်ကိုယ်စား လှယ်များထံ ပေးပို့ပြီး ကူညီဆောင်ရွက်ပေးနိုင်ပါက ဥပဒေပြုရေးမဏ္ဍိုင်၏ ပြည်သူလူထုအပေါ် ကိုယ်စားပြုမှုကို ပိုမိုခိုင်မာအား ကောင်းစေပြီး ဒီမိုကရေစီဖြစ်ထွန်းမှုကိုများစွာအထောက်အကူပြုစေမည်ဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့အချိန်မှာ တော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကြား ချိတ်ဆက်ဆောင်ရွက်မှုကို မြေ တောင်မြှောက်ပေးရမယ့်အစားကန့်သတ်မှုတွေ ၊တားဆီးပိတ်ပင်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရှိရပါတယ်။

အဲလိုပဲ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ ပြဿနာများကို ရွေးချယ် သတ်မှတ်ခြင်း၊ ၎င်းပြဿနာများကိုလေ့လာဆန်းစစ်ခြင်း၊ ကျွမ်းကျင်သူများနှင့် ပြည်သူလူထု၏ သဘောထား အမြင်များကိုရယူခြင်း၊ မူဝါဒများ ကိုပြင်ဆင်ရေးဆွဲခြင်း (သို့မဟုတ်) အတည်ပြုပေးခြင်းနှင့် ပြဿနာကို ဖြေရှင်း ဆောင်ရွက်ရန် ရည်ရွယ်ထားသည့်မူဝါဒများအား ဥပဒေအဖြစ်ပြဋ္ဌာန်းပြီး အကောင်အထည် ဖော်ဆောင်ရွက် ပေးခြင်းစသည်တို့ကို လုပ်ဆောင်ပေးခြင်းအားဖြင့် မိမိတို့၏ တာဝန်ကို ထိရောက်စွာ ထမ်းဆောင်ကြရပါတယ်။ ဒီမှာအရေးကြီးတာ ဥပဒေတွေကို ပြင်တာ၊ ရေးဆွဲတာ၊ ဖျက်သိမ်းတာတွေကို မူဝါဒဆိုင်ရာ အဆိုပြုချက်ပေါ်မှာ အခြေပြုပြီး လုပ်ဆောင်ကြဖို့လိုပါတယ်။ အဲလိုမဟုတ်ဘဲ မူဝါဒဆိုင်ရာ ထိန်းကျောင်းမှုမရှိပဲ ဥပဒေတွေကို လိုသလို လုပ်ဆောင်နေခြင်းဟာကြာလာတဲ့အခါမှာ ဥပဒေတွေဟာ တစ်ခုနဲ့တစ်ခုကြား ချိတ်ဆက်မှု အားနည်း လာပြီး ဥပဒေတွေကို အကောင်အထည်ဖော်တဲ့အခါမှာ အားနည်းချက်တွေ ဖြစ်ပေါ်စေပါတယ်။ ဥပမာအနေနဲ့ ၂ဝ၁၂ လယ်ယာမြေဥပဒေ၊ ၂ဝ၁၂ မြေလွတ် မြေလပ် မြေရိုင်း ဥပဒေနဲ့ ၁၉၈၄ မြေသိမ်းအက်ဥပဒေတွေဟာ မြေ အသုံးချမှု မူဝါဒပါ ဖော်ပြချက်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ပြင်ဆင်ဖို့ အားနည်းနေတဲ့အတွက်ကြောင့် လက်တွေ့မှာတစ်ခုနဲ့ တစ်ခုကြား ချိတ်ဆက်မှုအားနည်းပြီး မြေယာအရေးကိစ္စတွေကို ဖြေရှင်းဆောင်ရွက်ဖို့ မြေယာကိစ္စတွေကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့အတွက် အခက်အခဲအများကြီး ဖြစ်နေပါတယ်။

ဥပဒေပြုရေးမဏ္ဍိုင်ရှိ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစိုးရ၏ လုပ်ဆောင်ချက်များသည် ပွင့်လင်း မြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု၊ ရှေ့နောက်ညီညွတ်မှု၊ တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်ပါဆောင်ရွက်မှုရှိစေရန်အတွက် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်စောင့်ကြည့်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း စသည်တို့ လုပ်ဆောင်ကြရန်လည်း တာဝန်ရှိကြပါတယ်။  အထက်ပါ လုပ်ငန်းတာဝန်များအပြင် ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် အစိုးရ၏နိုင်ငံရေး ရာထူးတာဝန်များကို ခန့်အပ်ခြင်း၊ ဖယ်ရှားခြင်း လုပ်ငန်းများအတွက်လည်းတာဝန်ယူကြရပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ထိန်းကျောင်းတဲ့အခါမှာ လည်း မူဝါဒအရ ဥပဒေအရ ထိန်းကျောင်းတာမျိုးလုပ်ဖို့လိုပါတယ်။ မူဝါဒကို သေချာနားလည်မှုမရှိဘဲ ထိန်း ကျောင်းတာမျိုးဟာ ထိန်းကျောင်းတာ မျိုးဖြစ်မလာဘဲ အုပ်ချုပ်ရေးယန္တရားကို ဝင်ရောက်စွက်ဖက်တာမျိုးပဲ ဖြစ်စေပါတယ်။ မူဝါဒပါဖော်ပြချက်တွေကို အုပ်ချုပ်ရေးမဏ္ဍိုင်က အကောင်အထည်ဖော်၊ ထိရောက်မှုနဲ့ ရလဒ် တွေကို စနစ်တကျလေ့လာထောက်ပြပြီး ထိန်းကျောင်းတာမျိုးပဲလုပ်ဖို့လိုပါတယ်။ တစ်ခါတစ်ခါမှတော့ အုပ်ချုပ် ရေးမဏ္ဍိုင်က မူဝါဒဖော်ပြချက်တွေ ကိုသွေဖည်ပြီး အဂတိလိုက်စားမှုတွေ လုပ်ဆောင်နေတယ်ဆိုရင်လည်း ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့ စွပ်စွဲပြစ်တင် ဝေဖန်ထောက် ပြဖို့လိုပါတယ်။

ဒီမိုကရေစီနည်းကျ စီမံအုပ်ချုပ်မှုဖြစ်စဉ်များတွင် ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်ဆောင်ရွက်နိုင်မှု၊ ဆုံး ဖြတ်ချက်ချမှုဖြစ် စဉ်များတွင် နိုင်ငံသားများပါဝင်နိုင်မှု ပြည်သူလူထုအား ကိုယ်စားပြုနိုင်မှုနှင့် တာဝန်ယူ တာဝန် ခံနိုင်မှုများရှိနေပါက ပိုမိုအောင်မြင်ပြီး ပြည်သူလူထု၏ ထောက်ခံမှုနှင့် သဘောတူကြည်ဖြူမှု (legitimacy) ကိုပိုမိုရရှိစေမှာဖြစ်ပါတယ်။  ဥပဒေပြုရေးမဏ္ဍိုင်နှင့် ဆက်စပ်ပြီး လွှတ်တော်အစည်းအဝေးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူလူထုက အလွယ်တ ကူလက်လှမ်းမီမှုရှိနေလျှင်၊ မီဒီယာကလည်း ဥပဒေပြုရေးမဏ္ဍိုင်၏ လုပ်ဆောင်ချက်များကို လွှမ်းခြုံဖော်ပြ ပေးနိုင်လျှင် ပွင့်လင်းမြင်သာမှုကို အားကောင်းနေမည်ဖြစ်ပါတယ်။

မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့် မူဝါဒဆိုင်ရာ ကိစ္စများဆိုင်ရာ သတင်းအချက်အလက်များကို လွှတ်တော် ကိုယ်စားလှယ်များထံမှ ရရှိနိုင်မှု၊ အထောက်အကူပြုနိုင်သည့် သတင်းအချက်အလက်များကို ပေးပို့နိုင်မှုရှိ ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူလူထုကြား မကြာခဏ ထိတွေ့မှုများရှိခြင်း၊ ပြည်သူလူထုက တောင်းဆိုတင်ပြကြသည့်အတွက်ကြောင့်၊ ဖိအားပေးတိုက်တွန်းကြသည့် အတွက်ကြောင့် ဥပဒေများအား ပြုစုပြင်ဆင်ဖျက်သိမ်းခြင်း လုပ်ကိုဆောင်ရွက်မှုရှိခြင်း၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ပညာရှင်များအနေဖြင့် ဥပဒေပြုရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်မှုရှိခြင်း စသည့်အချက်များသည် ဥပဒေပြု ရေးမဏ္ဍိုင်တွင် ရှိ နေခြင်းသည် ဒီမိုကရေစီနည်းကျ စီမံအုပ်ချုပ်မှုကို ခိုင်မာအားကောင်းစေပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ မူဝါဒမျာပြဋ္ဌာန်းတဲ့အခါမှာ  ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့ မူဝါဒပြင်ခြင်းရေးဆွဲခြင်းနှင့် ဥပဒေပြုခြင်း လုပ်ငန်းစဉ်များတွင် စိတ်အားထက်သန်ပြီး တက်ကြွမှုရှိပါက မူဝါဒများပြုစုရေးဆွဲရာတွင် သေချာနားလည်သဘောပေါက်ပြီးမှသာ အတည်ပြုလေ့ရှိကြပါတယ်။ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရာမှာလည်း ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့အစိုးရ အဖွဲ့အစည်းများအား စီမံကိန်းများကို ထိရောက်စွာ အ ကောင်အထည်ဖော်ဆောင်ရန်၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်စေရန်အတွက် ထိန်းကျောင်း ပေးကြပါ တယ်။ အဲဒီလို့လုပ်ဆောင်တဲ့အခါမှာ  အမျိုးသားရသုံးမှန်းခြေငွေစာရင်းအပေါ် ဖြတ်တောက်ခြင်း၊ သဘောတူ ခွင့်ပြုခြင်း၊ စုစုပေါင်းဝင်ငွေနှင့်အသုံးစရိတ်များကို စဉ်ဆက်မပြတ်စောင့်ကြည့်ခြင်း၊ စီမံခန့်ခွဲမှု အလွဲများနှင့် အ လွဲသုံးစား လုပ်မှုများကို ထုတ်ဖော်ခြင်း စသည့်တို့ကို လုပ်ဆောင်လေ့ ရှိကြပါတယ်။

အချို့နိုင်ငံတွေမှာ ဥပဒေပြုရေးမဏ္ဍိုင်တွေဟာ မူဝါဒချမှတ်ရေးဖြစ်စဉ်တွေ အနည်းငယ်သာ ပါဝင်မှုရှိကြပြီး နိုင်ငံအများစုတွင် မူဝါဒဆိုင်ရာကိစ္စရပ်များတွင် ဥပဒေပြုရေးမဏ္ဍိုင်၏ ပါဝင်ဆောင်ရွက်မှုသည် မြင့်မားနေပါ တယ်။ အဓိကအကြောင်းရင်း ကတော့ ဥပဒေပြုအမတ်အများစုဟာ မူဝါဒဆိုင်ရာ အရေးကိစ္စများတွင် အတွေ့ အကြုံမရှိခြင်း၊ မူဝါဒဆိုင်ရာအရေးကိစ္စများ တွင်၎င်းတို့၏ လုပ်ပိုင်ခွင့်နှင့် ပါဝင်နိုင်မှု အခြေအနေကို ရှင်းလင်းစွာ ဖော်ပြမထားခြင်း၊ အားနည်းခြင်းစသည့် အချက်များကြောင့် ဖြစ်ကြပါတယ်။

ဒီမိုကရေစီနိုင်ငံအများစုမှာတော့ ဥပဒေပြုရေး မဏ္ဍိုင်တွေမှာရှိတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ ၎င်းတို့ ဘာသာ မူဝါဒအဆိုပြုချက်များကို ရေးဆွဲတင်သွင်းကြပြီး အုပ်ချုပ်ရေးမဏ္ဍိုင်၏ လုပ်ဆောင်ချက်များကို ဝေဖန် ထောက်ပြလေ့ရှိကြပါတယ်။ တစ်ခါတစ်ရံမှာတော့ နိုင်ငံရေးပါတီများမှ မူဝါဒအဆိုပြုချက်များကို မူကြမ်းရေး ဆွဲပြုစုကြပြီး ရွေးကောက်ခံပါတီကိုယ်စားလှယ်များမှတစ်ဆင့် ဥပဒေပြုရေးမဏ္ဍိုင်ရှိ လွှတ်တော်အသီးအသီးသို့ ပေးပြီး အဆိုပြုတင်ပြကြလေ့ရှိပါတယ်။ အဲဒီလို ဖြစ်ရပ်တွေမှာ နိုင်ငံရေးပါတီများနှင့် ဥပဒေပြုရေး မဏ္ဍိုင်ကြား ကူးလူးဆက်ဆံမှု၊ ဆက်သွယ်မှု အခြေအနေကိုသိရှိနိုင်ပါတယ်။ ဒါ့အပြင် ဥပဒေပြုရေးမဏ္ဍိုင်အနေလည်း အုပ်ချုပ်ရေးမဏ္ဍိုင်မှ အဆိုပြုတင်ပြထားသော မူဝါဒဆိုင်ရာ အဆိုပြုတင်ပြချက်များကို အလုံးစုံကန့်ကွက်ခြင်း (သို့မဟုတ်) ၎င်းမူဝါဒ အဆိုပြုချက်များကို ပြန်လည်ပြင်ဆင်ခြင်း (သို့မဟုတ်) အတူတူရေးဆွဲပြုစု ခြင်းစသည့် လုပ်ငန်းစဉ်များတွင်လည်းပါ ဝင်ဆောင်ရွက်လေ့ရှိပါတယ်။

မူဝါဒ အဆိုပြုချက်တွေကိုဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြားအတူတကွရေးဆွဲပြုစုခြင်းဟာ မဏ္ဍိုင်နှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပါတယ်။ ဒါပေမဲ့ အဲဒီလိုမူဝါဒဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေပြုရေးမဏ္ဍိုင်၏ ပူးပေါင်းပါဝင်မှုအားကောင်းစေရန်အတွက်ကတော့ စိန်ခေါ်မှုများစွာရှိနေပါတယ်။ ဥပမာ အားဖြင့် ဥပဒေပြုရေးမဏ္ဍိုင်၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှုအခြေအနေ၊ လုပ်ထုံးလုပ်နည်း/ဖွဲ့စည်းမှု/ ထောက်ပံ့ ကူညီမှုအရပေးအပ်ထားသည့် စွမ်းဆောင်ရည်အကန့်အသတ်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် မိခင်ပါတီမှ ပေးအပ်ထား သည့်နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာ၊ ဥပဒေပြုရေးမဏ္ဍိုင်ရှိ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ ၏ ပါဝင်ဆောင်ရွက်လိုမှု စိတ်ဆန္ဒစသည့် အချက်များ ဖြစ်ပါတယ်။

ခေတ်သစ် ဒီမိုကရေစီနိုင်ငံတွေမှာတော့ ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြား မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို အတူတကွမျှဝေချမှတ်သည့် ပုံစံများဖြင့်လုပ်ဆောင်လေ့ရှိကြပါတယ်။ မူဝါဒအများစုသည် ဥပဒေအဖြစ်ရေးဆွဲပြီး အတည်ပြုဖို့လိုအပ်ရာ ၎င်းလုပ်ငန်းစဉ်များသည် ဥပဒေပြုရေးမဏ္ဍိုင်၏ လုပ်ငန်းတာဝန် များဖြစ်သည့်အတွက် မူဝါဒအကြောင်းအရာပါအရေးကိစ္စများကို ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် သေချာနားလည် သဘောပေါက်ဖို့ အထူးလိုအပ်ပါတယ်။ ဒါ့အပြင်မူဝါဒများကို စီမံကိန်းများ၊ စီမံချက်များအနေဖြင့် အ  ကောင် အထည်ဖော်ဆောင်ဖို့လိုအပ်လာပါက၎င်းစီမံကိန်း၊ စီမံချက်များအတွက် လျာထားချက် ခန့်မှန်း ရသုံးမှန်းခြေငွေ စာရင်းကို ဥပဒေပြုရေးမဏ္ဍိုင်မှ လေ့လာသုံးသပ်ခြင်း၊ အတည်ပြုခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ရသည့် အတွက် မူဝါဒပါအကြောင်းအရာများ၊ အချက်အလက်များကို ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ကြိုတင်သိ ရှိနား လည်ထားပါက အမျိုးသားရသုံးမှန်း ခြေငွေစာရင်းကို ပြုစုရေးဆွဲရာတွင်များစွာ အထောက်အကူပြုစေပါတယ်။

မူဝါဒဆိုင်ရာကိစ္စရပ်များတွင် ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ခွင့် အရေးကိစ္စ များနှင့် ပတ်သက်၍ ဥပဒေပြုရေးမဏ္ဍိုင်၏ဖွဲ့စည်းမှုနှင့် နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်မှု နယ်ပယ်ပေါ်တွင် မူတည်ပါတယ်။ ဥပမာအနေဖြင့် မက္ကဆီကိုနိုင်ငံတွင် PRI ပါတီအနေဖြင့် လွှတ်တော်မှာ ၁၉၉၇ ခုနှစ်နောက် ပိုင်းထိန်းချုပ်နိုင်မှုနည်းသွားပြီးနောက် အခြားပါတီများမှ ဥပဒေပြုနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်များတွင် ထိန်းချုပ်လာ နိုင်ခဲ့ပါတယ်။ အဲဒီလို့ မက္ကစီကိုလွှတ်တော်အနေဖြင့် ပိုပြီးသီးခြားလွတ်လပ်လာပြီးသည့်နောက် ၎င်းတို့အနေဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ လုပ်ဆောင်ချက်များအပေါ် ဝေဖန်ထောက်ပြလိုသည့် နိုင်ငံရေးစိတ်ဆန္ဒများ ပိုမိုအား ကောင်းလာခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ မူဝါဒဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် မူဝါဒပြင်ဆင်ရေးဆွဲရေး၊ အကောင်အ ထည်ဖော်ဆောင်ရေးနှင့် ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်များအားလုံးကို အုပ်ချုပ်ရေးကဏ္ဍမှ ထိန်းချုပ်လုပ် ဆောင်နေပါတယ်။ ဒါပေမဲ့  အထက်မှာဖော်ပြထားသည့်အတိုင်း မူဝါဒအများအနက် အများစုကို ဥပဒေအဖြစ် ပြဋ္ဌာန်းကြရတဲ့အတွက်ကြောင့် မူဝါဒဆိုင်ရာ လုပ်ငန်းစဉ်အားလုံးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ သေချာ နားလည်သဘောပေါက်ဖို့၊ ပါဝင်ဖို့လိုအပ်လျက်ရှိပါတယ်။ မူဝါဒရေးဆွဲရေးလုပ်ငန်းတွေမှာ ဥပဒေပြုရေး မဏ္ဍိုင် ပါဝင်ဖို့အတွက် ဆွေးနွေးတဲ့အခါတိုင်း အုပ်ချုပ်ရေးကဏ္ဍမှ အဓိကဝေဖန်သည့်အချက်က  လွှတ်တော် ကိုယ်စား လှယ်တွေဟာ  နည်းပညာပိုင်းဆိုင်ရာအားနည်းမှု၊ အချိန်နှင့် ငွေကြေးမလုံလောက်မှုစသည့် အဟန့်အတားများ ရှိနေကြောင်း ဝေဖန်ထောက်ပြကြပါတယ်။  ဒါပေမဲ့ မူဝါဒဆိုင်ရာ ကိစ္စများကို အုပ်ချုပ်ရေးကဏ္ဍမှရေးဆွဲပြီး အုပ် ချုပ်ရေးကဏ္ဍမှပင် ပြန်လည်သုံးသပ်နေခြင်းဟာ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည့် အပြန်အလှန်ထိန်း ကျောင်း မှုဖြစ်စဉ်နှင့် ဝိရောဓိဖြစ်နေစေပါတယ်။

မူဝါဒဆိုင်ရာ ဆွေးနွေးတိုင်ပင်မှု လုပ်ငန်းစဉ်များကိုလည်း အုပ်ချုပ်ရေးကဏ္ဍမှ ဦးဆောင်ကြသည့်အတွက် ထိုတိုင်ပင်ဆွေးနွေးမှုအများစုဟာ အုပ်ချုပ်ရေးကဏ္ဍရဲ့စိတ်ဆန္ဒနှင့်လုပ်ဆောင်နိုင်မှုပေါ်တွင်သာ မှီတည်နေပြန် ပါတယ်။ အုပ်ချုပ်ရေးကဏ္ဍကတာဝန်ရှိသူတွေကို  ပြည်သူလူထုကတိုက် ရိုက်ရွေးကောက်တင်မြှောက်ထား တာ မဟုတ်တဲ့အတွက် ၎င်းတို့အနေဖြင့်လည်း ပြည်သူလူထုကို တိုက်ရိုက်တာဝန်ခံရန် မလိုအပ်ပါဘူး။ ထို့ကြောင့်အုပ်ချုပ်ရေးကဏ္ဍမှဦးဆောင်ပြုလုပ်သည့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲအများစုသည် အနှစ်သာရပြည့်ဝ သည့်  တိုင်ပင်ဆွေးနွေးမှုများဖြစ်လာဖို့အတွက် အားနည်းနေဆဲပဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ မူဝါဒဆိုင်ရာဆွေးနွေးပွဲများကို ဦးဆောင်ပြုလုပ်ကြသည့် အစိုးရအရာရှိများကိုယ်တိုင် တက်ရောက်လာသူပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းတွေမှာ တိကျသေချာသောအဖြေမရှိ၊ မိမိတို့သာ နှစ် ပေါင်းများစွာ လုပ်ငန်းအတွေ့ အကြုံများကျွမ်းကျင်သူများဖြစ်သည် စသည့်ယူဆချက်များဖြင့် တိုင်ပင်ဆွေးနွေး မှုများ ပြုလုပ်ကြတဲ့အတွက် ပြည်သူလူထု၏အသံကို စိတ်ပါဝင်စားစွာ နားထောင်မှု၊ မူဝါဒဆိုင်ရာ ကိစ္စများတွင် ထည့်သွင်းစဉ်းစားမှုများ အားနည်းနေခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ အုပ်ချုပ်ရေးကဏ္ဍမှာ တာဝန်ရှိသူများသည် လွှတ်တော်ကိုယ်စားလှယ်များလောက် ပြည်သူလူထုနှင့် ရင်းနှီးသောဆက်ဆံရေး မရှိတဲ့မူဝါဒဆိုင်ရာ တိုင်ပင် ဆွေးနွေးမှုများတွင် ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးရန် အခက်အခဲရှိသည့်အတွက် တကယ့်မြေပြင်ရှိ လူထု၏ တွေ့ကြုံနေရသည့် အခက်အခဲများကို ထင်ဟပ်သည့်မူဝါဒများ ဖြစ်ပေါ်လာရန် အဟန့်အတားဖြစ်နေဆဲ ပင်ဖြစ် သည်။ အရေးကြီးဆုံးအချက်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုခြင်း၊ ပြောဆိုခြင်း၊ တင်ပြခြင်း၊ ဆွေးနွေးခြင်း လုပ်ငန်းစဉ်များသည် မူဝါဒဆိုင်ရာအရေးကိစ္စများတွင်ပါဝင်နိုင်မှုအခွင့် အလမ်းနည်းလာသည့် အတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုကို ပြန်လည်မြှင့်တင်ဖို့လိုအပ်နေဆဲ ဖြစ်ပါတယ်။

ထို့အပြင် မူဝါဒရေးဆွဲခြင်း လုပ်ငန်းစဉ်တွင် ဥပဒေပြုရေးမဏ္ဍိုင်မှာ အကန့်အသတ်ဖြင့်သာ ပါဝင်နေနိုင် သည့်အတွက် မူဝါဒကိုအခြေပြုပြီး ရေးဆွဲသည့် စီမံကိန်းများ၊ စီမံချက်များပါဝင်သည့် အမျိုးသား စီမံကိန်း ဥပဒေမူကြမ်းများ၊ ၎င်းဥပဒေမူကြမ်းများပေါ် အခြေပြုရေးဆွဲသည့် အမျိုးသားရသုံးမှန်းခြေငွေစာရင်းများကို လေ့ လာရာ၊ သုံးသပ်ရာ၊ အတည်ပြုရာတွင် မူဝါဒကို သေချာစွာနားလည်သဘောပေါက်မှု အ ကန့်အသတ်သာရှိ သည့်အတွက် အချက်အလက်၊ အထောက်အထားကိုအခြေခံပြီး ဆုံးဖြတ်သည့် ဓမ္မဓိဋ္ဌာန်ကျကျ ဆုံးဖြတ်နိုင် စွမ်းမှုကိုလျော့နည်းစေပါသည်။ ထိုသို့ဖြစ်လာပါက ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြား မလိုလား အပ်သည့် ပွတ်တိုက်မှုများ ဖြစ်ပေါ်လာပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေပြန်ပါတယ်။

ဒါ့ကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ခိုင်မာအားကောင်းရေးအတွက် ဆောင်ရွက်ရတဲ့အခါမှာ ဥပဒေပြုရေး မဏ္ဍိုင်၏အခန်းကဏ္ဍ ခိုင်မာအားကောင်းရေး၊ မူဝါဒဆိုင်ရာကိစ္စတွေမှာ လူထုရဲ့စိတ် ဆန္ဒကို လွှတ်တော်အတွင်းမှာထင်ဟပ်နိုင်ဖို့၊ လွှတ်တော်အမတ်တွေ၊ လွှတ်တော်တွေအနေနဲ့ ချွတ်ချော်တဲ့လွှတ်တော် တွေ မဖြစ် ဖို့အတွက် မူဝါဒဆိုင်ရာ လုပ်ငန်းတွေမှာ အားစိုက်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဥပဒေပြုရေး မဏ္ဍိုင်အနေနဲ့ ပြည်သူလူထုရဲ့လိုအပ်ချက်နဲ့ အကျိုးစီးပွားများတွေ ဖော်ဆောင်ဖို့အတွက်  ပြည်သူ့ရေးရာမူဝါဒများရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းဖြစ်စဉ်များတွင် ပြည် သူလူထု၏အသံ၊ သဘောထားနှင့် အမြင်များကို စုစည်းတင်ပြနိုင်ရန် ဦး ဆောင်ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။ အဲဒီလိုဆောင်ရွက်ဖို့အတွက်  အကြောင်းအရာအလိုက် ဖွဲ့စည်းထားတဲ့ လွှတ်တော်ရေးရာကော်မတီများ၊ ဆပ် ကော်မတီများမှ ဦးဆောင်ပြီး၊ သက်ဆိုင်ရာ အကြောင်းအရာအလိုက် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံတ ကာ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ဖို့လည်းလိုပါတယ်။ နောက် ပြီးပြည်သူ လူထု၏လိုအပ်ချက်နှင့် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအတွက် ရေးဆွဲထားသော မူဝါဒများကို ဥပဒေပြုရေးမဏ္ဍိုင် (ပြည်ထောင်စုလွှတ်တော်) ၏ သဘောတူညီချက်၊ ဆုံးဖြတ်ချက်ဖြင့်သာ အတည်ပြု ပြဋ္ဌာန်း ဖို့ကြိုးစားဆောင်ရွက်သင့်ပါတယ်။  ပြည်သူ့ရေးရာမူဝါဒများရေးဆွဲရာတွင် ဦးဆောင်ပါဝင်သည့် ပြည်ထောင်စုအ ဆင့်ဝန်ကြီးများ၊ ဒု-ဝန်ကြီးများနှင့် ဌာနဆိုင်ရာအရာရှိကြီးများအား လွှတ်တော်နှင့် လွှတ်တော်ရေးရာ ကော်မတီ များသို့ တရားဝင်ဖိတ်ခေါ်ပြီး ၎င်းတို့ရေးဆွဲထားသော မူဝါဒများပြင်ဆင်ရေးဆွဲမှု၊ အကောင်အထည် ဖော်ဆောင် မှုနှင့် အကျိုးသက်ရောက်မှုအခြေအနေများကို လာရောက်ရှင်းလင်းတင်ပြရန် စီစဉ်ဆောင်ရွက်ဖို့လည်းလိုပါ တယ်။ ပြည်သူလူထုအတွက် အရေးကြီးသည့် ကိစ္စရပ်များဆိုင်ရာမူဝါဒများအတွက် လိုအပ်ပါက ဥပဒေပြုရေး မဏ္ဍိုင်အနေဖြင့် မူဝါဒဆိုင်ရာသီးခြားကော်မတီများ၊ ကောင်မရှင်များဖွဲ့စည်းပြီး မူဝါဒဆိုင်ရာ လေ့လာသုံးသပ်မှု များ၊ ပြင်ဆင်ရေးဆွဲမှုများကို စီစဉ်ဆောင်ရွက်ပြီး အဲဒီလုပ်ငန်းစဉ်များ အတွက် လိုအပ်သည့် ဘဏ္ဍာငွေခွဲဝေချ ထားမှုများ၊ ကျွမ်းကျင်သူပညာရှင်များအား ခန့်ထားခြင်းများအတွက် စီစဉ်ဆောင်ရွက်သင့်ဖို့ လိုပါတယ်။

 

မောင်ထွန်း

 

Ref:

  1. Handbook on Legislative Strengthening , Technical Publication Series , Center for Democracy and Governance Bureau for Global Programs , Field Support , and Research U.S. Agency for International Development Washington , DC 20523-3100
  2. The Role of Legislatures in the Policymaking Process , Sebastian M. Saiegh Department of Political Science University of Pittsburgh , February , 2005