လွှတ်တော်သက်တမ်းလွန်မှ ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင်

 

#Election

#Opinion

#YanMyoThein

 

“ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေများတွင် လွှတ်တော်သက်တမ်း ကုန်ဆုံးသည့်တိုင် ရွေးကောက်ပွဲများကျင်းပနိုင်ခြင်းမရှိလျှင် မည်သို့မည်ပုံဆောင်ရွက်ရမည်နှင့်စပ်လျဉ်း၍ တိတိကျကျ သတ်မှတ် ပြဋ္ဌာန်းထားသည်ကို မတွေ့ရှိရပေ ”

လွှတ်တော်သက်တမ်းလွန်မှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပမည်ဆိုလျှင် အကျပ်အတည်းဆိုက်လေ မလား၊ ပိုရှုပ်ထွေးလေမလားဟု စိုးရိမ်ပူပန်ကြသည်။ ကြားဖြတ်အစိုးရပုံစံအစိုးရဖွဲ့ဖို့လိုကောင်းလိုလိမ့်မည်ဟု သုံးသပ်ကြ သည်။ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာရနိုင်ခြေရှိသည်ဟု တွက်ချက်ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများပါပြဋ္ဌာန်းချက်များနှင့်အညီ လက်ရှိအစိုးရအဖွဲ့နှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့သည် လွှတ်တော်များ မရှိလင့်ကစား ကြားဖြတ်အစိုးရပုံစံမလို၊ အရေးပေါ်အခြေအနေကြေညာချက်မလို ရွေးကောက်ပွဲများကျင်းပနိုင်ရန် အခွင့် အလမ်းမြင့်မြင့်မားမားရှိနေသည်မှာ ပကတိအခင်းအကျင်းပင်ဖြစ်သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးကို အကြောင်းပြုလျက် ကမ္ဘာတစ်ဝှမ်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခင်းအကျင်းတို့သည် ဗြောင်းဆန်လျက်ရှိနေ ပြီး၊ မရေရာမသေချာမှုများနှင့်လုံးထွေးလျက်ပင်ဖြစ်သည်။ ကိုဗစ်ကပ်ဘေးက အထွေထွေရွေးကောက်ပွဲကို တွန်းနေသလို ဖြစ်သဖြင့် ရွေးကောက်ပွဲရွေ့ဆိုင်းနိုင်ခြေသည် ဖြစ်တန်စွမ်းတစ်ခုဟုဆိုနိုင်သည်။ ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းအထိ ရွေ့ဆိုင်းမည်ဆိုပါက အကျပ်အတည်းဖြစ်နိုင်ခြေနည်းသော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက် ပိုင်းအထိ ရွေ့ဆိုင်းရမည်ဆိုလျှင် အကျပ်အတည်းဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။ ဒုတိယအကြိမ်လွှတ်တော် များ၏သက်တမ်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

အဆိုပါအကျပ်အတည်းသည် လွှတ်တော်သက်တမ်းနှင့် တိုက်ရိုက်ပတ်သက်နေသည်။ ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၁၁၉ အရ ပြည်သူ့လွှတ်တော်၏သက်တမ်းသည် ယင်းလွှတ် တော်၏ ပထမအကြိမ်အစည်းအဝေးစတင်ကျင်းပသည့်နေ့ရက်မှစ၍ ငါးနှစ်ဖြစ်သည်။ ပုဒ်မ ၁၅၁ တွင် အမျိုးသားလွှတ် တော်၏သက်တမ်းသည် ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့်အညီဖြစ်သည်ဟုပြဋ္ဌာန်းထားသည်။ ပုဒ်မ ၁၆၈ အရ တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သက်တမ်းကလည်း ပြည်သူ့လွှတ်တော်သက်တမ်းနှင့်အညီဖြစ်သည်။ ပြည်သူ့လွှတ် တော်၏သက်တမ်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သဖြင့် အမျိုးသားလွှတ်တော်၊ တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သက်တမ်းများသည်လည်း နောက်နှစ်ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သက်တမ်းကုန် မည်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ခြေနိုင်လက်နိုင် ထိန်းချုပ်နိုင်ပြီဆိုလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရေး လမ်းပွင့်သွားမည် ဖြစ်သည်။ ထိန်းမနိုင်သိမ်းမရဖြစ်နေသရွေ့ ရွေးကောက်ပွဲများကျင်းပနိုင်ရေးသည် အလှမ်းဝေးနေဦးမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါအရိပ်မည်းကြီးအောက် ရွေးကောက်ပွဲကို မဖြစ်၊ ဖြစ်အောင်လုပ်မည်ဆိုပါက မဲဆန္ဒရှင်ပြည်သူလူထုအများစု က စိတ်ဝင်စားပါ့မလား၊ မဲလာပေးပါ့မလား စသည့် ဖြစ်နိုင်ခြေများကို လေ့လာဆန်းစစ်ရမည်ဖြစ်သည်။ အကယ်၍ မဲပေးသူ ရာခိုင်နှုန်းသိသိသာသာလျော့နည်းမည်ဆိုလျှင် ပြောစရာ၊ ထောက်ပြစရာဖြစ်နိုင်သကဲ့သို့ ဒီမိုကရေစီစပ်ကူးမတ်ကူးအပေါ် လှောင်ပြောင်မှု နှင့် အယုံအကြည်လျော့ပါးမှုတို့မြင့်တက်လာမည်လား စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါမ တိုင်ခင်ကတည်းက လာမည့်ရွေးကောက်ပွဲများတွင် မဲပေးသူရာခိုင်နှုန်းကျဆင်းနိုင်ခြေအပေါ် ကြောင့်ကြနေရသည့်ကာလ မှာ ကိုဗစ်-၁၉ ကြောင့် မဲပေးသူရာခိုင်နှုန်းထပ်မံကျဆင်းဦးမည်ဆိုလျှင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကြီးတစ်ခုလုံးအပေါ် အထိနာသွားနိုင်ခြေက စိုးရိမ်ရေမှတ်ပင်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉ ပုဒ်မခွဲ(င)တွင် သဘာဝ ဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရသော်လည်းကောင်း၊ လွတ်လပ်ပြီးတရားမျှ တသောရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့်မဲဆန္ဒနယ်များ၏ရွေးကောက်ပွဲများကိုရွေ့ဆိုင်းခြင်းသည် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏တာဝန်အဖြစ် သတ်မှတ်၊ ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၃၉၉ ပုဒ်မခွဲ(က)တွင် လွှတ်တော်ရွေးကောက်ပွဲ များကျင်းပခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏တာဝန်တစ်ရပ်အဖြစ် ပြဋ္ဌာန်းထားသည်။ ပထမအကြိမ် နှင့် ဒုတိယအကြိမ်အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာလတွင် ကျင်းပခဲ့လင့်ကစား ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ် ရောဂါဘေးကြောင့် နိုဝင်ဘာလထက်နောက်ကျ၊ ရက်သတ်မှတ်မည်ဆိုလျှင် ရွေးကောက်ပွဲကော်မရှင်၏လုပ်ပိုင်ခွင့်မှာ အ ကျူံးဝင်ပြီးဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲများကျင်းပမည့်ရက်ကို သတ်မှတ်ရာတွင် လွှတ်တော်သက်တမ်းကုန်ဆုံးပြီးသည့်ကာလထဲရောက်ရှိသွားမည်ဆိုလျှင် မည်သို့မည်ပုံစခန်းသွားမည်ဆိုသောကိစ္စသည် စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေများတွင် လွှတ်တော်သက်တမ်း ကုန်ဆုံးသည့်တိုင် ရွေးကောက်ပွဲများကျင်းပနိုင်ခြင်းမရှိလျှင် မည်သို့မည်ပုံဆောင်ရွက်ရမည်နှင့်စပ်လျဉ်း၍ တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းထားသည်ကို မတွေ့ရှိရပေ။ လွှတ်တော်သက်တမ်းတိုးနိုင်မည်လား၊ လွှတ်တော်သက်တမ်းကုန်ဆုံးမည် ဆိုလျှင် အစိုးရအဖွဲ့အနေဖြင့် ဆက်လက်တည်ရှိပြီး၊ ရွေးကောက်ပွဲများကျင်းပ၍ အစိုးရသစ်ဖွဲ့စည်းပြီးသည်အထိ တာဝန် ယူနိုင်မည်လား၊ လွှတ်တော်သက်တမ်းကုန်ဆုံးသည့်တိုင်ရွေးကောက်ပွဲမကျင်းပနိုင်သေးလျှင် သမ္မတအနေဖြင့် အစိုးရအဖွဲ့ ကိုအသစ်ပြန်လည်ဖွဲ့စည်းရမည်လား၊ ကြားဖြတ်အစိုးရပုံစံဖွဲ့စည်းပုံလိုအပ်မည်လား စသည့်မေးခွန်းပေါင်းများစွာသည် ဒ ရောသောပါး အတွေးထဲဝင်ရောက်လာကြသည်။

ကိုဗစ်ကပ်ရောဂါသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်စပ်လျဉ်း၍ ဟာကွက်များ၊ စဉ်းစားစရာများ၊ ဆန်းစစ်သုံးသပ်ဖွယ်ရာများကို မီးမောင်းထိုးပြခဲ့သည်ဟု သုံးသပ်မိသည်။ သဘာဝဘေးအန္တရာယ်၊ ကူးစက်ကပ်ရောဂါဘေး တို့ကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွှတ်တော်သက်တမ်းကုန်ဆုံးသည့်တိုင် တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ကျင်းပနိုင်ခြင်းမရှိလျှင် မည်သို့ဆောင်ရွက်ရမည်ဆိုသည့်ပြဋ္ဌာန်းချက်ကို ဥပဒေနှင့်နည်းဥပဒေများတွင် ထည့်သွင်း ပြဋ္ဌာန်းနိုင်ရေးကို လာမည့်ကာလများတွင် အလေးအနက်သုံးသပ်၊ ဆွေးနွေးကြရဦးမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါပြဋ္ဌာန်းချက်များအရ လွှတ်တော်များ၏သက်တမ်းသည် ပထမအကြိမ်အစည်းအဝေးပထမနေ့မှစ၍ ငါးနှစ်ဖြစ်ပြီး၊ လွှတ် တော်သက်တမ်းကို တိုးမြှင့်နိုင်သည်ဟု ပြဋ္ဌာန်းချက်မရှိပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၁ ပုဒ်မခွဲ (က)တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက် တမ်းသည် ငါးနှစ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၆၁ ပုဒ်မခွဲ (ခ)တွင် ယင်းရာထူးသက်တမ်းကုန်ဆုံးသည့်အခါ နိုင်ငံ တော်သမ္မတအသစ်ရွေးချယ်တင်မြှောက်ပြီးသည့်အချိန်အထိ နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများသည် မိမိတို့၏လုပ် ငန်းတာဝန်များကိုဆက်လက်ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ အကယ်၍ လွှတ်တော်သက်တမ်းကုန်ဆုံးသည်အ ထိရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သမ္မတနှင့်ဒုတိယသမ္မတများအနေဖြင့် လုပ်ငန်း တာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည် ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယ၀န်ကြီးများ၊ ဒုတိယရှေ့နေချုပ်များ၊ ဒုတိယစာရင်းစစ်ချုပ်များ၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှေ့နေချုပ်များ၊ စာရင်းစစ်ချုပ်များတို့၏ သက်တမ်းများနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များပါရှိသည်ကို မတွေ့ရှိရပေ။

နိုင်ငံတော်သမ္မတသည် ဖော်ပြပါပုဂ္ဂိုလ်များကို ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သဖြင့် အဆိုပါပုဂ္ဂိုလ်များအနေဖြင့် လွှတ်တော်သက်တမ်းကုန်ဆုံးပြီးသည့်တိုင် ရွေးကောက်ပွဲများကျင်းပနိုင်ခြင်းမရှိသဖြင့် သမ္မတအသစ်ရွေးချယ်တင်မြှောက် နိုင်ခြင်းမရှိသေးသည့်ကာလတွင် နိုင်ငံတော်သမ္မတနှင့်အတူ ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥ ပဒေ၊ တည်ဆဲဥပဒေများနှင့် ညီညွှတ်သည်ဟု သတ်မှတ်နိုင်သည်။ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ပြည် ထောင်စုအစိုးရသည် ၂၀၁၉ ခုနှစ်မှအစပြု၍ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလ ၁ ရက် မှ စက်တင်ဘာလ ၃၀ ရက်အထိ ပြောင်းလဲကျင့်သုံးနေပြီဖြစ်သဖြင့် ဘတ်ဂျက်အသစ်ကလည်း ရေကန်အသင့်ကြာအသင့်ဟုဆိုရမည်ဖြစ်သည်။ သို့ဖြစ်၍ လွှတ်တော်သက်တမ်းကုန်ဆုံးသည့်တိုင် ရွေးကောက်ပွဲများကျင်းပနိုင်ခြင်းမရှိလျှင် ကြားဖြတ်အစိုးရ သို့မဟုတ် အစိုးရပုံစံ သစ်ဖွဲ့စည်းရန် လိုအပ်မည်မဟုတ်သည့်အပြင် ဘဏ္ဍာရေးကဏ္ဍတွင်လည်း နှစ်သစ်အတွက်ဘတ်ဂျက်အသစ်ကို ပြည် ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သည့်အားလျော်စွာ အစိုးရယန္တရားကြီးတစ်ခုလုံးအနေဖြင့် ပိုနေမြဲကျားနေမြဲ ရှေ့ ခရီးဆက်နိုင်မည်ဖြစ်သည်။

အကယ်၍ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါဘေးကိုအကြောင်းပြုလျက် လွှတ်တော်များမရှိသည့်ကာလတွင် အထွေ ထွေရွေးကောက်ပွဲများကျင်းပရမည်ဆိုလျှင် သာမန်ထက်ထူးခြားသောအခင်းအကျင်း၊ ထိလွယ်ရှလွယ်သောအခင်းအကျင်း ဖြစ်သဖြင့် ပို၍သတိကြီးကြီးထားရမည်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခုအချိန်ကတည်းက နိုင်ငံရေးပါတီများ၏ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် ဗွီဒီယိုအစည်းအဝေးပုံစံဖြင့် စဉ်ဆက်မပြတ်ဆွေးနွေး၊ အမြင်ဖ လှယ်နိုင်ရေး အားထုတ်သင့်သည်။ နိုင်ငံရေးပါတီများ၏အမြင်သဘောထား၊ သုံးသပ်ချက်၊ အကြံပြုချက်များကို ပေါင်းစပ် ထည့်သွင်းစဉ်းစားရန် သော့ချက်ကျမည်ဖြစ်သည်။ လွှတ်တော်များမရှိသည့်အခင်းအကျင်းတွင် ရွေးကောက်ပွဲများကျင်းပရ မည်ဆိုလျှင် ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့်ပိုမိုကျယ်ကျယ်ပြန့်ပြန့် ထိတွေ့၊ အမြင်ဖလှယ်နိုင်ရန် လိုအပ်မည်ဖြစ် ပြီး၊ လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲများကျင်းပနိုင်ရေးဦးတည်သည့် ထိရောက်ခိုင်မာသောခြေလှမ်းများကို အစ ပြုနိုင်ရန် အရေးကြီးမည်ဖြစ်သည်။ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများအပြင် ရွေးကောက်ပွဲဆိုင်ရာပြည်တွင်း၊ ပြည်ပအ ရပ်ဖက်အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး၊ အမြင်ဖလှယ်နိုင်ရန်လည်း လိုအပ်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် လွှတ်တော်များသက်တမ်းကုန်လွန်ပြီး၊ လွှတ်တော်များမရှိသည့်အခင်းအကျင်းတွင် ပါတီ စုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပရမည်ဆိုလျှင် ကြားဖြတ်အစိုးရမလို၊ အိမ်စောင့်အစိုးရမလို၊ ဘတ်ဂျက် အတွက်စိုးရိမ်ကြောင့်ကြစရာမလို၊ အရေးပေါ်အခြေအနေမလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ရှေ့ ခရီးဆက်နိုင်ရန် လမ်းခရီးသာပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ၊ မဲဆန္ဒရှင် ပြည်သူများနှင့်ထိတွေ့အမြင်ဖလှယ်၊ ဆွေးနွေးမှုများကို ဖြစ်သည့်နည်းဖြင့် ဖော်ဆောင်နိုင်ရေး အားထုတ်သင့်ပါကြောင်း နှင့် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါဘေးကာလတွင် လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲများ အောင် အောင်မြင်မြင်ကျင်းပနိုင်ရေး ကော်မရှင်၊ ပါတီ၊ ပြည်သူ ဟန်ချက်ညီညီ၊ ကျောချင်းကပ် ပြိုင်တူတွန်းဖော်ဆောင်သင့်ပါ ကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

ဒေါက်တာရန်မျိုးသိမ်း