လွှတ်တော်သက်တမ်းသုံးခါလည်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်သဏ္ဌာန်နဲ့ အနှစ်သာရတွေကို ထင်ဟပ်စေမယ့် ဒုတိယအကြိမ်လွှတ်တော်တွေ ကို ၂ဝ၁၆ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှာ စတင်ခဲ့တာဖြစ်လို့ မကြာခင်ကာလမှာ ၃နှစ်တင်းတင်း ပြည့်မောက်တော့မှာ ဖြစ်ပါ တယ်။ ဒီကာလတွေထဲမှာ လွှတ်တော်ရဲ့တာဝန်တွေဖြစ်တဲ့ နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို ခေတ်စနစ်နဲ့အညီ ဖော် ဆောင်နိုင်ဖို့ ဥပဒေတွေ အသစ်ရေးဆွဲတာ၊ ပြင်ဆင်တာ၊ ရုပ်သိမ်းတာစတဲ့ ဥပဒေပြုရေးလုပ်ငန်းစဉ်တွေ  အပါအဝင် အုပ် ချုပ်ရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍတွေကို စောင့်ကြည့် ထိန်းကျောင်းတာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် မဏ္ဍိုင်တွေအကြား အပြန်အလှန်ထိန်းကျောင်းမှုနဲ့ လွှတ်တော်ကိုယ် စားလှယ်တော်တွေရဲ့ စွမ်းဆောင်ရည်တွေအပေါ်မှာ တော့ မေးခွန်းထုတ်ခံနေရဆဲပါ။

ဥပဒေကြမ်း၊ မေးခွန်းနှင့် အဆိုများ

 

ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ ပင်မတာဝန်ဟာ ဥပဒေပြုရေးဖြစ်တဲ့အတွက် ဥပဒေကြမ်းတွေကို လွှတ်တော်ကိုယ်စား လှယ်တွေ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးရမယ့် ဝန်ကြီး ဌာနတွေက လွှတ်တော်မှာတင်သွင်းခွင့် ရှိပါတယ်။ ဒါကြောင့်နိုင်ငံနဲ့ နိုင်ငံသားတွေ အားလုံးအတွက် ဥပဒေပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ မလိုအပ်လို့ပယ် ဖျက်ခြင်းတွေကို အောင်မြင်စွာဆောင်ရွက်နိုင်မှသာ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေ  အောင် မြင်တယ်လို့ ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လွှတ်တော်သက်တမ်း ၃နှစ်တာကာလထဲမှာ လွှတ်တော် အသီးသီးကို တင်သွင်းလာတဲ့ အဆိုအားလုံး လိုလိုဟာ မှတ်တမ်းတင်ဖို့ ဆုံးဖြတ်တဲ့အဆို တွေသာဖြစ်ခဲ့တာကြောင့် ဒီအချက်ဟာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် နှစ်ရပ်အကြား အပြန်အလှန် ထိန်းကျောင်းမှုကို အားပျော့စေပါတယ်။

လွှတ်တော်မှာ မေးခွန်းတွေမေးမြန်းတဲ့အခါ နိုင်ငံတော်မူဝါဒနဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်မှုဆိုင်ရာ၊ အစိုး ရအဖွဲ့အစည်းတွေ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ၊ နိုင်ငံနဲ့ နိုင်ငံသားအကျိုးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေသိ အောင်ဆောင် ရွက်ကြရပါတယ်။

အဆိုတစ်ခုခုကို လွှတ်တော်ကအတည်ပြုနိုင်ခဲ့မယ်ဆိုရင် ဒီအဆိုဟာ ကတိကဝတ်ဖြစ်လာပြီး အဆိုနဲ့ပတ်သက် တဲ့အကြောင်း ကိစ္စတွေအပေါ် အစိုးရအဖွဲ့က လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး တကယ်လို့များ ကာလတစ်ခုတည်းမှာ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုရင်တော့ တာဝန်ရှိသူကို စွပ်စွဲပြစ်တင်နိုင်တဲ့အထိ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ ကြောင့် မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခံရတဲ့ အဆိုတွေဟာ အုပ်ချုပ်ရေးမဏ္ဍိုင်က အကောင်အထည်ဖော်ဖို့ တာဝန် မရှိ တဲ့အတွက် ရေရှည်မှာ မှတ်တမ်းတင်ခံရတဲ့ အဆိုများလေလေ၊မဏ္ဍိုင်နှစ်ခုအကြား အပြန်အလှန်ထိန်းကျောင်းမှု အားနည်း လေလေဖြစ်ပြီး အာဏာခွဲဝေကျင့်သုံးမှု (Separation of Power) ကိုထိခိုက်စေမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လာရင် လူကိုမကြည့်၊ ပါတီကိုကြည့်ပြီးရွေးချယ် ခဲ့ကြတာဖြစ်လို့ အားနည်းချက်တွေ အများအပြားပါ။ ဒါပေမယ့် သူတို့ရဲ့ မဲဆန္ဒနယ်မြေမှာရှိတဲ့ အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းအချို့က မဲဆန္ဒနယ်မြေအတွင်း အများပြည်သူနဲ့သက်ဆိုင်တဲ့ စီမံကိန်းဆိုင်ရာ အစည်းအဝေးတွေ၊ ပြည်သူ လူထုနဲ့ သက်ဆိုင်တဲ့ ဆေးရုံ၊ ကျောင်း၊ လမ်းတံတားစတဲ့ အခမ်းအနားတွေမှာ သက်ဆိုင်ရာ လွှတ် တော်ကိုယ်စားလှယ် တွေကိုအသိအမှတ်ပြု ဖိတ်ကြားမှုမရှိတာ၊ ဖိတ်ကြားပေမယ့်လည်း တလေးတစား ဆက်ဆံမှုမရှိတာတွေဟာ ပြည်သူတွေ ရဲ့ မျက်နှာစာမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ပုံရိပ်ကို ကျဆင်းစေတဲ့အပြင် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေတချို့ကို လည်းလျစ်လျူရှုရာ ရောက်စေပါတယ်။ ပြီးတော့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူ တွေအကြား အထင်အမြင်လွဲမှားမှုကို လည်း ဖန်တီးပေးသလို ဖြစ်စေပါတယ်။

 

လွှတ်တော်ကော်မတီများ၏စွမ်းဆောင်ရည်

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်နှစ်ရပ်စလုံးမှာ အမြဲတမ်းကော်မတီ ၄ရပ်အပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသား လူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံခြားရေးစတဲ့ ကဏ္ဍအသီးသီးအတွက် လွှတ်တော်ရေးရာ ကော်မတီတွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ လွှတ် တော်ကော်မတီ တွေဟာ မဏ္ဍိုင်တစ်ခုနဲ့တစ်ခုအကြား အပြန်အလှန်ထိန်းကျောင်းရာမှာ အရေးကြီးတဲ့တာဝန်တွေကို ထမ်းဆောင် နေရတာ ဖြစ်လို့ ဥပဒေပြုရေးမဏ္ဍိုင်အား ကောင်းလာစေရေးအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ ဒါကြောင့် နိုင်ငံတကာ မှာဆိုရင် လွှတ်တော်အသီးသီးက ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေကို လွှတ်တော်အသေးစားဆိုပြီး တင်စားခေါ်ဝေါ် လေ့ ရှိကြပါတယ်။

 

အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် အာဏာအသိမ်းမခံရခင်က အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ် ပေါင်းလွှတ်တော်ကော်မတီ ၆၅ခုအထိရှိပြီးတော့ အမေရိကန်နိုင်ငံမှာလည်း လွှတ်တော်အမြဲ တမ်းကော်မတီ ၃၈ခုနဲ့ကော် မတီခွဲ ၂၄၂ခုရှိ တယ်လို့ မှတ်သားရပါတယ်။

ဒါကြောင့် ဒီမိုကရေစီနိုင်ငံတချို့မှာ လွှတ်တော်ကော်မတီတွေကို တာဝန်နဲ့ လုပ်ပိုင်ခွင့် အပြည့်အဝ အပ်နှင်းထား တတ်ကြပါတယ်။ အကြောင်းကိစ္စ တစ်ရပ်ရပ်အတွက် ကြားနာပွဲလုပ်မယ်ဆိုရင် ဝန်ကြီးဌာနတွေက တာဝန်အကြီးဆုံးသူ တွေက သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေထံ အစစ်ဆေးခံရပါတယ်။ မေးခွန်းတွေကိုလာရောက် ဖြေဆိုကြရပါတယ်။ ဒါဟာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်အကြား အပြန်အလှန်ထိန်းကျောင်းမှုကို ရရှိစေတာဖြစ်လို့ ပြည်သူလူထု တက် ရောက်ခွင့်ရှိတဲ့လွှတ်တော် ကော်မတီတွေရဲ့ ”ကြားနာပွဲ” မျိုးဆိုရင် မီဒီယာတချို့က တိုက်ရိုက်ထုတ်လွှင့်မှု ကိုလုပ်ဆောင် လေ့ ရှိပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ဖွဲ့စည်းခဲ့တဲ့ လွှတ်တော်ရေးရာကော်မတီတွေရဲ့ အခန်းကဏ္ဍဟာ ပထမအကြိမ် လွှတ်တော်သက်တမ်းနဲ့ နှိုင်းယှဉ်ရင် ဥပဒေ ပြုရေးလုပ်ငန်းစဉ်မှာ ပိုပြီးအရေးပါလာတာကိုတွေ့ရပါတယ်။ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ဥပဒေကြမ်းအများစုကို အစိုးရဝန်ကြီးဌာနတွေက သူတို့လိုချင်တဲ့ ပုံစံအတိုင်း တင် သွင်းခဲ့ကြလို့ ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တွင်းအကြံပြု ဆွေးနွေးမှုတွေ ပိုများပြားခဲ့တာကြောင့် ဥပဒေကြမ်း တစ်ခုအ တည်ဖြစ်ဖို့ အတော်လေးအချိန်ယူခဲ့ရပါတယ်။ လက်ရှိမှာတာ့ ဥပဒေကြမ်း အများစုကို လွှတ်တော်တွင်း ဆွေးနွေးမှုထက် ဥပဒေကြမ်းကော်မတီညှိနှိုင်းအစည်းအဝေးတွေမှာ ဦးစွာဆွေးနွေးခြင်း၊ ဥပဒေနဲ့ သက်ဆိုင်သူတွေထံ အကြံဥာဏ် တောင်း ခံခြင်း၊ ညှိနှိုင်းပြင်ဆင်ခြင်းစတာတွေကို အချိန်ပိုယူခဲ့လို့ ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံချက်နဲ့ တင်သွင်းတဲ့ ဥပဒေကြမ်း အတော်များများဟာ လွှတ်တော် တွင်းဆွေးနွေးမှုတွေ နည်းပါးလာပြီး ခပ်မြန်မြန်အတည်ပြု ပြဋ္ဌာန်းတဲ့ ဥပဒေတွေ ဖြစ်လာ ပါတယ်။ ဒါပေမယ့် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ကျယ်ကျယ်ပြန့် ပြန့်ဆွေးနွေးခွင့်နည်းပါးသွားတာကတော့ ကိုယ်စားပြုဒီမိုကရေစီစနစ်အတွက် ကောင်းတဲ့အလားအလာတော့မဟုတ်ပါဘူး။ အထူးသဖြင့် ဒီ ၃နှစ်တာကာလထဲမှာ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစိုးရဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆောင် ရွက်မှုအပေါ် လေ့လာတွေ့ရှိချက်၊ သဘောထားမှတ်ချက်၊ အကြံပြုချက် အစီရင်ခံစာတွေဟာ အတော်လေးအားကောင်းခဲ့ ပါတယ်။ လွှတ်တော်အစည်းအဝေးတွေမှာ အကြိမ်အရေအတွက် များစွာတင်ပြခဲ့ပေမယ့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း တွေအနေနဲ့ လိုက်နာဆောင်ရွက်မှု အားနည်းနေဆဲဖြစ်ပါတယ်။ ဒီကာလထဲမှာ ဝန်ကြီးဌာနတွေက တင်သွင်းတဲ့ ဥပဒေ ကြမ်းတွေထက် သက်ဆိုင်ရာလွှတ်တော်ကော်မတီ အသီးသီးကတင်သွင်းတဲ့ ဥပဒေကြမ်းအရေအတွက် ပိုများလာကတော့ လွှတ်တော်ရေးရာ ကော်မတီတွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေတယ်လို့ ဆိုနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ပါအကန့်အသတ်တွေကြောင့် ရေးရာကော်မတီတွေလက်တွေ့လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အခက်အခဲတွေ ရှိနေပေမယ့် အခြေခံဥပဒေ မပြင်ဆင်နိုင်မီကာလမှာ တည်ဆဲဥပဒေတွေထဲမှာ အဟန့်အတားဖြစ်နေတဲ့ ပြဋ္ဌာန်း ချက်တွေ ကို ပြင်ဆင်အသုံးပြုနိုင်မယ်ဆိုရင်တော့ မဏ္ဍိုင်နှစ်ရပ်အကြား အဓိပ္ပာယ်ပြည့်ဝတဲ့ အပြန်အလှန်ထိန်းကျောင်းမှုတွေ ဖြစ်လာနိုင်ပါတယ်။

 

နိဂုံး

ခြုံပြောရရင်တော့ ဒီ ၃နှစ်တာကာလထဲမှာ လွှတ်တော်တွေဟာ ဥပဒေပြုရေး ကိုအားထည့် လုပ်ဆောင်ခဲ့ပေမယ့် အစိုးရကို ထိန်းကျောင်းရမယ့်တာဝန်ကို ကျေပွန်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒီလိုဖြစ်နေရတာဟာ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်အနေနဲ့ အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနေရာမှာ  ရှိနေတာက အဓိကအချက်လို့ ကာက်ချက် ချရမှာပါ။

ဒီကာလထဲမှာ အစိုးရကို အကျပ်အတည်းဖြစ်စေမယ့်မေးခွန်းတွေ မမေးဖို့ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌက ကိုယ်စား လှယ်တွေကိုတိုက်တွန်းခဲ့တဲ့ဖြစ်စဉ်ကလည်း ကိုယ်စားလှယ်တွေအပေါ် ဖိအားတစ်ခုလို ဖြစ်ခဲ့တဲ့အတွက် ကိုယ်စားလှယ် တွေကို နှုတ်ဆိတ်သွားစေတဲ့အပြင် ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အနုတ်လက္ခဏာဆောင်စေပါတယ်။ လွှတ်တော်ကိုယ် စားလှယ်တွေဟာ အစိုးရရဲ့မူဝါဒနဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်မှုကို စောင့်ကြည့်ရာမှာ လွှတ်တော်ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေနဲ့ကိုက်ညီတဲ့မေးခွန်းတွေ၊ ခိုင်မာအားကောင်းတဲ့ အဆိုတွေဖြစ်ဖို့လိုပါတယ်။ မေးခွန်းတွေ ကိုလာရောက်ဖြေ ဆိုတဲ့ ဝန်ကြီးတွေအနေနဲ့လည်း အာက်ခြေကရေးပေးတဲ့ အချက်အလက်တွေကိုသာ ဖတ်ပြဖြေဆိုတာ၊ ထပ်ဆင့် မေးခွန်း တွေအပေါ် ပြည့်ပြည့်စုံစုံ မဖြေကြားနိုင်တာတွေကလည်း အချိန်ကုန်၊ ငွေကုန်၊ လူအများအပင်ပန်းခံ ကျင်းပနေတဲ့ လွှတ် တော်တွေရဲ့ အနှစ်သာရကို ပြက်ရယ်ပြုရာရောက်စေပါတယ်။

ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ အဓိကတာဝန်နှစ်ရပ်ဟာ ဥပဒေပြုရေးနဲ့ အစိုးရကိုထိန် ကျောင်းရေးဖြစ်တဲ့အတွက် မဏ္ဍိုင် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုကို ပီပီပြင်ပြင် လုပ်ဆောင်နိုင်ပြီး နိုင်ငံတော်အတွက် အကျိုးရှိတဲ့ရလဒ်တွေ ထွက် ပေါ်လာနိုင်မှာပါ။ ဒါကြောင့် ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့ လွှတ်တော်ကော်မတီတွေရဲ့ သဘောထားမှတ်ချက်တွေ၊ သုံးသပ် အကြံပြုတိုက်တွန်းချက်တွေကို အစိုးရအဖွဲ့အစည်း ဝန်ကြီးဌာနတွေက အပြည့်အဝလိုက်နာ ပူးပေါင်းလာစေဖို့၊ ကတိက ဝတ်တွေကို အလေးထား အကောင်အထည်ဖော်ဖို့၊ ကိုယ်စားလှယ် တစ်ဦးချင်းစီရဲ့ စွမ်းဆောင် ရည်မြင့်တက်လာစေဖို့ လက်ကျန်သက်တမ်း ကာလမှာ အရှိန်မြှင့်လုပ်ဆောင်သွားဖို့လို နေသေးတယ်လို့ သုံးသပ်ချင်ပါတယ်။

 

မောင်ဒိုး(ကံပေါက်)