လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ် အနှစ်သာရနဲ့ ပဋိပက်္ခဖြစ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေ

နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (constitution) တွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကိုဖော်ဆောင်၊ အကာ အကွယ် ပေးရတဲ့ ဥပဒေပါ။ ပင်မအခြေခံ ဥပဒေအပြင် နိုင်ငံရေးစနစ်ကို အထောက် အပံ့ပြုဖို့ ဥပဒေပြုအဖွဲ့က ပြဋ္ဌာန်းတဲ့ ရွေးကောက်ပွဲဥပဒေလို၊ ဥပဒေပြုလုပ်ထုံး လုပ်နည်း ဥပဒေလိုမျိုး ဥပဒေတွေလည်း လိုအပ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံမှာ ကျင့်သုံးမယ့် အစိုးရစနစ်ဟာ သမ်္မတ ဦးဆောင် အစိုးရစနစ် (presidential type of gover nment)၊ ၀န်ကြီးချုပ်ဦးဆောင်တဲ့ ပါလီမန် ဒီမိုကရေစီစနစ် (parliamentary type of government)၊ ကြားအဆင့် သမ်္မတ ဦးဆောင်အစိုးရစနစ် (semi-presi dential type of government)၊ လူမှုအဖွဲ့ အားလုံးကို သာတူ ညီမျှအာမခံတဲ့ ကွန်ဆိုစီ ရေးရှင်း အစိုးရစနစ် (consociation type of government) စသဖြင့် အစိုးရစနစ် တစ်မျိုးမျိုးကို အခြေခံဥပဒေမှာ ပြဋ္ဌာန်း ဖော်ဆောင်ရပါတယ်။ အဲဒီလိုပဲ ဥပဒေပြု အဖွဲ့စနစ် (Legislature)၊ ဖက်ဒရယ်စနစ် (federalism)၊ အာဏာခွဲဝေရေးစနစ် (division of power) စသဖြင့် အခြေခံဥပဒေက ဖော်ဆောင်ပေးရတဲ့ နိုင်ငံရေးစနစ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေ အများအပြားရှိပါတယ်။
ဒီဆောင်းပါးမှာ မီးမောင်းထိုးတင်ပြချင်တာကတော့ မြန်မာနိုင်ငံမှာ လူအများပြောနေကြတဲ့ စစ်မှန်တဲ့ဖက်ဒရယ်မူ (genuine fed-eralism) ဖြစ်ဖို့ ဖော်ဆောင်၊ ကျင့်သုံးဖို့လိုတဲ့ ဥပဒေပြုအဖွဲ့စနစ်နဲ့ ဥပဒေပြုလုပ်ထုံးလုပ်နည်း (Legislative proce dure) တွေ အကြောင်း ပါ။ ၂၀၀၈ အခြေခံ ထဲက ပြဋ္ဌာန်းချက်တွေဟာ စစ်မှန်တဲ့ ဖက်ဒရယ်မူတွေနဲ့ ဘာတွေကွဲလွဲနေသလဲ ဆိုတာသိနိုင်ဖို့ စစ်မှန်တဲ့ဖက်ဒရယ်စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေက ဥပဒေပြုအဖွဲ့ စနစ်နဲ့ ဥပဒေပြုလုပ်ထုံးလုပ်နည်းတွေနဲ့ နှိုင်းယှဉ်တင်ပြပါ့မယ်။

ဥပဒေပြုအဖွဲ့စနစ် နှစ်မျိုး
ကမ်္ဘာ့နိုင်ငံအသီးသီးက ဥပဒေပြုအဖွဲ့ တွေကို လွှတ်တော်တစ်ရပ်ဥပဒေပြု အဖွဲ့စနစ် (unicameralism)နဲ့ လွှတ်တော် နှစ်ရပ်ဥပဒေ ပြုအဖွဲ့စနစ် (bicameralism) ဆိုပြီး နှစ်မျိုးတွေ့ရတယ်။ အကြမ်းဖျင်းပြောရင် လွတ်လပ်တဲ့နိုင်ငံ ၁၁၀ လောက်နဲ့ အနမမငအသမပ ၁၀ လောက် မှာ လွှတ်တော်တစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ကို ကျင့်သုံးပြီး ကျန်နိုင်ငံတွေမှာ လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ကို ကျင့်သုံးကြတယ်။ လွှတ်တော် တစ်ရပ်ဥပဒေပြုအဖွဲ့စနစ် ကျင့်သုံးတဲ့ နိုင်ငံအများစုဟာ တစ်ပြည်ထောင်စနစ် နိုင်ငံ (unitary state)တွေဖြစ်ပြီး၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံအားလုံးလိုလိုနဲ့ ယူကေ၊ ဂျပန်အပါအ၀င် တစ်ပြည်ထောင်စနစ် ကမ်္ဘာ့ဒီမိုကရေစီနိုင်ငံကြီး တော်တော်များများမှာ လွှတ်တော် နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ် ကျင့်သုံးတယ်။

လွှတ်တော်တစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ရှိရင် အဲဒီလွှတ်တော်ရဲ့ နာမည်ဟာလည်း ဥပဒေပြုအဖွဲ့ နာမည်ဖြစ်တယ်။ ဥပမာ- လွှတ် တော်တစ်ရပ်ဥပဒေပြုအဖွဲ့ စနစ်ရှိတဲ့ နော်ဝေနိုင်ငံမှာ လွှတ်တော်ကို စတော်တင်ဂဲ (Stortinget/ Storting)လို့ခေါ်ပြီး ဥပဒေပြု အဖွဲ့နာ မည်ဟာလည်း စတော်တင်ဂဲပဲ ဖြစ်တယ်။ လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ရှိတဲ့ နိုင်ငံတွေမှာ လွှတ်တော်တစ်ရပ်စီအတွက် သီးခြားနာ မည်တွေရှိပြီး အဲဒီလွှတ်တော်နှစ်ရပ်ပေါင်းလိုက်မှ ဥပဒေပြု အဖွဲ့ဖြစ်လာတဲ့ အဖွဲ့အတွက် သီးသန့်နာမည်ရှိတယ်။ အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်တစ်ရပ်ကို ပြည်သူ့လွှတ်တော် (House or Representatives) လို့ ခေါ်ပြီး၊ အခြားလွှတ်တော်ကိုတော့ ဆီးနိတ် (Senate) လို့ ခေါ်တယ်။ House of Representatives နဲ့ Senate ပေါင်းပါမှ လွှတ်တော်နှစ်ရပ် ဥပဒေပြုအဖွဲ့ဖြစ်လာပြီး၊ အဲဒါကို ကွန်ဂရက် (Congress) လို့ခေါ်တယ်။ အဲဒီလိုပဲ လွှတ်တော်နှစ်ရပ် ဥပဒေပြုအဖွဲ့စနစ် ကျင့်သုံးတဲ့ယူကေနိုင်ငံက ဥပဒေပြုအဖွဲ့ကို ပါလီမန် (Parliament) လို့ခေါ် ပါတယ်။ လွှတ်တော်တစ်ရပ်စီကိုတောံ့House of Commons နဲ့ House of Lordsလို့ခေါ်တယ်။

လွှတ်တော်သုံးရပ်ဥပဒေပြုအဖွဲ့စနစ် (tri-cameralism) ကျင့်သုံးတယ်လို့ ပြောလို့ရတဲ့ နိုင်ငံက အသားရောင်ခွဲခြားမှု ၀ါဒ (apartheid) အရ လူဖြူကြီးစိုးရေးကို အကောင်အထည်ဖော်ခဲ့တဲ့ တစ်ချိန်က တောင်အာဖရိကနိုင်ငံတစ်ခုသာ ရှိခဲ့တယ်။ လူဖြူတွေအတွက်က လွှတ် တော်တစ်ရပ်၊ အိန်္ဒိယ အနွယ်ဝင်တွေအတွက်တစ်ရပ်၊ အခြားအနွယ် အသားအရောင်ရှိသူတွေ အတွက်က တစ်ရပ်ရှိခဲ့တယ်။ ပြင်သစ်မှာ ၁၇၉၉ -၁၈၁၅ ကာလတိုအတွင်း ကျင့်သုံးခဲ့တဲ့စနစ်ကို လွှတ်တော်သုံးရပ် ဥပဒေပြုအဖွဲ့စနစ်အဖြစ် သတ်မှတ်နိုင်ကြောင်း၊ ထို့အတူ တရုတ်နိုင်ငံက ၁၉၄၇ ခုနှစ် အခြေခံဥပဒေရ ဖော်ဆောင်တဲ့ နိုင်ငံရေးစနစ်ထဲက ဥပဒေပြုအဖွဲ့ကိုလည်း လွှတ်တော်သုံးရပ်ဥပဒေပြု အဖွဲ့စနစ်လို့ သတ်မှတ်နိုင်ကြောင်း ထောက်ပြကြပါတယ်။ လွှတ်တော်သုံးရပ်ဆိုတာ သာမန်နိုင်ငံရေး အခြေအနေမှာ မရှိပါဘူး။ လက်ရှိမှာ ဘယ် နိုင်ငံမှာမှ လွှတ်တော်သုံးရပ်ဥပဒေပြုအဖွဲ့စနစ် မကျင့်သုံးတော့ပါဘူး။

လွှတ်တော်နှစ်ရပ်ရဲ့ နိုင်ငံရေး အနှစ်သာရ
လွှတ်တော်နှစ်ရပ်ရှိတဲ့ နိုင်ငံတွေမှာ တစ်ရပ်က ပြည်သူလူထုကို ကိုယ်စားပြုဖို့ ဖြစ်ပြီး မဲဆန်္ဒနယ် (constituency) အလိုက် ရွေးချယ် တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ နဲ့ ဖွဲစည်းထားတယ်။ ပြည်သူလူထုကို မဲဆန်္ဒနယ်တွေက တစ်ဆင့်ကိုယ်းစားပြုထားတဲ့ လွှတ်တော်ဟာ ကိုယ်စားလှယ် အရေအတွက်များပြီး၊ နိုင်ငံရေးသိပ်္ပံပညာမှာ အကြမ်းဖျင်းအောက်လွှတ်တော် (Lower house) လို့ သတ်မှတ်တယ်။ လွှတ်တော်နှစ်ရပ် ဥပဒေပြုအဖွဲ့စနစ်ရှိတဲ့ ဘယ်နိုင်ငံမှာမဆို အောက်လွှတ်တော်တိုင်းဟာ အဲဒီအနှစ်သာရအရ ဖွဲ့စည်းထားတယ်။ ပြည်သူလူထုကို ကိုယ်စားပြုရတဲ့ သဘောပါရင် အောက်လွှတ်တော်ဖြစ်တယ်။ လွှတ်တော် နာမည်နဲ့ပတ်သက်ပြီး နိုင်ငံတစ်ခုနဲ့ တစ်ခု အခေါ်အဝေါ် ကွဲပြားနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အောက်လွှတ်တော်ကိုံသကျန သ် House of Representatives လို့ခေါ်ပြီး ယူကေ နိုင်ငံမှာ House of Commons လို့ ခေါ်တယ်။
အခြား လွှတ်တော်တစ်ရပ်ကိုတော့ အထက်လွှတ်တော် (upper house) လို့ သတ်မှတ်တယ်။ ကိုယ်စားလှယ်အရေအတွက်အားဖြင့် အောက်လွှတ်တော်ထက် နည်းလေ့ရှိတယ်။ အထက်လွှတ်တော်ကိုလည်း နိုင်ငံအသီးသီးမှာ မတူကွဲပြားတဲ့ နာမည်တွေနဲ့ ခေါ်ဝေါ်ကြတယ်။ လွှတ် တော်နှစ်ရပ် ဥပဒေပြုအဖွဲ့စနစ် တည် ထောင်ရတာဟာ လွှတ်တော်တစ်ရပ်တည်း ဖော်ဆောင်ပေးလို့ မပြည့်စုံနိုင်တဲ့ နိုင်ငံရေး လိုအပ်ချက်ရှိလို့ ဖြစ်တယ်။ အဲဒီ နိုင်ငံရေးလိုအပ်ချက်ဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခြားနားတတ်ပါတယ်။
တစ်ပြည်ထောင်စနစ် (unitary state) နိုင်ငံတွေမှာ အထက်လွှတ်တော် ဖွဲ့ရခြင်း လိုအပ်ချက်ဟာ ခြားနားတတ်တယ်။ ယူကေနိုင်ငံမှာ အထက်လွှတ်တော် (House of Lords) ကို ဘုရင်စနစ် (monarchy) ကို ကိုယ်စားပြဖို့ တည်ထောင်ထားတာဖြစ်တယ်။ ဂျပန်နိုင်ငံမှာတော့ ဒုတိယကမ်္ဘာစစ် မတိုင်မီရှိခဲ့တဲ့ အထက်လွှတ်တော်ဟာ ယူကေက House of Lords နဲ့ ခပ်ဆင်ဆင်ဖြစ်ပေမယ့် လက်ရှိကျင့်သုံးနေတဲ့ ၁၉၄၆ အခြေခံဥပဒေအရ တည်ထောင်ထားတဲ့ အထက်လွှတ်တော် (House of Counci lors)ကျတော့ ပြည်သူကိုကိုယ်စားပြုဖို့ ဖြစ်ပြီး လွှတ်တော်အမတ်နေရာအတွက် နိုင်ငံရေးပါတီတွေက ၀င်အရွေးခံနိုင်တဲ့ ပုံစံနဲ့ ဖွဲ့ထားတယ်။ ဒါကြောင့် တစ်ပြည် ထောင်စနစ်နိုင်ငံတွေမှာ အထက်လွှတ် တော်ဖွဲ့စည်းတဲ့ နိုင်ငံရေးလိုအပ်ချက်အမျိုးမျိုးရှိနိုင်တယ်။ ဒါပေမယ့် ဖက်ဒရယ်နိုင်ငံတွေဖြစ်ရင် အထက်လွှတ်တော်ဖွဲ့စည်း တည်ထောင်ရခြင်း အဓိကနိုင်ငံရေးလို အပ်ချက်ကတော့ ပြည်ထောင်စုအဖွဲ့ဝင်များ (constituent units) ဖြစ်တဲ့ ပြည်နယ်တွေကို ကိုယ် စားပြုဖို့နဲ့ ပြည်နယ်တွေရဲ့ တန်းတူအခွင့်အရေးကိုကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်နိုင်ငံတွေဟာ လွှတ် တော်နှစ်ရပ်ဥပဒေပြု အဖွဲ့စနစ်ကိုကျင့်သုံးပြီး အထက်လွှတ်တော်က ပြည်နယ်တွေကို ကိုယ်စားပြုရပါတယ်။

လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးဟာ ဥပဒေပြုရန်မဟုတ်ပါ
နိုင်ငံတိုင်းလိုလိုမှာ လွှတ်တော်နှစ်ရပ် ပူးတွဲ အစည်းအဝေး (joint session)ရှိကြတယ်။ အဲဒါဟာ ဥပဒေပြုဖို့ထက် အခြားသော နိုင်ငံတော်အဆင့် အခမ်းအနား၊ ဂုဏ်ပြုပွဲ၊ အဆောင်အယောင် စတာတွေ အတွက် ကျင်းပတာဖြစ်ပါတယ်။ ဥပဒေပြုခြင်း အပါအ၀င် လွှတ်တော်အမတ်တွေ ဆွေးနွေးငြင်းခုံ၊ မဲခွဲဆုံးဖြတ်ရတဲ့ နိုင်ငံရေးကိစ်္စတွေဆောင်ရွက်ဖို့ လွှတ်တော်နှစ်ရပ် ပူးတွဲစည်းဝေး ကျင်းပခြင်း မဟုတ်ပါ။ အမေရိကန်ပြည်ထောင်စုမှာ သမ်္မတနိုင်ငံ တော် အခြေပြမိန့်ခွန်းပြောကြားတဲ့အခါ ကွန်ဂရက် လွှတ်တော်နှစ်ရပ်ပူးတွဲအစည်းအဝေးမှာ ပြုလုပ်ပါတယ်။ နိုင်ငံခြားက ဂုဏ်သရေရှိ ဧည့်သည်တော်များ လာ ရောက်လည်ပတ်ရင်လည်း ကွန်ဂရက် လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးမှာ မိန့်ခွန်းပြောလေ့ရှိတယ်။ ဒေါ်အောင်ဆန်း စုကြည် ယူကေနိုင်ငံကို ၂၀၁၂ ဇွန်လက သွားရောက်လည်ပတ်စဉ် ဂုဏ်ပြုတဲ့အနေနဲ့ ယူကေ ပါလီမန်လွှတ်တော်နှစ်ရပ်ပေါင်း ပူးတွဲအစည်းအဝေးမှာ မိန့်ခွန်းပြောကြားစေခဲ့ပါတယ်။
ဂျာမနီနိုင်ငံမှာ လွှတ်တော်နှစ်ရပ်ပူးတွဲအစည်းအဝေးကို နိုင်ငံတော် သမ်္မတ ရွေးချယ်ရေး ကိစ်္စအတွက် ကျင်းပပါတယ်။ ဂျာမနီမှာက သမ်္မတဟာ အုပ်ချုပ်ရေးအာဏာမရှိတဲ့ နိုင်ငံတော်ဦးသျှောင် (head of state) ရာထူးအတွက်သာဖြစ်တဲ့အတွက် သမ်္မတကို လွှတ်တော် နှစ်ရပ် ပေါင်းအစည်း အဝေးက ရွေးချယ်တာဟာ သူ့နိုင်ငံရေးစနစ် နဲ့ လိုက်လျောညီထွေ စီမံထားတာဖြစ်သလို ပြည်နယ်တွေအကြား မျှတမှုရှိရေးအစီအမံ တွေနဲ့လည်း ဒွိဟမဖြစ်ပါ။
သေချာတာက လွှတ်တော်နှစ်ရပ် ဥပဒေပြုအဖွဲ့စနစ်ရှိတဲ့ ဘယ်နိုင်ငံမဆို လွှတ်တော်နှစ်ရပ်ပူးတွဲ အစည်းအဝေးမှာ ဥပဒေကြမ်း တင်သွင်း၊ အစအဆုံး ဥပဒေရေးဆွဲပြဋ္ဌာန်းခြင်းအလုပ်ကို မလုပ်ပါ။ လွှတ်တော်နှစ်ရပ်အကြား ဥပဒေ(ကြမ်း)အပေါ် သဘောထားကွဲလွဲ မှုရှိလာရင် ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုအနေနဲ့တော့ နိုင်ငံ အနည်းငယ်မှာ လွှတ်တော်နှစ်ရပ်ပူးတွဲ အစည်းအဝေးမှာ လုပ်ဆောင်တာရှိပါတယ်။ ဥပဒေကြမ်းတင်သွင်း၊ ဥပဒေရေးဆွဲ၊ မဲခွဲ၊ အတည်ပြုခြင်းတွေကို လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးမှာဆောင်ရွက်ရင် တတိယလွှတ် တော် (third chamber) တစ်ရပ်ပေါ်လာသလိုဖြစ်ပြီး လွှတ်တော် နှစ်ရပ် ဥပဒေပြုအဖွဲ့စနစ်ရဲ့ အနှစ်သာရ လုံးဝပျောက်ကင်းသွားတယ်။

လွှတ်တော်တစ်ရပ် ဥပဒေပြုအဖွဲ့စနစ် ရှိတဲ့ နိုင်ငံတွေမှာ အဲဒီလွှတ်တော်တစ်ရပ် တည်းက ဥပဒေပြုအာဏာ (Legislative power)ကို အပြည့်အ၀ ကျင့်သုံးတယ်။ အဲဒီလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်း (bill)တိုင်းဟာ ဥပဒေဖြစ်လာတယ်။ လွှတ်တော် နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ် ရှိတဲ့ နိုင်ငံတွေမှာက ဥပဒေပြုအာဏာကို လွှတ်တော် နှစ်ရပ်အကြား ခွဲဝေးထားပြီး ဥပဒေကြမ်းတိုင်းကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုမှ ဥပဒေဖြစ်လာတယ်။ တစ်ရပ်တည်းက အတည်ပြုရုံနဲ့မရပါ။ လွှတ်တော်နှစ်ရပ်အကြားမှာ ဥပဒေပြု အာဏာကိုဘယ်လိုခွဲဝေသလဲ။ ““အညီ အမျှလား၊ တစ်ရပ်ကို အပိုပေး၊ နောက်တစ် ရပ်ကိုလျှော့ပေးလား၊ တစ်ရပ်စီကို အာဏာ အမျိုးအစားလိုက် ပိုပေးတာလား”” စတဲ့ အာဏာခွဲဝေမှုမျိုးနဲ့ ပတ်သက်ရင် အဲဒီ နိုင်ငံဟာ ဖက်ဒရယ်နိုင်ငံလား၊ တစ်ပြည်ထောင်စနစ် နိုင်ငံလားဆိုတဲ့အချက် အပါအ၀င် အခြားနိုင်ငံရေးစနစ်တွေနဲ့ ဆက် စပ်ပါတယ်။ သေချာတာက လွှတ်တော် နှစ်ရပ်စလုံး ဥပဒေပြုရေးမှာ အဓိပ်္ပာယ်ရှိရှိ ပါဝင်နိုင်အောင် စီမံထားရတယ်။

အထက်လွှတ်တော်မှာ ပြည်နယ်တွေ ရဲ့ ကိုယ်စားပြုမှု
ဖက်ဒရယ်နိုင်ငံတွေဟာ ပြည်နယ်တွေကို နိုင်ငံရေးအခွင့်အရေး တန်းတူပေးဖို့လိုအပ်လို့ တည်ထောင်ရတာမို့ နိုင်ငံရေး တန်းတူအခွင့် အရေးအတွက် ဥပဒေပြုအာဏာမှာ ပြည်နယ်တွေ တန်းတူရည်တူရှိအောင် ထိန်းညှိပေးရပါတယ်။ အဲဒီလို ထိန်းညှိဖို့အတွက် လုပ်ဆောင် ရာမှာတော့ နည်းလမ်းလေးတွေ ကွဲပြားတာ ရှိပါတယ်။ တချို့နိုင်ငံတွေမှာ ပြည်နယ်ကြီးငယ်မရွေး အထက်လွှတ်တော်မှာ ကိုယ်စားလှယ် အရေအတွက် ညီတူညီမျှပါဝင်စေပါတယ်။ အမေရိကန်ပြည်ထောင်စု Senate အထက်လွှတ်တော်မှာ ပြည်နယ်တိုင်းကိုယ်စားလှယ် ၂ဦးစီ တန်းတူကိုယ်စားပြုခွင့်ရတယ်။ ပြည် ထောင်စု သမ်္မတဂျာမနီနိုင်ငံကအထက် လွှတ်တော် (Bundesrat) မှာ ပြည်နယ်လူဦး ရေ ၂သန်း အထိ ကိုယ်စားလှယ် ၃ဦး၊ ၂သန်းကနေ ၆သန်းအထိ ၄ဦး၊ ၆သန်း ကနေ ၇သန်းအထိ ၅ဦး၊ ၇သန်း အထက် ၆ဦး ကိုယ်စားပြုခွင့် သတ်မှတ်ထားတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုလို ပြည်နယ်တွေ တန်းတူကိုယ်စားပြုခွင့်တော့ မဟုတ်ဘူး။ သို့သော် အချိုးချ လိုက်ရင် လူဦးရေနည်းတဲ့ ပြည်နယ်တွေက ကိုယ်စားပြုခွင့် အချိုးအစား မြင့်တက်လာအောင် လူဦးရေများတဲ့ ပြည်နယ်တွေရဲ့ ကိုယ်စား ပြုမှုကို လျှော့ချထားတယ်။ ဒါကို အဆင့်လျှော့ အချိုးကျစနစ် (degressive propor tionality) လို့ ခေါ်တယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဂျာမနီနိုင်ငံတွေမှာ အထက်လွှတ်တော်မှာ ကိုယ်စားပြုခွင့် ခြားနားသလို မဲပေးတဲ့စနစ် မတူတာကိုလည်း သတိပြုရပါမယ်။ အမေရိကန် ပြည်ထောင်စုမှာက Senate အထက်လွှတ်တော် အမတ်တွေဟာ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာမှာ တစ်ဦးချင်း လွတ်လပ်စွာ မဲပေးနိုင်ပါတယ်။ ပြည်နယ် ဆီးနိတ်လွှတ်တော်အမတ်နှစ်ဦးဟာ သဘောညှိစရာမလိုဘဲ မိမိကြိုက်သလို မဲပေး လို့ရတယ်။ ဆီးနိတ် လွှတ်တော်အမတ်နှစ်ယောက်ဟာ ပါတီတစ်ခုစီက ဖြစ်နိုင်တာမို့ သဘောထားညှိလို့မရနိုင်ပါ။ ဂျာမနီမှာက ပြည်နယ် ကို ကို်ယ်စားပြုတဲ့ ကိုယ်စားလှယ် အားလုံးဟာ တစ်စုတစည်းတည်း မဲပေးရတယ်။ ဒါကို စုစည်းမဲ (block vote) လို့ခေါ်တယ်။ ဥပမာ- ကိုယ်စားလှယ် ၅ဦးရထားတဲ့ ပြည်နယ်တစ်ခုဟာ ဘယ်ဘက်ကိုပဲ မဲပေးမဲပေး တစုတစည်းတည်း ၅မဲလုံးပေးရတယ်။ တစ်ယောက်ကဖောက် ပြီး ကွဲလွဲမဲပေးခဲ့ရ (၅) မဲစလုံးပယ်မဲအဖြစ် သတ်မှတ်ခံရ တယ်။ အဲဒီလို စုစည်းမဲပေးနိုင်အောင် ပြည်နယ်အစိုးရတွေက ဂျာမန်အထက် လွှတ်တော် (Bundesrat) အမတ်တွေကို ရွေးချယ်ပေးတာ ဖြစ်တယ်။

ဂျာမနီ အထက်လွှတ်တော် (Bund- esrat)မှာ ပြည်နယ် ၁၆ခုကိုယ်စားပြုခွင့်ရတဲ့ ကိုယ်စားလှယ်အရေအတွက်နဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့တွင် ပြည်နယ်အလိုက် နိုင်ငံရေးပါတီများ ထိန်းချုပ်ထားမှု၊ ပြည်နယ်အားလုံးမှာ နိုင်ငံရေး ပါတီတစ်ခုတည်းက အသာစီးရနေတာမျိုး မရှိပါ။ ဒီလိုမျိုး ပါတီအရောင်စုံက အထက်လွှတ်တော်မှာပါဝင် နေအောင် စီမံထားနိုင်တာကိုက ဂျာမန်ဖက်ဒရယ်စနစ်ရဲ့ အသက်လို့ဆိုရပါမယ်။
Source: https://commons.wikimedia.org/wiki/File:Bundesratx Sitzverteilung.svg

နောက်ခြားနားချက်တစ်ခုက အမေရိ ကန်ပြည်ထောင်စုမှာ ၆နှစ်တာ သက်တမ်းအတွက် အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲ တွေကို အထွေထွေရွေးကောက် ပွဲ (general election) ပုံစံနဲ့ ပြည်သူလူထုက တိုက်ရိုက်မဲပေး ရွေးချယ်တဲ့စနစ်ကို ကျင့်သုံးတယ်။ (အဲဒီ လို ပြည်သူလူထုက တိုက် ရိုက်မဲပေးရွေးချယ်တာဟာ ၁၉၁၃ခုနှစ်က ပြုလုပ်တဲ့ ၁၇ကြိမ်မြောက် အခြေခံဥပဒေ ပြင်ဆင်ချက်ပြုလုပ် ပြီးနောက်ပိုင်းမှ ဖြစ်တယ်။ အဲဒီမတိုင်ခင်ကတော့ ဆီးနိတ် အမတ်တွေကို ပြည်နယ် လွှတ်တော်တွေက ရွေးတယ်။) ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ ဂျာမန်အထက်လွှတ်တော် (Bundesrat) မှာ သက်တမ်းမရှိပါ။ လိုအပ်တဲ့အချိန်တွေ မှာ သက်ဆိုင်ရာ ပြည်နယ်အတွက် သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်အရေအတွက်ကို ပြည်နယ်အစိုးရက ရွေးချယ်သတ်မှတ် ပေးပါတယ်။ ပြည်နယ်မှာ အနိုင်ရပါတီတွေက သူတို့ ပြည်နယ်ကို ကိုယ်စားပြုမယ့် သူတွေကို သတ်မှတ်ပေးတဲ့ သဘောပါ။ ဒါကြောင့် ဂျာမနီမှာ သတ်မှတ်ကာလအလိုက် တစ်နိုင်ငံလုံး တစ်ပြိုင်နက် ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲဆိုတာ အောက်လွှတ်တော် (Bundestag) အတွက်သာရှိပြီး အထက်လွှတ်တော် (Bundesrat) အတွက် မရှိပါ။

ဂျာမနီစနစ်အောက်မှာ ပြည်နယ်တွေရထားတဲ့ အခွင့်အရေးဟာ ကိုယ့်ကြမ်္မာ ကိုယ်ဖန်တီးခွင့်ဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (self-determination) အခွင့်အရေး တစ်မျိုးဖြစ်တယ်။ ဒါမျိုးအခွင့်အရေးတွေ မြန်မာနိုင်ငံက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လိုလားသူတွေလည်းစဉ်းစား သင့်တယ်။ (အဖြေ မထွက်နိုင်တဲ့ အငြင်းပွားဖွယ် ခွဲထွက်ခွင့် ထက်လက်တွေ့ကျ အကျိုးရှိတဲ့ ကိုယ့်ကြမ်္မာကိုယ်ဖန်တီးနိုင်တဲ့ အခွင့် အရေးတွေ အများကြီးရှိတယ်။)

ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပြည်နယ် တွေအကြား ဥပဒေပြုအာဏာခွဲဝေရေး
အမေရိကန်ပြည်ထောင်စုမှာ ဖက်ဒရယ်ပြည်ထောင်စု ဥပဒေပြုအဖွဲ့ဖြစ်တဲ့ ကွန်ဂရက်ကကျင့်သုံးနိုင်တဲ့ အာဏာတွေကို အခြေခံ ဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (၈) အရ ကန့်သတ်ထားပြီး ကျန်အာဏာသို့မဟုတ်”ကြွင်းကျန်အာဏာ (residual power)တွေကို ပြည်နယ် တွေကိုကျင့်သုံးစေတဲ့ အာဏာခွဲဝေရေးစနစ်ကို ကျင့်သုံးတယ်။ ဒါကရှေးကျတဲ့ ဖက်ဒရယ်စနစ်နိုင်ငံတွေမှာ ကျင့်သုံးတဲ့ အာဏာခွဲဝေ ရေးပုံစံပါ။ (၂၀) ရာစုအတွင်းမှာ တာည်ထောင်လာတဲ့ ဖက်ဒရယ်နိုင်ငံတွေက အာဏာခွဲဝေရေးကို ဇယား၃ခုနဲ့ လုပ်ဆောင်လေ့ရှိတယ်။ အဲဒါ တွေကတော့ ဖက်ဒရယ်ပြည်ထောင်စု အတွက် သီးသန့်အာဏာ (federal exclu- sive power) ဇယား၊ ပြည်နယ်များအတွက် သီးသန့်အာဏာ (state exclusive power) ဇယားနဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပြည်နယ်များ တစ်ပြိုင်နက်ကျင့်သုံးနိုင်တဲ့ အာဏာ (concurrent power) ဇယား ဆိုတာတွေ ဖြစ်တယ်။ အဲဒီဇယားမှာမပါတဲ့ ကြွင်းကျန်အာဏာတွေကို ဘယ်သူ ကျင့်သုံးပိုင်ခွင့်ရှိသလဲ ဆိုတာကတော့ နှစ်မျိုးဖြစ်လာတယ်။ ဖက်ဒရယ်ပြည်ထောင်စုဘက်က အာဏာအသာစီးယူချင်ရင် ကြွင်းကျန်အာဏာကို ဖက်ဒရယ် ပြည်ထောင်စုကို ကျင့်သုံးစေပြီး ပြည်နယ်တွေကို အခွင့်အရေး ပိုပေးချင်ရင်တော့ ပြည်နယ်တွေကို ကျင့်သုံးစေတယ်။

ဂျာမနီမှာ ဖက်ဒရယ်ပြည်ထောင်စု ကျင့်သုံးနိုင်တဲ့ သီးသန့်အာဏာဇယားကို အခြေခံ ဥပဒေပုဒ်မအခန်း(၇)၊ ပုဒ်မ ၇၃နဲ့ တစ်ပြိုင် နက်ကျင့်သုံးနိုင်တဲ့ အာဏာဇယားကို ပုဒ်မ ၇၄တွေမှာ ဖော်ပြထားတယ်။ အဲဒီဇယားနှစ်ခုမှာမပါတဲ့ ကြွင်းကျန်တဲ့ အာဏာတွေကို ပြည် နယ်တွေကို ကျင့်သုံး ခွင့်ပြုကြောင်းနဲ့ ပုဒ်မ ၇၄တစ်ပြိုက်နက် ကျင့်သုံးခွင့်ရှိတဲ့ အာဏာတွေကျင်သုံးရာမှာလည်း ပြည်နယ်တွေကို ဦးစား ပေးတဲ့ အကြောင်းတွေ ဖော်ပြထားတယ်။ အမေရိ ကန်ပြည်ထောင်စုနဲ့ ဂျာမနီအာဏာခွဲဝေမှု စနစ်တွေမှာ ကွဲပြားမှုတချို့ရှိပေမယ့်အနှစ် သာရကတော့ ပြည်နယ်တွေကို ဦးစားပေးတဲ့ အာဏာခွဲဝေမှုမျိုးပါ။ ကြွင်းကျန်အာဏာ ကျင့်သုံးရေးမှာ ပြည်နယ်တွေကို ဦးစားပေး လို့ပါ။ ဥပဒေပြုမှုအပိုင်းမှာ ပြည်နယ်ကို ဦးစားပေးလား ဆိုတဲ့အချက်ဟာ ဖက်ဒရယ် စစ်,မစစ်တိုင်းတာတဲ့ စံတစ်ခုလည်း ဖြစ်ပါတယ်။

လွှတ်တော်နှစ်ရပ်အကြား အာဏာညီ မျှအောင် လုပ်ထုံးလုပ်နည်းနဲ့ ထိန်းညှိ
အထက်မှာ တင်ပြခဲ့သလို တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခြားနားမှုလေးတွေရှိပေမယ့် ဖက်ဒရယ်နိုင်ငံတွေမှာ အထက်လွှတ်တော်ဟာပြည်နယ် တွေရဲ့ နိုင်ငံရေး တန်းတူအခွင့်အရေးကို အာမခံ ကာကွယ်ပေးရတယ်။ ဥပဒေပြုအာဏာမှာ အောက်လွှတ်တော်က အသာစီးယူသွားပြီး ပြည်နယ်တွေကို ကိုယ်စားပြုရတဲ့ အထက်လွှတ်တော် လက်အောက်ခံ မဖြစ်ရအောင် အကာအကွယ် ပေးရတယ်။ ဒါကြောင့် လွှတ်တော် နှစ်ရပ်ဟာ ဥပဒေပြုအာဏာမှာ တန်းတူရှိအောင် ဥပဒေတွေဟာ လွှတ်တော်နှစ်ရပ်စလုံး အတည်ပြုပါမှ ဥပဒေဖြစ်ကြောင်း အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားရတယ်။ အမတ်အရေအတွက်များတဲ့ အောက်လွှတ်တော်က အတည်ပြုပြီးသား ဥပဒေဖြစ်သော်ငြား ပြည်နယ်တွေ ကို ကိုယ်စားပြုရတဲ့ အထက်လွှတ်တော်က သဘောတူထောက်ခံချက်မရဘဲနဲ့ ဥပဒေဖြစ်ခွင့်မရှိရပါ။ အဲဒါ မျိုးဖြစ်အောင် ဥပဒေပြုလုပ်ထုံး လုပ်နည်းနဲ့ ထိန်းချုပ်ရပါတယ်။

အခြေခံအကျဆုံး ဥပဒေပြု လုပ်ထုံးလုပ်နည်းကတော့ လွှတ်တော်နှစ်ရပ်စလုံး ဥပဒေတိုင်းကို သီးခြားစီ အတည်ပြုရပါတယ်။ ဥပဒေအမျိုးအစားကိုမူတည်ပြီး ဘယ်ဥပဒေကြမ်းကို ဘယ်လွှတ်တော်မှာ စတင်တင်သွင်းရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေရှိတယ်။ ဘယ်လွှတ်တော်မှာ စတင်တင်သွင်းသည်ဖြစ်စေ၊ ပထမလွှတ်တော်က အတည်ပြုပြီးတဲ့ ဥပဒေ(ကြမ်း)ကို ဒုတိယလွှတ်တော်ကို ဆက် လက်ပေးပို့ပြီး အတည်ပြုချက်ယူရပါတယ်။ ဒုတိယလွှတ်တော်က သီးခြားအတည်ပြုမှသာ ဥပဒေဖြစ်လာပြီး နိုင်ငံတော်ဦးသျှောင် (သမ်္မတသို့မဟုတ် ဘုရင်-ဘုရင်မ) က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲရင် တကယ်လို့ လွှတ်တော်တစ်ရပ်က အတည်ပြုပြီးသား ဥပဒေကို အခြားတစ်ရပ်က အတည် မပြုရင်သော်လည်းကောင်း၊ ပြင်ဆင်ချက်ပြုလုပ်ပြီး အတည်ပြုရာ ထိုပြင်ဆင်ချက်ကို မူလလွှတ်တော်က လက်မခံရင်သော်လည်းကောင်း၊ လွှတ်တော်နှစ်ရပ် အကြား သဘောထားကွဲလွဲမှု ဖြစ်လာပါတယ်။ အဲဒီလို အခြေအနေမျိုး လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ရှိတဲ့ နိုင်ငံတိုင်း လိုလို ကြုံရပါတယ်။ အဲဒီအခြေအနေမှာ ဘာဆက်လုပ်မလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းဟာ အထက်လွှတ်တော်ကို ဘယ်လောက် အထိ အာဏာပေးသလဲဆိုတဲ့ မူနဲ့ တိုက်ရိုက်ချိတ်ဆက်နေတယ်။ ဒီကိစ်္စနဲ့ပတ်သက် လို့ ဂျာမနီပုံစံကို နမူနာအနေနဲ့ တင်ပြချင်တယ်။

(မှတ်ချက်- ဒီဇယားဟာ ဂျာမန် ဥပဒေပြုလုပ်ထုံးနည်းထဲက အရေးပါတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပြီး ဖြည့်စွက်ဖော်ပြရမယ့် လုပ်ထုံးလုပ်နည်းရှိပါသေးတယ်။ ဒီနေရာမှာ ဒီတစ်ခုတည်း ဖော်ပြရုံနဲ့ စာရေးသူရှင်းပြလိုတဲ့ အချက်ကိုကာမိတာမို့ အခြား လုပ်ထုံးလုပ် နည်းများကိုရှည်လျားစွာ မဖော်ပြတော့တာဖြစ်ပါတယ်။)

အထက်ပါ ဇယားမှာ ဥပဒေကြမ်းတစ်ရပ် ဥပဒေဖြစ်လာပုံနဲ့ ဥပဒေဖြစ်ခွင့်မရှိဘဲ ပယ်ချခံရပုံတွေကို ပြထားတယ်။ လွှတ်တော် နှစ်ရပ်အကြား သဘောထားကွဲ လွဲရင် ညှိနှိုင်းရေးကော်မတီ (Mediation Committee) ဖွဲ့ပြီး ညှိနှိုင်းဆောင်ရွက်ပုံကို ဖော်ပြထားတယ်။ လွှတ်တော်နှစ်ရပ်စလုံး အတည်ပြုရင် (သို့မဟုတ်) ညှိနှိုင်းရေး ကော်မတီမှာ ညှိနှိုင်းသဘောတူညီမှုရရင် ဥပဒေအဖြစ် ကြေညာဖို့ သမ်္မတ ထံပေးပို့တယ်။ ဒုတိယလွှတ်တော်က အတည် မပြုရင် (သို့မဟုတ်) ညှိနှိုင်းရေးကော်မတီမှာ သဘောတူညီမှုမရရင် ဥပဒေကြမ်းဟာ ပယ်ချခံရတယ်။

ညှိနှိုင်းရေးကော်မတီဖွဲ့စည်းမှု နိုင်ငံရေးစနစ်ကို တိုက်ရိုက်ရောင်ပြန်ဟပ်
ဂျာမနီ သမိုင်းအတွေ့အကြုံအရ အော်လွှတ်တော် (Bundestag) မှာ အများစု အနိုင်ရထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြည်နယ် ၁၆ခု မှာ အများစုအနိုင်ရတဲ့ပါတီတွေ မတူတာမျိုးကြောင့် လွှတ်တော်နှစ်ရပ်အကြား သဘောထားကွဲလွဲမှု မကြာခဏကြုံရပြီး ညှိနှိုင်းရေးကော် မတီတွေအရေးပါတဲ့ အခန်းကဏ္ဍကို ရောက်လာပါတယ်။ ဥပမာ- တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ပါတီကြီး (nation-wide party) တစ်ခုက အောက် လွှတ်တော်မှာ အများစုအနိုင်ရနိုင်ပါတယ်။ ပြည်နယ် ၁၆ခုမှာ စနစ်အမျိုးမျိုးနဲ့ အချိန် အမျိုးမျိုးမှာကျင်းပကြတဲ့ ရွေးကောက်ပွဲ တွေမှာကျတော့ ပြည်နယ်အလိုက်အားကောင်းတဲ့ပါတီတွေ (state-wide parties) က မတူညီတာကြောင့် အောက်လွှတ်တော်မှာအသာစီး ရထားတဲ့ ပါတီကြီးက ပြည်နယ်အများစုမှာ အသာစီးရဖို့ မလွယ်လှပါ။ ဒါကို မကောင်းတဲ့ဘက်က ဝေဖန်နိုင်သလို ကောင်းတဲ့ဘက်က ကြည့်တတ်ရင်ပြည်နယ် တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တစ်မျိုးဆိုတာ မြင်ရမှာပါ။ ပြည်နယ်တွေမှာပါ ပါတီကြီး တစ်ခုသာ အသားစီးရထားရင် ဗဟိုဦးစီး ချုပ်ကိုင်မှု များလာပြီး အာဏာဖြန့်ကြက် ထားရတဲ့ ဖက်ဒရယ်စနစ်ကို ခြိမ်းခြောက် လာတယ်။ ပြည်နယ်တွေရဲ့ ကိုယ့်ကြမ်္မာ ကိုယ်ပြဋ္ဌာန်းခွင့်၊ တစ်နည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ချေဖျက်ဖျက်ဆီးခံရတယ်။ ဂျာမနီ ဖက်ဒရယ်စနစ်မှာ ပြည်နယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊ တစ်နည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကာကွယ်ဖို့ ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးစံနဲ့ မူတွေကို လေ့လာသင့်တယ်။ ဒီနေရာမှာ သတိပြု သင့်တာက ဖက်ဒရယ် ပြည်ထောင်စုအတွက် ဥပဒေပြုရေးမှာ လွှတ်တော်နှစ်ရပ်အကြား သဘောထားကွဲတာဟာ ပြည်နယ်တွေရဲ့အကျိုး စီးပွားကို ကာကွယ်ရင်းဖြစ်လာရတဲ့ အချက်နဲ့ အဲဒီလို သဘောထားကွဲလွဲလာရင် ပြည်နယ်တွေကို ကိုယ်စားပြုရတဲ့ အထက်လွှတ်တော်က အနိုင်ကျင့် မခံရအောင်စီမံထားတယ်ဆိုတဲ့ အချက်ပါ။ အဲဒီမှာ ညှိနှိုင်းရေး ကော်မတီတွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးပါလှပါတယ်။

ဖွဲ့စည်းပုံ- ညှိနှိုင်းရေးကော်မတီမှာ လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်အညီအမျှ ၁၆ဦးစီ၊ ပေါင်း ၃၂ဦးပါဝင်တယ်။ အထက် လွှတ်တော် (Bundesrat)ကိုယ်စား ပြည်နယ် ၁၆ခုက တစ်ဦးစီအညီအမျှပါဝင်တယ်။ အောက်လွှတ်တော် Bundesrat အတွက် ၁၆ဦးကို ခွဲတမ်းချရာမှာတော့ လွှတ်တော်မှာ ပါတီအသီးသီးက အနိုင်ရ ထားတဲ့ အချိုးအစားအတိုင်းခွဲတမ်းချတယ်။ ညှိနှိုင်းရေးကော်မတီဖွဲ့စည်း မှုမှာ အရေးကြီးဖက်ဒရယ်မူတစ်ခုဖြစ်တဲ့ ပြည်နယ်တွေရဲ့ တန်းတူအခွင့်အရေးကို တွေ့ရသလို အောက်လွှတ်တော်ဘက်ခြမ်းမှာလည်း ဒီမိုကရေစီမူအရ အချိုးအစားညီမျှစွာ ပါဝင်ဝင်ခွင့်ရအောင် စီမံထားတာကိုလည်း တွေ့ရတယ်။ ဒါ့အပြင် ညှိနှိုင်းရေးကော်မတီမှာ လွှတ် တော်နှစ်ရပ်ကိုတန်းတူ ပါဝင်စေတာမို့ လူများတဲ့ အောက်လွှတ်တော်က လူနည်းတဲ့အထက်လွှတ်တော်ကို အနိုင်ကျင့်တာမျိုး မလုပ်နိုင် အောင် ကာကွယ်ထားတာကိုလည်း တွေ့ရတယ်။

မူ – ညှိနှိုင်းရေးကော်မတီဟာ အာဏာကုန်ရှိတယ်။ ညှိနှိုင်းရေးကော်မတီမှာ သဘောမတူရင် ဥပဒေကို ပယ်ချလို့ရတယ်။ အပေး အယူအလျှော့အတင်းနဲ့ ဥပဒေကို ပြင်ဆင်သဘောတူရင်လည်း လွှတ်တော်နှစ်ရပ်ဆီ ပြန်ပို့စရာမလိုဘဲ ဥပဒေအဖြစ် အတည်ပြုနိုင်တယ်။ ဒီနေရာမှာ တာဝန်ထမ်းဆောင်မယ့် ကိုယ်စားလှယ်တွေဟာ ဘာနှောင်ကြိုး (ပါတီအကျိုး၊ ပြည်နယ်အကျိုး) စတာတွေကို ထောက်ငဲ့ စရာမလိုဘဲ လွတ်လပ်စွာဆုံးဖြတ် မဲပေးနိုင်ခွင့်ရှိကြတယ်။

ဂျာမနီလိုပဲ အလားတူ လွှတ်တော်နှစ် ရပ်ဥပဒေပြုအဖွဲ့စနစ်ရှိတဲ့ နိုင်ငံတိုင်းမှာ လွှတ်တော်နှစ်ရပ်ရဲ့ ဥပဒေပြုခွင့်အာဏာကို တန်ဖိုး ရှိအောင်၊ လွှတ်တော်တစ်ရပ်က အခြားတစ်ရပ်ကို လွှမ်းမိုးတာမျိုး၊ အနိုင်ကျင့်ခံရတာမျိုး မဖြစ်အောင် စီမံထားလေ့ရှိတယ်။ ဒါမှ လွှတ် တော်နှစ်ရပ်ထားရှိရခြင်းနဲ့ လွှတ်တော်နှစ်ရပ် ဥပဒေပြုအဖွဲ့စနစ် အနှစ်သာရကို တကယ်ရရှိနိုင်မှာဖြစ်တယ်။

မြန်မာနို်င်ငံက ဥပဒေပြုအဖွဲ့စနစ်များ
မြန်မာနိုင်ငံမှာ ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေနဲ့ ၂၀၀၈ အခြေခံ ဥပဒေ သုံးခုရှိခဲ့ပြီး ဥပဒေပြုအဖွဲ့နဲ့ လွှတ်တော်တွေ ကိုလည်း အမည်အမျိုးမျိုး ခေါ် ဆိုကြတယ်။ လွှတ်တော်နှစ်ရပ်အကြား ဥပဒေပြုအာဏာ ခွဲဝေမှု၊ ဥပဒေပြုလုပ်ထုံး လုပ်နည်းတွေကလည်း မတူခြားနားတာတွေ တွေ့ရတယ်။

ဖက်ဒရယ်တစ်ပိုင်းစနစ် (quasi-federalism) ကို ကျင့်သုံးတဲ့ ၁၉၄၇ အခြေခံဥပဒေမှာ လွှတ်တော်နှစ်ရပ်ဥပဒေ ပြုအဖွဲ့စနစ်ကျင့်သုံးပြီး ဥပဒေပြုအဖွဲ့ကို ပါလီမန် (Parliament) လို့ခေါ်တယ်။ အောက်လွှတ်တော်ဖြစ်တဲ့ လွှတ်တော်တစ် ရပ်ကို ပြည်သူ့လွှတ်တော် (Chamber of Deputies) လို့ခေါ်ပြီး၊ ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ အထက်လွှတ်တော်ကိုတော့ လူမျိုးစုလွှတ်တော် (Chamber of Nationalities) လို့ခေါ်တယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား ဥပဒေပြုအာဏာ ခွဲဝေရေးစနစ်မှာတော့ နောက်ဆက်တွဲ ဇယားတွေနဲ့ ပြည်ထောင် စုဥပဒေပြုစာရင်း၊ ပြည်နယ် ဥပဒေပြုစာရင်းဆိုပြီး ဖော်ပြထားတယ်။ ကြွင်းကျန်အာဏာတွေကို ပြည်ထောင်စုပါလီမန်က ကျင့်သုံးတယ်။ ပြည်ထောင်စုကို ဦးစားပေးတဲ့ အာဏာခွဲဝေမှုပုံစံပါ။

လွှတ်တော်နှစ်ရပ်အကြား ဥပဒေပြု အာဏာခွဲဝေရေးနဲ့ ပတ်သက်လို့ လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုရင်ဥပဒေ အတည်ဖြစ် ကြောင်း ပုဒ်မ ၁၀၀ ပြဋ္ဌာန်းချက်ဟာလည်း သာမန်ဥပဒေပြုလုပ်ထုံး လုပ်နည်းသာဖြစ်ပါတယ်။ ထို့အတူ ၁၉၄၇ အခြေခံဥပဒေအရမြန်မာ နိုင်ငံဟာ ၀န်ကြီးချုပ်ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီအစိုးရစနစ် ကျင့်သုံးတာမို့ ငွေကြေးဥပဒေ (money bill) နဲ့ စပ်လျဉ်းတဲ့ ဥပဒေကြမ်း တွေနဲ့ ပတ်သက်လာရင် အောက်လွှတ်တော်ကို လုပ်ပိုင်ခွင့်အာဏာ ပိုပေးထားတာဟာလည်း ကမ်္ဘာ့ပါလီမ်န်ဒီမိုကရေစီ နိုင်ငံတွေက လုပ်ထုံးလုပ်နည်း အတိုင်းဖြစ်ပါတယ်။ ထောက်ပြချင်တဲ့အချက်က ဥပဒေပြုရေးမှာ လွှတ်တော်နှစ်ရပ်အကြား သဘောထား ကွဲလွဲရင် လွှတ်တော်နှစ်ရပ်ပေါင်းပူးတွဲ အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ရမယ်လို့ ပုဒ်မ (၁၀၉)မှာ ပြဋ္ဌာန်းထားတဲ့အချက်ပါ။ ဂျာမနီကို နမူနာယူ နှိုင်းယှဉ်ရင် ဖက်ဒရယ်မူတွေနဲ့ အံချော်နေတာတွေ့ရတယ်။ ကိုယ်စားလှယ်များတဲ့ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်နည်းတဲ့ အမျိုးသား လွှတ်တော်ကို အနိုင်ကျင့်လို့ရတဲ့သဘောပါ။

၁၉၇၄ အခြေခံဥပဒေက တစ်ပြည် ထောင်စနစ်နဲ့ လွှတ်တော်တစ်ရပ်ဥပဒေပြု အဖွဲ့စနစ်ကို ကျင့်သုံးပါတယ်။ တစ်ပါတီ စနစ်ကို ကျင့်သုံးတာကတစ်ကြောင်း၊ တစ်ပြည်ထောင်စနစ်ဖြစ်တဲ့အတွက် ပြည် ထောင်စုနဲ့ ပြည်နယ်အကြား အာဏာခွဲ ဝေမှု မရှိတာကတစ်ကြောင်း၊ လွှတ်တော် တစ်ရပ် ဥပဒေပြုအဖွဲ့စနစ်ကို ကျင့်သုံးတာကတစ်ကြောင်းကြောင့် အထက်မှာဆွေးနွေးခဲ့တဲ့ ဖက်ဒရယ်နိုင်ငံတွေက ဥပဒေပြု ရေး အာဏာခွဲဝေရေး၊ လွှတ်တော်နှစ်ရပ်အကြား ဥပဒေပြုအာဏာ ခွဲဝေရေးကိစ်္စတွေနဲ့ဘာမှ နှိုင်းယှဉ်ဆွေးနွေးလို့မရပါ။

၂၀၀၈ အခြေခံဥပဒေက နိုင်ငံတော်ကို “ပြည်ထောင်စု”လို့ခေါ်ပြီး ဖက်ဒရယ်ယောင်ယောင် ဥပဒေပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ဖော်ပြထားတာကို တွေ့ရတယ်။ အဲဒီထဲမှာ အထက်လွှတ်တော်မှာ ပြည်နယ်။ တိုင်းဒေသကြီးတွေကိုတန်းတူ ကိုယ်စားပြု ခွင့်ပေးတာ၊ ပြည်ထောင်စုနဲ့ ပြည်နယ်/ တိုင်းဒေသကြီးတွေအကြား ဥပဒေပြု အာဏာခွဲဝေမှုကို ဖော်ပြထားတာတွေပါတယ်။ အခြားပြဋ္ဌာန်းချက်များဟာ လည်း ဖက်ဒရယ်စနစ်နဲ့ များစွာခြားနားနေသေး တယ်လို့ပဲ အတိုချုပ်တင်ပြချင်ပါတယ်။ ဒီနေရာမှာ အသေးစိတ် မဆွေးနွေးတော့ပါ။ ဒါပေမယ့် ဆိုးဆိုးဝါးပါးမှားယွင်းနေတဲ့ ဥပဒေပြုရေးနဲ့ပတ်သက်တဲ့ အချက်ကို ဆွေးနွေးချင်ပါတယ်။

၂၀၀၈ အခြေခံဥပဒေ အခန်း(၄)ဥပဒေပြုရေး အခန်းပါ ပြဋ္ဌာန်းချက်တွေကို ပိုင်းခြားစိတ်ဖြာရင် ဒါတွေကို တွေ့ရတယ်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၉၈မှာ ပြည်ထောင်စု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းသို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေပြုစာရင်းများတွင် ဖော်ပြမထားသော အခြားကိစ်္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုခွင့် အာဏာကို ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းသည်” လို့ ဖော်ပြထားတယ်။ ဒါဟာ ကြွင်းကျန်အာဏာတွေကို ပြည်ထောင်စုကို ကျင့် သုံးခွင့်ပေးတာမို့ ပြည်ထောင်စုက အာဏာခွဲဝေမှုမှာ အသာစီးယူထားတာ ဖြစ်ပါတယ်။

လွှတ်တော် သုံးရပ်
အခြေခံဥပဒေရေးဆွဲသူတွေ ရည်ရွယ်တာကတော့ လွှတ်တော်နှစ်ရပ်ဥပဒေပြု အဖွဲ့စနစ်ပါ။ လွှတ်တော်နှစ်ရပ်ပါဥပဒေ ပြုအဖွဲ့ကို “ပြည်ထောင်စုလွှတ်တော်”လို့ ခေါ်ပြီး အဲဒီပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားလှယ် ၄၃၂ ဦးပါ ပြည်သူ့လွှတ် တော် (အောက်လွှတ်တော်)နဲ့ ကိုယ်စား လှယ် ၂၂၃ဦးပါ အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှစ်ရပ်နဲ့ ဖွဲ့စည်းတယ် လို့ ၂၀၀၈ အခြေခံဥပဒေပုဒ်မ ၇၄မှာ ပြဋ္ဌာန်းထားတယ်။ အဲဒီပြဋ္ဌာန်းချက်ဟာ အခြားနိုင်ငံတွေမှာလိုပဲ လွှတ်တော်နှစ်ရပ် ဥပဒေပြုအဖွဲ့ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတဲ့ သာမန် ပြဋ္ဌာန်းချက်ပဲဖြစ်ပါတယ်။ ဘာမှမှားယွင်းမှုမရှိပါ။ ပုဒ်မ ၈၀မှာ ပြည်ထောင် စုလွှတ်တော်က ဆောင်ရွက်မယ့်ကိစ်္စတွေကို ဖော်ပြထားတယ်။ ပုဒ်မခွဲ (က)၊ (ခ)၊ နဲ့ (ဈ) ပါ အချက်တွေဟာ မဲခွဲဆုံးဖြတ်ခြင်းမပါတဲ့ ဆောင်ရွက်ချက်တွေဖြစ်ပြီး တခြားဒီမိုကရေစီနိုင်ငံတွေမှာ ဆောင် ရွက်နေကြ အဆောင်အယောင်၊ အခမ်းအနားဆိုင်ရာ လုပ်ဆောင်ချက်တွေဖြစ်တယ်။ ပုဒ်မခွဲ (ဂ) မှာ “ဥပဒေကြမ်း တင်သွင်းခြင်း၊ ဆွေး နွေးခြင်း၊ ဆုံးဖြတ်ခြင်း”လို့ အတိအလင်း ဖော် ပြထားတာနဲ့၊ ပုဒ်မ၉၆မှာ“ပြည်ထောင်စု လွှတ်တော်သည် ဇယား (၁)တွင် ဖော်ပြထားသော ပြည်ထောင်စု ဥပဒေပြုစာရင်းပါ ကိစ်္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တစ်ဝန်းလုံးအတွက် သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာသက် ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။” လို့ ပြဋ္ဌာန်းထားတာတွေဟာ ပြည်ထောင်စု လွှတ်တော်ကို တတိယလွှတ်တော်အဖြစ် အသွင်ပြောင်းလိုက်သလို ဖြစ်သွားတယ်။ ဥပဒေပြုခွင့်ဟာ လွှတ်တော်တစ်ရပ်စီမှာ သာ ရှိပြီး လွှတ်တော် နှစ်ရပ်ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်တို့၊ ကွန်ဂရက်တို့၊ ပါလီမန်တို့မှာ မရှိပါ။ ၂၀၀၈ အခြေခံဥပဒေ ဟာ ဥပဒေပြုရေးနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့အပြင်၊ အဲဒီလွှတ်တော် နှစ်ရပ်ပေါင်းပြီး ပြည်ထောင်စု လွှတ်တော်ကပါ လုပ်ဆောင် နိုင်ကြောင်း ပြဋ္ဌာန်းထားလို့ လွှတ်တော်သုံး ရပ်စနစ် ဖော်ဆောင်ထားသလိုဖြစ်နေတယ်။

လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေး မှာ မဲခွဲခြင်းဟာ မှားယွင်း
ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေပြုတဲ့အခါဖြစ်စေ၊ အခြားကိစ်္စများ အဆိုတင်ဆွေးနွေးမဲခွဲဆုံးဖြတ်တဲ့အခါဖြစ်စေ၊ လွှတ်တော်နှစ်ရပ် စလုံးက ကိုယ်စားလှယ်တွေကို စုပေါင်းပြီး မဲခွဲဆုံးဖြတ်စေခြင်းဟာ လွှတ်တော်နှစ်ရပ်စနစ် အနှစ်သာရကို လုံးဝ ဖျက်ဆီးလိုက်တာဖြစ်တယ်။ အောက် လွှတ် တော်မှာ ကိုယ်စားလှယ် ၄၃၂ဦးရှိပြီး အထက် လွှတ်တော်မှာက ၂၂၃ဦးသာရှိ တာမို့ အောက်လွှတ်တော်က နှစ်ဆလောက် အင်အားကြီးပါတယ်။ ပုဒ်မ ၈၀ပုဒ်မခွဲ (ဂ)နဲ့ ပုဒ်မ ၉၆အရ ပြည်ထောင်စုလွှတ်တော်မှာ စတင်တင်သွင်းတဲ့ ဥပဒေ(ကြမ်း)တိုင်းနဲ့၊ ပုဒ်မ ၉၅ ပုဒ်မခွဲ (ခ)အရ လွှတ်တော်နှစ်ရပ်အကြား သဘောထား ကွဲလွဲတဲ့ ဥပဒေ(ကြမ်း)ကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲရတဲ့အခါတိုင်းမှာ ပြည်နယ်/တိုင်းဒေသကြီးတွေကို ကိုယ်စားပြုရတဲ့ အမျိုးသားလွှတ်တော်ဟာ ပြည်သူ့လွှတ် တော်ရဲ့ လက်အောက်ခံဖြစ်သွားပါတယ်။ ဥပဒေပြုခွင့်အာဏာအရာမှာ လွှတ်တော် နှစ်ရပ်တန်းတူညီမျှမှု မရှိတော့ပါ။ လွှတ်တော်နှစ်ရပ် ကိုယ်စားလှယ်အင်အား ကွာခြားတာကို အခြား နိုင်ငံတွေမှာလည်းတွေ့ရပေမဲ့၊ လွှတ်တော်နှစ်ရပ်ဟာ ဥပဒေတိုင်းကိုသီးခြားစီမဲ ခွဲဆုံးဖြတ်အတည်ပြုကြတယ်၊ ပူးတွဲ အစည်းအဝေး နဲ့ မဆုံးဖြတ်ပါ။

အနှစ်ချုပ်လိုက်ရင် ၂၀၀၈ အခြေခံ ဥပဒေက လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့ စနစ်ကို အသေအချာ ရည်ရွယ်ပေမယ့် ဥပဒေပြုခွင့်နဲ့ အခြားနိုင်ငံရေးကိစ်္စတွေကို ပါ မဲခွဲဆုံးဖြတ်ခွင့်ကို လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်ကိုပါ အပ်နှင်းထားခြင်းကြောင့် လွှတ်တော်နှစ်ရပ် ဥပဒေပြုအဖွဲ့စနစ်ရဲ့ အနှစ်သာရနဲ့ ဖီလာ ဆန့်ကျင် ဖြစ်နေတယ်။ ရေရှည်မှာ စစ်မှန်တဲ့ဖက်ဒရယ်မူကို ဦးတည်ယင် အဲဒါမျိုး မှားယွင်းမှုတွေ မရှိသင့်တာကတကြောင်း၊ ၂၀၀၈ အခြေခံဥပဒေ ကိုယ်တိုင်ကရည်ရွယ်တဲ့ လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ် ကိုတိုက်ရိုက် ပဋိပက်္ခဖြစ်စေတဲ့ ပြဋ္ဌာန်းချက်တွေပါဝင်နေတာက တစ်ကြောင်းကြောင့် “၂၀၀၈ အခြေခံဥပဒေ အခန်း(၄) ဥပဒေပြုခြင်း” အခန်းက အထက်ရည်ညွှန်းပုဒ်မတွေ အပါအ၀င်ပြင်ဆင်ရမယ့် ပုဒ်မတွေ၊ ပြဋ္ဌာန်းချက်တွေ ရှိနေပါတယ်။ ဘယ်အချိန် ပြင်ကြမလဲ၊ ဘယ်လိုပြင်ကြမလဲ။

ဘိုမုတ်ဆိတ်(ဥပဒေ)