လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ် အနှစ်သာရနဲ့ ပဋိပက္ခဖြစ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေ

နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (constitution) တွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို ဖေါ်ဆောင်၊ အ ကာအကွယ်ပေးရတဲ့ ဥပဒေပါ။ ပင်မအခြေခံ ဥပဒေအပြင် နိုင်ငံရေးစနစ်ကို အထောက်အပံ့ပြုဖို့ ဥပဒေပြုအဖွဲ့က ပြ ဌာန်းတဲ့ ရွေးကောက်ပွဲဥပဒေလို၊ ဥပဒေပြုလုပ်ထုံးလုပ်နည်း ဥပဒေလိုမျိုး ဥပဒေတွေလည်း လိုအပ်ပါတယ်။ သက် ဆိုင်ရာနိုင်ငံမှာ ကျင့်သုံးမဲ့ အစိုးရစနစ်ဟာ သမ္မတဦးဆောင် အစိုးရစနစ် (presidential type of government)၊ ၀န်ကြီးချုပ်ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီစနစ် (parliamentary type of government)၊ ကြားအဆင့် သမ္မတ ဦးဆောင်အစိုးရစနစ် (semi-presidential type of government)၊ လူမှုအဖွဲ့အားလုံးကို သာတူညီမျှအာမခံတဲ့ ကွန်ဆိုဆီရေးရှင်း အစိုးရစနစ် (consociation type of government) စသဖြင့် အစိုးရစနစ် တစ်မျိုးမျိုးကို အခြေခံ ဥပဒေမှာ ပြဌာန်း ဖေါ်ဆောင်ရပါတယ်။ အဲဒီလိုပဲ ဥပဒေပြုအဖွဲ့စနစ် (legislature)၊ ဖက်ဒရယ်စနစ် (federalism)၊ အာ ဏာခွဲဝေရေးစနစ် (division of power) စသဖြင့် အခြေခံဥပဒေက ဖေါ်ဆောင်ပေးရတဲ့ နိုင်ငံရေးစနစ်ဆိုင်ရာ ပြဌာန်း ချက်တွေ အများအပြားရှိပါတယ်။

 

ဒီဆောင်းပါးမှာ မီးမောင်းထိုးတင်ပြချင်တာကတော့ မြန်မာနိုင်ငံမှာ လူအများပြောနေကြတဲ့ စစ်မှန်တဲ့ဖက်ဒရယ်မူ (genuine federalism) ဖြစ်ဖို့ ဖေါ်ဆောင်၊ ကျင့်သုံးဖို့လိုတဲ့ ဥပဒေပြုအဖွဲ့စနစ် နဲ့ ဥပဒေပြုလုပ်ထုံးလုပ်နည်း (legislative procedure) တွေ အကြောင်းပါ။ ၂၀၀၈ အခြေခံ ထဲက ပြဌာန်းချက်တွေဟာ စစ်မှန်တဲ့ ဖက်ဒ ရယ် မူတွေနဲ့ ဘာတွေကွဲလွဲနေသလဲဆိုတာ သိနိုင်ဖို့ စစ်မှန်တဲ့ဖက်ဒရယ်စနစ်ကျင့်သုံးနေတဲ့ နိုင်ငံတွေက ဥပဒေပြု အဖွဲ့စနစ်နဲ့ ဥပဒေပြုလုပ်ထုံးလုပ်နည်းတွေနဲ့ နှိုင်းယှဉ်တင်ပြပါမယ်။

 

 

ဥပဒေပြုအဖွဲ့စနစ် နှစ်မျိုး

ကမ္ဘာ့နိုင်ငံအသီးသီးက ဥပဒေပြုအဖွဲ့တွေကို လွှတ်တော်တစ်ရပ်ဥပဒေပြုအဖွဲ့စနစ် (unicameralism) နဲ့ လွှတ်တော် နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ် (bicameralism) ဆိုပြီး နှစ်မျိုး တွေ့ရတယ်။ အကြမ်းဖျဉ်းပြောယင် လွတ်လပ်တဲ့နိုင်ငံ ၁၁၀ ခန့်နဲ့ territory ၁၀ လောက်မှာ လွှတ်တော်တစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ကို ကျင့်သုံးပြီး၊ ကျန်နို်င်ငံတွေမှာ လွှတ်တော် နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ကို ကျင့်သုံးကြတယ်။ လွှတ်တော်တစ်ရပ်ဥပဒေပြုအဖွဲ့စနစ် ကျင့်သုံးတဲ့ နိုင်ငံအများစုဟာ တပြည်ထောင်စနစ်နိုင်ငံ (unitary state) တွေဖြစ်ပြီး၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအားလုံးလိုလိုနဲ့ ယူကေ၊ ဂျပန် အပါအ၀င် တပြည်ထောင်စနစ် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီး တော်တော်များများမှာ လွှတ်တော် နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ် ကျင့်သုံးတယ်။

လွှတ်တော်တစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ရှိယင် အဲဒီလွှတ်တော်ရဲ့ နာမည်ဟာလည်း ဥပဒေပြုအဖွဲ့ နာမည်ဖြစ်တယ်။ ဥပမာ လွှတ်တော်တစ်ရပ်ဥပဒေပြုအဖွဲ့ စနစ်ရှိတဲ့ နော်ဝေးနိုင်ငံမှာ လွှတ်တော်ကို စတော်တင်ဂဲ (Stortinget/ Storting) လို့ ခေါ်ပြီး ဥပဒေပြုအဖွဲ့နာမည်ဟာလည်း စတော်တင်ဂဲ ပဲဖြစ်တယ်။ လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ရှိတဲ့ နိုင်ငံတွေမှာ လွှတ်တော် တစ်ရပ်စီအတွက် သီးခြားနာမည်တွေရှိပြီး၊ အဲဒီလွှတ်တော် နှစ်ရပ်ပေါင်းလိုက်မှ ဥပဒေပြုအဖွဲ့ဖြစ်လာတဲ့ အဖွဲ့အတွက် သီးသန့်နာမည်ရှိတယ်။ အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်တစ်ရပ်ကို ပြည်သူ့လွှတ်တော် (House or Representatives) လို့ ခေါ်ပြီး၊ အခြားလွှတ်တော်ကိုတော့ ဆီးနိတ် (Senate) လို့ ခေါ်တယ်။ House of Representatives နဲ့ Senate ပေါင်းပါမှ လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့ ဖြစ်လာပြီး၊ အဲဒါကို ကွန်ကရက်(Congress) လို့ခေါ်တယ်။ အဲဒီလိုပဲ လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ကျင့်သုံးတဲ့ ယူကေနိုင်ငံက ဥပဒေပြုအဖွဲ့ကို ပါလီမန် (Parliament) လို့ခေါ်ပါတယ်။ လွှတ်တော်တစ်ရပ်စီကိုတော့ House of Commons နဲ့ House of Lords လို့ ခေါ် တယ်။

လွှတ်တော်သုံးရပ်ဥပဒေပြုအဖွဲ့စနစ် (tri-cameralism) ကျင့်သုံးတယ်လို့ ပြောလို့ရတဲ့ နိုင်ငံက အသားရောင်ခွဲခြား မှုဝါဒ (apartheid) အရ လူဖြူကြီးစိုးရေးကို အကောင်အထည်ဖေါ်ခဲ့တဲ့ တစ်ချိန်က တောင်အာဖရိကနိုင်ငံ တစ်ခုသာ ရှိခဲ့တယ်။ လူဖြူတွေအတွက်က လွှတ်တော် တစ်ရပ်၊ အိန္ဒိယ အနွယ်ဝင်တွေအတွက် တစ်ရပ်၊ အခြားအနွယ်/ အသား အရောင်ရှိသူတွေအတွက်က တစ်ရပ် ရှိခဲ့တယ်။ ပြင်သစ်မှာ ၁၇၉၉ -၁၈၁၅ ကာလတိုအတွင်း ကျင့်သုံးခဲ့တဲ့ စနစ်ကို လွှတ်တော်သုံးရပ် ဥပဒေပြုအဖွဲ့စနစ်အဖြစ် သတ်မှတ်နိုင်ကြောင်း၊ ထို့အတူ တရုတ်နိုင်ငံက ၁၉၄၇ ခုနှစ် အခြေခံဥပ ဒေရ ဖေါ်ဆောင်တဲ့ နိုင်ငံရေးစနစ်ထဲက ဥပဒေပြုအဖွဲ့ကိုလည်း လွှတ်တော်သုံးရပ်ဥပဒေပြုအဖွဲ့စနစ်လို့ သတ်မှတ်နိုင်  ကြောင်း ထောက်ပြကြပါတယ်။ လွှတ်တော်သုံးရပ်ဆိုတာ သာမန်နိုင်ငံရေး အခြေအနေမှာ မရှိပါဘူး။ လက်ရှိမှာ ဘယ် နိုင်ငံမှာမှ လွှတ်တော်သုံးရပ်ဥပဒေပြုအဖွဲ့စနစ် မကျင့်သုံးတော့ပါဘူး။

 

လွှတ်တော်နှစ်ရပ်ရဲ့ နိုင်ငံရေးအနှစ်သာရ

လွှတ်တော်နှစ်ရပ်ရှိတဲ့ နိုင်ငံတွေမှာ တစ်ရပ်က ပြည်သူလူထုကို ကိုယ်စားပြုဖို့ဖြစ်ပြီး မဲဆန္ဒနယ် (constituency) အလိုက် ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲစည်းထားတယ်။ ပြည်သူလလုထုကို မဲဆန္ဒနယ်တွေက တဆင့် ကို်ယ်းစားပြုထားတဲ့ လွှတ်တော်ဟာ ကိုယ်စားလှယ်အရေအတွက်များပြီး၊ နိုင်ငံရေးသိပ္ဗံပညာမှာ အကြမ်း ဖျဉ်း အောက်လွှတ်တော် (lower house) လို့ သတ်မှတ်တယ်။ လွှတ်တော်နှစ်ရပ် ဥပဒေပြုအဖွဲ့စနစ်ရှိတဲ့ ဘယ်နိုင်ငံ မှာမဆို အောက်လွှတ်တော်တိုင်းဟာ အဲဒီအနှစ်သာရအရ ဖွဲ့စည်းထားတယ်။ ပြည်သူလူထုကို ကိုယ်စားပြုရတဲ့ သဘောပါယင် အောက်လွှတ်တော်ဖြစ်တယ်။ လွှတ်တော် နာမည်နဲ့ ပတ်သက်ပြီး နိုင်ငံတစ်ခုနဲ့ တစ်ခု အခေါ်အေဝေါ် ကွဲပြားနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အောက်လွှတ်တော်ကို House of Representatives လို့ခေါ်ပြီး၊ ယူကေ နိုင်ငံမှာ House of Commons လို့ခေါ်တယ်။

အခြားလွှတ်တော်တစ်ရပ်ကိုတော့ အထက်လွှတ်တော် (upper house) လို့ သတ်မှတ်တယ်။ ကိုယ်စားလှယ် အရေ အတွက်အားဖြင့် အောက်လွှတ်တော်ထက် နည်းလေ့ရှိတယ်။ အထက်လွှတ်တော်ကိုလည်း နိုင်ငံအသီးသီးမှာ မတူကွဲ  ပြားတဲ့ နာမည်တွေနဲ့ ခေါ်ဝေါ်ကြတယ်။ လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ် တည်ထောင်ရတာဟာ လွှတ်တော် တစ် ရပ်တည်း ဖေါ်ဆေင်ပေးလို့ မပြည့်စုံနိုင်တဲ့ နိုင်ငံရေး လိုအပ်ချက်ရှိလို့ ဖြစ်တယ်။ အဲဒီ နိုင်ငံရေးလိုအပ်ချက်ဟာ တစ် နိုင်ငံနဲ့တစ်နိုင်ငံ ခြားနားတတ်ပါတယ်။

တပြည်ထောင်စနစ် (unitary state) နို်င်ငံတွေမှာ အထက်လွှတ်တော် ဖွဲ့ရခြင်း လိုအပ်ချက်ဟာ ခြားနားတတ်တယ်။ ယူကေ နိုင်ငံမှာ အထက်လွှတ်တော် House of Lords ကို ဘုရင်စနစ် (monarchy) ကို ကိုယ်စားပြုဖို့ တည်ထောင် ထားတာဖြစ်တယ်။ ဂျပန်နိုင်ငံမှာတော့ ဒုတိယကမ္ဘာစစ်မတိုင်မှီရှိခဲ့တဲ့ အထက်လွှတ်တော်ဟာ ယူကေ က House of Lords နဲ့ ခပ်ဆင်ဆင်ဖြစ်ပေမဲ့ လက်ရှိကျင့်သုံးနေတဲ့ ၁၉၄၆ အခြေခံဥပဒေအရ တည်ထောင်ထားတဲ့ အထက်လွှတ်  တော် House of Councilors ကျတော့ ပြည်သူကိုကိုယ်စားပြုဖို့ ဖြစ်ပြီး လွှတ်တော်အမတ်နေရာအတွက် နိုင်ငံရေးပါ တီတွေက ၀င်အရွေးခံနိုင်တဲ့ ပုံစံနဲ့ ဖွဲ့ထားတယ်။ ဒါကြောင့် တပြည်ထောင်စနစ်နိုင်ငံတွေမှာ အထက်လွှတ်တော် ဖွဲ့ စည်းတဲ့ နိုင်ငံရေးလိုအပ်ချက်အမျိုးမျိုးရှိနိုင်တယ်။ ဒါပေမဲ့ ဖက်ဒရယ် နိုင်ငံတွေဖြစ်ယင် အထက်လွှတ်တော် ဖွဲ့စည်း တည်ထောင်ရခြင်း အဓိက နိုင်ငံရေးလိုအပ်ချက်ကတော့ ပြည်ထောင်စုအဖွဲ့ဝင်များ (constituent units) ဖြစ်တဲ့  ပြည်နယ်တွေကို ကိုယ်စားပြုဖို့နဲ့ ပြည်နယ်တွေရဲ့ တန်းတူအခွင့်အရေးကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဒ ရယ် နိုင်ငံတွေဟာ လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ကို ကျင့်သုံးပြီး အထက်လွှတ်တော်က ပြည်နယ်တွေကို ကိုယ် စားပြုရပါတယ်။

 

လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးဟာ ဥပဒေပြုရန် မဟုတ်ပါ

နိုင်ငံတိုင်းလိုလိုမှာ လွှတ်တော်နှစ်ရပ်ပူးတွဲ အစည်းအဝေး  (joint session) ရှိကြတယ်။ အဲဒါဟာ ဥပဒေပြုဖို့ထက် အခြားသော နိုင်ငံ  တော်အဆင့် အခမ်းအနား၊ ဂုဏ်ပြုပွဲ၊ အဆောင်အယောင် စတာတွေအတွက် ကျင်းပတာဖြစ် ပါတယ်။ ဥပဒေပြုခြင်း အပါအ၀င် လွှတ်တော်အမတ်တွေ ဆွေးနွေးငြင်းခုန်၊ မဲခွဲဆုံးဖြတ်ရတဲ့ နိုင်ငံရေးကိစ္စတွေ  ဆောင်ရွက်ဖို့ လွှတ်တော်နှစ်ရပ် ပူးတွဲစည်းဝေး ကျင်းပခြင်းမဟုတ်ပါ။ အမေရိကန်ပြညန်ထောင်စုမှာ သမ္မတ နိုင် ငံတော် အခြေပြမိန့်ခွန်းပြော ကြားတဲ့အခါ ကွန်ဂရက် လွှတ်တော်နှစ်ရပ်ပူးတွဲအစည်းအဝေးမှာ ပြုလုပ်ပါတယ်။ နို်င် ငံခြားက ဂုဏ်သရေရှိ ဧည့် သည်တော်များ လာရောက်လည်ပတ်ယင်လည်း ကွန်ဂရက် လွှတ်တော်နှစ်ရပ် ပူးတွဲ အစည်းအဝေးမှာ မိန့်ခွန်းပြော  လေ့ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ယူကေနိုင်ငံ ကို နိုင်ငံကို ၂၀၁၂ ဇွန်လက သွား ရောက်လည်ပတ်စဉ် ဂုဏ်ပြုတဲ့ အနေနဲ့ ယူကေ ပါလီမန်လွှတ်တော် နှစ်ရပ်ပေါင်း ပူးတွဲစည်းဝေးမှာ မိန့်ခွန်း ပြော ကြားစေခဲ့ပါတယ်။

ဂျာမနီနို်င်ငံမှာ လွှတ်တော်နှစ်ရပ်ပူးတွဲအစည်းအဝေးကို နိုင်ငံတော် သမ္မတ ရွေးချယ်ရေး ကိစ္စအတွက် ကျင်းပပါတယ်။ ဂျာမနီမှာက သမ္မတဟာ အုပ်ချုပ်ရေးအာဏာမရှိတဲ့ နိုင်ငံတော်ဦးသျှောင် (head of state) ရာထူးအတွက်သာ ဖြစ် တဲ့အတွက် သမ္မတကို လွှတ်တော် နှစ်ရပ်ပေါင်းအစည်းအဝေးက ရွေးချယ်တာဟာ သူ့နိုင်ငံရေး စနစ်နဲ့ လိုက်လျော ညီထွေ စီမံထားတာဖြစ်သလို၊ ပြည် နယ်တွေအကြားမျှတမှုရှိရေး အစီအမံတွေနဲ့လည်း ဒွိဟ မဖြစ်ပါ။

သေချာတာက လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ရှိတဲ့ ဘယ်နိုင်ငံမဆို လွှတ်တော်နှစ်ရပ်ပူးတွဲ အစည်းအဝေးမှာ ဥပ ဒေကြမ်းတင်သွင်း၊ အစဆုံး ဥပဒေရေးဆွဲပြဌာန်းခြင်း အလုပ်ကို မလုပ်ပါ။ လွှတ်တော်နှစ်ရပ်အကြား ဥပဒေ(ကြမ်း) အ ပေါ်သဘောထားကွဲလွဲမှုရှိလာယင် ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုအနေနဲ့တော့ နိုင်ငံအနည်းငယ်မှာ လွှတ်တော် နှစ်ရပ်ပူး တွဲ အစည်းအဝေးမှာ လုပ်ဆောင်တာရှိပါတယ်။ ဥပဒေကြမ်းတင်သွင်း၊ ဥပဒေရေးဆွဲ၊ မဲခွဲ၊ အတည်ပြုခြင်းတွေကို လွှတ်တော်နှစ်ရပ်ပူးတွဲ အစည်းအဝေးမှာဆောင်ရွက်ယင် တတိယလွှတ်တော် (third chamber) တစ်ရပ် ပေါ်လာ သလိုဖြစ်ပြီး၊ လွှတ်တော်နှစ်ရပ် ဥပဒေပြုအဖွဲ့စနစ်ရဲ့အနှစ်သာရ လုံးဝပျောက်ကင်းသွားတယ်။

လွှတ်တော်တစ်ရပ် ဥပဒေပြုအဖွဲ့စနစ်ရှိတဲ့ နိုင်ငံတွေမှာ အဲဒီလွှတ်တော်တစ်ရပ်တည်းက ဥပဒေပြုအာဏာ (legislative power) ကို အပြည့်အ၀ ကျင့်သုံးတယ်။ အဲဒီလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်း (bill)တိုင်း ဟာ ဥပဒေဖြစ်လာတယ်။ လွှတ်တော် နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ရှိတဲ့ နိုင်ငံတွေမှာက ဥပဒေပြုအာဏာကို လွှတ်တော် နှစ်ရပ်အကြားခွဲဝေးထားပြီး ဥပဒေကြမ်းတိုင်းကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုမှ ဥပဒေဖြစ်လာတယ်။ တစ်ရပ် တည်းက အတည်ပြုယုံနဲ့ မရပါ။ လွှတ်တော်နှစ်ရပ်အကြားမှာ ဥပဒေပြုအာဏာကို ဘယ်လိုခွဲဝေသလဲ- အညီအမျှ လား၊ တစ်ရပ်ကို အပိုပေး၊ နောက်တရပ်ကို လျှော့ပေးလား၊ တစ်ရပ်စီကို အာဏာအမျိုးအစားလိုက် ပိုပေးတာလား- စတဲ့ အာဏာခွဲဝေမှုမျိုးနဲ့ ပတ်သက်ယင် အဲဒီနိုင်ငံဟာ ဖက်ဒရယ်နိုင်ငံလား၊ တပြည်ထောင်စနစ်နိုင်ငံလားဆိုတဲ့ အ ချက်အပါအ၀င် အခြားနိုင်ငံရေးစနစ်တွေနဲ့ ဆက်စပ်ပါတယ်။ သေချာတာက လွှတ်တော်နှစ်ရပ်စလုံး ဥပဒေပြုရေးမှာ အဓိပ္ဗါယ်ရှိရှိ ပါဝင်နို်င်အောင် စီမံထားရတယ်။

 

အထက်လွှတ်တော်မှာ ပြည်နယ်တွေရဲ့ကိုယ်စားပြုမှု

ဖက်ဒရယ်နို်င်ငံတွေဟာ ပြည်နယ်တွေကို နိုင်ငံရေးအခွင့်အရေး တန်းတူပေးဖို့ လိုအပ်လို့ တည်ထောင်ရတာမို့ နိုင် ငံရေး တန်းတူအခွင့်အရေးအတွက် ဥပဒေပြုအာဏာမှာ ပြည်နယ်တွေ တန်းတူရည်တူရှိအောင် ထိမ်းညှိပေးရပါတယ်။ အဲဒီလို ထိမ်းညှိဖို့အတွက် လုပ်ဆောင်ရာမှာတော့ နည်းလမ်းလေးတွေ ကွဲပြားတာ ရှိပါတယ်။ တစ်ချို့နိုင်ငံတွေမှာ  ပြည်နယ်ကြီးငယ်မရွေး အထက်လွှတ်တော်မှာ ကိုယ်စားလှယ် အရေအတွက် ညီတူညီမျှ ပါဝင်စေပါတယ်။ အမေရိ ကန်ပြည်ထောင်စု Senate အထက်လွှတ်တော်မှာ ပြည်နယ်တိုင်း ကိုယ်စားလှယ် ၂ ဦးစီ တန်းတူ ကိုယ်စားပြုခွင့်ရ တယ်။ ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံက အထက်လွှတ်တော် Bundesrat မှာ ပြည်နယ်လူဦးရေ (၂)သန်းအထိ ကိုယ်စားလှယ် (၃) ဦး၊ (၂) သန်းမှ (၆) သန်းအထိ (၄) ဦး၊ (၆) သန်းမှ (၇) သန်းအထိ (၅) ဦး၊ (၇) သန်းအထက် (၆) ဦး ကိုယ်စားပြုခွင့် သတ်မှတ်ထားတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုလို ပြည် နယ်တွေ တန်းတူ ကိုယ်စားပြု ခွင့်တော့ မဟုတ်ဘူး။ သို့သော် အချိုးချလိုက်ယင် လူဦးရေနည်းတဲ့ ပြည်နယ်တွေက ကိုယ်စားပြုခွင့် အချိုးအစား မြင့်တက်လာအောင် လူဦးရေးများတဲ့ ပြည်နယ်တွေရဲ့ ကိုယ်စားပြုမှုကို လျှော့ချထား တယ်။ ဒါကို အဆင့်လျှော့ အချိုးကျစနစ် (degressive proportionality) လို့ခေါ်တယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဂျာမနီနိုင်ငံတွေမှာ အထက်လွှတ်တော်မှာ ကိုယ်စားပြုခွင့် ခြားနားသလို မဲပေးတဲ့စနစ် မတူတာကိုလည်း သတိပြုရပါမယ်။ အမေရိကန်ပြည်ထောင်စုမှာက Senate အထက်လွှတ်တော် အမတ်တွေဟာ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာမှာ တစ်ဦးချင်း လွတ်လပ်စွာ မဲပေးနိုင်ပါယ်။ ပြည်နယ် ဆီးနိတ်လွှတ်တော် အမတ် နှစ်ဦးဟာ သဘောညှိစရာမလိုပဲ မိမိကြိုက်သလို မဲပေးလို့ရတယ်။ ဆီးနိတ်လွှတ်တော်အမတ်နှစ်ယောက်ဟာ ပါတီ တစ်ခုဆီက ဖြစ်နိုင်တာမို့ သဘောထား ညှိလို့မှ မရနိုင်ပါ။ ဂျာမနီမှာက ပြည်နယ်ကို ကို်ယ်စားပြုတဲ့ ကိုယ်စား လှယ် အားလုံးဟာ တစ်စုတစည်းတည်း မဲပေးရတယ်။ ဒါကို စုစည်းမဲ (block vote) လို့ခေါ်တယ်။ ဥပမာ ကိုယ်စား လှယ် (၅) ဦးရထားတဲ့ ပြည်နယ်တစ်ခုဟာ ဘယ်ဖက်ကိုပဲ မဲပေးမဲပေး တစ်စုတစည်းတည်း (၅) မဲလုံးပေးရတယ်။ တစ်  ယောက်က ဖေါက်ပြီး ကွဲလွဲမဲပေးခဲ့သော် (၅) မဲစလုံး ပယ်မဲ အဖြစ် သတ်မှတ်ခံရတယ်။ အဲဒီလို စုစည်းမဲ ပေးနိုင်  အောင် ပြည်နယ်အစိုးရတွေက ဂျာမန်အထက်လွှတ်တော် Bundesrat အမတ်တွေကို ရွေးချယ်ပေးတာ ဖြစ်တယ်။

ဂျာမနီ အထက်လွှတ်တော် Bundesrat မှာ ပြည်နယ် (၁၆)ခု ကိုယ်စားပြုခွင့်ရတဲ့ ကိုယ်စားလှယ် အရေအတွက်နဲ့၊ ၂၀၂၀ ခုနှင်္စ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ပြည်နယ်အလိုက် နိုင်ငံရေးပါတီများ ထိမ်းချုပ်ထားမှု၊ ပြည်နယ်အားလုံးမှာ နို်င်ငံရေးပါတီတစ်ခုထည်းက အသာစီးရနေတာမျိုး မရှိပါ။ ဒီလိုမျိုး ပါတီအရောင်စုံက အထက်လွှတ်တော်မှာ ပါဝင်နေအောင် စီမံထားနိုင်တာကိုက  ဂျာမန် ဖက်ဒရယ်စနစ်ရဲ့ အသက်လို့ ဆိုရပါမယ်။

Source: https://commons.wikimedia.org/wiki/File:Bundesrat_Sitzverteilung.svg

နောက်ခြားနားချက်တစ်ခုက အမေရိကန်ပြည်ထောင်စုမှာ (၆) နှစ်တာ သက်တမ်းအတွက် အထက်လွှတ်တော် အ မတ်ရွေးကောက်ပွဲတွေကို အထွေထွေရွေးကောက်ပွဲ (general election) ပုံစံနဲ့ ပြည်သူလူကုက တိုက်ရိုက်မဲပေး ရွေး ချယ်တဲ့ စနစ်ကို ကျင့်သုံးတယ်။ (အဲဒီလို ပြည်သူလူထုက တိုက်ရိုက်မဲပေးရွေးချယ်တာဟာ ၁၉၁၃ ခုနှစ်က ပြုလုပ်တဲ့ ၁၇ ကြိမ်မြောက် အခြေခံဥပဒေ ပြင်ဆင်ချက် ပြုလုပ်ပြီးနောက်ပိုင်းမှဖြစ်တယ်။ အဲဒီမတိုင်ခင်ကတော့ ဆီးနိတ်အ မတ်တွေကို ပြည်နယ်လွှတ်တော်တွေက ရွေးတယ်။) ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ ဂျာမန်အထက်လွှတ်တော် Bundesrat မှာ သက်တမ်းမရှိပါ။ လိုအပ်တဲ့အချိန်တွေမှာ သက်ဆိုင်ရာ ပြည်နယ်အတွက် သတ်မှတ်ထားတဲ့ ကိုယ်စား လှယ်အရေအတွက်ကို ပြည်နယ်အစိုးရက ရွေးချယ် သတ်မှတ်ပေးပါတယ်။ ပြည်နယ်မှာ အနိုင်ရပါတီတွေက သူတို့ ပြည်နယ်ကို ကိုယ်စားပြုမဲ့ သူတွေကို သတ်မှတ်ပေးတဲ့ သဘောပါ။  ဒါကြောင့် ဂျာမနီမှာ သတ်မှတ်ကာလအလိုက် တနိုင်ငံလုံး တပြိုင်နက်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲဆိုတာ အောက်လွှတ်တော် Bundestag အတွက်သာရှိပြီး၊ အ ထက်လွှတ်တော် Bundesrat အတွက် မရှိပါ။

ဂျာမနီစနစ်အောက်မှာ ပြည်နယ်တွေ ရထားတဲ့ အခွင့်အရေးဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) အခွင့်အရေးတစ်မျိုးဖြစ်တယ်။ ဒါမျိုးအခွင့်အရေးတွေ မြန်မာနိုင်ငံက ကိုယ်ပိုင်ပြဌာန်းခွင့် လို လားသူတွေလည်း စဉ်းစားသင့်တယ်။ (အဖြေမထွက်နိုင်တဲ့ အငြင်းပွားဖွယ် ခွဲထွက်ခွင့်ထက် လက်တွေ့ကျ အကျိုးရှိတဲ့ ကို်ယ်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်။)

ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား ဥပဒေပြုအာဏာခွဲဝေရေး

အမေရိကန်ပြည်ထောင်စုမှာ ဖက်ဒရယ်ပြည်ထောင်စုဥပဒေပြုအဖွဲ့ဖြစ်တဲ့ ကွန်ဂရက်က ကျင့်သုံးနိုင်တဲ့ အာဏာ  တွေကို အခြေခံဥပဒေ ပုဒ်မ (၁) ပုဒ်မခွဲ (၈) အရ ကန့်သတ်ထားပြီး ကျန်အာဏာ သို့မဟုတ် ”ကြွင်းကျန်အာဏာ (residual power)”  တွေကို ပြည်နယ်တွေကို ကျင့်သုံးစေတဲ့ အာဏာခွဲဝေရေးစနစ်ကို ကျင့်သုံးတယ်။ ဒါက  ရှေးကျတဲ့ ဖက်ဒရယ်စနစ်နိုင်ငံတွေမှာ ကျင့်သုံးတဲ့ အာခွဲဝေရေးပုံစံပါ။ (၂၀) ရာစုအတွင်းမှာ တာည်ထောင်လာတဲ့ ဖက်ဒရယ်နိုင်ငံတွေက အာဏာခွဲဝေရေးကို ဇယားသုံးခုနဲ့ လုပ်ဆောင်လေ့ရှိတယ်။ အဲဒါတွေကတော့ ဖက်ဒရယ်ပြည်  ထောင်စုအတွက် သီးသန့်အာဏာ (federal exclusive power) ဇယား၊ ပြည်နယ်များအတွက် သီးသန့်အာဏာ (state exclusive power) ဇယား နဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပြည်နယ်များတပြိုင်နက်ကျင့်သုံးနိုင်တဲ့ အာဏာ (concurrent power) ဇယား ဆိုတာတွေ ဖြစ်တယ်။ အဲဒီဇယားမှာ မပါတဲ့ ကြွင်းကန်အာဏာတွေကို ဘယ်သူ ကျင့်သုံးပိုင်ခွင့် ရှိသလဲဆိုတာကတော့ နှစ်မျိုးဖြစ်လာတယ်။ ဖက်ဒရယ်ပြည်ထောင်စုဖက်က အာဏာ အသာ စီးယူချင်ယင် ကြွင်းကျန်အာဏာကို ဖက်ဒရယ်ပြည်ထောင်စုကို ကျင့်သုံးစေပြီး၊ ပြည်နယ်တွေကို အခွင့်အရေး ပိုပေး ချင်ယင်တော့ ပြည်နယ်တွေကို ကျင့်သုံးစေတယ်။

ဂျာမနီမှာ ဖက်ဒရယ်ပြည်ထောင်စု ကျင့်သုံးနိုင်တဲ့ သီးသန့်အာဏာဇယားကို အခြေခံ ဥပဒေပုဒ် အခန်း(၇) ပုဒ်မ (၇၃) နဲ့ တပြိုင်နက်ကျင့်သုံးနိုင်တဲ့ အာဏာဇယားကို ပုဒ်မ (၇၄) တွေမှာ ဖေါ်ပြထားတယ်။ အဲဒီဇယားနှစ်ခုမှာ မပါတဲ့ ကြွင်း ကျန်တဲ့အာဏာတွေကို ပြည်နယ်တွေကို ကျင့်သုံခွင့်ပြုကြောင်းနဲ့၊ ပုဒ်မ (၇၄) တပြိုက်နက် ကျင့်သုံးခွင့်ရှိတဲ့ အာ ဏာတွေကျင်သုံးရမှာလည်း ပြည်နယ်တွေကို ဦးစားပေးတဲ့ အကြောင်းတွေ ဖေါ်ပြထားတယ်။ အမေရိကန်ပြည်  ထောင်စုနဲ့ ဂျာမနီ အာဏာခွဲဝေမှု စနစ်တွေမှာ ကွဲပြားမှု တစ်ချို့ရှိပေမဲ့ အနှစ်သာရကတော့ ပြည်နယ်တွေကို ဦး စားပေးတဲ့ အာဏာခွဲဝေမှုမျိုးပါ။ ကြွင်းကျန်အာဏာကျင့်သုံးရေးမှာ ပြည်နယ်တွေကို ဦးစားပေးလို့ပါ။ ဥပဒေပြုမှုအပိုင်း မှာ ပြည်နယ်ကို ဦးစားပေးလား ဆိုတဲ့အချက်ဟာ ဖက်ဒရယ် စစ်မစစ် တိုင်းတာတဲ့ စံတစ်ခုလည်း ဖြစ်ပါတယ်။

 

လွှတ်တော်နှစ်ရပ်အကြား အာဏာညီမျှအောင် လုပ်ထုံးလုပ်နည်းနဲ့ ထိမ်းညှိ

အထက်မှာ တင်ပြခဲ့သလို တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ခြားနားမှုလေးတွေ ရှိသော်လည်း ဖက်ဒရယ်နိုင်ငံတွေမှာ အထက် လွှတ်တော်ဟာ ပြည်နယ်တွေရဲ့ နိုင်ငံရေး တန်းတူအခွင့်အရေးကို အာမခံ၊ ကာကွယ်ပေးရတယ်။ ဥပဒေပြုအာဏာ မှာ အောက်လွှတ်တော်က အသာစီးယူသွားပြီး ပြည်နယ်တွေကို ကိုယ်စားပြုရတဲ့ အထက်လွှတ်တော် လက်အောက်ခံ မဖြစ်ရအောင် အကာအကွယ် ပေးရတယ်။ ဒါကြောာင့် လွှတ်တော်နှစ်ရပ်ဟာ ဥပဒေပြုအာဏာမှာ တန်းတူရှိအောင် ဥပဒေတွေဟာ လွှတ်တော် နှစ်ရပ်စလုံး အတည်ပြုပါမှ ဥပဒေဖြစ်ကြောင်း အခြေခံဥပဒေမှာ ပြဌာန်းထားရတယ်။ အမတ်အရေအတွက်များတဲ့ အောက်လွှတ်တော်က အတည်ပြုပြီးသား ဥပဒေဖြစ်သော်ငြား ပြည်နယ်တွေကို ကိုယ် စားပြုရတဲ့ အထက်လွှတ်တော်က သဘောတူ ထောက်ခံချက်မရပဲနဲ့ ဥပဒေဖြစ်ခွင့်မရှိရပါ။ အဲဒါမျိုးဖြစ်အောင် ဥပဒေ  ပြုလုပ်ထုံးလုပ်နည်းနဲ့ ထိမ်းချုပ်ရပါတယ်။

အခြေခံအကျဆုံး ဥပဒေပြု လုပ်ထုံးလုပ်နည်းကတော့ လွှတ်တော်နှစ်ရပ်စလုံး ဥပဒေတိုင်းကို သီးခြားစီ အတည်ပြု ရပါတယ်။ ဥပဒေအမျိုးအစားကို မူတည်ပြီး ဘယ်ဥပဒေကြမ်းကို ဘယ်လွှတ်တော်မှာ စတင်တင်သွင်းရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေရှိတယ်။ မည်သည့်လွှတ်တော်မှာ စတင်တင်သွင်းသည်ဖြစ်စေ၊ ပထမလွှတ်တော်က အတည်  ပြုပြီးတဲ့ ဥပဒေ(ကြမ်း)ကို ဒုတိယလွှတ်တော်ကို ဆက်လက်ပေးပို့ပြီး အတည်ပြုချက် ယူရပါတယ်။ ဒုတိယ လွှတ်  တော်က သီးခြားအတည်ပြုမှသာ ဥပဒေဖြစ်လာပြီး နိုင်ငံတော်ဦးသျှောင် (သမ္မတ သို့မဟုတ် ဘုရင်/ဘုရင်မ) က လက် မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲယင်- တကယ်လို့ လွှတ်တော်တစ်ရပ်က အတည်ပြုပြီးသား ဥပဒေကို အခြား တစ်ရပ်က အတည်မပြုယင်သော်လည်းကောင်း၊ ပြင်ဆင်ချက်ပြုလုပ်ပြီး အတည်ပြုရာ ထိုပြင်ဆင်ချက်ကို မူလ လွှတ်  တော်က လက်မခံယင်သော်လည်းကောင်း၊ လွှတ်တော်နှစ်ရပ်အကြား သဘောထားကွဲလွဲမှု ဖြစ်လာပါတယ်။ အဲဒီလို အခြေအနေမျိုး လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ရှိတဲ့ နိုင်ငံတိုင်းလိုလို ကြုံရပါတယ်။ အဲဒီအခြေအနေမှာ ဘာ ဆက် လုပ်မလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းဟာ အထက်လွှတ်တော်ကို ဘယ်လောက်အထိ အာဏာပေးသလဲဆိုတဲ့ မူနဲ့ တိုက် ရိုက်ချိတ်ဆက်နေတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဂျာမနီ ပုံစံကို နမူနာအနေနဲ့ တင်ပြချင်တယ်။

(မှတ်ချက်- ဒီဇယားဟာ ဂျာမန် ဥပဒေပြုလုပ်ထုံးနည်းထဲက အရေးပါတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပြီး၊ ဖြည့်စွက်ဖေါ်ပြရမဲ့ လုပ်ထုံးလုပ်နည်း ရှိပါသေးတယ်။ ဒီနေရာမှာ ဒီတစ်ခုထည်း ဖေါ်ပြယုံနဲ့ စာရေးသူ ရှင်းပြလိုတဲ့ အချက်ကို ကာမိတာမို့ အခြား လုပ်ထုံးလုပ်နည်းများကို ရှည်လျားစွာ မဖေါ်ပြတော့တာဖြစ်ပါတယ်။)

အထက်ပါ ဇယားမှာ ဥပဒေကြမ်းတစ်ရပ် ဥပဒေဖြစ်လာပုံနဲ့၊ ဥပဒေဖြစ်ခွင့်မရှိပဲ ပယ်ချခံရပုံတွေကို ပြထားတယ်။ လွှတ်တော် နှစ်ရပ်အကြား သဘောထားကွဲလွဲယင် ညှိနှိုင်းရေးကော်မတီ (Mediation Committee) ဖွဲ့ပြီး ညှိနှိုင်း  ဆောင်ရွက်ပုံကို ဖေါ်ပြထားတယ်။ လွှတ်တော်နှစ်ရပ်စလုံးအတည်ပြုယင် (သို့မဟုတ်) ညှိနှိုင်းရေးကော်မတီမှာ ညှိနှိုင်းသဘောတူညီမှုရယင် ဥပဒေအဖြစ် ကြေညာဖို့ သမ္မတထံ ပေးပို့တယ်။ ဒုတိယ လွှတ်တော်က အတည်မပြုယင် (သို့မဟုတ်) ညှိနှုး ရေးကော်မတီမှာ သဘောတူညီမှုမရယင် ဥပဒေကြမ်းဟာ ပယ်ချခံရတယ်။

 

ညှိနှိုင်းရေးကော်မတီဖွဲ့စည်းမှု နိုင်ငံရေးစနစ်ကို တိုက်ရိုက်ရောင်ပြန်ဟတ်

ဂျာမနီ သမိုင်းအတွေ့အကြုံအရ အော်လွှတ်တော် Bundestag မှာ အများစု အနိုင်ရထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြည် နယ် (၁၆) ခုမှာ အများစု အနိုင်ရတဲ့ပါတီတွေ မတူတာမျိုးကြောင့် လွှတ်တော်နှစ်ရပ်အကြား သဘောထားကွဲလွဲမှု မ ကြာခန ကြုံရပြီး၊ ညှိနှိုင်းရေးကော်မတီတွေ အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်လာပါတယ်။ ဥပမာ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ပါတီကြီး (nation-wide party) တစ်ခုက အောက်လွှတ်တော်မှာ အများစုအနိုင်ရနိုင်ပါတယ်။ ပြည်နယ် (၁၆) ခုမှာ စနစ်အမျိုးမျိုးနဲ့ အချိန်အမျိုးမျိုးမှာ ကျင်းပကြတဲ့ ရွေးကောက်ပွဲတွေမှာကျတော့ ပြည်နယ်အလိုက် အား ကောင်းတဲ့ပါတီတွေ (state-wide parties) က မတူညီတာကြောင့် အောက်လွှတ်တော်မှာ အသာစီးရထားတဲ့ ပါတီ ကြီးက ပြည်နယ်အများစုမှာ အသာစီးရဖို့ မလွယ်လှပါ။ ဒါကို မကောင်းတဲ့ဖက်က ဝေဖန်နိုင်သလို ကောင်းတဲ့ဖက်က ကြည့်တတ်ယင် ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တစ်မျိုးဆိုတာ မြင်ရမှာပါ။ ပြည်နယ်တွေမှာပါ ပါတီကြီးတစ်ခုသာ အသားစီးရထားယင် ဗဟိုဦးစီးချုပ်ကိုင်မှုများလာပြီး အာဏာဖြန့်ကျက်ထားရတဲ့ ဖက်ဒရယ်စနစ်ကို ခြိမ်းချောက်လာ တယ်။ ပြည်နယ်တွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ပြဌာန်းခွင့်၊ တနည်း ကိုယ်ပိုယ်ပြဌာန်းခွင့်တွေ ခြေဖျက် ဖျက်ဆီးခံရတယ်။ ဂျာမနီ ဖက်ဒရယ်စနစ်မှာ ပြည်နယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ၊ တနည်း ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကာကွယ်ဖို့ ပြဌာန်းထားတဲ့ နိုင်ငံရေးစံနဲ့ မူတွေကို လေ့လာသင့်တယ်။ ဒီနေရာမှာ သတိပြုသင့်တာက ဖက်ဒရယ်ပြည်ထောင်စု အတွက် ဥပဒေပြုရေးမှာ လွှတ်တော်နှစ်ရပ်အကြား သဘောထားကွဲတာဟာ ပြည်နယ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ယင်း ဖြစ်လာရတဲ့ အချက်နဲ့၊ အဲဒီလို သဘောထား ကွဲလွဲလာယင် ပြည်နယ်တွေကို ကိုယ်စားပြုရတဲ့ အထက်လွှတ်တော်က အနိုင်ကျင့် မခံရအောင် စီမံထားတယ်ဆိုတဲ့ အချက်ပါ။ အဲဒီမှာ ညှိနှိုင်းရေးကော်မတီတွေရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးပါ လှပါတယ်။

ဖွဲ့စည်းပုံ- ညှိနှိုင်းရေးကော်မတီမှာ လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ် အညီအမျှ (၁၆) ဦးစီ၊ ပေါင်း (၃၂) ဦးပါဝင် တယ်။ အထက်လွှတ်တော် Bundesrat ကိုယ်စား ပြည်နယ် (၁၆) ခုက တစ်ဦးစီ အညီအမျှ ပါဝင်တယ်။  အောက် လွှတ်တော် Bundestag အတွက် (၁၆) ဦးကို ခွဲတမ်းချရာမှာတော့ လွှတ်တော်မှာ ပါတီအသီးသီးက အနို်င်ရထားတဲ့ အချိုးအစားအတိုင်း ခွဲတမ်းချတယ်။ ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းမှုမှာ အရေးကြီး ဖက်ဒရယ်မူ တစ်ခုဖြစ်တဲ့  ပြည် နယ်တွေရဲ့ တန်းတူအခွင့်အရေးကိုတွေ့ရသလို၊ အောက်လွှတ်တော်ဘက်ခြမ်းမှာလည်း ဒီမိုကရေစီမူအရ အချိုးအစား ညီမျှစွာ ပါဝင်ဝင်ခွင့်ရအောင် စီမံထားတာကိုလည်းတွေ့ရတယ်။ ဒါ့အပြင် ညှိနှိုင်းရေးကော်မတီမှာ လွှတ်တော်နှစ်ရပ် ကို တန်းတူပါဝင်စေတာမို့ လူများတဲ့ အောက်လွှတ်တော်က လူနည်းတဲ့ အထက်လွှတ်တော်ကို အနိုင်ကျင့်တာမျိုး မလုပ်နိုင်အောင် ကာကွယ်ထားတာကိုလည်းတွေ့ရတယ်။

မူ – ညှိနှိုင်းရေးကော်မတီဟာ အာဏာကုန်ရှိတယ်။ ညှိနှိုင်းရေးကော်မတီမှာ သဘောမတူယင် ဥပဒေကို ပယ်ချလို့ ရ တယ်။ အပေးအယူအလျော့အတင်းနဲ့ ဥပဒေကို ပြင်ဆင်သဘောတူယင်လည်း လွှတ်တော်နှစ်ရပ်ဆီ ပြန်ပို့စရာမလိုပဲ ဥပဒေအဖြစ် အတည်ပြုနိုင်တယ်။ ဒီနေရာမှာ တာဝန်ထမ်းဆောင်မဲ့ ကိုယ်စားလှယ်တွေဟာ ဘာနှောင်ကျိုး (ပါတီအ ကျိုး၊ ပြည်နယ်အကျိုး၊ စတာ) တွေကှိ ထောက်ငဲ့စရာမလိုပဲ လွတ်လပ်စွာ ဆုံးဖြတ် မဲပေးနိုင်ခွင့် ရှိကြတယ်။

ဂျာမနီလိုပဲ အလားတူ လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ရှိတဲ့ နိုင်ငံတိုင်းမှာ လွှတ်တော်နှစ်ရပ်ရဲ့ ဥပဒေပြုခွင့်အာဏာ ကို တန်ဖိုးရှိအောင်၊ လွှတ်တော်တစ်ရပ်က အခြားတစ်ရပ်ကို လွှမ်းမိုးတာမျိုး၊ အနိုင်ကျင့်ခံရတာမျိုး မဖြစ်အောင် စီမံ ထားလေ့ရှိတယ်။ ဒါမှလွှတ်တော်နှစ်ရပ်ထားရှိရခြင်းနဲ့ လွှတ်တော်နှစ်ရပ် ဥပဒေပြုအဖွဲ့စနစ် အနှစ်သာရကို တကယ်ရ ရှိနိုင်မှာဖြစ်တယ်။

Members of Congress return to Washington after a summer recess to a long list of legislative items to address, but little bipartisan cooperation to get major items passed.

မြန်မာနို်င်ငံက ဥပဒေပြုအဖွဲ့စနစ်များ

မြန်မာနိုင်ငံမှာ ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေနဲ့ ၂၀၀၈ အခြေခံ ဥပဒေ သုံးခုရှိခဲ့ပြီး ဥပဒေပြုအဖွဲ့နဲ့ လွှတ်တော်တွေကိုလည်း အမည်အမျိုးမျိုးခေါ်ဆိုကြတယ်။ လွှတ်တော်နှစ်ရပ်အကြား ဥပဒေပြုအာဏာ ခွဲဝေမှု၊ ဥပဒေပြုလုပ်ထုံးလုပ်နည်း တွေကလည်း မတူခြားနားတာတွေ တွေ့ရတယ်။

ဖက်ဒရယ်တစ်ပိုင်းစနစ် (quasi-federalism) ကို ကျင့်သုံးတဲ့ ၁၉၄၇ အခြေခံဥပဒေမှာ လွှတ်တော်နှစ် ရပ်ဥပဒေပြုအ ဖွဲ့စနစ်ကျင့်သုံးပြီး၊ ဥပဒေပြုအဖွဲ့ကို ပါလီမန် (Parliament) လို့ခေါ်တယ်။ အောက်လွှတ်တော်ဖြစ်တဲ့ လွှတ်တော်တစ် ရပ်ကို ပြည်သူ့လွှတ်တော် (Chamber of Deputies) လို့ခေါ်ပြီး၊ ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ အထက်လွှတ်တော် ကိုတော့ လူမျိုးစုလွှတ်တော် (Chamber of Nationalities) လို့ခေါ်တယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား ဥ ပဒေပြုအာဏာခွဲဝေရေးစနစ်မှာတော့ နောက်ဆက်တွဲ ဇယားတွေနဲ့ ပြည်ထောင်စုဥပဒေပြုစာရင်း၊ ပြည်နယ် ဥပဒေ  ပြုစာရင်းဆိုပြီး ဖေါ်ပြထားတယ်။ ကျွင်းကျန်အာဏာတွေကို ပြည်ထောင်စုပါလီမန်ကကျင့်သုံးတယ်။ ပြည်ထောင်စုကို ဦးစားပေးတဲ့ အာဏာခွဲဝေမှု ပုံစံပါ။

လွှတ်တော်နှစ်ရပ်အကြား ဥပဒေပြုအာဏာ ခွဲဝေရေးနဲ့ ပတ်သက်လို့ လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုယင် ဥ ပဒေ အတည်ဖြစ်ကြောင်း ပုဒ်မ (၁၀၀) ပြဌာန်းချက်ဟာလည်း သာမန်ဥပဒေပြုလုပ်ထုံးလုပ်နည်းသာဖြစ်ပါတယ်။  ထို့အတူ ၁၉၄၇ အခြေခံဥပဒေအရ မြန်မာနိုင်ငံဟာ ၀န်ကြီးချုပ်ဦးဆောင်တဲ့ ပါလီမန် ဒီမိုကရေစီ အစိုးရစနစ် ကျင့် သုံးတာမို့ ငွေကြေးဥပဒေ (money bill) နဲ့ စပ်လျဉ်းတဲ့ ဥပဒေကြမ်းတွေနဲ့ ပတ်သက်လာယင် အောက်လွှတ်တော်ကို လုပ်ပိုင်ခွင့်အာဏာ ပိုပေထားတာဟာလည်း ကမ္ဘာ့ပါလီမ်န်ဒီမိုကရေစီ နိုင်ငံတွေက လုပ်ထုံးလုပ်နည်း အတိုင်းဖြစ်ပါ တယ်။ ထောက်ပြချင်တဲ့အချက်က ဥပဒေပြုရေးမှာ လွှတ်တော်နှစ်ရပ်အကြား သဘောထားကွဲလွဲယင် လွှတ်တော်နှစ် ရပ်ပေါင်းပူးတွဲ အစည်းအဝေးမှာ မဲခွဲဆုံးဖြတ် ရမယ်လို့ ပုဒ်မ (၁၀၉) မှာ ပြဌာန်းထားတဲ့အချက်ပါ။ ဂျာမနီကို နမူနာယူ နှိုင်းယှဉ်ယင် ဖက်ဒရယ်မူတွေနဲ့ အံချော်နေတာ တွေ့ရတယ်။ ကိုယ်စားလှယ်များတဲ့ ပြည်သူ့လွှတ်တော်က ကိုယ်စား လှယ် နည်းတဲ့ အမျိုးသားလွှတ်တော်ကို အနိုင်ကျင့်လို့ရတဲ့သဘောပါ။

၁၉၇၄ အခြေခံ ဥပဒေက တပြည်ထောင်စနစ်နဲ့ လွှတ်တော်တစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ကို ကျင့်သုံးပါတယ်။ တစ်ပါတီ စနစ်ကို ကျင့်သုံးတာကတစ်ကြောင်း၊ တပြည်ထောင်စနစ်ဖြစ်တဲ့အတွက် ပြည်ထောင်စုနဲ့ ပြည်နယ်အကြား အာဏာ ခွဲဝေမှု မရှိတာကတကြောင်း၊ လွှတ်တော်တစ်ရပ်ဥပဒေပြုအဖွဲ့ စနစ်ကို ကျင့်သုံးတာကတကြောင်းကြောင့် အထက်မှာ  ဆွေးနွေးခဲ့တဲ့ ဖက်ဒရယ် နိုင်ငံတွေက ဥပဒေပြုရေးအာဏာခွဲဝေရေး၊ လွှတ်တော်နှစ်ရပ် အကြား ဥပဒေပြုအာဏာ ခွဲဝေရေးကိစ္စတွေနဲ့ ဘာမှ နှိုင်းယှဉ်ဆွေးနွေးလို့ မရပါ။

၂၀၀၈ အခြေခံဥပဒေက နိုင်ငံတော်ကို ”ပြည်ထောင်စု“ လို့ခေါ်ပြီး ဖက်ဒရယ် ယောင်ယောင် ဥပဒေပြုရေးဆိုင်ရာ  ပြဌာန်းချက်တွေ ဖေါ်ပြထားတာကို တွေ့ရတယ်။ အဲဒီထဲမှာ အထက်လွှတ်တော်မှာ ပြည်နယ်/တိုင်းဒေသကြီးတွေကို တန်းတူ ကိုယ်စားပြုခွင့်ပေးတာ၊ ပြည်ထောင်စုနဲ့ ပြည်နယ်/တိုင်းဒေသကြီးတွေအကြား ဥပဒေပြုအာဏာခွဲဝေမှုကို  ဖေါ်ပြထားတာတွေ ပါတယ်။ အခြားပြဌာန်းချက်များဟာလည်း ဖက်ဒရယ်စနစ်နဲ့ များစွာခြားနားနေသေးတယ်လို့ပဲ အတိုချုပ် တင်ပြချင်ပါတယ်။ ဒီနေရာမှာ အသေးစိတ် မဆွေးနွေးတော့ပါ။ ဒါပေမဲ့ ဆိုးဆိုးဝါးပါးမှားယွင်းနေတဲ့ ဥပဒေ  ပြုရေးနဲ့ ပတ်သက်တဲ့ အချက်ကို ဆွေးနွေးချင်ပါတယ်။

၂၀၀၈ အခြေခံဥပဒေ အခန်း(၄) ဥပဒေပြုရေး အခန်းပါ ပြဌာန်းချက်တွေကို ပိုင်းခြားစိတ်ဖြာယင် ဒါတွေကို တွေ့ ရတယ်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ (၉၈) မှာ ”ပြည်ထောင်စု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေပြုစာရင်းများတွင် ဖေါ်ပြမထားသော အခြားကိစ္စရပ်များ နှင့် စပ်လျဉ်းသည့် ဥပဒေ ပြုခွင့်အာဏာကို ပြည်ထောင်စု လွှ်တော်သို့ အပ်နှင်းသည်” လို့ ဖေါ်ပြထားတယ်။ ဒါဟာ ကြွင်းကျန် အာဏာတွေကို ပြည်ထောင်စုကို ကျင့်သုံးခွင့်ပေးတာမို့ ပြည်ထောင်စုက အာဏာခွဲဝေမှုမှာ အသာစီး ယူ ထားတာဖြစ်ပါတယ်။

 

လွှတ်တော် သုံးရပ်

အခြေခံ ဥပဒေရေးဆွဲသူတွေ ရည်ရွယ်တာကတော့ လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ပါ။ လွှတ်တော်နှစ်ရပ်ပါဥပဒေ  ပြုအဖွဲ့ကို ” ပြည်ထောင်စုလွှတ်တော်” လို့ခေါ်ပြီး၊ အဲဒီပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားလှယ် ၄၃၂ ဦးပါ ပြည်သူ့ လွှတ်တော် (အောက်လွှတ်တော်)နဲ့ ကိုယ်စားလှယ် ၂၂၃ ဦးပါ အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှစ်ရပ်နဲ့ ဖွဲ့စည်းတယ်လို့ ၂၀၀၈ အခြေခံဥပဒေပုဒ်မ (၇၄) မှာ ပြဌာန်းထားတယ်။ အဲဒီပြဌာန်းချက်ဟာ အခြားနိုင်ငံတွေမှာလိုပဲ လွှတ်တော်နှစ်ရပ် ဥပဒေပြုအဖွဲ့ကို ဘယ်လို ဖွဲ့စည်းမလဲဆိုတဲ့ သာမန်ပြ ဌာန်းချက်ပဲဖြစ်ပါတယ်။ ဘာမှ မှားယွင်းမှုမရှိ ပါ။ ပုဒ်မ (၈၀)မှာ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်မဲ့ ကိစ္စတွေကို ဖေါ်ပြထားတယ်။ ပုဒ်မခွဲ (က)၊ (ခ)၊ နဲ့ (ဈ) ပါ အချက်တွေဟာ မဲခွဲဆုံးဖြတ်ခြင်းမပါတဲ့  ဆောင်ရွက်ချက် တွေဖြစ်ပြီး တခြားဒီမိုကရေစီနိုင်ငံတွေမှာ ဆောင်ရွက်နေ ကြ အဆောင်အယောင်၊ အခမ်းအနားဆိုင်ရာ လုပ် ဆောင်ချက်တွေဖြစ်တယ်။ ပုဒ်မခွဲ (ဂ) မှာ ”ဥပဒေကြမ်း တင် သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း” လို့ အတိအလင်း ဖေါ်ပြထားတာနဲ့၊ ပုဒ်မ(၉၆) မှာ ”ပြည်ထောင်စုလွှတ် တော် သည် ဇယား (၁) တွင် ဖေါ်ပြထားသော  ပြည် ထောင်စု ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တစ်ဝှမ်းလုံးအတွက် သော်လည်းကောင်း၊  ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း အာဏာ သက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။” လို့ ပြဌာန်းထားတာတွေဟာ ပြည်ထောင်စုလွှတ်တော်ကို တတိယ လွှတ်  တော်အဖြစ် အသွင်ပြောင်းလိုက်သလို ဖြစ်သွားတယ်။ ဥပဒေပြုခွင့်ဟာ လွှတ်တော် တစ်ရပ်စီမှာသာ ရှိပြီး၊ လွှတ်  တော် နှစ်ရပ်ပေါင်းထားတဲ့  ပြည်ထောင်စုလွှတ်တော်တို့၊ ကွန်ဂရက်တို့၊ ပါလီမန်တို့မှာ မရှိပါ။ ၂၀၀၈ အခြေခံဥပဒေ ဟာ ဥပဒေပြုရေးနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ အပြင်၊ အဲဒီလွှတ်တော် နှစ်ရပ်ပေါင်း ပြီး ပြည်ထောင်စုလွှတ်တော်ကပါ လုပ်ဆောင်နိုင်ကြောင်း ပြဌာန်းထားလို့ လွှတ်တော်သုံးရပ်စနစ် ဖေါ်ဆောင်ထား သလိုဖြစ်နေတယ်။

လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးမှာ မဲခွဲခြင်းဟာ မှားယွင်း

ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေပြုတဲ့အခါဖြစ်စေ၊ အခြားကိစ္စများ အဆိုတင်၊ ဆွေးနွေး မဲခွဲဆုံးဖြတ်တဲ့အခါဖြစ်စေ၊ လွှတ်တော်နှစ်ရပ်စလုံးက ကိုယ်စားလှယ်တွေကို စုပေါင်းပြီး မဲခွဲဆုံးဖြတ်စေခြင်းဟာ လွှတ်တော် နှစ်ရပ်စနစ် အနှစ် သာရကို လုံးဝဖျက်ဆီး လိုက်တာဖြစ်တယ်။  အောက်လွှတ်တော်မှာ ကိုယ်စားလှယ် ၄၃၂ ဦးရှိပြီး အထက်လွှတ်တော် မှာက ၂၂၃ ဦးသာရှိတာမို့  အောက်လွှတ်တော်က နှစ်ဆလောက် အင်အားကြီးပါတယ်။ ပုဒ်မ ၈၀ ပုဒ်မခွဲ (ဂ) နဲ့ ပုဒ်မ ၉၆ အရ အရ ပြည်ထောင်စုလွှတ်  တော်မှာ စတင် တင်သွင်းတဲ့ ဥပဒေ(ကြမ်း)တိုင်းနဲ့၊ ပုဒ်မ ၉၅ ပုဒ်မခွဲ (ခ) အရ လွှတ်တော် နှစ်ရပ်အကြား သဘော ထားကွဲလွဲတဲ့ ဥပဒေ(ကြမ်း)ကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲရတဲ့ အခါတိုင်း မှာ ပြည်နယ်၊ တိုင်းဒေသကြီးတွေကို ကိုယ်စားပြုရတဲ့ အမျိုးသားလွှတ်တော်ဟာ ပြည်သူ့လွှတ်တော်ရဲ့ လက်အောက် ခံဖြစ်သွားပါတယ်။ ဥပဒေပြုခွင့်အာ ဏာအရာမှာ လွှတ်တော် နှစ်ရပ်တန်းတူညီမျှမှု မရှိတော့ပါ။ လွှတ်တော်နှစ်ရပ် ကိုယ်စားလှယ်အင်အား ကွာခြားတာကို အခြားနိုင်ငံတွေမှာလည်းတွေ့ရပေမဲ့၊ လွှတ်တော်နှစ်ရပ်ဟာ ဥပဒေတိုင်းကို သီးခြားစီမဲ ခွဲဆုံးဖြတ် အတည်ပြုကြတယ်၊ ပူးတွဲ အစည်းအဝေးနဲ့ မဆုံးဖြတ်ပါ။

အနှစ်ချုပ်လိုက်ယင် ၂၀၀၈ အခြေခံဥပဒေက လွှတ်တော် နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ကို အသေအချာ ရည်ရွယ်ပေမဲ့ ဥ ပဒေပြုခွင့်နဲ့ အခြားနိုင်ငံရေးကိစ္စတွေကိုပါ မဲခွဲဆုံးဖြတ်ခွင့်ကို လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်ကိုပါ အပ်နှင်းထားခြင်းကြောင့် လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ရဲ့ အနှစ်သာရနဲ့ ဖီလာဆန့်ကျင်ဖြစ်နေတယ်။ ရေရှည်မှာ စစ်မှန်တဲ့ ဖက်ဒရယ်မူကို ဦးတည်ယင် အဲဒါမျိုးမှားယွင်းမှုတွေ မရှိသင့်တာကတကြောင်း၊ ၂၀၀၈ အခြေခံဥပဒေ ကိုယ် တိုင်က ရည်ရွယ်တဲ့ လွှတ်တော်နှစ်ရပ်ဥပဒေပြုအဖွဲ့စနစ်ကို တိုက်ရိုက် ပဋိပက္ခဖြစ်စေတဲ့ ပြဌာန်းချက်တွေ ပါဝင်နေ တာကတကြောင်းကြောင့် ၂၀၀၈ အခြေခံ ဥပဒေ ”အခန်း(၄) ဥပဒေပြုခြင်း” အခန်းက အထက်ရည်ညွှန်းပုဒ်မတွေ အပါအ၀င် ပြင်ဆင်ရမဲ့ ပုဒ်မတွေ၊ ပြဌာန်းချက်တွေ ရှိနေပါတယ်။ ဘယ်အချိန်ပြင်ကြမလဲ၊ ဘယ်လို ပြင်ကြမလဲ။       ။

ဘိုမုတ်ဆိတ်(ဥပဒေ)