သက်ဆင်နော်မစ်နဲ့ စုကြည်နော်မစ်

ထိုင်းမှာ သက်ဆင်နော်မစ်ဆိုပြီး တွင်ခဲ့သလိုမျိုး မနေ့က စုကြည်နော်မစ်ဆိုပြီး ဘန်ကောက်ပို့စ်က ရေးပါတယ်။ အဲဒီတော့ ၂ဝဝ၁ကနေ ၂ဝဝ၅အတွင်းလုပ်ခဲ့တဲ့ သက်ဆင်နော်မစ်ဆိုတာ အကြမ်းအားဖြင့်ဘာတွေလဲ။

သက်ဆင်နော်မစ်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်လုပ်ခဲ့တာတွေကတော့ သူအစိုးရတက်တက်ချင်း လယ်သမားတွေတင်နေတဲ့ အကြွေးတွေကို ၄နှစ်ကင်းလွတ်ခွင့်ပေးတာနဲ့အတူ အစိုးရဘဏ်တွေကို လယ်သမားတွေ၊ ကျေးလက် နေပြည်သူတွေနဲ့ SMEs တွေအတွက် အတိုးနှုန်းနည်းတဲ့ ချေးငွေတွေထုတ်ပေးခဲ့တယ်။

နောက်သက်ဆင်နော်မစ်မှာ အရေးကြီးတဲ့အချက်ကတော့ စက်သုံးဆီနဲ့လျှပ်စစ်ဈေးနှုန်းတွေကို ဈေးမတက်အောင် အစိုးရ က subsidize လုပ်ထားတာဖြစ်ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့အတွက် လူအများစုအနေနဲ့ အဲဒီအချိန်တုန်းက နိုင်ငံတကာ စက်သုံးဆီကြီးမြင့်ခြင်းနဲ့ နောက်ဆက်တွဲ ကုန်ဈေးနှုန်းကြီးခြင်းကို မခံစားခဲ့ရပါဘူး။ ပြည်တွင်းဈေးကွက်အတွက် ဒီလိုပြုပြင်မှု တွေလုပ်တဲ့ တစ်ချိန်တည်းမှာ ပြည်ပပို့ကုန်တွေကိုလည်း ဈေးနှုန်းမြှင့်တင်ခဲ့တယ်။

သက်ဆင်နော်မစ်မှာ သမိုင်းတွင်တဲ့ ခြေလှမ်းကတော့ တစ်တိုင်းပြည်လုံးအတွက် ဘတ်၃ဝနဲ့ ဆေးကုသခွင့်ဖြစ်ပါ တယ်။ ထိုင်းနိုင်ငံရဲ့ elite တွေကြားမှာ အငြင်းပွားဖွယ်ရာဖြစ်ပေမယ့် ဝင်ငွေနည်းတဲ့ နိုင်ငံသားအများစုကိုတော့ အကျိုးဖြစ်ခဲ့ ပါတယ်။ သက်ဆင်လက်ထက်ကစခဲ့တဲ့ ဒီကျန်းမာရေးစောင့်ရှောက်မှုဟာ မျက်စိခွဲတာ၊ ကလေးမွေးတာကအစ ဆင်းရဲသား အလုပ်သမား၊ လယ်သမားလူတန်းစားတွေအနေနဲ့ ဘတ်၃ဝနဲ့ လုပ်နိုင်တဲ့ အနေအထားကို ထိုင်းနိုင်ငံမှာ ရောက်ရှိခဲ့ပါတယ်။ မြန်မာ ပြည်ကသွားတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေတောင်မှာ ဘတ် ၃ဝနဲ့ထိုင်းမှာ ဆေးရုံ တက်ကလေးမွေးလို့ ရပါတယ်။

တစ်ရွာမှာ ထုတ်ကုန်တစ်ခု (the one tambon one product- OTOP) ဆိုတဲ့ အစီအစဉ်ကလည်း သက်ဆင် နော်မစ်က အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ မြှင့်တင်ရေးအတွက် အရေးပါခဲ့ပါတယ်။ ဒီ OTOP အစီအစဉ်ကို ထိုင်းနိုင်ငံက ကျေးရွာပေါင်း ၇၂၅၅ရွာမှာ လုပ်ခဲ့ပြီး ၂ဝ၁၇ခု နှစ်အတွက် OTOP အစီအစဉ်ကနေ ထိုင်းဘတ်သန်းပေါင်း ၁၅၃သန်းရရှိခဲ့ပါတယ်။

သက်ဆင်နော်မစ်မှာ USD ဘီလီယံ ၅ဝတန်ဖိုးရှိ ပြည်သူ့အခြေခံအဆောက်အအုံ မြှင့်တင်ရေး (public infrastructure) အစီအစဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။ နောက်ဆယ်စုနှစ်ကျော် ကြာပြီးတဲ့နောက် အသီးအပွင့်အနေနဲ့ ဘန်ကောက်နဲ့ချင်းမိုင်တို့လို မြို့ကြီးတွေမှာ မြို့ရှောင်လမ်းတွေ၊ ပိုမိုကောင်းမွန်တဲ့ မြို့ပြသယ်ယူပို့ဆောင်ရေး စနစ်တွေ၊ မိုးပျံရထားနဲ့ မြေအောက်ရထား စနစ်တွေ၊ နိုင်ငံတကာ လေဆိပ်တစ်ခုတို့ ဖြစ်ထွန်းခဲ့ပါတယ်။

”သက်ဆင်နော်မစ်ကို အကောင်အ ထည်ဖော်တဲ့အခါမှာ သုတ်သုတ်ရိုက်ရိုက် စီစဉ်ကိုင်တွယ်ခဲ့ပါတယ်။ အဲဒီတုန်း ကတော့ ‘The Tom Yum Kung Crisic’ လို့ခေါ်တဲ့ ၁၉၉၇ အာရှစီးပွားရေး အကျပ်အတည်းက နေရုန်းထွက်ဖို့ အသုံးကျတဲ့ စီးပွားရေးမဟာဗျူဟာတစ်ခုဖြစ်ခဲ့ပါတယ်”လို့ ထိုင်းနိုင်ငံကာဆက်ဆပ် တက်ကသိုလ်မှ လာလစ်တာဟန်ဝမ်က သုံးသပ်ပြပါ တယ်။ ”သက်ဆင်ရှင်နာဝပ်ဟာသူကိုယ်တိုင် စီးပွားရေးသမားတစ်ယောက်ဖြစ်တာကြောင့် ထိုင်းနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေ တိုးပွားအောင်လုပ်တဲ့ နည်းကတစ်ဆင့် စီးပွားရေးအကျပ်အတည်းကနေ ရုန်းထွက်ဖို့သိခဲ့တယ်လို့ဆိုရပါမယ်။ ခရီးသွား လုပ်ငန်းဟာ တစ်ရှိန်ထိုးတက်လာခဲ့တယ်။ ပြီးတော့ အောက်ခြေလူတန်းစားကိုအကျိုးရှိစေတဲ့ ပုဂ္ဂလိက ပိုမိုဖွံဖြိုးမှုတွေဖြစ်ခဲ့ တယ်။”

သေချာတာကတော့ သက်ဆင်ရဲ့လုပ်ဆောင်ချက်တွေဟာ လက်ဝဲဆန်လွန်းတယ် သူတို့အတွက် အကျိုးအမြတ် နည်းစေခဲ့တယ်လို့ထင်တဲ့ အထက်တန်းလွာလူတန်းစား ဒီသက်ဆင်နော်မစ်ကို မကြိုက်ကြပါ ဘူးလို့ သူမကပြောပါတယ်။ ”ဒါပေမယ့် အထူးသဖြင့် အခြေခံလူတန်းစားတွေနဲ့ ထိုင်းနိုင်ငံရဲ့ လူများစုကြီးအတွက်တော့ သက်ဆင်နော်မစ်ဟာ ဓနဥစ္စာကို လူတန်းစားအလွှာပေါင်းဆုံးဆီဖြန့်ဝေနိုင် ကြိုပမ်းမှုတစ်ရပ်အနေနဲ့ရော ကျေးလက်နေပြည်သူတွေအတွက် လေးလေးနက် နက်ပြောဆို လုပ်ဆောင်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံးစီးပွားရေးပြုပြင်ပြောင်းလဲမှုအဖြစ် တန်ဖိုးထားခံခဲ့ရပါတယ်။”

၂ဝ၁၆ကနေ ၂ဝ၁၉နှစ်ဆန်းပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) အစိုးရအနေနဲ့ ဘာတွေလုပ်ခဲ့လဲ။ စုကြည်နော်မစ်ဆိုတာဘာလဲ။ တကယ်ကောရှိရဲ့လား။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေပြည်တော်မှာ ဇန်နဝါရီလနှောင်းပိုင်းမှာ လုပ်ခဲ့တဲ့ရင်းနှီး မြှုပ်နှံမှုထိပ်သီးဖိုရမ်မှာတော့ ဒီချုပ်အစိုးရသက်တမ်းအတွင်း ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်များကို ပြောကြားရာ ”ပထမ ပန်းတိုင်သည် နိုင်ငံရေးတည်ငြိမ်မှုရရှိအောင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးတို့ကို ဦးတည်ထားခြင်း ဖြစ်ပါကြောင်း၊ ဒုတိယပန်းတိုင်အနေဖြင့် စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းပြီး မေခရိုစီးပွားရေးစီမံခန့်ခွဲမှုကို ဦးတည်လုပ် ဆောင်သွားရန်ဖြစ်ပါကြောင်း။” ဆိုပါတယ်။

နောက်ရည်မှန်းချက်တွေကတော့ (၃) အလုပ်အကိုင်ဖန်တီးမှုနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရန်။ (၄) ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ဦးတည်ထားသည့် လူသားစွမ်းဆောင်ရည်နှင့် လူမှုဖွံ့ဖြိုးမှု အရည်အသွေးရှိစေ ရန်အတွက် ထူထောင်ရန်။ (၅) သဘာဝသယံဇာတ စီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို ဦးတည်ထားခြင်း ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများကို စီမံခန့်ခွဲ့မှုမှတစ်ဆင့် မိမိနိုင်ငံကိုသာမက ကမ္ဘာကြီးကိုပါ ကာကွယ်နိုင်ရန် အစရှိသဖြင့် အကြမ်းအားဖြင့် ဆိုပါတယ်။

၃ နှစ်ကာလကို ပြန်ပြောင်းကြည့်ရင် ဒီချုပ်လက်ထက် လက်တွေ့ ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ကြုံခဲ့ ပါသလဲ။ ပထမဆုံးအနေနဲ့ပြောရရင် အစမှာ စလွဲခဲ့တယ်လို့ ဆိုရပါမယ်။ နိုင်ငံတကာမီဒီယာတွေမှာ ဘွဲ့လက်မှတ်အတုနဲ့လို့ ရေးသားခံခဲ့ရတဲ့ သူနှစ်ယောက် စီးပွားရေးဆိုင်ရာ အရေးကြီးတဲ့ ဝန်ကြီးတွေဖြစ်လာတယ်။   ပထမဆုံးရက် ၁ဝဝဟာလည်း လေယာဉ် ပြေးလမ်းပေါ်ရောက်နေပြီး ပျံတက်နေပြီဆိုတဲ့ စကားလုံးတွေနဲ့ အချိန်ကုန်ခဲ့တယ်။ နောက်ပိုင်း စီမံကိန်းဝန်ကြီး ဦးကျော်ဝင်းကို အဂတိတိုက်ဖျက်ရေးကော်မတီက ၂ဝ၁၈ နှစ်လယ်ပိုင်းမှာ ခေါ်ယူစစ်ဆေးပြီးနောက် ရာထူးကနေ အနားပေးခဲ့ပါတယ်။

၂ဝ၁၆ ဒီချုပ်အစိုးရမဖွဲ့ခင်မှာ လူတွေတော်တော်များများက စီးပွားရေးဆိုင်ရာ နိုင်ငံရေးဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲရေးသမားများပါတဲ့ အစိုးရတစ်ရပ်ဖြစ်လာမယ်လို့ မျှော်မှန်းခဲ့ကြ ပေမယ့် တစ်ကယ်တမ်း အစိုးရဖွဲ့တဲ့ အချိန်မှာတော့ သစ္စာရှိမှု သစ္စာခံမှုကိုအခြေခံတဲ့ လူရွေးချယ်မှုကို တွေ့ခဲ့ရပါတယ်။ ဒီလို သစ္စာခံမှုကို ဦးတည်ပြီးရွေးချယ်မှုဟာ ဒီချုပ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲလုပ်နိုင်အားကို အဟန့်အတားဖြစ်ခဲ့တယ်ဆိုတာ ငြင်းမရတဲ့ သမိုင်း အထောက်အထား ဖြစ်လာပါတယ်။ ဒါဟာ အရင်လမ်းစဉ်ပါတီဦးနေဝင်းခေတ်က ကျင့်သုံးခဲ့တဲ့ လူတော်,လူကောင်းမဟုတ်ဘူး လူကောင်း,လူတော် ဖြစ်ရမယ်ဆိုတဲ့ အယူအဆနဲ့ သွားတူပါတယ်။

ဒီချုပ်အစိုးရတက်တက်ချင်း အရင်အစိုးရအဆက်ဆက်ကလုပ်ခဲ့တဲ့ စီမံကိန်းတွေကို ပြန်လည်လေ့လာ သုံးသပ်ခြင်း ကို ဒုသမ္မတဦးဟင်နရီဗန်ထီးယူဦးဆောင်တဲ့ ကော်မတီကလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီကြီးတွေကနေ သံယံဇာတ အကြီး အကျယ်ထုတ်လုပ်ပြီး ရေရှည်မတည်တံ့မယ့် လုပ်ငန်းတွေ… ဥပမာ- ဖားကန့်ကျောက်စိမ်းတွင်းတွေနဲ့ ကချင်ပြည် နယ်က ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းတွေကို ရပ်တန့်စေနိုင်ခဲ့သလားဆိုတာကတော့ မသေချာတဲ့ အဖြေတွေအနေ အထားမှာပဲ ရှိပါသေးတယ်။

လက်ရှိအစိုးရမှာ ၂ဝ၁၆လောက်ကတည်းကစပြီး စီးပွားရေးနဲ့ပတ်သက်လို့ think-tank အဖွဲ့၊ Renaissance Institute လို အဖွဲ့တွေဖွဲ့စည်းခဲ့ပြီး မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ဆိုပြီးကြွေးကြော်ခဲ့ပါတယ်။ ဒီ အစီအစဉ် ဟာလည်း လက်ရှိအခြေအနေအထိ ဘယ်လောက်အထိ အကောင်အထည်ဖော်ပြီးပြီလဲ၊ ဒါမှမဟုတ် လက်ရှိအချိန်အထိ မစရသေးဘူးလားဆိုတာ လူထုသိအောင် ချမပြနိုင်သေးပါဘူး။

နောက် မြန်မာ့ခရိုနီအရင်းရှင်ဝါဒမှာ ထင်သာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မမြင်ရပေမယ့်လည်း အမေရိကန်နဲ့ အီးယူတို့ရဲ့ အရေးယူမှုက လုံးဝခြွင်းချက်မရှိ လွတ်ကင်းအောင် လုပ်ပေးခဲ့တယ်။ ခြစားနေတဲ့ ခရိုနီစီးပွားရေးတွေကို တောင်ကိုရီးယားလို ပြုပြင်ပြောင်းလဲရေး လုပ်ရမယ့်အစား နိုင်ငံတော်ရဲ့ဖွံ့ဖြိုးရေး မိတ်ဖက်ဆိုတဲ့ စကားလုံးတွေနဲ့ အားပေး ခဲ့တယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့ခရိုနီတွေကို ဖြစ်ရပ်တစ်ခုချင်းအလိုက် (case by case) လေ့လာဆန်းစစ်မှု လုပ်စဉ်က မြန်မာ့ဘီလျံနာတွေက သူတို့စီးပွားရေးလုပ်ငန်းတွေကို အများပိုင် (public companies)အဖြစ် ပြောင်းလဲပစ်ပါ့ မယ်လို့ ပြောခဲ့ကြပေမယ့်လည်း တကယ်တမ်း အနောက်တိုင်းအရေးယူမှုတွေကနေ ခြွင်းချက်မရှိ လွတ်ခဲ့ပြီးတဲ့နောက်မှာ ထင်သာ မြင်သာတဲ့ ပြောင်းလဲမှုလုပ်ခဲ့တာ မတွေ့ခဲ့ရပါဘူး။

လက်ရှိအစိုးရမှာ SMEs လိုစီးပွားရေး ဆိုင်ရာအစီအစဉ်တွေရှိပေမယ့် နောက်ရွေးကောက်ပွဲနီးလာတာတောင်မှာ လူထုနဲ့ မီဒီယာတွေအတွက် ထင်သာမြင်သာမှုကို သိပ်လုပ်နိုင်တာမရှိတာကိုတွေ့ရတယ်။ stabilty နဲ့ rule of law အပိုင်းကိုသိပ်မပြောနိုင်ဘဲ ရင်းနှီးမြှုပ်နှံမှုလာဖို့ချည်းပြောဆိုနေခြင်းဟာ နိုင်ငံတကာကို ကျယ်ကျယ်ပြန့်ပြန့် မဆွဲဆောင် နိုင်ခဲ့ပါဘူး။

မြန်မာပြည်မှာ လက်ရှိတည်ငြိမ်မှု  (stability) အပိုင်းဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂ဝ၁၆ကနေ လက်ရှိ အခြေအနေအထိဖြစ်နေဆဲ အကျပ်အတည်းနဲ့ မြန်မာပြည် အရှေ့မြောက်ပိုင်းက လက်နက်ကိုင်ပြဿနာတွေက စိန်ခေါ်ခြိမ်း ခြောက်နေဆဲဖြစ်ပါတယ်။ ၂ဝ၁၇ခုနှစ် ရိုဟင်ဂျာမွတ်ဆလင် ၇သိန်းကျော်လောက်တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတာဟာ နိုင်ငံအတွင်းမှာ ကြီးကျယ်တဲ့ပြဿနာအဖြစ် အများစုက မမြင်ကြပေမယ့် နိုင်ငံတကာ စာမျက်နှာမှာ၊ ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံး ပြဿနာတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

တရားဥပဒေစိုးမိုးမှုပိုင်းဆိုရင်လည်း ရင်းနှီးမြှုပ်နှံမှုတွေကို အာမခံနိုင်တဲ့ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အာမခံပေးနိုင်မှုမှာ ကြန့်ကြာမှုတွေရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အထူးသဖြင့်  အနောက်နိုင်ငံတွေကို စိတ်ဝင်စားအောင် လုပ်နိုင်တာ မရှိသလောက်ပါပဲ။ ချုပ်ပြောရရင် သက်ဆင်နော်မစ်လို မြန်မာပြည်မှာ လူအများစုအတွက် ထူးထူးခြားခြား စီးပွားရေးပြုပြင်ပြောင်းလဲမှု ဒီ၃နှစ်ကျော်အတွင်းမတွေ့ရပဲ အရင်အစိုးရတွေ ကျင့်သုံးခဲ့တဲ့ crony capitalism ကို ဆက်လက် ကျင့်သုံးအားပေးနေဆဲလို့ ကောက်ချက်ချနိုင်တယ်။

ဘန်ကောက်ပို့စ် သတင်းစာရဲ့ဆောင်းပါးရှင် လယ်ရီဂျေဂင်ကို စုကြည်နော်မစ်ဆိုတဲ့ စကားလုံးကိုပြောခဲ့သူ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ စီးပွားရေးပါရဂူဘွဲ့ကျမ်ပြုစုနေတဲ့ ဦးနိုင်ကိုကိုကတော့ အမေရိကန်ပြည်ထောင်စုမှာ ကလင်တန်နော်မစ်ဆိုတာချမှတ်လုပ်ဆောင်ခဲ့သလိုမျိုး မြန်မာပြည်မှာလည်းရှိသင့်ကြောင်း ဇန်နဝါရီလကုန်ပိုင်းက နေပြည် တော်မှာ ကျင်းပခဲ့တဲ့ ရင်းနှီးမြှုပ်နှံရေးဖိုရမ်မှာ ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

”ကျွန်တော်တို့အနေနဲ့ ခရိုနီအခြေပြု စီးပွားရေးနဲ့ သွားလို့မရတော့ပါဘူး။ အဲဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်အခြေခံတဲ့ စုကြည်နော်မစ်ဆိုတာ ချမှတ်လုပ်ဆောင်ဖို့ idea တစ်ခုကိုချပြခဲ့တာပါ။ ဘယ်လိုပြုပြင်ပြောင်းလဲ မှုမျိုးမဆို  idea က အခြေခံကျလှပါတယ်”လို့ ဦးနိုင် ကိုကိုက ဆိုပါတယ်။

စုကြည်နော်မစ်(သို့မဟုတ်) မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလို့ ဒီချုပ်အစိုးရရဲ့ စီးပွားဆိုင်ရာပြုပြင်ပြောင်း လဲရေးတွေဘယ်လောက် လက်တွေ့ဖြစ်လာပြီလဲ၊ အစိုးရသက်တမ်းလည်း ၃နှစ်ထဲဝင်ရောက် လာပြီဆိုတော့ အရမ်းနောက် ကျမနေဘူးလားဆိုတဲ့ မေးခွန်းတွေကိုတော့ ဦးနိုင်ကိုကိုက ”လက်တွေ့ အကောင်အထည်မှုတွေကို လုပ်ပိုင်ခွင့်ရထားတဲ့ အစိုးရပိုင်းက လုပ်ဆောင်ရမှာပါ။ ဘယ်လောက်လက်တွေ့လုပ်နိုင်သလဲဆိုတာတော့ အစိုးရပေါ်မှာ မူတည်တယ်”လို့ ဆိုပါတယ်။

 

ဝေမိုး