သမ္မတဦးဝင်းမြင့်ပေးသော ကတိက၀တ်နှင့် ဖြစ်နိုင်ခြေ

၁၃၈ဝ ပြည့်နှစ် မြန်မာနှစ်သစ်ကူးမှာ သမ္မတသစ်ဦးဝင်းမြင့်က မိန့်ခွန်းတစ်ရပ်ပြောခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရလက်ထက် နှစ်နှစ်ကျော် ကာလအတွင်း သမ္မတတစ်ဦးအနေနဲ့ ကောင်းမွန် ပြည့်စုံတဲ့ ပထမဆုံး သောမိန့်ခွန်းတစ်ခု ပြောကြားခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အခုဆောင်းပါးမှာ သမ္မတစနစ်၏ အခန်းကဏ္ဍပြန်လည် အသက်ဝင်လာမှုကို ဦးစွာဖော်ပြမှာဖြစ်ပြီး၊ အဲဒီနောက် သမ္မတ ဦးဝင်းမြင့်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းပါ ကတိကဝတ်တွေ ဖြစ်နိုင်ခြေ ရှိ၊ မရှိ အရေးကြီး အကြောင်းအရာတွေအပေါ် ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။

သမ္မတစနစ်၏အခန်းကဏ္ဍ အသက်ဝင်လာ

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံအရ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှုပုံစံဟာ သမ္မတစနစ်ကို အခြေပြုပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ)အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တဲ့အခါ အတားအဆီးဖြစ်နေတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေကိုပဲ ဖောက်ထွက်စဉ်းစားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးတစ်ခုပေါ်လာပါတယ်။ တစ်ချိန် တည်းမှာ သမ္မတအထက်မှာနေမယ်ဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါ တယ်။ ဒါကြောင့်ပဲ သမ္မတစနစ်ကို အခြေခံတဲ့ အုပ်ချုပ်မှုပုံစံဟာ ဝန်ကြီးချုပ်ကို အခြေပြုတဲ့ အုပ်ချုပ်မှုပုံစံမျိုး ဖြစ်ခဲ့ပါတယ်။ တစ်ပြိုင်နက်တည်း ဆိုသလို ဥပဒေ အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေအပါအဝင် သမ္မတစနစ်၏ အခန်းကဏ္ဍလည်း ပျောက်ဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာကာလတစ်လျှောက် သမ္မတဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်ပြီး၊ လုပ်ဆောင်ခဲ့တာတစ်ခုမှမရှိဘဲ ထားရာနေ၊ စေရာသွားပုံစံ အဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဥပဒေအရ အငြင်းပွား ဖွယ်ရာ လုပ်ပိုင်ခွင့်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ မှာပဲ ဗဟိုပြုခဲ့ပါတယ်။ ဒီနည်းနဲ့ အလုပ်ဖြစ်နိုင်မယ်လို့ ကနဦးမှာ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ခဲ့ပုံရပါတယ်။ လက် တွေ့မှာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။

ခရီးမပေါက်ခဲ့တာကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည်က ကြီးမားတဲ့အပြောင်းအလဲတစ်ခုကိုလုပ်ခဲ့ပါတယ်။ ထားရာ နေစေရာသွား အနေအေးပြီး စောဒကတက်မှု မရှိ၊ သစ္စာစောင့်သိမှုကိုသာ အားပြုနေထိုင်နေတဲ့ သမ္မတဦးထင်ကျော်ကို ရာထူးက အနားယူစေခဲ့ပြီး၊ သူ့နေရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံရေးသမားဦးဝင်းမြင့်ကို သမ္မတသစ်အဖြစ် တင်မြှောက်လိုက်ပါတယ်။

ဒါဟာ ခရီးမတွင်တဲ့ အခြေအနေကို မဟာဗျူဟာပြောင်းပြီး ခရီးတွင်စေဖို့ ခြေလှမ်းလိုက်တာဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုစဉ်က ပြောကြားခဲ့တဲ့ ကတိကဝတ်တွေ၊ နှစ်သစ် ကူးမိန့်ခွန်းမှာ ပြောဆိုခဲ့တဲ့စကားတွေကိုကြည့်ရင် အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တို့နှစ်ဦး တာဝန်ခွဲဝေပြီး လုပ်ကိုင်မယ့်သဘောကိုတွေ့ရပါတယ်။

ကျမ်းသစ္စာကျိန်ဆိုစဉ် သမ္မတဦးဝင်းမြင့် ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကိုကြည့်ရင် စီးပွားရေး၊ တိုင်းရင်းသား အရေး၊ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး စတဲ့ကိစ္စရပ်တွေ ပါဝင်ခြင်းမရှိပါဘူး။ တစ်ခါ နှစ်သစ်ကူး မိန့်ခွန်းပြောဆိုမှုမှာလည်း အဲဒီအချက် တွေ ပါဝင်ခြင်းမရှိတာကြောင့် ဒီအပေါ်မှာ မူတည်ပြီး စဉ်းစားရင် ဖြစ်နိုင်ခြေနှစ်ခု ထွက်လာပါတယ်။

ဖြစ်နိုင်ခြေနှစ်ခုထဲမှာ ပထမအချက်က ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဒေါ်အောင်ဆန်းစုကြည်က အဓိကကိုင်တွယ်ပြီး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လူမှုဘဝစီးပွားတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေတဲ့ အချက်တွေကို သမ္မတဦးဝင်းမြင့်က၊ သမ္မတရဲ့လုပ်ပိုင်ခွင့်ကို အပြည့်အဝအသုံးချပြီး တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်မယ့် သဘောဖြစ်ပါတယ်။

ဒုတိယဖြစ်နိုင်ခြေက အခက်ကြုံနေရတဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးအပါ အဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်တွေအပေါ် လုပ်ဆောင်မှုကို လုပ်ရိုးလုပ်စဉ်အတိုင်း ဟန်မပျက်ဆက် ထားပြီး၊ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထု လူမှုစီးပွားဘဝ တိုးတက်မြင့်မား ရေးအတွက် ကြိုးပမ်းမှုပေါ်လွင်အောင် အာရုံစိုက်မယ့် သဘောဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုက လက်ငင်း လိုအပ်ချက်ကို မြန် မြန်ဆန်ဆန် ဖြည့်ဆည်းပြီး ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အားယူနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတအလှည့် အပြောင်းနဲ့အတူ သမ္မတဦးဝင်းမြင့်ရဲ့ ရှင်းလင်းပြတ်သားသော မိန့်ခွန်းတွေ ထွက် ပေါ်လာခြင်းဟာ ပျောက်ဆုံးနေတဲ့ သမ္မတစနစ်၏ အခန်းကဏ္ဍ ပြန်လည်အသက်ဝင်လာပြီလို့ ယူဆနိုင်သလို ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ အရင်ကလို လုပ်ပိုင်ခွင့်တွေကို သူတစ်ဦးတည်းက ချုပ်ကိုင်ဖြန့်ဝေပေးနေတာမျိုးမလုပ်တော့ဘဲ သမ္မတကိုပါ ဥပဒေအရအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျွဲကူးရေပါလုပ်ဆောင်စေဖို့ လုပ်ပိုင်ခွင့်ခွဲဝေပေးလိုက်တယ်လို့ ယေဘုယျ ယူဆနိုင်ပါတယ်။

အခုဆက်ပြီး သမ္မတဦးဝင်းမြင့် ပေး ထားတဲ့ ကတိအတိုင်း လုပ်နိုင်ခြေ ရှိ၊ မရှိ ကို ဆန်းစစ်ပါမယ်။

နှစ်သစ်ကူးမိန့်ခွန်း

သမ္မတဦးဝင်းမြင့်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းဟာ တိုင်းပြည်မှာကြီးမားတဲ့ လိုအပ်ချက်တစ်ခုဖြစ်နေတဲ့ ပြည်သူကို အစီရင်ခံ ခြင်းတစ်ခုအဖြစ် မှတ်တမ်းဝင်သလို NLD ဦးဆောင်တဲ့ အစိုးရလက်ထက် တစ်ကြိမ်မျှ မရှိသေးတဲ့ (အတိအကျ မဟုတ်သည့် တိုင်) နိုင်ငံတော်အခြေပြု မိန့်ခွန်းပုံစံနဲ့လည်း အလားသဏ္ဌာန်တူပါတယ်။

နှစ်သစ်ကူး မိန့်ခွန်းတစ်ခုလုံးကို ခြုံကြည့်ရင် အကြောင်းအရာ ၁၁ ခုကို ပြောဆိုခဲ့တာဖြစ်ပြီး သမ္မတအဖြစ် ကျမ်း သစ္စာကျိန်ဆိုပြီးချိန်ကပြောခဲ့တဲ့ အကြောင်းအရာတွေကို အကျယ်ချဲ့ ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့် ကျမ်းသစ္စာကျိန်ဆိုပြီးချိန်ကပြောခဲ့တဲ့ ပထမဆုံးမိန့်ခွန်းမှာ လုပ်ငန်းစဉ်သုံးရပ် ဆောင်ရွက်ရမယ် လို့ ပြောခဲ့တဲ့ အကြောင်းအရာ ရှစ်ခု၊ အလေးထားသင့်တယ်လို့ တိုက်တွန်းခဲ့တဲ့ ကိစ္စရပ်လေးခုပါဝင်ပါတယ်။

လုပ်ငန်းစဉ် သုံးရပ်က (၁) တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး၊ (၂) အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး အတွက် အခြေခံအုတ်မြစ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စတာတွေဖြစ်ပါတယ်။

ဒီနေရာမှာ သမ္မတဦးထင်ကျော် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သုံးမိနစ်ကြာပြောဆိုခဲ့တဲ့ မိန့်ခွန်းနဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ သမ္မတဦးထင်ကျော် ပြောခဲ့စဉ်က ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ နောက်ဆုံးမှာ ဖော်ပြထားတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကိစ္စပါဝင်ခဲ့ခြင်းမရှိပါဘူး။ တစ်ခါ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲမယ်လို့ဆိုခဲ့ပါတယ်။ သမ္မတဦးဝင်းမြင့်ကတော့ တရားဥပဒေစိုးမိုးရေးကို ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတိုး တက်မြင့်မားရေးနဲ့တွဲပြီး ဦးစားပေးလုပ်ဆောင်မယ့် ခြေလှမ်းပြင်ခဲ့ပါတယ်။ တစ်ခါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလို့ ဆိုပါတယ်။ ဒါဟာ နှစ်နှစ်တာကာလအတွင်း သမ္မတနှစ်ဦးရဲ့ ဦးစားပေးပုံကွာခြားချက် ဖြစ်ပါတယ်။

နှစ်သစ်ကူးမိန့်ခွန်းမှာ သမ္မတဦးဝင်းမြင့်ပြောခဲ့တဲ့ အကြောင်းအရာတွေကို ထပ်ပြီးဆန်းစစ်ရင် ပထမမိန့်ခွန်းမှာ ပြောခဲ့တဲ့ အဓိကလုပ်ငန်းစဉ်ကြီး သုံးခုထဲက ပထမအချက်ဖြစ်တဲ့ ‘တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး’ဆိုင်ရာကိစ္စတွေနဲ့ ဆက်နွှယ်တာတွေကို အများဆုံးတွေ့ရပြီး၊ ကျန်တဲ့ လုပ်ငန်းစဉ်နှစ်ခုနဲ့ ပတ်သက် တာတွေကို ချန်လှပ်ထားခဲ့တာ တွေ့ရပါတယ်။

နောက်ထပ် ထူးခြားချက်တစ်ခုက မီဒီယာ၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ ပြည်သူတွေနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောခဲ့တာဖြစ်ပြီး၊ နောက်ထပ် ထူးခြားချက်က ပြုပြင်ပြောင်းလဲမှုဆောင်ရွက်တဲ့အခါ ‘တည်ငြိမ်မှုကိုလည်း မထိခိုက်စေ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ’လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပထမထူးခြားချက်ဖြစ်တဲ့ မီဒီယာ၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ တကယ်တမ်းလုပ်သင့်တဲ့အကြောင်းအရာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ မီဒီယာ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေအကြား မပြေလည်မှုတွေပေါ်ခဲ့ပါတယ်။ အစိုးရအတွက် လက်တစ်ဖက်ဆုံးရှုံးခဲ့ရ သလိုဖြစ်ခဲ့ ပါတယ်။ ဒီအခြေအနေကိုကုစားဖို့ အခုချိန်မှာ ပြင်ဆင်တယ်လို့ ယူဆပါတယ်။ ပြောခဲ့သလိုပဲ မီဒီယာ၊ အရပ်ဘက်လူ့အဖွဲ့ အစည်း၊ ပြည်သူတွေနဲ့ ပူးပေါင်းဆောင် ရွက်မယ်၊ သူတို့ပြောတဲ့အသံကို နားထောင်ပြီး လုပ်မယ်ဆိုရင်ထိုက်သင့်တဲ့ အရွေ့ တစ်ခုကို ရောက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဒုတိယထူးခြားချက်ဖြစ်တဲ့ ‘တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ’လို့ ပြောခဲ့တာ ကိုကြည့်ရင် သမ္မတဦးဝင်းမြင့်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်မယ့်သဘောရှိပါတယ်။ ဒီနေရာမှာ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို မျက်ခြည်ပြတ်မခံဖို့လိုအပ်ပါတယ်။ ပြတ်သားရမယ့်နေရာမှာ မပြတ်သားဘဲ တွေဝေနေ မယ်၊ သူ့လူ၊ ကိုယ့်လူ အဂတိတရားလေးပါးနဲ့ ကင်းလွတ်ခြင်းမရှိဘဲ တွန့်ဆုတ်မှုတွေဖြစ်မယ်ဆိုရင် ပန်းတိုင်ကိုသွားမယ့် လမ်းဟာ လမ်းခုလတ်မှာတင် ပျောက်ဆုံးသွားနိုင်တာကို သတိကြီးကြီးထားရပါလိမ့်မယ်။

နှစ်သစ်ကူးမိန့်ခွန်းမှာပါဝင်တဲ့ အချက်တွေထဲက စိန်ခေါ် မှုကြုံရနိုင်တဲ့ အချက်တချို့ကို ဆက်ပြီးဖော်ပြပါမယ်။

အကြောင်းအရာ ၁၁ ခု

သမ္မတဦးဝင်းမြင့်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ အကြောင်းအရာ ၁၁ ခု ပါဝင်ပါတယ်။ ပထမအချက်က ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ဌာနတွေကို ကြပ်မတ်ခြင်းဖြစ်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာ အကြောင်းအရာခွဲ ခြောက်ခုပါဝင်ပါတယ်။ ဒုတိယတစ်ခုက ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရေးကိစ္စဖြစ်ပါတယ်။ သူ့အောက်မှာ အကြောင်းအရာခွဲ လေးခု ပါရှိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်မြှင့်တင်ပေးဖို့ကိစ္စက တတိယအချက်ဖြစ်ပြီး အကြောင်းအရာ ခွဲသုံးခုပါပါတယ်။

စတုတ္ထအချက်အနေနဲ့ မူးယစ်ဆေးဝါး ပိုမိုနှိမ်နင်းရေးကိစ္စကိုဖော်ပြပြီး အကြောင်းအရာခွဲငါးခုပါဝင်ပါတယ်။ ပြည်သူ့ ဘဏ္ဍာများ အလေအလွင့်မရှိအောင် စီမံခန့်ခွဲနိုင်ရေးက ပဉ္စမအချက်ဖြစ်ပြီး ဒီမှာလည်း အကြောင်းအရာခွဲငါးခုပါဝင်ပါ တယ်။ သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေး ရရှိရေးကိစ္စကို ဆဋ္ဌမအချက်အဖြစ်ပြောခဲ့ပြီး သူ့အောက်မှာ အကြောင်းအရာခွဲလေးခုပါဝင်ပါတယ်။ သတ္တမအချက်အဖြစ် တောင်သူလယ်သမားများ၏ လူနေမှုဘဝ တိုး တက်မြင့်မားရေးကို ဖော်ပြပြီး အကြောင်းအရာခွဲလေးခုပြောဆိုခဲ့ပါတယ်။ အဋ္ဌမအချက်မှာ အလုပ်သမားများ၏ဘဝ စိုပြည် သာယာရေးကိစ္စ ကိုပြောခဲ့ပါတယ်။ နဝမအချက်မှာ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး၊ ဒသမအချက်မှာ အစိုးရပြုပြင်ပြောင်းလဲရေး၊ ဧက ဒသမအချက်မှာ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရေးစတာတွေ ပြောဆိုခဲ့ ပါတယ်။

အကြောင်းအချက်အားလုံး စိန်ခေါ်မှုတွေ ကြုံတွေ့နိုင်ပြီး အဲဒါတွေထဲက အချက်သုံးချက်ကို ဥပမာအနေနဲ့ မီးမောင်း ထိုးလိုပါတယ်။ အဲဒီအချက်တွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ လယ်ယာမြေသိမ်းဆည်းခံရခြင်းကိစ္စနဲ့ အစိုးရပြုပြင် ပြောင်းလဲရေးကိစ္စတွေ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး

တကယ်တော့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ ဆက်စပ်နေပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားစီရင်ရေးမဏ္ဍိုင်ကို အရပ်သားအစိုးရ စိတ်ကြိုက်လုပ်ဆောင်နိုင်ဖို့ ခက်ပါလိမ့် မယ်။ ဒါပေမဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားသူကြီးဦးရေ အနည်း ဆုံး ၇ ဦးကနေ ၁၁ ဦးအထိ ခန့်အပ်နိုင် တာကြောင့် အဲဒီနေရာအတွက် အရေအတွက် ပြည့်မီအောင်ပဲဖြစ်ဖြစ်၊ လစ်လပ်နေရာတွေမှာ ချက်ချင်းအစားထိုးခန့်အပ် တာပဲဖြစ်ဖြစ် လုပ်နိုင်ရင် အားသာမှုရနိုင်ပါတယ်။

ယိမ်းယိုင်နေတဲ့ တရားရေးမဏ္ဍိုင်ကို တည့်မတ်ဖို့၊ တစ်နည်းအားဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တရားသူကြီး ချုပ်တွေကို အငြိမ်းစားပေးပြီး သွေးသစ်လောင်းဖို့ မဖြစ်နိုင်ပေမဲ့ တရားရေးမဏ္ဍိုင်တစ်ခုလုံးကို စောင့်ကြည့်ပြီး၊ အဂတိ လိုက်စားမှုတွေကို အရေးယူနိုင်ဖို့ဆိုတာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုပဲ အားပြုရမယ့်သဘောဖြစ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ တရားရေးမဏ္ဍိုင် တည့်မတ်ရာမှာ ကူညီရမယ့်အပြင် အစိုးရယန္တရား အတွင်း လှိုက်စားနေတဲ့ ခြစားမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ဆိုရင် သူတို့မှာ လုပ်ပိုင်ခွင့်ပိုရှိဖို့လိုပါတယ်။ အခု လက်ရှိ လွှတ်တော်ကိုတင်သွင်းထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ စတုတ္ထအကြိမ်ပြင်ဆင်ချက်ကို လွှတ် တော်က နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံးအတည်ပြု ပြဋ္ဌာန်းပေးဖို့လိုပါတယ်။ ဥပဒေမပြင်ပေးရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ကနဦးက ပြောထားသလို  ငါးကြီးကြီးဖမ်းမိဖို့ခက်ပါလိမ့်မယ်။

ပြင်ဆင်ချက်တင်သွင်းထားတဲ့ မူကြမ်းအရ အဂတိလိုက်စားမှုနဲ့ပတ်သက်ရင် သတင်းပေးတိုင်ကြားချက်မရှိဘဲ ကျော် စောသတင်းဖြစ်တယ်ဆိုရင်တောင် သတင်းပေးတိုင်ကြားချက်အဖြစ် မှတ်ယူနိုင်တာဖြစ်တဲ့အတွက် အခက်ကြုံနေရတဲ့တစ်ခု ပြေလည်နိုင်တယ်လို့ ယူဆစရာ ဖြစ်ပါတယ်။

တစ်ခါ သမ္မတအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လုပ်ပိုင်ခွင့်ပိုပေးဖို့လိုပြီး ကော်မရှင်အဖွဲ့ဝင် တွေ၊ သတင်းပေးတိုင်ကြားသူတွေကို အန္တရာယ်ပြုလာနိုင်တဲ့ အခြေအနေတွေအတွက် အကာအကွယ်ပေးဖို့ ပြင်ဆင် ထားရပါလိမ့်မယ်။ အရေးကြီးဆုံးက အဂတိလိုက်စားမှုပေါ်လာတဲ့ ကျူးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်ပေးပြီး စံပြအရေးယူဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ NLD ဦးဆောင်တဲ့ အစိုးရ စတင်တာဝန်ယူချိန်က မီဒီယာကုမ္ပဏီကြီးတစ်ခုက ပြည်ထောင်စုဝန်ကြီး တစ်ဦးရဲ့ ကိုယ်ရေးအရာရှိကို ငွေကျပ် သိန်း ၅ဝ လက်ဆောင်ပေးခဲ့တဲ့ ကိစ္စအပေါ် သက်ညှာမှုပေးခဲ့တဲ့အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဦးကျိုးခဲ့ရတဲ့သင်ခန်းစာကို သတိပြုဖို့လိုပါတယ်။

 

 

လယ်ယာမြေ သိမ်းဆည်းခံရခြင်းကိစ္စ

လယ်ယာမြေ သိမ်းဆည်းခံရခြင်း ကိစ္စ၊ သိမ်းဆည်း လယ်ယာမြေတွေ မူလပိုင်ဆိုင်သူတွေ ပြန်မရသေးတာ၊ ထိုက် သင့်တဲ့ လျော်ကြေး၊ နစ်နာကြေးမရတဲ့အပြင် ဖမ်းဆီးထောင်ချခံရတာ စတဲ့ကိစ္စရပ်တွေကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန်ကတည်းက သမ္မတဦးဝင်းမြင့် ကောင်းကောင်းသိထားပြီး အကြောင်း အရာတွေဖြစ်ပါတယ်။

သိမ်းဆည်းလယ်ယာမြေ ပြန်ပေးရေး ကိစ္စမှာ အောက်ခြေယန္တရားတစ်ခုလုံးကို ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်မှာ ဘယ်လိုသမာသမတ်ကျအောင်လုပ်သည်ဖြစ်စေ၊ အောက်ခြေမှာရှိနေတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ရပ်ကွက် /ကျေးရွာ အဆင့်လိုက်မှာရှိနေတဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ (မြေ/စစ်) တွေ၊ လယ်ယာမြေ စီမံခန့်ခွဲရေး (လယ်/စီ) အဖွဲ့တွေ၊ မြေစာရင်းဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စတဲ့ယန္တရားတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှသာ အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်။ ယေဘုယျအားဖြင့် အဲဒီအဖွဲ့တွေမှာ ပါဝင်သူတွေထဲမှာ တစ်ချိန်က မြေသိမ်းခဲ့သူတွေလည်း ပါရှိနေတာကြောင့် သိမ်းမြေပြန်ပေးမှုတွေဟာ ရှုပ်ထွေးမှုတွေပြည့်နှက်ပြီး လယ်သမားတွေပဲ နစ်နာနေရပါတယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်လက်ထက်က စွန့်လွှတ်မြေ ပြန်ပေးနည်းဟာ ရိုးရှင်းပါတယ်။ (၁) လယ်ယာမြေ ပြန်လည်ပေးအပ်ခြင်း၊ (၂) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပြန်လည်ပေးအပ်ခြင်း၊ (၃) အခြားမြေများ ပြန်လည်ပေး အပ်ခြင်းစတဲ့ သုံးမျိုးပဲရှိပြီး၊ သုံးမျိုးစလုံးက မူလပိုင်ရှင်တွေဆီ ပြန်ပေးဖို့ပဲ ဦးတည်ထားပါတယ်။

ဒါပေမဲ့ NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ စွန့်လွှတ်မြေ ပြန်ပေးပုံဟာ ပိုပြီး ရှုပ်ထွေးခဲ့ပါတယ်။ ညွှန်ကြား ချက်တွေအရ (၁) သိမ်းဆည်း/ လွှဲပြောင်းရယူထားသော မြေများအား နိုင်ငံတော်သို့ ပြန်လည် အပ်နှံခြင်း၊ (ခ) သိမ်းဆည်း/ လွှဲပြောင်းရယူထားသော မြေများအား မူလပိုင်ရှင်/ လုပ်ပိုင်ခွင့်ရ ကာယကံရှင်များထံသို့ ပြန်လည်လွှဲပြောင်းခြင်း၊ (ဂ) သိမ်း ဆည်း/လွှဲပြောင်း ရယူထားသောမြေများအား အသုံးပြုရန်လိုအပ်သည့် အခြားဝန်ကြီးဌာန/ အဖွဲ့အစည်းများသို့ လွှဲပြောင်း ပေးခြင်း စသဖြင့် သုံးမျိုးဖြစ်ပါတယ်။

စွန့်လွှတ်မြေပြန်ပေးဖို့အတွက် ပြောင်းလိုက်တဲ့ ညွှန်ကြားချက်အရ စွန့်လွှတ်မြေပြန်ရရေးကိစ္စမှာ အုပ်ချုပ်ရေး ပိုင်းက ပါဝင်လာသလိုတစ်ချိန်က မြေသိမ်းထားတဲ့ စီးပွားရေးသမားတွေလည်း ပါဝင်ပတ်သက်လာပါတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ အလှမ်းကွာပြီး ဥပဒေကို နားလည်မှုမရှိတဲ့ မြေသိမ်းခံလယ်သမားတွေအဖို့  အစိုးရက သိမ်းဆည်းမြေတွေ စွန့်လွှတ်လိုက် တယ်လို့ ပြောရင်တောင် သိမ်းဆည်းခံထားရတဲ့ ကိုယ့်မြေပြန်ရဖို့ကိစ္စဟာ ပိုပြီးအလှမ်းကွာသလို ဖြစ်နေပါတယ်။ ဒီအခြေ အနေတွေကို ပြုပြင်နိုင်မှသာ သမ္မတဦးဝင်းမြင့်ရဲ့ ကတိကဝတ် အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။

တစ်ခါ သမ္မတဦးဝင်းမြင့်က လယ်သမားများ၏ မြေပိုင်ဆိုင်ခွင့်လက်မှတ်များ တစ်နိုင်ငံလုံး တစ်နှစ်အတွင်းရရှိရေးကို လုပ်မယ်လို့ဆိုခဲ့ပါတယ်။ ဒါကလည်း ဖြစ်နိုင်ခြေနည်းတဲ့အခြေအနေပါပဲ။ လက်ရှိမှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မြေကို နိုင်ငံတော်ကပဲ ပိုင်ဆိုင်ပါတယ်။ ဒါကြောင့် သမ္မတဦးဝင်းမြင့်ရဲ့ ပြောဆိုချက်ဟာ လုပ်ပိုင်ခွင့် ပုံစံ – ၇ ထုတ်ပေးတာကို ဆိုလိုခြင်းဖြစ်တယ်လို့ ယူဆပါတယ်။ ပုံစံ – ၇ ကိစ္စဟာလည်း ထင်သလောက် မလွယ်ကူတဲ့ ကိစ္စဖြစ်ပါ တယ်။ လက်ရှိမှာတင် အချက်အလက်အထောက်အထား အပြည့်အစုံရှိသည့်တိုင် ပုံစံ – ၇ မရသူတွေ အများအပြားရှိ နေပါ တယ်။ ပြီးတဲ့နောက် တိုင်းရင်းသားဒေသတွေ အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကရင်ပြည်နယ်တွေမှာရှိနေတဲ့ တိုင်းရင်းသားတွေက ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ ပုံစံ – ၇ ကို လက်ခံခြင်းမရှိပါဘူး။ ဒီအခက်အခဲတွေကို ကျော်လွှားပြီး ပုံစံ-၇ ကို တစ်နှစ်အတွင်း၊ တစ်နိုင်ငံလုံးရရှိရေး ဘယ်လိုလုပ် ဆောင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

အရေးကြီးဆုံးအချက်တစ်ခုက မြေသိမ်းကိစ္စတွေနဲ့ပတ်သက်ပြီး မကြာသေးခင်က လွှတ်တော်ကို တင်သွင်းထားတဲ့ ၂ဝ၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းကို ဒီကြားကာလမှာ အတည်ပြုခြင်းမလုပ်ဖို့လိုပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို လုပ်ပိုင်ခွင့်အာဏာလွှဲ အပ်ထားတဲ့ အဲဒီဥပဒေကြမ်းကို ပယ်ဖျက်ခြင်းမရှိဘဲ အတည်ပြုမယ်ဆိုရင် သမ္မတ ဦးဝင်းမြင့်ပြောခဲ့တဲ့ လယ်ယာမြေအရေး ကတိကဝတ်တွေအားလုံး သဲထဲရေသွန်ဖြစ်သွားပါလိမ့်မယ်။

အစိုးရပြုပြင်ပြောင်းလဲရေး

သမ္မတဦးဝင်းမြင့်ပြောထားတဲ့ အကြောင်းအရာတွေထဲမှာ ကြီးမားတဲ့စိန်ခေါ်မှုကြုံနိုင်တဲ့ နောက်ဆုံးတစ်ချက်က အစိုးရ ပြုပြင်ပြောင်းလဲရေးကိစ္စဖြစ်ပါတယ်။ အစိုးရအဖွဲ့ တာဝန်ယူချိန်ကတည်းက ကျစ်လျစ်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ အစိုးရတစ်ရပ်ဖြစ်စေဖို့ NLD ပါတီက ဦးတည်ခဲ့ပါတယ်။ ဝန်ကြီးဌာနတွေ လျှော့ချပြီး ဝန်ကြီးအရေအတွက်လည်း လျှော့ခဲ့ ပါတယ်။ နောက်ပိုင်းမှာတော့ ဒုတိယဝန်ကြီး တွေကို အသစ်ထပ်ခန့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း ထိုက်သင့်တဲ့အောင်မြင်မှု  မရခဲ့ခြင်းရဲ့အကြောင်းရင်း ၇၅ ရာခိုင်နှုန်းနီးပါးဟာ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ သက်ဆိုင်ပါတယ်။ ဒါကို ပြုပြင်ဖို့ဆိုရင် လူလဲတာ၊ အစားထိုးတာတွေ လုပ်ရတော့မှာပါ။

သမ္မတဦးဝင်းမြင့် ပြောဆိုမှုတွေထဲမှာ ‘ပြုပြင်ပြောင်းလဲမှုနှင့် အံမဝင်ခွင်မကျသည့် နေရာများတွင် သွက်လက်ထက် မြက်ပြီး အရည်အသွေးရှိသည့် လူစားလဲမှုများလုပ်ဆောင်ရေး’ဆိုတဲ့ အချက်တစ်ခုပါခဲ့ပါတယ်။ ဒါကို အမြန်ဆုံးအကောင် အထည်ဖော်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ငါတို့ခန့်ထားတဲ့ ဝန်ကြီးတွေဖြစ်တာကြောင့် သူတို့ကို အနားပေးရင် ငါတို့ သိက္ခာကျမယ်ဆိုတဲ့ အယူအဆကိုကိုင်စွဲပြီး လူစားထိုးသင့်တာကို မလုပ်ရင်၊ ဗျူရိုကရေစီယန္တရားအဟောင်းရဲ့ ဝါးမျိုမှုကို ခံရပါလိမ့်မယ်။ ဒီအတွက် နှစ်နှစ်အတွင်း သင်ခန်းစာတွေလည်း ရှိထားပြီးဖြစ်ပါတယ်။

လူစားထိုးတဲ့အခါမှာလည်း လူရွေးချယ်တတ်ဖို့လိုပါလိမ့်မယ်။ အာဏာရှင် ယန္တရားအဟောင်းကလူတွေ၊ အာဏာရှင် တွေနဲ့ ဆက်စပ်ပတ်သက်နေသူတွေ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ချို့ယွင်းချက်ရှိသူတွေကို ထိပ်ဆုံးမှာနေရာပေးပြီး၊ ဗျူရိုကရေ စီယန္တရားအဟောင်းက လူတွေနဲ့ ပြန်လည်ပေါင်းဖက်လုပ်ကိုင်စေတာမျိုးတွေ ရှောင်သင့်ပါပြီ။ အထူးသဖြင့် ကိုယ့်ပါတီတွင်း က လူလတ်ပိုင်းတွေကိုသာ အားပြုပြီး သူတို့ကိုအစားထိုးတာဝန်ယူစေတာတွေ လုပ်မယ်ဆိုရင် အနည်းဆုံးတော့ အစိုးရ အဖွဲ့အတွင်း စီမံခန့်ခွဲမှု အတွေ့အကြုံကောင်းရတဲ့ အကျိုးရလဒ်ဖြစ်စေနိုင်ပါတယ်။

 

ရလဒ်ထွက်ပါစေ

ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုခဲ့တဲ့ အကြောင်းအရာ ၁၁ ခု လုံးဟာ တိုင်းပြည်အတွက် လက်ငင်း လိုအပ်ချက်၊ လက်ငင်းဖြေရှင်းရမယ့် ပြဿနာတွေဖြစ်ပါတယ်။ ဒါကို အလေးပြုလုပ်ဆောင်ဖို့ ကတိကဝတ် ပြောဆိုခဲ့တာ ကြောင့်လည်း သမ္မတဦးဝင်းမြင့်ရဲ့ မိန့်ခွန်းနှစ်ရပ်စလုံးကို ကြိုဆိုထောက်ခံပါ တယ်။

ဒါပေမဲ့ အရေးကြီးတာက ရလဒ်ထွက်ဖို့ပါပဲ။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာပေးခဲ့တဲ့ ကတိကဝတ်တွေ အပါအဝင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဖြစ်နိုင်သေးဘူး၊ ငြိမ်းချမ်းရေးလည်း မရနိုင်သေးဘူးဆိုရင်တောင် အခု ပြောခဲ့တဲ့ အကြောင်းအရာ ၁၁ ချက်ကို ရလဒ်ထွက်အောင် လုပ်နိုင်တယ်ဆိုရင် ၂ဝ၂ဝ ပြည့်နှစ်မှာ ဘာကြောင့် NLD ပါတီ ကို မဲပေးသင့်တယ်ဆိုတဲ့အချက်အတွက် ခိုင်မာတဲ့အကြောင်းပြချက် ရနိုင်ပါတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းခံထားရတဲ့ သမ္မတစနစ်၏ အခန်းကဏ္ဍ ပြန်လည်အသက်ဝင် လာမှုနဲ့အတူ သမ္မတဦးဝင်းမြင့်အနေနဲ့လည်း နှစ်သစ်ကူးမိန့်ခွန်းမှာပြောထားတဲ့ ကတိကဝတ်တွေ အကောင်အထည်ပေါ် အောင်လုပ်နိုင်မယ့် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရထားပြီးပြီလို့လည်း ယုံကြည်မျှော်လင့်ပါတယ်။ ကြုံလာနိုင်တဲ့ အခက် အခဲတွေကိုလည်း မီဒီယာ၊ အရပ်ဘက်အဖွဲ့အစည်း၊ ပြည်သူတွေနဲ့အတူ ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ပါစေ။

နေထွန်းနိုင်