သိမ်းဆည်းမြေယာပြဿနာ ဖြေရှင်းရေး

အရင်အစိုးရလက်ထက်ကတည်းက ဖြစ်ပွားနေတဲ့ သိမ်းဆည်းမြေယာပြဿနာတွေကို လက်ရှိအချိန်ထိ မဖြေရှင်း နိုင်သေးတာဟာ အဲဒီလုပ်ငန်းစဉ်မှာ တစ်ခုခုတော့ အလွဲအချော် ရှိနေပြီဆိုတာကို မီးမောင်းထိုးပြနေတာနဲ့ အတူတူပါပဲ။ လယ်ယာမြေပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ဆိုရင် အဓိကကျတဲ့အချက်က အစိုးရအနေနဲ့ တောင်သူလယ် သမားတွေအပေါ်မှာ ဘယ်လောက်အထိ စိတ်ကောင်းစေတနာရှိရှိနဲ့ လုပ်ဆောင်ပေးနေသလဲဆိုတဲ့အချက်ပါ။ နှုတ်ထွက် စကားတွေ၊ ကတိကဝတ်တွေ ဘယ်လိုပဲပြောပြော ကာယကံမြောက် လုပ်ဆောင်ပေးမှု၊ ရလဒ်ထွက်ပေါ်လာမှု တွေကသာ အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ မြေယာပြဿနာတွေရဲ့အများစုဟာ အရင်အစိုးရလက်ထက်က အာဏာအလွဲသုံးစားပြုမှု၊ အဂတိ လိုက်စားမှု၊ အုပ်ချုပ်ရေးပိုင်းရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းမှုတွေကြောင့်လို့ဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီကိစ္စတွေ အတွက် ပထမအကြိမ်လွှတ်တော်သက်တမ်းမှာ ‘လယ်ယာမြေနဲ့ အခြားမြေတွေသိမ်းဆည်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှု မရှိစေ ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်’ တစ်ရပ်ဖွဲ့စည်းပြီး စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကော်မရှင်မှာ ပါဝင်သူ တွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ပြီး ကော်မရှင်ကတွေ့ရှိရတဲ့အချက်တွေ၊ အကြံပြုချက်တွေကို အသက်ဝင်စေဖို့ လုပ်ပိုင်ခွင့်အာဏာမရှိတဲ့အတွက် ထိရောက်အောင်လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ပြီးတော့ ကော်မရှင်အဖွဲ့ဝင် အချို့ကိုယ် တိုင် မြေသိမ်းဆည်းမှုတွေမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင်ပတ်သက်နေတာ၊ စုံစမ်းစစ်ဆေးမှု ရလဒ်နဲ့ အကြံပြုချက်တွေအတွက် တိကျရှင်းလင်းတဲ့ လုပ်ငန်းစဉ်တွေ မရှိတာတွေက ကော်မရှင်ရဲ့လုပ်ငန်းတွေကို နှောင့်နှေးစေခဲ့ တာဖြစ်ပါတယ်။ ဒါပေမဲ့ ကော်မရှင်ရဲ့ လူသိရှင်ကြားထုတ်ဖော်မှုတွေ ထွက်လာလို့ ပြည်သူလူထုကြားထဲမှာ သိမ်းဆည်း ခံလယ်ယာမြေပြဿနာတွေအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်ခဲ့တာကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

 

သမ္မတကြီးရဲ့ကတိကဝတ်

သမ္မတကြီးဦးဝင်းမြင့်ရဲ့ မတ်လ ၃ဝ ရက် ကတိသစ္စာပြုပွဲ အခမ်းအနားမှာ ပြောကြားတဲ့မိန့်ခွန်းမှာ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးရရှိရေးကို ဥပဒေနဲ့အညီ ဆောင်ရွက်ရလိမ့် မှာဖြစ်ကြောင်းနဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာလည်း စွန့်လွှတ်ပြီး သိမ်းဆည်းခံ လယ်ယာခြံမြေတွေကို မူလပိုင်ရှင်တွေဆီ အမြန်ဆုံး ပြန်လည်အပ်နှံဖို့၊ မစွန့်လွှတ်ရသေးတဲ့ သိမ်းဆည်းခံ လယ်ယာခြံမြေတွေနဲ့စပ်လျဉ်းပြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရခြင်းမှ ပြန်လည်စိစစ်ရေး ကော်မတီအသီးသီးက အမြန်ဆုံး စိစစ်ကြပြီး စွန့်လွှတ်မြေတွေကို မူလပိုင်ရှင်တွေဆီ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီအချက်ဟာ ၁၉၈၈ ခုနှစ်နောက် ပိုင်းမှာ အရင်အစိုးရလက်ထက်တွေက ဒေသခံတောင်သူလယ်သမားတွေ ဆီကသိမ်းဆည်းခဲ့တဲ့ မြေယာတွေရဲ့နောက် ဆက်တွဲ ပြဿနာတွေအပေါ် လက်ရှိအစိုး ရသက်တမ်းတစ်ဝက်ကျိုးချိန်အထိ ကိုင်တွယ်မဖြေရှင်းနိုင်သေးဘူးဆိုတာကို ဖော်ပြရာရောက်ပါတယ်။

အင်န်အယ်လ်ဒီဟာ၂ဝ၁၅ ရွေး ကောက်ပွဲကြေညာစာတမ်းမှာ တောင်သူ လယ်သမားတွေ ဥပဒေမဲ့ဆုံးရှုံးခဲ့တဲ့ လယ် ယာမြေတွေ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးများရရှိရေးတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့တာကြောင့် ဒီအချက်ကိုက  ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိစေဖို့ တွန်းအားဖြစ်စေခဲ့တာဖြစ်ပါ တယ်။ နိုင်ငံ့လူဦးရေရဲ့ ရာခိုင်နှုန်း ၇ဝ သော ကျေးလက်နေ တောင်သူလယ်သမားတွေအနေနဲ့လည်း မြေယာပြဿနာ တွေနဲ့ပတ်သက်ပြီး လက်ရှိအစိုးရအပေါ် မျှော်လင့်ကြီးစွာနဲ့ စောင့်စားနေကြတာဖြစ်ပါတယ်။

 

မြေ/စစ်ကော်မတီတွေ ဘာလုပ်နေသလဲ

အင်န်အယ်လ်ဒီအစိုးရတက်လာပြီး ၂ဝ၁၆ ခုနှစ် မေလ ၅ ရက်နေ့မှာ လယ်ယာမြေနှင့် အခြားမြေတွေ သိမ်းဆည်းခြင်းခံရမှုတွေကြောင့် ပြည်သူလူထုနစ်နာမှုမရှိ စေရေးအတွက် မြေသိမ်းမှု ပြဿနာများကို လျင်မြန်စွာ ဖြေရှင်း ဆောင်ရွက်နိုင်ဖို့ ဒုသမ္မတဦးဆောင်တဲ့ ‘လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီ’ (မြေ/စစ်) ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ကော်မတီအဆင့်ဆင့်မှာလည်း ဌာနဆိုင်ရာတွေ၊ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ တောင်သူလယ်သမားရေးရာ လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေက ယုံကြည်လေး စားရတဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုပါ အဖွဲ့ဝင်တွေအဖြစ် ထည့်သွင်းဖွဲ့စည်းထားပါတယ်။

ဗဟိုကော်မတီရဲ့တာဝန်ဟာ နေပြည်တော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကိုဖွဲ့စည်းပြီး အဲဒီ ကော်မတီ အဆင့်ဆင့်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်ပေးတာနဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူတွေနစ်နာမှုမရှိစေရေးအတွက် စုံစမ်း ကော်မရှင်ရဲ့ အစီရင်ခံစာပါ မြေသိမ်းမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ ဒါမှမဟုတ် တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကို ကြီးကြပ်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တဲ့နေရာမှာ သိမ်းမြေတွေနဲ့ စပ်လျဉ်းတဲ့ မူဝါဒ ငါး ရပ်၊ တပ်မြေ သိမ်းဆည်းမှုတွေနဲ့ ပတ်သက်တဲ့ မူဝါဒ ၃ ရပ်၊ စွန့်လွှတ်မြေတွေ သက်ဆိုင်သူလက်ဝယ် အမြန်ဆုံးရောက်ရှိရေး လုပ်ငန်းစဉ် ရှစ်ရပ်၊ သိမ်းဆည်းမြေတွေနဲ့ စပ်လျဉ်းပြီး စိစစ်ရန် ခြောက်ချက်၊ စွန့်လွှတ်ခြင်းမရှိတဲ့ သိမ်းဆည်းမြေတွေနဲ့ စပ်လျဉ်းပြီး စိစစ်ရန် ခုနစ်ချက်၊ စွန့်လွှတ်တဲ့ သိမ်းဆည်းမြေတွေနဲ့ စပ်လျဉ်းပြီး စိစစ်ရန် ငါးချက်၊ ကော်မတီ အဆင့်ဆင့်မှ အလေးထားဆောင်ရွက်ရန် အချက် ၁၅ ချက်နဲ့ စွန့်လွှတ်မြေတွေ၊ သိမ်းဆည်းမြေဆိုင်ရာ လမ်းညွှန်ချက် ရှစ်ရပ်နဲ့ ဖြေရှင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဧပြီ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ မြေ/စစ် ဗဟိုကော်မတီအစည်းအဝေးမှာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဗဟိုကော်မတီကို ရောက်လာတဲ့ တိုင်စာအမှုတွဲပေါင်း ၆၃၂ဝ မှုရှိပြီး တိုင်ကြားစာအမှုတွဲ ၆၆၉ မှုကိုသာ ဖြေရှင်းဆောင် ရွက်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့တဲ့အတွက် ကော်မတီအနေနဲ့ သိမ်းဆည်းလယ်ယာမြေပြဿနာကို ဖြေရှင်းရာမှာ မျှော်မှန်း သလောက် ခရီးမပေါက်သေးဘူးဆိုတာကို သိသာစေပါတယ်။

အထူးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှာ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးမှု၊ စွမ်းဆောင်ရည် အားနည်းမှု၊ စွန့်လွှတ်မြေတွေထဲက မူလပိုင်ရှင်တွေဆီ ပြန်လည်လွှဲပြောင်းတဲ့ မြေတွေအနက် အချို့က သက်ဆိုင်ရာဝန်ကြီးဌာနမှ စွန့် လွှတ်ထားပြီးဖြစ်ပေမဲ့ ကာယကံရှင်လက်ထဲမရောက်ဘဲ ကြန့်ကြာနေမှု၊ ကာယကံရှင်လက်ဝယ်မရောက်ဘဲ အခြားတစ် ယောက်ယောက်ကို ပေးအပ်ထားမှု၊ မူလ လက်ငုတ်နဲ့ လက်ရှိလက်ငုတ် အငြင်းပွားမှုရှိနေတာတွေက လုပ်ငန်းစဉ်အဆင့် ဆင့်ကို အကောင်အထည်ဖော်ရာမှာ အဟန့်အတားဖြစ်နေတာပါ။

ဒါပေမဲ့ သိမ်းဆည်းမြေယာပြဿနာတွေအပေါ် ဖြေရှင်းရာမှာ အပြီးသတ်ဆုံးဖြတ်ချက်ကို ဘယ်သူကဆုံးဖြတ်မယ် ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများမရှိတာ၊ ဗဟိုကော်မတီဝင်အများစုဟာ လုပ်ငန်း တာဝန်များပြားတဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေဖြစ်နေတာ၊ ကော်မတီတွေကို ဒေသအများစုမှာ  မြို့နယ်အဆင့်အထိ ဖွဲ့စည်းထားပေမဲ့ ရပ်/ကျေးအဆင့် အများစုမှာမရှိတာ၊ အချို့ကော်မတီတွေဟာ အမည်ခံသာဖြစ်နေပြီးတော့ အသက်ဝင်မှုမရှိတာ၊ မြေ/ စစ်ကော်မတီအဆင့်ဆင့် လုပ်ငန်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ပြည်သူလူထုမှ သိရှိနားလည်မှု နည်းပါးနေတာတွေကလည်း မြေ/စစ်ကော်မတီအဆင့်ဆင့်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ နှေးကွေးနေရခြင်းရဲ့ အဓိကအကြောင်းရင်းတွေလို့ ဆိုနိုင်ပါတယ်။

 

လက်တွေ့လုပ်ငန်းစဉ်

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ မြေယာပြဿနာတွေကို ပြေလည် အောင် ဖြေရှင်းနိုင်ရေးနဲ့ တိုက်ရိုက်အချိုးကျနေတဲ့အတွက် အာဏာရအစိုးရအနေနဲ့ ဒီကိစ္စကိုဦးစားပေး ဖြေရှင်းဖို့လိုပါတယ်။ အထူးသဖြင့် လယ်ယာမြေပိုင်ဆိုင်မှု လုံခြုံမှုမရှိတာဟာ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို များစွာထိခိုက်စေ တဲ့အတွက် ဥပဒေမဲ့ ဆုံးရှုံးခဲ့တဲ့ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးကို ဦးစားပေး လုပ်ငန်းတစ် ရပ်အဖြစ် အကောင် အထည်ဖော်ဖို့လိုနေတာဖြစ်ပါတယ်။

ဒါကြောင့် လက်ငင်းရင်ဆိုင်နေရတဲ့ သိမ်းဆည်းခံ မြေယာပြဿနာတွေကိုပြီး ပြတ်ပြေလည်အောင် ဦးစားပေးဖြေ ရှင်းနိုင်ဖို့ဆိုရင် လွှတ်တော်ရေးရာကော်မတီ၊ ဌာနဆိုင်ရာ၊ အရပ်ဘက်အဖွဲ့အစည်း၊ တောင်သူလယ်သမား၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်စတဲ့ အလွှာအသီးသီးက လုပ်နိုင်ကိုင်နိုင်ရှိသူတွေပါဝင်တဲ့ ဖြေရှင်းရေး ယန္တရားတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ဖို့ လိုနေပါတယ်။ စုံစမ်းစစ်ဆေးမှုရလဒ်နဲ့ အကြံပြုချက်တွေအတွက် တိကျရှင်းလင်းတဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်ဖို့လိုပါတယ်။ ပြီးတော့ ကော်မတီအဆင့်ဆင့်ရုံးတွေကို သီးခြားထူထောင်ပြီး သီးသန့်ရန်ပုံငွေတစ်ရပ်နဲ့ အကောင် အထည်ဖော်နိုင်မယ်ဆိုရင်တော့ မပြေလည်နိုင်သေးတဲ့ သိမ်းဆည်းခံ မြေယာပြဿနာတွေကို ထိရောက်စွာ ဖြေ ရှင်းနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါမှလည်း အင်န်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းနဲ့ နောက်ဆက်တွဲ မူဝါဒ တွေမှာထည့်သွင်းဖော်ပြထားတဲ့ တောင်သူလယ်သမားတွေ ဥပဒေမဲ့ဆုံးရှုံးခဲ့ရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ လျော် ကြေး၊ နစ်နာကြေးများရရှိရေးကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားမယ်ဆိုတဲ့ ကတိကဝတ်ကို လက်တွေ့အကောင်အထည် ဖော်ရာရောက်မယ်လို့ ယူဆပါတယ်။

မောင်ဒိုး(ကံပေါက်)