သံစဉ်ဟောင်းတွေ ပြန်လည်ပဲ့တင်ထပ်လာသောငြိမ်းချမ်းရေး

ဆိုင်ဝမ်ဖှ

(၁) ရွေးကောက်ပွဲအလွန်ကြည့်ကြမယ်

မကြာသေးခင်ကပဲ စာရေးသူနဲ့ခင်မင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့ အပစ်ရပ်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တစ်ဦးနဲ့စကားစမြည်ပြောဖြစ်တော့ သူက ‘၂ဝ၂ဝ ရွေး ကောက်ပွဲအ ပြီးမှာ ဘယ်သူတွေတက်လာနိုင်သလဲ၊ အခုဖွဲ့မယ့်ပါတီသစ်ကကော အနေအထားဘယ်လိုရှိနိုင်သလဲ၊ နယ်မြေ အများ စုမှာပြိုင်နိုင်တဲ့ပြည်မပါတီတွေလိုလားနေတယ်။ လက်ရှိအစိုးရက ညှိနှိုင်းဆွေးနွေးမှုဖြစ်စဉ်နဲ့ သဘောတူ ထားတဲ့အချက်တွေ အကောင်အထည်ဖော်မှုတွေကို တာဝန်မယူဘူး။ တိုးတက်မှုကလည်းမရှိဘူး။ အစိုးရက တပ်ကိုလည်း မထိန်းနိုင်ဘူး။’ စသဖြင့် လက်ရှိအပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေ ကြုံတွေ့နေရတာတွေကို သူ ကစိတ်ပျက်လက်ပျက်နဲ့ ပြောပြရှာတယ်။

တကယ်လို့ လူများစုနေထိုင်ရာဒေသတွေမှာ အင်အားစုအသစ်မပေါ်လာရင် ဒီအတိုင်းပဲ ဆက်သွား တော့မလားဆိုတာ  စိုးရိမ်မိတယ်လို့လည်း သူကဆိုတယ်။

သူ့ရဲ့ ပြောစကားအရတော့လက်ရှိ အနေအထားကိုအားရကျေနပ်မှုမရှိဘဲ ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်နဲ့ ဖွဲ့နိုင်မယ့်အစိုး ရကိုစောင့်ဖို့ စိတ်ဝင်စားလာနေပုံရတယ်ဆိုတာ မငြင်းနိုင်တဲ့အချက်ဖြစ်ပါတယ်။

အဲဒီလို ရွေးကောက်ပွဲအလွန်တက်လာ မယ့်အစိုးရနဲ့ ဆက်ဆွေးနွေးဖို့ စိုင်းပြင်းစိတ်ဝင်စားတာမျိုး စာ ရေးသူအနေနဲ့ အရင်ကလည်းကြုံဖူးပါတယ်။

၂ဝ၁၄ ခုနစ် ၁ဝ လပိုင်းလောက်က ကေအိုင်အို အရာရှိတစ်ဦးက အစိုးရနဲ့ဆွေးနွေးပွဲကိုလာရင်း စာရေး သူနဲ့ဆုံတော့ ၂ဝ၁၅ ရွေးကောက်ပွဲကျင်းပဖြစ်မလားလို့ သူကစိတ်ဝင်တစားမေးခဲ့ပါတယ်။ ဖြစ်မယ်လို့ ပြန်ဖြေ တော့ အင်န်အယ်လ်ဒီ အစိုးရနဲ့ သာစကားပြောရရင် တိုင်းရင်းသားတွေ ဘက်ကအခွင့်အရေးတွေပိုရနိုင်တယ်။ နိုင်ငံရေးအရပိုလည်းရနိုင်တယ်လို့ သူကပြောခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက် တိုင်းရင်းသား လက် နက်ကိုင်တွေရဲ့ အင်န်စီစီတီ ငြိမ်းချမ်းရေးညှိနှိုင်းမှုအဖွဲ့ ရန်ကုန်ကိုလာတဲ့အခါတိုင်း နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွန်မော် စတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အခါအားလျော်စွာ တွေ့ဆုံတာလည်း သတိထားမိပါတယ်။

အဲဒီနောက်ပိုင်း နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုတော့ ကေအိုင်အို ကချင်လွတ်မြောက် ရေးတပ်ဖွဲ့ မပါဝင်တော့ပါ။ အင်န်အယ်လ်ဒီအစိုးရတက်လာတာ နှစ်နှစ်နီးပါးရှိလာပေမဲ့လည်း ကေအိုင်အို အနေ နဲ့ အခုအထိလည်း လက်မှတ်မထိုးနိုင်သေးသလို အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာကိုပဲ အစိုးရ တပ်မတော် နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

 

(၂) အရင်ကလည်း ပဋိညာဉ်မရှိ၊ အခု လည်း

‘၂ဝ၁၂ ခုနစ်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်ခဲ့တဲ့ လာရီဒိုင်းမွန်းကတော့ သူ့ရဲ့ပထမ အကြိမ် မြန်မာခရီးစဉ် အပြီးမှာ The Need For a Political Pact ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို ရေးခဲ့ပါတယ်။ သဘောကတော့ ဒီမိုကရေစီအပြောင်းအလဲအတွက် ပဋိညာဉ်လိုအပ်မှုကို အဓိကထားမီးမောင်း ထိုးပြထားတာဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲရဲ့ အချက်အချာလက္ခဏာမှာ မရေရာမသေချာမှုသာ ဖြစ် လေ့ရှိတယ်လို့ ဒီမိုကရက်တိုက်ဇေးရှင်းကျွမ်းကျင်သူတွေဖြစ်တဲ့ ဂူလီရာမို၊ အိုဒေါ်နယ်နဲ့ ဖစ်လစ်ပီရှမစ်ထာ တို့ က အကဲဖြတ်ကြတဲ့အတိုင်း အစိုးရစနစ်တစ်ရပ်ကနေ အခြားတစ်ရပ်ကိုပြောင်းတဲ့အခါအတိုင်း အနည်းဆုံး ယှဉ်ပြိုင်မှုနှစ်မျိုးလောက်ကို တစ်ပြိုင်နက်တည်းကြုံရတတ်တယ်လို့ လာရီဒိုင်းမွန်းကဆိုပါတယ်။ ပထမယှဉ်ပြိုင် မှုဟာ အာဏာနဲ့ပေါ်လစီအကျိုးဆက်အတွက် ယှဉ်ပြိုင်မှုနဲ့ နောက်တစ်မျိုးကတော့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ် ထုံးလုပ်နည်း သတ်မှတ်ပုံဖော်နိုင်ဖို့ လုံးပန်းရတဲ့ဖွဲ့စည်းပုံဆိုင်ရာ ယှဉ်ပြိုင်မှုဖြစ်တယ်။ အဲဒီစည်းကမ်းလုပ်ထုံး လုပ်နည်းတွေကပဲ အနာဂတ်ကာလအောင်မြင်မှုနဲ့ အရေးနိမ့်မှုတွေကို သတ်မှတ်ပြဋ္ဌာန်းပေးသွားမယ်လို့ သူက ဆိုခဲ့ပါတယ်။ အစဉ်အလာ အာဏာပိုင်စိုးသူတွေကြားထဲမှာပင် အပြောင်းအလဲကာလမှာ သဘောထား ပျော့ ပျောင်းသူနဲ့ တင်းမာသူတွေရှိသလိုသဘောထားပျော့ပျောင်းသူတွေဟာ အာဏာပိုင်စိုးမှု အစိတ်အပိုင်းတစ်ရပ် ဖြစ်ပေမဲ့ စနစ်ဟောင်းအတိုင်းသွားဖို့မဖြစ်နိုင်တာကိုသဘောပေါက်ကြသူတွေ ဖြစ်တယ်လို့ သူကဆိုပါတယ်။ အာဏာပိုင်စိုးမှုမှရွေ့လာတဲ့ အပြောင်းအလဲတွေမှာ အထက်ပါ အခင်းအကျင်းမျိုးကို တွေ့ရတတ်သလိုပဲ အ တိုက်အခံ အင်အားစုအသီးသီးအကြားမှာလည်း အစွန်းရောက်သူတွေနဲ့ အစွန်းမရောက်သူတွေဆိုတဲ့ အစိတ် အပိုင်းနှစ်ရပ် ကွဲလာတတ်တယ်လို့ဆိုပါတယ်။ ဒီမိုကရေစီအပြောင်းအလဲကိုဦးတည်ဖို့ဆိုရာမှာ စေ့စပ်ညှိနှိုင်းမှုမှ အပအခြားမရှိလို့ လာရီဒိုင်းမွန်းကဆိုသလို အပြောင်းအလဲပဋိညာဉ်ဆိုတာ သဘာဝအရပင် လက်တွေ့သဘော တူချမှတ်ဖို့ ခက်ခဲတတ်တယ်လို့ ဆိုပါတယ်။ သဘောတူပဋိညာဉ်တစ်ရပ်ရဲ့ ဗဟိုအူတိုင်နေရာမှာ ရှိနေတာက နှစ်ဖက်ဆွေးနွေးညှိနှိုင်းရတဲ့ကြားအဖြေပဲ ဖြစ်သလိုကြားအဖြေနဲ့သာ အုပ်စုအသီးသီးရဲ့လုပ်ပိုင်ခွင့် အကျိုးစီးပွား တွေကို အပြန်အလှန်အာမခံပြီး တဖက်နဲ့တစ်ဖက် ထိခိုက်နစ်နာစေတဲ့ လုပ်နည်းလုပ် ဟန်အစွမ်းအစတွေကို စွန့်လွှတ်လျှော့ပေါ့ဖို့ သဘောတူနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ပဋိညာဉ်ရှိမှသာ တစ်ဘက်နဲ့တဘက်အပြန် အ လှန်လုံခြုံမှုရှိတဲ့ စနစ်တစ်ရပ်လိုအပ်မှု၊ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ရန်ပြုတာက သဘောထားကြီးကြီး အ ပြန်အလှန်သည်းခံကြတာထက်ပိုပြီး တန်ဖိုးကြီးပေးဆပ်ရကြောင်း နှစ်ဖက်စလုံးကနားလည်လက်ခံနိုင်မှာဖြစ် တယ်လို့သူကဆိုပါတယ်။ ဖြေရှင်းစရာပြဿနာများလာလေလော အပြောင်းအလဲဖြစ်စဉ်တွေ ပိုပြီးခက်ခဲသိမ်မွေ့ လာလေလေဖြစ်ပြီး ပေါ်လစီနဲ့အကျိုးစီးပွားတွေ၊ ကစားပွဲစည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်တဲ့ ရင်ဆိုင်ယှဉ် ပြိုင်မှုတွေကိုလည်း ရင်ဆိုင်ရမှာဖြစ်သလို စီးပွားရေးကဏ္ဍ၊ ဖွဲ့စည်းပုံ၊ လက် နက်ကိုင်တပ်တွေရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတော်ရဲ့ သဘောသဘာဝနဲ့အကန့်အသတ် စတဲ့ဘက်တွေမှာလည်းကျားကုတ်ကျားခဲ ဖြေရှင်းရမှာဖြစ် တယ်လို့ အဲဒီဆောင်းပါးမှာ ဆိုထားပါတယ်။ အာဏာပိုင်စနစ်ကနေ ဒီမိုကရေစီအပြောင်းအလဲ၊ စစ်ဘက်အုပ် ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်မှု လက်ဝါးကြီးအုပ်စီးပွားရေးကနေ တံခါးပိတ်စီးပွားရေး၊ လူမျိုးစုစည်းလုံးညီညွတ် ရေးပြိုကွဲနေတဲ့ အဖြစ်ကနေ၊ ပိုမိုညီညွတ်မှုအားကောင်းမှုနဲ့အတူ ပြည်ထောင်စုအဖြစ် ကူးပြောင်းမှုတွေဟာ တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရတဲ့အချက်တွေဖြစ်သလို အဲဒီအချက်တွေဟာ ဒီမိုကရက်တိုက်ဇေးရှင်းနဲ့ ခွဲမရ အောင်ဆက်စပ်နေတဲ့အချက်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ ညီညွတ်သော အတိုက်အခံ၊ ဒီမိုကရေစီ အတွေ့အ ကြုံအတော်အတန်ကြီးမားတဲ့ လူလတ်တန်းစား၊ သန်စွမ်းတဲ့အရပ်ဘက်အဖွဲ့အစည်း၊ ခေတ်သစ် သတင်းဆက် သွယ်မှုနည်းပညာကျယ် ပြန့်စွာရရှိနိုင်မှုနဲ့ ဒီမိုကရေစီထုံကူးနိုင်တဲ့ဒေသတွင်း ဆက်စပ်အခြေအနေတွေက အား နည်းနေတယ်လို့ ဆိုထားပါတယ်။

အဲဒီဆောင်းပါးထွက်လာတဲ့ အချိန်တုန်းက ၂ဝ၁၅ ရွေးကောက်ပွဲလုပ်ဖို့ သုံးနှစ်လောက်လိုသေးတဲ့ အ ချိန်ဖြစ်သလို ရွေးကောက်ပွဲက သုံးနှစ်လောက်လိုသေးတဲ့အတွက် နိုင်ငံရေးဖြစ်စဉ်ဆိုင်ရာပြဿနာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေစုဖွဲ့မှု၊ လူမျိုးစုပဋိပက္ခဖြေရှင်းရေးဆိုင်ရာ နည်းနာတွေကပဲ  မြန်မာနိုင်ငံရင်ဆိုင်ရမယ့်သော့ချက် အကျဆုံး စိန်ခေါ်ချက်တွေဖြစ်နေတယ်လို့ လာရီဒိုင်းမွန်းက ဆိုခဲ့ပါတယ်။ အစိုးရနဲ့ ဒီမိုကရက်တစ် အတိုက်အခံ အကြား၊ အရပ်ဘက်နဲ့စစ်ဘက်အကြား ၊ အဓိကအတိုက်အခံဖြစ်တဲ့ အင်န်အယ်လ်ဒီနဲ့ အခြားပါတီတွေအကြား၊ အများစုဗမာတွေနဲ့ လူနည်းစုလူမျိုးတွေအကြားသိမ်မွေ့ရှုပ်ထွေးနိုင်ပေမဲ့ မပျက်ပြယ်နိုင်တဲ့ကြားအဖြေ သဘော တူညီချက်ရဖို့ အလေးအနက်ဆွေး နွေးဖို့လိုတယ်လို့ လာရီဒိုင်းမွန်းက ဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်သည်ပင်လျှင် အရာအားလုံးကို ကိုယ်စားပြုနိုင်မယ့်လူ့အဖွဲ့အစည်းမျိုးမဟုတ်တဲ့အတွက် ပဒေသာစုံလင် လူ့အဖွဲ့အစည်းရှိနေတဲ့မြန်မာအဖို့ အင်အားစုအားလုံးပါတဲ့ကျယ်ပြန့်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဖြစ်ဖို့လိုတယ်လို့ ၂ဝ၁၂ ခုနစ်ကတည်းက လာရီဒိုင်းမွန်းကဆိုခဲ့သလို ပဋိညာဉ်နဲ့မျှခြေမရှိဘဲသွားနေတဲ့ ကူးပြောင်းမှုက ရေရှည် မှာ အောင်မြင်မှာမဟုတ်ဘူးလို့ သူကဟောကိန်းထုတ်ခဲ့ပါတယ်။

အခု ၂ဝ၁၈ မှာလည်း ပဋိညာဉ်လိုအပ်မှုဆိုတဲ့အသံကို ကြားလာခဲ့ရပါတယ်။ အခုကြားလာခဲ့ရတဲ့အချိန် ကတော့ ငြိမ်းချမ်းရေးညီလာခံ သုံးကြိမ်ကျင်းပပြီးချိန်နဲ့လည်း သက်ဆိုင်နေပါတယ်။ အားလုံး သိကြတဲ့အတိုင်းပဲ အငြင်းပွားစရာအမြောက်အမြားရှိနေတဲ့ ညီလာခံဖြစ်နေသလို ညီလာခံတက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကိုယ်တိုင် ညီလာခံရွှေ့ဆိုင်းဖို့ တောင်းဆိုလာရတဲ့ အခြေအနေကို ရောက်နေခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းကပဲ ဘီဘီစီရဲ့မေးမြန်းခန်းတစ်ခုမှာ အန်င်စီအေ အပစ်ရပ်စာချုပ်အရ ဆက် လက်ကျင်းပနေတဲ့ အမျိုးသားဆွေးနွေးမှုအကြို လူထုတွေ့ဆုံပွဲတွေကို စစ်တပ်ဘက်က ဘာကြောင့်ဟန့် တား နေသလဲဆိုတဲ့မေးခွန်းအပေါ် နိုင်ငံရေးလေ့လာသူ ဦးမင်းဇင်က ‘ အခုလုပ်နေတဲ့ လူထုဆွေးနွေးပွဲ ရှမ်းလိုဟာ မျိုးက အစဉ်အဆက်အရ တပ်ကသတိထားတယ်။ ၁၉၆ဝ ကျော်လောက်ကတည်းက အစဉ်အဆက် တိုင်းရင်း သားတွေကိုင်စွဲလာတဲ့ ဖက်ဒရယ်ရှမ်းမူကို လူထုဆန္ဒအရဆိုပြီး ငြိမ်းချမ်းရေးညီလာခံတွေမှာ တင်လာမလား ဆိုတဲ့စိုးရိမ်ချက်ရှိတယ်။ တစ်ဖက်မှာလည်းအခုလို အင်န်စီအေစာချုပ်အရ လုပ်နေတဲ့ဆွေးနွေး ပွဲတွေကိုကန့် သတ်မှုတွေရှိနေတာဟာ အစိုးရနဲ့တပ်နဲ့အကြား နိုင်ငံရေး ပဋိညာဉ် ရှိသေးပုံမရဘူးဆိုတာလည်း ပေါ်လွင်စေသ လို ဖြစ်နေနိုင်တယ်။ ‘ လို့ ပြောထားခဲ့ပါတယ်။ ပြန်ကြည့်ရင် အခုလို နောက်ထပ်ရွေးကောက် ပွဲတစ်ရပ်ကျင်းပဖို့ နှစ်နှစ်လောက်ပဲလိုတော့တဲ့အချိန်တနည်းအားဖြင့် ၂ဝဝ၈ အခြေခံဥပဒေကို အသုံးပြုလာတာ ခုနစ်နှစ်လောက် ရောက်လာချိန်အထိ အုပ်စုအသီးသီးအကြား နိုင်ငံရေးမျှခြေတစ်ရပ် မပေါ်သေးတာကိုညွှန်းဆိုနေရာရောက်တဲ့ အခင်းအကျင်း လည်းဖြစ်နေပါတယ်။

ဥပမာအားဖြင့် ရှမ်းလူထုဆွေးနွေးပွဲတွေကျင်းပခွင့်ကို အင်န်အယ်လ်ဒီကချုပ်ကိုင်ထားတဲ့ ရှမ်းပြည်နယ် အစိုးရက စတင်ခွင့်ပြုခဲ့တာဖြစ်ပြီး စစ်တပ်ကဟန့်တားခဲ့တဲ့ နောက်ပိုင်းမှာမှ ဗဟိုအစိုးရဘက်ကပါ ကျင်းပခွင့်ကို ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမှာ လူထုအခြေပြုမှုဆိုတာ ကောင်းမွန်တဲ့အချက်ဖြစ်ပေမဲ့ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ဆက်စပ်ထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှု အလွန်အမင်းကျဆင်းနေချိန် လူထုစည်းဝေးပွဲတွေဟာ အခြေခံဥပဒေကာကွယ်ရမယ်လို့ အော်နေတဲ့တပ်အဖို့ အထိမခံစရာအခြေ အနေ တစ်ရပ်ဖြစ်နေနိုင်ပါတယ်။ လာရီဒိုင်းမွန်းတိုက်တွန်းခဲ့တဲ့ ကာလနဲ့ယှဉ်ရင် တော့ အခုအချိန်မှာ အရပ်သားအစိုးရ တက်လာခဲ့တာဟာ အဆင့်တစ်ဆင့်တက်လာတယ်ဆိုနိုင်ပေမဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ချမှတ် ထားတဲ့မူဘောင်အတွင်းက ဆွေးနွေးပွဲကျင်းပခွင့်တောင် လွန်ဆွဲနေတာဟာ အုပ်စုအသီးသီးအ ကြားမှာမကဘဲ အာဏာထိုင်ခုံပေါ်ကတပ်နဲ့ အစိုးရအကြားမှာတောင် ငြိမ်းချမ်းရေးနဲ့ပြည်ထောင်စု တည်ဆောက်မှုအတွက် ဘယ်အချိန်ဘယ်ကာလအတွင်း ဘယ်လောက်သွားလိမ့်မလဲဆိုတဲ့ သဘောတူညီချက်မျှခြေမရှိတာ ထင်ရှားနေ ပါတယ်။

မကြာသေးခင်က ဒီဗွီဘီသတင်းဌာနနဲ့လုပ်ခဲ့တဲ့ မေးမြန်းခန်းတစ်ခုမှာ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ကော သမ္မတဦးထင်ကျော်လက်ထက်မှာပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြံပေးလုပ်ခဲ့သူ ဒေါက်တာ မင်းဇော်ဦး က ‘ ငြိမ်းချမ်းရေးဆိုတာလည်း နိုင်ငံတော်လုံခြုံရေးကိစ္စဖြစ်တယ်။ အဲတော့ အဓိကတာဝန်ရှိသူတွေအကြား အရင်အစိုးရ လက်ထက်မှာတော့ ပုံမှန်ဆွေးနွေးမှုရှိတယ်ပေါ့လေ။ အခုလက်ရှိအချိန်မှာအဓိက တာဝန်ရှိနေ တာကသုံးဦးပေါ့။ အဓိက တိုင်းပြည်မှာဆုံးဖြတ်ရမဲ့သူကသုံးဦးရှိတယ်။ သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်ပေါ့လေ။ ဒီသုံးယောက်ပါဝင်ပြီး အခြားသူတွေပါဝင်တဲ့ ဆွေးနွေးတဲ့ ပလက်ဖောင်းမျိုးရှိသင့်ပါတယ်။’ လို့ပြောဆိုထားတာ သတိထားမိပါတယ်။

တစ်ချိန်တည်းမှာလည်း ၂၁ ပင်လုံ စတင်ကျင်းပမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က စပြောတော့ တပ်မတော်နဲ့အစိုးရအကြား အရင်ဆွေးနွေးပြီးဘယ်လောက်အတိုင်းအတာအထိ သွားနိုင်မယ်ဆိုတဲ့ သဘော တူညီချက်စတင်ရှိပြီးမှတိုင်းရင်းသားတွေနဲ့ ဆွေးနွေးတာပိုအဆင်ပြေလိမ့်မယ်ဆိုပြီး ရှမ်းခေါင်းဆောင် ခွန်ထွန်း ဦး ပြောဆိုခဲ့တာကို အမှတ်ရမိပါတယ်။

 

(၃) နိုင်ငံရေးရပ်တည်မှုအသာထား ၊ ဘောင်ထဲက အကျိုးစီးပွားတောင် လိုက်လျောချက်မရှိ

သဘောတူညီနိုင်တဲ့အချက်တွေကို အရင်စဉ်းစားဆွေးနွေးကြတာပေါ့ဆိုတဲ့ စကားလုံးဟာ ဆွေးနွေးစေ့ စပ်ညှိနှိုင်းမှုတွေတိုင်းမှာလိုလို ကြားနေကျစကားလုံးလည်း ဖြစ်ပါတယ်။ ‘ ရပ်တည်ချက်တွေထက် အကျိုးစီးပွား လိုလားချက်တွေကို အဓိကညှိနှိုင်းကြပါ ‘ ဆိုတဲ့ သဘောတရားက စေ့စပ်ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ လက်စွဲ ကျမ်းစာအုပ်ဖြစ်တဲ့ Getting to yess ရဲ့ အဓိကကျောရိုးလည်းဖြစ်ပါတယ်။ အင်န်စီအေ စာချုပ်အရသွားနေတဲ့ အပစ်ရပ်စဲရေးနဲ့နိုင်ငံရေးဆွေးနွေးမှု ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်လည်း အများနဲ့ သက်ဆိုင်တဲ့အကျိုးစီးပွား၊တစ်ဖွဲ့ ချင်းရပ်တည်မှုကိစ္စရပ်တွေနဲ့ နိုင်ငံရေးရပ်တည်မှုဆိုင်ရာ ဆွေးနွေးမှုတွေ ဆိုပြီးခွဲခြမ်းစိတ်ဖြာနိုင်တာဖြစ်ပါတယ်။

Myanmar new president Htin Kyaw (L) and Myanmar democracy leader Aung San Suu Kyi (R) arrive at the Union Parliament to take oath in Naypyitaw, Myanmar, 30 March 2016. It is the first Myanmar’s elected civilian-led government in more than 50 years. EPA/HEIN HTET

စာချုပ်ကြောင့် တိုက်ပွဲတွေနည်းသွားတာ၊ ပဋိပက္ခနည်းသွားလို့ အဲဒီသက်ဆိုင်ရာဒေသတွေမှာ အရပ်သားအသေအပျောက် နည်းသွားတာ စတဲ့ကိစ္စတွေက တစ်ဖွဲ့ချင်းရောအများနဲ့ပါဆိုင်ရာ အကျိုးစီးပွားကိစ္စ ရပ်တွေဖြစ်ပါတယ်။ အဲလိုကိစ္စရပ်တွေကို ရေရှည်ထိန်းသိမ်းနိုင်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်နိုင်တာ၊ တစ်ဖက်နဲ့ တစ်ဖက် သံသယကင်းကင်းပြန်လည်ထူထောင်ရေးတွေ လုပ်နိုင်တာ၊ စစ်ဘေးရှောင်ပြန်လည်နေရာ ချထားရေး လုပ်နိုင်တာ၊ နိုင်ငံသားဖြစ်မှုကိစ္စရပ်တွေအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်တာ ပိုမိုစနစ်ကျတဲ့ လက်နက်ကိုင်တွေအကြား နယ်မြေသတ်မှတ်မှုတွေလုပ်ပြီး ဖွံဖြိုးရေးနဲ့ စီမံခန့်ခွဲပိုင်ခွင့်တွေ သတ်မှတ်ပေးတာ စတဲ့ကိစ္စရပ်တွေကလည်း အများနဲ့သက်ဆိုင်တဲ့ အကျိုးစီးပွားဆိုင်ရာကိစ္စရပ်တွေဖြစ်ပါတယ်။ မကြာသေးခင်က ပဲ ကေအင်န်ယူကအထွေထွေအတွင်းရေးမှူးဖြစ်သူနဲ့ အခမ်းအနားတစ်ခုမှာတွေ့တော့ ‘အပစ်ရပ်လိုက်တဲ့အ တွက် အရပ်သားသေကျေမှု၊ပဋိပက္ခဖြစ်ပွားမှုတွေ အများကြီးလျှော့ချနိုင်ခဲ့တယ်။ ဒါပေမဲ့နိုင်ငံရေးအရ ရှေ့မတိုး မှုတွေ ပြန်လည်ထူထောင်ရေး၊ တပ်နေရာချထားရေး၊ ဖွံ့ဖြိုးရေးနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ အကန့်အသတ်တွေ၊ စစ်ဘေးရှောင်နေရာချထားရေးမပြေလည်မှုတွေနဲ့ သူတို့ရဲ့ရိက္ခာအခက်အခဲကြုံလာရမှုတွေက အင်န်စီအေအ ပေါ် ကရင်လူမှုအဖွဲ့အစည်း တချို့ရဲ့သံသယကို ထင်ဟပ်စေတဲ့အရာပဲဖြစ်နေတယ်။ ‘ လို့သူက ပြောခဲ့ပါတယ်။ တစ်ဖွဲ့ချင်းစီအလိုက် ကုမ္ပဏီနဲ့စီးပွားရေးလုပ်ငန်းတွေ ပေးထောင်ရုံသက်သက်လောက်နဲ့လုပ်တဲ့ ငြိမ်းချမ်းရေး ဟာ ရေရှည်မခံတတ်ဘူးဆိုတာလည်း အရင်စစ်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ငြိမ်းချမ်းရေးဖြစ်စဉ်က သက်သေ ခံလျက်ရှိနေပါတယ်။ အဲဒီလို သိမ်းသွင်းမှုတွေဟာ အကျိုးစီးပွားခေါင်းစဉ်ထဲ အကျုံးဝင်နိုင်ပေမဲ့တစ်ဖွဲ့ချင်း (သို့မ ဟုတ်)များသောအားဖြင့် လက်တစ်ဆုပ်စာ ခေါင်းဆောင်ပိုင်းတွေရဲ့အကျိုးစီးပွားအတွက်လောက်သာ သေချာ ပေါက်ဖြစ်လာမှာဖြစ်ပါတယ်။

ခေါင်းဆောင်တဦး ဒါမှမဟုတ်ခေါင်းဆောင်အချို့နဲ့သာ အဆင်ပြေအောင်လုပ်ပြီး ငြိမ်းချမ်းရေးလုပ်တဲ့ အတွက်တပ်ဖွဲ့တွင်းက အခြားအင်အားစုတွေကသော်လည်းကောင်း ဒေသခံတွေကဖြစ်စေ သူတို့ရဲ့ဘဝတွေနဲ့ ဒေသတွင်းအခြေအနေထူး ခြားမလာဘူးလို့မှတ်ယူလာခဲ့ရင် ဒါမှမဟုတ် လူထုရဲ့ဖိအားကဒေသတွင်း လက်နက် ကိုင်တွေကိုတွန်းအားဖြစ်စေခဲ့ရင် တခြားအုပ်စုတွေက အာဏာသိမ်းပြီး အာခံတဲ့ သမိုင်းသာဓကတွေ ရှိခဲ့ဖူးတာ ကြောင့်လည်း ဖြစ်ပါတယ်။ ( ဥပမာ – စစ်အစိုးရလက်ထက်က ကေအိုင်အို၊ ရှမ်း မြောကSSPP\SSA တို့နဲ့ တစ်ဖွဲ့ ချင်းအပစ်ရပ်ခဲ့ပေမဲ့ အဲဒီအပစ်ရပ်စဲရေးစာချုပ်တွေဟာ ကျိုးပျက်ခဲ့ )

ဒါ့အပြင် အပစ်ရပ်နယ်မြေတွေအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြားမှာသော်လည်းကောင်း၊ ဒေသခံ တွေနဲ့ လက်နက်ကိုင်တပ်တွေအကြားမှာသော်လည်းကောင်း ယုံကြည်မှုတိုးတက်မလာသေးခင် တပ်တွေ တိုးချ တာ တပ်လှုပ်ရှားမှုများလာတာတွေဟာ ယုံကြည်မှုအကြီးအကျယ်ထိခိုက်နိုင်တဲ့ကိစ္စတွေလည်း ဖြစ်ပါတယ်။

အစိုးရကိုယ်တိုင်က ငြိမ်းချမ်းရေးမှာ ကရင်မိုဒယ်ဆိုပြီး ချီးကျူးနေပေမဲ့ မကြာသေးခင်က ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ စစ်တပ်ဖြစ်တဲ့ ကေအင်န်အယ်လ်အေက ၂၁ ပင်လုံအစည်းအဝေးတွေ ရွှေ့ ဆိုင်းဖို့ တောင်းဆိုခဲ့တာကိုကြည့်ရင်ပဲလက် ရှိအခြေအနေကို ဘယ်လောက်သံသယရှိနေသလဲဆိုတာမြင်တွေ့ နိုင်ပါတယ်။

‘တကယ်တော့ အပစ်ရပ်အဖွဲ့တွေထဲတော်တော်ရိုရိုကျိုးကျိုးရှိတာ ကရင်တပ်တွေပဲ။ စစ်ရေးလည်း သိပ် လှုပ်ရှားမှုမရှိသလို သူ့နေရာပဲသူနေတာ၊ ဒါကို ဒီဘက်ကတပ်တွေက သူတို့တွေနယ်ထဲခဏခဏ ဝင်ဝင်သွား တော့ ကြာတော့ဘယ်သည်းခံနိုင်မလဲ။ နိုင်ငံရေး သဘောမတူနိုင်သေးခင် စစ်ရေးအရ ဖိအားပေးပြီး လက်နက် ဖြုတ်သိမ်းခိုင်းမှာကြောက်လာတာပေါ့’လို့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ သတင်းတွေကို ကာလအတန်ကြာရေး သားနေတဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

ရပ်တည်ချက် အသာစီးရလိုမှုနဲ့ထုတ်ဖော်ထားသော အခြေအနေတစ်ရပ်နောက်မှာရှိတဲ့ အကျိုးစီးပွား လိုလားချက်တွေမှာ သူတို့ကိုစေ့ဆော်ပေးနေတဲ့ စိုးရိမ်ပူပန်မှုတွေကိုရှာကြည့်ဖို့လိုတယ်လို့ Getting to Yes မှာ ဖော်ပြထားပါတယ်။ အဲဒီအခြေခံလိုအပ်ချက်တွေကို ဂရုစိုက်မယ်ဆိုရင် သဘောတူညီချက်ရယူနိုင်မယ့် အခွင့် အရေးဖြစ်ထွန်းလာဖို့ ဖန်တီးလိုက်နိုင်ရုံသာမက တစ်ဖက်အုပ်စုအနေနဲ့လည်းသဘောတူညီချက် ဆက်လက် ထိန်းသိမ်းနိုင်အောင်လုပ်ဆောင်ပေးရာရောက်တယ်လို့ ဆိုပါတယ်။

လူသားတစ်ဦးရဲ့ အခြေခံ လိုအပ်ချက် တွေက

–    လုံခြုံရေး

–    စီးပွားဓန

–    အစားအသောက်၊ နေထိုင်စရာ၊ မိသားစု၊ လူမျိုးစု၊ ဘာသာရေး

–  အသိအမှတ်ပြုခံရရေး တို့ဟာ အရေးပါတဲ့ အချက်တွေပဲဖြစ်ပါတယ်။

 (၄) ညီညွတ်ရေး သမူဟကွဲလွဲ မှုနဲ့အတူ

၂ဝ၁ဝ နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာပြီးနောက်တစ်နေ့ပြုလုပ်သည့် ရွှေဂုံတိုင်မှ လူထုတွေ့ဆုံပွဲတွင် အားလုံးညီညွတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ပါတယ်။ မကြာခဏဆိုသလိုလည်း ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးတို့ကို ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား အင်အားစုတွေအကြားဆက်ဆံရေးက လွန်ခဲ့တဲ့နှစ်တွေအတွင်း ယိုယွင်းလာနေတယ်ဆိုတာ ဘယ်လိုအချက် တွေနဲ့ပဲ ကြည့်ကြည့် ငြင်းမရတဲ့အချက်ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက် ကတည်းကပုံမှန်ဆက်ဆံရေးရှိခဲ့တဲ့ ယူအင်န်အေ မဟာမိတ်အဖွဲ့နဲ့တောင်ဆက် ဆံရေးမကောင်းတော့ပါ။

တပ်မတော်ဆိုရင်လည်း ညီညွတ်ရေး၊ ငြိမ်းချမ်းရေးကို မကြာခဏပြောဆိုတာတွေ့ရသလို တိုင်းရင်း သားလက်နက်ကိုင်တွေဘက်ကလည်း မကြာခဏပြောဆိုနေတာပါ။ လတ်တလောကချင်ပြည်နယ်နဲ့ ရှမ်း မြောက်က ကက်သလစ်ဆရာတော်တွေနဲ့တွေ့ဆုံမှုမှာတပ်မတော်သာ ငြိမ်းချမ်းရေးအလိုချင်ဆုံးလို့ တပ်ချုပ်က ပြောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ညီညွတ်ရေးအခြေခံမူကတိုင်းရင်းသားအများစုက ငြိမ်းချမ်းရေး အတွက်အဖြေလို့ယူဆထားတဲ့ ၁၉၄၇ ခုနှစ် ပင်လုံကတိကဝတ်လို ကိစ္စမျိုးတွေကိုလက်မခံပါ။ အစိုးရတက်ပြီးစ ၂ဝ၁၆ ခုနစ် ဇူလိုင်လက International Crisis Group ရဲ့ မြန်မာ့အရေး ရီပို့မှာဆိုရင် ‘ဒေါ်အောင်ဆန်းစုကြည် က မပြတ်မသားမရေမရာအဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ၂၁ ပင်လုံကွန်ဖရင့်ကို နှစ်လအတွင်းကျင်းပမယ်လို့ ကြေညာ ခဲ့ပြီးနောက်မှာ ဘယ်နိုင်ငံရေးခေါင်းဆောင်နဲ့မှ ကြိုတင်ညှိနှိုင်းကြေညာခဲ့ခြင်းမရှိတဲ့ ၂၁ ပင်လုံအဆိုပြုချက် အသစ်ရဲ့အနှစ်သာရပိုင်းရော ကြေညာပုံကြေညာနည်းတွေမှာပါ စိုးရိမ်မကင်းဖြစ်မှုတွေပေါ်ပေါက်လာတယ်။ အ ဒီလိုဖြစ်နေတဲ့အဖွဲ့တွေထဲမှာ အင်န်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားတဲ့ အဖွဲ့တွေလည်း ပါဝင်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အစိုးရတက်တက်ချင်းကတည်းက ကနဦးခြေလှမ်းအမှားတွေရှိခဲ့ တယ်’ လို့ ရေးသားဖော်ပြထားပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ ၂ဝ၁၈ လွတ်လပ်ရေးနေ့မိန့်ခွန်းမှာဆိုရင် ခေတ်အဆက်ဆက် စစ်အစိုးရတွေက ပြည်တွင်းစစ်ရဲ့အကြောင်းပြချက်အဖြစ်သုံးခဲ့တဲ့ အကြောင်းပြချက်ဖြစ်တဲ့ ကိုလိုနီစနစ်ရဲ့သွေးခွဲအုပ်ချုပ် မှုတွေ ကြောင့်ဆိုတဲ့အချက်ကို ထည့်သွင်းပြောဆိုလာတာလည်း သတိထားမိပါတယ်။ တိုင်းရင်းသားအများစုကတော့ ပင်လုံကတိကဝတ်ပျက်တာကြောင့် ပြည်တွင်းစစ်ဆိုတာမျိုးကို အမြဲပြောဆိုလေ့ရှိသလို ပင်လုံကတိကဝတ်အ ကောင်အထည်ဖော်ပေးမှုကသာ ညီညွတ်တဲ့နိုင်ငံတည်ဆောက်ဖို့အတွက် အဓိကအကြောင်းအရာလို့ပြောဆို လေ့ရှိတာပါ။ တပ်မတော်ကတော့ ပင်လုံစာချုပ်ကတိကဝတ်အသုံးအနှုန်းတွေကိုကြိုက်ဟန်မတူပါ။ အသုံးနည်း လှသလို ၂၁ ပင်လုံအစည်းအဝေးကိုတောင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလို့သာသုံးနှုန်းလေ့ရှိတာ သတိ ထားမိပါတယ်။ ၂ဝဝ၈အခြေခံ ဥပဒေကိုလည်း ဖက်ဒရယ်ဝိသေသလက္ခ ဏာတွေပါတယ်လို့ တပ်ချုပ်ကဆိုခဲ့ဖူး ပါတယ်။ တစ်ချိန်တည်းမှာလည်း သူပြောပြောနေတဲ့ အင်န်စီအေကို တပ်မတော်ကိုယ် တိုင်ကျော်လွန်လုပ် ဆောင်နေသလားဆိုတာလူထုဆွေးနွေးပွဲ ပိတ်ပင်ခံရမှုတွေလိုကိစ္စတွေ အပစ်ရပ်နယ်မြေတွေအတွင်း တပ်တွေ ရွှေ့ပြောင်းမှုလိုကိစ္စတွေကိုပဲကြည့်ရင် သိသာနေပါတယ်။ ဒါမှမဟုတ် အင်န်စီအေကိုလိုသလို အဓိပ္ပာယ်ဖွင့် ကြသလား ဆိုတာလည်းစဉ်းစားစရာရှိပါတယ်။ တစ်ချိန်တည်းမှာ စဉ်းစားစရာရှိတာက အရင်လိုနိုင်ငံရေးအရ ကာထားပေးတဲ့အဖွဲ့အစည်း (ဥပမာ-ဦးသိန်းစိန်အစိုးရလို)မရှိတော့တဲ့အတွက် ပိုပြီးအထိမခံနဲ့ စိုးရိမ်တကြီး လုပ် လာသလားဆိုတာကအစ ထည့်စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ သေချာတာကတော့ Ethno Nationalism တိုင်းရင်းသားအခြေပြု အမျိုးသားရေးဝါဒကို အားမကောင်းလာအောင် လူမျိုးစုတွေအတွင်း မတူညီတဲ့ နိုင်ငံရေး ပါတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်တွေ တစ်သံတည်းထွက်လာမှာကိုလည်းစိုးရိမ်နေတာ အ ထင်းသားမြင်နေရပါတယ်။

အပစ်မရပ်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးမ ဖြစ်လို့မစည်းလုံးတာ(သို့မဟုတ်) ခွဲခြားဆက်ဆံခံရလို့ အပစ်မရပ်တာစတဲ့ အကြောင်းပြချက်တွေလည်း ရှိနေ ပါတယ်။ တချို့လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေကိုတန်းတူအခွင့်အရေးမပေးဘဲ ချန်ထားပြီး နိုင်ငံရေးကစားချင် တာစတဲ့ စွပ်စွဲချက်တွေလည်းရှိပါတယ်။

ပြန်ကြည့်မယ်ဆိုရင် လစ်ဘရယ်လိုက်ဇေးရှင်းဖွင့်လိုက်ကတည်းက ဒီမိုကရေစီ ခိုင်မာအားကောင်း အောင်ဆောင်ရွက်ရေး ၊တပ်နိုင်ငံရေးမှဆုတ်ခွာရေးနဲ့ ပရော်ဖက်ရှင်နယ်စစ်တပ်ဖြစ်ရေး ၊ ငြိမ်းချမ်းရေးတို့မှာ တစ်ပြိုင်နက်တည်း မဖြစ်မနေဆောင်ရွက်ရမယ့်(သို့မဟုတ်)ဆောင်ရွက်နေရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ တိုင်းရင်း သားလူမျိုးစုအများအပြားရှိတဲ့ နိုင်ငံတွေအဖို့ ပဋိပက္ခမှာတိမ်းညွတ်မှုများပြီး ပြည်တွင်းစစ်ဖြစ်ပွားတတ်တာ သိပ် မဆန်းလှပါ။ ယင်းကဲ့သို့ မျိုးနွယ်စုများသော တိုင်းပြည်တွေမှာ ဒီမိုကရေစီ အပြောင်းအလဲလုပ်ရတာ ခက်လည်း ခက်တတ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းတွေမှာ ဒီမိုကရေစီ အဓိကလား၊ ညီညွတ်ရေးအဓိကလားဆိုတဲ့ ပြဿနာက အမြဲပေါ်လေ့ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအခြေခံမရှိတဲ့အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ခွဲထွက် ခွင့်အထိတောင်းဆိုတာတွေ ရှိတတ်တာကြောင့်လည်းဒီမိုကရေစီအဓိကဆိုတာထက် အဲဒီလိုအခြေအနေမှာ ညီ ညွတ်ရေးကို အရင်ဦးစားပေးသင့်တယ်လို့ ဘာသာရေး၊ ယဉ်ကျေးမှုအခြေခံတဲ့ ပဋိပက္ခတွေအတွင်း ကမ္ဘာကြီး ကျရောက်မယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့သူဖြစ်ပြီး အကူးအပြောင်းဆိုင်ရာ တတိယလှိုင်းကျမ်းကို ရေးသား ခဲ့သူ ပါမောက္ခဟန်တင်တန်က ဆိုပါတယ်။ စည်းလုံးညီညွတ်မှုကိုတည်ဆောက်ပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံရေး ကျင့်ထုံးတွေနဲ့အတူ နိုင်ငံရေးပါတီတွေနိုင်ငံရေး ဖွဲ့စည်းတည်ဆောက်မှုတွေကို ဖန်တီးဖို့အကြံပေးပါတယ်။ ပြီးမှ သာ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုတွေကို လိုက်ပါဆောင်ရွက်ရမယ်လို့ ဟန်တင်တန်ကဆိုပါတယ်။ ပညာရှင် Rustow ကလည်း ထိုနည်းလည်းကောင်းပင်အကြံပေးပါတယ်။ လတ်တ လောအီခံနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုကျော်လွှားဖို့တင်လာကြတဲ့ ကိစ္စတွေထဲမှာ အင်န်စီအေ မဟုတ်တဲ့လမ်း ကြောင်း၊ ဖွဲ့စည်းပုံမပြင်ရင် ငြိမ်းချမ်းရေးမရနိုင်တဲ့အတွက် လွှတ်တော်ပြင်ပလမ်းကြောင်း လူထုအားနဲ့ပြင်ရေးလို စဉ်းစားချက်မျိုး လည်းတွေ့နေရသည်လို့ ဆရာကျော်ဝင်းက လတ်တလောကာလအတွင်း သူရေးသားတဲ့  မြန်မာ့လွတ်လပ်ရေးအနှစ် ၇ဝ ဆောင်းပါးမှာဖော်ပြထားပါတယ်။ အကြောင်းကြောင်းကြောင့် အင်န်အယ်လ်ဒီ အစိုးရရဲ့ မအောင်မြင်မှုတွေကို အားမလိုအားမရဖြစ်ရာကတစ်ဆင့် ပေါ်လာတဲ့အမာလိုင်းတိမ်းညွတ် မှုဖြစ်နိုင် တယ်လို့ သူကဆိုထားပြီး ဒီမိုကရက်တိုက်ဇေးရှင်းတတိယလှိုင်း ထူးခြားချက်က အကြမ်းစားရယ်ဒီကယ် လက်နက်ကိုင်တိုက်ပွဲမဟုတ်သလို အနုစားထိပ်တိုက်ရင်ဆိုင်ရေးမဟုတ်ဘဲ စေ့စပ်ညှိနှိုင်းမှုဖြစ်တယ်လို့ အဲဒီ ဆောင်းပါးမှာ ရေးသားထားပါတယ်။ ဒါကလည်းအမှန်ပါပဲ။ တတိယလှိုင်းရဲ့အဓိကကျတဲ့ အမတေကစေ့စပ်ညှိ နှိုင်းအဖြေရှာမှု အနုပညာပဲဖြစ်ပါတယ်။

ဒါပေမဲ့ စေ့စပ်ညှိနှိုင်းမှုအနုပညာမှာ အဓိကကျတဲ့အယူအဆတစ်ရပ်လည်းရှိနေပြန်ပါတယ်။ ‘တစ်ဖက် ကသဘောထားပျော့ပျောင်းမှုကို အခြေခံညှိနှိုင်းမှုကို အသုံးပြုနေချိန်မှာ အခြားတစ်ဖက်ကတင်းမာမှုကို အခြေခံ တဲ့ညှိနှိုင်းမှုကိုအသုံးပြုနေရင်ဆွေးနွေးပွဲဖြစ်စဉ်က တစ်ဖက်သတ်နိုင်ပြီး သဘောထားတင်းမာသူကို အသာစီးရ စေလိမ့်မယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ အဲဒီလိုအခြေ အနေမှာသဘောတူညီချက်တွေကို အချိန်တိုအတွင်းရ ကောင်းရနိုင်မှာဖြစ်ပေမဲ့ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ သဘောတူညီချက်ပေါ်ထွက်ဖို့ ကိစ္စမှာတော့အာမခံနိုင် မှာမဟုတ်တဲ့တွက် ရေရှည်အောင်မြင်တဲ့ ဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ်ပေါ်ပေါက်လာဖို့အဖြေမဟုတ်လို့ Getting to Yes မှာဖော်ပြထားပါတယ်။

သေချာတာကတော့ လွတ်လပ်ရေးရတာနှစ် ၇ဝ ပြည့်လို့ကျော်လာတဲ့အထိ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေက မအောင်မြင်သေးဘူးလို့ဆိုရမှာဖြစ်သလို မလှပခဲ့တဲ့အတိတ်သံစဉ်ဟောင်းတွေ ဟာ ပြန်လည်ပဲ့တင်ထပ်လို့လာနေပြီ ဖြစ်ပါတယ်။

Ref; Rustow –Transition to Democracy William  Ury-Getting to yes Informationl Crisis Group-Transition to Democratic Goverment