“ဟန်ပြကယ်တင်ရှင်တွေလား”

 

ကျန်းမာရေး စောင့်ရှောက်မှုလို့ပြောရင် ဆေးရုံဆေးခန်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေပဲ မျက်စိထဲ ပြေးပြေး မြင်နေကြတဲ့ ဒီနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း ဘယ်လိုမှ မြင့်လာနိုင်စရာ မရှိပါဘူး။ ကျန်းမာရေးစောင့် ရှောက်မှု ညံ့တယ်လို့ပြောတိုင်းလည်း ဆေးရုံမလောက်တာ၊ ဆရာဝန်သူနာပြုမလောက်တာ၊ ဆေးဝါးပစ္စည်း မလုံလောက် တာလောက်ကိုပဲ ပြောနေဆိုနေကြတာကို တွေ့နေရပါတယ်။ သေချာတွေးကြည့်ရင် အဖြေကရှင်းရှင်းလေးပါ၊ ဆေးရုံတစ်ခု ကနေ ဆေးကုသမှုပေးရတဲ့ လူနာအရေအတွက်ဟာ အဲဒီဆေးရုံက ၀န်ဆောင်မှုပေးနိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုများနေလို့ပါ။

ဒါကို ဖြေရှင်းတဲ့ပုံစံက ဆေးရုံမှာရှိတဲ့ စွမ်းဆောင်ရည်ကို ပိုတိုးပေးလိုက်ရင် အ ဆင်ပြေမယ်ဆိုတဲ့ အယူအဆကို နိုင်ငံရေးသမားတွေ၊ မူဝါဒချမှတ်သူတွေ အသုံးပြုနေကြပြီး အဲဒီဆေးမြီးတိုနည်းပဲ အမြဲအသုံး ပြုခဲ့ကြတယ်။ မကြာခင်မှာပဲ တိုးချဲ့လိုက်တဲ့ ဆေးရုံရဲ့ ၀န်ဆောင်မှုက မလုံလောက်တော့ ပြန်ပါဘူး။ ဒီနည်းအတိုင်းဆို ရွာတိုင်းရွာတိုင်းမှာ ဆေးရုံ ဆောက်ပေးရမလိုတောင် ဖြစ်လာပါတယ်။ ဘယ်သူမှ လူနာအရေအတွက် ဘာကြောင့် များလာသလဲဆိုတဲ့ ကိစ္စကို သေချာ မစဉ်းစားကြပါဘူး။

အဓိက ပြဿနာကတော့ နိုင်ငံရေးသမားတွေ၊ ကျန်းမာရေး မူဝါဒချမှတ်သူတွေ ကိုယ်တိုင်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းရဲ့ အနှစ်သာရနဲ့ အဓိပ်္ပာယ်ကို သေချာနားလည်မှု မရှိခဲ့ကြလို့ပါ။ အရင် နအဖ လက်ထက်မှာ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု ကော်မတီရဲ့ ဥက္ကဋ္ဌဦးခင်ညွှန့်ပါ။ စစ်သားက ကျန်းမာရေးမူဝါဒ ချမှတ်တယ်ဆိုတော့ စစ်သားနည်းအတိုင်းပဲ လတ်တလော ပြဿနာတစ်ခုရဲ့အကျိုးသက် ရောက်မှုကိုပဲကြည့်ပြီး ဖြေရှင်းခဲ့လို့ ပြဿနာတစ်ခု ရှင်းတိုင်း နောက်တစ်ခုတိုးလာရင်း ထိရောက်မှု မရှိတာကို အားလုံးအသိပါ။ အခုလက်ရှိ အစိုးရလက်ထက်မှာလည်း တစ်ပွဲတိုး မူဝါဒတွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှုက ဘာမှထူးခြားလာမယ် မထင်ပါဘူး။

ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာမှာ ရောဂါဖြစ်မှ ကုပေးတာထက် ရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်တားဆီးမယ်၊ ရောဂါဖြစ်လာစေမယ့် အရာတွေမှန်သမျှကို ဘယ်လိုလျှော့ချမယ်ဆိုတဲ့ အတွေးအခေါ်ဟာ အဓိက ကျပါတယ်။ ဒါကို တစ်ကမ္ဘာလုံးလည်း လက်ခံထားတဲ့အခြေခံမူပါ။ ရောဂါဖြစ်တယ်ဆိုတာ ဖြစ်စေတဲ့ အကြောင်းရင်းတွေ ကြောင့် ဖြစ်ရတာပါ။ ရှေးဘ၀က ကုသိုလ်ကံကြောင့် မဟုတ်ပါဘူး။ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေစားရင် ကင်ဆာ ဖြစ်မယ် …. ဆေးလိပ်များများသောက်ရင် အဆုတ်ရောဂါဖြစ်မယ်၊ လေထုညစ်ညမ်းနေရင် အသက်ရှူလမ်းကြောင်း ရောဂါ ဖြစ်မယ်။ အဲဒီရောဂါဖြစ်စေတဲ့ အရာတွေကနေ ကာကွယ်တားဆီးရေးတွေကို အဓိက ဦးစားပေးပြီး လုပ်ရမယ့်အစားဖြစ်မှ ကုပေးမယ့် အစီအစဉ်ကို ဦးစားပေးခြင်းဟာ မသိလို့ လုပ်ဆောင်ခြင်းလား၊ သိရက်နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်း လားဆိုတာ စဉ်းစားစရာပါ။

ဘာကြောင့် သိရက်နဲ့ လုပ်ဆောင်နေခြင်းလားလို့ သံသယဖြစ်မိလဲဆိုတော့ အခု နိုင်ငံအနှံ့ မြို့ကြီးတွေမှာရှိတဲ့ ပုဂ်္ဂလိက ဆေးရုံ ဆေးခန်းတွေကို ပိုင်ဆိုင်သူအများစုဟာ ဆေးလောကမှာ တာဝန်ကြီးကြီး ရာထူးကြီးကြီးယူထားခဲ့ကြဖူးသူ၊ ယူနေကြသူတွေများပါတယ်။ ဒါမှမဟုတ် သူတို့တစ်တွေရဲ့ သားသမီးနဲ့ ဆွေမျိုးတွေပါပဲ။ ပုဂ္ဂလိက လုပ်ငန်းရဲ့အဓိက ရည်ရွယ်ချက်က အကျိုးအမြတ်ပါ။ လူတွေကိုကယ်ဖို့ မဟုတ်ပါဘူး။ လူတွေ မကျန်းမာနေသမျှကာလပတ်လုံး သူတို့အတွက် အကျိုးအမြတ်က များစွာဖြစ်ထွန်းနေပါတယ်။ လူတွေကျန်းမာရေး အဆင့်အတန်းမြင့်လာရင် သူတို့တစ်တွေရဲ့ ၀င်ငွေ၊ ရပိုင်ခွင့်တွေ နည်းသွားနိုင်တဲ့ အကျိုးစီးပွား ထိခိုက်မှုတွေရှိနေပါတယ်။ တချို့အထူးကုဆရာဝန်တွေဟာလည်း အစိုးရဆေးရုံ ကြီးတွေမှာ လစာနည်း တာကိုအကြောင်းပြပြီး ပြင်ပဆေးရုံဆေး ခန်းတွေမှာ အချိန်ပိုင်း ထိုင်ပေးခြင်းအားဖြင့် သူတို့အတွက် အကျိုးအမြတ်တွေ များများ ရနေပါတယ်။ ဒါကိုလည်း အစိုးရအနေနဲ့ လျစ်လျူရှုထားပြန်ပါတယ်။

တကယ်ဖြစ်သင့်တာက အစိုးရအနေနဲ့ မူဝါဒတွေချမှတ်ပြီး အဲလို အကျိုးစီးပွား ပဋိပက္ခဖြစ်နေတာကို ထိန်းချုပ်ဖို့၊ တားဆီးဖို့ လိုပါတယ်။ ဒါပေမယ့် မူဝါဒချမှတ်နိုင်စွမ်း ရှိသူတွေကိုယ်တိုင် အဲဒီကနေ အကျိုးစီးပွားရနေတဲ့သူတွေ ဖြစ်နေတဲ့ အတွက် အဲဒီကိစ္စကို လျစ်လျူရှုထားပါတယ်။

အဲဒီနည်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတစ်ခုလုံးဟာ ဈေးကွက်စီးပွားရေးအမည် အရည်ခြုံပြီး ဆေးကွက် စီးပွားရေးဖြစ်လာပါတယ်။ ဒါကို ဆေးလောကရဲ့ Oligarchyလို့တောင် ပြောလို့ရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ အတွက် မူဝါဒချမှတ်နိုင်သူတွေရယ်၊ အဲဒီလောကမှာ ပညာရပ်ပိုင်းဆိုင်ရာအရ သြဇာအာဏာရှိ သူတွေရယ်၊ စီးပွားရေး သမားတွေရယ် စုပေါင်းထားတဲ့ ကြီးမားတဲ့ ကွန်ရက်ကြီးပါ။ ဘယ်လောက်အထိ ကြီးသလဲဆိုရင် အဲဒီကွန်ရက်ကြီးဟာ အိမ်ပေါက်ကိုတောင် ရောက်နေပါပြီ။ အဲဒီကွန်ရက်ကြီးဟာ ၎င်းတို့အကျိုးစီးပွားကို ထောက်ကူပြုမယ့် ကိစ်္စတွေကိုပဲ ဦးစားပေးလုပ်ဆောင်ပြီး ထိခိုက်လာနိုင်ခြေရှိတဲ့ အရေးကိစ္စတွေကို လျစ်လျူရှုထားကြပါတယ်…။ တစ်ခါတစ်ရံ အပြင်းအထန် တားဆီးပိတ်ပင်ကြပါတယ်။ နှောင့်ယှက်ဖျက်ဆီးကြပါတယ်။ လုပ်ဆောင်ရမယ့် တာဝန်ကို လျစ်လျူရှု ထားခြင်းဟာ အကြီးမားဆုံး ဆေးပညာသည် ကျင့်ဝတ်ဖောက်ဖျက်မှုကြီးပါ။

လက်ရှိ ကျန်းမာရေးမူဝါဒကိုကြည့်ပါ။ အစိုးကအနေနဲ့ Universal Health Coverage ဆိုပြီး တကြော်ကြော်အော်ပြီး အောင်မြင်နိုင်ခြေနည်းတဲ့ ကိစ်္စကိုလာပြီး အကောင်အထည်ဖော်နေပါတယ်။ နတ်ဝတ်ပုဆိုးကိစ္စကို ကိုယ်တွေပြောပြန်ရင် လည်း ၀န်ကြီးကိုသိက္ခာချတယ် ထင်နေကြပါတယ်။ အစိုးရရဲ့ ကျန်းမာရေး မူဝါဒကို ပြန်ကြည့်ရင်လည်း လူတွေရဲ့ မကျန်းမာ မှုကို ဖြစ်စေတဲ့ အရာတွေကနေ ဘယ်လို ကာကွယ်မယ်၊ တားဆီးမယ်ဆိုတာ တိတိကျကျ ခိုင်ခိုင်မာမာ ချိတ်ဆက်ပြဋ္ဌာန်း ထားခြင်း မရှိသေးပါဘူး။ ဥပမာအနေနဲ့ လူတွေရဲ့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှာ ဓာတုပစ္စည်းပါဝင်မှုကို တားဆီးဖို့ အတွက်၊ အာဟာရပြည့်ဝတဲ့ စားနပ်ရိက်္ခာတွေ ရလာဖို့အတွက် စိုက်ပျိုးရေးမူဝါဒနဲ့ ချိတ်ဆက်ပြီး ရေးဆွဲထားဖို့ လိုသလို ဖွံ့ဖြိုးရေး လုပ်ငန်းတွေကြောင့်ဖြစ်စေ၊ စက်မှုလုပ် ငန်းတွေကြောင့်ဖြစ်စေ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ အတွက် ဘယ်လို ကာကွယ်တားဆီးမယ်ဆိုတဲ့ မူဝါဒကိုလည်း အခြားသက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး မူဝါဒ ရေးဆွဲထားရပါမယ်။

လက်ရှိ အခြေအနေထိ တချို့မြို့နယ် ဆေးရုံကနေ ရရှိထားတဲ့ အချက်အလက် တွေအရ ပြည်သူလူထုကို သေဆုံး စေတဲ့ အဓိက ရောဂါတွေဟာ မူဝါဒချမှတ်သူ လူကြီးမင်းများ တဖွဖွပြောနေတဲ့ ကူးစက်ရောဂါတွေ မဟုတ်တော့ပါဘူး။ ကူးစက် ရောဂါတွေကို အစိုးရအနေနဲ့ ကုပေးစရာ မလိုပါဘူး။ အဲဒီအတွက် ကုသဖို့ လူထုအနေနဲ့ တတ်နိုင်ပါတယ်။ လူထု အနေနဲ့ကုသဖို့ မတတ်နိုင်တာက မကူးစက်ရောဂါတွေပါ။ မကူးစက်ရောဂါတွေဖြစ်တဲ့ ကင်ဆာ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုစတဲ့ ရောဂါတွေပါ။ အဓိက ဖြစ်စေတဲ့အကြောင်းက နေထိုင်မှုပုံစံနဲ့ အစားအသောက်ကြောင့်လို့လည်း အများစုက လက်ခံ ထားပါတယ်။ အစားအသောက်တွေထဲမှာ အများဆုံးစားသုံးတဲ့ ဆန်စပါးကို ပြန်လိုက်ကြည့်ရင် လယ်ယာမြေမှာ ဓာတု ပိုးသတ်ဆေးတွေ အလျှံပယ်သုံးစွဲနေပါတယ်။ တချို့ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေဟာ ဘယ်လို့မှခွင့်ပြုလို့ မရတဲ့ အရာပါ။ ဒါကို တရားဝင် လွတ်လွတ်ကျွတ်ကျွတ် သုံးခွင့်ပြုထားပါတယ်။ အခုဆိုရင် ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးပေါင်း ထားတဲ့ ဆေးကို စိုက်ပျိုးရေး ပစ္စည်းထုတ်တဲ့ နာမည်ကြီး ကုမ်္ပဏီကြီးတစ်ခုက တရားဝင်ထုတ်လုပ် ဖြန့်ဖြူးနေပါတယ်။ တစ်မ်္ဘာလုံးက လက်ခံ မထားတဲ့ကိစ်္စကို ဒီမှာလာလုပ်နေတာကို အစိုးရက ခွင့်ပြုထားပါတယ်။ ဒါကိုကျန်းမာရေး မူဝါဒနဲ့ စိုက်ပျိုးရေးမူဝါဒပိုင်းမှာ ချိတ်ဆက်ပြီး ဦးစားပေး အဖြေရှာရမယ့်ကိစ္စပါ။ သူတို့ မလုပ်ကြပါဘူး။

နောက်ဥပမာ တစ်ခုကတော့ စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကြောင့် ဖြစ်လာမယ့်၊ ဖြစ်နေတဲ့ လူထုကျန်းမာရေး ပြဿနာ တွေကို လျစ်လျူရှုထားခြင်းပါ။ ဥပမာ-ရှမ်းပြည်နယ်မှာရှိတဲ့ တီကျစ်ကျောက်မီးသွေး စက်ရုံကြောင့် လေထုညစ်ညမ်းမှု၊ ရေထုနဲ့ မြေဆီလွှာ အဆိပ်သင့်မှုတွေ ဖြစ်နေပါတယ်။ အဲဒါကြောင့် အဲဒီမှာ နေထိုင်တဲ့ ရှမ်းနဲ့ ပအိုးဝ်တိုင်းရင်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လောက်အထိထိ ခိုက်ပျက်စီးနေတယ်ဆိုတာ အားလုံးအသိပါ။ ဒါပေမယ့်ကျန်းမာရေး ၀န်ကြီးဌာနက လျစ်လျူရှုထားပါတယ်။ အဲလိုပါပဲ ကရင်ပြည်နယ်ဘားအံက မြိုင်ကလေးဘိလပ် မြေစက်ရုံအတွက် လည်ပတ်နေတဲ့ကျောက် မီးသွေးစက်ရုံကိစ်္စ၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာရှိတဲ့ မော်လမြိုင်ဘိလပ်မြေ စက်ရုံ ကျောက်မီးသွေးကိစ်္စ၊ မုဒုံမှာရှိတဲ့ ရာဘာပေါင်းခံ စက်ရုံကြောင့် လေထုညစ်ညမ်းမှုကိစ်္စ၊ တနင်္သာရီတိုင်း မြိတ်မြို့နားက ငါးမုန့်စက်ရုံကြောင့် မြို့နယ်လူထုတစ်ရပ်လုံး လေထုညစ်ညမ်းမှု ဒဏ်ခံနေရတဲ့ကိစ်္စ။ ပြောရမယ်ဆိုရင်တော့ ပြည်သူလူထုကို မကျန်းမာမှုဖြစ်စေတဲ့ ကိစ္စတွေကို လက်ရှိ တည်ဆဲကျန်းမာရေးမူဝါဒနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကိုယ်တိုင် လျစ်လျူ ရှုထားတဲ့ ကိစ္စတွေ အများကြီးပါ။

လူထုရဲ့ကျန်းမာရေး အသိမြှင့်တင်ရေး လုပ်ငန်းတွေကို အစိုးရရဲ့လုပ်ဆောင်မှုပုံစံ၊ နည်းလမ်းတွေဟာလည်း ခေတ်နောက်ကျ ကျန်နေပါတယ်။ ကျန်းမာရေးပညာပေးတဲ့ ပွဲတွေကြည့်ရင် လူ၎-၅-၁၀ယောက် လောက်ဝိုင်းဖွဲ့ထိုင်မယ်။ ရှေ့ကနေ ကားချပ် လေးထောင်ပြီး ပြောမယ်ဆိုတာက စစ်ပြီး ခေတ်က နည်းလမ်းတွေပါ။ ကျန်းမာရေး ပညာပေးဖို့အတွက် အစိုးရရဲ့ အားစိုက်ထုတ်မှု၊ ငွေကြေးနဲ့ သုတေသန လုပ်ငန်းတွေဟာ အရက်ကြော်ငြာ၊ ဘီယာကြော်ငြာ လောက်တောင် ထိရောက်မနေပါဘူး။ ဆိုတော့ လူထုအနေနဲ့ ထိရောက်ပြီး လက်တွေ့ကျတဲ့ သတင်းအချက်တွေ ရမနေပါဘူးဆိုတော့ လူတွေရဲ့ နေထိုင်မှုပုံစံတွေဟာ ကျန်းမာတဲ့ နေထိုင်မှု ပုံစံဖြစ်မလာဘဲ အန္တရာယ်ရှိတဲ့ နေထိုင်မှုပုံစံတွေဆီ ကူးပြောင်း နေပါတယ်။ အရင်က လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အလေ့အထတွေဟာ အခုဆိုအရက် ဆိုင်ထိုင်မှ အလုပ်ဖြစ်တယ်ဆိုတဲ့ အယူ အဆ အလေ့အထတွေ အထိဖြစ်လာပါတယ်။

တစ်ဖက်က လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေ၊ အကြောင်းရင်းတွေကို လျစ်လျူရှုထားပြီး ရောဂါဖြစ် လာမှ ကုပေးဖို့ ကြိုးစားနေတာ တမင်သက်သက် ကြိုတင်ကြံစည်ထားသလားတောင် ထင်ရပါတယ်။ နောက်ပြီး အဲလိုနည်းနဲ့ မကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွားနှုန်းများလာလေ ပုဂ္ဂလိကဆေးရုံတွေ ဆေးကုနေသူတွေအတွက် အကျိုးပိုများလေ၊ စီးပွားရေး အကျိုး အမြတ်ပိုရှိလေဖြစ်တဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ဘယ်လောက်ငွေရှာရှာ၊ ဘယ်လိုပင် စုထားထား၊ နောက်ဆုံးမှာတော့ ဆေးလောကရဲ့ ခရိုနီအုပ်စုကို လုပ်ကိုင်ကျွေးမွေးနေသလိုပဲ ဖြစ်နေပါတယ်။ မိသားစုထဲမှာ နာတာရှည် လူနာတစ်ယောက်ရှိရင် အဲဒီမိသားစုတစ်ခုလုံး ရှာဖွေသမျှ အကုန်ကုန်ပါတယ်။ ပိုသေချာတိကျချင်ရင်တော့ RHC အပိုင်တစ်ခုချင်းစီမှာ Health Economic Survey ကောက်ကြည့်လိုက်ပါ။

ပြည်သူလူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်တယ်ဆိုတာ မဖြစ်ခင်ကတည်းက ကာကွယ်တာ၊ ဖြစ်လာရင် ကုပေးတာပါ။ ကာကွယ်တာက ဦးစားပေးပါ၊ ကုပေးတယ်ဆိုတာနောက်မှပါ၊ ဒါကို မူဝါဒချမှတ်သူတွေ သိဖို့၊ လုပ်ဆောင်ဖို့ လိုပါတယ်။ ကလေးပေါက်စဘေးနားကို အဆိပ်ခွက်ထားပြီး အဆိပ်မိမှကုပေးချင်တဲ့ ဟန်ပြကယ်တင်ရှင်စိတ်တွေကို လျှော့ချဖို့၊ ဖျောက်ကြဖို့လိုပါပြီ။

ဒီအတိုင်းသာ ဆက်သွားနေဦးမယ်ဆိုရင်ကတော့ တစ်ရွာမှာ ဆရာဝန်တစ်ယောက်၊ ဆေးရုံတစ်ရုံထားလည်း တိုင်း ပြည်ရဲ့ ကျန်းမာရေး အဆင့်အတန်းမှာ အဆင့် (၁၉၀)ထက် မြင့်လာဖို့မရှိပါဘူး။ ပြောင်းလဲဖို့ အချိန်တန်နေသော်လည်း မပြောင်းလဲသေးတာကတော့ ကိုယ်တွေ အသုံးမကျလို့ပဲ မှတ်ယူလိုက်ပါတယ်။

 

မောင်ထွန်း