အကျဉ်းထောင်များ ဥပဒေကြမ်း ဘာလဲ

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း နိုင်ငံတော်သမ်္မတ အမိန့်ဖြင့် စုစုပေါင်းအကျဉ်း သားအကျဉ်းသူ စုစုပေါင်း ၂၃၀၁၉ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပြီးနောက် ယင်းလွတ်ငြိမ်းခွင့်ကို အကြောင်းပြု၍  အကျဉ်းထောင်အချို့တွင် ဆူပူမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်၌ ရွှေဘိုထောင်ဆူပူမှုတွင် ထောင်အတွင်းမှဖုန်းဖြင့် လူမှုကွန်ရက်သို့ ထုတ်လွှင့်ခဲ့သည့် ထူးခြားဖြစ် ရပ်တစ်ခုပါဝင်ခဲ့ရာ လက်ရှိ အကျဉ်းထောင်များ၏ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် စီမံအုပ်ချုပ်ရေးတို့နှင့် စပ်လျဉ်း၍ ပြည်သူလူထုအတွင်းဝေဖန်မှုများ မြင့် တက်ခဲ့သည်။

မှတ်တမ်းများအရ မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့်အလုပ်စခန်း ၉၃ခုတွင် အကျဉ်းသား တစ်သိန်းနီးပါးအထိ ရှိနေ သဖြင့် ၀င်ဆံ့ဦးရေပမာဏထက် အကျဉ်းသားဦးရေက အဆမတန်များပြားနေသည်။ အကျဉ်းသားအများစုသည် မူးယစ် ဆေးဝါးအမှုများဖြင့် ရောက်လာသူများဖြစ်၍ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့် အကြိမ်တိုင်းတွင် မူးယစ်မှု အကျဉ်းသား အရေအတွက်ကို ပိုမိုလွှတ်ပေးလေ့ရှိသည်။ ယခုအကြိမ် လွှတ်ပေးမှုတွင် မူးယစ်မှုဖြင့် ထောင်ကျခံနေရသူများ အများအပြား ပါဝင်ခဲ့သော်လည်း ပုဒ်မတူပြီး ထောင်သက်ရင့်သည့်သူက လွတ်မြောက်ခြင်းမရှိဘဲ ထောင်သက် နည်းသည့်သူအချို့ လွတ်မြောက်သွားမှုအပေါ် မကျေမနပ်ဖြစ်ကာ ထောင်အချို့တွင် ဆူပူမှုများဖြစ်ပွားခဲ့၍ အကျဉ်းသား ၄ဦး သေဆုံးခဲ့သည် အထိ ဖြစ်ခဲ့ရသည်။ စဉ်းစားစရာရှိသည်မှာ ယခုဖြစ်စဉ်၌ အကျဉ်းထောင်တွင်းမှ လက်ကိုင်ဖုန်းဖြင့် လူမှုကွန်ရက်သို့ တိုက်ရိုက်ထုတ်လွှင့်နိုင် သည်အထိ စည်းကမ်းလျော့ရဲနေသော အကျဉ်းထောင်များ၏ အုပ်ချုပ်မှုစွမ်း ရည်ကို မည်သို့ ပြုပြင်ပြောင်းလဲကြမည်နည်း ဟူသည့် မေးခွန်းဖြစ်သည်။

သေချာနေသည့်အချက်မှာ မြန်မာနိုင် ငံရှိ အကျဉ်းထောင်များ၌ ကိုင်တွယ်ကျင့်သုံး နေသည့် အကျဉ်းထောင်ဆိုင်ရာ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ခေတ်စနစ်နှင့် မကိုက်ညီတော့ခြင်း၊ အုပ်ချုပ်မှုစွမ်းရည် ကျဆင်းနေခြင်း၊ အဂတိ တရားများ ထွန်းကားနေခြင်း၊  အကျဉ်းသားဦးရေအဆမတန်များပြားခြင်း၊ အကျဉ်းသား အခွင့်အရေးများ ဆုံးရှုံးနေခြင်းတို့ အတွက် ဖြေရှင်းရန်မှာ လက်ရှိအကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲရုံမှတစ်ပါး အခြားမရှိပေ။ နှစ်ပေါင်းများစွာများစွာ အသားကျနေသည့် ဖိနှိပ်ရေးယန်္တရားပုံစံမှ ခွဲထွက်ပြီး ခေတ်ကာလနှင့် လိုက်လျောညီထွေရှိစေမည့် အကျဉ်းထောင် ဥပဒေ တစ်ရပ်ဖြင့် အစားထိုးနိုင်မှသာ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် အကျဉ်းထောင်များ၏ ပုံရိပ်ကို ချေဖျက်နိုင်မည် ဖြစ်သည်။

အကျဉ်းထောင်များဥပဒေကြမ်း

မြန်မာနိုင်ငံတွင် အကျဉ်းထောင်များ နှင့်ပတ်သက်လာလျှင် ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့သော ၁၈၉၄ခုနှစ် အကျဉ်းထောင်များဥပဒေ၊ ၁၉၀၀ ပြည့်နှစ် အကျဉ်းသားများဥပဒေနှင့် ၁၉၂၀ အကျဉ်းသားများ ခွဲခြားသတ်မှတ်ခြင်းဥပဒေ တို့မှာ တည်ဆဲဥပဒေများဖြစ်သည်။ ပြဋ္ဌာန်းချက် အများအပြားကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေသဖြင့် ပြည်ထဲရေးဝန်ကြီး ဌာနက ၂၀၁၅ခုနှစ် မေလအတွင်း “အကျဉ်းထောင်များ ဥပဒေကြမ်း”ကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။ အခန်း၆ခန်းနှင့် ပုဒ်မ ၆၉ခုပါရှိသော ယင်းဥပဒေကြမ်းတွင် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အကျဉ်းထောင်များကို စီမံအုပ်ချုပ်ခြင်း၊ အကျဉ်းသားများကို စီမံခန့်ခွဲခြင်း၊ အကျဉ်းထောင်ပြစ်မှုများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များနှင့် အထွေထွေစသည့် အခန်းများ ပါဝင်သည်။

ယင်းဥပဒေကြမ်းသည် အကျဉ်းသား များအခွင့်အရေးပိုမို ကောင်းမွန်လာစေရေးထက်  လုံခြုံရေးရှုထောင့်ကို ဦးစားပေးရေး ဆွဲထားပြီး နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသည့် အကျဉ်းသားအခွင့်ရေးများကို လျစ်လျူရှုထားခြင်း၊ ဥပဒေကြမ်း ရေးဆွဲရာတွင် ယင်းဥပဒေနှင့် ဆက်စပ်နေသော အတွေ့အကြုံရှိပုဂိ္ဂုလ်များ၊ အကျဉ်းသားအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း များ၊ ကျွမ်းကျင် ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းမှု အားနည်းခြင်းများကြောင့် ဝေဖန်မှုများရှိနေသည်။ သို့ရာတွင် လွှတ်တော် သို့ ဥပဒေကြမ်းရောက်ရှိနေသည်မှာ ၄နှစ် နီးပါးအထိ ကြာမြင့်နေပြီဖြစ်သော်လည်း ယခုအချိန်ထိ ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပေ။

နိုင်ငံရေးအကျဉ်းသားဘာလဲ

ဥပဒေကြမ်း၏ အခန်း(၁)၊ ပုဒ်မ၂ “အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်”ပါ အကျဉ်းသား အဓိပ်္ပာယ်ဖွင့်ဆိုချက်၌ အကျဉ်းသား အမျိုးအစားများအဖြစ် ပြစ်ဒဏ်ကျ အကျဉ်းသား၊ အချုပ်အကျဉ်းသား၊ လူငယ်အကျဉ်းသား၊ သေဒဏ်ကျခံရ သော အကျဉ်းသား၊ နှစ်ကြီးအကျဉ်းသားနှင့် တရားမအကျဉ်းသားဟု ခွဲခြားထားသော်လည်း မြန်မာ့နိုင်ငံရေးသမိုင်းတွင် အထင်ကရဖြစ်ခဲ့သော “နိုင်ငံရေးအကျဉ်းသား” ဟူသည့် စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆို ဖော်ပြမှု မရှိခြင်းနှင့် နိုင်ငံရေးအကျဉ်း သားနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းထားမှုမရှိခြင်းက ယင်းဥပဒေ ကြမ်း၏ အနှစ်သာရကို မှေးမှိန်စေသည်။

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်နှင့် ပါလီမန်ဒီမိုကရေစီခေတ် တစ်လျှောက်လုံးတွင် နိုင်ငံရေးလှုပ်ရှားမှုများ ကြောင့် ဖမ်းဆီးခံရသူများအပေါ် နိုင်ငံရေးအကျဉ်းသား အခွင့်အရေး အတန်းအစား သတ်မှတ်ချက်များ ရှိခဲ့သည်။ မှတ်တမ်းများအရ အကျဉ်းထောင်တွင် Aç Bç C စသဖြင့် အတန်းအစားသုံးမျိုးခွဲခြားထားပြီး “ဘီကလပ်” ရထားသူ များသည် အကျဉ်းထောင် အတွင်း ပျော်ပွဲရွှင်ပွဲများ ကျင်းပခွင့်ရသကဲ့သို့ အကျဉ်းထောင်အတွင်း စာပေဖတ်ရှုရေး သားခွင့်များလည်း ရှိသည်။ သို့သော် ဦးနေ၀င်း၏ တော်လှန်ရေးကောင်စီက ၁၉၆၄၊ ဇန်န၀ါရီ ၁၅ရက်မှစ၍ အကျဉ်းသားများကို အဆင့်အတန်းခွဲခြားခြင်း မလုပ်ရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး နောက်ပိုင်း ယင်းအခွင့် အရေးအားလုံး ပိတ်ပင်ခံခဲ့ရသည်။ မဆလ၊ န၀တ၊ နအဖ ခေတ်တစ်လျှောက်လုံးတွင်လည်း ယုံကြည် ချက်ကြောင့် အကျဉ်းချခံနေရသည့် နိုင်ငံရေး အကျဉ်းသားများကို ပုဒ်မအမျိုးမျိုး တပ်ကာ ရာဇ၀တ်မှုကျူးလွန်သူ အကျဉ်းသားအဖြစ်သာ ဆက်ဆံခဲ့သည်။ နိုင်ငံတကာ၏ လူ့အခွင့်အရေးရှုထောင့်မှ ဝေဖန်ထောက်ပြမှုများကို လည်း ၎င်းင်းတို့ အစိုးရလက်ထက်တွင် ကိုင်တွယ်အသုံးပြု လျက်ရှိသော တည်ဆဲဥပဒေများတွင် နိုင်ငံရေး အကျဉ်းသားဟူ၍ အဓိပ်္ပာယ်ဖွင့် ဆိုထားခြင်း မရှိသဖြင့် နိုင်ငံရေးအကျဉ်း သားမရှိကြောင်း အစဉ်တစိုက် ငြင်းဆိုခဲ့ သည်။

သို့ရာတွင် တည်ဆဲဥပဒေဖြစ်သော ရာဇသတ်ကြီးဥပဒေ (The Penal Code)တွင် နိုင်ငံရေးအကျဉ်းသား ဟူသော စကားရပ်ကို  ပုဒ်မ ၁၂၈တွင် “နိုင်ငံရေးအကျဉ်းသားကို သို့တည်းမဟုတ် စစ်သုံ့ပန်းကို ပြည်သူ့ဝန်ထမ်းက မိမိအလို အလျောက် လွတ်ပြေးစေခြင်း”ဟု လည်းကောင်း၊ ပုဒ်မ ၁၂၉တွင် “ပြည်သူ့ဝန်ထမ်း ပေါ့လျော့မှု ကြောင့် နိုင်ငံရေးအကျဉ်း သားကို သို့တည်းမဟုတ် စစ်သုံ့ပန်းကို လွတ်ပြေးစေခြင်း”ဟု လည်းကောင်း၊ ပုဒ်မ ၁၃၀တွင် “နိုင်ငံရေးအကျဉ်းသား သို့တည်းမဟုတ် စစ်သုံ့ပန်းလွတ် ပြေးရာတွင်ကူညီခြင်း၊ ကယ်ခြင်း၊ လက်သင့်ခံခြင်း”ဟုလည်းကောင်း ပြဋ္ဌာန်းထား ခြင်းကို ယခုအချိန်ထိ ပြင်ဆင်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းများ မရှိသေးပေ။

ထို့ပြင် ၁၉၈၀ပြည့်နှစ်၊ မေလ ၂၈ရက်တွင် နိုင်ငံတော်ကောင်စီမှ အမိန့်အမှတ် (၂/၈၀)နှင့် အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်ပေးစဉ်က နိုင်ငံရေး အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကို မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ၊ ပြစ်မှုဥပဒေ ပုဒ်မ၁၂၁ မှ ၁၃၀(ခ)အထိပါ အစိုးရကို ဆန့်ကျင်သော ပြစ်မှုများ၊ ပြစ်မှု ဥပဒေအခန်း(၈)ပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ပျက်စေသောပြစ်မှုများနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၁၄၈၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၃(က)အရ ပြစ်မှုများ၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေအရ ပြစ်မှုများ ဥပမာ-ပုဒ်မ ၅(ည)၊ နိုင်ငံတော်ကို ဦးဆောင်သောလမ်းစဉ်ပါတီအား ကာကွယ်သည့်ဥပဒေအရ ပြစ်မှု၊ နိုင်ငံတော် အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ ပုဒ်မ၁၀(က)၊ ၁၀(ခ)၊ ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုများအားလုံးသည် နိုင်ငံရေး ပြစ်မှု ဆိုသည့် စကားရပ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ထားသည်။ ယင်းအမိန့်စာကို ယ နေ့အချိန်အထိ ပယ်ဖျက်ထား ခြင်းမရှိသဖြင့် ဖော်ပြပါအချက်များက မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရ သော နိုင်ငံရေးအကျဉ်းသား များ ဥပဒေအရ ခိုင်ခိုင်မာမာရှိကြောင်းကို မီးမောင်းထိုး ပြလျက်ရှိသည်။

တစ်ဖန်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ခုနှစ်တွင် “လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီကို”ဖွဲ့စည်းခြင်း၊ နောက်ပိုင်းတွင် ယင်းကော်မတီကို ဖျက်သိမ်းကာ “နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီ” ကို ထပ်မံ ဖွဲ့စည်းမှုများရှိခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် စပ်လျဉ်း၍ အဓိပ္ပာယ်ဖွင့်ဆိုမှုများနှင့် ရပိုင်ခွင့်၊ အခွင့်အရေးများကို အကျဉ်းထောင်များ ဥပဒေကြမ်းတွင်ထည့်သွင်းရေး ဆွဲရန် တွန့်ဆုတ်နေမှုကို နားလည်ရခက်စေသည်။

လွှတ်တော်ရောက် နိုင်ငံရေးအကျဉ်းသား အခွင့်အရေး

လက်ရှိအစိုးရလက်ထက် ၂၀၁၆ခုနှစ်၊ ဇွန်လ ၂ရက်နေ့တွင်ကျဉ်းပသော ပြည်သူ့ လွှတ်တော်တွင် မြေပုံမဲဆန်္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဖေက အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပြစ်မှု နိုင်ငံရေး အကျဉ်းသားစသည့် ဝေါဟာရများအတွက် စကားရပ်အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းခဲ့သည်။ အဆိုပါ မေးခွန်းအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကျဉ်းသားအားလုံးတန်းတူ အခွင့်အရေး ရရှိမည်ဖြစ်၍ နိုင်ငံရေးအရ ဖမ်းဆီးထားသူများကို သီးခြားအထူးအခွင့်အရေးပေး၍ မရနိုင်ကြောင်း၊ ယခင်ကအကျဉ်းထောင်များတွင် အေကလပ် (A Class)၊ ဘီကလပ် (B Class)၊ စီကလပ်(C Class)ဟူ၍ အတန်းအစားသုံးမျိုး ခွဲခြားထားသော်လည်း တော်လှန် ရေး ကောင်စီက  ၁၉၆၄၊ ဇန်န၀ါရီ ၁၅ရက်မှစတင်ပြီး အကျဉ်းသားများကို အဆင့်အတန်းခွဲခြားခြင်း မပြုလုပ်ရန် အမိန့် ကြော်ငြာစာထုတ်ပြန်ပြီး ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို  ဥပဒေအရာ တန်းတူညီမျှအခွင့်အရေးရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှ ရယူပိုင်ခွင့်ပေးရ မည်”ဟု ဖော်ပြထားသည့်အတွက် အကျဉ်းသားများအပေါ် အဆင့်အတန်းခွဲခြားသည့်စနစ် ပြန်လည်တည်ဆောက်မည်ဆို ပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲလွဲနေမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

သို့ရာတွင် ယင်းအဖြေအပေါ် မေးခွန်းရှင်က သူ၏မေးခွန်းသည် အစိုးရအဖွဲ့ကို မေးခြင်းဖြစ်ကြောင်းနှင့် ၀န်ကြီးဖြေရှင်းမှု သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဆုံးဖြတ် ချက်အယူအဆသက်သက်လား၊ သို့မဟုတ် ပြည်ထောင်စုအစိုးရ၏ ဖြေကြား ချက်လားဆိုသည်ကို ကွဲကွဲပြားပြား သိလိုကြောင်း ထပ်ဆင့်မေးခွန်းမေးမြန်းရာ ပြည်ထဲရေး ဒုဝန်ကြီးက ဖြေဆိုခဲ့သည့် မေးခွန်း၏ အဖြေသည် ယခင်တည်ဆဲဥပဒေများအရ ပြဋ္ဌာန်းခဲ့ခြင်းမရှိမှုနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အတွက် အခွင့်အရေးတန်းတူရှိရမည်ဟူသည့် အချက်ပေါ်တွင် အခြေခံကာ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး၏ ခွင့်ပြုချက်ဖြင့် ဖြေဆိုခဲ့သော ဖြေကြားချက်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တောင်းဆိုချက်အရ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးကို ပြန်လည်တင်ပြကာ ယင်းအချက်ကို လက်ရှိအစိုးရသဘောထားနှင့်အတူ ပြန်လည်ဖြေကြားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟူသည့် စကားရပ်နှင့် စပ်လျဉ်း၍ ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပြနေခြင်းမှာ “နိုင်ငံရေး အကျဉ်းသား” အဓိပ္ပာယ်ဖွင့်ဆိုချက်ကို “အကျဉ်းထောင်များ ဥပဒေကြမ်း”တွင် မထည့်သွင်းနိုင်ခြင်း၏ အကြောင်းရင်းသည် ဥပဒေ ကြမ်းစတင်ရေးဆွဲသည့် “ပြည်ထဲရေးဝန်ကြီးဌာန”၏ သဘောဆန်္ဒအရဖြစ်ကြောင်းကို မီးမောင်းထိုးပြလို ခြင်းဖြစ် သည်။ သို့ဖြစ်၍ နိုင်ငံရေးအကျဉ်းသားဟောင်းလွှတ်တော် ကိုယ်စားလှယ်များ ၁၀၀ကျော်ပါဝင်နေသည့် လက်ရှိဥပဒေပြုရေး မဏ္ဍိုင်အနေဖြင့် ယင်းဥပဒေကြမ်းတွင် “နိုင်ငံရေးအကျဉ်းသား” အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ယင်းတို့၏ ရပိုင်ခွင့်၊ အခွင့် အရေးများကို ထည့်သွင်း ရေးဆွဲရန်လိုအပ်နေသည်။

ဥပဒေကြမ်းအတွက်လိုအပ်ချက်

လက်ရှိအစိုးရသည် သုံးနှစ်ကျော် ကာလသက်တမ်းသို့ရောက်ရှိ ခဲ့ပြီဖြစ်ရာ စွမ်းဆောင်ရည်ကျဆင်းနေသော အကျဉ်း ထောင်များကို ခေတ်နှင့်အညီ ပြုပြင် ပြောင်းလဲရန် အသင့်တော်ဆုံးအချိန်ဖြစ် သည်။ ယင်းဥပဒေကြမ်းကိုပြီးခဲ့သည့် လွှတ် တော်သက်တမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ မလုပ်ဆောင်နိုင်ခဲ့ခြင်း အပေါ် နားလည်နိုင်သော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို နိုင်ငံတကာစံနှုန်းနှင့် အညီဖြစ်အောင် ကြိုးပမ်းအားထုတ်နေ သော ယနေ့ကာလတွင် ဥပဒေပြုရေးမဏ္ဍိုင်အနေနှင့် ယင်းဥပဒေကြမ်းအပေါ် အခုအချိန်ထိ ထဲထဲဝင်ဝင် ဆွေးနွေးမှုမပြုလုပ် နိုင်ခြင်းမှာ မသင့်လျော် သည့် အနေအထား မျိုးဖြစ်သည်။

သို့ဖြစ်၍ ဥပဒေကြမ်းတွင် ပါဝင်ခြင်း မရှိသေးသည့် နိုင်ငံရေးအကျဉ်းသားများဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်းပြစ်ဒဏ်ချမှတ်သလို ဖြစ်နေသည့် “ရဲဘက်အလုပ်ကြမ်းစခန်း”များ ရပ်ဆိုင်းရေး သို့မဟုတ် အကျဉ်းသားများ အခွင့်အရေး အပြည့်အ၀ရှိသည့် အလုပ်စခန်းများဖြစ်လာရေးနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ၊ အကျဉ်းသားများကို သံခြေချင်းခတ်ရာတွင် အသုံးပြုနေသည့် လုပ်ထုံးလုပ်နည်း ဖြေလျှော့ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်မှု၊ အကျဉ်းထောင်များ၏ ဘတ်ဂျက်သုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းရေးဆွဲရန်လိုအပ်နေသည်။

ထို့ပြင် အသစ်ပြဋ္ဌာန်းမည့် “အကျဉ်းထောင်များဥပဒေ”နှင့် လိုက်လျောညီထွေ ရှိစေရန်အတွက် တရားစွဲ အဖွဲ့ အစည်းအသီးသီး၏ လုပ်ထုံးလုပ်နည်းများကို လိုက်ပါပြောင်းလဲပေးရန် လိုအပ်သကဲ့သို့ အကျဉ်းဦးစီးဌာန ၀န်ထမ်းများ၏ စိတ်နေစိတ်ထားကို ပြောင်းလဲလာစေရေး၊ ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးရေးနှင့် စပ်လျဉ်းသည့် အချက်များလည်း ပါဝင်သင့် သည်။ ထွက်ပေါ်လာမည့် အကျဉ်းထောင်များ ဥပဒေတွင်ထိုသို့သော အခင်းအကျင်းများပါ ၀င်လာမှသာ ခေတ်အဆက် ဆက် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော အကျဉ်းထောင်များ၏ အတိတ်ဆိုးကို ချေဖျက်နိုင်မည် ဖြစ်သည်။

 

မောင်ဒိုး(ကံပေါက်)