အခန်းဆက်ရုပ်ရှင်

စိုပြေ
မြန်မာ့နိုင်ငံရေးကလည်း ကုလားကားကြည့်နေရသလိုပဲ။ ဇာတ်လမ်းတွေကရှုပ် နေတာပဲ။ စတောင်မစရသေးဘူး။ အကလေးနဲ့ဗျာ တချို့တွေကလည်း အကကိုကြိုက်သပေါ့၊ တချို့ကတော့မကြိုက်ပြန်ဘူး၊ အွန်လိုင်းစကားနဲ့ပြောရရင် စောက်ပိုတွေလုပ်နေသလိုပဲ။ ဟုတ်တယ်လေ၊ ဘာမှန်းမသိကနေတော့ ဇာတ်လမ်းကိုကြည့်ချင်တဲ့ လူကဘယ်ကြိုက် မတုန်း။ စိုပြေကတော့ အဲ့လိုကတာလေးကိုကြိုက်တယ်။ ဒါပေမဲ့ စိုပြေယောက္ခမတွေကတော့ ကုလားကားမှာ အဲ့လိုကနေ တာကိုမကြိုက်ကြဘူး။
မြန်မာ့နိုင်ငံရေးလည်း ဒီလိုပဲ။ ဇာတ်လမ်းကမစသေးဘူး။ အကလေးတွေနဲ့မဲဆွယ်ကြသပေါ့လေ။ ပါဖောင့်မန့် လေးတွေနဲ့ ကကြတာ။ ပင်တိုင်မင်းသမီးကြီးကတော့ ပင်တိုင်မင်းသမီးကြီးပဲပေါ့။ မဲဆွယ်တုန်းတင်ကကြတာမဟုတ်ဘူးဗျ။ မဲနိုင်လို့ အစိုးရဖြစ်တော့လည်း ကလိုက်ကြတာ အပြိုင်အဆိုင်ပဲ။ စက်ဘီးစီးအက၊ ဖက်ရွက်နဲ့ ထမင်းစားတဲ့ အက၊ အိမ်သာ ဆေးအက ကလည်းပါသေး။ ဒါတင်မကသေး။ ဝန်ကြီးဌာနပေါင်းစုံကို တစ်ယောက်တည်းကိုင်မယ်ဆိုတဲ့ ကာလီမာမယ် တော်အကလည်း ကကြတယ်။ အမှိုက်သိမ်းအကတွေရော၊ ကုလားကားလိုပါပဲ။ ကုလားကားထဲမှာလည်း ဇာတ်လိုက်က ဆင်းရဲသပေါ့လေ။ အဲ့တော့ အောက်ခြေသိမ်းအကုန်လုပ်၊ အိမ်သာတွေပါဆေး၊ လမ်းဘေးမှာ ထမင်းစားရ၊ ဒါပေမဲ့ အဲ့ဇာတ်လိုက်ကအကတော့ ကောင်းသဗျ။
ကုလားအကဆိုတော့ သိတဲ့အတိုင်း၊ အားလုံးဝိုင်းကကြတာ မြိုင်မြိုင်ဆိုင်ဆိုင်ပဲ။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ။ တစ်ရပ်ကွက်လုံးဝိုင်းကကြတာ။ မသိရင်ဆန္ဒပြနေတာကျနေတာပဲ။ ဒီလိုနဲ့ ကုလားကားကမိနစ် ၂ဝလောက်လည်း ကျော် ရော ဇာတ်လိုက်ခမျာ ကယ်တင်ရှင်နဲ့တွေ့တာပဲ။ သူဌေးကြီးတစ်ပါးက ဇာတ်လိုက်လေးကနေတာကို တွေ့တာနဲ့ မြေတောင် မြှောက်ပေးဖို့အိမ်ခေါ်သွားရော။ သူဌေးကြီးအိမ်မှာ ကောင်းကောင်းစား၊ ကောင်းကောင်းနေ။ ပြီးတော့ အကလေးကောင်း တော့ သီချင်းလေးဆို။ မင်းသားလေး လုပ်ခိုင်းလိုက်တာ အောင်မြင်သွားရောဆိုပါတော့။ ဒီလိုနဲ့ ဇာတ်လိုက်ခမျာ နေ့ချင်းည ချင်းချမ်းသာသွားရော။
မြန်မာပြည်မှာလည်း ဒီလိုပဲ။ ခရိုနီ ခရိုပြာတွေက နိုင်ငံရေးကို ကယ်တင်လိုက်တာ။ အရင်ကလမ်းဘေးမှာဖက်ရွက်နဲ့ စားသူတွေက ဟိုတယ်ကြီးပေါ်ကို ရောက်ကုန်ရော။ အဲ့တော့လည်း ဟိုတယ်နဲ့ဆိုင်တဲ့ အဝတ်အစားတွေဝတ်ရ၊ အရင်လို စက်ဘီးတွေစီးလို့မရတော့ဘူး။ ကားတွေဘာတွေနဲ့ပေါ့။ အရင်ကပြောခဲ့တဲ့ စကားတွေတောင် မေ့ကုန်တာပဲ။ ကုလားကား ထဲမှာပြောပါတယ်။ ဇာတ်လိုက်ကပြောတာ ‘လူတွေဒီလောက်ဆင်းရဲနေချိန်မှာ ကားအကောင်းစားကြီးစီးရမှာ ငါတော့ရှက် တယ်ကွာ’တဲ့။ အဲ့ဇာတ်လိုက်ဟာ သူဌေးကြီးက ချီးမြှင့်လိုက်လို့ ကားအကောင်းစားကြီးလည်း စီးရရော၊ ဘာပြောတယ်မှတ် လဲ။ ‘သြော်လူတွေ တောင်ချမ်းသာကုန်ပြီပဲ။ ဒီတော့ ငါလည်း ကားအကောင်းစားလေးစီးဦးမှပဲ’တဲ့။
ဒီလိုနဲ့ ဇာတ်လမ်းအလယ်လည်း ရောက်ရောဇာတ်လိုက်ဟာ သောင်းကျန်းပြီ။ ဘယ်သူ့မှ ဂရုမစိုက်တော့ဘူး။ ငါ့ဟာ ဟာ စောက်သုံးကျလို့ ဒီလိုဖြစ်လာတာကွဆိုပြီး မာန်တွေတက်၊ ဆီးသီးသည် မဗျိုင်းလိုဖြစ်ရော။ ဒါပေမဲ့ ဇာတ်လိုက်ဟာ လည်း ဆန်းရှိသမို့ အောင်မြင်မှုကရပ်မရဘူး။ အောင်မြင်လေဘဝင်မြင့်လေ။ အရင်ဆင်းရဲစဉ်တုန်းက ကူညီခဲ့တဲ့လူတွေ။ ထမင်းကျွေးခဲ့တဲ့လူတွေ။ အတူတူကခဲ့သူတွေကိုတောင် မေ့သွားတာပဲ၊ မေ့ရုံတင်မကဘူး၊ အရင်က ကဖော်ကဖက်တွေ၊ ဇာတ်လိုက်ကရင် ဗုံတီးပေးရသူတွေကိုပါ ပြဿနာရှာနေသေးသဗျ။ ဇာတ်လိုက်ကအောင်မြင်နေလို့ မိတ်ဆွေကလာတွေ့ တာကို လက်မခံ။ ဒီကောင်တွေရှိနေတာ ငါသိက္ခာကျသကွာလို့တောင်ဆိုလိုက်သေး။ နောက်ပြီး အရင်တုန်းက ရည်း စားကို လည်း ချမ်းသာချိန်မှာမေ့သွားရော၊ မေ့ရုံတင်မက၊ ဒီရည်းစားဟာ ငါ့အောင်မြင်မှုကို ဖျက်ဆီးနိုင်တယ်လို့တွေး၊ ပြီးတော့ အကြောင်းရှာပြီး ထောင်ထဲထည့်။ ချက်ကြီးမင်းပိုင်သကွာ။
မြန်မာပြည် နိုင်ငံရေးကရော ဘာထူးတုန်း၊ ဇာတ်လိုက်ကျော် ကောင်းစားတော့ အရင်က ကဖော်ကဖက်တွေလည်း ဒုံရင်းအတိုင်းပဲအမယ်။ ဒုံရင်းတင်မဟုတ်တော့ဘူးဗျ။ ရပ်ကွက်ထဲမှာ အရင်ကလို့မရတော့ဘူးတဲ့။ ဇာတ်လိုက်ပဲကတော့ တယ်။ အခြား သူတွေ မကရတော့ဘူး။ ကတာနဲ့ဆန္ဒပြတာ သိပ်မကွာဘူးထင်တာပဲလေ။ နောက်ပြီးတော့ ပြောစကားနား မထောင်ရင်ထောင်ထဲပါထည့်တာကလည်း ကုလားကားအတိုင်းပါပဲ။ မယုံရင် သတင်းထောက်တွေကိုသာမေးကြည့်တော့။ ဇာတ်လိုက်ကျော် သောင်းကျန်းခန်းပေါ့လေ။ ဇာတ်လိုက်ကျော် ဘယ်လောက်တောင် ဘဝင်တွေမြင့်သွားသလဲဆိုရင် ကား ကိုတောင်ရိုးရိုးကားမစီးတော့ဘူးဗျ။ နာမည်ကြီးတံဆိပ်နှစ်ခုကိုပူးပြီးတော့စီးတာ။ တိုယိုတာနဲ့ဖို့ကိုရောစီးသတဲ့။ အံ့သြဖွယ်ပဲ။ အခုဆိုဇာတ်လိုက်ဟာ ကားကောင်းကောင်းစီးတယ်။ ဟင်းကောင်းကောင်းစားတယ်။ လမ်းကောင်းကောင်းမှာသွားတယ်။ မီးပွိုင့်လည်း မမိတော့ဘူး။ အဝတ်အစားကလည်းရှယ်ပဲ။ တစ်နေ့နဲ့တစ်နေ့မထပ်ဖူးဘူး။ အပြင်အဝတ်အစားပေါ့လေ။ အတွင်းခံကတော့ ထပ်ချင်ထပ်မှာပေါ့။ အရင်တုန်းက လူတွေဆင်းရဲလို့ ကားအကောင်းစားကြီးစီးရမှာ ရှက်တဲ့ ဇာတ်လိုက် ဟာ အခုတော့လူတွေချမ်းသာပြီမို့ ကားအကောင်းစားတွေစီးရမှာမရှက် တော့ဘူးတဲ့လေ။ အရင်က ကားကောင်းကောင်း စီးတဲ့ သူဌေးတွေကို ရွံရှာတဲ့ ဇာတ်လိုက်ဟာ အခုတော့ ဖက်လဲတကင်းနဲ့နေ့ တိုင်းတောင်တွေ့ဖြစ်နေတယ်ဆိုပဲ။ အရင်က ငါတို့ ဘယ်တော့မှ မခွဲဘူးလို့ပြောခဲ့တဲ့ ရည်းစားကိုတောင် အခုတော့ ထောင်ထဲထည့်ထားတယ်၊ ဇာတ်လမ်းကတော့ရှယ်ပဲ၊ ကလိုက်၊ ငိုလိုက်၊ ပျော်လိုက်နဲ့။
ဇာတ်လမ်းတစ်ဝက် ရောက်ချိန်မှာတော့၊ ဒီဇာတ်လိုက်ဟာ မင်းသားရောဟုတ်ရဲ့လား။ ဗီလိန်များလားလို့ အတွေး ဝင်နေပြီ၊ ‘ဟာ’၊ အဲ့အချိန်မှာပဲ ထုံးစံအတိုင်းမီးက ပြတ်ရော။ တောက်၊ ဇာတ်လမ်းကောင်းချိန်မှ၊ မိုးကလည်းချုပ်ပြီမို့ မီးပြန် လာအောင် မစောင့်တော့ဘူး။ အိပ်ပြီ။ နောက်နေ့မှ ထပ်ကြည့်တော့မယ်။
မြန်မာ့နိုင်ငံရေးကလည်း လောလောဆယ် တစ်ဝက်ရောက်နေတုန်းမဟုတ်လား။ မင်းသားလား၊ ဗီလိန်လား၊ မကွဲ ပြားသေးဘူး။ နောက်ထပ် မင်းသားတစ်ယောက် ထပ်ပေါ်လာဦးမလား။ ဒီဇာတ်လိုက်ကပဲ အချိုးပြောင်းပြီး မင်းသားဖြစ် မလား၊ ဒါမှမဟုတ် ဒီဇာတ်လိုက်ဟာ ဘဝင်တွေမြင့်ပြီးအောက် ခြေလွတ်တာနဲ့ ခွေးကျပြန်ကျမလားဆိုတာကတော့ မနက် ဖြန်မှဆက်ကြည့်လိုက်ဦးမယ်။ ကုလားကားကိုပြောတာနော်။ မြန်မာနိုင်ငံရေးနဲ့ တူတယ်ဆိုတာကလည်း ထင် တာပြောတာ နော်၊ နောက်တာနော်စတာနော်။ တကယ်မဟုတ်ဘူးသိလား။ စစ်အစိုးရခေတ်တောင် အမှတ်ရမိသေးတော့ တယ်ဗျာတို့ရေ။
စိုပြေ