အင်န်အယ်ဒီထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် Media Literacy အားနည်းတယ်

ဦးကျော်မင်းဆွေနှင့် ဆက်သွယ်မေးမြန်းခြင်း။

လက်ရှိအစိုးရလက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေများနှင့်ပတ်သက်ပြီး The Voice Weekly ဂျာနယ် အယ်ဒီတာချုပ်နှင့် မြန်မာသတင်းပညာသိပ္ပံ၏ စီမံအုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးကျော်မင်းဆွေအား ယနေ့ခေတ် မဂ္ဂဇင်းက ဆက်သွယ်မေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ ပထမဆုံးအနေနဲ့ လက်ရှိအစိုးရလက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့်အခြေနေအပေါ် သုံးသပ်ပေး ပါအုံး ။

ဖြေ။ ။ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ပြောရမှာ နှစ်ပိုင်းရှိတယ်။ ဟိုးအရင်တုန်းက၊ အတိတ်ကနဲ့ စာရင်တော့ မီဒီယာလွတ်လပ်ခွင့်က အများကြီးတိုးလာတယ်။ အထူးသဖြင့်တော့ စစ်အစိုးရလက်ထက်နဲ့စာရင် အများကြီးတိုးလာတယ်ပေါ့။ နောက်တစ်ခုက ဒီဘက်အပိုင်းကျတော့ ဦးသိန်းစိန်လက်ထက်မှာလည်း သိသိ သာသာရတယ်။ ဒီဘက်အပိုင်းမှာကျတော့ ကိန်းဂဏန်းအချက်အလက်တွေကိုကြည့်ပြီးပြောရင်တော့ သတင်း လွတ်လပ်ခွင့်အပေါ်မှာ ဟန့်တားနှောက်ယှက်တားဆီးပိတ်ပင်တာတွေရှိတယ်လို့ ၊ ခြိမ်းခြောက်မှု တွေရှိတယ် လို့ အဓိပ္ပါယ်ကောက်လို့ရတယ်။  ကိန်းဂဏန်းအချက်အလက်ဆိုတာက သတင်းသမားတွေ တရားစွဲဆိုခံရတဲ့ ကိစ္စတွေ ၊ တရားဆွဲမယ်လို့ ခြိမ်းခြောက်ခံရတဲ့ကိစ္စတွေ အဲ့ဒါတွေကြောင့် သတင်းလွတ် လပ်ခွင့် က မေးခွန်း ထုတ်စရာရှိတာပေါ့။ ဒါက ကျွန်တော်တို့ သမရိုးကျစဉ်းစားတဲ့ Print မီဒီယာပေါ့။ အွန်လိုင်းမီဒီယာကျတော့ လည်း လွတ်လပ်မှု တော့ ပိုရလာတယ်။ သို့သော်လည်း ခြိမ်းခြောက်မှုပေါ့။ ဥပဒေတွေ ထိန်းချုပ်ကန့်သတ် ထားတဲ့ပုဒ်မဆိုးတွေက အများကြီးပေါ့။ ၆၆(ဃ) အပါအဝင် နိုင်ငံတော်အကြည်အညိုပျက်စေမှုတို့ ပေါ့။ အဲ့ဒါ တွေ ကလည်း လွတ်လပ်ခွင့်ကိုပြန်ပြီးတော့ ပိတ်ထားသလိုဖြစ်နေတာပေါ့။ ဒါတွေက ကျွန်တော်တို့ မြင်သာထင် သာ ရှိတဲ့ကိစ္စတွေပေါ့။ ရေးတဲ့သားတဲ့အပေါ်မှာ မူတည်ပြီးတော့ နောက်ကြောင်းလိုက်ပြီး စွဲတာတွေပေါ့။ ဒါတွေ ကတော့ မြင်သာထင်သာရှိတဲ့အခြေနေတွေပေါ့။

နောက်တစ်ခုက မြင်သာထင်သာမရှိတဲ့ တခြားကိစ္စတွေပေါ့။ ဆင်ဆာမရှိတော့ပေမယ့် ခုနကပြောခြိမ်းခြောက် မှုတွေ ၊ တရားစွဲမှုတွေ အကန့်အသတ်တွေရှိတဲ့အတွက် ရေးတာသားတာကို ကိုယ့်ဖာကို ပြန်ပြီးတော့ဆင်ခြင် သတိထားပြီး ကိုယ်ဖာကို ဆင်ဆာဖြတ်တောက်လာရတဲ့ အခြေနေမျိုးပေါ့။ ဒါကလည်း ဒီဘက်မှာ ပိုတိုးလာ တယ်လို့ပြောလို့ရတယ်။ ခြုံပြီးပြောရမယ်ဆိုရင်တော့ နဂိုကထက်ပိုပြီး လွတ်လပ်ပွင့်လင်းလာတယ်။ မီဒီယာ အပြန့်ကျယ်လာတယ်။ အွန်လိုင်းမီဒီယာမှာပိုပြီးတော့ လွတ်လွတ်လပ်လပ်ရေးလို့ရလာတယ်ဆိုပေမယ့် တဖက် ကပြန်ပြီးတော့ခြိမ်းခြောက်မှုတွေ ၊ ဥပဒေနဲ့ပြန်ပြီးတော့ ကန့်သတ်တာတွေ အများကြီးရှိလာတယ်။ အဲ့ဒါကြောင့် Mainstream မီဒီယာတွေကတော့ ပြေးမလွတ်တဲ့ကိစ္စပေါ့။ အွန်လိုင်းမီဒီယာတွေမှာကျတော့ မှတ်ပုံမတင်ထား ဘဲနဲ့ ပြောရေးပြီးတော့ ဘယ်လိုက်လို့လိုက်ရမှန်းမသိဘူးဆိုတဲ့ ကိစ္စတွေ ရှိနေတဲ့အခါကျတော့ အွန်လိုင်း မီဒီ ယာမှာတော့ လွတ်လပ်မှုအတိုင်းအတာ တစ်ခုလောက်ထိရှိတယ်။ သို့သော် မှတ်ပုံတင်ထားတဲ့ အွန်လိုင်း မီဒီယာတွေကတော့ ပြေးမလွတ်ဘူးပေါ့။ ကိန်းဂဏန်းအချက်အလက်တွေအရ ပြောပြော လက်ရှိအခြေအနေ အရ ပြောပြော သတင်းလွတ်လပ်ခွင့်က ကျွန်တော့်အမြင်အရ ဆုတ်ယုတ်လာတယ်လို့ ထင်တယ်။

မေး ။ ။ အရင်ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ အခုလက်ရှိအစိုးရလက်ထက် သတင်းလွတ်လပ်ခွင့်က ဘယ်လို ကွာခြားမှုရှိလဲ။

ဖြေ။ ။  ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒီဘက်အစိုးရတော့ ကွာတယ်ဗျ။ ကွာတယ်ဆိုတာက အခြေအနေချင်း မတူ ဘူး ပေါ့။ ဦးသိန်းစိန်ကတော့ ဒီမိုကရေစီအကူးအပြောင်းကာလမှာ ပထမဦးဆုံး တံခါးဖွင့်တဲ့သူဖြစ်နေ တယ်။ တံခါးဖွင့်တဲ့သူဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့  အသိအမှတ်ပြုမှု၊ လက်ခံမှု အသွင်ကူးပြောင်းနေတာကို အားလုံးက အားပေးထောက်ခံမှု လိုအပ်တာပေါ့။ နဂိုကတည်းက သူကပုံရိပ်ဆိုးရှိနေတာပေါ့။ တပ်ရဲ့ ပုံရိပ် ဆိုးရှိတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ ပုံရိပ်ဆိုးတွေရှိတယ်။ ပုံရိပ်ဆိုးတွေရှိတဲ့အတွက် အဲ့ဒီအဆိုးတွေကြားကနေ အကောင်းရအောင် လုပ်ဖို့ သူက အပူတပြင်းလိုတာပေါ့။ သူကတံခါးဖွင့်တဲ့ကိစ္စတွေအများကြီးလုပ်တယ်။ ဖြေလျှော့တဲ့ကိစ္စတွေအများကြီးလုပ်တယ်။ သူကတော့ သိသိသာသာ သတင်းလွတ်လပ်ခွင့်က ကောင်းတယ်။ သတင်းလွတ်လပ်ခွင့်ရတယ်။ ဒါကအခြေအနေမတူတာပေါ့။ NLD အစိုးရကျတော့ နဂိုကတည်းက လူထု ထောက်ခံမှုရတယ်။ နိုင်ငံတကာထောက်ခံမှု အားပေးမှုရတယ်။ ဆိုတော့ သူက သူ့ကိုယ်သူ ငါတို့ဘာလုပ်လုပ် ပြည်သူက ထောက်ခံမှာပဲဆိုတဲ့ အထင်တစ်လုံးရှိတယ်။ ဒီအတိုင်းပဲ အတော်များများက သူတို့ဘာလုပ်လုပ် ထောက်ခံတဲ့သူကရှိနေတာကိုး။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ်၊ လိုအပ်ချက်ရှိတာပဲဖြစ်ဖြစ် ၊ လွဲနေ တာပဲဖြစ်ဖြစ် ဘာလုပ်လုပ်နောက်က ထောက်ခံပေးနေတဲ့သူရှိနေတာကိုး။ အဲ့ဒါက ကွာခြားချက်လို့ ပြောရ မှာပေါ့။ သူဘာလုပ်လုပ် ပြည်သူက ထောက်ခံတယ်လို့ အထင်ရှိတဲ့အတွက် တချို့ကိစ္စတွေမှာ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့အကျိုးဆက်ကို သူထည့်မတွက်ဘဲ လုပ်တဲ့ကိစ္စတွေရှိနေတာပေါ့။  အဲ့ဒါကြောင့် ကိန်းဂဏန်း အချက်အလက်တွေအရ လွတ်လပ်တဲ့အဖွဲ့အစည်းတွေ၊ စောင့်ကြည့်တဲ့အဖွဲ့အစည်းတွေရဲ့ ကိန်းဂဏန်း အချက် အလက်မှာ သတင်းလွတ်လပ်ခွင့်က ကျသွားတာပေါ့။ ကျသွားတယ်ဆိုတာက တမင်ကျအောင် လုပ်တာတော့ မဟုတ်ဘူး။ သူ့ကိုယ်သူ ယုံကြည်မှုများလွန်းပြီး ထင်တစ်လုံးဖြစ် သွားတဲ့ အခါကျတော့ လုပ်သမျှ အားလုံး လူထုကလက်ခံမှာပဲ ယုံကြည်မှာပဲလို့ မီဒီယာတွေက လွတ်လပ်ခွင့်အတွက် ဒီလောက် ကျယ်ကျယ်လောင် လောင်ပြောနေပေမယ့် လူထုထောက်ခံမှု ရနေရင် မီဒီယာလည်းဂရုစိုက်စရာမလို ဘူးဆိုတဲ့ပုံစံမျိုး ဖြစ်လာ တာပေါ့။

သူတို့ကောင်းတာလုပ်နေတာပဲ။ သူတို့ရိုးရိုးသားသားလုပ်နေတာပဲဆိုတဲ့ အထင်သူတို့မှာရှိတယ်။ အောက်ခြေ မှာ တော့သူတို့အထင်အတိုင်းပဲ အစိုးရအဖွဲ့က အင်မတန်ကို ရိုးသားဖြောင့်မတ်ပြီး လုပ်နေလား၊ လွှတ်တော် အမတ်တွေက တကယ်ပဲ ရိုးသားနေလားဆိုတာ သူတို့အဖြေရှာရတော့မယ်ပေါ့။ ဒီကိစ္စက ဦးသိန်းစိန်အစိုးရနဲ့ ဒေါ်စုအစိုးရ ကိုနှိုင်းယှဉ်ပြီးပြောတဲ့အခါမှာ ဦးသိန်းစိန်အစိုးရက ပိုပြီးလွတ်လပ်တယ်။ ဒေါ်စုအစိုးရက ပိုပြီး တင်းကျပ်လာ တယ်လို့ပြောရင် ရုတ်တရက်ကြည့်ရင်တော့ ဟုတ်တယ်ပေါ့။ သို့သော်အဲ့လိုပြောရရင် မမျှတ ဘူးပေါ့။ ပြောချင်တာက ခုနက ကျွန်တော်ပြောသလို ဦးသိန်းစိန်အစိုးရက တံခါးဖွင့်တဲ့သူဖြစ်နေတယ်။ ဒေါ်စု လက်ထက်ကတော့ သူကဖွင့်ပြီးသားတံခါးကို ဆက်ပြီးတော့ ကောင်းမွေ၊ ဆိုးမွေကို ဆက်ခံရတာပေါ့။ သူ့လက် ထက်မှာတော့ ကျတယ်လို့ပြောလို့ရတယ်။ သို့သော်ကျတယ်ဆိုပေမယ့် သူတမင်သက်သက်ကျအောင် ချတာ တော့မဟုတ်ဘူး။ စေတနာဆိုးရှိလို့တော့မဟုတ်ဘူး။ သူကဘာဖြစ်သွားလဲဆိုတော့ ကိုယ့်ကိုယ်ကို အထင်ကြီးမှု လိုသည်ထက်ပိုတွက်တာပေါ့။ ကိုယ့်မှာရှိနေတဲ့အရည်အချင်းထက် ၊ ကိုယ့်မှာရှိနေတဲ့အနေထားထက် ပိုတွက် လာတယ်။ ငါတို့ဘာလုပ်လုပ် ပြည်သူလူထုထောက်ခံနိုင်တယ်ဆိုတဲ့ ထင်တစ်လုံးနဲ့ မီဒီယာကိုသိပ်ပြီးအလေး မထားတဲ့သဘောဖြစ်လာတယ်ပေါ့။ ဒီလိုသုံးသပ်လို့ရပါတယ်။

မေး။ ။ အဲ့လိုမျိုးထင်နေတဲ့အပေါ်မှာကော မှန်ကန်တယ်လို့ ပြောလို့ရလား။ ဘယ်လိုမျိုးသုံးသပ်မိလဲ။

ဖြေ။ ။ ဒါကတော့မှန်တယ်လို့တော့ပြောလို့မရဘူး။ လွတ်လပ်တဲ့သတင်းစာဆရာတစ်ယောက်အနေနဲ့ ကျတော့ ဒါက မမှန်ဘူးလို့ပြောလို့ရတယ်။ လူထုထောက်ခံမှုဆိုတာကလည်းအတိုင်းအတာရှိတယ်။ အကန့်အ သတ်ရှိ တယ်။ လူထုထောက်ခံမှုဆိုတာ ကိုယ့်ရဲ့လုပ်ကိုင်ဆောင်ရွက်မှု ၊ အကောင်အထည်ဖော်မှု ပေါ်မှာမူတည်တယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းကာလကို ဘယ်လို ကိုယ်က အကောင်ထည်ဖော်လဲ။ အစိုးရကဘယ်လောက်ထိ နိုင်ငံနဲ့ ပြည်သူ့မျက်နှာကိုကြည့်လဲဆိုတဲ့အပေါ်မှာမူတည်တယ်။ ပြဿနာက ဘာလဲဆိုတော့ မီဒီယာ အပေါ်မှာ သိမြင်နာလည်မှုမှာ အရင်အစိုးရက သိပ်ပြီးနာလည်းသဘောပေါက်လို့တော့မဟုတ်ဘူး။ သူကတော့မျက်နှာရ ချင်လို့ပေါ့။ နိုင်ငံတကာရဲ့အားပေးထောက်ခံမှု ရချင်တဲ့အတွက် မီဒီယာကိုအလေးထားတာပေါ့။ ဒီအစိုးရ ကျ တော့ Media Literacy ကိုမသိဘူးလို့ယူဆရတယ်။ Media Literacy ပိုင်းမှာအားနည်းတယ်။ ဒေါ်အောင်ဆန်းစု ကြည် ကိုယ်တိုင် အင်န်အယ်ဒီထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် Media Literacy အားနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချိန် တုန်း က သူတို့အတိုက်အခံဘဝတုန်းက မီဒီယာတွေက ထောက်ခံလာခဲ့တဲ့အခါကျတော့ ၂၀၁၀ရွေး ကောက်ပွဲ၊ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ မီဒီယာတွေက အုံးအုံးထနေအောင် ဘက်လိုက် ခဲ့တဲ့ အခါကျတော့ ဘက်လိုက်ခဲ့တယ်လို့ကျွန်တော်ပြောတာက အကြောင်းမဲ့ပြောတာမဟုတ်ဘူး။ ဘက်လိုက် တယ်ဆိုတာကလည်း ကျွန်တော်တို့  NLDကို ဘက်လိုက်တာ မဟုတ်ဘူး။ ပြည်သူတွေအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဒီမိုကရေစီကို ဦးလည်မသုဉ် ထမ်းရွက်မယ်လို့ မျှော်လင့်ချက်နဲ့ ကျွန်တော်တို့ ဘက်လိုက် ကြတာ ။ ပြည်သူအတွက် ၊နိုင်ငံအတွက်ဘက်လိုက်ခဲ့ကြတယ်။ NLDကို ဘက်လိုက်တာတော့ မဟုတ်ဘူးပေါ့ ပြောချင်တာက။ အဲ့တော့ အဲ့ဒီမျှော်လင့်ချက်နဲ့ ဘက်လိုက်ခံခဲ့ရတော့ သူတို့စိတ်ထဲမှာ မီဒီ ယာတွေအားလုံးက လည်း သူတို့နဲ့အတူ ရပ်နေတယ်လို့ထင်ခဲ့တယ်ပေါ့။ သူတို့အစိုးရ တက်လာတဲ့အခါ မှာ လည်း မီဒီယာတွေက ပထမဟန်းနီးမွန်းကာလမှာ ဘာမှသိပ်မပြောပေမယ့် ကျော်လာတဲ့အခါမှာ မီဒီယာတွေ သူ့အလုပ်သူလုပ် လာတယ်။ အစိုးရလွဲချော်ချက်တွေ၊ အားနည်းချက်တွေကိုေ ထာက်ပြလာတယ်။ ဝေဖန်လာ တယ်ဆိုတော့ သူတို့ဒီဟာတွေကို တစ်ခါမှမခံစားဖူးဘူးပေါ့။ မီဒီယာတွေရဲ့ဝေဖန်ထောက်ပြမှုကို သူတို့တစ်ခါမှ မရဖူး ဘူးဆို တော့ အမြဲတမ်းသူတို့နဲ့တစ်သားတည်း ရှိတယ်လို့ထင်ထားတဲ့သူတွေက သူတို့ကို ဝေဖန် ထောက်ပြ လာတဲ့ အခါ မခံစားနိုင်တာလည်းပါတယ်။ ဒါကလည်းမီဒီယာတွေရဲ့သဘောသဘာဝကို နားမ လည် တာပေါ့။ သတင်းမီဒီယာဆိုတာ ပါတီတစ်ခုတည်းကိုပဲ သွားတာမဟုတ်ဘူး။ ပြည်သူအကျိုး၊ နိုင်ငံအကျိုးနဲ့ ယှဉ်လာ လို့ ရှိရင် ဝေဖန်ထောက်ပြတာတွေလုပ်မယ်လို့ သူတို့မျှော်လင့်မထားတဲ့အတွက် ဒါက Media Literacy ပိုင်းဆိုင်ရာ အားနည်းချက်လို့မြင်တယ်။ ဒါကြောင့်အခုလို မီဒီယာကိုဂရုမစိုက်တဲ့သဘောလုပ်နေတာ ဟာ မှန်တယ်လို့ မယူဆဘူး။ ဒါလွဲချော်မှုတစ်ခုပေါ့။ ဘာလို့လဲဆိုတော့ မီဒီယာဆိုကာ ကိုယ့်အကျိုးစီးပွားအ တွက် လုပ်နေတဲ့ သူတွေမဟုတ်ဘူး။ မီဒီယာဆိုတာ ပြည်သူတွေရဲ့သိခွင့် ၊ နိုင်ငံသားတိုင်းရဲ့သိခွင့်ကို ဖြည့် ဆည်းပေးနေတဲ့သူ တွေဖြစ်တယ်ဆိုတာကို နားလည်ဖို့လိုတာပေါ့။ သတင်းထောက်တစ်ဦးချင်းဆီရဲ့ စရိုက် သဘာဝအရ အမြင်မ တော်တာရှိရင်ရှိမယ်။ ဝတ်စားဆင်ယင်မှုမတော်တာရှိတယ်။ မေးခွန်းမေးတာ အချိုးမ ကျတာရှိမယ်။ သို့သော် သူတို့ဟာ သူတို့ကိုယ်ကျိုးအတွက်လာလုပ်နေတာမဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။ သတင်းသိခွင့်ရှိတဲ့ ပြည်သူတွေ သတင်းသိဖို့အတွက်တာဝန်ထမ်းနေတဲ့သူတွေလို့ နားလည်ဖို့လိုတာပေါ့။ မီဒီယာတစ်ခုချင်းဆီ အလိုက် ၊ သတင်းသမားတစ်ဦးချင်းဆီအလိုက် လိုက်ပြီးအကဲဖြတ်နေရင်တော့မှားမှာပေါ့။ အဲ့ဒါက မီဒီယာ အပေါ် သိမြင်နာလည်မှုလွဲချောတာလို့မြင်တယ်။ အဲ့ဒါကြောင့် မီဒီယာတွေအပေါ်မှာ ဒီလိုဆက်ဆံနေတယ်၊ သဘောထားနေတယ်ဆိုတာ မှားယွင်းတယ်လို့မြင်တယ်။ အဲ့တော့မှားယွင်းတယ်လို့ မြင်တယ်ဆိုတာက သူတို့ ကတော့ကြိုက်မှာမဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့က တစ်ခါတလေမှာ အမှန်တရားဆိုတာ နည်းနည်း ခါးတာပေါ့။ ဒါကလည်း ကျွန်တော်တို့က စေတနာရှိလို့ပြောတယ်ဆိုတာ မြင်ဖို့လိုတယ်။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ ရွေးချယ်စရာအများကြီးမရှိတဲ့အတွက် NLDဟာ အချိန်တစ်ခု အထိ ပြည်သူလူထုရဲ့ ထောက်ခံမှုရှိနေအုံးမယ်။ အစိုးရကို ဦးဆောင်နိုင်ဖို့အခွင့်အ လမ်းရှိနေ အုံး မယ်။ အဲ့တော့ ရှိနေ တဲ့အခွင့်အလမ်း ကျမသွားအောင်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျသွားနိုင်တဲ့အနေအထား တွေရှိတယ်။ အထက်အဆင့်ဆင့်ကနေ  အောက်ခြေအထိ အကောင်ထည်ဖော်တဲ့သူတွေမှာ လူမှန်နေရာမှန် မဖြစ်တာ။ ကျွမ်းကျင်မှု အတွေ့အကြုံမရှိတဲ့ ကိစ္စ တွေ၊နောက် တစ်ခါ အတိုက်အခံလို့ပြောရမယ့်လူတွေက လည်း အခြေအနေပေါ်မူတည်ပြီး တွန်းချဖို့ ၊ခြေထိုးဖို့ ပြင်နေတဲ့သူ တွေကလည်း အများကြီးရှိတဲ့အတွက် နောက်တစ်ချက် သူ့ရဲ့စည်းရုံးရေးစွမ်းရည် အားနည်းချက်ကြောင့် လွှတ်တော်ထဲမှာ ၂၅ရာခိုင်နှုန်းရှိနေတဲ့ အင် အားစုကို စည်းရုံးပြီးတော့ အာဏာရပါတီ လွှတ်တော်မှာချိနဲ့ သွားအောင် ၂၀၂၀မှာလုပ်မယ့် အလား အလာ တွေရှိတယ်။ ထိုင်ခုံအရေအတွက်ပြောင်းလဲ သွားနိုင်တဲ့ အနေအထားတွေရှိတယ်။ ရှိသွားလို့ရှိရင် ဒီနေ့ ၂၀၁၅ အနိုင်ရခဲ့တဲ့ အစိုးရလို အားကောင်းတော့ မှာမဟုတ်ဘူးဆိုတာ နားလည်ထားဖို့လိုတယ်။ အဲ့ဒါကြောင့် အခြေ အနေတွေကို ချက်ချင်းပြင်ဖို့လိုတဲ့အတွက် ဒါက လွဲချော်မှု မီဒီယာနဲ့ပတ်သက်တဲ့ အင်န်အယ်ဒီရဲ့သဘောထား ကို ပြောင်းဖို့လိုပြီလို့ ပြောတာပေါ့။

မေး။ ။ လက်ရှိသတင်းမီဒီယာတွေ တရားစွဲဆိုခံရမှုမှာ တပ်မတော်က စွဲဆိုတာ များလာတဲ့အပေါ် ဘယ်လို မြင်မိလဲ။

ဖြေ။ ။ တပ်ကတော့ နဂိုကတည်းက သူ့ရဲ့စဉ်းစားပုံ၊ စဉ်းစားနည်းက မပြောင်းဘူးပေါ့။ အမြဲလိုလို သံသယနဲ့ ကြည့် တဲ့သဘောဝပေါ့။ နောက်တစ်ခါ သူ့မှာ ဒီမိုကရေစီရဲ့ ပွင့်လင်းမြင်သာတဲ့လူ့အဖွဲ့အစည်းနဲ့ သဘော သဘောဝ မတူဘူး။ ၆၂ခုနောက်ပိုင်း တပ်ကလေ့ကျင့်ပျိုးထောင်ခဲ့တဲ့ပုံစံက အာဏာရှင်စနစ်မှာ လေ့ကျင့် ပျိုးထောင်ခဲ့တာ။ သူတို့က အာဏာကုလားထိုင်မှာအချိန်အကြာကြီးထိုင်ခဲ့တဲ့သူလေ။ သူတို့စဉ်းစားပုံက လူ ထုအပေါ်မှာကော ၊ လက်ရှိအတိုက်အခံပေါ်မှာကော သူတို့ရဲ့အဝန်းအဝိုင်းမဟုတ်တဲ့သူတွေအပေါ်မှာ သံသယ အမြဲတမ်းရှိတယ်။ ဒါကသူ့ရဲ့ သဘာဝပေါ့။ တပ်မတော်ကပြည်သူနဲ့ပြန်ပြီး ရင်ကြားစေ့ဖို့အရေး ကြီးတယ်။ အဲ့လိုရင်ကြားစေ့ဖို့ဆိုရင်တပ်မတော်ကိုယ်၌က ပြောင်းမှရမယ်။ တပ်မတော်ကလည်း ဘယ်သူ တွေကတော့ တပ်မတော်ကို ဘယ်လိုဆက်ဆံနေတယ်ဆိုတာမျိုးထက် ကိုယ့်ဖာကိုပြောင်းဖို့ ကျွန်တော်ကတော့ လို လား တယ်။

မေး။ ။ဆိုရှယ်မီဒီယာတွေအားကောင်းလာတဲ့အတွက် တရားဝင်ရပ်တည်နေတဲ့ Print Media နဲ့ အွန်လိုင်း မီဒီယာတွေ အပေါ်မှာ ဘယ်လိုမျိုးသက်ရောက်မှုရှိလာလဲ။

ဖြေ။ ။ သက်ရောက်မှုက အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ Mainstream Media တွေ အပေါ်မှာ သိမြင်နားလည်မှု လွဲနေတဲ့ကိစ္စတွေမှာလည်း အွန်လိုင်းပေါ်မှာကော တခြားနေရာတွေမှာကော  မီဒီယာ လောက မှာတောင် အနည်းအကျဉ်းရှိတယ်။ ပြင်ပသြဇာသက်ရောက်မှု အကူအညီထောက်ပံ့မှုနဲ့သွားနေတဲ့ မီဒီယာတွေ တစ်ချို့ရှိ တယ်။ အဲ့ဒါကတစ်ပိုင်းပေါ့။ နောက်တစ်ခုက ပြည်တွင်းမှာပဲ အာဏာအဝန်းအဝိုင်းနဲ့ ဆက်စပ်တဲ့ အုပ်စုခွဲတွေ ရှိတယ်။ အရင်ကလည်းရှိခဲ့တယ်ပေါ့။ ဥပမာဆိုကြပါစို့  အရင်ခေတ်တုန်းကဆိုရင် ဦးသိန်းစိန်နဲ့ တပ်နဲ့ နီးစပ်တဲ့အဝန်းအဝိုင်းကထွက်လာတဲ့ မီဒီယာရှိတယ်။ နောက်တစ်ခါ ဦးရွှေမန်းနဲ့နီး စပ် တဲ့အသိုင်း အဝိုင်း က ထွက်လာတဲ့မီဒီယာရှိတယ်။ အဲ့လိုမီဒီယာတွေကြားမှာ အားပြိုင်မှုတွေ၊ အချင်းချင်း တိုက်ခိုက်မှုတွေ ရှိတယ်။ အခုဒီနေ့ထိလည်း ဒါမျိုးတွေက ရှိနေတုန်းပဲ။ အွန်လိုင်းမှာလည်း ဒါမျိုးတွေနောက်ခံနဲ့ ရှိတယ်။ Mainstream တွေမှာလည်း ရှိလာနေတယ်။ အဲ့တော့ ဒါတွေက ပရော်ဖက်ရှင်နယ်ပီပီသသ ရပ်တည် ရှန်သန်ဖို့ ၊ အမှီခို ကင်းကင်းရပ်တည်ဖို့ ကြိုးစားနေတဲ့မီဒီယာတွေအပေါ်မှာ သက်ရောက်မှုရှိတယ်။ အဲ့ဒါတွေနဲ့မူ တည်ပြီး သတင်း မီဒီယာတွေအပေါ်မှာ အမြင်တိမ်းစောင်းမှုတွေရှိတယ်။ ပရော်ဖက်ရှင်နယ် မီဒီယာတွေပါ ဝါး လုံးရှည်နဲ့ သိမ်းရမ်း ခံ ရတာပေါ့။ ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ ပရော်ဖက်ရှင်နယ် မီဒီယာတွေက အများအကြိုက် ၊ သည်းခြေကြိုက်တွေကို သိပ်လိုက်တာမဟုတ်ဘူး။ အဲ့လိုမလိုက်တဲ့အတွက် သူတို့မှာ ရပ် တည်ရှင်သန်ဖို့ ခက်တယ်။ နောက်တစ်ခါ ပရော်ဖက်ရှင်နယ် မီဒီယာအဖြစ် ရပ်တည်တဲ့အခါမှာ တစ်ဖက်ဖက်ကို ထောက်ခံပြီး တစ်ဖက်ဖက်ကို အလွန်အကျွံဆန့်ကျင်တာမျိုးမလုပ်တဲ့အတွက် နှစ်ဖက်စလုံးက အထင်လွဲတာ ခံရတယ်ပေါ့။ နှစ်ဖက်ပရိသတ်က Mainstream Media ဆိုရင် ဘက်လိုက်တဲ့မီဒီယာအဖြစ်တံဆိပ်ကပ်ပြီး အဲ့ဒီမီဒီယာကို ဝယ်ဖတ်တာနည်းသွားတယ်။ နောက်တစ်ခု နှစ်ဖက်အုပ်စုနဲ့ နှီးနွယ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် တွေကလည်း ကြော်ငြာထည့်မှု နည်းသွားတာပေါ့။ ဒါတွေက လွတ်လပ်တဲ့ပုဂ္ဂလိက မီဒီယာတွေရှင်သန်ရပ် တည် ရေးကို ခြိမ်းခြောက်နေတဲ့ကိစ္စပေါ့။ နောက်တစ်ခါ ပရော်ဖက်ရှင်နယ် မီဒီယာတွေက ငွေကြေးစိုက်ထုတ် ပြီး တော့ အချိန်ကာလတွေမြှပ်နှံပြီးတော့ လိုက်ထားတဲ့သတင်းတွေကို အွန်လိုင်းပေါ်ကနေပြီးတော့ ခိုးယူတယ်၊ အသွင်ပြောင်းတယ်၊ ဒီအတိုင်းတင်တယ်။ အဲ့လိုမျိုးကိစ္စတွေကလည်း ပရော်ဖက်ရှင်နယ် မီဒီယာတွေ ခံနေ ရတယ်ပေါ့။ နောက်တစ်ခုက လွတ်လပ်တဲ့ ပရော်ဖက်ရှင်နယ် မီဒီယာတွေရှင်သန်ရပ်တည်ရေးကို အစိုးရက လည်း ကူညီမှုကို အလေးထားစဉ်းစားတာအားနည်းတယ်။ နိုင်ငံပိုင်မီဒီယာတွေကိုယ်တိုင်က ဈေးကွက်ထဲမှာ ပုဂ္ဂလိက မီဒီယာတွေကို ပြိုင်နေသလိုဖြစ်နေတယ်။ ဒါတွေက ပရော်ဖက်ရှင်နယ်ဆန်ဆန် ရပ်တည်ချင်တဲ့ ပုဂ္ဂလိက မီဒီယာတွေအတွက် အခက်အခဲဖြစ်နေတယ်ပေါ့။

မေး။ ။ အခုနောက်ပိုင်း အွန်လိုင်းပေါ်မှာ အကြောင်းအရာတစ်ခုကို ခြေခြေမြစ်မြစ်မသိသေးဘဲ အုပ်စုဖွဲ့ ဝေဖန် တိုက်ခိုက်ရေးသားတာတွေများလာတဲ့အပေါ်မှာကော ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ။ ။ တစ်ချို့ဟာတွေကတော့ နိုင်ငံရေးပယောဂ ပါကောင်းပါနိုင်တယ်။ တစ်ချို့ဟာတွေကတော့ လူတွေရဲ့ စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးတော့ မသိလိုက်ဘဲနဲ့ လိုက်ပါမိတာပေါ့။ ဥပမာ ဗစ်တိုးရီးယားကိစ္စမျိုးပေါ့ ဒါမျိုး ဆိုလို့ရှိရင် နောက်ကွယ်က နိုင်ငံရေးပယောဂ ပါတယ်လို့မထင်ပါဘူး။ ဘာသာရေး၊ လူမျိုးရေးကိစ္စကတော့ နိုင်ငံရေးပ ယောဂပါတယ်။ ဗစ်တိုးရီးယာကိစ္စလိုမျိုးကတော့ နိုင်ငံရေးပယောဂပါတယ်လို့ မထင်ဘူး။ ဒါက ကျွန်တော် တစ်ဦးတည်း အမြင်ပေါ့။ လူတွေရဲ့ဂရုဏာသက်မှု ၊ သနားကြင်နာမှု ၊ မကျေနပ်ချက်ဒေါသတွေပေါ့။ မကျေနပ်ချက်ဒေါသဆိုတာက နဂိုကတည်းက ရဲတပ်ဖွဲ့တို့ ၊ တရားရေးတို့အပေါ်မှာ လူတွေက ယုံကြည်မှုမရှိ ဘူး လေ။ နဂိုကတည်းက သူတို့မှာ မကျေနပ်ချက်တွေ ၊ ဒေါသတွေရှိနေတဲ့အတွက် အဲ့ဒါတွေကို ဒီနေရာမှာ ဖောက်ခွဲတာပေါ့။ ဒါကတော့ မသိလိုက် မသိဖာသာ သူဖာသူ ပါသွားတဲ့ကိစ္စပေါ့ ။ ဒါပေမယ့် အဲ့ဒါကို နိုင်ငံရေး အရ အမြတ်ထုတ်ဖို့ ကြိုးစားတဲ့သူလည်း ရှိကောင်းရှိနိုင်တယ်။ ဒီတိုင်းပြည်မှာတော့ လူတွေရဲ့ ခံစားမှုတို့၊ ထောက်ခံမှုတို့က ပြောရရင် အဖြူ၊ အမည်းသိပ်ကွဲပြားချင်ကြတာပေါ့။ မဖြူရင် မည်းရမယ်ပေါ့။ အဲ့ဒီ Logic က ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာ တော်တော်လေး သြဇာသက်ရောက်မှု ရှိတယ်။ NLD  ကိုမထောက်ခံရင် ဒါတပ်ကိုထောက်ခံသူပဲ ကြံ့ခိုင်ရေး ကို ထောက်ခံသူပဲဆိုတဲ့ Logic မျိုးပေါ့။ အခုလည်း ဗစ်တိုးရီးယားကိစ္စကို ထောက်ခံတာမပြလို့ရှိရင် သူနဲ့ဆန့်ကျင်ဘက်လားဆိုတဲ့ အမြင်မျိုးရှိတဲ့သူရှိတယ်။ ဒါတွေက ပြောချင်တာဥပမာ ပေါ့။ ဒီဟာအပေါ်မှာမူတည်ပြီး တိုင်းပြည်မှာ အားနည်းချက်လို့ ပြောလို့ရတယ်။ ဒါကိုမှီပြီးတော့ နိုင်ငံရေးခိုစီး တဲ့သူ၊ ဝင်တွန်းတဲ့သူ ရှိကောင်းရှိနိုင်ပါတယ်။

မေး။ ။ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ။ ။ သတင်းမီဒီယာလွတ်လပ်ခွင့်မှာ ကျွန်တော်စောစောကပြောတဲ့အထဲမှာ တစ်ခုကျန်တာရှိတယ်။ သတင်း မီဒီယာသမားတွေက ခုနက တပ်ကိုပြောသလိုပဲ သတင်းမီဒီယာသမားတွေကိုယ်၌ကလည်း လွတ်လပ်ခွင့်နဲ့ ထိုက်တန်တဲ့၊ အရည်အချင်းရှိတဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့ ကျင့်ဝတ်နဲ့ညီတဲ့ သတင်းသမားဖြစ်အောင် တည် ဆောက်ထားဖို့လိုတယ်။ ကျွန်တော်တို့က တခြားကိုပဲ လက်ညှိုးထိုးလို့မရဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ထိုက် တဲ့မီဒီယာသမားအဖြစ် မသတ်မှတ်တဲ့ ပတ်ဝန်းကျင်ကိုပဲ ကိုယ်ကပြန်ပြီး ရမယ်ရှာနေလို့မရဘူး။ ကိုယ့် ကိုယ် ကိုပဲ ယုံကြည်ထိုက်တယ်၊ ကျင့်ဝတ်လေးစားလိုက်နာတဲ့၊ မျှတတဲ့ သတင်းသမားဖြစ်အောင် တည် ဆောက် ထားဖို့ကတော့ နံပတ်တစ်အရေးအကြီးဆုံးပဲဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျင့်ဝတ်နဲ့မညီတဲ့ ကိစ္စတွေ အလွဲ လုပ်နေတဲ့ကိစ္စတွေလည်းရှိတာကို။ တချို့ကလည်းမီဒီယာကို အကြည်အညိုတန်သွားအောင် ၊ ယုံကြည်မှု ပျက်သွားအောင် ဖျက်လို ဖျက် ဆီးလုပ်နေတဲ့သူတွေလည်းရှိတာကိုး။ ဥပမာအားဖြင့် မှုခင်းသတင်းထောက်အ ယောင်ဆောင်ထား တဲ့သူ တွေလိုပေါ့။ အဲ့တော့ ကိုယ်က အဲ့လိုကျဆင်းအောင်လုပ်နေတဲ့သူတွေနဲ့မတူဘူး။ ငါတို့က ကွဲကွဲပြားပြား တကယ်ကို ကျင့်ဝတ်နဲ့ညီတဲ့ ပရော်ဖက်ရှင်နယ်မီဒီယာတွေဖြစ်တယ်ဆိုတာကို လက် တွေ့ပြဖို့ လိုတယ်။ ကျွန်တော်တို့ ကိုယ့်တာကိုယ်လုံဖို့ လိုတယ်ပေါ့။ သတင်းလွတ်လပ်ခွင့်ဆိုတာ ကိုယ်က လည်း အဲ့ဒီထိုက်တန်အောင် တစ်ဖက်က ယုံကြည်လေးစားတဲ့သူတွေဖြစ်အောင် လုပ်ဖို့ တာဝန်ရှိတယ်လို့ ပြောချင်တာပါ။

 

အက်(စ်)အမ်အေ