အစိုးရနှင့် ပြည်သူ့စိတ်

နေထွန်းနိုင်
ပြီးခဲ့တဲ့ဒီဇင်ဘာ၁၆ရက်မှာ DVB သတင်းဌာနကပြုလုပ်တဲ့ အချေအတင်ဆွေးနွေးအဖြေရှာခန်း DVB Dabate မှာဝင်ရောက် ဆွေးနွေးခဲ့ပါတယ်။ ခေါင်းစဉ်က ‘ဘယ်ဝန်ကြီးဌာနတွေ စွမ်းဆောင်ရည်မြင့်သလဲ’ဆိုတဲ့ အကြောင်းအရာပါ။
အဲဒီမှာကျွန်တော်အဓိကဆွေးနွေးခဲ့တာက ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရတစ်ရပ်အနေနဲ့ (ရာနှုန်းပြည့်မဆို လို၊ အစိတ်အပိုင်းအားဖြင့်၊ လမ်းစအနေဖြင့်)ပေးထားတဲ့ ကတိတွေအတိုင်းဖြစ်ပြီလား၊ ပြည်သူတွေအကျိုးသက်ရောက်မှု ဖြစ်စေတဲ့အရာတွေကို ပီပီပြင်ပြင်ဖော်ဆောင်နိုင်ပြီလား၊ ပြည်သူတွေအပေါ်တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီလား၊ နှစ်နှစ်တာ ကာလအတွင်း (ကိုယ့်အတွက်မဟုတ်ဘဲ ပြည်သူတွေအတွက်)ရလဒ်အဖြစ် အရင် USDP အစိုးရထက်သာအောင် ဘာတွေ လုပ်နိုင်ခဲ့ပြီလဲ၊ ဒါတွေကိုပဲဦးတည်ခဲ့ပါတယ်။ အဲဒီဦးတည်မှုအတွက် သိုင်းဝိုင်းထားတဲ့ အချက်အလက်တွေ၊ အစိုးရနဲ့ ပြည်သူ စိတ်အရေးကြီးပုံကိုတင်ပြပါမယ်။

ဘယ်သူ စွမ်းဆောင်ရည်ကောင်းလဲ
ကိုယ်မြင်တာကို မြင်တဲ့အတိုင်းမထောက်မညှာပြောရရင်တော့ ဘယ်သူမှမကောင်းသေးဘူးလို့ဆိုရပါမယ်။ ဒါက လည်း လက်လွတ်စပယ်ပြောခြင်းမဟုတ်ပါဘူး။ လွှတ်တော်ကထောက်ပြထားတဲ့ အချက်သုံးခုရှိပါတယ်။ ဝန်ကြီးဌာနတွေ ဟာ-
(၁)ဘတ်ဂျက်ရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်မှုမရှိဘူး။
(၂)ပြည်ပကြွေးမြီ(ချေးငွေ)နှင့် ထောက်ပံ့ငွေပါလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အားနည်းချို့ယွင်းချက်၊ စွမ်းဆောင် ရည်မပြည့်မီမှုတွေဖြစ်တယ်။ ဒါကြောင့် ရည်မှန်းချက်ပါအတိုင်း ဆောင်ရွက်နိုင်မှုမရှိဘူး၊ ဒီလိုမရှိခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းများကို နှောင့်နှေးထိခိုက်စေတယ်။
(၃) ဘတ်ဂျက်ခွင့်ပြုချက်ပါလုပ်ငန်းများအပါအဝင် ဌာနဆိုင်ရာလုပ်ငန်းများအ ကောင်အထည်ဖော်ရာမှာ ပကတိ မြေပြင်အခြေအနေများ ထည့်သွင်းတွက်ချက်မှုရှိခြင်းနဲ့ ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတွေဖြစ်နေ တယ်။
လွှတ်တော်ထောက်ပြချက်သုံးချက်ကိုကြည့်ပြီး ဘယ်သူမှမကောင်းသေးဘူးလို့ဆို ခြင်းပါ။ ဒါကိုကောင်းအောင်ဘယ် လိုလုပ်မလဲဆိုတာ အစိုးရမင်းများအဖြေရှာရမှာဖြစ်ပါတယ်။ ဒါကိုပြည်သူတွေဝိုင်းကူပေးလို့မ ရပါဘူး။ ဒါကတစ်ချက်ပါ။

ရည်မှန်းချက်အတိုင်းဖြစ်သလား
ဒုတိယတစ်ချက်က ဝန်ကြီးဌာနတွေကို လျှော့ချပြီးတဲ့နောက် ရည်မှန်းချက်အတိုင်း ဖြစ်မဖြစ်ဆိုတာကို ချိန်ထိုးကြည့် ခြင်းပါ။ NDL ပါတီရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ‘ နိုင်ငံတော်အသုံးစရိတ်သက်သာ နိုင်ရန်နှင့် စွမ်းဆောင်ရည်ပြည့်၍ ကျစ်လျစ်သောအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် ဝန်ကြီးဌာနများကိုလျှော့ချသွားမည်’လို့ဆိုပါတယ်။ အဲဒီမှာနှစ်ချက်ပါဝင်ပါတယ်။
(၁) နိုင်ငံတော်အသုံးစရိတ်သက်သာရန်၊
(၂) စွမ်းဆောင်ရည်ပြည့်၍ ကျစ်လျစ်သောအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန်
နံပါတ်နှစ်အတွက် အဖြေကိုအပေါ်မှာဖော်ပြပြီးပါပြီ။ ဖြစ်မလာသေးပါဘူး။ နိုင်ငံတော်အသုံးစရိတ်သက်သာရန်ဆိုတဲ့ နံပါတ်တစ်အချက်ဖြစ်ပြီလား။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်ကစလို့ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်အထိကြည့်ရင် NLD အစိုးရဟာ သုံးနှစ်အတွင်းအစိုးရ ရ ငွေအများဆုံးဖြစ်အောင်လုပ်နိုင်ပါတယ်။ သို့ပေမဲ့ အစိုးရသုံးငွေအပိုင်းမှာလည်း သုံးနှစ်အတွင်းစံချိန်တင်ပါတယ်။ ဒါကြောင့် (လျာထားချက်အရ) ဘတ်ဂျက်လိုငွေဟာ (ပြီးခဲ့တဲ့ဘဏ္ဍာ နှစ်ခုနစ်နှစ်စလုံးကကိန်းဂဏန်းတွေနဲ့ယှဉ်ရင်) အများဆုံးဖြစ်ပါ တယ်။ USDP အစိုးရလက်ထက်အမြင့်ဆုံး ဘတ်ဂျက်လိုငွေ (လျာထားချက်)ဟာ၂ဝ၁၅ -၂ဝ၁၆ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၃၆၅၉ အထိရောက်ပါတယ် NLD အစိုးရလက် ထက်ဘတ်ဂျက်လိုငွေ (လျာထားချက်)ဟာ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ကျပ် ၃၉၈၉ ဘီလျံဖြစ်ပါတယ်။ အရင်အစိုးရ အမြင့်ဆုံးလိုငွေထက် ကျပ်ဘီလျံ ၃ဝဝ ကျော်ပိုများလာခြင်းပါ။
တစ်ခါတစ်နှစ်နောက်ဆုတ်ပြီး၂ဝ၁၆ -၂ဝ၁၇ဘဏ္ဍာနှစ်ကိုကြည့်ရင် မူလလျာထား ဘတ်ဂျက်လိုငွေဟာ ကျပ်၃၂၈၈ ဘီလျံဖြစ်ပါတယ်။ ဒါကိုပြုပြင်ပြီးတဲ့ အချိန်မှာကျပ် ဘီလျံ ၄ဝ၁ဝ အထိရောက်ပါတယ်။ ဒါပေမဲ့ အပြီးသတ်မှာတော့ကျပ် ၂ဝ၆၂ ဘီလျံပဲရှိပါတော့တယ်။ လိုငွေလျော့သွားတယ်ပေါ့။
ဒီအတိုင်းပဲ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် အတွက်မူလခန့်မှန်းခြေလိုငွေဟာ ကျပ် ၃၉၈၉ဘီလျံဖြစ်ပါတယ်။ ပထမခြောက် လပတ်အထိ စာရင်းချုပ်ပြီးချိန်မှာ ခြောက်လပတ်လို ငွေဟာကျပ်ဘီလျံ ၈၄၁ပဲရှိပါတယ်။ အင်မတန်လျော့သွားတာပါ။ ဒါဟာ ဝမ်းသာစရာ ဖြစ်ပါရဲ့လား။ လွှတ်တော်ရဲ့ထောက်ပြချက် ကိုသတိပြုရပါမယ်။
လွှတ်တော်ရဲ့ပြောထားချက်မှာ ‘သာမန်အားဖြင့်လိုငွေလျော့နည်းခြင်းမှာ သတင်းကောင်းဖြစ်သော်လည်း လိုငွေကျ ဆင်းမှုမှာ –
(၁) လုပ်ငန်းစီမံချက်တွေကို လျာထား ချက်အတိုင်း ဆောင်ရွက်နိုင်မှုမရှိခြင်း၊
(၂)ချေးငွေ/ထောက်ပံ့ငွေများကို လျာထားချက်အတိုင်းထုတ်ယူသုံးစွဲနိုင်မှုမရှိခြင်း’ ဒါတွေကြောင့် လိုငွေလျော့တယ် လို့ဆိုပါတယ်။ အကျိုးဆက်က ‘နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကိုထိခိုက်စေတယ်’လို့ ကောက်ချက်ဆွဲပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် လျာထားချက်မှာပါတဲ့အတိုင်း လိုငွေပမာဏကြီးနေတာကိုကုစားဖို့ (ချွေတာရေးလမ်းစဉ် အဖြစ်) လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုမလုပ်ဘဲဆိုင်းထားတာ (ဥပမာ- တင်ဒါခေါ်ယူခြင်းမပြု၊ လိုအပ်တဲ့ဝန်ထမ်းခန့် အပ်ထားမှုမရှိ)၊ လုပ်တဲ့အခါမှာလည်း ပကတိမြေပြင်အခြေအနေတွေနဲ့ကွဲလွဲခဲ့တာ၊ ချေးငွေ/ထောက်ပံ့ငွေတွေမရသေးလို့ အလုပ်မစနိုင်သေးတာ၊ ဒါတွေကြောင့် လိုငွေလျော့သွားတာဖြစ်တာမို့လို့ငွေလျော့နေခြင်းဟာ ဝမ်းသာရမယ့် ကိစ္စမဟုတ် ပြန်ပါဘူး။
ဒီအတွက် နိုင်ငံတော်အသုံးစရိတ်သက် သာလာသလား၊ မေးခွန်းကိုပြန်ဖြေရင် နည်းမှန်လမ်းမှန် ဖြစ်မလာသေးဘူး လို့ ဆိုရမှာပါ။

ချန်ပီယံမရှိခြင်း
ဝန်ကြီးဌာနတွေ စွမ်းဆောင်ရည်လျော့တဲ့အပေါ် ဝန်ကြီးတွေကိုအပြစ်ဖို့ရုံနဲ့ထူးမှာမဟုတ်ပါဘူး။ ဝန်ကြီးဌာန၂၄ခု အတွက်ဝန်ကြီး၂၂ ဦးပဲရှိပါတယ်။ ဒုတိယဝန်ကြီး ၁၃ ဦးဖြစ်ပါတယ်။ ဒုတိယဝန်ကြီးမရှိတဲ့ ဌာန ၁၂ခုရှိပြီးအဲဒီ ၁၂ ခုထဲက ဝန်ကြီးဌာနလေးခုဟာ အရင်အစိုးရလက်ထက်ဝန်ကြီးဌာနတွေထဲကနှစ်ခုကို တစ်ခုအဖြစ်ပေါင်းထားတဲ့ လေးခုဖြစ်ပါတယ်။
နောက်တစ်ခုက ချန်ပီယံတွေမရှိတဲ့ကိစ္စပါ။ ဒီနေရာမှာအရင်အစိုးရလက်ထက်က သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ကို ဥပမာပေးပြောပါမယ်။ ဒါဟာသူတို့တော်တယ်၊ တတ်တယ်၊ ကျေးဇူးတင်ရမယ်လို့ပြောတာ မဟုတ်ဘဲ လုပ်ရဲကိုင်ရဲ၊ လုပ်ခွင့်ကိုင်ခွင့်ရှိခဲ့တာကိုပြောတာပါ။
ပုဂ္ဂိုလ်ရေးအရပြောရင် ဦးသိန်းစိန်အစိုးရကိုမကြိုက်သလိုဖော်ပြထားတဲ့ ဝန်ကြီးနှစ်ပါးကိုလည်းမကြိုက်ပါဘူး။ မူအရ မကြိုက်တာကိုပြောခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ စီမံခန့်ခွဲမှုအားနည်းချက်၊ ပြည်သူလူထုအပေါ်သက်ရောက်မှုရှိစေတဲ့ သူတို့ရဲ့ လုပ်ရပ်ပိုင်းတွေနဲ့ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ၊ ဆောင်းပါးတွေကို သူတို့တာဝန်ထားချိန်ကတည်းက များစွာရေး ထားပြီးဖြစ်ပါတယ်။ (အခုထက်ထိလည်း အရင်အစိုးရလက်ထက်က ဝန်ကြီးဌာနတစ်ခုအကြောင်းရေးခဲ့လို့ တရားစွဲဆိုခံထား ရတဲ့ အမှုကို ဒီအစိုးရလက်ထက်မှာ ဆက်ပြီးရင်ဆိုင်နေရတုန်းပါ)
ဆိုလိုချင်တာက NLD အစိုးရကို စစ်အစိုးရနဲ့မနှိုင်းချင်လို့၊ ဒီမိုကရေစီစစ်တစ်ပိုင်းအစိုးရဦးသိန်းစိန်လက်ထက်က အခြေအနေနဲ့နှိုင်းယှဉ်ပြောနေတာဟာ ဦးသိန်းစိန်အစိုးရတော်ကြောင်း၊ တတ်ကြောင်း၊ အမွှမ်းတင်ခန်းဖွင့်နေတာမဟုတ် သလို၊ နေရာလိုချင်၊ နေရာရချင်လို့ ပြောနေခြင်းလည်းမဟုတ်ပါဘူး။ (NLD လော်ဘီတွေအနေနဲ့ နားလည်ထားဖို့က အဆဲခံ၊ အပုပ်ချခံပြီး ဒီအစိုးရကို ဝေဖန်ထောက်ပြနေသူတွေဟာ နေရာလိုချင်လို့လည်းမဟုတ်၊ ပိုက်ဆံရချင်လို့လည်းမဟုတ်၊ ယုံကြည်ချက်တစ်ခုတည်းကြောင့် ပြောနေသူတွေရှိတယ်ဆိုတာ သတိထားဖို့လိုပါတယ်)
ပြောလက်စကို ပြန်ကောက်ရရင် ဒီအစိုးရမှာ ပြုပြင်ပြောင်းလဲရေးအတွက် ရဲရဲတိုး၊ ရဲရဲလုပ်ရဲတဲ့ချန်ပီယံတွေမရှိပါ ဘူး။ လုပ်ပိုင်ခွင့်မရှိသလို အားလုံးဟာအပေါ်က အခြေအနေကိုပဲ ကြည့်နေပါတယ်လို့ မြင်ပါတယ်။
ဒါ့အပြင် အနိုင်ရအောင်အကွက်ချက စားတာမျိုးလည်း ထင်သာမြင်သာမတွေ့ရ သေးဘဲ အပေါ်ကငြိမ်းချမ်းရေးဆို ငြိမ်းချမ်းရေးနောက်လိုက်၊ အပေါ်ကရခိုင်ဆို ရခိုင်နောက်လိုက်၊ အပေါ်ကချပေးတဲ့ဘောလုံး နောက်ကိုပဲ လူတရုန်းရုန်းလိုက် ကစားနေသလိုပါပဲ။ အကျိုးဆက်က ရှေ့တန်းကမကောင်း၊ အလယ်တန်းကပျက်၊ နောက်တန်းကမလုံနဲ့ ဂိုးတွေချည်းပေး နေရတဲ့အခြေစိုက်ပါတယ်။ ပြည်သူတွေကတော့မြန်မာဘောလုံးပရိသတ်လိုပါပဲ။ ဘယ်တော့များငါတို့အနိုင်ရမလဲဆိုတာ မျှော်တလင့်လင့် ဖြစ်နေရတုန်းပါ။ ဒါကလည်းပြည်သူ့ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့အပိုင်းတွေမှာ ပြင်ဆင်ဖို့ သင့်တဲ့ အချက်ပါပဲ။
ပြည်သူဝန်ဆောင်မှုလို့ဆိုရာမှာ နိုင်ငံရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ နှစ်နှစ်အတွင်းစွမ်းဆောင်ခဲ့သမျှ ကာလ မှာ ဟင်ခနဲ၊ ဟာခနဲဖြစ်စေတဲ့ လုပ်ရပ်မျိုးမတွေ့ရသေးတာမမှန်ပါ။ အရင်အစိုးရရဲ့ ပထမနှစ်နှစ်တာဟာ လူတွေအတွက် အားတက်စရာဖြစ်စေခဲ့တာ အမှန်တရားတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းသုံးနှစ်မှသာ သူတိုရဲ့စီမံခန့်ခွဲမှုအမှားနဲ့ လုပ်ရပ်တချို့ ကြောင့် လူထုယုံကြည်မှုကျဆင်းသွားခဲ့တာပါ။
ဒါကိုပြောမယ်ဆိုရင် ဥပမာအားဖြင့် အရင်အစိုးရလက်ထက်မှာ ဖုန်းတွေပိုပေါလာတယ်၊ ကားတွေဈေးကျတယ်လို့ ပြောရင် မကြိုက်ကြပါဘူး။ ဒီထက်ပိုပြီးချဲ့ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကလွှတ်ပေးတာ၊ ပြီးတဲ့ နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတာ၊ ထင်ရှားသူတွေပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အမည်မည်းစာရင်းသွင်းခံထားရတဲ့ ပြည်ပရောက် မြန်မာတွေကို ပြည်ဝင်ခွင့်ပေး တာ၊ (လိုက်လုပ်တာ၊ မလုပ်တာအပထား) အဲဒီလူတွေပေးတဲ့ အကြံဉာဏ်တွေကိုရယူခဲ့တာ၊ ဧရာဝတီမြစ်ဆုံဆည် တည် ဆောက်ရေးစီမံကိန်းကို သူ့အစိုးရလက်ထက်မှာယာယီရပ်ဆိုင်းလိုက်တာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်း ချမ်းရေးကမ်းလှမ်းတာ၊ ကချင် ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေအတွက် အပစ်ရပ်ဖို့ တပ်မတော်ကို အမိန့်ပေးတာ၊ ၂ဝ၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို ပြောင်ပြောင်တင်းတင်းမဲလိမ်၊ မဲခိုးမှုမလုပ်ဘဲ ပြုလုပ်ပေးခဲ့တာ၊ သတင်းမီဒီယာတွေကို ချုပ် ကိုင်ထားတဲ့ ဆင်ဆာတင်းကြပ်မှုကို ဖြေလျှော့ပေးလိုက်တာ၊ ပုဂ္ဂလိကသတင်းစာတွေကို ထုတ်ဝေခွင့်ပေးလိုက်တာ စသဖြင့် ဒါတွေဟာ ဦးသိန်းစိန်အစိုးရ နှစ်နှစ်တာကာလမှာဖြစ်ခဲ့တာပါ။
ပြောချင်တာက ဦးသိန်းစိန်အစိုးရထက် NLD အစိုးရက လူထုအတွက်၊ တိုင်းရင်းသားတွေအတွက် လုပ်ပေးနိုင်စွမ်း အများကြီးရှိပါတယ်။ ဒါပေမဲ့ နှစ်နှစ်တာကာလအတွင်းမှာ ဖြစ်မလာခဲ့ပါဘူး။ ဥပမာ ‘ဒီမိုကရေစီအစိုးရလက်ထက်မှာ နိုင်ငံရေး အကျဉ်းသားမရှိစေရဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်နဲ့အညီ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်ဆို ပေမဲ့ အခုချိန်ထိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရှိနေဆဲပါ။ တစ်ခါ ပုဂ္ဂလိကရုပ်သံလိုင်းတွေကို လွတ် လပ်စွာလုပ်ကိုင်နိုင်အောင် ခွင့်ပြုပေးတဲ့ အခြေအနေမှာလည်း မရှိသေးပါဘူး။ ပထမရက် ၁ဝဝ ကာလအတွင်း မြန်မြန် အကျိုးသက်ရောက်မှုရှိပြီး Quick Win ဖြစ်စေတဲ့အရာတွေကို လုပ်သွားမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း က ပြောပေမဲ့ ဒီဟာရဲ့သက်ရောက်မှုကို ပြည်သူတွေမခံစားခဲ့ရပါဘူး။ ဒါ့အပြင် တန်ဖိုးကျပ်သိန်း ၁ဝဝ အောက်မှာရှိတဲ့ တန်ဖိုးနည်းအိမ်ရာတွေအတွက် ပထမရက် ၁ဝဝအတွင်း အကောင်အထည် ဖော်ပြမယ်ဆိုတာဟာလည်း နှစ်နှစ်ပြည့်ခါနီး အချိန်အထိ ပြည်သူ့မျှော်မှန်းချက်နဲ့ ဝေးနေရဆဲဖြစ်ပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှုတွေကို ပြန်ကြည့်မယ် ဆိုရင်လည်း ဘာတွေလုပ်နေသလဲဆိုတာ လုံးဝမမြင်ရတဲ့ အခြေအနေဖြစ်နေပါတယ်။

အာဏာယန္တရား ချဲ့ထွင်မှု
တစ်ခါ လက်ရှိအနေအထားအရလည်း ပြည်သူကိုအကျိုးဖြစ်စေမယ့် ပြည်သူ့ဝန်ဆောင်မှုယန္တရားချဲ့ထွင်တာထက် အာဏာ ယန္တရားချဲ့ထွင်နေတာပဲ တွေ့ရပါသေးတယ်။
အစိုးရယန္တာရားထိပ်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ထိပ်ဆုံးမှာ ထိုင်ထားပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဒါတွေအပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကော်မတီတွေ အပါ အဝင်ကော်မတီ ၁၆ခုရဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတာဝန်လည်းယူထားပါတယ်။ သေချာတဲ့တစ်ချက်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စအဝဝဟာ အတိုင်ပင်ခံရုံးမှာပဲရှိနေပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်မဟုတ်ဘဲ ဒီမိုကရေစီကိုသွားနေပါတယ်ဆို တဲ့ အစိုးရလက်ထက်မှာ အခုဖြစ်နေတဲ့ အခင်းအကျင်းအပေါ် ဗဟိုချုပ်ကိုင်မှုကြီးတယ်လို့ မပြောဘဲ ဘယ်လိုပြောရမလဲ၊ အစားထိုးသုံးဖို့ စကားလုံးရှာမတွေ့ပါဘူး။
ဖြစ်လာတဲ့အခြေအနေက ဒေါ်အောင်ဆန်းစုကြည် အလုပ်ပိလာတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အလုပ်တွေမနိုင် တော့တာကြောင့် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ ပေါ်လာပါတယ်။ ဒါ့အပြင် အတိုင်ပင်ခံရုံးဝန်ကြီးဌာန နှစ်ခုအောက်မှာ ဌာနကြီးနှစ်ခုခွဲထုတ်ပြီး အဲဒီအောက်မှာ ဌာနခွဲရှစ်ခုဖွဲ့ပါတယ်။ သမ္မတ ရုံးဝန်ကြီးဌာန အောက်မှာလည်း ဌာနကြီးငါးခုခွဲထုတ်ပါတယ်။ အဲဒီမှာပါနေတဲ့လူတွေကို ကြည့်ပြန်တော့ ချန်ပီယံဖြစ်နိုင် လောက်တဲ့သူ တစ်ယောက်မှမတွေ့ပါဘူး။ ဗျူရိုကရေစီယန္တရားအောက်မှာ တဝဲလည်လည် ဖြစ်နေမယ့်သူတွေချည်းပါ။
နှစ်နှစ်လွန်ပြီးတော့ သိပ်မကျန်တော့တဲ့ကာလမှာ ပြည်သူကိုဝန်ဆောင်မှုပေးတဲ့၊ ပြည်သူအကျိုးဖြစ်ထွန်းမှုကို သက်ရောက်စေမယ့် ယန္တရားတစ်ခု၊ စိုက်ဆင်းနေတဲ့ တိုင်းပြည်စီးပွားရေးကို အရှိန်မြှင့်တွန်းတင်နိုင်တဲ့ ယန္တရားတစ်ခုကို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုချဲ့ထွင်မလဲ ဒါကအရေးကြီးလာပါတယ်။ ပြည်သူ့ဝန်ဆောင်မှုယန္တရားဖော် ဆောင်ရေးနဲ့ ပြည်သူ အပေါ် အကျိုးသက်ရောက်မှုဖြစ်စေဖို့ဆိုရာမှာ ၂ဝဝ၈ ကြောင့်၊ ၂၅ ရာခိုင်နှုန်းကြောင့်၊ ဟိုဝန်ကြီးဌာန သုံးခုကြောင့်၊ နှစ် ၅၀ဆိုးမွေကြောင့်ဆိုပြီး ဟိုဟာကြောင့်၊ ဒီဟာကြောင့်ဆိုတဲ့ ဆင်ခြေတွေပေးပြီး စလုတ်တိုက်ချရမယ့်အခြေအနေ မဟုတ်ဘူး ပဲမြင်ပါတယ်။
၂ဝဝ၈ ပြဿနာ၊ ၂၅ ရာခိုင်နှုန်း ပြဿနာ၊ ဝန်ကြီးဌာနသုံးခု ပြဿနာဆိုတာ NLD ပါတီ ရွေးကောက်ပွဲဝင် ကတည်းကရှိနေခဲ့တဲ့ စိန်ခေါ်မှုပါ။ ဒါတွေပြောင်းနိုင်မယ်၊ ရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပြီး ပြည်သူတွေကNLD ပါတီ အပေါ်ပုံအောမဲပေးခဲ့တာပါ။ မပြောင်းနိုင်ခဲ့ရင်တော့ ဒါဟာ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့သူတွေရဲ့ အရည်အချင်းနဲ့ပဲသက် ဆိုင်ပါလိမ့်မယ်။ တစ်ခါ NLD အနေနဲ့ဆိုရင် ၂ဝ၁၂ ခုနှစ်ကတည်းက လွှတ်တော်အတွေ့အကြုံရှိထားပြီး ဖြစ်သလို၊ ငါတို့ အစိုးရဖြစ်လာရင် ဘာတွေဘယ်လို တိုးတက်အောင်လုပ်မလဲဆိုတဲ့ ပြင်ဆင်မှုအခွင့်အရေးက ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲဝင်ချိန်ကတည်းက ရထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ရှိထားပြီးဖြစ်တဲ့ ၂ဝဝ၈ ဘောင်ထဲကပဲ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ရာထူးနဲ့ လုပ်ပိုင်ခွင့်တွေကို ဖောက်ထွက်ဖန်တီးပေးနိုင်ခဲ့သလို ပြည်သူတွေအကျိုးကြီးမားမှု ကြီးကြီးမားမားဖြစ်စေ တဲ့ ကိစ္စတွေကိုရော ၂ဝဝ၈ ဘောင်ထဲကနေ ဖောက်ထွက်မဖန်တီးပေးနိုင်ဘူးလား။ မေး စရာဖြစ်ပါတယ်။

ပြည်သူစိတ်ကို အမှန်သိဖို့
ဘယ်သူကမှ အမှောင်ခေတ်ကို ပြန်မသွားချင်ပါဘူး။ ဒါကသေချာပါတယ်။
ဒီအတွက်ချုပ်ပြောရင်တော့ ပြင်သင့်တာပါပဲ။ အစိုးရအဖွဲ့ထဲမှာ ချန်ပီယံတွေမွေးရမယ်။ လုပ်ပိုင်ခွင့်ပေးရမယ်။ ချွေတာ ရေးလမ်းစဉ် နည်းမကျလမ်းမကျ ကျင့်သုံးတာထက် ချဲ့သင့်တာကိုချဲ့ရမယ်။ အချိန်မရှိတော့ပါဘူး။ နောက်တစ်နှစ် အတွင်း အခုအခြေအနေက ရုန်းထွက်နိုင်အောင်လုပ်ရတော့မှာပါ။ မဟုတ်ရင် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ထိခိုက်မှုရှိလာပါလိမ့်မယ်။ အလွဲအမှားတွေကို ဖာနေ၊ ကာနေကြရုံနဲ့ အချိန်တွေမကုန်သင့်ပါဘူး။ ပြင်သင့်တာတွေကို ပြင်ရပါ လိမ့်မယ်။
၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အရပ်သားအစိုးရ ပြောင်းသွားတယ်။ ပြည်သူတွေပြောရဲဆိုရဲရှိလာတယ်။ ဒါဟာ ဒီအစိုးရရဲ့ အကြီးမားဆုံးအပြောင်းအလဲဆိုတဲ့ ပြောဆိုသံတွေကြားရပါမယ်။ တကယ်တော့ ဒါဟာမလုံလောက်ပါဘူး။ မပြည့် စုံပါဘူး။ ဒီလိုပြောနေတာတွေဟာ ပြည်သူတွေကိုသက်ညှာမှုမရှိရာ၊ မငဲ့ကွက်ရာရောက်ပါတယ်။ ပြည်သူတွေဟာလည်း နှစ်ပေါင်း ၅၀ကျော်ကြာ ဆင်းရဲဒုက္ခခံခဲ့ရတာပါ။ သူတို့ ဒီထက်မကတဲ့ ပြောင်းလဲမှုတွေ လိုချင်ကြပါတယ်။
ပြည်သူတွေလိုချင်တာကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုရင် ကဏ္ဍအသီးသီးက အစိုးရတာဝန်ရှိသူတွေက လူတွေရဲ့ လိုအပ်ချက်ကို ဘယ်လောက်ဖြည့်ဆည်းပေးနိုင်ပြီလဲ။ လူတွေရဲ့လိုအပ်ချက် ဘာဆိုတာကိုရောသိကြရဲ့လား။ ဒါကိုပဲ ဆန်းစစ်ရမှာ ဖြစ်ပါတယ်။
အစိုးရတစ်ရပ်က ပြည်သူအတွက် ဘယ်လောက်လုပ်နိုင်သလဲ၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက တိုင်းတာနိုင်တဲ့ အချက် နှစ်ချက်ကို သတိပြုဖို့ပါ။
ပထမတစ်ချက်က ပြည်သူရဲ့ အခြေအနေအမှန်၊ ပြည်သူရဲ့လိုအပ်ချက်ကိုသိနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ အဲဒီ သိခြင်းဆိုတာ ခေါင်းဆောင်တွေက သတ်မှတ်ပေးတဲ့၊ ခေါင်းဆောင်တွေက ကောင်းမယ်ထင်ပြီး ယူဆထားတဲ့ လိုအပ်ချက် မဟုတ်ပါဘူး။ ပြီးတဲ့အခါ ပြည်သူတွေရဲ့ လိုအပ်ချက်ဆိုတာ မြို့ပြ၊ ကျေးလက်၊ တောင်ပေါ်၊ မြေပြန့် စသဖြင့်လည်း တူမှာ မဟုတ်ပါဘူး။
ဥပမာ – ခေါင်းဆောင်က ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေးဖြစ်တယ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအလုပ်တွေလုပ်ရမယ်လို့ သတ်မှတ်ရင် ဒါဟာ လက်ငင်းလိုအပ်ချက်အမှန်ဟုတ်၊ မဟုတ်စဉ်းစားဖို့လိုပါ တယ်။ ငြိမ်းချမ်းရေးကအရေးကြီးပေတဲ့ အခုချိန်မှာအားလုံးရဲ့ လက်ငင်းလိုအပ်ချက်က အပစ်ရပ်ရေး ခိုင်မာချင်တယ်၊ စီးပွား ရေးကောင်းချင်တယ်။ စားဝတ်နေရေးပြေလည်ချင်တယ်။ လက်ငင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှ ရေရှည်မြော်မြင် ချက်ကို သက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ စကားကြုံလို့ပြောရရင် အခုငြိမ်းချမ်းရေးကတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်နေ တယ်။ ပြဌာန်းနေတဲ့ ဥပဒေတွေက ဖက်ဒရယ်အင်္ဂါရပ်၊ လက္ခဏာတွေနဲ့ လျော်ညီမှုမရှိ၊ တိုင်းရင်းသားတွေအတွက် လက် တွေ့ကျတဲ့ စဉ်းစားချက်တွေ မရှိသလောက် မှေးမှိန်နေပါတယ်။ ဒီလိုဖြစ်နေတာတွေက အင်မတန် ဝမ်းနည်းစရာကောင်း တယ်လို့ပဲ ယူဆပါတယ်။
ပြည်သူတွေရဲ့ လိုအပ်ချက်အမှန်ကိုသိဖို့ဆိုရင် အဲဒီအတွက် လက်ရုံးနဲ့ ကြွက်သားဖြစ်တဲ့ မီဒီယာတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ (CSO)တွေဆီကတစ်ဆင့်လာတဲ့ ပြည်သူ့အသံကို နားထောင်ဖို့ပါပဲ။ အခုချိန်မှာတော့ မီဒီယာတွေလည်း ခေါင်းမထောင်နိုင်အောင် (ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာကိုပါ)ဖိနှ်ပ်ခံရတဲ့ အခြေအနေရင်ဆိုင်နေရပြီး CSO တွေ လည်း တရားခံစာရင်း အသွင်းခံနေရသလို ဖြစ်နေပါတယ်။ ဒါဟာမကောင်းပါဘူး။ ဘယ်သူ့အတွက် မကောင်းသလဲဆိုရင် အစိုးရအတွက် မကောင်းတာပါ။ မီဒီယာနဲ့ CSO တွေဟာ အစိုးရနဲ့ ပြည်သူအကြား ပေါင်းကူးပေးထားတဲ့ တံတားတွေဖြစ်ပြီး သူတို့ကြားခံမရှိရင် အစိုးရနဲ့ ပြည်သူဝေးသလိုဖြစ်လာမှာပါ။ တစ်ခါ အစိုးရဆိုတာဟာလည်း ပြည်သူ၊ မီဒီယာနဲ့ CSO စတဲ့ ဒေါက်တိုင်သုံးခုကို အမှီပြုနေရတာပါ။ အဲဒီဒေါက်တိုင်တွေထဲက တစ်ခုလစ်ဟာ ကျိုးပဲ့တာနဲ့ ဟန်ချက်ပျက်မှာဖြစ်ပါတယ်။
ပြည်သူတွေရဲ့လိုအပ်ချက်ကို သိရပြီဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဖြည့်ဆည်းရတော့မှာပါ။ ပြောထားတာနဲ့ လက် တွေ့ မလျော်ညီဘူးဆိုရင် ဖြစ်နေတဲ့အခြေအနေတွေကို ပြည်သူတွေသိအောင်ရှင်းပြဖို့လိုပါတယ်။ (ဥပမာ- ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂါလီအရေးကိစ္စနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့အခြေအနေ၊ နိုင်ငံတကာဖိအား၊ တရုတ်နဲ့ဆက်ဆံရေးကိစ္စ ဒါတွေအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနကဖြစ်စေ၊ ပြန်ကြားရေးဝန်ကြီးဌာနကဖြစ်စေ ပြည်ထောင်စုလွှတ်တော်ကို လာရောက် အစီရင်ခံပြီး လွှတ်တော်ကတစ်ဆင့် ပြည်သူတွေကိုရှင်းပြဖို့လိုပါတယ်။ သူတို့ကလာမရှင်းပြသေးဘူးဆိုရင်လည်း လာ ရှင်းပြ ဖို့ လွှတ်တော်က သူတို့ကိုခေါ်ယူသင့်ပါတယ်) အခုအခြေအနေမှာတော့ ဘယ်သူကမှ တာဝန်ယူ၊ တာဝန်ခံပြီး ပြည်သူကို အဓိကဦးတည်ပြီး ရှင်းပြတာမျိုး သိပ်မတွေ့ရသေးဘူးလို့ပဲ မြင်မိပါတယ်။
ကိုယ်ပြောချင်တာတွေချည်းပြောဖို့မဟုတ်ဘဲ လူထုလိုအပ်ချက်အမှန်ကို ထင်ဟပ်စေတဲ့၊ ပြည်သူကသိချင်နေတဲ့ ကိစ္စတွေကို ပြည်သူနားလည်အောင် ရှင်းပြတာမျိုးက အစိုးရတိုင်းအတွက် အကျိုးမယုတ်စေပါဘူး။ မဟုတ်ရင် အရင်အစိုးရ ကလည်း သူတို့လုပ်ချင်ရာလုပ်သွားတယ်၊ ဒီအစိုးရလည်း မထူးပါဘူးဆိုတဲ့ ပုံစံပဲဖြစ်သွားနိုင်ပါတယ်။
အချုပ်အားဖြင့်ပြောရင် ပြည်သူစိတ်မွေးဖို့ပါပဲ။ အစိုးရနဲ့ပြည်သူစိတ်ထပ်တူ ကျနေဖို့လိုပါတယ်။ နေရာရသွားလို့၊ အာဏာရသွားလို့ ပြောင်းလဲသွားပြီဆိုတဲ့ ပြောဆိုမှုကိုလက်မခံချင်ရင် အစိုးရမှာ ပြည်သူစိတ်ရှိနေဖို့ပဲလိုပါမယ်။ နောက် တစ်ခုက ပြည်သူတစ်ယောက်၊ နိုင်ငံသားတစ်ယောက်ရဲ့ အမြင့်ဆုံးလုပ်နိုင်စွမ်းဟာ မဲပေးတာပါပဲ။ ဒီထက်ပိုပြီး ပြည်သူတစ် ယောက်က ဘာမှ ဝင်မလုပ်ပေးနိုင်ပါဘူး။ နိစ္စဓူဝစားဝတ်နေရေးအတွက် ပင်ပန်းတကြီးလုပ်ကိုင်ရှာဖွေနေရတဲ့ ပြည်သူတွေ ဟာ နိုင်ငံ့ရေးရာ အလုပ်တွေလုပ်ဖို့ သူတို့ယုံကြည်သူကို မဲပေးအပ်နှင်းထားခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူက ရွေးချယ်ထားသူ တွေက ပြည်သူ့အတွက် တာဝန်ကျေအောင် အလုပ်လုပ်ပေးရမှာပါ။ ကိုယ်ပေးတဲ့ ကတိတည်အောင် စွမ်းဆောင်ပြရမှာပါ။
အခု ပြည်သူတွေ လိုချင်နေတာကလည်း အားလုံး တိုးတက်ကောင်းမွန်ရမယ်ဆိုတဲ့ အခြေအနေမဟုတ်ပါဘူး။ အရင် အစိုးရလက်ထက်ကထက် ပြေလည်ချင်တယ်၊ အဆင်ပြေချင်တယ်၊ ချောင်လည်ချင်တယ်၊ အသက်ဝဝ ရှူချင်တယ်။ ဒါပါပဲ။ ဒါတွေအတွက် သိသာတဲ့ အကျိုးသက် ရောက်မှုဖော်ဆောင်ပေးနိုင်ရင်ကို ကျေနပ်ကြမှာပါ။ ဒါကိုလုပ်နိုင်ပြီလား။ လုပ်နေ ပါတယ်ဆိုတဲ့ စကားထက်ပိုတဲ့ ရလဒ်ပိုင်းနဲ့ ပြည်သူကို သက်သေပြရပါမယ်။ မဖြစ်သေးရင်လည်း မဖြစ်သေးတဲ့အကြောင်း၊ ဘာတွေကြောင့် မဖြစ်သေးတာ၊ ဘယ်လိုဆက်လုပ်သွားမယ်၊ ပကတိ မြေပြင်အခြေအနေမှာ ပြည်သူလိုလားတာနဲ့ လိုက် လျောညီထွေရှိတဲ့ မြော်မြင်ချက်က ဘယ်လိုစတာတွေကို ပြည်သူတွေနားလည်အောင် အစီရင်ခံရမယ်၊ ရှင်းပြရမယ်ထင်ပါ တယ်။ အစိုးရမှာ ပြည်သူစိတ် ရှိနေတယ်ဆိုရင် ဒါတွေပြောဖို့၊ လုပ်ဖို့ ဝန်လေးနေမယ်မထင်ပါဘူး။
ဘယ်အခြေအနေမှာပဲရောက်ရောက် မမေ့သင့်တာတစ်ချက်ပဲရှိပါတယ်။ အစိုးရဟာ မိဘမဟုတ်ပါဘူး။ ပြည်သူ သာလျှင် မိဘဖြစ်ပါတယ်။ အစိုးရနှင့် ပြည်သူစိတ် အမြဲယှဉ်တွဲရှိနေပါစေ။
နေထွန်းနိုင်