အနောက်တိုင်းက မြန်မာ NUG ကို

ဘာကြောင့် အသိအမှတ် မပြုရတာလဲ

မူရင်း ရေးသားသူ – David Hutt (Asia Times)
ဘာသာပြန်သူ – ရဲကျော်စွာ
(ဘာသာပြန်သူ၏ မှတ်ချက်)

(ဤဆောင်းပါးတွင် ပါဝင်သော အကြောင်းအရာများ ၊ အချက်အလက်များ ၊ သုံးသပ်ချက်များ ၊ စကားလုံး အသုံး အနှုန်းများ အားလုံးသည် မူရင်း စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည် ။ သို့သော်လည်း မြန်မာနိုင်ငံ၏ လတ်တ လော အရေးများအပေါ် ထူးခြားသော ပြည်ပမှ သုံးသပ်မှု တစ်ခုအဖြစ် လေ့လာဖတ်ရှုရန် စိတ်ဝင်စားစရာကောင်း သော ရေးသားချက် ဖြစ်သည်ဟု ယူဆမိပါသဖြင့် မူရင်း အာဘော် ၊ မူရင်း လေသံ ၊ မူရင်း အသုံးအနှုန်းများ တတ် နိုင်သမျှ တိကျစွာ ပါဝင်နိုင်စေရန် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည် ။)

အဓိက အချက်အချာ အကြောင်းအရင်း

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အတွက် ခုခံကာကွယ်ရေးဟာ အရင်ကလိုမျိုး ဆွဲဆောင်မှု ရှိသော ၊ တိုးတက်သော အရေးတော်ပုံ တစ်ရပ်အဖြစ် ဆက်လက် တည်ရှိ မနေတော့ဘူး’’

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော် ရှိ Sciences Po တက္ကသိုလ် ၏ နိုင်ငံတကာရေးရာ လေ့လာမှု သုတေသနညာရှင် David Frederic Camroux ၏ အဆိုအရ ၊ ဖေဖေါ်ဝါရီလ စစ်ဖက် အာဏာသိမ်းပွဲ အပြီးနောက်ပိုင်းလများအတွင်း ဖွဲ့စည်းပေါ်ပေါက်လာခဲ့သော ၊ မြန်မာနိုင်ငံ၏ “အတိုက်အခံ ဖြစ်နေသော အစိုးရ (Government-in-Opposition)” ကို အနောက်တိုင်း အစိုးရများက ယခုအချိန်အထိ အသိ အမှတ် မပြုရသေးခြင်း၏ အကြောင်းအရင်းများတွင် ယင်းအချက် “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အတွက် ခုခံကာ ကွယ်ရေးဟာ အရင်ကလိုမျိုး ဆွဲဆောင်မှု ရှိသော ၊ တိုးတက်သော အရေးတော်ပုံ တစ်ရပ် အဖြစ် ဆက်လက် တည်ရှိ မနေတော့ခြင်း” က အကြောင်းအရင်းများ၏ အဓိက အချက်အချာနယ်ပယ်တွင် တည်ရှိနေမည်ဟုဆိုသည်။

ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဖယ်ရှား လိုက်သော အာဏာသိမ်းပွဲ နှင့် အသစ် ထူထောင်လိုက်သော စစ်အစိုးရက အာဏာသိမ်းမှုကို ဆန့်ကျင်သော ကန့်ကွက်ဆန္ဒပြပွဲများကို ရက်စက်စွာ ဖြိုခွင်းခြင်းများ နောက်ပိုင်း ရက်သတ္တပါတ်များ အတွင်း အနောက်တိုင်း အစိုးရများက အင်အားသုံး၍ အစိုးရကို ရုတ်တရက် ဖြုတ်ချရန် ကြိုးပမ်းမှု (Putsch) ကို လျင်မြန်စွာ ပြစ်တင် ရှုတ်ချလိုက်ပြီး၊ စစ်ဖက်နှင့် စစ်ဖက်ကို လက်တွဲထားသော စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေး ယူမှုများကို လျင်မြန်စွာ ချမှတ်ခဲ့သည်။

မဆုံးဖြတ်ရသေးသောအရာနှင့် တောင်းဆိုချက်များ

အနောက်တိုင်း အစိုးရများ အနေဖြင့် စစ်ဖက်ကို မြန်မာနိုင်ငံ၏ “တရားဝင်မှု ရှိသော အစိုးရ (Legitimate Government)” ဖြစ်ခြင်း ၊ မဖြစ်ခြင်းကို ဆုံးဖြတ်ချက်ချရန် ကိစ္စရပ်အား ရပ်ဆိုင်းထားခဲ့သည် ။ သို့သော်လည်း ဖမ်းဆီးထိန်းသိမ်း ခံထားရသော NLD နိုင်ငံရေးသမားများကို အာဏာ ပြန်လည် ရရှိရေး အတွက် ခွင့်ပြုချက်ပေး ရန်နှင့် စစ်ဖက်က ပျက်ပြယ်သွားပြီဟု ကျေညာထားသော ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလာဒ်များ ကို စစ်ဖက်က လေးစားမှု ရှိရန် အတွက်ကိုသာ အနောက်တိုင်း နိုင်ငံများက တောင်းဆိုထားကြသည်။

လူပေါင်းများစွာ အဝေးသို့ ရွှေ့ပြောင်း ၊ ထွက်ခွာသွားခဲ့ကြပြီးနောက် ၊ အဝေးရောက် NLD နိုင်ငံရေးသမားများနှင့် နိုင်ငံအတွင်း အရေအတွက် များပြားလှသော ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ ကိုယ်စားလှယ်များက “ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)” ဟု ခေါ်ဆိုသော ဖွဲ့စည်းမှုကို ဧပြီလ အလယ်ပိုင်းတွင် စတင် ထူထောင် လိုက်ကြသည် ။ NUG သို့မဟုတ် မြန်မာ စစ်ဖက်ကို ရုန်းရင်းဆန်ခတ် (Tumultuous) ဖြစ်နေသော နိုင်ငံ၏ တ ရားဝင် အစိုးရ ဖြစ်မဖြစ်ကို တရားဝင် ပြောဆိုရန် အနောက်တိုင်း အစိုးရများက ငြင်းဆန် နေကြဆဲ ဖြစ်သည်။

နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ခြံစည်းရိုးပေါ်တွင် ခွထိုင်နေကြဆဲ ဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UNHRC) ကဲ့သို့ပင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) နှင့် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ချုပ် တို့ကလည်း ယင်းတို့၏ စုံညီ ညီလာခံများအတွက် မည်သည့်ဖက်မှ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကိုမှ လက်ခံခြင်း မပြုပဲ၊ ယာ ယီ ချန်လှပ်ထားခြင်းအားဖြင့် မြန်မာ စစ်ဖက် နှင့် NUG ၏ ပြိုင်ဖက် ကိုယ်စားလှယ် အဖွဲ့ တစ်ခုခုကို ရွေးချယ်ရေး ကိစ္စရပ်ကို မဆုံးဖြတ်ပဲ ချန်ထားခဲ့ကြသည်။

ရိုးရှင်းသော အကြောင်းတရားများ

အခြားတစ်ဖက်တွင်လည်း အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများ၏ တွန့်ဆုတ်မှုကို ရှင်းပြရန် ရိုးရှင်းသော အကြောင်းတရားများ တည်ရှိနေကြသည် ။ အာဏာသိမ်းပွဲ နောက်ပိုင်းတွင် ဆင့်ကဲပြောင်းလဲ ကြီးထွား ဖြစ်ပေါ်လာနေသော မြန်မာနိုင်ငံ၏ ဖရိုဖရဲဖြစ်မှုများကို ဆက်လက် စောင့်ဆိုင်း – စောင့်ကြည့် ချဉ်းကပ်မှု (Wait-and-See Approach) ကို ရွေးချယ်ခြင်းက အနောက်တိုင်း အတွက် များစွာ ပိုမို သက်တောင့်သက်သာဖြစ်သော ချဉ်းကပ်မှု ဖြစ်သည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) ၏ အာရှတိုက် ဌာနခွဲမှ လက်ထောက် ညွှန်ကြား ရေးမှူး Phil Robertson က “အရပ်ဖက်အစိုးရ အုပ်ချုပ်မှု ၁၀ နှစ် ကာလ အတွင်း အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံ များစွာက ရန်ကုန်တွင် သံရုံးများကို ဖွင့်ထားခဲ့ကြပြီး NUG ကို အသိအမှတ်ပြုရန် ဆုံးဖြတ်လိုက်ရင် သူတို့ရဲ့ သံရုံးများကို ပိတ်သိမ်းရတဲ့ ရလာဒ် ဖြစ်လာလိမ့် မယ်လို့ ဆိုလိုနေတယ်” ဟု ပြောဆို ရှင်းပြသည် ။

“မြန်မာနိုင်ငံအတွင်း မြေပြင်ပေါ်က အခြေအနေတွေကို သူတို့က လွှမ်းမိုးမှု ပေးနိုင်မယ့် အခွင့်အလမ်း တစ်ခုခုကို ပိတ်ချလိုက်သလို ဖြစ်နိုင်ချေ ရှိနေတဲ့ အရာတစ်ခုခုကို လုပ်ဆောင်ဖို့ အတွက် အနောက်တိုင်း အစိုးရများနဲ့ သူတို့ ရဲ့ သံတမန်များက လတ်တလောမှာ လိုလားခြင်း မရှိကြဘူး” ဟု သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

မြန်မာ စစ်ဖက်ကို ပကတိ အခြေအနေ လက်တွေ့ကြောင်း အရ အသိအမှတ်ပြုထားကြသော (De Facto Recognized) ရုရှားနှင့် တရုတ်နိုင်ငံများက အာဏာသိမ်းပွဲ ပြီးကတည်းက နေပြည်တော်တွင် သူတို့၏ လွှမ်းမိုး မှုကို မြှင့်တင်ထားနေခြင်းကလည်း အမှန်တကယ် အစစ်အမှန်ပင် ဖြစ်သည် ။ မော်စကို ( ရုရှားအစိုးရ ) အနေဖြင့် မြန်မာစစ်ဖက်ကို ပိုမို နီးကပ်စွာ ဆွဲခေါ်ခြင်းဖြင့် အရှေ့တောင်အာရှ ဒေသ အတွင်းတွင် ခြေကုပ်ယူရန် နေရာ တစ် ခုကို ရရှိရေးအတွက် ယင်းတို့၏ ကာလ ရှည်ကြာခဲ့သော ရည်မှန်းချက်ကို ယခု အချိန်တွင် အထမြောက် အောင် မြင်နိုင်ခဲ့ပြီ ဖြစ်သည် ။

NUG ကို တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုလိုက်လျှင်

အကယ်၍ အင်အားကြီး အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံကသာ NUG ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုး ရ အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်လျှင် ယင်းအချက်က လက်ရှိ နေပြည်တော်တွင် ဖြစ်ပေါ်နေသော အခြေ အနေများကို ပိုမိုပြင်းထန်လာစေရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်ပြီး ၊ မြန်မာနိုင်ငံအပေါ် မော်စ ကိုနှင့် ဘေဂျင်း က ပိုမို လွှမ်းမိုးသွားစေရန် ခွင့်ပြုလိုက်ရာ ကျစေမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အင်အားကြီး အနောက်တိုင်း နိုင်ငံတစ်ခုခု၏ တရားဝင် အသိအမှတ်ပြုခံရခြင်းကို ရရှိပါက ယင်းအချက်သည် NUG အတွက် ကစားပွဲ အခြေအနေကို ပြောင်းလဲစေသော အရာ (Game-Changer) တစ်ခု ဖြစ်လာလိမ့်မည် ဆိုသော အချက်ကို လေ့လာဆန်းစစ်သူများက သဘောတူညီကြသည်။ သို့သော်လည်း ယင်း အချက်ကလည်း ရထားတွဲများကဲ့သို့ တာဝန်ယူရမည့် နောက်ဆက်တွဲများ တန်းစီနေသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင် စုနှင့် ဥရောပသမဂ္ဂ (EU) တစ်ခုလုံး၏ ထောက်ခံမှု မပါဝင်ပဲလျက် မည်သည့် နိုင်ငံခြား အစိုးရကမျှ ယင်းလုပ်ဆောင် ချက်မျိုးကို ဆောင်ရွက်ရန် ထင်သာမြင်သာစွာ ပြင်ဆင်နေခြင်းမျိုးက လုံး၀ မရှိသေးပဲ ဝေးကွာလွန်းနေသည်။

နိုင်ငံတကာ စင်မြင့်ပေါ်တွင်လည်း ၊ NUG ကို အသိအမှတ်ပြုလိုက်ခြင်းက ရုရှားနှင့် တရုတ်၏ အမျက်ဒေါသ ရန်လိုမှု (Ire) ကို သေချာပေါက် ရရှိစေမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံကို ပိုမိုပြင်းထန်သော မဟာအင်အားကြီး နိုင်ငံများ၏ တဆင့်ခံ နယ်ရုပ် ပဋိပက္ခ (Superpower Proxy Conflict) တိုက်ပွဲကွင်းပြင် အဖြစ်သို့ ပြောင်းလဲသွား စေနိုင်သော ဘေး အန္တရာယ်လည်း ရှိနေသည်။ ယင်းကဲ့သို့သော အခြေအနေမျိုးတွင် ဘေးဂျင်းအနေဖြင့် မော်စကိုနှင့် တစ်ဖက်တည်း ရပ်တည်မည် ဆိုသော အချက်မှာ အလွန် ရှင်းလင်းနေသည်။ မြန်မာနိုင်ငံအတွင်း တည်ငြိမ်လာပါက တရုတ်၏ အကျိုး စီးပွားများအတွက် အကျိုးဖြစ်ထွန်းလာမည် ဖြစ်သော်လည်း အိမ်နီးချင်း နိုင်ငံတစ်ခုအတွင်း မည်ကဲ့သို့သော အနောက် တိုင်း၏ ဝင်ရောက်စွက်ဖက်မှုမျိုးကိုမဆို တရုတ်နိုင်ငံက သေချာပေါက် ဆန့်ကျင်သွားလိမ့်မည် ဖြစ်သည်။

NUG ကို အသိအမှတ်ပြုလိုက်ခြင်းသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံအုပ်စုကို ထိပ်တိုက်တွေ့မှု တစ်ခုလည်း ဖြစ်သွားမည် ဖြစ်သည်။ ယခု အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး အတွက် ကြားဝင်စေ့စပ် ညှိနှိုင်းပေးရန် အာဆီယံအသင်းကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂက ထောက်ခံထားကြသည်။ NUG နှင့် ထိတွေ့ဆက်သွယ်ရန် ပျက်ကွက်နေစဉ် အတွင်း ယင်း၏ တာဝန်ရှိသူများ မပါဝင်သော စေ့စပ်ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ပြီးနောက် အာဆီယံ အနေဖြင့် မြန်မာစစ်ဖက်၏ တရားဝင်ဖြစ်မှု (Legitimacy) ကို ပကတိ လက်တွေ့ အခြေအနေကြောင်း အရ အသိအမှတ်ပြုခြင်း (De Facto Recognize) ပြုလုပ်ထားကြဆဲ ဖြစ်နေသည်။

လာမည့် စက်တင်ဘာလတွင် မည်သည့်အစိုးရက မြန်မာနိုင်ငံ၏ စစ်မှန်သော အစိုးရ ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆုံးဖြတ်ချိန် ကျမှသာ ယင်းဆုံးဖြတ်ချက်ကို အနောက်နိုင်ငံများက ဆုံးဖြတ်မည် ဖြစ် သောကြောင့် အနောက်တိုင်း အစိုးရများ အနေဖြင့် အခိုင်အမာ ကတိပြု အာမခံချက် မပေးထားပဲ ယင်း ဆုံး ဖြတ်ချက် ချမှတ်ရေး ကိစ္စရပ်ကို ချန်လှပ်ထားဦးမည် ဖြစ်သည်။

ကုလသမဂ္ဂ အဖွဲ့အတွင်း အနေအထား

ဖေဖေါ်ဝါရီလ အာဏာသိမ်းပွဲ ကတည်းက ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် အဖွဲ့သည် မဖြစ်မနေ နှစ်ခြမ်းကွဲသွားခဲ့သည်။ များစွာသော သံအမှုထမ်းများက စစ်အစိုးရကို သတင်းပို့ ဆက်သွယ်နေချိန်တွင် မြန်မာ သံအမတ်ကြီး (ဦး) ကျော်မိုးထွန်းသည် စစ်အစိုးရကို ဗြောင်ကျစွာ အတိအလင်း ဆန့်ကျင်ခဲ့ပြီး NUG နှင့် မဟာ မိတ်ဖွဲ့ခဲ့သည် ။ ကုလသမဂ္ဂက (ဦး) ကျော်မိုးထွန်းကို ယင်းနေရာတွင် ဆက်ထိုင်ရန် ဆက်လက် ခွင့်ပြုထားခဲ့ပြီး ၊ မြန်မာစစ်ဖက်က အတည်ပြုထားခဲ့သော အစားထိုးမှုကို ပယ်ချထားခဲ့သည်။

သို့သော်လည်း လာမည့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် အဓိက ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ရမည် ဖြစ်သည်။ ထိုအချိန်တွင် NUG နှင့် စစ်အစိုးရ နှစ်ခုလုံးသည် ကိုယ်စားလှယ်များ စီစစ်လက်ခံ အတည်ပြုရေး ကော်မတီ (Credentials Committee) သို့ မြန်မာကိုယ်စားလှယ် အဆိုပြု အမည်စာရင်းများကို အပြိုင်အဆိုင် တင်သွင်းကြမည် ဖြစ်သည် ။ Credentials Committees သည် မည်သည့်အဖွဲ့က မြန်မာနိုင်ငံ၏ တရားဝင် အစိုးရ ဖြစ်သည်ဟု ဆုံးဖြတ်ခြင်း အပေါ် မူတည်၍ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ပေး ရမည် ဖြစ်သည်။ လက်ရှိတွင် ယင်းကော်မတီတွင် အမေရိကန် ပြည်ထောင်စု ၊ ရုရှား ၊ တရုတ် နှင့် အခြား နိုင်ငံ ငါးနိုင်ငံက အဖွဲ့ဝင်များ အဖြစ် ပါဝင်နေသည်။

အတိတ်ကာလအတွင်း ပုံမှန်အားဖြင့် မြေပြင်ပေါ်တွင် လက်တွေ့ အာဏာရှိနေသော အဖွဲ့ကို ကိုယ်စားပြုခွင့်ရှိ သော အစိုးရအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ သို့သော်လည်း ကုလသမဂ္ဂသည် တောင်အာဖရိကနိုင်ငံမှ အသား အရောင်ခွဲခြားသော (လူဖြူလူနည်းစု) အစိုးရ၏ ကိုယ်စားလှယ်ကို ခုံနေရာပေးရန် ငြင်းဆန်ခဲ့ဖူးသည် ။ အကယ် ၍ သူ၏ လုပ်ဖေါ်ကိုင်ဖက် (အခြားသော သံအမတ်ကြီးများ) ကို အောင်မြင်စွာ သိမ်းသွင်း ဆွဲဆောင်နိုင်မည်ဆို လျှင် လက်ရှိ သံအမတ်ကြီး အဖြစ် (ဦး) ကျော်မိုးထွန်း၏ အဆင့်အတန်းက သူ နှင့် NUG အတွက် အသာစီးရရန် အခွင့်အရေးကို အကျိုးပြုနိုင်မည် ဖြစ်သည်။

ပြီးခဲ့သော ဂျွန်လ အစောပိုင်းတွင် ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အစည်းအဝေး တစ်ခုတွင် မြန်မာစစ်အစိုးရ၏ လုပ်ဆောင်ချက်များကို မထောက်ခံကြောင်း ဖေါ်ပြသောဖက်ကို နိုင်ငံအများစုက ထောက်ခံမဲ ပေးခဲ့ပြီး ယင်းအဆိုကို ဘီလာရပ်စ် နိုင်ငံတစ်ခုတည်းကသာ ဆန့်ကျင်ခဲ့သည်။ သို့သော်လည်း ယင်းမဲခွဲမှုသည် မည်သည့်အဖွဲ့ကို မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ရှိသော အစိုးရ အဖြစ် ကုလသမဂ္ဂ က ဆုံးဖြတ်ရမည့် အရေး ထက်စာလျှင် နှိုင်းယှဉ်ချက် အရ အငြင်းပွားစရာ ပိုမိုနည်းပါးသော အကြောင်းအရာတစ်ခု ဖြစ်နေခဲ့သည်။

NUG အပေါ် အာဆီယံ နှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေး

NUG ကို တရားဝင် အသိအမှတ်ပြုရန် အနောက်အုပ်စုက ပျက်ကွက်နေသေးသော်လည်း ၊ ဝါရင့် နိုင်ငံရေးသမားမျာ စွာသည် ပြိုင်ဖက် အစိုးရနှင့် အလွတ်သဘော ဆွေးနွေး စကားပြောဆိုခြင်းများ ပြုလုပ်ထားကြကြောင်း သိရှိထား သည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ Robertson က “အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများ ထဲက အစိုးရများစွာက NUG ကို ပုံမှန် အခြေခံတစ်ခု အပေါ်မှာ မူတည်ပြီးတော့ လျှို့ဝှက်ဆက်သွယ် နေကြသလို အချို့သောအာရှ နိုင်ငံမျာက အစိုးရများကတောင် NUG နဲ့ တိတ်တဆိတ် ဆွေးနွေးပွဲများ ပြုလုပ်နေတယ်” ဟု ပြောဆိုထားသည်။

“မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုကို အခုလို ရှင်းလင်းပြတ်သားစွာ ရရှိထားတဲ့ တခြားသော ကိုယ်စားပြု အဖွဲ့ အစည်းများ မရှိတဲ့ အတွက်ကြောင့် NUG ကလည်း တခြား ဘယ်နေရာကိုမှ ဦးတည်မှာ မဟုတ်သလို ၊ အာဆီယံ နဲ့ အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများ အနေနဲ့ ပိုမိုပြီးတော့ ဗြောင်ကျပွင့်လင်းတဲ့ ၊ တရားဝင် အလုပ်သဘော ဖြစ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို NUG နဲ့ ပြုလုပ်ဖို့ လိုအပ် လာပါလိမ့်မယ်” ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

စစ်မှန်၍ အားလုံးအကျုံးဝင်သော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး စေ့စပ်ညှိနှိုင်းရေး
(Genuine and Inclusive Political Dialogue)

ဥရောပကော်မရှင်မှ အရင်းအမြစ်တစ်ဦးက Asia Times သို့ ပြောဆိုရာတွင် “လက်ရှိ အကျပ်အတည်း အတွက် အားလုံး အကျုံးဝင်ပြီး ရေရှည်တည်တံ့နိုင်စွမ်းရှိသော အဖြေ တစ်ခုကို ရှာဖွေရေး အတွက် ကြိုးစားအားထုတ်တဲ့ နေရာမှာ အားလုံး အကျုံးဝင်သော ဒီမိုကရေစီ (Inclusive Democracy) နဲ့ လူ့အခွင့်အရေးများ အပေါ် လေးစား မှု အတွက် အရေးဆို တိုက်တွန်းတင်ပြနေသူများ အားလုံးနဲ့ လှုပ်ရှားဆောင်ရွက်နေသူများ အားလုံးကို ဥရောပ သမဂ္ဂ အနေနဲ့ ထိတွေ့ဆက်သွယ်ထားပါတယ်” ဟု ဖေါ်ပြအသိပေးခဲ့သည် ။

“CRPH နဲ့ NUG ရဲ့ ကြိုးစားအားထုတ်မှုတွေကို ဥရောပ သမဂ္ဂ က ကြိုဆိုပါတယ် ။ စစ်မှန်၍ အားလုံး အကျုံးဝင် သော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးစေ့စပ်ညှိနှိုင်းမှု (Genuine and Inclusive Political Dialogue) မှန်သမျှ တိုင်းမှာ CRPH နဲ့ NUG ဟာ သော့ချက်ကျသော အရေးသက်ဆိုင်ပါဝင်သူများ (Key Stakeholders) အဖြစ် ပါ ဝင်ခွင့် ရှိရမယ်လို့ ဥရောပသမဂ္ဂက ဆုံးဖြတ်ထားပါတယ်” ဟု အရင်းအမြစ်များက ဆက်လက်ဖေါ်ပြ အသိပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂမှ တရားဝင်ထုတ်ပြန်ကြေညာချက်များတွင် ပုံမှန် ဆွေးနွေးပွဲများ အတွင်း NUG အနေဖြင့် ပါဝင်ခွင့် ရရှိလာစေရန် အာဆီယံအနေဖြင့် ယခုထက် ပိုမိုလုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း တစ်သံတည်း ထွက်နေသော သတင်းစကားများကို ဖေါ်ပြပေးထားကြသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု

ဥရောပကော်မရှင်မှ အရင်းအမြစ်တစ်ဦးက ယခုကဲ့သို့ မှတ်ချက်ပေးဖေါ်ပြခဲ့သည်။ “အထူးသဖြင့် အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များကို ခန့်အပ်ရေးအတွက် ရွေးချယ်ရမှာ အဲဒီသူဟာ သူ့ကို အပ်နှင်း ထားသော တာဝန်များကို ဖြည့်ဆည်းထမ်းဆောင်နိုင်ရန်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ် (Democratic Transition) နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တစ်ဟုန်ထိုးလမ်းကြောင်း (Economic Development Trajectory) ဆီသို့ မြန်မာနိုင်ငံကို ပြန်လည် သယ်ဆောင်သွားနိုင်စွမ်း ရှိရမယ့် စစ်မှန်သော နိုင်ငံံရေးဆိုင်ရာ တွေ့ ဆုံဆွေးနွေး စေ့စပ်ညှိနှိုင်းရေး (Genuine Political Dialogue) ကို စတင်ထူထောင်နိုင်ရန် အတွက် မြန်မာနိုင်ငံ အတွင်းရှိ သက်ဆိုင်သော အဖွဲ့များ အားလုံးနဲ့ အပြည့်အ၀ ထိတွေ့ဆက်သွယ် စေ့စပ်ညှိနှိုင်း နိုင်စွမ်း ရှိရမှာ ဖြစ် တယ်” ဟု ဖေါ်ပြထားသည်။

လာမည့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်သည် အရေးကိစ္စရပ်များကို ကြီးမားစွာ ရိုးရှင်းသွားအောင် ပြုလုပ်နိုင်မည့် အလားအလာများ ရှိနေစဉ် အတွင်း ၊ အကယ်၍ အဖွဲ့ဝင်နိုင်ငံ အများစုက NUG ဖက်ကို ထောက်ခံမဲ ပေးလိုက်လျှင်ပင် ယင်းအချက်သည် အနောက်တိုင်း အစိုးရများ အနေဖြင့် အတိုက်အခံ ဖြစ်နေသောအစိုး ရ (Government-in-Opposition) ( ဝါ) NUG ကို အပြည့်အ၀ ထွေးပိုက် လက်တွဲလိမ့်မည်ဟု အနက်အဓိပါယ်  ထွက်မနေပါ။

ဥရောပတိုက် အတွင်း မြန်မာ့အရေး ကြိုးပမ်းမှုများ

ဥရောပသမဂ္ဂ အတွင်းမှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှုကို ရည်ညွှန်း၍ “မြန်မာ့အရေးကလည်း ဗြိတိန် နုတ်ထွက်မှု ကြောင့် ထိခိုက်နစ်နာခဲ့ရသော အရာတွေထဲက တစ်ခု ဖြစ်တယ်” ဟု Camroux က ပြောဆိုလိုက်သည်။ ဗြိတိန် နိုင်ငံတွင် ကြီးမားသော တက်ကြွလှုပ်ရှားနေသော ပြည်ပရောက် မြန်မာများ ရှိနေကြပြီး ယင်းတို့သည် Burma Campaign UK ကဲ့သို့သော သြဇာလွှမ်းမိုးမှု ရှိသည့် လော်ဘီအုပ်စု (Lobbying Group) အတွက် အခြေစိုက်ရာ နေရာအဖြစ် အကျိုးပြုနေကြသော်လည်း ကျန်ရှိသော ဥရောပတိုက်အတွင်း သေးငယ်သော နှိုင်းယှဉ်ချက်အရ ပိုမို အသံတိတ်သော ပြည်ပရောက်အုပ်စုများ (Diaspora Groups) သာလျှင်ရှိနေကြကြောင်း Camroux က မှတ်ချက် ပေးထားသည်။

ယင်းအချက်က ဥရောပ ပါလီမန် ကိုယ်စားလှယ်များ၏ မြန်မာ့အရေး အပေါ် စိတ်ဝင်စားမှု ကင်းမဲ့ခြင်းကို ထင် ဟပ်နေသည်။ ဥရောပ ပါလီမန် ကိုယ်စားလှယ်များအနက် အနည်းငယ်ကသာ မြန်မာ့အရေး ကွန်ဖရင့်များနှင့် ဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ သို့သော်လည်း ယခု ဂျူလိုင်လ အစောပိုင်း အတွင်း NUG ကို ပြင်သစ်အစိုးရက တရားဝင် အသိအမှတ်ပြုပေးရန် တောင်းဆိုသော ဆုံးဖြတ်ချက် တစ်ရပ်ကို ပြင်သစ် အထက် လွှတ်တော် ကိုယ်စားလှယ် (၁၅၀) က ထောက်ခံ အတည်ပြုပေးခဲ့သည်။

အမေရိကန် ပြည်ထောင်စု အတွင်း မြန်မာ့အရေး ကြိုးပမ်းမှုများ

NUG ၏ အများစုအဖြစ် ယခု လောလောဆယ်တွင် ဖွဲ့စည်းထားသော NLD နိုင်ငံရေးသမားများ အနေဖြင့် ယင်းတို့ အာဏာရနေခဲ့စဉ် ကာလအတွင်း များစွာသော အင်အားကြီးမားသော အနောက်တိုင်း မိတ်ဆွေများ (Powerful Western Friends) ကို လက်လွှတ် ဆုံးရှုံးခဲ့ရခြင်းမှာ ယခု အရေးကိစ္စ၏ အမှန်တရား ဖြစ်နေဆဲပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေရာအနှံ့တွင် ပြစ်တင်ရှုတ်ချခံနေရချိန်အတွင်း သူမကို ဆက်လက် ထောက်ခံနေ ခြင်းဖြင့် ဝါရှင်တန်တွင် အထီးကျန် အဖေါ်မဲ့ တစ်ကိုယ်တော် အထင်ကရပုဂ္ဂိုလ် ဖြစ်နေခဲ့ရသော အမေရိကန်ပြည် ထောင်စု အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် မစ်ချ် မက်ကော်နယ်လ် အနေဖြင့် သူ၏ တစ်ကိုယ်တော် ဖြစ်နေမှုကို ရပ်ဆိုင်းနိုင်စေခဲ့ပြီ မြန်မာအာဏာသိမ်းပွဲ အတွက် တုံ့ပြန်မှုကို ညှိနှိုင်းချိတ်ဆက်ရေးအတွက် သမ္မတ ဘိုင်ဒန်၏ အုပ်ချုပ်ရေးအဖွဲ့နှင့် သူက နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်နေခဲ့သည်။

စိတ်ကူးယဉ်ဝါဒ မှသည် အလုံးစုံ လစ်လျူရှု စွန့်လွှတ်ရေးဝါဒ အထိ
(Utopian ism to Nihilism)

Asia Times သို့ စကားပြောခဲ့သော ပိုင်းခြားစိတ်ဖြာသုံးသပ်သူများ၏ အဆိုအရ အနောက်တိုင်း၏ ဆုံးဖြတ်ချက် ချမှတ်သူ (Decision-Makers) များစွာသည် မြန်မာပြည်အရေး အတွက် ဖြတ်လမ်းလိုက်ခဲ့ကြရာတွင် စိတ်ကူးယဉ် ဝါဒ (Utopian ism) မှသည် အလုံးစုံ လစ်လျူရှု စွန့်လွှတ်ရေးဝါဒ (Nihilism) အထိ ပါဝင်ခဲ့ကြကြောင်း သုံးသပ်ထားကြသည်။

NLD ခေါင်းဆောင်နှင့် ဒီမိုကရေစီ လိုလားသော အထင်ကရ ရှေ့ဦးမျက်နှာဖုံး (Pro-Democracy Figurehead) ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အတွက် သူတို့၏ ယခင်က ရှိခဲ့ဖူးသော စိတ်အားထက်သန်မှုများသည် သူမ အာဏာရရှိနေစဉ် ကာလအတွင်း ပျက်စီးကျဆင်း သွားခဲ့ကြပြီး ဖြစ်သောကြောင့် အနောက်တိုင်း၏ ဆုံးဖြတ် ချက် ချမှတ်သူများစွာသည် NUG ၏ မဟာ ကတိကဝတ်များ (Grand Promises) ကို ယခုလက်ရှိတွင် သံသယ ဖြစ်နေကြဆဲ ဖြစ်သည်။

၂၀၁၆ နှင့် ၂၀၂၀ အကြားထဲတွင် နိုင်ငံတော် အတိုင်ပင်ခံ အဖြစ် ဆောင်ရွက်နေစဉ် ကာလအတွင်း ၊ သူမကိုယ် တိုင် ထည့်သွင်းပြဌာန်းပေးရန် တောင်းဆိုခဲ့ဖူးသော လစ်ဘရယ် မူဝါဒများ (Liberal Policies) ကို ပြဌာန်း အတည်ပြုရန် သူမ၏ အစိုးရက နှေးကွေးနေခဲ့ပြီး တပ်မတော် (Tatmadaw) ၏ မေတ္တာရပ်ခံချက် (Behest) ကြောင့် ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုသော အချိန်များတွင် သတင်းသမားများ နှင့် တက်ကြွလှုပ်ရှားသူများ အပေါ် ယင်းကိုယ်တိုင်၏ ဖိနှိပ်မှုများတွင်ပင် သူမ၏ အစိုးရက ကိုယ်တိုင် ပါဝင်ခဲ့သည်။

NUG နှင့် ရိုဟင်ဂျာ အရေး

စစ်ဖက်၏ “ရှင်းလင်းမှု စစ်ဆင်ရေးများ (Clearance Operations)” မှ လွတ်မြောက်ရေး အတွက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရန် အတင်းအကျပ် ပြုလုပ်ခံခဲ့ရပြီး ယခု အချိန်တွင် ညစ်ပတ်ပေကျံနေသော စခန်းများ (Squalid Camps) တွင် ပင်ပန်းဆင်းရဲစွာ နေထိုင်နေရသော မွတ်ဆလင် လူနည်းစု အုပ်စု တစ်ခု ဖြစ်သော ရိုဟင်ဂျာ (Rohingya) များ အပေါ် ပြင်းထန်ကြမ်းတမ်းသော လိုက်လံနှိမ်နင်းမှုများ (Harsh Persecution) အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ၏ တုံ့ပြန်မှုသည် အကြီးမားဆုံး အမည်းစက် ဖြစ်ခဲ့သည်။

NUG ခေါင်းဆောင်မှု၏ အများစုသည် ဖယ်ရှားခံလိုက်ရသော NLD အစိုးရမှ နိုင်ငံရေးသမားများ ဖြင့် ဖွဲ့စည်းထား သည်။ အချို့သောသူများက “စစ်ဖက်မှ ဦးဆောင်သော လူမျိုးဖြုတ် သတ်ဖြတ်မှု (Military Led Genocide)” ဟု ပင် ရည်ညွှန်းပြောဆိုနေကြသော အရာများကို သူတို့က ထုတ်မပြောသော်လည်း သိသာစွာ လက်ခံထားနေကြပြီး ခုခံကာကွယ်ပေးနေခြင်းပင် ရှိကြသည်။

ယင်းကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင်လျှင် ရိုဟင်ဂျာများကို “ ဘင်္ဂါလီများ (Bangalis)” ဟု ရည်ညွှန်းပြောဆိုထားခဲ့ပြီး ယင်းအသုံးအနှုန်းသည် သူတို့အား ပြည်ပမှ ဝင်ရောက်လာသူများ (Migrants) ဖြစ် ပြီး ၊ မြန်မာနိုင်ငံသားများ မဟုတ်ကြဟု အစွန်းရောက် အမျိုးသားရေးဝါဒီ အုပ်စုများ (Hyper-Nationalist Groups) အကြားတွင် ကာလ ရှည်ကြာစွာ တည်ရှိခဲ့သော ၊ ပြင်းထန်စွာ အခိုင်အမာ ပြောဆိုချက်များ (Assertions) ကို လိုက်နာရာ ရောက်နေသော ၊ ရှုတ်ချ ချိုးနှိမ်သော အသုံးအနှုန်း (Pejorative Term) အသုံး အနှုန်း တစ်ခုလည်း ဖြစ်သည်။

၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် ရိုဟင်ဂျာ လူမျိုးဖြုတ် သတ်ဖြတ်မှု (Rohingya Genocide) အပေါ် သူမ၏ ဗြောင် ထုတ်မပြောသော်လည်း သိသာထင်ရှားနေသော အပြစ်မယူ ခွင့်လွှတ် လစ်လျူရှုမှု (Tacit Condoning) အတွက် ကြောင့် အနောက်တိုင်း အစိုးရများက သူမ အပေါ် ချီးမြှင့်ထားခဲ့သော နိုင်ငံတကာဆုများ အနက် များစွာကို ပြန် လည် ရုပ်သိမ်းခဲ့ကြသည်။ ယခုအချိန်တွင် ရိုဟင်ဂျာ အရေးအပေါ်တွင် NUG ၏ ရည်ရွယ်ချက် အစစ်အမှန်များ အကြောင်း ထင်ရှားသိသာသော သံသယဖြစ်ဖွယ်ရာများ ကျန်ရှိနေဆဲ ဖြစ်သည်။

NUG အတွင်း ရိုဟင်ဂျာ ကိုယ်စားလှယ် တစ်ဦး ပါဝင်ခြင်း မရှိသေးသမျှ ၊ NUG ကို တရားဝင် အသိအမှတ်ပြုရေး အား မိမိအနေဖြင့် ပိတ်ဆို့တားဆီးသွားမည် ဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ် Ted Lieu က ပြီးခဲ့သောလအတွင်း ကျင်းပခဲ့သော ကွန်ဂရက်လွှတ်တော် ကြားနာပွဲ အတွင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ထို့နောက် သိပ်မကြာခင်မှာပင် နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိရေး ကြိုးပမ်းမှုတစ်ရပ် အဖြစ်သာ အချို့သော သူများက ရှုမြင်ထားကြသော အရွေ့တစ်ခု အဖြစ် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုကို အခွင့်အရေးချိုးနှိမ်ရာတွင် အသုံးပြုထားခဲ့သော ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို ပယ်ဖျက်ကြောင်း NUG က ထုတ်ပြန် ကြေညာခဲ့ပြီး အခြား သော ရိုဟင်ဂျာကို လိုလားသော အမူအယာ အချက်ပြမှုများ (Pro-Rohingya Gestures) ကိုလည်း ပြုလုပ်လာ ကြသည်။

ပြောရတာက လုပ်ရတာထက် ပိုလွယ်ခြင်း ဖြစ်နေလိမ့်မည် (That will be easier said than done)။ အကယ်၍ NUG သာ အာဏာရလာခဲ့လျှင် အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း ဗုဒဘာသာ အမျိုးသားရေးဝါဒီများ၏ ထောက် ခံမှုကို NUG က မှီခိုနေလိမ့်မည်ဆိုလျှင် မြန်မာနိုင်ငံအတွင်းသို့ တစ်သန်းလောက်ရှိအောင် များပြားသော ရိုဟင် ဂျာ များ၏ ငြိမ်းချမ်းစွာ ပြန်လည်ဝင်ရောက်နိုင်ရေး (Peaceful Return) ကို ပကတိ အရှိတရားအရ လက်တွေ့ မြင်တွေ့ရနိုင်မည် ဖြစ်ပါသလား။

အနောက်တိုင်းနှင့် ကုလသမဂ္ဂ၏ တရားဝင် အသိအမှတ်ပြုမှု (Formal Recognition) က စစ်အစိုးရ ဆန့်ကျင်ရေး အင်အားစုများ (Anti-Junta Forces) အပေါ် လှုံ့ဆော်အားပေးခြင်း ဖြစ်စေလိမ့်မည့် ဖြစ်ရပ်အတွင်း အကယ်၍ NUG သာ အာဏာရရှိလာလျှင် NUG က အမှန်တကယ် လုပ်ဆောင်လာမည့် အရာများအပေါ် အနောက်တိုင်း အစိုးရများက စစ်ကစားပွဲ ဆင်နွှဲထားပြီးသား (Already War-Gamed) ဖြစ်နေကြောင်း သံသယ ဖြစ်စရာမလိုပါ။

NUG နှင့် ဖက်ဒရယ် ပြည်ထောင်စုအရေး

အကယ်၍ တစ်နည်းနည်းဖြင့် NUG သာ အာဏာရရှိလာမည် ဆိုလျှင် တိုင်းပြည်၏ ဆယ်စုနှစ် ( ၇ ) ခု ကြာမြင့် အောင် သက်တမ်းရှိသော တိုင်းရင်းသားလူမျိုးစု ပြည်တွင်းစစ်များကို ရပ်ဆိုင်းရေး အတွက် အောက်ခြေ အဆင့်ဆင့်သို့ အာဏာခွဲဝေအပ်နှင်းထားသော အစိုးရ စံနစ် (Devolved System of Government) တစ်ခုကို NUG အနေဖြင့် ကမ်းလှမ်းရန် လိုအပ်နေမည် ဖြစ်သည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (Ethnic Armed Groups) က NUG ၏ နောက်တွင် သူတို့၏ အင်အားကိုအပြည့်အ၀ ပုံအပ်ထားပေး ကြသော်လည်း နိုင်ငံ၏ အကြီးမားဆုံးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့အပါအဝင် များစွာသော အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ယင်းကဲ့သို့ ပုံအပ်ပေးထားခြင်း မပြုလုပ်ကြပါ။

အကယ်၍ NUG က ဗမာ တိုင်းရင်းသား လူများစု (Ethnic Bamar Majority) ၏ အင်အားကို ချည့်နဲ့အားနည်း စေရန် လုပ်ဆောင်နေသည်ဟု ရှုမြင်ခံလာရမည် ဆိုလျှင် NUG အနေဖြင့် အမျိုးသားရေးဝါဒီများ၏ ဆန့်ကျင်မှု များကို ရင်ဆိုင်လာရမည် ဖြစ်သည်။ ယခု လက်ရှိအချိန်တွင် စစ်အစိုးရက ဆန့်ကျင်သော ကန့်ကွက် ဆန္ဒပြပွဲများ အတွင်း ဗမာတိုင်းရင်းသား လူများစုမှ များပြားလှသောသူများက ရှေ့ဆုံးတပ်ဦးတန်းများမှ ပါဝင်နေကြသည်။

ယခင်က ဆုပ်ကိုင်ခဲ့ဖူးသော ယုံကြည်ချက် တစ်ခု

မြန်မာနိုင်ငံအနေဖြင့် ယခင် မူလ ပိုနေမြဲ ကျားနေမြဲ အခြေအနေ (Status Quo Ante) သို့ ပြန်လည် ရောက်ရှိနိုင် မည်ဆိုသော ယုံကြည်ချက်တစ်ခုကို အနောက်တိုင်း အစိုးရများ၏ အများစုက မျှော်မှန်းခံယူထားခဲ့ဖူးသည်။ ယင်း ၏ အဓိပါယ်က စစ်အစိုးရသည် နောက်ဆုံးတွင် ရွေးကောက်ခံ NLD အစိုးရကို အာဏာ ပြန်လည်ရရှိရန် ခွင့်ပြုပေး လိမ့်မည်ဟု ဆိုလိုသည်။

သို့သော်လည်း အာဏာသိမ်းပွဲ နောက်ပိုင်းရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ ထိပ်တန်း နိုင်ငံ ရေး မဟာမိတ်များအပေါ် စစ်ဖက်မှ ဥပဒေကြောင်း အရ တရားစွဲဆိုမှုများနှင့် NLD က လွှမ်းခြုံ အနိုင်ရခဲ့သော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအား မသမာ လိမ်လည်လှည့်ဖျားမှုများ အဖြစ် ဆက်လက် အတင်းအကျပ် ငြင်း ဆန်နေမှုများကြောင့် ယင်းကဲ့သို့ NLD ကို အာဏာ ပြန်လည် ရရှိစေရန် စစ်အစိုးရက နောက်ဆုံးတွင် ပြန်လည် ခွင့်ပြုပေးလိမ့်မည် ဟုသော ဖြစ်နိုင်ချေမှာ တဖြည်းဖြည်း အငွေ့ပျံ ကုန်ခန်းသွားခဲ့ပြီ ဖြစ်သည်။

မူရင်း ရေးသားသူ ။ ။ David Hutt (Asia Times) (16th July 2021)
ဘာသာပြန်သူ ။ ။ ရဲကျော်စွာ
Source: https://asiatimes.com/2021/07/why-the-west-wont-recognize-myanmars-nug/