အပူတပြင်းင်္ညီညွတ်ရေးနဲ့ အစိုးရစစ်တပ်အခန်းကဏ္ဍ

(က) အရေးကြုံရင် ညီညွတ်ရမယ်ဆိုတဲ့  Rustow နဲ့ ဟန်တင်တန်

၂ဝ၁၁ ခုနှစ် လစ်ဘရယ်လိုက်ဇေးရှင်း ဖွင့်လိုက်ကတည်းက ဒီမိုကရေစီ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရေး၊ တပ်နိုင်ငံရေးက ဆုတ်ခွာရေးနဲ့ ပရော်ဖက်ရှင်နယ်စစ်တပ်ဖြစ်ရေး၊ ငြိမ်းချမ်းရေးတို့မှာ တစ် ပြိုင်နက်တည်း မဖြစ်မနေဆောင်ရွက်ရမယ့် (သို့မဟုတ်) ဆောင်ရွက်နေရတဲ့ ကိစ္စတွေဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုအများအပြားရှိတဲ့ နိုင်ငံတွေအဖို့ ပဋိပက္ခမှာ တိမ်းညွတ်မှုများပြီး ပြည်တွင်းစစ် ဖြစ်ပွားတတ်တာ သိပ်အဆန်းတော့မဟုတ်လှပါ။ အဲဒီလို မျိုးနွယ်စုများတဲ့ တိုင်းပြည်တွေမှာ ဒီမိုကရေစီ အပြောင်းအလဲလုပ်ရတာခက်လည်း ခက်တတ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းတွေမှာ ဒီမိုကရေစီ အဓိကလား၊ ညီညွတ်ရေးအဓိကလားဆိုတဲ့ ပြဿနာကအမြဲပေါ်လေ့ရှိပါတယ်။ အမျိုးသားညီညွတ်ရေး အခြေခံမရှိတဲ့အ တွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲထွက်ခွင့်အထိတောင်းဆိုတာတွေ ရှိတတ်တာကြောင့်လည်း ဒီမိုကရေစီ အဓိက ဆိုတာထက် အဲဒီလိုအခြေအနေမှာ ညီညွတ်ရေးကို အရင်ဦးစားပေးသင့်တယ်လို့ ဘာသာရေး၊ ယဉ်ကျေးမှု အခြေခံတဲ့ ပဋိပက္ခတွေအတွင်း ကမ္ဘာကြီးကျရောက်မယ်လို့ ကြိုတင်ဟောကိန်း ထုတ်ခဲ့သူဖြစ်ပြီး အကူးအ ပြောင်းဆိုင်ရာ တတိယလှိုင်းကျမ်းကို ရေးသားခဲ့သူ ပါမောက္ခဟန်တင်တန်ကဆိုပါတယ်။

စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံရေးကျင့်ထုံးတွေနဲ့အတူ နိုင်ငံရေးပါတီ တွေ၊ နိုင်ငံရေးဖွဲ့စည်းတည်ဆောက်မှုတွေကို ဖန်တီးဖို့အကြံပေးပါတယ်။ ပြီးမှသာ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုတွေကို လိုက်ပါဆောင်ရွက်ရမယ်လို့ ဟန်တင်တန်က ဆိုပါတယ်။ ပညာရှင် Rustow ကလည်း ထိုနည်း လည်းကောင်းပဲ အကြံပေးပါတယ်။

ဒီမိုကရေစီ တတိယလှိုင်းရဲ့ထူးခြားချက်က အကြမ်းစားရယ်ဒီကယ် လက်နက်ကိုင်တိုက်ပွဲမဟုတ်သလို အနုစားထိပ်တိုက်ရင်ဆိုင်ရေးမဟုတ်ဘဲ စေ့စပ်ညှိနှိုင်းမှုသာဖြစ်တယ်လို့လည်း ဟန်တင်တန်ကပြောထားတာပါ။

မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဖြစ်နေတဲ့ဒေသတွေ၊ ဖြစ်ပွားခဲ့တဲ့ဒေသတွေက အဓိကကျတဲ့ အုပ်စုတွေ  နဲ့ အစိုးရ၊ တပ်မတော်အကြား ဆွေးနွေးနေမှုတွေကို ကြည့်ရင်တော့ ရခိုင်မြောက်ပိုင်းက ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ မွတ်ဆလင်တွေကလွဲလို့ ကျန်တဲ့ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအကြား ဆွေးနွေးနေမှုတွေကတော့ တစ် နည်းမဟုတ် တစ်နည်းရှိနေတယ်ဆိုတာ ယျေဘုယျကောက်ချက်ချနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် လည်း အောင်မြင်မှုရာခိုင်နှုန်းနဲ့ မြေပြင်တင်းမာမှု ပဋိပက္ခတို့နဲ့ တိုင်းတာကြည့်ရင်တော့ ၇ နှစ်ကျော် ကြာမြင့် နေပြီဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ထိုက်သင့်သလောက် မအောင်မြင်ဘူးလို့ ယျေဘုယျကောက်ချက် ချနိုင်ပါတယ်။

(ခ)  ၈ လေးလုံးနောက်ပိုင်း အပြင်းထန်ဆုံးနိုင်ငံတကာဖိအား၊  နိုင်ငံတကာ အကူအညီနဲ့ ညီညွတ်ရေးလိုအပ်မှု

မြန်မာအနေနဲ့ ၈ လေးလုံးနောက်ပိုင်း အပြင်းထန်ဆုံး နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင်ဘဝတုန်းကလို ပြတ်ပြတ်သားသား ပြောရဲဆို ရဲတာမရှိတော့ဘူးလို့ ဝေဖန်လာသူကတော့ ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ် ဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်း ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးသွားတဲ့ မွတ်ဆလင်အရေးအကျပ်အတည်းမှာ မွတ်ဆလင်တွေ နိုင်ငံ သားဖြစ်ခွင့်အတွက် တိကျတဲ့အချိန်ဇယားချပြပေးနိုင်မှု၊ ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် တိုင်းရင်းသားမဟုတ်ဘဲ လူမျိုးစုအနေနဲ့ ဘယ်လိုသတ်မှတ်ပြီး အခက်အခဲတွေကို ကျော်လွှားနိုင်အောင် လုပ်မလဲဆိုတဲ့ အချက်တွေကပဲ ရခိုင်အရေးဖြေရှင်းနိုင်မှု ရှိ,မရှိဆိုတာ ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်လို့ စစ်တပ်အရာရှိဟောင်းဖြစ်သူက လွတ် လပ်တဲ့ အာရှအသံ (RFA)  နဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားတာပါ။

၈ လေးလုံးနောက်ပိုင်း ကာလနဲ့ အခုအနေအထားမှာကြုံရတဲ့ မြန်မာ့အရေးနိုင်ငံတကာဖိအားကို ယှဉ် ကြည့်ရင်တော့ အရင်ကစစ်အစိုးရကိုပဲ နိုင်ငံတကာကဖိအားပေးတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုတော့ နိုင်ငံတကာကထောက်ခံခဲ့တာပါ။ ၈ လေးလုံးအရေး တော်ပုံအပြီး နှစ် ၃ဝ အကြာမှာတော့ နိုင်ငံတကာအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးဆိုတဲ့ကိစ္စကို သံသယဝင်လာသလား စဉ်းစားစရာဖြစ်လာသလို နိုင်ငံတကာမှာ မြန်မာ့အရေးအသံကျယ်လောင်လာတာက လူနည်းစုတွေအပေါ် ဖိနှိပ် တယ်ဆိုတဲ့ အသံပဲဖြစ်ပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြုမှုမပါဘဲတစ်ကိုယ်တည်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့၊ လစ်ဘရယ် ဒီမိုကရေစီရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွဲထွက်နိုင်ငံထူထောင်မှုတို့ဟာ ဖြစ်နိုင်, မဖြစ်နိုင်ဆိုတာ လည်း ကမ္ဘာ့နိုင်ငံတွေရဲ့ သမိုင်းကိုကြည့်ဖို့လိုလာပါတယ်။ ဒါ့အပြင်ပဋိပက္ခ မချုပ်ငြိမ်းနိုင်ဘဲ ဒီမိုကရေစီမူဘောင် ဆက်ချဲ့နိုင်ဖို့ဆိုတာတော်တော်လေးစိန်ခေါ်မှုကြီးတာ ဒါမှမဟုတ် မဖြစ်နိုင်သလောက် နည်းတတ်တာသဘာဝ ပါပဲ။

ဥပမာအားဖြင့် ပဋိပက္ခတွေရှိနေခဲ့တဲ့ ဆီလီယာလီယွန်မှာဆိုရင်  ၁၉၉၆ ခုနှစ်လောက်က ဒီမိုကရေစီအ သွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းခဲ့ဖူးပါတယ်။ တစ်ပါတီတည်း ၁၈ နှစ်ကြာအုပ်ချုပ်မှုကို စစ်တပ်ဗိုလ်ချုပ်ဖြစ် တဲ့ မက်ဒါဘိုင်အိုက အာဏာသိမ်းမှုနဲ့ အဆုံးသတ်စေခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ကပဲ နိုင်ငံရေးပါတီ ၁၅ ပါတီ ပါဝင်တဲ့ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။ လူတွေကလည်း အဲဒီရွေးကောက်ပွဲကို အလွန်အမင်း စိတ်အားထက်သန်စွာနဲ့ မဲပေးခဲ့ကြတာပါ။

ဒါပေမယ့်လည်း နိုင်ငံအတွင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်, မကျင်းပနိုင်ဆိုပြီး ကျင်းပခါနီးရက်အထိ မရေရာခဲ့တဲ့နေရာတွေလည်း ရှိနေတာပါ။

ဆန်ကို သူပုန်တွေဟာ လိုက်ဘေးရီးယားနိုင်ငံရဲ့ အထောက်အပံ့နဲ့အတူ နိုင်ငံရဲ့ ပေါများလှတဲ့ စိန်နဲ့ အခြားတွင်းထွက်တွေကနေ ဝင်ငွေတွေရနေခဲ့ပြီး နိုင်ငံအရှေ့တောင်ပိုင်းဒေသတစ်လျှောက်မှာ လှုပ်ရှားနိုင်ခဲ့ တာပါ။

ကန်နဲမားရ်ဆိုတဲ့ မြို့မှာဆိုရင်မဲရုံ စဖွင့်တဲ့ မနက် ၇ နာရီ မတိုင်ခင် ၆ နာရီ ၁၅ မိနစ်မှာ မြို့တွင်းမှာ သေနတ်ပစ်ခတ် သံတွေနဲ့အတူ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း  မြို့ခံတွေက နှစ်ပေါင်းများစွာအတွင်း ပြန်လည်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးဖို့ အလွန်တက်ကြွနေတာကြောင့်ပဲ နေ့လယ် ၁၂ နာရီကနေ ည ၆နာရီအထိ အချိန်ခြောက်နာရီအတွင်းမှာ မဲပေးခဲ့ကြပါတယ်။ အဲဒီလိုတိုက်ခိုက်မှုတွေက ရွေးကောက်ပွဲနေ့ နေရာတော်တော်များများမှာ ဖြစ်ခဲ့တာပါ။

ဒါပေမယ့်လည်း ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပနိုင်ခဲ့ပြီး အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ဆီလီယာ လီယွန်နိုင်ငံဆိုင်ရာ သံရုံးတွေကလည်းရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပနိုင်မှုအပေါ် ကျေနပ်အားရ ကြောင်းထုတ်ပြန်ချက်တွေထုတ်ခဲ့ပါတယ်။ အဲဒီသံရုံးတွေကပဲ လူဦးရေ ၄ သန်းကျော်လောက်ရှိတဲ့ ဆီလီယာ လီယွန်ကို သူတို့ရဲ့ မိခင်နိုင်ငံတွေက အတော်အသင့်ထောက်ပံ့မှုတွေပေးပြီး ကူညီရင် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးတို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ကြေညာချက်မှာ ထည့်သွင်းခဲ့တာပါ။ ဒါပေမယ့် အမေရိကန်၊ ဗြိတိန်တို့လို နိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့လို အဖွဲ့တွေဟာ အဲဒီကိစ္စတွေအပေါ် စိတ်မဝင်စားခဲ့သလို တုံ့ပြန်မှုလည်း မလုပ်ခဲ့ပါဘူး။

ဒါကြောင့်ပဲ ရွေးကောက်ပွဲ ဒီမိုကရေစီဟာ ပဋိပက္ခတွေအတွင်း ပြန်လည်ဆိတ်သုဉ်းသွားခဲ့ရပြီး ဒီမိုက ရေစီအရ တက်လာတဲ့ ဆီလီယာလီယွန်အစိုးရနဲ့ သူပုန်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင်ခဲ့ဘဲ ပဋိပက္ခတွေ ပြင်းထန်လာတဲ့ ၁၉၉၇ ခုနှစ် အရောက်မှာတော့ သမ္မတကပ်ဘာဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံလိုက်ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဆီလီယာလီယွန်ဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှု (ဓနသဟာယလို အ သင်းကနေထုတ်ပယ်ခံရမှုတွေကို) ကြုံရသလို သူပုန်တွေသိမ်းထားတဲ့မြို့တွေကို ပြန်ရဖို့ နိုက်ဂျီးရီးယားဦး ဆောင်တဲ့ အနောက်အာဖရိက တပ်တွေက နိုင်ငံအတွင်း ဝင်ရောက်စီးနင်းတာ၊ ကုလတပ်တွေဝင်လာတာစတဲ့ ကိစ္စတွေလည်း ကြုံခဲ့ရတာပါ။ အဲဒီနောက် စစ်ပွဲတွေ၊ ဆွေးနွေးပွဲတွေနဲ့ သံသရာလည်ခဲ့ပြီး စစ်ပွဲတွေရပ်ပြီး ၂ဝ၁၂ ခုနှစ်မှာမှ ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီလီယာလီယွန်ရဲ့ ၉၆ ရွေးကောက်ပွဲကာလ အရပ်သားအစိုးရ သက်တမ်းမရှည်ခဲ့တာဟာ နိုင်ငံတ ကာအထောက်အပံ့ရရှိမှု အားနည်းတာ၊ ငြိမ်းချမ်းရေးမအောင်မြင်တာ (တစ်နည်းအားဖြင့် ညီညွတ်ရေးမရတာ) ကအရေးကြီးတဲ့ အချက် ဖြစ်ခဲ့ပါတယ်။

(ဂ) တိုင်းရင်းသားတွေနဲ့ ညီညွတ်ရေး တည်ဆောက်လိုသော်လည်း

၂ဝ၁ဝ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီး နောက်တစ်နေ့ပြုလုပ်တဲ့ ရွှေဂုံတိုင် လူထုတွေ့ဆုံပွဲမှာ အားလုံး ညီညွတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ မကြာခဏဆိုသလိုလည်း ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးတို့ကိုပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအင်အားစုတွေ အကြားဆက်ဆံရေးက လွန်ခဲ့တဲ့နှစ်တွေအတွင်း ယိုယွင်းလာနေတယ်ဆိုတာ ဘယ်လိုအချက်တွေနဲ့ပဲ ကြည့် ကြည့် ငြင်းမရတဲ့ အချက်ဖြစ်ပါတယ်။ စစ်အစိုးရ လက်ထက်ကတည်းက ပုံမှန်ဆက်ဆံရေးရှိခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့တောင် ဆက်ဆံရေး မကောင်းတော့ပါ။

အစိုးရတက်ပြီးစ ၂ဝ၁၆ ခုနှစ် ဇူလိုင်လက International Crisis Group ရဲ့ မြန်မာ့အရေး report မှာဆိုရင် ”ဒေါ်အောင်ဆန်းစုကြည်က မပြတ်မသားမရေမရာ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ (၂၁)ပင်လုံကွန်ဖရင့်ကို နှစ်လ အတွင်းကျင်းပမယ်လို့ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘယ်နိုင်ငံရေးခေါင်းဆောင်နဲ့မှ ကြိုတင်ညှိနှိုင်း ကြေညာခဲ့ခြင်းမရှိတဲ့ (၂၁) ပင်လုံအဆိုပြုချက်အသစ်ရဲ့ အနှစ်သာရပိုင်းရော၊ ကြေညာပုံကြေညာနည်းတွေမှာပါ စိုးရိမ်မကင်းဖြစ်မှုတွေပေါ်ပေါက်လာတယ်။ အဲဒီလိုဖြစ်နေတဲ့ အဖွဲ့တွေထဲမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး (NCA) ပြုလုပ်ထားတဲ့ အဖွဲ့တွေလည်းပါဝင်တယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အစိုးရတက်တက်ချင်း ကတည်းက ကနဦးခြေလှမ်း အမှားတွေရှိခဲ့တယ်”လို့ ရေးသားဖော်ပြထားပါတယ်။

အခုအချိန်အထိလည်း ဦးသိန်းစိန် လက်ထက်က ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်မှ အပစ်ရပ် လက်မှတ် ထိုးမယ်ဆိုတဲ့အဖွဲ့တွေလည်း လက်မှတ်မထိုးနိုင်သေးပါဘူး။ ဦးသိန်းစိန်လက်ထက်က တိုင်းရင်းသားလက်နက် ကိုင်တွေ NCA လက်မှတ်ထိုးမှာ စိုးရွံ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အစိုးရလက်ထက်မှာတော့ မူဝါဒ မပြောင်းဘဲ လက်မှတ် ထိုးခိုင်းနေတာလည်း ဖြစ်ပါတယ်။

နိုင်ငံရေး အပေးအယူကြီးမယ့် လက်နက်ကိုင်တွေနဲ့ ညီညွတ်ရေးအသာထား တိုင်းရင်းသားနယ်မြေတွေက ရွေး ကောက်ပွဲလို ကိစ္စတွေပဲကြည့်ပါဦး။ ရှမ်းမှာဆိုရင် အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲလည်း ကြားမဲဆန္ဒနယ်မှာ NLD မဟာမိတ်ဟောင်း ကျားခေါင်းပါတီ (sNLD)၊ ကျားဖြူပါတီနဲ့ NLD ၃ ပါတီတည်းသာ ပြိုင်မယ့်အခြေအနေမျိုးပါ။ အစိုးရဖွဲ့ရေးအတွက် အရေးမပါတဲ့ရွေးကောက်ပွဲမှာတောင် မိုးထဲရေထဲ နှစ်ပေါင်းများ စွာကြာမဟာမိတ်လုပ်ခဲ့တဲ့ တိုင်းရင်းသားပါတီကို တိုင်းရင်းသားနယ်မြေမှာ သွားပြိုင်ဖို့လုပ်တာဟာ ဒီမိုကရေစီ အရဆိုပြီး အကြောင်းပြနိုင်ပေမယ့် ပါတီကြီးဝါဒ စွဲကိုင်ထားတယ်ဆိုတဲ့အချက်ကို ညွှန်းဆိုရာရောက်နေပါတယ်။

ဒီနေရာမှာ အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်ခဲ့တဲ့ ဟေဂယ်ရဲ့ ပရပ်ရှားဝါဒကို ပြေးမြင်မိပါတယ်။ ဂျာမန် ဒဿနပညာရှင်ဟေဂယ်ဟာ ခေတ်စနစ်ပြောင်းလဲရေးလုပ်နေပါတယ်ဆိုတဲ့ စကားတွေကို ကြိမ်ဖန်များစွာသုံးခဲ့ ပေမယ့် သူ့ရဲ့အဓိက ရည်ရွယ်ချက်ဟာ ဂျာမန်လူမျိုးကြီးဝါဒနဲ့ ရှိရင်းစွဲ စစ်ဧကရာဇ်စနစ် ဆက်လက်ရှင်သန်ဖို့ ခုခံကာကွယ်ခဲ့သူအဖြစ် လူသိ များပါတယ်။

ဟေဂယ်ရဲ့ ပရပ်ရှားဝါဒဟာ ၁၈ ရာစု က ဖက်ဒရယ်စနစ်မကျင့်သုံးသေးတဲ့ ဂျာမနီမှာ သူရဲကောင်းနဲ့ လူမျိုးကြီးတွေဖြစ်တဲ့ ပရပ်ရှားလူတန်းစားတွေ အစဉ်တစိုက်နိုင်ငံကို လွှမ်းမိုးနိုင်ရေးပါပဲ။ ပရပ်ရှားတွေ အမြဲအာဏာရရေးဦးတည်တဲ့ သူ့ရဲ့အတွေးအခေါ်ကြောင့်ပဲ မျက်မှောက်ခေတ်ပညာရှင်တချို့က သူ့ကိုကြောင် သူတော်လို့ သတ်မှတ်ခဲ့ပြီး ဖက်ဆစ်စနစ် ပေါ်ပေါက်လာမယ့် ဂျာမနီအတွက် ရေသောက်မြစ်ချပေးခဲ့သူလို့ သတ်မှတ်ခံရသူပါ။ တန်းတူရေး၊ ညီမျှရေးလို့ ကြွေးကြော်ပေမယ့် ဗဟိုဦးစီးစနစ်နဲ့ လူမျိုးတစ်မျိုးအတွက် အဓိကထားပြီး အဲဒီအဓိကထားတဲ့ လူမျိုးရဲ့ အမျိုးသားရေးဝါဒ ခေါင်းထောင် လာအောင်လုပ်ဆောင်မှုကို ဟေဂယ်က မျိုးစေ့ချပေးတာလည်း ဖြစ်ပါတယ်။

NLD လက်ထက်မှာ NLD နဲ့ တိုင်းရင်းသားတွေအကြား ကွဲပြားမှုပိုတွေ့လာရတာ၊ ဗုဒ္ဓဘာသာ အခြေပြု မြန်မာအမျိုး သားရေးဝါဒနဲ့ တိုင်းရင်းသားအမျိုးသားရေးဝါဒ အပြိုင်ခေါင်းထောင်လာတာတွေက နှိုင်းယှဉ်တိုင်း တာရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

လတ်တလော လွှတ်တော်မှာတင်ဖို့ကြိုးစားခဲ့တဲ့ နမ္မတူအမတ် နန်းခမ်းအေးရဲ့ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အကြား တိုက်ခိုက်မှုအပါအဝင် တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မှုတွေဟာ တည်ငြိမ်ရေးနဲ့ တိုင်းရင်းသားအကြား ချစ်ကြည်မှုကိုထိခိုက်စေလို့ အန်အယ်လ်ဒီအစိုးရက ကြားဝင်ဖြေရှင်းပေးဖို့ဆိုတဲ့ အဆို ဟာ အန်အယ်လ်ဒီအများစုကြီးစိုးနေတဲ့ လွှတ်တော်မှာ တင်သွင်းခွင့်မရဘဲ ပယ်ချခံခဲ့ရပါတယ်။ တိုက်ပွဲဖြစ် နေတဲ့ဒေသတွေက ပြည်မမှာမဟုတ်လို့လား၊ဒါမှမဟုတ် အန်အယ်လ်ဒီ အစိုးရကိုင်စွဲထားတဲ့ အန်အယ်လ်ဒီအ ခြေပြုငြိမ်းချမ်းရေးက အောင်မြင်နေတယ်လို့ ထင်နေလို့လားဆိုတာ မေးခွန်းထုတ်စရာပါ။

ပဋိပက္ခလေ့လာ စောင့်ကြည့်နေတဲ့အဖွဲ့တစ်ဖွဲ့ရဲ့ မှတ်တမ်းမှာတော့ အန်အယ်လ်ဒီလက်ထက်မှာ တိုက်ပွဲ ၁၂ဝဝ ကျော်ဖြစ်ထားတယ်လို့ဆိုတာပါ။ တပ်ကို အာဏာမပိုင်စိုးလို့ဆိုပြီး ရိုးမယ်ဖွဲ့ကောင်းဖွဲ့နိုင်ပေမယ့် ကိုယ့် ရှေ့မှာအုပ်စုနဲ့အနိုင်ကျင့်နေရင်ကော ဒါမှမဟုတ် ကိုယ့်အိမ်သူအိမ်သားတွေရန်ဖြစ်နေတာကို မိသားစုဝင်ဆိုဆို၊ မိဘလို့ဆိုဆိုပြောနိုင်တဲ့ အန်အယ်လ်ဒီအစိုးရက ဒီအတိုင်းပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ကြည့်နေမှာလား ဆိုတဲ့ ကိစ္စက မေးငေါ့စရာပါ။

(ဃ) ခံစစ်အတွက်သာပြင်နေပြီး အဓိကကျတဲ့ တိုင်းရင်းသားအုပ်စုတွေနဲ့ မညီညွတ်နိုင်သူ

မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေးမှာ စစ်တပ်အခန်းကဏ္ဍကလည်း အလွန်အရေးပါတယ်ဆိုတာ မငြင်း နိုင်တဲ့ကိစ္စပါ။ တပ်မတော်ကို နိုင်ငံတကာကဖိအားပေးနေတဲ့ ရခိုင်မြောက်ပိုင်းက မွတ်ဆလင်အရေး အကျပ် အတည်းအတွက် တပ်မတော်က လုံလောက်တဲ့ အကြောင်းပြချက်ပေးနိုင်တာ, မပေးနိုင်တာ ဒါမှမဟုတ် နိုင်ငံ တကာမှာ လူရိုသေရှင်ရိုသေဖြစ်နိုင်တဲ့ ဖြေရှင်းမှုပေးနိုင်တာ,မပေးနိုင်တာ အသာထားဦး၊ တိုင်းရင်းသားတွေအ ရေးကိုကြည့်ရင်လည်း တပ်မတော်နဲ့တိုင်းရင်းသားအကြား ညီညွတ်မှုတည်ဆောက်နိုင်ရဲ့လား၊ ညီညွတ်မှုအ တွက် ဖြေလျှော့မှုပေးနိုင်သလားဆိုတာက မေးခွန်းထုတ်စရာပါ။

တပ်မတော်သာ ပြည်သူအားလုံး ကိုယ်စားပြုတယ်လို့ ပြောနေပေမယ့်လည်း ၂ဝ၁၅ ခုနှစ်နဲ့ ၁၉၉ဝ ရွေးကောက်ပွဲတွေမှာ စစ်တပ်နောက်ခံပေးတဲ့ ပါတီတွေ အပြတ်အသတ်ရှုံးနိမ့်တာကတော့ ပြည်သူ့ဆန္ဒက ဘာ လဲဆိုတာ ထပ်မေးစရာတောင်လို မယ်မထင်ပါ။

လတ်တလောမှာပဲ တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းနှစ်ပုဒ်ကို ဥပမာပြု ကြည့်ရအောင်ပါ။ တစ်ပုဒ် ကတော့အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တပ်မတော်၊ အစိုးရတို့သုံးပွင့်ဆိုင်ပါဝင်တဲ့ ပူးတွဲ အပစ်ရပ် စောင့်ကြည့်ရေးကော်မတီ (JMC) အစည်းအဝေးမှာ အင်အားတည်ဆောက်မှုနဲ့ နယ်မြေချဲ့ထွင်မှုတွေမလုပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က သတိပေးခဲ့တာပါ။

တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးတည်ဆောက်နေစဉ် ၇ နှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေ အင်အားများလာတာကို တပ်ကစိုးရိမ်ဟန်ရှိပါတယ်။ ဒါကတော့ သဘာဝပါပဲ။ ဒါပေမယ့် အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေတောင် အင်အားတည်ဆောက်နေမှုဟာ ဘာကြောင့်လဲဆိုတာ စစ်တပ်က လည်း စဉ်းစားဖို့လိုပါတယ်။

ခုအနေအထားအရကြည့်မယ်ဆိုရင် အပစ်ရပ်အဖွဲ့တွေနဲ့ အစိုးရ၊ စစ်တပ်တို့ အကြားမှာတောင် နိုင်ငံရေးအရဆွေးနွေးမှု အဖြေမထွက်တာ၊ အပစ်ရပ်နယ်မြေတွေမှာ ဖွံ့ဖြိုးရေးနဲ့ ထူထောင်ရေး ဟုတ်တိပတ်တိ မလုပ်နိုင်တာ၊ အပစ်ရပ်နယ်မြေတွေထဲ ကားလမ်းဖောက်မှုအကြောင်းပြပြီး ကေအန်ယူလိုအဖွဲ့နဲ့ တိုက်ပွဲဖြစ်တာ စတဲ့ကိစ္စတွေက ယုံကြည်မှုလျော့နည်းစေတဲ့ ကိစ္စတွေပါ။

ဖာပွန်ဒေသက ကေအန်ယူ တပ်မဟာ (၅) နယ်မြေဟာ အချုပ်အခြာအာဏာ လုံခြုံရေးအတွက် အရေးပါပြီး ဒုတိယကမ္ဘာစစ်တုန်းက ထိုင်းနိုင်ငံကနေတပ်တွေဝင်လာနိုင်ခဲ့တာကို တပ်မတော်ဘက်က ဗိုလ်မှူး ကြီးတစ်ဦးက စာရေးသူကို ရှင်းပြခဲ့ဖူးပါတယ်။ ဒါဆိုရင် အစိုးရနဲ့ စစ်တပ် သြဇာလုံးဝမရှိတဲ့ ကူမင်တန်တွေ မြန်မာပြည်ထဲဝင်ခဲ့ရာဒေသဖြစ်တဲ့ တရုတ်နယ်စပ်က ”ဝ”၊ မိုင်းလားနယ်မြေတွေဆိုရင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားစရာပါ။ ကေအန်ယူက အပစ်ရပ်ထားတာ တောင် အဲဒီလောက်အရေးကြီးနေရင် ကူမင်တန်ဝင်ခဲ့ဖူးပြီး စစ်တပ်သြဇာလုံးဝမရှိတဲ့ ”ဝ”၊ မိုင်းလားတို့ကို ထည့်မတွက်ဘူးလားဆိုတာတော့ မေးခွန်းထုတ်စရာပါ။ စာ ရေးသူဆိုလိုတာက မူဝါဒရေးရာဆိုတာ ပါးစပ်ကထွက်ချင်သလိုထွက်တဲ့ မူဝါဒမဟုတ်ဘဲ ယုတ္တိယုတ္တာရှိရှိ ချ မှတ်စေချင်တာမျိုးပါ။

အခုအနေထားအရ တပ်မတော်ကိုယ်တိုင် နိုင်ငံတကာဖိအားအောက်ရောက်နေချိန်မှာ ပြည်တွင်းညီ ညွတ်ရေးလုပ်ရမယ့်အခြေအနေဆိုပေမယ့် နိုင်ငံရေးအရ တိုင်းရင်းသားတွေကိုဘာမှမပေးဘဲ၊ ကတိကဝတ်မ ပြုဘဲ ညီညွတ်ရေးရဖို့ ခဲယဉ်းတယ်ဆိုတာ သတိချပ်သင့်ပါတယ်။

တပ်ချုပ်ကိုယ်တိုင် PNO ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ်းထီနဲ့ သွားတွေ့တဲ့ သတင်းတွေလည်း တက်လာတာ သတိ ထားမိပါတယ်။ လူမျိုးတစ်မျိုး ဒါမှမဟုတ် တိုင်းရင်းသားတစ်ဖွဲ့နဲ့ တပ်မတော်အကြား ပြေလည်တာကောင်းတဲ့လက္ခဏာလို့ ဆိုကောင်းဆိုနိုင်ပေမယ့် အခြားတိုင်းရင်းသား အဖွဲ့တွေနဲ့ ပဋိပက္ခဖြစ် လာနိုင်မှုအပေါ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သွားတွေ့တာမျိုးဆိုရင်တော့ ဒီအချိန်မှာကောင်းတဲ့လက္ခဏာ မဟုတ်ပါလို့ ဆိုချင်ပါတယ်။ ဒီအချိန်မှာ ပဋိပက္ခမဖြစ်တဲ့ ပြည်သူ့စစ်အသွင်ပြောင်း PNO နဲ့တွေ့တာထက် အပစ် ရပ်, အပစ်မရပ်တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်တပ်တွေ့ဆုံနေတယ်ဆိုရင် ခုနစ်ရက်သားသမီးကောင်းချီးပေးနိုင်တဲ့ အခြေအနေပါ။ အပစ်ရပ်, အပစ်မရပ်တွေနဲ့ ဆွေးနွေးနေမှုတွေဘာကြောင့် မတိုးတက်သလဲစဉ်းစားဖို့ အချိန်ကျ ရောက်နေပါပြီ။ တစ်ရွာလုံးနဲ့ တစ်ယောက်၊ တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဇာတ်တွေက တိုင်းပြည်အတွက် နစ် နာလှပါတယ်။

၁၉၇၅ ခုနှစ်ကနေ ၂ဝဝဝ ပြည့်နှစ်လောက်အထိ ကမ္ဘာနဲ့အဝန်း ဒီမိုကရေစီနိုင်ငံတွေပေါ်ထွန်းမှုကို တတိယလှိုင်းလို့ခေါ်ပြီး ဒီမိုကရက်တိုက်ဇေးရှင်း တတိယလှိုင်းထူးခြားချက်က အကြမ်းစားရယ်ဒီကယ် လက် နက်ကိုင်တိုက်ပွဲမဟုတ်သလို အနုစားထိပ်တိုက်ရင်ဆိုင်ရေးမဟုတ်ဘဲ စေ့စပ်ညှိနှိုင်းမှုဖြစ်တယ်လို့လည်း ဆိုခဲ့ ကြတာပါ။  ဒါကလည်းအမှန်ပါပဲ။ တတိယလှိုင်းရဲ့အဓိကကျတဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာမှု အနုပညာပဲဖြစ်ပါ တယ်။

ဒါပေမယ့် စေ့စပ်ညှိနှိုင်းမှုအနုပညာမှာ အဓိကကျတဲ့ အယူအဆတစ်ရပ်လည်း ရှိနေပြန်ပါတယ်။ ‘တစ် ဖက်ကသဘောထား ပျော့ပျောင်းမှုကို၊ အခြေခံညှိနှိုင်းမှုကို အသုံးပြုနေချိန်မှာ အခြားတစ်ဖက်က တင်းမာမှုကို အခြေခံတဲ့ ညှိနှိုင်းမှုကိုအသုံးပြုနေရင် ဆွေးနွေးပွဲဖြစ်စဉ်က တစ်ဖက်သတ်နိုင်ပြီး သဘောထားတင်းမာသူကို အသာစီးရစေလိမ့်မယ်’ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ ”သဘောတူညီချက်တွေကို အချိန် တိုအတွင်း ရကောင်းရနိုင်မှာဖြစ်ပေမယ့် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ သဘောတူညီချက် ပေါ်ထွက်ဖို့ကိစ္စမှာတော့ အာမခံနိုင်မှာမဟုတ်တဲ့အတွက် ရေရှည်အောင်မြင်တဲ့ ဆွေးနွေးညှိနှိုင်းမှု ဖြစ်စဉ်ပေါ်ပေါက်လာဖို့ အဖြေမဟုတ်” လို့ Getting to yes မှာ ဖော်ပြထားပါတယ်။

(င) ဘယ်လို ညီညွတ်ရေးလဲ

မကြာသေးခင်က နိုင်ငံတကာရာဇဝတ်မှုရုံး (ICC) ကို တပ်မတော်ကိုပို့ဖို့ဆိုတဲ့ကိစ္စအပေါ် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဓိကဦးတည်ဖြေရှင်းပြီး ညီညွတ်မှုရအောင် တည်ဆောက်တုံ့ပြန်မယ်လို့ သမ္မတရုံး တာဝန်ရှိသူတွေက ပြောခဲ့တာလည်း သတိရမိပါတယ်။

ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေအိမ်ပြန်လာရေးနဲ့ သူတို့ကိုလူမျိုးစု၊ နိုင်ငံသား၊ တိုင်းရင်းသားအဖြစ် သတ်မှတ်ရေးမသတ်မှတ်ရေးအသာထား၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအသာထားဦး၊ တခြားတိုင်း ရင်းသားတွေနဲ့ အစိုးရ, တပ်မတော်တို့အကြား ညီညွတ်ရေးဘယ်လိုတည်ဆောက်မလဲ … စဉ်းကော စဉ်းစား ထားရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။

­­စိုင်းထွန်းအောင်လွင်