အမေရိကန် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး၊ အောင်မြင်ဖို့ နီးပြီလား

လူမည်းတွေရဲ့ အသက်တွေကိုလည်း တန်းတူအလေးထားဖို့ ကြွေးကြော်လှုပ်ရှားနေတဲ့ ဆန္ဒပြပွဲ တွေ နိုင်ငံတော် တော်များများ ပိုပြီးကျယ်လောင်လာတဲ့အချိန် အမေရိကန်ပြည်ထောင်စုမှာ တော့ ဒီလှုပ်ရှားမှုနဲ့အတူ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ တောင်းဆိုသံတွေပါ ဝါရှင်တန်နိုင်ငံ ရေးကို ရိုက်ခတ်လာခဲ့ပါတယ်။  အမေရိကန် ပြည်ထောင်စုမှာ ရဲတပ်ဖွဲကို ပြုပြင်ပြောင်းလဲတော့ မယ်ဆိုရင် ဘယ်လို ပြောင်းလဲမလဲ၊ ဘယ်တော့ စမလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာ ပါတယ်။

ဇွန်လ ၂၅ ရက်နေ့ ကြာသာပတေးနေ့မှာ ဒီမိုကရက်လွှတ်တော်အမတ်တွေတင်သွင်းထားတဲ့ ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေး ဥပဒေမူကြမ်းကို အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီဥပဒေကြမ်းကို ရီပတ်ဗလစ်ကန် အမတ်တွေ လွှမ်းမိုးတဲ့ အထက်လွှတ်တော်က အတည်ပြုဖို့ဆိုတာတော့ မသေခြာသေးပါဘူး။ ဖြစ်နိုင်ခြေသိပ်နည်းတယ်လို့ သတင်းတွေမှာ ရေးနေကြပါတယ်။ ဒီဥပဒေ မူကြမ်း အိမ်ဖြူတော်ထိ ရောက်လာမယ်ဆိုရင်တောင် သမ္မတ Donald Trump က တရားဝင် ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ပါတယ်။ ဒီမိုကရက်တွေရဲ့ ဥပဒေကြမ်းထဲမှာ ဆန္ဒပြသူ တချို့တောင်းဆိုနေကြတဲ့ ရဲတပ်ဖွဲ့ကို ငွေကြေးဖြတ်တောက်ပြီး အဲဒီငွေတွေကို လူမှုဖူလုံရေးနဲ့ အကူအညီပေးရေးအဖွဲ့တွေကို လွှဲပြောင်းပေးဖို့ ဆိုတာတော့ ထည့်သွင်းမထားပါဘူး။ ဒါပေမဲ့ တခြား မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲတွေ အတော်များများကို ထည့်သွင်းထားပါတယ်။ သမ္မတ Trump ကတော့ ဒီမိုကရက်တွေရဲ့ အဆိုပြုချက်ဟာ အမေရိကန် ရဲတပ်ဖွဲ့ကို ဖျက်ဆီးမယ့် ဥပဒေကြမ်းလို့ ကြိုပြီး ဝေဖန်ပြောဆိုထားပါတယ်။

ပြုပြင်ပြောင်းလဲရေး အစီအစဉ်နဲ့ပတ်သက်လို့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီက လွှတ်တော်အမတ်တွေကြား အဓိက သဘောထား ကွဲလွဲနေကြတဲ့ အထဲမှာ ရဲတပ်ဖွဲ့ဝင်တွေကို အလွယ်တကူ တရားစွဲဆို အရေးမယူနိုင်အောင် အကာအကွယ်ပေးထားတဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်ကို ပယ်ဖျက်သင့်မသင့်ဆိုတာ ပါဝင်ပါတယ်။ ဒီလို ရဲတပ်ဖွဲ့ဝင်တွေကို အကာအကွယ်ပေးထား တဲ့ ပြဌာန်းချက်ကို ဒီမိုကရက်အမတ်တွေက ပယ်ဖျက်ဖို့ ဆန္ဒရှိနေပေမယ့် သမ္မတ Trump အပါအဝင်၊ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေက ဆန့်ကျင်နေပါတယ်။ အမေရိကန် ပြည်သူပြည်သားတွေရဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ကို အကာအကွယ်ပေး တန်ဖိုးထား ရမယ်ဆိုပြီး သမ္မတ Trump က တွွစ်တာမှာ ရေးသားပါတယ်။

ရီပတ်ဘလစ်ကန်အမတ်တွေဘက်က တင်သွင်းတဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး မူကြမ်းကို လည်း ဒီမိုကရက်အထက်လွှတ်တော် အမတ်တွေက ကန့်ကွက်ထားပါတယ်။ ဇွန်လ ၂၅ရက်နေ့ မှာပဲ အထက်လွှတ်တော်မှာ ရီပတ်ဗလစ်ကန် အမတ်တွေ တင်သွင်းတဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲ ရေး ဥပဒေကြမ်းကို မဲခွဲရေး၊ အခြေအတင် ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။ ဒီမိုကရက် အမတ် တွေက ကန့်ကွက်ခဲ့တာကြောင့် ဥပဒေကြမ်းအတည်ပြုရေး ဆက်လက်လုပ်ဆောင်လို့ မရဘဲ မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ တစ်ဦးတည်းသော လူမည်းအမတ်ဖြစ်တဲ့ Tim Scoot က တင်သွင်းခဲ့တာပါ။ ဒီဥပဒေကြမ်းဟာ တကယ်တမ်း ရဲတပ်ဖွဲ့ ကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်မလာနိုင်ဘဲ ချို့ယွင်း ချက်တွေ ရှိနေတယ်ဆိုပြီး အထက်လွှတ် တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer က ဝေဖန်ထားပါတယ်။ ဥပဒေ အဆိုပြုတဲ့ ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် Tim Scoot ကတော့ ရဲအရာရှိတွေကို အရည် အချင်း မြှင့်တင်ပေးဖို့ သင်တန်းတွေပေးရေးမှာ ဖက်ဒရယ်အစိုးရက ငွေကြေးပိုပြီး သုံးစွဲဖို့ လိုမယ်လို့ ပြောဆိုထားတာပါ။ ဒီလို သင်တန်းတွေနဲ့ ထောက်ပံ့ကူညီရင်း ဥပဒေအရ လိုက်နာရ မယ့် စည်းမျဉ်းတွေကို လိုက်နာနိုင်အောင် ရဲတပ်ဖွဲ့ဝင်တွေကို ထိန်းကျောင်းသွားမယ်လို့ ဆိုပါ တယ်။ ပိုမိုကောင်းမွန်တဲ့ သင်တန်းတွေ ပို့ချပြီး တာဝန်ခံမှု ပိုရှိလာအောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမယ်ဆိုရင် ရဲတပ်ဖွဲ့တွေကြောင့် သေဆုံးရတဲ့ ဖြစ်ရပ်တွေလည်း နည်းသွားလိမ့်မယ်လို့ Tim Scott က ABC ရုပ်သံကို ပြောပါတယ်။

Minnesota ပြည်နယ် Minneapolis မြို့မှာ လူဖြူရဲအရာရှိတစ်ယောက်က ကိုးမိနစ်နီးပါး ဒူးနဲ့ လည်ပင်းကို တက်ဖိထားခဲ့တာကြောင့် လူမည်းအမျိုးသား George Floyd မေလ ၂၅ ရက်နေ့က သေဆုံးပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေနဲ့အတူ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ တောင်းဆိုချက်တွေပါ အရှိန်မြင့်လာတာပါ။ တချို့က ရဲတပ်ဖွဲ့ကို ပေးနေတဲ့ ငွေကြေး ရံပုံငွေတွေ ဖြတ်တောက်ဖို့ တောင်းဆိုပါတယ်။ ရဲတွေဖမ်းတဲ့အခါ လည်ပင်းကို လက်မောင်းနဲ့ ညှစ်ဖမ်းတာ မျိုးတွေကို ခွင့်မပြုတော့ဖို့ကတော့ အနိမ့်ဆုံးအဆင့် လူတော်တော်များများ သဘောတူနေကြတဲ့ သဘောတူညီချက်ဖြစ်နေပါတယ်။

သမ္မတ Donald Trump ကလည်း ဇွန်လ ၁၆ရက်နေ့ကပဲ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အမိန့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ပြီး သူဘက်က အစီအစဉ်တွေကို ချပြခဲ့ပါတယ်။ “Safe Policing for Safe Communities” လူမှုအသိုင်းဝိုင်းတွင်း လုံခြုံစိတ်ချရရေးအတွက် စိတ်ချရ တဲ့ ရဲလုပ်ငန်းလို့ခေါင်းစဉ်တပ်ထားတဲ့ အမိန့်စာကို သူက လက်မှတ်ရေးထိုးခဲ့တာပါ။ ဒီအမိန့်စာ ထဲမှာ ရဲတပ်ဖွဲ့ကိုပေးနေတဲ့ ငွေကြေးဖြတ်တော်ဖို့ ဆိုတာကို ထည့်သွင်းမထားပါဘူး။ ရဲအရာရှိ တွေရဲ့ အင်အား အလွန်အကျွံသုံးတာတွေနဲ့ ပတ်သက်လို့ မှတ်တမ်းတင်တဲ့ စနစ်တရပ်ထားဖို့ကို တော့ အဆိုပြုခဲ့ပါတယ်။ အကောင်းဆုံးပြုမှု လိုက်နာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆုကြေးငွေပေးမယ် ဆိုပြီး မက်လုံးပေးတာမျိုး အပြင် စိတ်ကစဉ်ကလျားဖြစ်နေတဲ့သူ၊ မူးယစ် ဆေးစွဲနေတဲ့သူ၊ အိုးမဲ့ အိမ်မဲ့ဖြစ်နေတဲ့သူတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုမရှိတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ လူမှု ကူညီရေး အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အားပေးထားပါတယ်။ လည်ပင်းကိုချုပ်ပြီး ဖမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ ရဲအရာရှိရဲ့ အသက်ကို အန္တရယ်မပြုသမျှ ဒီလို တံတောင်နဲ့ လည်ပင်းကိုညှစ်ပြီး ချုပ်ဖမ်းတဲ့ ဖမ်းနည်းကို တားမြစ်တယ်လို့ ဆိုပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကတော့ သမ္မတရဲ့ ကြေညာချက်ဟာ အားနည်းလွန်းတယ်လို့ တုံ့ပြန်ဝေ ဖန်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အဓိက ကြုံနေရတဲ့ လူမည်းတွေ သေဆုံးစေတဲ့ ရဲတပ်ဖွဲ့အတွင်း လူမျိုးရေးခွဲခြားမှုတွေနဲ့ ရဲတွေရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို ဟန့်တားရေးမှာ ထိရောက်အောင်လုပ်ဖို့ ပျက်ကွက်တဲ့ အမိန့်ကြေညာချက်ဆိုပြီး ဖေဝန်သွားတာပါ။ အမေရိကန် ပြည်ထောင်စုက အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက အကြီးတန်းသုတေသီ တစ်ဦး ဖြစ်တဲ့ Kristina Roth ကဆိုရင် သမ္မတရဲ့ ရဲတပ်ဖွဲ့ပြု ပြောင်းလဲရေးဆိုင်ရာ ကြေညာ ချက်ဟာ သေနတ်ဒဏ်ရာတွေအတွက် ပတ်တီးစတိုးပြီး ထုတ်ပေးသလောက်ပဲ ဖြစ်နေတယ်၊ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အချက်တွေကို ဖော်ပြဖို့ ပျက်ကွက်နေတယ်လို့ ဝေဖန်ပါတယ်။

အခုဆိုရင် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စက အမေရိကန်ရွေးကောက်ပွဲမှာ လူအများ အာရုံ စိုက်မယ့် အဓိက အကြောင်းအရာ တစ်ခုဖြစ်လာပါတယ်။ ရွေးကောက်ပွဲရဲ့ ရလဒ်ကို ပြောင်းလဲ ကောင်း ပြောင်းလဲလာနိုင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတစ်ခုဖြစ်လာပါတယ်။ ဒီမိုကရက်တစ်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ဖြစ်လာတော့မယ့် ဒုသမ္မတဟောင်း Joe Biden ကလည်း ရဲတပ်ဖွဲ့တွေကို ငွေကြေးဖြတ်တောက်တာမျိုးကိုတော့ သူလက်မခံဘူးဆိုပြီး ပြောဆိုထားတာပါ။ လူတွေရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အခြေအနေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့ ပြုပြင်ပြောင်းလဲ ရေး တောင်းဆိုကြတာတွေကို သူနားလည်ခံစားမိသလို နားထောင်နေတဲ့ အကြောင်း ပြောဆိုပေ မယ့် ရဲအရာရှိတွေရဲ့ စွမ်းရည်မြှင့်တင်ဖို့အတွက် ငွေကြေးထောက်ပံ့ဖို့ အရေးကြီးတယ်ဆိုပြီး Joe Biden ရဲ့ မဲဆွယ် စည်းရုံးရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်က တစ်ဆင့် သဘောထားကို ပြောခဲ့တာ ပါ။ ရဲအရာရှိတွေနဲ့ လူမှုအသိုင်းအဝိုင်းအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင် ထောက်ပံ့ကူညီဖို့ လိုအပ်တယ်ဆိုတာကို Joe Biden ဘက်က ထောက်ပြပါတယ်။

FILE PHOTO: DC National Guard Military Police officers and law enforcement officers stand guard during a protests against the death in Minneapolis custody of George Floyd, near the White House in Washington, D.C., U.S., June 1, 2020. REUTERS/Jonathan Ernst/File Photo

ဒီလို ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူမှုအသိုင်းအဝိုင်းအကြား ဆက်ဆံရေးကောင်းမွန်လာဖို့ အလားတူ ထောက်ပြတဲ့သူတွေထဲမှာ နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Chris Christie လည်း ပါဝင်ပါတယ်။ နယူးဂျာစီပြည်နယ် Camden မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူတွေအကြား အပြန် အလှန် ယုံကြည်မှုနဲ့ ရင်းနှီးမှုရှိအောင် ဖန်တီးခဲ့တဲ့ နည်းလမ်းတွေက တခြား လူမှုအသိုင်းအဝိုင်း တွေ လိုက်လုပ်ဆောင်သင့်တဲ့ နမူနာတရပ်လို့ သူကပြောပါတယ်။ အကြမ်းဖက် အင်အားသုံး ဖြေရှင်းတာက နောက်ဆုံးမှ ရွေးချယ်ရတဲ့ နည်းလမ်းဖြစ်တယ် အခြေအနေ ပိုဆိုးမသွားအောင် ထိန်းသိမ်းပြီး ဖြေရှင်းတဲ့ နည်းတွေကို သင်တန်းတွေပေးဖို့ လိုတယ်လို့ ABC ရုပ်သံကို ပြောပါ တယ်။

George Floyd သေဆုံးခဲ့တဲ့အတွက် မငြိမ်မသက်ဖြစ်ပြီး ဆန္ဒပြပွဲတွေ ပေါ်နေတဲ့အချိန် ဇွန်လ ဒုတိယပတ်အတွင်း Georgia ပြည်နယ် Atlanta မြို့က အသင့်စားလို့ရတဲ့ စားသောက်ဆိုင် တခုမှာ အသက် ၂၇ နှစ်အရွယ် Rayshard Brooks ဆိုတဲ့ လူမည်းတစ်ယောက်ကို ရဲအရာရှိက ပစ်ဖမ်းရင်း သေဆုံးသွားခဲ့တာကြောင့် ဆန္ဒပြပွဲတွေ ထပ်တိုးပေါ် ပေါက်ခဲ့ပါတယ်။ အထက် လွှတ်တော် ရီပတ်ဗလစ်ကန် လူများစုခေါင်းဆောင် Mitch McConell ကိုယ်တိုင်က ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စကို အလေးထား မကိုင်တွယ်လို့ မရဘူးဆိုပြီး ရီပတ်ကန်တွေရဲ့ အဆိုပြု ချက် ဥပဒေမူကြမ်း တင်သွင်းတဲ့နေ့က ပြောဆိုပါတယ်။ ရီပတ်ဗလစ်ကန်တွေရဲ့ အဆိုပြုချက် ဥပဒေမူကြမ်းက ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ လုပ်ရပ်အတွက် တာဝန်ခံမှုရှိစေမယ့် ပြုပြင် ပြောင်းလဲမှုတချို့လုပ်သွားဖို့ အဓိကထည့်သွင်းထားပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေကတော့ ရဲတပ်ဖွဲ့ ဝင်တွေရဲ့ကြမ်းတမ်းတဲ့ ချိုးဖောက်ကိုင်တွယ်မှုတွေကို လုံးဝရပ်ပစ်ဖို့အထိ ပိုပြင်းထန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အဆိုပြုထားပါတယ်။

အထက်နဲ့ အောက်လွှတ်တော်အမတ်တွေကြား ကွဲလွဲမှုတွေကို ညှိနှိုင်းနေကြတယ်ဆိုပေမဲ့ လာမယ့်နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် ၅လအတွင်းမှာ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဥပဒေတစ်ရပ် ချမှတ်နိုင်မလား ဆိုတာကတော့ မသေချာပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံး ပေါ်လာတဲ့ လမ်းမပေါ်က လူမျိုးရေးခွဲခြားမှု အဆုံးသတ် ရေးနဲ့၊ တရားမျှတမှုအတွက် တောင်းဆိုပွဲတွေကြားမှာ ရဲတပ်ဖွဲ့ရဲ့ အနာဂတ် ဘယ်လိုရှိလာမယ် ဆိုတာကို နိုင်ငံတကာက အာရုံစိုက်နေကြတာပါ။ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ ရွေးကောက်ပွဲ မတိုင်ခင် အားကောင်းမောင်းသန် ဆွေးနွေးမယ့် အကြောင်းအရာတစ်ခုဖြစ်ပြီး တကယ်တမ်း ဥပဒေတရပ်အဖြစ် အတည်ပြုဖို့ မအောင်မြင်တော့ဘဲ ရွေးကောက်ပွဲအပြီး၊ ဆန္ဒပြပွဲတွေ အရှိန်လျော့သွားချိန်မှာ ဆွေးနွေးဖူးတဲ့ စကားအဖြစ်သာ ကျန်ခဲ့မှာကိုလည်း  ဆန္ဒပြသူတချို့ စိုးရိမ်နေပါတယ်။

 

ကိုထိုက်။