အရပ်ဘက်နိုင်ငံရေးနယ်ပယ်ကျဉ်းမြောင်းလာပြီလား

နိုင်ငံတစ်ခုမှာ ဒီမိုကရေစီဖွံ့ဖြိုးဖို့နဲ့ လူမှုစီးပွားရေး အခြေအနေတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြောင်းလဲမှု တွေ ပြုလုပ်ဖို့၊ တာဝန်ယူတာဝန်ခံတဲ့ စီမံအုပ်ချုပ်မှုတွေ ဖြစ်လာဖို့ဆိုရင် နိုင်ငံသားတွေရဲ့ ပူးပေါင်းပါဝင်မှုက အရမ်းအရေးကြီးပါတယ်။

နိုင်ငံသားတွေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်မှုမရှိဘူးဆိုရင် အစိုးရဝန်ထမ်းတွေ အနေနဲ့လည်း လူထုလိုအပ်ချက်တွေကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်ပေးဖို့အတွက် နှောင့်နှေးနေမှာဖြစ်ပြီး ဒီမိုကရေစီအခွင့်အရေးတွေ လွတ်လပ်မှုကိုလည်း ပြည်သူလူထုအနေနဲ့ လက်တွေ့ခံစားရဖို့ သိပ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နိုင်ငံသားတွေအနေနဲ့ တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ဖို့အတွက် အားလုံးပါဝင်နိုင်တဲ့လွတ်လပ် ပြီး အားလုံးအလွယ်တကူ ပါဝင်ဆောင်ရွက်နိုင်တဲ့အရပ် ဘက်နိုင်ငံရေးနယ်ပယ် (civic & political space) တစ်ခုတော့လိုပါတယ်။

အရပ်ဘက်နယ်ပယ်ဆိုတာ ပွင့်လင်းလွတ်လပ်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်း တိုင်းအတွက် မရှိမဖြစ်အရာ တစ်ခုပါ။ အရပ်ဘက်နယ်ပယ် ပွင့်လင်းလွတ်လပ်နေရင် အဲဒါကိုသုံးပြီး  အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံ သားတွေဟာ  ဘာအတားအဆီး အနှောင့်အယှက်မှမရှိဘဲ  စုစည်းနိုင်မယ်၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မယ်၊ အချင်းချင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြမယ်။ အဲလိုလွတ်လွတ်လပ်လပ် စုစည်းပြီးသူတို့ တစ်တွေရဲ့ဝန်းကျင် က လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတွေကို သူတို့အခွင့်အရေးအတွက် တောင်းဆိုနိုင်မယ်၊ လွှမ်းမိုးလာ နိုင်မယ်။ ဒီမိုကရေစီစနစ်ရဲ့ အကျိုးကို ပြည်သူလူထုတွေ တိုက်ရိုက်ထိတွေ့ခံစားလို့ရလာမယ်။ အဲလိုဖြစ်ဖို့အ တွက်ဆိုရင် အစိုးရကိုယ်တိုင်လည်း နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့နဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့် အရေးတွေဖြစ်တဲ့ အသင်းအပင်းဖွဲ့စည်းဆောင်ရွက်ခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ သဘောထားအမြင်တွေကိုလွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကိုလေးစား လိုက်နာဖို့တော့ အထူးလိုအပ်ပါတယ်။

အရပ်ဘက် နိုင်ငံရေးနယ်ပယ်ဆိုတာ  ပါတီတစ်ခု၊ ပညာရှင်တစ်စုတစ်ဖွဲ့၊ တစ်ဦးတစ်ယောက်ရဲ့ ထိန်းချုပ် ရာ လွှမ်းမိုးရာချုပ် ကိုင်ရာပြောဆိုရာ နယ်ပယ်မဟုတ်၊ အားလုံးနှင့်သက်ဆိုင်သည့် နယ်ပယ်တစ်ခု ဖြစ်ပါတယ်။  လူတိုင်းဟာ ယုံကြည်ခွင့်၊ ထုတ်ဖော်ခွင့်၊ ကျင့်သုံးခွင့် သဘာဝအားဖြင့် အခွင့်အရေးအညီအမျှ ကိုယ်စီရှိပါ တယ်။  ထိုသူသည် ပညာတတ်သည့်အတွက် ပိုမိုပြောခွင့်ရှိပြီး ထိုသူသည် ပညာမတတ်သည့်အတွက် ပညာ တတ်သူလောက် ပြောခွင့်မရှိဟု မည်သူမျှပိတ်ပင်ခွင့်မရှိ။ ပိတ်ပင်လို့လည်းမရ၊ ပိတ်ပင်သူသည် နိုင်ငံရေးအာ ပတ်သင့်တတ်ပါတယ်။ အရပ်ဘက် နိုင်ငံရေးနယ်ပယ်ဟာ သဘောသဘာဝ ပုံစံစနစ်တိုင်းမှာ ခေါင်းဆောင်ရော၊ နောက်လိုက်ရော၊ ပညာတတ်ရော၊ လက်လုပ်လက်စားရော၊ လယ်သမားရော၊ မည်သူမဆို အကျုံးဝင်လေ ကောင်းလေဖြစ်ပါတယ်။ ဆရာမောင်စူးစမ်းစကားဖြင့် ပြောရမည်ဆိုလျှင် ယဉ်ကျေးမှု ပထဝီဆိုသည် အလျား လိုက်ရော လူတန်းစားဆိုသည့် ဒေါင်လိုက်ရောအကျုံးဝင်နေဖို့လိုပါတယ်။ ဒါကြောင့် အရပ်ဘက်နိုင်ငံရေး နယ် ပယ်မှာ တောနေအုံကြားသာမက မြို့ပေါ်နေ အီလစ်များအထိပါဝင်ခွင့်၊ ယုံကြည်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်ရှိပါ တယ်။

အရပ်ဘက်နယ်ပယ်လို့ ပြောတဲ့အခါမှာ အဲဒီနယ်ပယ်ဟာ သူ့ဟာသူအလိုလိုပေါ်လာမယ်လို့ ထင်မြင်ယူဆ တာ၊ တစ်ချိန်က ဒီမိုကရေစီအရေး ကြွေးကြော်ခဲ့သူတွေက အစိုးရဖြစ်လာတဲ့အခါမှာ ဖန်တီးတည်ဆောက်ပေး မယ်လို့ ထင်ယောင်ထင်မှား ယူဆထားကြသူတွေ ဒုနဲ့ဒေးပါ။  အဲဒီယူဆချက်ဟာ တစ်ခါတစ်ရံမှာ ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့အရပ်ဘက်နယ်ပယ်ဆိုတာ သူများပေးမှရတယ်ဆိုတာထက် အဲဒီနယ်ပယ်မှာ ဦးဆောင်နေကြသူ တွေ၊ နိုင်ငံသားတွေ ကိုယ်တိုင်ဖန်တီးယူ၊ တည်ဆောက်ယူမှရတတ်တဲ့အရာမျိုးပါ။ ဥပမာအနေနဲ့ အရပ်ဘက်အ ဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် နိုင်ငံသားတွေဟာ အစိုးရကိုတွေ့ဆုံပြီး ဖြစ်စေ၊ အစိုးရရဲ့ နိုင်ငံရေးဆောင်ရွက်ချက် တွေကို လေ့လာစောင့်ကြည့်ခြင်းအားဖြင့်ဖြစ်စေ စတင်လုပ်ဆောင်ပြီး မိမိတို့ရဲ့နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး တွေကိုတောင်းဆိုတင်ပြပြီး အရပ်ဖက်နယ်ပယ်ကို ဖန်တီးတည်ဆောက်လို့ရပါတယ်။ တစ်ခါ တစ်ရံမှာတော့ အစိုးရတွေကိုယ်တိုင် နိုင်ငံသားတွေကို သူတို့ရဲ့ ဆုံးဖြတ်ချက်ချမှတ် တဲ့ ဖြစ်စဉ်တွေမှာ ဖိတ်ခေါ်ပြီး လုပ်ဆောင် တာမျိုးတွေရှိတတ်ပါတယ်။ အဲလိုအခွင့်အလမ်းမျိုးရှိလာပြီဆိုရင် နိုင်ငံသားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဟာ နိုင်ငံရေးဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်ခွင့်ရလာပြီး အဲဒီအခွင့်အရေးကို ထိထိရောက် ရောက်အ သုံးချဖို့ လိုအပ်ပါတယ်။ အဲဒါမျိုး ကို ထိုင်စောင့်နေလို့တော့မရပါဘူး။

အရပ်ဘက်နယ်ပယ်အကြောင်း ပြောတဲ့အခါမှာ လူမှုကွန်ရက်နယ်ပယ်ကိုလည်း ချန်လှပ်ထားလို့ မရပါဘူး။ ယခုအချိန်မှာ လူမှုကွန်ရက်ဟာလည်း နိုင်ငံရေးဖြစ် စဉ်တွေ၊ လုပ်ဆောင်ချက်တွေအပေါ် လွှမ်း မိုးမှုတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံသားတွေအနေနဲ့ လွတ်လပ်စွာစုဝေးခွင်၊ စီတန်းလှည့်လည်ခွင့်တွေ လုပ်ဆောင် ဖို့တားဆီးမှုတွေ၊ ကန့်သတ်ပိတ်ပင်မှုတွေ ရှိနေတဲ့အခါမျိုးမှာ လူမှုကွန်ရက်ဟာ နိုင်ငံသားတွေရဲ့ သဘောထား အမြင်တွေ၊ အသံတွေကို အထူးသဖြင့် အုပ်ချုပ်သူ အစိုးရတွေရဲ့ လူထုအတွင်းမှာ လုပ်ဆောင်ချက် တွေရဲ့ ကောင်းကွက်ဆိုးကွက်တွေကို ထုတ်ဖော်ပြောဆိုလို့ရတဲ့ နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့လည်း အဲလို ဝေဖန်ထောက်ပြပြောဆိုတဲ့အခါမှာ တက်ကြွလှုပ်ရှားသူတွေအတွက်ကတော့ အစိုးရတွေရဲ့  စောင့်ကြည့်မှုတွေ၊ နည်းအမျိုးမျိုးနဲ့ ထိပါး နှောင့်ယှက်မှုတွေနဲ့ တွေ့ကြုံရနိုင်ပါတယ်။

ယနေ့ကမ္ဘာမှာ ဒီမိုကရေစီအတွက် အလွန်အရေးပါတဲ့ အရပ်ဘက်နယ်ပယ်ကိုထိန်းချုပ်ဖို့၊ ကျဉ်းမြောင်း အောင်လုပ်ဆောင်ဖို့အတွက် အစိုးရအသီးသီးဟာ ကြိုးစားလာနေကြပါတယ်။ အစိုးရရဲ့ ထိန်းချုပ်မှုတွေ၊ လွှမ်း မိုးချုပ်ကိုင်မှုတွေကို တွန်းလှန်နေရတဲ့ နိုင်ငံတွေသာမက ဒီမိုကရေစီ အစဉ်အလာရှိခဲ့တဲ့ နိုင်ငံကြီးတွေမှာရှိတဲ့ အစိုးရတွေပါ အရပ်ဘက်နယ်ပယ်ကို ကျဉ်းသထက် ကျဉ်းအောင် လုပ်ဆောင်နေကြပါတယ်။ ( Source: Open Society Foundation, 2015 “ Why the Space for Civic Engagement is Shrinking ) အစိုးရတွေ ဟာ လည်း တစ်နေ့တခြား  နိုင်ငံသားတွေရဲ့ တောင်းဆိုတင်ပြထားတဲ့ အချက်တွေကို တုံ့ပြန်ဆောင်ရွက်လိုမှုထက် နိုင်ငံသားတွေအနေနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ တက်ကြွစွာပါဝင်လိုမှုတွေ၊ ပါဝင်နိုင်မှုတွေကို ကန့်သတ်ဖို့အတွက် ကြိုးစားလာကြပါတယ်။ အရပ်ဘက်နိုင်ငံရေး နယ်ပယ်မှာထိန်းချုပ်တဲ့အခါမှာ အစိုးရတွေအနေနဲ့ ဥပဒေ ပြဋ္ဌာန်း မှုတွေ၊ အင်စတီကျူးရှင်းဆိုင်ရာ ပုံစံတွေနဲ့တားဆီးဖို့ မကြာခဏလုပ်ဆောင်နေ ကြပါတယ်။

အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးဝေဖန်မှုတွေ၊ ပြုပြင်ပြောင်းလဲဖို့ ပြောဆိုနေမှုတွေကို လျော့ ပါးစေဖို့အတွက် အစိုးရတွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအခြေစိုက် အရပ်ဘက်အဖွဲ့ အစည်း တွေရဲ့လုပ်ဆောင်မှုတွေကိုထိန်းချုပ်လာပါတယ်။ အဲလိုလုပ်ဖို့အတွက် အစိုးရတွေဟာ အခြေခံအခွင့်အရေးတွေ ဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊ ဖွဲ့စည်းဆောင်ရွက်ခွင့်စတဲ့အခွင့် အရေးတွေကို ကန့်သတ် ဖို့အတွက် ဥပဒေကန့်လန့်ကာကို အသုံးပြုလာကြပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်နေမှုတွေ၊ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်ကွပ်ကဲဖို့အ တွက် နိုင်ငံတော်တော်များများမှာ အဲဒီအဖွဲ့အစည်းတွေကို မှတ်ပုံတင်ဖို့အတွက် အစိုးရကနေတိုက် တွန်းလုပ် ဆောင်ထားပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတစ်ခုဟာ မှတ်ပုံတင်မထားဘူးဆိုရင် အစိုးရအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုတင်ပြတဲ့အခါမှာဖြစ်စေ၊ ရန်ပုံငွေအထောက်အပံ့ကို ရယူရာမှာဖြစ်စေ အကန့်အသတ်နဲ့ သာ လုပ်ဆောင်နိုင်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အနေနဲ့လည်း သက်ဆိုင်ရာနိုင်ငံအလိုက် မှတ်ပုံ တင်ကြရပြီး လုပ်ငန်းဆောင်ရွက်မှု တွေကိုလည်း အစိုးရကနေ ကန့်သတ်ထား မှုတွေ လုပ်ဆောင်ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရတက်လာပြီးနောက်ပိုင်းမှာ အ ရပ်ဘက်နိုင်ငံရေးနယ်ပယ်ဟာ ပိုပြီးလွတ်လပ်ပွင့်လင်းလာမယ်၊ ပိုပြီးကျယ်ပြန့်လာမယ်လို့ အားလုံးက မျှော်လင့် တောင်းတခဲ့ကြပါတယ်။ အဲဒါဟာ ထင်ယောင်ထင်မှားဖြစ်မှု တစ်ခုသာဖြစ် နေပါသေးတယ်။ NLD အစိုးရဟာ လည်း အစိုးရဖြစ်လာပြီးနောက် ယခင်ကပြောဖူးတဲ့ နိုင်ငံရေးကတိတွေကို လျစ်လျူရှုပြီး ယခင်အစိုးရလိုပဲ ပြုမူ လာတာလုပ်ဆောင်လာတွေကို တွေ့ရှိလာပါ တယ်။ အစိုးရတာဝန်ယူပြီး လပိုင်းအတွင်းမှာပဲ စစ်ကိုင်းတိုင်းက အထက်သားစက်ရုံအလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေးအတွက် တင်ပြတောင်းဆိုမှုတွေကို ဖိနှိပ်ခဲ့ တာတွေ၊ မန္တလေးတိုင်းအတွင်းက မြေသိမ်းခံလယ်သမားတွေရဲ့ မြေယာအခွင့်အရေးအတွက် တောင်းဆိုတင်ပြ တဲ့သပိတ်စခန်းကို ညသန်းခေါင်အချိန်မှာ အတင်းအကျပ်ဖြိုခွဲမှုတွေဟာ နိုင်ငံသားတွေရဲ့ အရပ်ဘက်နယ်ပယ် ကို အသုံးပြုနေခြင်း၊ နိုင်ငံသားအခွင့်အရေးတွေကို  အသိအမှတ်ပြုဖို့ တန်ဖိုးထားဖို့ အားနည်းခဲ့တယ်ဆိုတာ သက်သေပါပဲ။

နောက်ပြီး နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေးဖြစ်တဲ့ ငြိမ်းချမ်းစွာစုဝေးမှု အခြေအနေနှင့် ပတ်သတ်ပြီး ၂ဝ၁၆ ခုနှစ် ငြိမ်းစုစီ ဥပဒေပြင်ဆင်ချက်မှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်လိုပါက ခွင့်ပြုချက် ရယူ စရာမလိုဘဲ ကြိုတင်အသိပေးအကြောင်းကြားရန်သာ လိုအပ်တော့ကြောင်းဖော်ပြထားပေမဲ့လည်း လက်တွေ့အခြေအနေမှာ ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိဘဲ လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေဆဲပင်ဖြစ်ပါ တယ်။ ထို့အပြင်       ၎င်းဥပဒေအား ဆက်လက်ပြင်ဆင်ရန်အဆိုပြုထားပြီး ၎င်းအဆိုပြုချက်ကို အမျိုးသားလွှတ် တော်မှ အတည်ပြုထားကာ ပြည်သူ့လွှတ်တော်မှ မဲခွဲဆုံးဖြတ်မှုအား စောင့်စားနေပါသည်။ ၎င်းပြင်ဆင်ချက်တွင် ငြိမ်းချမ်းစွာစုဝေးမှုများကိုစီစဉ်သူများအတွက် ပိုမိုကန့်သတ်သည့်အချက်များ ပါဝင်နေပြီး ၎င်းစုဝေးမှုများအ တွက်ရံပုံငွေထောက်ပံ့သူများနှင့် ပတ်သတ်သော သတင်းအချက်အလက်များလည်းတောင်း ဆိုတင်ပြခိုင်းထား ပါသည်။ ဆက်လက်ပြီး ၂ဝ၁၈ ခုနှစ်ဧပြီလ ၃ဝ ရက်နေ့နဲ့ မေလ ၁၂ ရက်နေ့တွေမှာ ပြုလုပ်ခဲ့တဲ့ ပြည်တွင်း စစ်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူတွေကို တရားစွဲဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း Progressive Voice (ရှေ့ပြေးအသံ)အဖွဲ့က သူ့ရဲ့“ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်နှင့် မြန်မာနိုင်ငံလူငယ်များ၏ ငြိမ်းချမ်းရေး လှုပ်ရှားမှု” အစီရင်ခံစာမှာ NLD ဦးဆောင်သော အစိုး ရလက်ထက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်စသည့်အခြေခံအခွင့်အရေးများကို ဥပဒေအရ ပိုမိုကန့် သတ်လာ ကြောင်းဖော်ပြထားပါတယ်။

ဒါအပြင် မန္တလေးတိုင်းဒေသကြီး အစိုးရဟာ မန္တလေးတိုင်းအတွင်းအထူးသဖြင့် မန္တလေးမြို့ပေါ်တွင် အရပ် ဘက်လူမှုအဖွဲ့အစည်းများမှ စီစဉ်ကျင်းပပြုလုပ်သည့်အစည်းအဝေးများ၊ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကိုလည်း ငြိမ်းစုစီဥပဒေနှင့် အကြုံးဝင်သည်ဟုယူဆပြီး (၄င်း ဥပဒေကို အလွဲသုံးစားပြုလုပ်ပြီး) ထိန်းချုပ်မှုများ ပြုလုပ်လျက်ရှိနေပါတယ်။  ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းထားတဲ့  အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေအရ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မှတ်ပုံတင်မထား သည်ဖြစ်စေ မိမိတို့၏ လူထုအကျိုးပြု လုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်းကို တိကျစွာဖော်ပြထားပြီး ဖြစ်ပါ တယ်။ ဒါပေမဲ့လည်း မန္တလေးတိုင်း အစိုးရအနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံပါ နိုင်ငံသားအခွင့်အရေးများ၊ ဥပဒေအရ ပေးအပ်ထားသည့် လွတ်လပ်စွာ ဖွဲ့စည်း ဆောင်ရွက်ခွင့် အခွင့်အရေးများကို လျစ်လျူရှုထားပြီး နိုင်ငံသားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ထိန်းချုပ်နေခြင်း၊ ထိုသို့လုပ်ဆောင်နေခြင်းကို သက်ဆိုင် ရာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ အစည်းများမှ ဝေဖန်ထောက်ပြပြောဆိုမှု ရှိမနေခြင်းများဟာ အရပ်ဘက်နိုင်ငံရေး နယ်ပယ် ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာသည့် သဘောပင်ဖြစ်ပါတယ်။  ယနေ့အချိန်အထိတော့ မန္တ လေးတိုင်းဒေသကြီးမှာတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူထု စွမ်းဆောင်ရည်မြှင့်တင်ရေးသင် တန်းကအစ ဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေကျင်းပလိုလျှင် အခြားတိုင်းနဲ့ ပြည်နယ် အစိုးရများနဲ့ ခြားနားစွာ အစိုးရရဲ့ ခွင့်ပြု ချက် ကိုတောင်းခံနေရမြဲပင်ဖြစ်ပါတယ်။

နောက်ပြီး လူမှုကွန်ရက်ကို အသုံးပြုပြီး နိုင်ငံသားတွေရဲ့ လူမှုကွန်ယက်မှာ ထုတ်ဖော်ပြောဆိုမှုတွေကို ထိန်းချုပ်ထားတဲ့၊ ခြိမ်းခြောက်နေတဲ့ ဥပဒေတွေဟာလည်းရှိနေဆဲပါ။ အဲဒီ ဥပဒေတွေကို ပြင်ဆင်ဖို့၊ ဖျက်သိမ်းဖို့ ကြိုးစားချက်တွေဟာလည်း မအောင်မြင်ခဲ့ပါဘူး။  ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲ အရေးယူခံ ထားရသူတွေဟာ ၂ဝ၁၇ ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ ဆိုရင် ၆၁ မှုအထိရှိနေပါတယ်။ ယခုအချိန်ဆို ပိုများ လာနိုင်ပါတယ်။  နှိုင်းယှဉ်ချက်အရ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက အဲဒီပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အမှု ခုနစ်မှုအထိသာရှိပြီး ထောင်ဒဏ် ချမှတ်ခံရမှု ငါးမှု၊ အမြင့် ဆုံးပြစ်ဒဏ် ခြောက်လအထိသာ ချမှတ်ခဲ့ပေမဲ့ NLD အစိုးရလက်ထက်မှာတော့ အမြင့်ဆုံးထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်ထားတာကိုတွေ့ရှိရပါတယ်၊ တရားစွဲခံထား ရတဲ့ အမှုတွေထဲမှာ သတင်းမီဒီယာတွေ အပေါ် အရေးယူထားတဲ့အမှုက ကိုးမှုအထိ ရှိခဲ့ပါတယ်။  (ကိုးကား – Myanmar Quarterly, အတွဲ (၁)၊ အမှတ်(၃)၊ ၂ဝ၁၇)

အထက်မှာ ဖော်ပြထားတဲ့ ဖြစ်ရပ်တွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့လုပ်ဆောင်မှုတွေကို အဓိက ရန်ပုံငွေထောက်ပံ့ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အလှူရှင်တွေကိုလည်း မူဝါဒမူ ဘောင်တွေနဲ့အ တူ ထိန်းချုပ်ဖို့လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားလာတာကိုလည်းတွေ့ရပါတယ်။ NLD ဦးဆောင်တဲ့အစိုးရ လက်ထက် မှာ Development Aid Coordi-nation Unit လို့ခေါ်တဲ့ ဖွံ့ဖြိုးရေး အကူအ ညီညှိနှိုင်းဆောင်ရွက်မှု အဖွဲ့တွေကို တိုင်းနဲ့ပြည်နယ်အလိုက်ဖွဲ့စည်းပြီး အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့်ကွပ်ကဲမှု တွေ လုပ်ဆောင်လာပါတယ်။ ဒါ့အပြင် Development Aid Policy ကို ပြဋ္ဌာန်းပြီး နိုင်ငံတကာကနေ မြန်မာ ပြည်ကို အကူအညီပေးမယ်ဆိုရင် အဲဒီဖွံ့ဖြိုးရေးအကူအညီမူဝါဒနဲ့ အညီကူညီပေးဖို့ ထုတ်ဖော်ပြောဆိုထားပြန်ပါ တယ်။ အဲဒီဖွံ့ဖြိုးရေး အကူအညီမူဝါဒအရ ဆိုရင် ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကဏ္ဍတွေမှာကို ထည့်သွင်းဖော်ပြထားခြင်းမရှိဘဲ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံဝန်ဆောင်မှုလုပ်ငန်းတွေကို သာဖော်ပြ ထားပါတယ်။ ဒီအချက်ဟာလည်း အရပ်ဘက်အဖွဲ့အစည်းတွေ ဦး ဆောင်တဲ့ အရပ်ဘက် နိုင်ငံရေးနယ်ပယ်ကို အခြားနည်းလမ်းတစ်ခုနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေပြီလားဆိုတဲ့ မေးခွန်းကို မေးရမလို ဖြစ်နေပါတယ်။

အခုလို တဖြည်းဖြည်းကျဉ်းမြောင်းလာတဲ့ အရပ်ဘက်နယ်ပယ်ကို ချဲ့ဖို့အတွက်က ဒီမိုကရေစီကိုလိုလားတဲ့ သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေမှာ အဓိကတာဝန်ရှိပါတယ်။ အဲဒီသူတွေဟာ ငြိမ်ခံနေ မယ်ဆိုရင်ကတော့အရပ် ဘက်နယ်ပယ်ဟာကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာဖို့ပဲရှိပါတော့တယ်။ ဒါ ကြောင့် သူတို့တစ်တွေဟာ အရပ်ဖက်နယ်ပယ် ကျဉ်းမြောင်းလာတဲ့ကိစ္စကို အလေးထားဖို့ လိုလာပါတယ်။  ပထမဦးဆုံးအနေနဲ့ လက်ရှိအရပ်ဘက်နယ်ပယ်အကျယ်အဝန်းကို လေ့လာဆန်းစစ်ဖို့ စတင်လုပ်ဆောင်ရပါ မယ်။ လက်ရှိ အရပ်ဘက်နယ်ပယ်ဟာ ဘယ်လောက်အထိ ပွင့်လင်းလွတ်လပ်နေလဲ၊ ဘယ်သူတွေအနေနဲ့ ပါ ဝင်ဆောင်ရွက်လို့ ရနေပြီး ဘယ်သူတွေ ကတော့ ဘေးဖယ်ထုတ်ခံထားရသလဲ၊ ပြီးတော့ အစိုးရတွေအနေနဲ့ ဘယ်လို အဟန့်အတားတွေ လုပ်ဆောင်နေသလဲဆို တာကိုသေချာ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ အဲ လိုလုပ်ဆောင်တဲ့အခါမှာ လက်ရှိ အစိုးရရဲ့ ငြိမ်းစုစီဆိုင်ရာ ဥပဒေတွေ၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေ တွေနဲ့ ရန်ပုံငွေ ရယူသုံးစွဲနိုင်မှု အခြေအ နေတွေကို သုတေသနပြုလုပ်ဖို့ လိုပါတယ်။ အရပ်ဘက်အဖွဲ့အစည်းလို့ ပြောရင်လည်း အဲဒီအဖွဲ့အစည်းတွေဟာ ဘယ်လောက် အထိ လွတ်လပ်နေသလဲ (အစိုးရရဲ့လွမ်း မိုးမှုရဲ့ ကနေ ကင်းလွတ်နေသလဲ) လူထုကနေ ဘယ်လောက်ယုံကြည်မှုရှိနေသလဲ၊ နိုင်ငံရေးရာကိစ္စတွေမှာ ဘယ်လောက်အ ထိ ပါဝင်နေသလဲဆိုတာတွေကိုလည်း ပြန် လည်ဆန်းစစ်ဖို့လိုပါတယ်။

အဲလို လေ့လာပြီးရင်ကတော့ အရပ် ဘက်နယ်ပယ်ကို ချဲ့ထွင်ဖို့အတွက် ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းကို ရွေးချယ် သတ်မှတ်ကြဖို့လိုပါတယ်။ ဝင်ရောက်နိုင်တဲ့လမ်းကြောင်းတွေ၊ နည်းလမ်းတွေဟာ အမျိုးမျိုးရှိနိုင်ပေမဲ့ ရွေးကောက်ပွဲ ဆိုင်ရာကိစ္စတွေ၊ ဥပဒေပြုရေး/ပြင်ဆင်ရေးဆိုင်ရာကိစ္စတွေ၊ ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲ ရေးဆိုင်ရာ ကိစ္စတွေ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုင်ရာကိစ္စတွေနဲ့ ပြည်သူ့ရေးရာ ဝန် ဆောင်မှုဆိုင်ရာ ကိစ္စတွေမှာ အားကောင်းအောင်ချဲ့ထွင်ပြီး ဆောင်ရွက်ကြဖို့လိုပါတယ်။ ဥပမာအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေမှာ ဆိုရင် မဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းတွေမှာ လူထုပါ ဝင်လာအောင် လုပ်ဆောင်ပြီး အရပ်ဘက်နယ်ပယ်ကို ချဲ့ထွင်လို့ရပါတယ်။ ဒါတွေအပြင် ဥပဒေပြင်ဆင်ရေးဆိုင် ရာကိစ္စတွေ၊ ရသုံးမှန်းခြေငွေစာရင်း ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ကိစ္စတွေမှာ နိုင်ငံသားတွေ/အရပ်ဖက် အဖွဲ့အ စည်းတွေ ဦးဆောင်တဲ့စည်း ရုံးတိုက်တွန်းနှိုးဆော်ခြင်း (advocacy) လုပ်ငန်းတွေ၊ လေ့လာစောင့်ကြည့်မှု လုပ် ငန်းတွေမှာ ပါဝင်ဆောင်ရွက်လို့ရပါတယ်။

ဒီမိုကရေစီ ခိုင်မာအားကောင်းဖို့၊ အသက်ဝင်လာဖို့အတွက် နိုင်ငံသားတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့ အစည်းတွေကြားကူးလူးဆက်ဆံမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေဟာ ဆုံးဖြတ်ချက်ချမှတ်တဲ့ ဖြစ်စဉ် တွေမှာ ပြည်သူလူထုအသံကို ထည့်သွင်းစဉ်းစားမှုကို ပိုမိုအားကောင်းတဲ့ အခွင့်အလမ်းကိုဖန်တီး ပေးဖို့လိုပါ တယ်။ နိုင်ငံသားတွေအနေနဲ့ မူဝါဒချမှတ်သူ အစိုးရအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်တဲ့ လမ်းကြောင်းတွေ မရှိတော့ဘူးဆိုရင်၊ ဒါမှမဟုတ် ပြည်သူလူထုရဲ့ သဘောထားအမြင်ကို မူဝါဒချမှတ်တဲ့သူတွေက ထည့်သွင်းစဉ်း စားတဲ့အထောက်အထားတွေ မရှိဘူးဆိုရင် ပြည်သူလူထုနေနဲ့ နိုင်ငံရေးဖြစ်စဉ်တွေအပေါ် အယုံအကြည်ကင်းမဲ့ လာနိုင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံရေး ဖြစ်စဉ်တွေကို ပြည်သူလူထုအနေနဲ့ ယုံကြည်မှုကင်းမဲ့ လာပြီဆိုရင်ဖြင့် ဒီမိုကရေစီ နိုင်ငံရေးစနစ်ဟာ အချိန်မရွေးပျက်စီးသွားနိုင်ပါတယ်။

ပြည်သူလူထုရဲ့ အရပ်ဘက်နယ်ပယ် ကိုချဲ့ထွင်ဖို့အတွက်ဆိုရင် နိုင်ငံအဆင့်အကြောင်းအရာတွေကို ဦးစား ပေးလုပ်ဆောင်တာထက် ဒေသန္တရအတွင်းမှာရှိတဲ့ ပညာရေး၊ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစတဲ့  ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုမိုကောင်းမွန်လာအောင်၊ လုပ်ဆောင်တာတွေ၊ လေ့လာစောင့်ကြည့်တာ တွေကိုအရပ်ဘက် အဖွဲ့အစည်းတွေကဦးဆောင်ပြီး စနစ်တကျလုပ်ဆောင်ပါက ပိုမိုထိရောက် ကြောင်းကို လည်းတွေ့ရှိရပါတယ်။ သာမန်ပြည်သူလူထုအနေနဲ့၎င်းင်းတို့ရဲ့နိစ္စဓူဝကိစ္စတွေနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ ကိစ္စ တွေကနေစတင်ပြီး လုပ်ဆောင်ခြင်းကိုသာ ပိုစိတ်ဝင်စားလေ့ရှိကြပါတယ်။ ပြည်သူလူထု အဓိကစိတ်ပါဝင်စား တဲ့အကြောင်းအရာကနေ စတင်ဖို့တော့လိုအပ်ပါတယ်။ လူထုရဲ့ စိတ်ပါဝင်စားမှု၊ ပူးပေါင်းပါဝင်မှုနဲ့ လူထုအားကို ယူပီး နိုင်ငံအတွင်းမှာ အရပ်ဘက်နယ်ပယ်ကို ချဲ့ထွင်ဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေက ဦးဆောင်တာ ဝန်ယူဖို့ လိုအပ်ပါတယ်။

အရပ်ဘက်နယ်ပယ်ကို လုံးဝပိတ်ဆို့ထားတဲ့ အခြေအနေတွေမှာ လူထုကြား၊ အရပ်ဘက်အဖွဲ့အစည်းတွေ ကြား ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အခက်အခဲတွေရှိနိုင်ပေမဲ့ လက်ရှိအခြေအနေ ဟာ အရပ်ဘက်နယ်ပယ်ကို လုံးဝပိတ်ဆို့မထားတဲ့အတွက် အဲဒီအခွင့်အလမ်းကို အရပ်ဘက်အဖွဲ့အစည်း တွေအနေနဲ့ သေချာစနစ်တကျအသုံးချဖို့လိုအပ်ပါတယ်။ အဲလို ချိတ်ဆက်ဆောင်ရွက်မှုတွေ၊ ပူးပေါင်းဆောင် ရွက်မှုတွေဟာ၊ တိုင်းပြည်အတွင်းအဓိက ပြုပြင်ပြောင်းလဲဖို့ လိုတဲ့အချက်တွေကို အတူတကွ အရေးဆိုမှုတွေ လုပ်ဆောင်ခြင်းအားဖြင့်လည်း အရပ်ဘက်နယ်ပယ်ကို ခိုင်မာအားကောင်း စေပြန်ပါတယ်။

ပြည်သူလူထုအနေနဲ့ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို တိတိကျကျနဲ့အချိန်မီသိရှိပြီး သေချာနားလည်သ ဘောပေါက်ဖို့လည်း လိုအပ်ပါတယ်။ အဲဒီလို ပြည်သူလူထုကို ခိုင်မာတဲ့ သတင်းအချက်အလက်တွေကို ထိထိ ရောက်ရောက် မြန်မြန်ဆန်ဆန်ပေးနိုင်ဖို့အတွက် လွတ်လပ်ပြီး လူထုအကျိုးစီးပွားကိုသာမျက်နှာမူတဲ့ မီဒီယာ တွေရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးကြီးပါတယ်။ သတင်းမီဒီယာတွေဟာ နိုင်ငံရေးဖြစ်စဉ်တွေ၊ အစိုးရ ရဲ့ဆောင်ရွက်ချက်တွေနဲ့ ပါတ်သတ်တဲ့ သတင်းအချက်အလက်တွေကိုစုစည်းတာ၊ ခွဲခြမ်းစိတ်ဖြာတာတွေ ဖြန့် ဝေပေးတာတွေကို လုပ်ဆောင်ပြီး ပြည် သူလူထုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မှုတွေ၊ အရပ်ဖက်နယ်ပယ်တွေကို ချဲ့ထွင်ဖို့အတွက် ဆောင်ရွက်နိုင်ပါတယ်။ ဒီမို ကရေစီနိုင်ငံရေးဖြစ်စဉ်တွေမှာ အရပ်ဘက်နယ်ပယ်ရဲ့အရေးပါမှုကို လျစ်လျူရှုထားမယ်ဆိုရင် ဒီမိုကရေစီ နောက်ပြန်လှည့်မှုတွေနဲ့ကြုံတွေ့ရမှာဖြစ်ပြီး မအောင်မြင်သောအသွင်ကူးပြောင်းမှုနဲ့သာ နိဂုံးချုပ်ရမှာဖြစ် ကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။

မောင်ထွန်း

 

ကိုးကား

၁။ ရှေ့ပြေးအသံအဖွဲ့  (Progressive Voice)၊ “ပြည်သူလူထု လိုလားချက်ကို သိသင့်ပြီ ၊ လွတ်လပ်စွာ စီ တန်းလှည့်လည်ခွင့် နှင့် မြန်မာနိုင်ငံလူငယ်များ၏ ငြိမ်းချမ်းရေး လှုပ်ရှားမှု” ၊ ဇူလိုင်လ၊ ၂ဝ၁၈ ခုနှစ်။

၂။ Myanmar Quarterly, အတွဲ (၁)၊ အမှတ်(၃)၊ ၂ဝ၁၇ ခုနှစ်။

၃။ “A Matter of Political Space”, National Democratic Institute, April, 2016.

 

၎။ Open Society Foundations, 2015, “Why the Space for Civic Engagement is Shrinking” www.opensocietyfoundations.org /voices