အလှမ်းဝေးနေတဲ့ မြန်မာပြည်ငြိမ်းချမ်းရေး

 

မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြောင်းကို ချဉ်းကပ်ပြောဆိုကြတဲ့အခါ နောက်ခံသမိုင်း ကြောင်းတွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါတယ်။ တိုင်းရင်းသားတွေလူမျိုးစုဆိုင်ရာ ကိုယ်ပိုင်အမှတ်သရုပ်နဲ့ ယဉ်ကျေး မှုနယ်မြေပိုင်နက်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေဟာ နှစ်ပေါင်းများစွာ ရှည်လျားခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ အဓိကအကြောင်းရင်းခံ တွေဖြစ်ပါတယ်။ လူမျိုး၊ ဘာသာစကား သတ်မှတ်မှုဟာ ကိုလိုနီစနစ်ရဲ့ အမွေတစ်ခုဖြစ်ပေမဲ့ တိုင်းရင်းသားလူမျိုးစုအား လုံးမှာ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုပုံသဏ္ဌာန်တွေဟာ သမိုင်းတစ်လျှောက် လူမျိုးစု အသီးသီးမှာ  အခြေခံအုတ်မြစ်တွေရှိခဲ့ပြီးဆိုတဲ့ အချက်ကိုလည်း မမေ့မလျော့ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

နှစ်ပေါင်းများစွာရှည်လျားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအပေါ်မှာ လူများစု ဗမာများရဲ့အမြင်ဟာ လူနည်းစု တိုင်းရင်းသားတွေရဲ့အမြင်နဲ့ ကွာခြားနေတာကလည်း ဒီကနေ့အချိန်ထိ ပြည်တွင်းငြိမ်းချမ်း ရေးမရနိုင်ခြင်းရဲ့ အကြောင်း တရားတစ်ခုဖြစ်နေပါတယ်။

တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လက် နက်ကိုင်ပဋိပက္ခတွေဖြစ်ပေါ်လာတိုင်း စစ်အာဏာရှင်တွေရဲ့  ဝါဒဖြန့်ချိမှု ဟာ ပြည်ထောင်စုမပြိုကွဲရေး၊ နိုင်ငံတော်လုံခြုံရေးနဲ့ နယ်မြေပိုင်စိုးရေးဆိုတဲ့ အကြောင်းပြချက်မျိုးဖြစ်ပါတယ်။ တိုင်းရင်း သားအဖွဲ့အစည်းတွေဘက်ကတော့ လက်နက်ကိုင်ပဋိပက္ခတွေအားလုံးရဲ့ပန်းတိုင်ဟာ ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့် ကိုယ့် ကံကြမ္မာကိုယ်ဖန်တီး ခွင့်ဆိုတာအပေါ်မှာ ဦးတည်ပါတယ်။ ဒီ နှစ်ကြားမှာလည်း အကျိုးစီးပွားကို အခြေခံထားတဲ့ လက်နက် ကိုင်တိုက်ပွဲတွေ၊ စေ့စပ်ဆွေးနွေးမှုတွေရှိနေိုင်တယ်ဆိုပေမဲ့ လက်နက် ကိုင်ပဋိပက္ခတွေရဲ့ ဦးတည်ချက်ပန်းတိုင်ဟာ တန်း တူညီမျှရေးပဲဖြစ်ပါတယ်။

ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ စကားရပ်ရဲ့ နောက်ကွယ်မှာတချို့က နိုင်ငံအစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားမှာ စိုးရိမ် သောကဖြစ်ကြသလိုပဲ တချို့ကတော့ တိုင်းရင်းသားနယ်မြေတွေအားလုံးကို ဗမာလူမျိုးစုတွေကအုပ်ချုပ်စီမံပိုင်ခွင့်ရှိတယ်လို့ ခံယူထားကြတဲ့ဗမာ လူမျိုးကြီးဝါဒကို အခြေခံပြီးပြောဆိုကြပါတယ်။ လက်တွေ့မှာတော့ တစ်နိုင်ငံလုံးရဲ့အုပ်ချုပ်ရေး ဥပဒေ ပြုရေး တရားစီရင်ရေးဆိုတာတွေကနေစပြီး သယံဇာတထုတ်ယူမှု၊စီးပွား ရေးချုပ်ကိုင်မှု၊ ဘာသာစကားယဉ်ကျေးမှု အား လုံးကို ဗမာလူများစုကသာချုပ်ကိုင်ခွင့် ရရှိထားပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ အမျိုးသားလုံခြုံရေးဆိုတဲ့စကား လုံးတွေ ကလည်း ဗမာလူမျိုးကြီးဝါဒကို အကောင်းဆုံး ဝါဒဖြန့်နိုင်တဲ့ စကားရပ်ဖြစ်နေတယ်။

မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပြေလည်ဖို့ လုပ်ဆောင်မယ်ဆိုရင်တော့ မဖြစ်မနေထည့်သွင်းစဉ်းစားရမှာ က ဗမာလူမျိုးကြီးဝါဒနဲ့ တန်းတူညီမျှရေးပြဿနာပါ။ အပေါ်ယံသဘောအားဖြင့်တော့ မြန်မာနိုင်ငံမှာ လူမျိုးကြီးဝါဒမရှိဘဲ တန်းတူညီမျှမှုရှိနေတယ်လို့ဆိုနိုင်ပါတယ်။ ဒီအခြေအနေကို ဥပမာပြုပြောဆိုကြတဲ့အထဲမှာ တိုင်းရင်းသားထဲအောင်မြင် ကျော်ကြားတဲ့ ရုပ်ရှင်၊ ဂီတသမားတွေကို တန်းတူအားပေး ကြတယ်။ တိုင်းရင်းသားဘယ်သူမဆို ရွေး ကောက်ပွဲကတစ်ဆင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေမှာ ပါဝင်နိုင်တယ်ဆိုတဲ့ အချက်အလက်တွေပါဝင်ပါတယ်။

တကယ်တော့ တန်းတူညီမျှရေးဆိုတာ တိုင်းရင်းသားရုပ်ရှင်မင်းသားတစ်ယောက်ကို အကယ်ဒမီဆုပေးလိုက်တာ တိုင်းရင်းသား အဆိုတော်တစ်ယောက်ရဲ့ ဂီတကို အားပေးတာစတဲ့ ပုံသဏ္ဌာန်တွေနဲ့ တိုင်းတာလို့မရပါဘူး။ တန်းတူညီမျှ ရေးဆိုတာက တိုင်းရင်းသားဒေသတွေအားလုံးကို ပြည်မနဲ့ တန်းတူညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိအောင်လုပ်ဆောင်ပေးတာ၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ရရှိအောင် ဖန်းတီးပေးထားတာမျိုးနဲ့ တိုင်းတာလို့ရနိုင်မှာဖြစ်ပါတယ်။ မြန်မာ ပြည်ရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်မယ်ဆိုရင် ရုပ်လုံးအားဖြင့် တိုင်းရင်းသားတွေကို တန်းတူညီမျှခွင့်ပေးထား တယ်ဆိုတဲ့ ပုံသဏ္ဌာန်ကိုပုံဖော်ထားပါတယ်။ ဒါပေမဲ့လည်း တကယ်တမ်းမှာတော့ Structure အားဖြင့်ကို တန်းတူညီမျှခွင့် မရှိအောင် ပိတ်ကာထားပြီးဖြစ်နေပါ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားပြည်နယ်တွေမှာ ရွေးကောက်ပွဲက တစ်ဆင့် ပြည်နယ်လွှတ်တော်၊ ပြည်ထောင် စုလွှတ်တော်တွေမှာ ရွေးကောက်ခံနိုင်တယ်။ ပြည်နယ်လွှတ်တော်မှာ ဥပဒေ တွေ ပြဋ္ဌာန်းနိုင်တယ်၊ ပြည်နယ်အစိုးရဖွဲ့စည်းဖို့ ပေးထားတယ်၊ စတာတွေကို အပေါ်ယံလွှာ သက်သက်မှာတွေ့မြင်နိုင် ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ ပြည်နယ်လွှတ်တော်တွေရဲ့ ပြည်နယ်တွင်းအရေးနဲ့ပတ်သက်တဲ့ ဥပဒေပြဋ္ဌာန်းခွင့် ကိုတောင်ကန့်သတ်ထားတာ၊ ပြည်နယ်အစိုးရအဖွဲ့ခေါင်းဆောင်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်တွေက ရွေးချယ်ခွင့် မရှိဘဲသမ္မတကသာလျှင် ရွေးချယ်ခန့်အပ်ခွင့်ရှိနေတာ။ အုပ်ချုပ်ရေးဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးလိုကဏ္ဍမျိုးဟာ ပြည် ထောင်စုအဆင့် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အောက်မှာသာရှိနေတာ ဒါတွေကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသားတွေဟာ ပြည်မအစိုးရတွေရဲ့အုပ်ချုပ်အောက်မှာသာ လုံးလုံးလျားလျာရောက်ရှိနေတာကို တွေ့မြင်နိုင်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါဝင်တဲ့ ရွေးကောက်ပွဲ မဲဆန္ဒနယ်သတ်မှတ်ထားတဲ့ ပုံသဏ္ဌာန်တွေကြောင့်လည်း တိုင်းရင်းသားပါတီတွေဟာ အစိုးရဖွဲ့နိုင်လောက်တဲ့ အနေအထားမှာရှိမနေနိုင်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒနယ်တွေကို သတ်မှတ် တဲ့အခါ ပြည်သူ့လွှတ်တော်မှာ မြို့နယ်ပေါင်း ၃၃ဝ ကို အခြေခံပြီး သတ် မှတ်ရပါတယ်။ အဲ့ဒီ မဲဆန္ဒနယ်  ၃၃ဝမှာလူ နည်းစု တိုင်းရင်းသားတွေအားလုံးအတွက် ခွဲတမ်းလို့သတ်မှတ်နိုင်တာက မဲဆန္ဒနယ်ပေါင်း ၉ဝ ကျော်သာရှိပြီးတော့ ဗမာ အင်အား ကြီးပါတီတွေ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ မဲဆန္ဒနယ်ကတော့ ၂၃ဝ ကျော်ရှိပါတယ်။ သမ္မတရွေးချယ်ရေးမှာ အဓိကကျတဲ့ ပြည်သူ့လွှတ်တော်မှာ တိုင်းရင်းသားပါတီတစ်ခုက အင်အားတစ်ခုရယူနိုင်ဖို့ မဖြစ်နိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ လူမျိုးစု လွှတ်တော်လို့ခေါ်ကြတဲ့ အမျိုးသားလွှတ်တော်ကိုကြည့်မယ်ဆိုရင်လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ တစ်ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတစ်ခုကို ၁၂ ဦးအချိုးကျခွဲတမ်းသတ်မှတ်ပေးထားပါတယ်။ ဒါကလည်း ပြည်နယ်များအတွက် လူနည်းစုတိုင်း ရင်းသားများခွဲယူရတဲ့ ဝေစုသဘောပါပဲ။ လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာတော့ တိုင်းရင်း သားလူနည်းစုတွေဟာ နိုင်ငံရဲ့အရေးအရာကိစ္စတွေကို ဆုံးဖြတ်ခွင့်မရရုံတင်မကဘဲ ကိုယ့်ဒေသကိုယ့်လူမျိုးစုအရေး အတွက် ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ကို မရရှိထားပါဘူး။ ၂ဝဝ၈ဖွဲ့ စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဟာ နိုင်ငံရဲ့အုပ်ချုပ် ရေး၊ ဥပဒေပြုရေး တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်သုံးခုစလုံးမှာ နေရာယူထားနိုင်ပါတယ်။ နှစ်ပေါင်းများစွာ တိုင်းပြည်ရဲ့ အာဏာကို ရယူထားတဲ့ စစ်အစိုးရ လက်ထက်မှာလည်း ဗဟိုဦးစီးချုပ်ကိုင်မှုတွေနဲ့အတူ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှ ရေးဟာဆုံးရှုံးခဲ့ရသလို လူ့အခွင့်အရေးချိုးဖောက်ခံရတာ ကိုယ်ကျိုးစီးပွားတွေအတွက် သယံဇာတတွေထုတ်ယူသုံးစွဲခံရတာ တွေများစွာရှိခဲ့ပါတယ်။ တန်းတူညီမျှရေးဆုံးရှုံးမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆုံးရှုံးမှု လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ ဒေသ သယံဇာတတွေဆုံးရှုံးနေရတာတွေအပေါ် အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အခုဆိုရင် နှစ်ပေါင်း ၆၆ နှစ်ကို ကျော်လွန်သွားခဲ့ပါပြီ။ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေသရွေ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ ကြီးထွားနေ မှာဖြစ်သလို စစ်တပ်ကနိုင်ငံရေးမှာ ပါဝင်ဆုံးဖြတ်ခွင့်ရှိနေဖို့က လက်နက်ကိုင်ပဋိပက္ခတွေက အဓိကကျတဲ့ အကြောင်းရင်း တစ်ချက်လည်း ဖြစ်နေပါတယ်။ အမျိုးသားလုံးခြုံရေး၊ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စစ်တပ်က နိုင်ငံရေးမှာပါ ဝင်နေသမျှကာလပတ်လုံး ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှာမဟုတ်သလို လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေဦးမှာပါ။ ဒါဟာ မဆုံးနိုင်တဲ့ သံသရာစက်ဝိုင်းတစ်ခုလိုလည်ပတ်နေတဲ့ အခြေအနေတစ်ခုလို့တောင်ဆိုရမှာပါ။

လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရဖို့ဆိုရင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ဆိုတာက အဓိက ကျတဲ့ လိုအပ်ချက်လို့ ပညာရှင်တွေက မှတ်ချက်ပြုလေ့ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပြေလည်ဖို့ဆိုရာမှာတော့ အခြေခံကျတဲ့ ရင်းမြစ်တွေထဲမှာ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ကိုယ်ပိုင်အမှတ်သရုပ်နဲ့ ယဉ်ကျေးမှုဆိုတဲ့ စံနှုန်းတွေပါဝင်နေပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အခြေပြုဆွေးနွေးတဲ့အခါမှာလည်း အဲ့ဒီ ပြဿနာရင်းမြစ်တွေကနေ ရှောင်လွှဲပြီး ဒါမှမဟုတ် ဖယ်ထုတ်ပြီး ဆွေးနွေးလို့မရနိုင်ပါဘူး။ အဲ့ဒီ ပြဿနာရင်းမြစ်တွေအား လုံးကို နားလည်ဖို့ အရှိတရား အတိုင်းလက်ခံဖို့ဆိုတာက အရေးပါတဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

မြန်မာပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအတွက် မဖြစ်မနေလိုအပ်ချက်တွေကို ကြည့်လိုက်မယ်ဆိုရင်

(၁) အမှန်တရားကို ရဲရဲလက်ခံဖို့

(၂) လူမျိုးကြီးဝါဒ ပယ်ဖျက်ဖို့

(၃) ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင် ခြင်း၊ ပယ်ဖျက်ခြင်း လုပ်ဆောင်ဖို့

(၄) အမှန်တရားနဲ့ ရင်ကြားစေ့ရေး လုပ်ဆောင်ဖို့

 

(၁) အမှန်တရားကို ရဲရဲလက်ခံဖို့

အမှန်တရားကို လက်ခံဖို့ဆိုတာကတော့ သမိုင်းကြောင်းအရ ဖြစ်တည်ခဲ့တဲ့အရာတွေကို အမှန်အတိုင်းလက်ခံ လိုက် ဖို့ ပညာရေး၊ လူမှုရေးအရ ဝါဒဖြန့်ချိထားတဲ့ သမိုင်းကိုကျော်လွန်းပြီး သမိုင်းအစစ်အမှန်ကို အသိအမှတ်ပြုဖို့ပါ။ ဆိုလိုချင် တာကတော့ တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်အုပ်ချုပ်မှုပုံစံတွေနဲ့ ဖြစ်တည် လာခဲ့သူတွေ  ဖြစ်တယ်ဆိုတာကိုလက်ခံပြီး တိုင်းရင်းသားလူမျိုးစုတွေဟာ ကိုယ့်ကံကြမ္မာကိုယ်ဖန် တီးခွင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရသင့်တယ်ဆိုတာကို လက်ခံဖို့ပါ။ အဆုံးစွန်ဆုံးပြောရမယ်ဆိုရင် ခွဲထွက်ခြင်း၊ မခွဲထွက်ခြင်းပင်လျှင်တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဆန္ဒဖြစ်တယ်ဆိုတာ နားလည်လက်ခံနိုင်ဖို့ပါ။

 

(၂) လူမျိုးကြီးဝါဒ ပယ်ဖျက်ဖို့

ဒီလို လက်ခံနိုင်ဖို့ဆိုရာမှာလည်း တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေကို ဗမာတွေက အုပ်ချုပ်စီမံပိုင်ခွင့်ရှိ တယ်။ နှစ်ပေါင်းများစွာ စီမံအုပ်ချုပ်ခဲ့တယ်ဆိုတဲ့ လူမျိုးကြီးဝါဒကို ဖျောက်ဖျက်ပစ်နိုင်ရပါမယ်။ နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု ဘာသာစကားအစစအရာမှာ လူမျိုးကြီးဝါဒနဲ့ဖိနှိပ်တာ ခွဲခြားဆက်ဆံတာတွေကို ပယ်ဖျက်နိုင်ရပါမယ်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် သောင်းကျန်းသူတွေအနေနဲ့ပုံဖော်ပြီး တစ်ဖက်ကနေ ရုပ်ရှင်၊ မီဒီယာအမျိုးမျိုး ကနေ ဗမာစစ်သူရဲကောင်းလူမျိုးကြီးဝါဒကို သွတ်သွင်းတာမျိုးကို ရှောင်ကြဉ်ရပါမယ်။

 

(၃) ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း လုပ်ဆောင်ဖို့

လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားလာခဲ့ရတဲ့ ရင်းမြစ်တွေနဲ့အတူ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို နားလည် လက်ခံလိုက်ပြီဆိုရင်တော့ ဒါတွေကို တားဆီးပိတ်ပင်နေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ ဒါမှမဟုတ် ပယ် ဖျက်ဖို့ဆိုတာ မဖြစ်မနေ လိုအပ်လာမယ့်အရာဖြစ်ပါတယ်။ ဒီကနေ့အချိန်ထိ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ကြည့်လိုက်မယ် ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆွေးနွေးကြရအောင်ဆိုပြီး ဖိတ်ခေါ်တာ မျိုးမရှိသေးပါဘူး။ တန်းတူညီမျှရေးအတွက် အာမခံချက်ပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေလိုအရာမျိုးကို မတို့မထိဘဲ လက်နက်ကိုင်အင်အားစုတွေကြား ယုံကြည်မှုတည်ဆောက်မှုဆိုတာ မဖြစ်နိုင်တဲ့အရာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံချက်ကို ဘေးဖယ်ထားပြီး ဆွေးနွေးတဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆိုတာတွေမှာ ကိုယ်ကျိုးစီးပွားအပေး အယူ အာမခံချက်တွေရှိနေနိုင်ပါတယ်။

 

(၄) အမှန်တရားနဲ့ ရင်ကြားစေ့ရေးလုပ်ဆောင်ဖို့

လက်နက်ကိုင်ပဋိပက္ခတွေဟာ တိုင်းရင်းသားတွေရဲ့ နယ်မြေတွေမှာ ဖြစ်ပွားနေတာဖြစ်ပြီးတော့ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဆိုးကျိုးတွေကို ဒေသခံတိုင်းရင်းသားပြည် သူတွေကသာ ရင်စည်းခံစားကြရတာဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားတဲ့နေရာတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လက်နက်အာဏာအသုံးပြုပြီး မတရားပြုကျင့်မှုတွေ ဖြစ်ပွားလေ့ရှိကြပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားရာဒေသတွေမှာ စစ်ရာဇဝတ်မှုတွေကိုလည်း ကျူးလွန်လေ့ရှိကြ ပါတယ်။ ဒါတွေကို ခံစားခဲ့ကြရတဲ့ တိုင်းရင်းသားပြည်သူတွေအတွက် အမှန်တရားကို ဖော်ထုတ်ပေးဖို့၊ ကျူးလွန်သူတွေက ဝန်ချတောင်းပန်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ပဋိပက္ခတွေဖြစ်ပွားရာဒေသတွေမှာ ကျူးလွန်ခံခဲ့ရတဲ့ တိုင်းရင်းသားပြည်သူ တွေရဲ့ ခံစားမှုတွေကို အမျိုးသားရင်ကြားစေ့ရေးအတွက် ခွင့်လွှတ်လိုက်ပါ မေ့ပစ်လိုက်ပါလို့ ဗမာနိုင်ငံရေးခေါင်းဆောင် တွေက ပြောဆိုခွင့်မရှိပါဘူး။ ဒီလိုပြောဆိုခြင်းဟာ အမှန်တကယ်ရင်ကြားစေ့ရေးအမည်ခံပြီး တိုင်းရင်းသားတွေအပေါ် ထပ်မံ ကျူးလွန်လိုက်တဲ့ ပြစ်မှုတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားပြီဆိုကလည်း  အပြန်အလှန်ကျူး လွန်မှုတွေ အပြန်အလှန်အမုန်တရားတွေ တည်ရှိနေမယ်ဆိုတာ ပကတိအမှန်တရားပါ။ အဲ့ဒီ အမုန်းတရား တွေ ပျောက်ပြယ် သွားဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။

မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်လိုက်မယ်ဆိုရင် ငွေကြေးများကုန်ကျခံပြီး ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မကြာခဏပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ် ပွားခြင်းရဲ့ အခြေခံသမိုင်းရင်းမြစ်တွေကို တို့ထိခြင်း အခြေပြု ဆွေးနွေးခြင်းမရှိသေးပါဘူး။ ဆောင်းပါးအတွင်းမှာ ရေးသားခဲ့ တဲ့ အချက်လေးချက်စလုံးဟာလည်း ငြိမ်းချမ်းဆွေးနွေးပွဲတွေမှာ လက်တွေ့ကျကျ ချဉ်းကပ်ခြင်းမရှိသေးပါဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အဓိကအကျဆုံး အခြေခံအကျဆုံးဖြစ်တဲ့’ ယူထားသူက ပြန်ပေးရမယ်။ ကျူးလွန်သူတွေက ဝန်ချတောင်းပန်ရ မယ်’ ဆိုတဲ့ အမှန်တရားကို ဘေးဖယ်ထားသရွေ့ မြန်မာ့ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေဦးမှာ သေချာပါတယ်။

မှူးသစ်