အသိအမှတ်ပြုခြင်း

အိမ့်သီရိသူ

ကျွန်မငယ်ငယ်က တိုင်းရင်းသား သူငယ်ချင်းတွေရဲ့နာမည်ကို သေသေချာချာအသံမထွက်တတ်တော့ သူတို့နာမည်တွေကို ဟာသ လုပ်ပြီးခေါ်တာမျိုးလုပ်ပါတယ်။ သူတို့စကားအသံမပီတာလေးတွေ ကိုလည်းလိုက်စတတ်ပါတယ်။ အဲ့ဒီလိုစရတဲ့ အခါသူတို့တွေစိတ်ဆိုးသွားတာကြည့်ပြီးပျော်ရပါတယ်။  ကိုယ်က ချစ်လို့စတာပါ။ သူတို့တွေစိတ်ထဲ နာကျင်သွားရတာကို ကလေးတစ်ယောက် အနေနဲ့လဲ မသိခဲ့ပါဘူး။ ကြီးလာတဲ့အခါမှ ဒါတွေဟာ ခွဲခြားဆက်ဆံသလိုဖြစ်နေပါလား။ ကိုယ်နဲ့ ဘာသာ လူမျိုး မတူတဲ့သူတွေကို ခွဲခြားတာပါလား။ သူတို့တွေဘယ်လိုများခံစားသွားရမလဲဆိုတာတွေးမိပါတယ်။

ကျွန်မတို့ရဲ့မိဘတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ကိုယ့်ထက်ကြီးတဲ့သူတွေဟာ ကျွန်မတို့ကို သူတပါးကိုခွဲခြား ဆက်ဆံဖို့၊ နှိမ့်ချဖို့၊ လှောင်ရယ်ဖို့ ဆိုတာတွေကို မသင်ပေးခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ကလေးများ အနေနဲ့ အပေါ်ကပြောခဲ့တဲ့ အပြုအမူတွေလုပ်တဲ့အခါမှာလည်း ဝင်ရောက်ဟန့်တားခြင်းလုပ်တာရှားပါတယ်။ လူကြီးမိဘဆရာမတွေကိုယ်တိုင် ရယ်နေတာ၊ နာမည်တွေကိုပြောင်တာတွေကိုတွေ့ရပါတယ်။ ဒီတော့ ကလေးတစ်ယောက်အနေနဲ့ ဒါတွေလုပ်တာ အဆင်ပြေပါတယ်။ ငါတို့ကချစ်လို့စတာပဲ ဘာမှ မဟုတ်ပါဘူးဆိုပြီး ငယ်ရာကနေကြီးတဲ့အထိ အကျင့်ပါလာပါတယ်။ ဒီလိုတွေလုပ်ခဲ့တယ်ဆိုတာ ခွဲခြားချင်လို့မဟုတ်ပါဘူး။ ဒီအတိုင်းအဆင်ပြေတယ်ထင်လို့လုပ်တာပါ။ တခြားတစ်ဖက်က ဒါဟာ အနာဖြစ်ပြီး ကျွန်မတို့ကို မုန်းတီးနေနိုင်ပါတယ်။ ဒါကို ကျွန်မတို့က မုန်းရကောင်းလားအပြစ်တင်လို့ မဖြစ်ပါဘူး။ ကျွန်မတို့ဟာတခြားတစ်ဖက်သား ဘယ်လိုခံစားရမယ် ဆိုတာ တွေးဖို့မေ့လာကြပါတယ်။ တဖက်သားဘယ်လိုခံစားရလဲဆိုတာ မေးလဲမမေးသလို နားလဲနားမထောင် ကြပါဘူး။

လက်တလောမှာ မြောက်ဦးမှာဖြစ်သွားတဲ့ အဓိကရုဏ်းနဲ့ပတ်သက်ပြီး ရခိုင်တွေကို အပြစ်တင်နေကြ တာမျိုးတွေတွေ့ရပါတယ်။ ဗမာ့ကျွန်လို့ပြောတာကို ကျွန်မတို့ဗမာ တွေက လက်သင့်မခံတာမျိုး တွေ့ရပါတယ်။ ဟာသလိုမျိုး သရော်တာတွေလိုမျိုးတွေပါလူမှုမီဒီယာမှာပြန့်နေတာတွေ့ရပါတယ်။ ကိုယ်က တော့ဖြင့်သူတို့ကိုကျွန်လုပ်တာ မဟုတ်ဘူး။ ဒါပေမဲ့ ပြောရက်လေခြင်းဆိုပြီး တုံ့ပြန်တာမျိုးဖြစ်ပါတယ်။

၂၀၀၉, ၂၀၁၀ လောက်တုန်းက သင်တန်းတွေတက်တဲ့အခါမှာ ဗမာမှုပြုခြင်း ” Burmanization” အကြောင်းတွေပြောကြတဲ့အခါမှာ ဗမာတစ်ယောက်အနေနဲ့ကြီးလာရတဲ့ ကျွန်မက ဆတ်ဆတ်ထိမခံ တုံ့ပြန်ဖူးပါတယ်။ ဒါဟာ Militarization ဖြစ်ကြောင်း ဗမာတွေလဲ ထိုနည်းတူ ဖိနှိပ်ချုပ်ခြယ်ခံရတာဖြစ် ကြောင်းဆွေးနွေးတိုင်းမှာပြောပါတယ်။ Military စစ်တပ်ဟာ ဗမာကို ကိုယ်စားမပြုကြောင်းငြင်းခဲ့ပါတယ်။ စစ်တပ်ကလုပ်တာပါ။ သာမန်လူတွေမလုပ်ပါဘူးလို့ငြင်းခဲ့ပါတယ်။

ကျွန်မရဲ့တိုင်းရင်းသားသူငယ်ချင်းတွေမှာ နာမည် ၂ မျိုးဆီရှိတတ်ကြပါတယ်။ မြန်မာနာမည်နဲ့ သူတို့သက်ဆိုင်ရာတိုင်းရင်းသားနာမည်ဆိုပြီးရှိပါတယ်။ အကြောင်းအရင်းအမျိုးမျိုးရှိပေမဲ့လဲ တစ်ခုသောအကြောင်းက ဗမာစကားပြောတဲ့ဝန်ထမ်းတွေက သူတို့နာမည်ကိုမွေးစာရင်းသွင်းတဲ့အခါ၊ ကျောင်းတက်တဲ့အခါ၊ မှတ်ပုံတင်လုပ်တဲ့အခါ မှန်မှန်ကန်အသံမထွက်တတ်လို့နဲ့ စာလုံးပေါင်းသေချာမပေါင်းတတ်တဲ့အတွက် မြန်မာနာမည်ကိုပဲတရားဝင်ယူလိုက်ကြတာများပါတယ်။ ကျွန်မသူငယ်ချင်းတစ်ယောက်ဆို သူ့ကိုမြန်မာနာမည်ပေးထားတာ ဗမာဆို နှိမ်ခံရတာသက်သာမယ်။ အနိုင်ကျင့်ခံရတာ သက်သာမယ်။ သူတိုင်းရင်းသား လူနည်းစုဖြစ်မှန်းမသိတော့ အနိုင်ကျင့်ခံရသက်သာမယ်ဆိုပြီး မိဘတွေက တရားဝင်နာမည်ကိုဗမာနာမည်ပေးခဲ့တာပါတဲ့။ ဒါတွေဟာ စစ်တပ်ကလုပ်တာမဟုတ်ပါဘူး။ ကျွန်မတို့သာမန်ဗမာတွေကလုပ်တာပါ။ နာမည်တွေကို စတာ၊ နာမ်နှိမ်တာ ( ဥပမာ- ကရင်သူပုန်) လို့ခေါ်တာ၊ ရခိုင်ကို ရခီးလို့ခေါ်တာ၊ ချင်းတွေ နာဂတွေကို လူရိုင်းလို့ခေါ်တာ၊ သူတို့ရဲ့မိခင်ဘာသာစကားနဲ့မဟုတ်လို့ စာအရနောက်ကျတာတွေကို ထည့်သွင်းမစဉ်းစားတာတွေဟာ သာမန်ဗမာတွေလဲလုပ်ပါတယ်။

ကျွန်မအလုပ်နဲ့ လူနည်းစုတိုင်းရင်းသားနယ်မြေတွေ၊ ပဋိပက္ခဒေသတွေကိုသွားရပါတယ်။ လူနည်းစုတိုင်းရင်းသားတွေပြောတဲ့ဗမာဆိုတာ ဗမာစကားပြောတဲ့သူတွေကိုပြောတာပါ။ အထက်မြန်မာပြည်က ဗမာစစ်စစ်ရယ်၊ မြို့နေ ကပြားတွေရယ် ခွဲပြောမနေပါဘူး။ ဗမာစကားပြောတဲ့ ဘယ်သူ့ကိုမဆို ဗမာလို့ခေါ်တာပါ။ မြစ်ကြီးနားတစ်ဖက်ကမ်းဝိုင်းမော်မြို့ကဆရာတော်ကပြောဖူးပါတယ်။ ရွာထဲကကလေးတွေဟာ ဗမာဆိုတာကို ဘာမှန်းတောင်သေချာမသိပဲ ဒေဝါကြီးလာပြီလို့ပြောလို့ကြောက်သလိုကြောက်ပါတယ်တဲ့။ ဘာလို့ဆို ငယ်ငယ်ထဲက ” ဗမာတွေလာပြီ” လို့အော်တဲ့အခါ ပြေးရပါတယ်။ သူတို့အဖို့ ဗမာဆိုရင် ပြေးရမယ်ဆိုတဲ့ အသိနဲ့ကြီးလာရပါတယ်။ ဘာလို့မှန်းမသိပေမဲ့ ကြောက်စရာတစ်ခုအနေနဲ့ကြီးလာရပါတယ်။ ဗမာကိုမုန်းတီး ကြောက်ရွံ့ရွံရှာမှုဆိုတာ မိဘတွေနဲ့ လူကြီးတွေက ကလေးတွေကို အတင်းသင်ကြားပြသပေးလို့ဆိုတာထက် သူ့တို့ဘဝဖြစ်ရပ်တွေပေါ်မှာ အခြေခံပါတယ်။

ကျွန်မတို့ပြောကြပါတယ်။ ဗမာတွေလဲ ဖိနှိပ်ခံရတယ်။ မတရားခံရပါတယ်။ ဒါပေမဲ့ ခံစားရတဲ့ အတိုင်းအတာနဲ့ အဖြစ်အပျက်တွေကွာပါတယ်။ ကျွန်မတို့တွေဟာ နိုင်ငံရေးမှာပတ်သက်မှ လမ်းပေါ်ထွက်ဆန္ဒပြကြတဲ့အခါမှ အကြမ်းဖက်တုံ့ပြန်မှုတွေကိုခံရတာဖြစ်ပါတယ်။ ဒီအတိုင်းနိုင်ငံရေးနဲ့ဝေးဝေးနေတဲ့အခါ ကျွန်မတို့ကို ဘယ်အာဏာပိုင်မှ အိမ်ပေါ်တက်ပြီး ပေါ်တာဆွဲဖို့ခေါ်တာမျိုးစတာတွေမရှိပါဘူး။ စစ်မက်ဖြစ်ပွားတဲ့ဒေသတွေမှာပဲ ဒါမျိုးတွေရှိပါတယ်။ စစ်မက်ကလဲ လူနည်းစုတိုင်းရင်းသားတွေနေတဲ့နေရာမှာပဲ ဖြစ်နေတာပါ။ စစ်မက်ဖြစ်ပွားတဲ့နယ်မြေတွေမှာနေထိုင်ကြတဲ့သူတွေဟာ နိုင်ငံရေးလဲ မလုပ်ပါပဲ သူ့ဟာသူ တောတောင်ထဲ သစ်ခုတ်ဝါးခုတ်နေတာတောင်မှ ပေါ်တာဆွဲခံရတာမျိုးတွေရှိပါတယ်။ ကိုယ့်အိမ်မှာကိုယ်နေရင်း ကိုယ့်ရှေ့မှာ ကိုယ့်မိဘ၊ သားသမီး၊ ညီအမ အသတ်ခံရတာ၊ မုဒိန်းကျင့်ခံရတာ၊ စားနပ်ရိက္ခာတွေကို လုခံရတာတွေဟာ စစ်မက်ဖြစ်ပွားရာနေရာတွေမှာပဲရှိပါတယ်။ ဒါတွေလုပ်တာလဲ အများအားဖြင့် ဗမာစကားပြောစစ်သားတွေမို့လို့ ဗမာကို မုန်းကြတာပါ။ပြီးခဲ့တဲ့နှစ်နှစ်လောက်မှာ ရှမ်းမြောက်တစ်ခွင်ဘက် ကစစ်ဘေးရှောင်ရွာတွေက်ုရောက်ဖြစ်ပါတယ်။ ကျောက်မဲဘက်ရွာက ပေါ်တာဆွဲခံရတယ်ဆိုတဲ့ ဉ်းလေးတစ်ယောက်ကိုမေးမိပါတယ်။ ဦးလေး ဒါပထမဆုံးအကြိမ်လား။ ဘယ်လိုခံစားရလဲဆိုတော့ သူကရယ်ပါတယ်။ သူ့အဖို့ ဒါက အခေါက်နှစ်ဆယ်တောင်ရှိပြီလားမသိတာမို့ ဘယ်လိုမှမခံစားရပါဘူးတဲ့။ နောက်ပိုင်းရွာတွေသွားတဲ့ အခါမှာ စစ်ပွဲအတွင်းမှာရှိတဲ့ရွာတွေမှာရွာသားတွေကိုယ်တိုင် လုပ်ထားတဲ့စနစ်တစ်ခုရှိတာကို သိရပါတယ်။ ရွာတိုင်းက အိမ်ထောင်စုတွေဟာ ဘယ်လက်နက်ကိုင်အဖွဲ့လာလာ အလှည့်ကျ တာဝန်ယူပေးရပါတယ်။ တာဝန်ယူတယ်ဆိုတာ ချက်ပြုတ်ကျွေးမွေးတာ အပါအဝင် ပစ္စည်းတွေကူသယ်ပေးဖို့ တစ်ရက်တန်သည် တစ်ပတ်တန်သည်လိုက်သွားပေးရပါတယ်။ စီမံတာက ရွာလူကြီးဖြစ်ပြီး အိမ်ထောင်စုတွေက အလှည့်ကျ လုပ်ပေးရပါတယ်။ တခါတလေ အလှည့်ကျ အိမ်ထောင်စုမှာ လူကြီးတွေ လယ်ယာလုပ်သွားနေတဲ့အချိန် တပ်ဖွဲ့

တပ်ဖွဲ့များရောက်လာပြီဆို အဲ့ဒီ့အိမ်က အရွယ်တန်တန် ကလေးရှိရင် ဒီကလေးက လုပ်ပေးရပါတယ်။ ဘာလို့ဒီလိုလုပ်ရသလဲဆို တပ်ဖွဲ့တွေကဝင်ပြီးတွေ့ကရာလူခေါ်သွားတဲ့ အခါ အသက်ရှင်လျက်အိမ်ပြန်ရောက်နိုင်ခြေကနည်းလို့ပါတဲ့။ ဒီလိုစနစ်နဲ့ဆို တခုခုဖြစ်လည်း ဘယ်ကိုလိုက်ရှာရမှန်းသိပါတယ်။ငယ်ငယ်တုန်းက နဂါးကြီး အစာကျွေးဖို့ အပျိုတော်တွေကို အလှည့်ကျအစားခံခိုင်းရတာလိုမျိုးက ကျွန်မတို့နဲ့သိပ်မဝေးတဲ့ လူနည်းစုနေရာတွေမှာဖြစ်နေပါတယ်။ ကျွန်မဖို့တော့ ဒါက လူ့အခွင့်အရေးချိုးဖောက်တာပဲ၊ ဘာလို့ အဲ့လိုလုပ်လဲဆိုပြီး လူကြီးတစ်ယောက်ကိုမေးတဲ့အခါ မသေအောင်ကြိုးစားနေရတဲ့ဘဝမှာ လူ့အခွင့်အရေးရော ဥပဒေရော ဘာမှဂရုမစိုက်နိုင်ပါဘူးတဲ့။ ဒီလိုစနစ်ဟာလည်း တချို့ရွာတွေမှာဆို အနှစ် ၃၀ လောက်ရှိနေပါပြီ။ တခြားလက်နက်ကိုင်တွေလဲပါဝင်တယ်ဆိုပေမဲ့ အများစုက ဗမာစစ်တပ်ဖြစ်ပါတယ်။ ဒီလိုမျိုးကြီးပြင်းလာရတဲ့အတွက် ဗမာစကားပြောတဲ့ သူတွေကို မုန်းရခြင်းနာကြဉ်းရခြင်းဖြစ်ပါတယ်။

ပေါ်တာဆွဲခံရတဲ့အခါ ဒီအတိုင်းအထုပ်တွေချည်းသယ်ရတာမဟုတ်ပါဘူး။ သူတို့တွေဟာ လူသားဒိုင်းအနေနဲ့ရံဖန်ရံခါ အသုံးပြုခံရပါတယ်။ လူသားဒိုင်းဆိုတာ သံသယရှိတဲ့နယ်မြေရောက်တဲ့အခါ အဲ့ဒီ့အရပ်သားတွေက တပ်ကြပ်ဖြစ်စေ အရာရှိဖြစ်စေရဲ့ပတ်လည်မှာဝိုင်းပေးပြီးသွားရပါတယ်။ အကယ်၍ရန်သူကျည်ဆန်ထိရင် အရာရှိအစား အဲ့ဒီ့အရပ်သားတွေက အရင်ထိပါတယ်။ Human Shield ( လူသားဒိုင်း) လို့ခေါ်ပါတယ်။ တခါတလေမှာ အထက်ကညွှန်ကြားလို့မဟုတ်ပဲ လက်အောက်တပ်ခွဲတွေကလုပ်ဆောင်တဲ့ Stress killing ( စိတ်ဖိစီးမှုဖြေဖျောက်ရန်သတ်ဖြတ်ခြင်း) တွေရှိပါတယ်။ တိုက်ပွဲမရှိလဲ ဖြတ်လာသမျှအကုန်ပစ်သတ်ဆိုတာတွေရှိပါတယ်။ Stress ဖြေဖျောက်သည်ဖြစ်စေ ကလဲ့စားဖြစ်စေ လုပ်ကြတာရှိပါတယ်။ ဥပမာ- ကျောက်မဲမှာ မိုင်းနင်းမိပြီး တပ်ကအရာရှိတစ်ယောက် ကျပါတယ်။ တလအကြာမှာ သီပေါဘက်မှာ ဖြစ်တဲ့တိုက်ပွဲမှာ တိုက်ပွဲမဖြစ်ပဲ လမ်းကို ပိတ်ထားပြီး လာသမျှ လူအကုန်ပစ်ဆိုပြီးပစ်ခိုင်းတာမျိုးရှိပါတယ်။ စစ်ပွဲတွေကြောင့်အောက်ခြေစစ်သားတွေမှာ စိတ်ဖိစီးမှုကြောင့်၊ ရဲဘော်ရဲဘက်တွေ ကျသွားတာကြောင့် စိတ်ထွက်ပေါက်အနေနဲ့ လုပ်တာမျိုးဖြစ်ပါတယ်။ ဗမာစစ်သားတွေဟာတိုင်းရင်းသားတွေဟာ သူပုန်အားပေးလို့မြင်တတ်ကြပါတယ်။ တအိမ်တယောက်တော့ အနည်းဆုံး သူပုန်တပ်မှာ ပါမှာပဲလို့ထင်ပုံရပါတယ်။ ရွာတွေမှာလည်း အစကပြောတဲ့ စနစ်ရှိတဲ့အခါ ဗမာစစ်တပ်အနေနဲ့လဲ ပိုမိုအထင်ရောက်နိုင်ပါတယ်။

စစ်ပွဲဖြစ်တဲ့ဒေသတွေမှာ မြန်မာစကားမပြောတတ်တဲ့အတွက် အနှိပ်စက်ခံရတာ၊ အသတ်ခံရတာတွေရှိပါတယ်။ စစ်တပ်ကမေးမြန်းလို့ မြန်မာလိုသေချာမပြောတတ်တဲ့အခါ သူပုန် (စစ်တပ်အခေါ်)ထင်ပြီး နားလည်မှုလွဲပြီးသတ်ခံရတာ ဖမ်းခံရတာတွေရှိပါတယ်။ တချို့ရွာတွေမှာ တစ်ရွာလုံးမှ တစ်ယောက်လောက်ပဲမြန်မာလိုပြောတတ်ပါတယ်။ ဒါလဲ လုံးစေ့ပတ်စေ့တောင်မဟုတ်ပါဘူး။
ပြီးတော့ စစ်ပွဲတွေဟာလည်း ရန်ကုန်တို့ နေပြည်တော်တို့ အညာတို့လိုဗမာစကားပြော အများစုနေထိုင်တဲ့ ဒေသတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက လာတိုက်လို့ ဗမာစစ်တပ်က ပြန်တိုက်တာမဟုတ်ပဲ သူတို့တွေနေတဲ့နယ်မြေကို ဗမာစစ်တပ်ကသွားတိုက်တာပါ။ ဒီအတွက် သူတို့ရဲ့လူမျိုးစုလက်နက်ကိုင်တွေကိုအားပေးကြတာပါ။

တဆက်ထဲမှာပဲ ပြည်တွင်းစစ်တိုက်နေရတာဟာ ပြည်ထောင်စုမပြိုကွဲအောင်လုပ်ဆောင်ခြင်းဆိုတဲ့ သဘောမျိုးပြောတာတွေ့ပါတယ်။ ဒါက ကျွန်မတို့သင်လာတဲ့ ကျောင်းသင်ခန်းစာတွေရဲ့လွှမ်းမိုးမှုကြောင့်ထင်ပါတယ်။ ကျွန်မတို့ သိနားလည်လာတဲ့ပြည်ထောင်စုဆိုတာ တိုင်းရင်းသားကေါင်းစုံအေးအတူပူအမျှ ညီအကို မောင်နှစ်မ ဆိုပြီး တိုင်းရင်းသားဝတ်စုံလေးတွေဝတ်ပြီး သွေးစည်းညီအကိုများသီချင်းနဲ့ ပွဲတွေမှာ က တာဖြစ်ပါတယ်။ ဒီအလေ့အကျင့်ဟာ ကျွန်မတို့ဗမာတွေတင်မက တိုင်းရင်းသားတွေထဲမှာပါတွေ့ရတာပါ။ သူတို့လဲ ဗမာကို အမြဲမုန်းပြီးကြီးလာတာမဟုတ်ပါဘူး။ တစ်လောက ထွက်တဲ့ အမွန်း ရဲ့သီချင်းဆိုရင်လဲ ဒီလိုသဘောမျိုးတွေတွေ့ရပါတယ်။ ပြည်ထောင်စုတို့ မောင်နှမတို့ ချစ်ချစ်ခင်ခင်နေကြတယ်ဆိုတာမျိုးတွေ့ရပါတယ်။ ကျမရဲ့ကချင်သူငယ်ချင်း တချို့လဲ ဗမာရယ် ဘာရယ်ခွဲပြီးကြီးလာတာ မဟုတ်ပါဘူး။ ငယ်ငယ်ကဆို မြန်မာစစ်ကားတွေလာရင် ပျော်ပြီးကြည့်ပါတယ်တဲ့။ ဒါပေမဲ့ KIA နဲ့တကျော့ပြန်စစ်ပွဲပြန်စလာမှ ဗမာတွေဟာ ငါတို့ကချင်တွေကိုဆိုပြီး ခွဲခြားမြင်လာရပါတယ်တဲ့။

ပြည်ထောင်စုမပြိုကွဲရေး နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ကို ကျွန်မတို့ဗမာတွေကပိုပြောကြတာတွေ့ပါတယ်။ ဒါပေမဲ့ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို တိုင်းရင်းသားတွေကိုမပေးပဲနဲ့တော့ရမယ်မထင်ပါဘူး။ သက်မွန်မြင့်ကိုချစ်တာ၊နေတိုးကို အားပေးတာ၊ လုလုအောင်ကိုကြိုက်တာ၊ မြန်မာ Idol မှာ သားငယ်ကို မဲပေးတာ။ ရခိုင်မုန့်တီလုပ်စားရုံ၊ ရှမ်းခေါက်ဆွဲစားရုံနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်သွားမှာမဟုတ်ပါဘူး။ တန်းတူညီမျှရှိနေတာမဟုတ်ပါဘူး။ စစ်ပွဲတွေဖြစ်နေသမျှတော့ နိုင်ငံရေးအရမဆွေးနွေးနိုင်ပဲလက်နက်ကိုင်တိုက်နေရသမျှတော့ တိုင်းရင်းသားစည်းလုံးညီညွတ်မှာလဲမဟုတ်ပါဘူး။

အချို့တိုင်းရင်းသားတွေဟာသူတို့ရဲ့နာမည်တွေကိုပါအစိုးရကအတင်းပြောင်းလဲတာမျိုးတွေအတွက် နာကျင်ကြတာကြားရပါတယ်။ ဥပမာ- ကရင်နီကို ကယားဆိုပြီးပြောင်းတာမျိုးတွေဟာ အနာဖြစ်စေ ပါတယ်။

ပြည်ထောင်စုကြီးလဲမပြိုကွဲပါဘူး။ တိုက်သာတိုက်နေရပေမဲ့ ခွဲထွက်ဖို့လဲမတွေးကြပါဘူး။ ခွဲထွက်ဖို့လဲ အဘက်ဘက်အခြေအနေအရ မဖြစ်နိုင်မှန်းတိုင်းရင်းသားတွေသိပါတယ်။ ဒီကနေ့ခေတ်မှာ တိုင်းပြည်အသစ်လဲ ပေါ်ထွက်ဖို့ ကမ္ဘာ့အခင်းအကျင်းအရရှားပါတယ်။ အဆုံးစွန်ဆုံး တကယ်ခွဲထွက်သည့်တိုင်အောင် ကျမတို့ ဗမာတွေ အနေနဲ့ နယ်မြေကို စိုးရိမ်စရာမလိုပါဘူး။ အစထဲက ကျမတို့ပိုင်တဲ့မြေမဟုတ်ပဲနဲ့ ပင်လုံစာချုပ်အရသာ ကျမတို့ပိုင်သလိုလို ဖြစ်နေတဲ့မြေတွေပါ။ အစထဲက သူတို့ပိုင်တဲ့မြေတွေအပေါ်ကျမတို့က ပိုင်ဖို့ကြိုးစားတာဖြစ်ပါတယ်။

ကျွန်မသူငယ်ချင်းတွေရေးတာတွေ့ပါတယ်။ ဒီလို တိုင်းရင်းသားတို့ လူမျိုးအခြေပြုမျိုးချစ်စိတ်ဓာတ် (ethno-nationalism) ပြင်းနေသမျှ ဖက်ဒရယ်နဲ့ဝေးနေဦးမယ် လို့ရေးထားတာတွေ့ပါတယ်။ ဒါပေမဲ့ ethno-nationalism ကိုထည့်မတွက်ပဲ လူနည်းစုတိုင်းရင်းသားတွေပြောနေတာကို နားမထောင်ပေးတဲ့ အခါ ဖက်ဒရယ်ဖြစ်လာနိုင်မှာပါလား။ ကျွန်မတို့သာမန် ဗမာလူမျိုးသာမန်လူတွေအနေနဲ့ စစ်ပွဲကို မတားနိုင်ပါဘူး။ မတားနိုင်သရွေ့လဲ ဗမာမုန်းတီးမှုကဆက်ရှိနေမှာပါ။ စစ်ပွဲကိုမတားနိုင်ပေမဲ့ ကျမတို့လုပ်နိုင်တာက တိုင်းရင်းသားတွေရဲ့အနာကို အသိအမှတ်ပြုပေးနိုင်ပါတယ်။ ပထမဆုံး သူတို့ပြောနေတာတွေနားထောင်ပေးရင်း သူတို့ခံစားချက်တွေကိုပြောခွင့်ပေးရင်းနဲ့ တဖြည်းဖြည်း တည်ဆောက်ယူကြရမှာပါ။ ထိကပါး ရိကပါးနဲ့ သူတို့ခံစားချက်တွေကိုလှောင်ပြောင်၊ တိုင်းရင်းသားစွဲကြီးရလားဆိုပြီး သူတို့ကို အပြစ်တင်နေတဲ့အခါ သူတို့အနေနဲ့
ငါတို့ဒေသမှာမတရားလုပ်တဲဗမာတွေနဲ့ တခြားဗမာတွေဟာ အတူတူပါပဲ လို့ပိုမြင်ရုံပဲရှိတယ်လို့ မြင်မိပါတယ်။

( အထက်ပါစာတွင် တိုင်းရင်းသားဟုသုံးနှုံးထားသည်မှာ လူနည်းစုတိုင်းရင်းသားများကိုဆိုလိုပြီး ဗမာသည်တိုင်းသားမဟုတ်လို့မဆိုလိုပါ။ အများခေါ်အနေဖြင့်နားလည်လွယ်အောင် ရေးထားခြင်းသာဖြစ်ပါသည်။)

အိမ့်သီရိသူ