အီရန်အရေး၊ သမ္မတ Trump နဲ့ အမေရိကန်ပြည်တွင်း နိုင်ငံရေး

အမေရိကန် သမ္မတဟာ အမေရိကန်ပြည်ထောင်စုကို အီရတ်စစ်ပွဲ ထက်ဆိုးတဲ့ နောက်ထပ် စစ်ပွဲတခုဆီ ခေါ်သွားဖို့ လုပ်နေပြီဆိုပြီး ဇန္နဝါရီလ ၁၄ ရက်နေ့ညက ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ စကားစစ်ထိုးပွဲမှာ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders က ဝေဖန်ပြောဆိုပါတယ်။ လတ်တလောဖြစ်နေတဲ့ အီရန်နဲ့ အမေရိကန်အကြား တင်းမာမှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်နဲ့ အီရန် စစ်ဖြစ်တော့မလား တင်းမာမှုတွေ တိုးလာနေတဲ့အချိန် စစ်ကို ဆန့်ကျင်တဲ့ ဝေဖန်သံတွေကို ကြားနေရတာပါ။

သမ္မတ Trump ရဲ့ လုပ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်ကို ထိခိုက်စေတယ်။ မဟာမိတ်တွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးစေတယ်။ ဒါကြောင့်လည်း နောင်တက်လာမယ့် သမ္မတအနေနဲ့ မဟာမိတ်တွေနဲ့ ပြန်လည်ပေါင်းစည်းရေးကို ကြိုးစားရလိမ့်မယ်ဆိုပြီး ဒုသမ္မတဟောင်း Joe Biden ကလည်း စကားစစ်ထိုးပွဲမှာ ဝေဖန် ပြောဆိုသွားပါတယ်။ စကားစစ်ထိုးပွဲမှာပါတဲ့ တခြား ဒီမိုကရက်တစ် ပါတီတွင်း သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေသူ အားလုံးနီးပါးကလည်း သမ္မတ Trump ရဲ့ အီရန်အရေး ချဉ်းကပ်မှု၊ လက်ရှိဖြစ်နေတဲ့ စစ်ရေး တင်းမာမှုတွေအပေါ်မှာ စိုးရိမ်တဲ့အကြောင်း ပြောဆိုကြတာပါ။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသကို ပို့ထားတဲ့၊ အီရတ်မှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့အကြောင်းတွေကို ပြောဆိုသွားကြတာပါ။

အီရန် တော်လှန်ရေးအစောင့်တပ်နဲ့ အထူးတပ်ဖွဲ့ Quads ရဲ့ ထိပ်တန်း တပ်မှူးကြီး Qassem Soleimani ကို ဇန္နဝါရီလ ၃ ရက်နေ့ က အီရတ်နိုင်ငံ နိုင်ငံတကာလေဆိပ်အနီးမှာ အမေရိကန်ဘက်က လေကြောင်းကနေ အဝေးထိန်းဒရုံးယာဉ်သုံး ရော့ကက်နဲ့ တိုက်ခိုက် လုပ်ကြံလိုက်ခဲ့တာကြောင့် ဒီ သတ်ဖြတ်မှုဟာ စစ်ကြေညာတဲ့ လုပ်ရပ်လို့ အီရန်ဘက်က တုံ့ပြန်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Qassem Soleimani ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်ပံ့ပိုးပေးနေတဲ့ လက်နက်ကိုင်အဖွဲ့တွေ စစ်ဆင်နိုင်အောင် အဓိက မဟာဗျုဟာရေးဆွဲသူ၊ ကြိုးကိုင်ဖန်တီးသူလို့ လူသိများသလို အမေရိကန် အကျိုးစီးပွားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ စီစဉ်ရာမှာ အဓိက တာဝန်ရှိသူတဦးအဖြစ် သတ်မှတ်ခံထားရသူပါ။ ဒီလုပ်ရပ်အပေါ်မှာ အီရန်ဘက်က အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။ အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က ၀မ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက် ကြေညာခဲ့ပြီး သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက Soleimani ရဲ့ ရုပ်အလောင်း ပြန်သယ်တဲ့ လမ်းမှာ ကြိုခဲ့ကြပါတယ်။ ထုံးစံအတိုင်း အီရန်ပြည်သူတွေရဲ့ အမေရိကန်တွေ ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေ ညံခဲ့ပါတယ်။

အီရန်ဘက်က ပြန်တိုက်ခိုက်လာတော့မယ်ဆိုတာကို သိတဲ့အတွက် အီရတ်နိုင်ငံထဲမှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ အားလုံး ဖြစ်တဲ့နည်းနဲ့ ထွက်ကြဖို့ ဘဂ္ဂဒက်မှာရှိတဲ့ အမေရိကန်သံရုံးက နောက်တရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်က လေကြောင်းလိုင်းတွေအပြင် တခြား နိုင်ငံတကာ လေကြောင်းလိုင်းတွေကလည်း ခရီးသည်တင်လေယာဉ်တွေကို အီရတ်ပိုင် လေကြောင်းနယ်နမိတ်၊ ပါရှန်ပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့ ရေပြင်တွေပေါ်မှာ မပျံသန်းရလို့ အမိန့်ထုတ်ခဲ့ကြပါတယ်။ ဒီလို အမိန့်ထုတ်ထားတဲ့ကြားကပဲ ဇန္နဝါရီလ ဂ ရက်နေ့ အီရန် နိုင်ငံ Tehran မြို့တော် Imam Khomeini လေဆိပ်က တက်လာတဲ့ Boeing 737 ခရီးသည်တင်လေယာဉ်တစင်းကို အီရန်ဘက်က မှားယွင်းပြီး မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လေယာဉ်ပေါ်မှာပါသွားတဲ့ ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်း ၁၇၆ ယောက်သေဆုံးခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ပါသွားတဲ့ ခရီးသည်တွေထဲမှာ အီရန်နိုင်ငံသား ၈၀ ကျော်ပါပြီး အဲဒီအထဲမှာ ကနေဒါမှာ ပညာသင်နေတဲ့ ကောလိပ် ကျောင်းသားဟောင်း ၂၀ ကျော်ပါပါတယ်။ စောစောပိုင်းမှာ အီရန်ဘက်က သူတို့ ပစ်တာ မဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့တာကြောင့် အီရန်ပြည်သူတွေ ဒေါသထွက်ခဲ့ကြပါတယ်။ ခရီးသည်တင် လေယာဉ်မှားယွင်းပစ်ခတ်မှုကြောင့် အီရန်နိုင်ငံအတွင်းမှာလည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပါတယ်။

ယူကရိန်း ခရီးသည်လေယာဉ်ကို မှားပြီး ပစ်မိတဲ့ ဇန္နဝါရီလ ဂ ရက်နေ့မှာပဲ အီရတ်မှာရှိတဲ့ အမေရိကန် အခြေစိုက်စစ်စခန်း ၂ ခုကိုလည်း ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေနဲ့ အီရန်ဘက်က ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ သတင်းကြိုရပြီး တပ်ဖွဲ့ဝင်တွေကို ဘေးလွတ်ရာ ရှောင်နိုင်ခဲ့တဲ့အတွက် အမေရိကန်တပ်ဖွဲ့ဝင် တဦးတယောက်မှ ထိခိုက်ဒဏ်ရာရခဲ့တာတော့ မရှိပါဘူး။ တပ်ဖွဲ့ဝင် ၁၅၀၀ လောက် စခန်းချနေထိုင်တဲ့ အီရတ်နိုင်ငံ Ain al-Asad လေတပ်စခန်းထဲက အဆောက်အဦးတခုနဲ့ တခြား လေတပ်စခန်းက အဆောက်အဦးတွေ ပျက်ဆီးခဲ့ပါတယ်။ အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က ဒီတိုက်ခိုက်မှုဟာ အမေရိကန်တွေကို ပါးပြန်ရိုက် ဆုံးမလိုက်တဲ့ လုပ်ရပ်ဖြစ်တယ်၊ ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးဘူးလို့ သူ့နိုင်ငံသားတွေကို မိန့်ခွန်းပြောခဲ့ပါတယ်။

တချိန်တည်းမှာ အမေရိကန် နိုင်ငံရေးအသိုင်းအဝိုင်းမှာ အဓိက မေးခွန်းထုတ်နေတာက အသတ်ခံလိုက်ရတဲ့ အီရန်ဗိုလ်ချုပ်ကြီး Qassem Soleimani ဟာ တကယ်ပဲ အမေရိကန်တွေကို နေ့ချင်းညချင်း ဆိုသလို တိုက်ခိုက်နိုင်တဲ့ အန္တရယ် ရှိတဲ့ အကြံအစည်တွေကို ကြံစည်နေတာလား။ သမ္မတ Trump အစိုးရ ရတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်နဲ့ သက်သေအထောက်အထား ဘယ်လောက်အထိ ခိုင်မာသလဲ ဆိုတာပါ။ သူ့ကို မသတ်ခင် ရက်ပိုင်းအတွင်း အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မှာ အမေရိကန်သံရုံးကို ဝိုင်းပြီး ဆန္ဒပြတာ၊ ဆန္ဒပြသူတွေက သံရုံးထဲဝင်ဖို့ ကြိုးစားတာ၊ မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက်တာတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒပြပွဲတွေက အီရန်ဗိုလ်ချုပ်ကြီးကို အဝေးထိန်း ဒရုံးသုံး ရော့ကက်နဲ့ပစ်ပြီး အီရတ်နိုင်ငံတကာလေဆိပ်မှာ လုပ်ကြံ ရလောက်တဲ့အထိ ပြန်တိုက်ခိုက်ဖို့ အထောက်အထား လုံလောက်ရဲ့လား ဆိုတာကို မေးခွန်းထုတ်ကြတာပါ။ သမ္မတ Donald Trump ကတော့ စစ်ကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး Soleimani ကို သတ်လိုက်တာဖြစ်တယ်လို့ ချေပပြောဆိုထားပါတယ်။ Soleimani ရဲ့လက်မှာ အမေရိကန်တွေနဲ့ အီရန်တွေရဲ့ သွေးတွေ စွန်းပေ နေတယ်ဆိုတာ သတိရစေချင်တယ်လို့ပြောဆိုပြီး ကိုယ့်အသက်ကို တန်ဖိုးထားရင် တခြားသူတွေရဲ့ အသက်ကို မခြိမ်းခြောက်နဲ့ဆိုတာ အကြမ်းဖက်သမားတွေကို လေးလေးနက်နက် အသိပေးလိုက်တာလို့ ဇန္နဝါရီလ ၈ ရက်နေ့ နိုင်ငံကို ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောပါတယ်။

၂၀၂၀ နှစ်ဦး ဇန္နဝါရီလအတွင်းမှာပဲ အရှေ့အလယ်ပိုင်းဒေသရဲ့ အဖြစ်အပျက်တွေဟာ အလျင်အမြန် ပြောင်းလဲနေခဲ့ပါတယ်။ နိုင်ငံတကာသတင်းတွေမှာ အီရန် ဗိုလ်ချုပ်ကြီး Soleimani ရဲ့ အလောင်းကို အီရတ်ကနေ ပြန်သယ်လာတဲ့ မြင်ကွင်းတွေ၊ သိန်းနဲ့ချီတဲ့ လူအုပ်ကြီးရဲ့ အလောင်းဘေးက ခြံရံပြီး အမေရိကန်ဆန့်ကျင်ရေးကြွေးကြော်သံတွေ၊ နောက် ဗိုလ်ချုပ်ကြီး Soleimani ရဲ့ ဇာတိမြို့က ဈာပနအခမ်းအနားမှာ လူတွေ တက်နင်းမိပြီး အုတ်အော်သောင်းနင်း ထိန်းမရလို့ လူ ၅၀ ကျော် သေဆုံးသွားတဲ့ သတင်းတွေ နိုင်ငံတကာ သတင်းတွေမှာ တွေ့နေရပါတယ်။ ယူကရိန်း ခရီးသည်တင် လေယာဉ်ကို မှားပြီး ပစ်ခတ်မိတာပါလို့ အီရန်ဘက်က ၀န်ခံလိုက်ချိန်မှာ ထောင်နဲ့ချီတဲ့ အီရန်ပြည်သူတွေ လမ်းပေါ်ထွက်ပြီး လိမ်ညာသူတွေ ကျဆုံးပါစေလို့ အစိုးရကို ဆန့်ကျင်အော်ဟစ်ခဲ့တာ၊  စစ်ဦးစီးချုပ်ဖြစ်တဲ့ ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei နုတ်ထွက်ပေးဖို့ တောင်းဆိုတာတွေကိုလည်း နိုင်ငံတကာက အာရုံစိုက်နေခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Mike Pompeo က အီရန်ရဲ့ အခြေအနေက လည်ပင်းကိုအညစ်ခံလိုက်ရတဲ့ အခြေအနေဆိုပြီး ဘေးကျပ်နံကျပ် ဖြစ်နေပြီလို့ တွေဆုံမေးမြန်းခန်းတခုမှာ နိုင်းယှဉ် ပြောသွားပါတယ်။

ဒါပေမဲ့လည်း ပြည်တွင်း နိုင်ငံရေး အကြပ်အတည်းကို အီရန်နိုင်ငံ တခုတည်း ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ အမေရိကန် သမ္မတ Donald Trump ရဲ့ လုပ်ရပ်ဟာ ရှေ့နောက်မညီတဲ့ ထင်ရာစိုင်းတဲ့ လုပ်ရပ်ဆိုပြီး ဒီမိုကရက်တစ်ပါတီဝင် အမတ်တွေက ဝေဖန်ပြောဆိုနေပါတယ်။ သမ္မတ အီရန်ဗိုလ်ချုပ်ကြီးကို လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စမှာ လွှတ်တော်ခေါင်းဆောင်တွေကို အသိပေး တိုင်ပင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝေဖန်ခဲ့တာပါ။ ဇန္နဝါရီလ ၁၀ ရက်နေ့မှာ အီရန်ကို စစ်ရေးအရ ထိုးစစ်ဆင်နိုင်တဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်လိုက်တဲ့ ဥပဒေကို ဒီမိုကရက်တစ်ပါတီဝင် အများစု လွှမ်းမိုးတဲ့ အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ထောက်ခံမဲ ၂၂၄ မဲ၊ ကန့်ကွက်မဲ ၁၉၄ မဲနဲ့ အတည်ပြုလိုက်တဲ့ ဥပဒေဟာ ရီပတ်ဗလစ်ကန်ပါတီဝင် အများစု လွှမ်းမိုးတဲ့ အထက်လွှတ်တော်ကပါ လက်ခံ အတည်ပြုမယ့်ပုံတော့ မရှိပါဘူး။ ဒါပေမဲ့လည်း သမ္မတ Trump အနေနဲ့ အီရန်ကို စစ်ရေးအရ တိုက်ခိုက်မယ်ဆိုရင် လွှတ်တော်ရဲ့ အတည်ပြုချက် ယူရမယ်ဆိုတာ အသိပေးလိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က လွှတ်တော်မှာသာ စစ်ကြေညာခွင့် အခွင့်အာဏာရှိတဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး စစ်ရေးတင်းမာမှုတွေ လျော့သွားအောင် လုပ်မယ့်အကြောင်း ပြောဆိုပါတယ်။ ဒီလို သမ္မတရဲ့ စစ်ရေးလုပ်ပိုင်ခွင့်ကို ကန့်သတ်တဲ့ ဆုံးဖြတ်ချက် အောက်လွှတ်တော်က အတည်ပြုလိုက်ပေမဲ့ ချက်ခြင်းဆိုသလို အရေးပေါ် တိုက်ခိုက်မှုကို ခံရနိုင်တဲ့ အနေအထားမျိုး အမေရိကန်ပြည်ထောင်စုကြုံလာရပြီ ဆိုရင်တော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို လွှတ်တော်က ချွင်းချက်နဲ့ ခွင့်ပြုထားပါတယ်။ သမ္မတ Trump ကတော့ လုပ်ကြံခံလိုက်ရတဲ့ အီရန်ဗိုလ်ချုပ်ကြီး Soleimani ဟာ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်သံရုံးတွေကို ဖေါက်ခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ပြောပါတယ်။ ဒီပြောဆိုချက်အပေါ်မှာလည်း ခိုင်လုံတဲ့ သက်သေအထောက်အထား ပြဖို့ ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ်တွေက တောင်းဆိုခဲ့ပေမဲ့ ပန်တဂွန်စစ်ဌာနချုပ်က ထိပ်တန်းအရာရှိတွေကိုယ်တိုင် သက်သေအထောက်အထားနဲ့ ခိုင်ခိုင်လုံလုံ ထောက်ခံပြောဆိုသွားတာမျိုး မတွေ့ရပါဘူး။

သမ္မတ Trump ဟာ သူရင်ဆိုင်နေရတဲ့ ပြည်တွင်း နိုင်ငံရေးအကြပ်အတည်းကို ထွက်ပေါက်ရှာတဲ့အနေနဲ့ အီရန်နဲ့ စစ်ရေးပဋိပက္ခ ဖန်တီးဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ဝေဖန်သုံးသပ်ချက်တွေ ပိုများလာခဲ့ပါတယ်။ အီရန်ဗိုလ်ချုပ်ကြီးကို သတ်လိုက်တဲ့ အချိန်ဟာ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ Trump ကို အရေးယူ တရားစွဲဖို့ အောက်လွှတ်တော်က အတည်ပြုထားပြီး၊ ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် လွှတ်တော်အမတ်တွေအကြား အပြန်အလှန် ငြင်းခုံဆွေးနွေးနေတဲ့ အချိန်ဖြစ်ပါတယ်။ နိုင်ငံရေးပြိုင်ဖက် ဒုသမ္မတဟောင်း Joe Biden နဲ့ သားကို စုံစမ်းဖို့ ယူကရိန်းသမ္မတကို ဖိအားပေးပြီး လွှတ်တော်က ပေးထားတဲ့ စစ်ရေးအကူအညီတွေကို ဆိုင်းငံ့ခဲ့တဲ့ကိစ္စ၊ အာဏာအလွဲသုံးစားလုပ်တယ်ဆိုပြီး အောက်လွှတ်တော်က အတည်ပြု ဆုံးဖြတ်ထားတာပါ။ အမေရိကန် သမိုင်းမှာ တတိယမြောက် သမ္မတအဖြစ် လွှတ်တော်က တရားစွဲတာခံရတဲ့အချိန်၊ သူရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကြပ်အတည်းကို အာရုံလွှဲဖို့ သမ္မတ Trump ကြိုးစားတာဆိုပြီး နိုင်ငံရေးအကဲခတ်တွေက ဝေဖန်နေကြတာပါ။

ဒါပေမဲ့လည်း အီရန်နဲ့စစ်ရေး တင်းမာမှုကြောင့် သမ္မတ Trump အပေါ် အမေရိကန် မဲဆန္ဒရှင်ပြည်သူတွေရဲ့ ထောက်ခံမှု တက်လာမယ် တက်မလာဘူးဆိုတာ မသေခြာပါဘူး။ အမေရိကန်ပြည်သူတွေကြားမှာ အာဖဂန်စစ်ပွဲ၊ အီရတ်စစ်ပွဲ စတဲ့ နှစ်ရည် စစ်တွေအပေါ် ပင်ပန်း စိတ်ပျက်နေတဲ့အတွက် သမ္မတအပေါ် လူထုထောက်ခံမှု ကျဆင်းနေတာကို ပြန်အဖတ်ဆည်ဖို့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ကျိန်းသေပြောလို့ မရဘူးဖြစ်နေပါတယ်။

အမေရိကန် သမိုင်းမှာ ၁၉၉၁ ခုနှစ် နှစ်ဆန်း ပင်လယ်ကွေ့စစ်ပွဲကာလ သမ္မတဟောင်း George H.W. Bush က ဆော်ဒီအာရေးဗီးယားကို တပ်တွေလွှတ်ပြီး အီရတ်ကို လေကြောင်းကနေ ထိုးစစ်ဆင်ခဲ့ပါတယ်။ George H.W. Bush ရဲ့ သား သမ္မတဟောင်း George W. Bush လက်ထက် ၂၀၀၃ ခုနှစ် အီရတ်ကို ကျုးကျော်ခဲ့တဲ့အချိန်မှာလည်း သမ္မတအပေါ် အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှုတွေ တိုးခဲ့ဖူးပါတယ်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလက သမ္မတဟောင်း Bill Clinton ကို လွှတ်တော်က တရားစွဲ အရေးယူဖို့ ပြင်ဆင်နေချိန်မှာ အာဖဂနစ္စတန်နဲ့ ဆူဒန်နိုင်ငံတွေမှာ အမေရိကန်သံရုံးတွေကို အကြမ်းဖက်ဝါဒီတွေ တိုက်ခိုက်ခဲ့တယ်ဆိုပြီး တုံ့ပြန်တိုက်ခဲ့တာ၊ အီရတ်ကို လေကြောင်းကနေ မစ်ဇိုင်းဒုံးနဲ့ ပစ်ခဲ့တာတွေကြောင့် သူ့ကို အရေးယူရေးကိစ္စတွေ လွှတ်တော်မှာ တပတ်လောက် ရွှေ့ဆိုင်းခဲ့ရပါတယ်။ လွှတ်တော်က တရားစွဲဖို့ ကြိုးပမ်းချက်ကို အာရုံလွှဲတာဆိုပြီး ဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် မတ်လ Kosovo ကို အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ်အဖွဲ့ ဗုံးကျဲတိုက်ခိုက်တော့လည်း သမ္မတ Bill Clinton နဲ့အတူ ထောက်ခံ ရပ်တည်တဲ့ အမေရိကန် မဲဆန္ဒရှင်တွေ တိုးလာခဲ့ပါတယ်။ သမ္မတ Barack Obama လက်ထက်မှာတော့ စစ်ရေးအခြေအနေကြောင့် သူ့ပေါ် လူထုထောက်ခံမှု ပိုရအောင် တမင်ဖန်တီးသွားတယ်ဆိုတဲ့ ဝေဖန်ချက်မျိုးတွေ သိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ ၂၀၁၁ ခုနှစ် အကြမ်းဖက်သမား အိုစမာဘင် လာဒင်ကို သတ်နိုင်လိုက်ပြီး နောက်ပိုင်းကာလနဲ့ ဆီးရီးယားက အိုင်းဇစ် အကြမ်းဖက်အဖွဲ့တွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အချိန်တွေမှာ သူ့အပေါ် လူထုထောက်ခံမှုတွေ ပိုတိုးလာခဲ့ဖူးပါတယ်။ ပုံမှန်အားဖြင့် တခြားနိုင်ငံတခုနဲ့ စစ်ရေးတင်းမာမှုတွေ ပေါ်လာတဲ့အချိန်၊ အရေးပေါ် ထိုးစစ်ဆင်ဖို့ လိုအပ်နေတဲ့အချိန်၊ ခုခံကာကွယ်ဖို့ လိုအပ်နေတဲ့အချိန်တွေမှာ အမေရိကန်ပြည်သူတွေဟာ အစိုးရနဲ့အတူ ရပ်တည်ပြီး သမ္မတွေအပေါ် ထောက်ခံမှုပေးကြတာ အစဉ်အလာတခုဖြစ်ပါတယ်။

ဒါပေမဲ့လည်း လက်ရှိ အမေရိကန်နိုင်ငံရေးမှာ သဘောထားကွဲပြားမှုတွေ တဖက်စွန်းရောက်နေတဲ့ အချိန်ဖြစ်သလို ဒီမိုကရက်တစ် ပါတီဝင် အများစု လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်နဲ့ ရီပတ်ဗလစ်ကန် အများစုလွှမ်းမိုးထားတဲ့ အထက်လွှတ်တော်အကြား ပါတီစွဲနဲ့ နိုင်ငံရေး ကွဲလွဲချက်တွေ တိုးလာနေတဲ့အချိန်ဖြစ်ပါတယ်။ သမ္မတ Trump ကို တရားစွဲဆိုရေးအတွက် ကြားနာစစ်ဆေးဖို့ အောက်လွှတ်တော်က အထက်လွှတ်တော်ကို စွဲချက်တွေ ပေးပို့လိုက်ပေမဲ့ သမ္မတ Trump ကို အရေးယူရေး အထက်လွှတ်တော်က အတည်ပြုဖို့ဆိုတာတော့ လုံးဝ ဖြစ်နိုင်ချေမရှိပါဘူး။ Bipartisan Policy Center က နိုင်ငံရေးအကဲခတ် John Fortier ကတော့ နိုင်ငံခြားရေး မူဝါဒဆိုတာ ခန့်မှန်းရခက်ပြီး ပြဿနာတွေ ကြီးထွားလာတာနဲ့ အမျှ သမ္မတအပေါ် ထောက်ခံမှု ကန့်ကွက်မှုတွေလည်း အပြောင်းအလဲ ဖြစ်နိုင်တယ်၊ ခန့်မှန်းလို့ ခက်တဲ့ ၀ှက်ဖဲတချပ်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း သမ္မတ Trump အပေါ် လူထုထောက်ခံမှု တက်လာမလာ မသေခြာသလို၊ ပြည်တွင်း နိုင်ငံရေး အကျပ်အတည်း သဘောထား ကွဲလွဲချက်တွေ ပြေလည်သွားအောင် စုစည်းနိုင်မယ့် အနေအထားကို ရောက်ဖို့ ဆိုတာလည်း အလှမ်းဝေးနေဆဲလို့ မြင်ရပါတယ်။ လာမယ့် ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ သမ္မတ Donald Trump ပြန်အရွေးခံရအောင် မဲတွေ တိုးရမရဆိုတာလည်း နိုင်ငံရေးသုံးသပ်သူ John Fortier ပြောသလို ခန့်မှန်းရခက်တဲ့ ၀ှက်ဖဲတချပ်လို့ပဲ ပြောရအုံးမှာဖြစ်ကြောင်းပါခင်ဗျား။

ထိုက်သူနိုင်