အမေစုတော့ အလိမ်ခံထိနေပြီကတစ်ဆင့် . . .

”ကျွန်မတို့ရဲ့ အဖွဲ့ချုပ်က ပြည်သူ့အပေါ်မှာပေးထားတဲ့ ကတိကဝတ်တွေကို ဖျက်ခဲ့တယ်ဆိုတာ တစ်ခါမှမရှိခဲ့ပါ ဘူး။ ပြည်သူကိုထိခိုက်စေတဲ့ ကိစ္စတွေရှိလာပြီဆိုလို့ရှိရင် ပြတ်ပြတ်သားသားဥပဒေဘောင် အရိပ်အတွင်းကနေပြီးတော့ အရေးယူမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့တစ်နိုင်ငံလုံးမှာ ကျွန်မတို့ ပြည်သူ ပြည်သားတွေရဲ့ အကျိုးအတွက် တာဝန်ထမ်းဆောင် ခွင့်ရနေတဲ့ ပုဂ္ဂိုလ်များအားလုံးဟာ မိမိတို့ ရဲ့တာဝန်တွေကို ဖြောင့်ဖြောင့်မတ်မတ် ပွင့်ပွင့်လင်းလင်းနဲ့ တိတိကျကျဆောင်ရွက်ကြ ပါလို့ ကျွန်မအနေနဲ့ ဆော်သြချင်ပါတယ်”

ဒါကတော့ ၁၃-၂-၂ဝ၁၉ရက်နေ့က မြိတ်မြို့မှာကျင်းပတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲတွေမှာ ဆုရရှိသူတွေ ကိုဆုချီးမြှင့်တဲ့အခန်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိန့်ခွန်း ထဲက စကားတွေပါပဲ။ လူထုနဲ့တွေ့ဆုံပွဲပြုလုပ်မယ့် ပုလဲရတနာခမ်းမကြီးရှေ့မှာတော့ မြိတ်မြို့မှာနေထိုင်ကြတဲ့ ဒေသခံ ပြည်သူအချို့ဟာ သူတို့ရဲ့ဆန္ဒတွေကို ဆိုင်းဘုတ်ကလေးတွေမှာ ရေးကိုင်ပြီး တောင်းဆိုခဲ့ကြတာတွေ့ရပါတယ်။ ဆိုင်း ဘုတ်လေးတွေပေါ်မှာ ရေးထားတဲ့ စာသားတွေကတော့-

”အမေစု အလိမ်ခံထိနေပြီ”

”အမေစု အနီးဆုံးပြည်သူတွေအပေါ် သစ္စာဖောက်နေပြီ”

”တနင်္သာရီတိုင်း NLD ကိုပြုပြင်ပေးကြပါ”

အစရှိတာတွေ ဖြစ်ပါတယ်။ ဒီစာသား တွေကိုကြည့်မယ်ဆိုရင် တနင်္သာရီတိုင်းအ စိုးရအဖွဲ့နဲ့ တနင်္သာရီတိုင်း NLD ထဲမှာ တစ်ခုခု ဖြစ်နေပြီဆိုတာသိနိုင်ပါတယ်။ ဒီတစ်ခုခုကို ဒေါ်အောင်ဆန်းစုကြည်မသိ သေးပေမယ့် ဒေသခံပြည်သူလူထုက တော့ ရိပ်မိနေတယ်ဆိုတာ သိသာထင်ရှားပါတယ်။

ဒါ့အပြင် ”တနင်္သာရီတိုင်းဝန်ကြီးချုပ်အား လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှု ရှိ,မရှိ စိစစ်အရေးယူပေးပါ အ မေ။ NLD ပုံရိပ်ကို ကျဆင်းစေသောတိုင်း ဥက္ကဋ္ဌဦးအောင်စိုး၊ တိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်၊ တိုင်းဝန်ကြီးဦးဖြိုးဝင်းထွန်း အား အမြန်ဖယ်ရှားပေးပါ။ တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့်တိုင်းအစိုးရအဖွဲ့အား အမြန်ဆုံးပြောင်းပေး။ တိုင်း NLD ဥက္ကဋ္ဌဦး အောင်စိုးအားအမြန်ဆုံးဖယ်ရှားပေး၊ ၂ဝ၂ဝတွင်  NLD ပါတီအပြတ်အသတ် နိုင်ရလိုပါက ဝန်ကြီးချုပ်ဒေါက်တ်ာလဲ့လဲ့မော်၊ တိုင်း NLD ဥက္ကဋ္ဌဦးအောင်စိုး၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့အား အမြန်ဖယ်ရှားပေးပါ။ ကျွန်တော်တို့ တိုင်းသည် Animal Farm ဖြစ်နေပါပြီ။ အမေ တနင်္သာရီတိုင်းကို လူစားလဲပေးပါ”စတဲ့ ပိုစတာတွေကို ကိုင် မြှောက်ပြီး သူတို့ရဲ့ဆန္ဒကို ထုတ်ဖော် တောင်းဆိုခဲ့ကြပါသေးတယ်။

၂ဝ၁ဝပြည့်နှစ်မှာ ရွေးကောက်ပွဲတက်လာတဲ့ (NLD ပါတီဝင်ရောက် မယှဉ်ပြိုင်ခဲ့တဲ့အတွက်) ဦးသိန်းစိန်အစိုးရ လက်ထက်မှာပဲ ဒီမိုကရေစီအနှစ်အရသာတစ်ခုဖြစ်တဲ့ ဆန္ဒထုတ်ဖော်ခွင့်တွေကို အကန့်အသတ်အချို့နဲ့ ပြည်သူလူထုရရှိခဲ့ ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ NLD ပါတီအနိုင်ရရှိပြီးနောက်ပိုင်း ငြိမ်းစုစီ ဥပဒေသစ်တွေပြဋ္ဌာန်းပြီး ဆန္ဒ ထုတ်ဖော်ခွင့်ပြုခဲ့တာ ကြောင့် ၈နှစ်သက်တမ်းအတွင်းမှာ ပြည်သူလူထုက သူလုပ်ရမယ့် အလုပ်ကိုတိတိကျကျ သိလာပြီးပွင့်ပွင့် လင်းလင်း လုပ်ဆောင်လာနေပြီလို့ ပြောရမှာဖြစ်ပါတယ်။ ”နိုင်ငံရေး”ဟာ ပြန်ပြီး ရှင်သန်လာခဲ့ရုံသာမဟုတ်ပါဘူး။ လူတိုင်းနီးပါး စိတ်ဝင်တစားဖြစ်လာတဲ့ အခြေအနေမှာ ရှိပါတယ်။

ဒါကြောင့် ဒီကနေ့ပြည်သူလူထုဟာ လွတ်လပ်ရဲတင်းလာခဲ့ပြီလို့ဆိုရမှာပါ။ စစ်အစိုးရအဆက်ဆက် သေနတ်ပြခြိမ်း ခြောက် ပြီးရိုးသားဖြူစင်တဲ့ ပြည်သူလူထုရင်ထဲကို အတင်းအဓမ္မထည့်ပေးခဲ့တဲ့ ”အကြောက်တရား”ဟာ ဒီကနေ့မှာတော့ အဲဒီလိုထိုး ထည့်ပေးခဲ့တဲ့လူတန်းစား (ဒါမှမဟုတ်)အာဏာရှိသူ ရဲ့ရင်ထဲကို ပြန်ပြောင်းရောက်ရှိ ရှင်သန်နေပြီဖြစ်ပါတယ်။ လုပ်ပိုင်ခွင်တွေ ကို အလွဲသုံး စားလုပ်မလား၊ တာဝန်ယူမှု၊ တာဝန်ခံမှုကို လျစ်လျူရှုမလား ဒါဆိုရင် ပြည်သူနဲ့ရင်ဆိုင် ကြုံတွေရမှာသေချာတဲ့ ခေတ်ကို ရောက်လာပြီလို့ ပြောရပါမယ်။

ဒါကြောင့်လည်း တနင်္သာရီက ပြည်သူတွေရဲ့ အသံဟာ သက်ဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ နားထဲ၊ ရင်  ထဲကို ဒုတ်ဒုတ်ထိရောက်သွားခဲ့ရပါတယ်။ ဒီအသံတွေနဲ့ ပတ်သတ်လို့ အဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ၄-၂-၁၉ကနေ ၆.၃.၁၉အထိ နေပြည်တော်၊ ရန်ကုန်နဲ့ ထားဝယ်မြို့တွေမှာ တိုင်ကြားမှုနဲ့ ပတ်သတ် တဲ့ အဝန်းအဝိုင်းအတွင်း ရှိနေသူအားလုံးကို စုံစမ်းစစ်ဆေးမေးမြန်းခဲ့ကြပါတယ်။

အဲဒီလို စုံစမ်းစစ်ဆေးတွေ့ရှိလာတဲ့ အချက်အလက်တွေကတော့ ၂ဝ၁၆ခုနှစ် ဧပြီလမှာ မဟာသင်္ကြန်ပွဲတော် ဗဟို မဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်း၊ ၂ဝ၁၆ခုနှစ် နိုဝင်ဘာလမှာ ထားဝယ်တက္ကသိုလ်ဝင်း အတွင်း ချုံနွယ်များရှင်းလင်းတာ၊ ထားဝယ် လေယဉ်ကွင်းအပြင်ဘက် ချုံနွယ်ရှင်းလင်းတာမှာ အစိုးရအဖွဲကိုတင်ပြတာမရှိ။ တင်ဒါခေါ်တာမရှိဘဲ ကျပ်သိန်း ၄ဝဝဝကို ဝန်ကြီးချုပ်ရဲ့ရာထူးနဲ့ တာဝန်ကိုအလွဲ သုံးစားလုပ်ပြီး F22 Sunny Constrution ကုမ္ပဏီကို တာဝန်ပေးခဲ့တာ တွေကိုတွေ့ရပါတယ်။ ဒါ့အပြင်လမ်းဦးစီးဌာနကို တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁ဒသမ ၉ဘီလီယံ ထုတ်ယူဖို့ အခွင့်အရေး ပေးခဲ့သလို ခင်ပွန်းဖြစ်သူဝယ်ယူထားတဲ့ မြေကွက်နှစ်ကွက်ကို ပိုက်ဆံမပေးဘဲ ခြံစည်းရုံးကာခိုင်းခဲ့ပြီး စုံစမ်းစစ်ဆေးခံရတဲ့ အချိန်ကျတော့မှ ကျသင့် ငွေကျပ်သိန်း ၁၄ဝကျော်ကို ပြန်ပေးတာတွေ သူပိုင်တဲ့ တန်ဖို့ကျပ်သိန်း ၃၂ဝတန်အိမ်ကို ကျပ် သိန်း၂ဝဝဝနဲ့ GGS ကုမ္ပဏီကို ရောင်း ပြီး အဲဒီကုမ္ပဏီကို လုပ်ငန်းအများအပြား ချပေးခဲ့တာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အဂတိလိုက်စားတာတွေဟာ တိုင်းပြည်ဘဏ္ဍာငွေတွေ ဆုံးရှုံးတာ၊ လုပ်ငန်းရှင် တွေနဲ့ အလုပ်အကိုင်အမျိုးအစား မညီမျှမှု တွေကိုဖြစ်ပေါ်စေတာ၊ လုပ်ငန်းဆောင်ရွက် ချက်နဲ့ လုပ်ငန်းပြီးမြောက်မှုအပိုင်းတွေမှာ အရည်အချင်းနဲ့ အရည်အသွေးတွေ မပြည့် မီတော့တာ၊ သက်ဆိုင်ရာလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပြည်သူလူထုအယုံအကြည် ကင်းမဲ့စေတာ အစရှိတာတွေ ဖြစ်စေတဲ့အတွက် ၂ဝ၁ဝဦးသန်းစိန်အစိုးရတက်လာကတည်းက အဂတိတိုက်ဖျက်ရေးအဖွဲ့တွေကို နာမည်ပြောင်းဖွဲ့ပြီး တာဝန်နဲ့လုပ်ပိုင်ခွင့်တွေပေးလို့ အဂတိလိုက်စားမှုတွေမရှိရအောင်၊ လျော့နည်းပပျောက်အောင် ဆောင်ရွက်ခဲ့ တာတွေ့ရ ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်ဟာအဂတိလိုက်စားမှုတွေ လျော့နည်း ပပျောက်ရအောင် အဆင့် ၃ဆင့်နဲ့ဆောင် ရွက်နေတာကို တွေ့ရပါတယ်။ အဲဒီအဆင့် ၃ဆင့်ကတော့ (၁) အဂတိလိုက်စားမှုတွေ မပေါ်ပေါက်စေဖို့ ပညာပေးမယ်။ (၂) ကြို တင်ကာကွယ်မယ်။ သတိပေးမယ်။ ဟန့်တားမယ်။ (၃) ကျော်ဇောသတင်း ဖြစ်နေပြီး မဖုံးနိုင် မဖိနိုင်ဖြစ်လာ တိုင်ကြားလာပြီဆိုရင် အဖွဲ့ဖွဲ့ပြီး စစ်ဆေးမယ်။ ကျူးလွန်တယ်ဆိုတာကို ထင်ထင်ရှားရှားတွေ့ရရင်တော့ ဥပဒေအရ တရားစွဲဆို ဆောင်ရွက်မယ် စတာတွေပဲဖြစ်ပါတယ်။

အဂတိလိုက်စားမှုတွေဟာ သာမန် ထောင်သောင်းစားလို့ရတဲ့ ရုံးဝန်ထမ်းကလေးတွေကနေ ကျပ်သိန်းသန်းချီ ဘီလီယံ လောက်စားလို့ရတဲ့ လုပ်ငန်းကြီးတွေ၊ တိုင်းကျိုးပြည်ပြု လုပ်ငန်းကြီးတွေထဲအထိ နည်းလမ်းပေါင်းစုံနဲ့ ရှိနေကြ တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်းကျွန်တော်တို့ နိုင်ငံအတွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မျှော်မှန်းထားသလောက် ဝင်ရောက်မလာကြတာဟာ ကျွန်တော်တို့နိုင်ငံမှာ အဂတိလိုက်စားမှုတွေ ကြီးကြီးမားမား ကျယ်ကျယ်ပြန့် ပြန့်ရှိနေလို့ဆိုတဲ့ အမြင်တွေလည်း ပါပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှုတွေက အတက်နိုင်ဆုံး ကာကွယ်နိုင်အောင်ဆိုပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနက ကုမ္ပဏီတွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် လိုက်နာရမယ့် ကျင့်ဝတ် ၆ချက်ကို ထုတ်ပြန်ထားပါတယ်။ အဲဒီကျင့်ဝတ် ၆ ချက်ကတော့ –

(၁)လက်ဆောင်၊ ဧည့်ဝတ်ကျေပွန် မှုနှင့် ဖျော်ဖြေမှုများကို တိုက်ရိုက်ဖြစ်စေ, သွယ်ဝိုက်၍ဖြစ်စေ ပံ့ပိုးမှုပေးအပ်ခြင်း။

(၂)ခရီးသွားလာခြင်းအတွက် တိုက်ရိုက်ဖြစ်စေ, သွယ်ဝိုက်၍ဖြစ်စေပေးအပ်ခြင်း။

(၃)လုပ်ငန်းများချောမွေ့စေရန် တိုက် ရိုက်ဖြစ်စေ, သွယ်ဝိုက်၍ဖြစ်စေ ငွေကြေး ပေးအပ်ခြင်း။

(၄) လူမှုဆိုင်ရာ ထည့်ဝင်လှူဒါန်းမှု တွင်တိုက်ရိုက်ဖြစ်စေ, သွယ်ဝိုက်၍ဖြစ်စေ ပေးအပ်ခြင်း။

(၅)နိုင်ငံရေးဆိုင်ရာထည့်ဝင်လှူဒါန်းမှု တိုက်ရိုက်ဖြစ်စေ, သွယ်ဝိုက်၍ဖြစ်စေ ပေးအပ်ခြင်း။

(၆)ကုမ္ပဏီ(သို့)အဖွဲ့အစည်းတွင် ဝန်ထမ်းများ ခန့်အပ်ရာ၌ဆက်စပ်အဖွဲ့အစည်းများအကြား မိမိအကျိုးစီးပွားအတွက် တိုက် ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပံပိုးမှုပေးအပ်ခြင်း

စတာတွေပဲဖြစ်ပါတယ်။ ဒီကျင့်ဝတ် ၆ချက်ကို အမှန်တကယ်သာ လိုက်နာကျင့်သုံးကြမယ်ဆိုရင် ရာထူးအာဏာနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပတ်သက်နေတဲ့ နေရာတိုင်းမှာ အဂတိလိုက်စားမှုတွေ အမှန်ကင်းစင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ငွေဆိုတာသည်းခြေကြိုက်ပါ။ ပါးစပ်ပါတဲ့လူတိုင်းခိုက်နေတော့ အဲဒီ၆ ချက်ကိုမလိမ့်တပတ်လုပ်ပြီး အဂတိလိုက် စားကြတာတွေဟာ ဒီကနေ့ထိထက်တိုင် ကြည်ကြည်ဌေး ဖြစ်လို့နေတုန်းပဲ ရှိပါသေးတယ်။

အရင်းအနှီးများပြားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေမှာ အဂတိလိုက်စားပြီး ကိုယ့်လူကို ကိုယ်ကန်ထရိုက်ပေးတာမျိုး၊ အပေးအယူသဘောနဲ့ စားကျက်စားကွက်တွေ ဖန်တီးပေးတာမျိုးဟာ လက်ဝါး ကြီးအုပ်မှုနဲ့ အရင်းအနှီးများစွာကို ပိုင်ဆိုင်ထားတဲ့ လူတန်းစားလူနည်းစုက ခြယ်လှယ်ချုပ်ကိုင် လွှမ်းမိုးမှုတွေကို ဖြစ်လာ စေပါတယ်။ အာဏာရှိတဲ့သူတွေကို လာဘ်ငွေများများ ထိုးထားနိုင်သူတွေဟာ ဈေးကွက်ကို အုပ်စီးထားနိုင်တဲ့အတွက် ကြောင့် အရည်အသွေးညံ့ဖျင်းလှတဲ့ ကုန်ထုတ်လုပ်မှုတွေကို လုပ်ဆောင်ပြီး ပြည်သူတွေကတော့ ဈေးကြီးကြီးပေးပြီး ဝယ် သုံးရပါတော့တယ်။

လုပ်ငန်းတွေအတွက် တရားမျှတတဲ့ကျင့်ထုံးဟာ တင်ဒါခေါ်တာပဲဖြစ်ပါတယ်။ အဲဒီလိုခေါ်မှလည်း လုပ်ငန်းထဲမှာ အသုံးပြုတဲ့ပစ္စည်း အရည်အသွေးမြင့်မားလာမှုနဲ့ သင့်လျော်မှန်ကန်တဲ့ ဈေးနှုန်းတွေရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီနေရာမှာ အဂတိလိုက်စားလိုက်ပြီဆိုရင် စောစောကပြောခဲ့တဲ့ စစ်မှန်တဲ့ အရည်အသွေးနဲ့ မှန်ကန်တဲ့ဈေးနှုန်းတွေကိုရရှိဖို့ မသေချာ တော့ပါဘူး။ ဒါ ကြောင့် အဂတိလိုက်စားမှုဟာ မူလအရင်း အမြစ်တွေကိုလည်း ဆုံးရှုံးသွားစေနိုင်ပါတယ်။

အဂတိလိုက်စားမှုများတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးတွေဟာ ကမောက်ကမတွေဖြစ်ပြီး ဆင်းရဲချမ်းသာကို အလွန်ပဲ ကွာဟစေပါတယ်။ လူလတ်တန်းစားအလွှာ ပျောက်ပျက်မတတ်ဖြစ်ပြီး လူနေမှုအဆင့်အတန်းတွေလည်း မညီမမျှမှု ဖြစ် လာတတ်ပါတယ်။  နိုင်ငံရဲ့အရင်းအနှီးအများစုဟာလည်း လုပ်ပိုင်ခွင့်ရာထူးရှိသူတွေကို ငွေနဲ့ပေါက်ထားနိုင်တဲ့ လူတစ်စုရဲ့ လက်ထဲမှာပဲ ရှိသွားတဲ့အတွက် လုပ်ငန်းတွေရဲ့ ရပ်တည်နိုင်မှုကို အာမမခံနိုင်တော့ဘဲ တန်းတူညီမျှမှုကင်းမဲ့လို့ မမျှတတဲ့ ကြီးပွားချမ်းသာမှုတွေကို မွေးဖွား ပေးပါတော့တယ်။

စီးပွားရေးတစ်ခုလုံး ခြစားနေတဲ့အခါ အဲဒီစီးပွားရေးမှာ ပေါ်ပေါက်လာတဲ့အမှု အခင်းတွေကို ဥပဒေအရအရေး ယူတဲ့အခါ တွေမှာလည်း ဘက်လိုက်မှုတွေရှိတာကြောင့် ယုံကြည်မှုတွေနည်းပါးသွားတတ်ပါတယ်။ ဒါ့ကြောင့် တီထွင်ဖန် တီးချင်သူတွေရဲ့ မျှော်လင့်ချက်တစ်ခုဖြစ်တဲ့ မှုပိုင်ခွင့်ကိစ္စမျိုးတွေမှာပါ အကာအကွယ်မလုံလောက်ဘူးလို့ ထင်မြင်ယူဆ တတ်တာမို့ မဖန်တီးနိုင်ကြတော့ပါဘူး။

ပြီးတော့အဂတိလိုက်စားမှုတွေ တရားလွန်ဖြစ်နေတဲ့နိုင်ငံအတွင်းက လုပ်ငန်းငယ်ကလေးကလည်း အခွန်မပေး ဆောင်ချင်ကြဘဲ နည်းအမျိုးမျိုးနဲ့ အခွန်ရှောင်လာကြပါတယ်။ ဒါ့ကြောင့်တိုင်းပြည်ဝင်ငွေမှာလည်း ထိခိုက်နစ်နာမှုတွေ ရှိလာပါတယ်။ အဂတိလိုက်စားတာတွေ နေရာအနှံကျယ်ကျယ် ပြန့်ပြန့်ဖြစ်နေတာဟာ ငွေလုံးငွေရင်းနဲ့ဝင်လာမယ့် နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံသူတွေကို ပက်လက်လန်သွားစေနိုင်ပါတယ်။ ဒီအခါ ပြည်တွင်းမှာရှိနေတဲ့ အလုပ်လက်မဲ့နှုန်းကို လျှော့ချနိုင်မယ့်အခွင့်အရေးအပါအဝင် အခွန်အခတွေပါ ဆုံးရှုံးနစ်နာသွားရပါတော့တယ်။ နောက်အဂတိလိုက်စားတာတွေ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ နိုင်ငံကပညာရေး၊ ကျန်းမာရေးတွေဟာလည်း တခြားအကြောင်းအရာတွေလိုပဲ နိမ့်ကျပြီး အရည်အချင်းမဲ့တာတွေဖြစ်တတ်ပါတယ်။ ဝန်ထမ်းခန့်တာ၊ ရာထူးနေရာချထားတာ အပြောင်းအရွှေ့တွေမှာ လာဘ်စားမှု တွေကြီးစိုးနေလေတော့ ပြည်သူတွေမျှော်မှန်းတဲ့ ကောင်းမွန်တဲ့ပညာရေး၊ စိတ်ချရတဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ အဝေးကြီးဝေးကွာ သွားရပါတော့တယ်။

ဒါကြောင့် ကမ္ဘာပေါ်မှာရှိနေတဲ့ တိုင်းပြည်တိုင်းလိုလိုဟာ အဂတိလိုက်စားမှုတွေကို သူ့နည်းသူ့ဟန်နဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး နှိမ်နင်းနေကြတာပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဆိုရင် နှစ်ရှည်ထောင်ဒဏ်အပြင် သေဒဏ်တောင်ချမှတ်ပြီး ပြင်း ပြင်းထန်ထန်အရေးယူနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဂတိနှိမ်နင်းတဲ့ လုပ်ငန်းတွေဟာ လွယ်မယောင်နဲ့ခက်ပြီး တိမ်မယောင်နဲ့လည်းနက် နေတတ်တဲ့သဘောရှိပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒီအဂတိလိုက်စားမှုတွေကို အာဏာ အရှိဆုံးသူတွေဖြစ်ကြတဲ့ သမ္မတ တွေ၊ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကအစ လိုက်စားနေကြလို့ပဲ ဖြစ်ပါတယ်။

သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီး တွေကိုယ်တိုင်မဟုတ်ရင်လည်း အဲဒီလူတွေ ကို အိတ်ထဲထည့်ထားနိုင်တဲ့ နိုင်ငံရေးသ မားတွေ၊ စီးပွားရေးသမားတွေက အဂတိလိုက်စားနေကြတာရယ်…။ အာဏာရှိသူအချင်းချင်း အကာအကွယ် ပေးနေတာကြောင့် တော်ရုံတန်ရုံဖမ်းမိဖို့ အရေးယူဖို့ ဆိုတာတွေက ဖြစ်တောင့်ဖြစ်ခဲကိစ္စတွေပါပဲ။

အခု NLD အစိုးရရဲ့ အဂတိလိုက်စားမှုတွေအပေါ် အရေးယူဆောင်ရွက်နေတာတွေကို ပြည်သူလူထုက သိပ်ပြီး အားမရကြပါဘူး။ အချင်းချင်းဖေးမတယ်။ ညှာတယ်။ မသိချင်ယောင်ဆောင်တယ်။ ပါတီရဲ့ပုံရိပ် ကိုထိခိုက်မှာစိုးတဲ့အ တွက်ကြောင့် ဖုံးဖုံးဖိဖိလုပ်နေတယ်ဆိုတဲ့ အမြင်တွေရှိနေကြပါတယ်။ ”မခိုးတဲ့အစိုးရ”ဆိုပြီး ခေတ်အဆက် ဆက်အာဏာ ရှင်တွေနဲ့ မတူခဲ့တဲ့လမ်းကြောင်း ပေါ်မှာလျှောက်နေရင်း အဂတိနဲ့ပတ်သက်တဲ့အသံချို့ ကြိုးကြားကြိုးကြားထွက်လာတဲ့ အခါမှာတော့ နာမည်ပျက်မှာကိုကြောက်ဟန်တူပါတယ်လို့ တွေးသူကတွေးပါတယ်။ ဘာပဲပြောပြော တိုင်းဥပဒေအုပ်ချုပ် ရေးရဲ့နောက်မှာ အခုတနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်တို့လို ငါးကြီးကြီးတွေ ကိုဖမ်းပြတာမြင်ရကြားရတော့ ပြည်သူ လူထုက အားရကျေနပ်ကြပါတယ်။ အသံထွက်နေတဲ့ ငါးတွေကိုလည်းဆက်ပြီး အရေးယူစေချင်ကြပါတယ်။

သူတစ်ပါးရဲ့သောကမှာ သာယာပျော်ရွှင်ချင်ကြတာကြောင့်မဟုတ်ဘဲ မထူးတဲ့အစိုးရဖြစ်နေမှာကို မမြင်ချင်ကြ တာရယ် အဂတိလိုက်စားမှုတွေ ကင်းစင်ပပျောက်နေမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာ, ဒေသအလိုက် စည်ပင်သာယာလာ မှာကို သိမြင်သဘောပေါက်နေကြတာကြောင့် ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက်  ပြတ်ပြတ်သား သားအရေးယူနိုင်မှလည်း အဲဒီအဂတိလိုက်စားမှုတွေ လျော့နည်းပပျောက်မှာမဟုတ်လား။ အဲဒီလိုအရေးယူတဲ့ အခါမှာ လည်း ကောက်ရိုးမီးလိုခဏတာ ဟုန်းခနဲထတောက်တ်ာမျိုး မဖြစ်စေဘဲ စက္ကန့်နဲ့အမျှ စောင့်ကြည့်နား ထောင်နေပြီး အနံ့ရတာနဲ့တစ်ပြိုင်နက် ကျောသားရင်သားမခွဲခြားဘဲ တိတိကျကျ ပြတ်ပြတ်သားသား အရေးယူတာတွေကို ပြည်သူလူထု က မျှော်လင့်နေကြပါတယ်။

 

ရဲခေါင်မဲမောင်