အမေရိကန်အစိုးရနှင့် အစိုးရလုပ်ငန်းများရပ်ဆိုင်းခြင်း

ထိုက်သူနိုင်

အမေရိကန်သမိုင်းမှာ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလောက် အမေရိကန် ဖက်ဒရယ်အစိုးရ ဝန်ထမ်းတွေ အလုပ်သွားရမှာလား၊ အလုပ်မသွားရဘူးလားဇဝေဇဝါဖြစ်ခဲ့တဲ့နေ့မရှိပါဘူး။ ဖေဖော်ဝါရီ ၈ ရက်၊ ကြာသပတေးနေ့ည၊ သန်းခေါင်မှာပဲအစိုးရအသုံးစရိတ်ကိုလွှတ်တော်ကအတည်ပြုမပေးတာကြောင့် အစိုးရ လုပ်ငန်းလုပ်ဆောင်တာတွေ ညသန်းခေါင်မှာရပ်ဆိုင်းသွားပါတယ်။ အစိုးရလုပ်ငန်းတွေရပ်ဆိုင်းတဲ့အတွက် မရှိ မဖြစ်မဟုတ်တဲ့ဝန်ထမ်းတွေ အလုပ်လာလုပ်ဖို့မလိုတော့ပါဘူး။ ဒါပေမဲ့ ၉ ရက်နေ့မနက်ရုံးတွေမဖွင့်ခင် မနက် စောစောမှာအထက်လွှတ်တော်က အသုံးစရိတ်ဥပဒေကိုညှိနှိုင်းပြီးအတည်ပြုလိုက်ပါတယ်။ ဒါကြောင့်အောက် လွှတ်တော်မှာမဲထပ်ခွဲလိုက်လို့အတည်ပြုနိုင်မယ်ဆိုရင် ရုံးတွေပြန်ဖွင့်မယ်။ အတည်မပြုနိုင်ရင်ရုံးတွေပိတ်မယ် ဆိုတော့ ဝန်ထမ်းတွေမနက်စောစောရုံးသွားရမလား၊ မသွားရဘူးလားမသေချာတော့ပါဘူး။ လွှတ်တော်မှာမဲခွဲ တဲ့သတင်းကိုပဲအိမ်ကနေစောင့်ကြည့်နေရပါတယ်။ နာရီပိုင်းအကြာမှာအောက်လွှတ်တော်က အစိုးရအသုံးစ ရိတ်ကိုထပ်ပြီး အတည်ပြုလိုက်ပါတယ်။ ဒါတောင် သမ္မတလက်မှတ်မထိုးမချင်း ဥပဒေအတည်မဖြစ်တဲ့အတွက် တချို့ဝန်ထမ်းတွေ သောကြာနေ့ရုံးမလာတော့ပါဘူး။ အစိုးရအသုံးစရိတ်ကို လွှတ်တော်ကချမပေးရင် လုပ်ငန်း တွေရပ်ဆိုင်းသွားတဲ့စနစ် အမေရိကန်ပြည်ထောင်စုလို ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးမှာထူးထူးခြားခြားရှိနေပါ တယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ညကအစိုး ရလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာဟာသမ္မတ Donal Trump လက်ထက်တစ်လအတွင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမတစ်ကြိမ် တုန်းက ဇန်နဝါရီလ ၂ဝ ရက်၊ Donal –Trump သမ္မတအဖြစ်တာဝန်ယူတဲ့ တစ်နှစ်ပြည့်တဲ့အခါသမယမှာအစိုးရလုပ်ငန်းတွေသုံးရက် ရပ်ဆိုင်းခဲ့ရတာ ပါ။ ဖလော်ရီဒါ ပြည်နယ် Plam ကမ်းခြေအပန်းဖြေကျွန်းဖြစ်တဲ့ Mar-a-logo မှာ ကျင်းပမယ့် သမ္မတရဲ့ တစ်နှစ် ပြည့်အခမ်းအနားလည်းဖျက်သိမ်းလိုက်ရပါတယ်။

အဓိကကတော့ လူဝင်မှုကြီးကြပ်ရေးကိစ္စကိုသဘောမတူကြတာပါ။ အမေရိကန်ပြည်ထောင်စုမှာ မှတ် တမ်းမှတ်ရာမရှိဘဲ ငယ်စဉ်ကတည်းကမိဘတွေနဲ့အတူရောက်လာတဲ့ သိန်းနဲ့ချီတဲ့ရွှေ့ပြောင်းအခြေချသူတွေကို အရင်ကနေရပ်ပြန်မပို့ဖို့ကာကွယ်ထားတဲ့ အစီအစဉ်ရှိခဲ့ပါတယ်။ DACA  လို့ခေါ်တဲ့ ဒီအစီအစဉ်ကို သမ္မတ Trump ကဖျက်သိမ်းထားပါတယ်။ ဒီလိုရွှေ့ပြောင်းလာသူတွေကိုနေရပ်ပြန်မပို့ဖို့ ဒီမိုကရက် တစ်ပါတီဝင်တွေက တောင်းဆိုနေပြီး အစိုးရအသုံးစရိတ်အတည်ပြုချင်ရင် ဒီကိစ္စကိုထည့်သွင်းဆုံးဖြတ်ရမယ်လို့ တောင်းဆိုနေ တာ ပါ။ သမ္မတ Trump နဲ့ ရီပတ်ဗလစ်ကန် ပါတီဝင်တွေကသဘောမတူတဲ့အတွက် အစိုးရ အသုံးစရိတ်ကိစ္စအပေါ် မှာပါရိုက်ခတ်လာတာပါ။ ဒီနေရာမှာအမေရိကန်ပြည်ထောင်စုမှာ အစိုးရအသုံးစရိတ်အတည်မပြုနိုင်တဲ့အတွက် လုပ်ငန်းတွေရပ်ဆိုင်းသွားရတယ်ဆိုတဲ့ သမိုင်းကြောင်းနဲ့အစဉ်အလာကို ရေးချင်ပါတယ်။

အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တယ်ဆိုရင် ရုံးတွေမှာမရှိမဖြစ်လို့သတ်မှတ်ထားတဲ့ ဝန်ထမ်းတွေက လွဲရင် တခြားသူတွေကစေတနာ့ဝန်ထမ်းအဖြစ်တောင်အလုပ်လာခွင့်မရှိပါဘူး။ အလုပ်မလာတဲ့ရက် အတွက်လ ခရမယ်၊မရဘူးဆိုတာ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပါတယ်။ အမေရိကန်အစိုးရဝန်ထမ်းရှစ်သိန်း လောက်ကို ယာယီအလုပ်ကရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်၊ သမ္မတအိုဘားမားလက်ထက် က အစိုးရလုပ်ငန်းတွေရပ်ဆိုင်းလိုက်တဲ့အချိန်ကဆိုရင် ဝါရှင်တန်မြို့တော်မှာမြို့တော်    အသုံးစရိတ်ကိုပါထိန်း လိုက်တာကြောင့်  အမှိုက်သိမ်းတဲ့လုပ်ငန်းတွေပါရပ်သွားခဲ့ပါတယ်။ စာပို့လုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ် နေခဲ့ပါတယ်။ အစိုးရလုပ်ငန်းတွေ တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းတယ်ဆိုတာဘာလဲ၊ အရင်ကဘယ်နှခါဖြစ်ဖူးလဲ၊ ဘယ်လောက်ကြာတတ်သလဲ မေးခွန်းထုတ်သူတွေအတွက်သိသလောက်ကိုရှာဖွေမှတ်တမ်းတင်လိုက်ပါတယ်။

အမေရိကန်အစိုးရနှင့်လုပ်ငန်းများ တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းခြင်း

အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးအသုံးစရိတ်သက်တမ်းထပ်တိုးဖို့ လွှတ်တော် ကအတည်ပြုပေးရ လေ့ရှိပြီး လွှတ်တော်နဲ့အစိုးရအကြား သဘောတူညီမှုမရလို့ ဥပဒေကိုအချိန်မီအတည်မပြုနိုင်တဲ့အခါ ၁၈၇ဝ ခု နှစ်ကပြဋ္ဌာန်းခဲ့တဲ့ (Antideficiency Act)အရ အစိုးရလုပ်ငန်းဆောင်တာ တွေကို ရပ်ဆိုင်းလိုက်ရလေ့ရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက် လည်ပတ်စရာငွေကြေးမရှိတော့လို့ လုပ်ငန်းရပ်ဆိုင်းရတာမျိုးနဲ့အလားတူပါပဲ။ Government Shut Down လို့ခေါ်တဲ့ အစိုးရလုပ်ငန်းတွေတစ် စိတ်တစ်ပိုင်းအားဖြင့် ရပ်ဆိုင်းလိုက်ရတဲ့အဖြစ် အပျက်တွေ အရင်ကလည်းတော်တော်များများကြုံခဲ့ဖူးပါတယ်။

Government Shut Down တစ်ခါဖြစ်ရင် ဘယ်လောက်ကြာကြာ ရပ်ဆိုင်းသွားတတ်သလဲ

သမိုင်းမှာ ၁၉၇၇ ဘဏ္ဍာရေးနှစ်ကနေ ၁၉၈ဝ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်အစိုးရရဲ့လုပ်ငန်း တွေခြောက်ကြိမ်ရပ်ဆိုင်းခဲ့ဖူးပါတယ်။ အဲဒီအချိန်ကအနည်းဆုံး ၈ ရက်ကနေ ၁၇ ရက်အထိကြာခဲ့ဖူးပါတယ်။

၁၉၈၁ ဘဏ္ဍာရေးနှစ်ကနေ ၁၉၈ဝ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်းမှာလည်း အမေရိကန်အစိုးရလုပ်ငန်း တွေကိုးကြိမ်ရပ်ဆိုင်းခဲ့ဖူးပါတယ်။ အဲဒီအချိန်တွေမှာတော့ အစိုးရလုပ်ငန်းရပ်ဆိုင်းမှုဟာ သုံးရက်ထက်ပို ပြီးမ ကြာခဲ့ပါဘူး။

၁၉၉၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ၁၉၉၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ပထမတစ်ကြိမ် အမေရိကန် အစိုးရလုပ်ငန်းတွေ ငါးရက်ကြာရပ်ဆိုင်းခဲ့ပါတယ်။ သမ္မတဟောင်း Bill Clinton လက်ထက်ပါ။ ဒါပေမဲ့လည်း ဒီဇင်ဘာအတွင်း ဒုတိယအကြိမ် အစိုးရလုပ်ငန်းတွေရပ်ဆိုင်းခဲ့တဲ့အချိန်မှာတော့ ၂၁ ရက်ကြာခဲ့ပါတယ်။ သမိုင်း မှာအကြာဆုံး အစိုးရလုပ်ငန်းတွေရပ်ဆိုင်းခဲ့တာပါ။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၁၉၉၆ ခုနှစ်ဇန်နဝါရီလ ၆ ရက်နေ့အထိကြာခဲ့ပါတယ်။

သမ္မတဟောင်း အိုဘားမားလက်ထက် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ကနေအောက်တို ဘာလ ၁၇ ရက်နေ့အထိ ၁၆ ရက်ကြာ အစိုးရလုပ်ငန်းတွေရပ်ဆိုင်း ခဲ့ဖူးပြီးသမိုင်းမှာတတိယအကြာဆုံး အစိုးရ လုပ်ငန်းတွေရပ်ဆိုင်းခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုသမိုင်းမှာသမ္မတ Deonal Trump မတိုင်ခင် အစိုးရ လုပ်ငန်းတွေ အရင်က၁၈ ကြိမ်ရပ်ဆိုင်းခဲ့ဖူးတာကို ပြန်တွေ့ရမှာဖြစ်ပါတယ်။

  • သမ္မတ Gerrald Ford လက်ထက် ၁၉၇၆ ခုနှစ် စက်တင်ဘာ ၃ဝ ကနေ အောက်တိုဘာ ၁၁ အထိ
  • သမ္မတ Jimmy Carter လက်ထက် ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်အထိ
  • သမ္မတ Jimmy Carter လက် ထက် ၁၉၇၇ ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ
  • သမ္မတ Jimmy Carter လက် ထက် ၁၉၇၇ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ကနေ ဒီဇင်ဘာလ ၉ ရက်အထိ
  • သမ္မတ Jimmy Carter လက် ထက် ၁၉၇၈ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်နေ့ကနေ အောက်တိုဘာ ၁၈ ရက်နေ့ အထိ
  • သမ္မတ Jimmy Carter လက်ထက် ၁၉၇၉ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်နေ့ကနေအောက်တိုဘာလ ၁၂ ရက် နေ့အထိ
  • သမ္မတ Ronal Reagan လက်ထက် ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက် နေ့ကနေနိုဝင်ဘာ ၂၃ ရက်နေ့အထိ
  • သမ္မတ Ronal Reagan လက်ထက် ၁၉၈၂၊ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့ကနေ အောက်တိုဘာလ၂ ရက်နေ့ အထိ
  • သမ္မတ Ronal Reagan လက်ထက် ၁၉၈၂၊ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် ကနေဒီဇင်ဘာလ ၂၁ ရက်အထိ
  • သမ္မတ Ronal Reagan လက်ထက် ၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက် နေ့ကနေ၊နိုဝင်ဘာ ၁၄ ရက်နေ့အထိ
  • သမ္မတ Ronal Reagan လက်ထက် ၁၉၈၄ ခုနှစ်၊ စက်တင်ဘာ ၃ဝ က နေ အောက်တိုဘာ ၃ ရက်နေ့အထိ
  • သမ္မတ Ronal Reagan လက်ထက် ၁၉၈၄ခုနှစ်၊အောက်တိုဘာ ၃ ရက် ကနေအောက်တိုဘာ ၅ရက်နေ့အထိ
  • သမ္မတ Ronal Reagan လက် ထက်၁၉၈၆ခုနှစ်၊အောက်တိုဘာ ၁၆ ရက် ကနေ ၁၈ရက်နေ့အထိ
  • သမ္မတ Ronal Reagan လက် ထက် ၁၉၈၇ ခုနှစ်၊ဒီဇင်ဘာ ၁၈ ရက်ကနေ ဒီဇင်ဘာ ၂ဝ ရက်နေ့အထိ
  • သမ္မတ Geiorge H.W Brush လက်ထက် ၁၉၉ဝခုနှစ်၊အောက်တိုဘာ ၅ ရက်နေ အောက်တိုဘာ ၉ ရက်နေ့အထိ
  • သမ္မတ Bill Clintson လက်ထက် ၁၉၉၅ ခုနှစ်၊နိုဝင်ဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၁၉ ရက်နေ့အထိ
  • သမ္မတ Bill Clintson လက်ထက် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်ကနေ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့အထိ
  • သမ္မတ Barack Oberma လက်ထက်၂ဝ၁၃ ခုနှစ်၊အောက်တိုဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာ ၁၇ရက်နေ့ အထိ

ဒါကြောင့် အမေရိကန်အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းခဲ့တာဟာအသစ်တော့မဟုတ်ပါဘူး။ သမ္မတဟောင်း Jimmy Carter နဲ့ သမ္မတဟောင်း Ronal Reagan လက်ထက်မှာ အများဆုံးဖြစ်ပါတယ်။

 

Government Shut Down ဖြစ်တဲ့အတွက် အစိုးရဝန်ထမ်းတွေ ဘယ်လောက်များများထိခိုက်နစ်နာခဲ့ပါသလဲ

အစိုးရလုပ်ငန်းတွေရပ်ဆိုင်းလိုက်ပြီဆိုရင် အမေရိကန်ပြည်ထောင်စုမှာ မရှိမဖြစ်လည်ပတ်ရမယ့် အစိုး ရလုပ်ငန်းတွေကို မဖြစ်မနေလိုအပ်တဲ့လူတွေနဲ့ပဲ လည်ပတ်တာဖြစ်တဲ့အတွက် သိန်းနဲ့ချီတဲ့ဝန်ထမ်းတွေကို လ စာမဲ့၊ အလုပ်မလာတော့နဲ့ဆိုပြီး အလုပ်ကယာယီရပ်ဆိုင်းခံရလေ့ရှိပါတယ်။ သမ္မတကလင်တန်လက်ထက် ပထမတစ်ကြိမ် အစိုးရလုပ်ငန်းတွေရပ်ဆိုင်းလိုက်တဲ့အချိန်မှာ ဗဟိုအစိုးရဝန်ထမ်းရှစ်သိန်းလောက်ကိုလုပ်ငန်း ခွင်မလာတော့ဖို့ အလုပ်ယာယီရပ်ဆိုင်းလိုက်တဲ့အကြောင်းအမိန့်ထုတ်ခဲ့ပါတယ်။ Furlough လုပ်တယ်လို့ ခေါ် ပါတယ်။ ဒီနေရာမှာ လစာမဲ့အလုပ်ပိတ်ရက်ပေးလိုက်တာဖြစ်ပေမဲ့ နောက်ပိုင်းမှာပိတ်ခဲ့တဲ့ရက်တွေအတွက် လ စာပြန်ပေးခဲ့ပါတယ်။ တကယ်တော့ Furlough လုပ်တယ်၊ အလုပ်မလာနဲ့လို့သတ်မှတ်ခံရမယ်ဆိုရင် အဲဒီ ရက် အတွက် လစာလည်းပေးမှာမဟုတ်ဘူးလို့ပဲယေဘုယျသတ်မှတ်ပါတယ်။ လစာမဲ့နားရက်ပေးလိုက်တာ၊ ယာယီ အလုပ်ကနားလိုက်တဲ့သဘောပါ။ နောက်ပိုင်းနားရက်တွေအတွက် လစာပြန်ရခဲ့တယ်ဆိုပေမဲ့ရမှာသေချာတယ် ဆိုတဲ့ အာမခံချက် မရှိပါဘူး။

သမ္မတဟောင်း ကလင်တန်လက်ထက် ဒုတိယအကြိမ် အစိုးရလုပ်ငန်းတွေရပ်ဆိုင်းလိုက်တဲ့အချိန်မှာ ဗဟိုအစိုးရဝန်ထမ်း ၂၈၄ဝဝဝလောက်ကို လစာမဲ့ပိတ်ရက်ပေးခဲ့ပါတယ်။ Contractor လို့ခေါ်တဲ့အမြဲတမ်းဝန် ထမ်း မဟုတ်တဲ့သူဘယ်လောက်များများထိခိုက်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတော့မရှိပါဘူး။ အစိုးရလုပ်ငန်း တွေရပ် ဆိုင်းလိုက်ပြီဆိုရင်ရပ်ဆိုင်းတဲ့ကာလမှာ Contractor တွေလည်းမရှိမဖြစ် မဟုတ်တဲ့ဝန်ထမ်းတွေနဲ့အတူအလုပ် မလာရတာများပါတယ်။

မဖြစ်မနေဆက်လက်လည်ပတ်တဲ့  အလုပ်တွေက ဘာတွေလဲ

ဗဟိုအစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အချိန်မှာ မဖြစ်မနေဆက်ပြီးလည်ပတ်ရမယ့်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ၁၉၈ဝ ခုနှစ်တွေအတွင်းအမေရိကန်အစိုးရက ညွှန်ကြားချက်တွေချထားပါတယ်။

အမျိုးသားလုံခြုံရေးအတွက်ဆောင်ရွက်တဲ့လုပ်ငန်းဆောင်တာ၊ အမျိုးသားလုံခြုံရေးနဲ့သက်ဆိုင်တဲ့ နိုင် ငံခြားဆက်ဆံရေး၊ လူတွေရဲ့အသက်အိုးအိမ်လုံခြုံမှုအတွက် တာဝန်ယူရတဲ့လုပ်ငန်းဆောင်တာတွေကို ဆက် ပြီး လုပ်ကိုင်ရပါတယ်။

လပိုင်းဖြစ်စေ၊ နှစ်ရှည်ဖြစ်စေ အစိုးရနဲ့စောစောကသဘောတူထားတဲ့ လုပ်ငန်းစာချုပ်တွေမှာ ကနဦးသ ဘောတူညီချက်အတိုင်း သက်ဆိုင်ရာလုပ်ငန်းတွေအတွက် ကျန်နေတဲ့ငွေကြေးကနေကတိကဝတ်နဲ့အညီ အ ကျိုးခံစားခွင့်ဆက်ပြီးရရှိခွင့်ပေးရမယ်လို့လည်း ညွှန်ကြားထားပါတယ်။

ဆေးရုံမှာဆေးကုသခံနေရသူ၊ ဆေးရုံပြင်ပအရေးပေါ်ဆေးကုခံနေရသူတွေကို ဆက်လက်စောင့် ရှောက်ရမယ်၊ အများပြည်သူကျန်းမာရေးနဲ့လုံခြုံမှု၊ အစားအသောက်ဘေးကင်းလုံခြုံမှုနဲ့ အစားအသောက်တွေ အန္တရာယ်ကင်းမကင်း၊ ကျန်းမာရေးနဲ့ညီညွတ်မှုရှိမရှိ စစ်ဆေးတဲ့လုပ်ငန်းတွေကို မရပ်ဆိုင်းရဘူးလို့ ညွှန်ကြားပါ တယ်။

လေကြောင်းခရီးပျံသန်းမှုတွေကိုထိန်းချုပ်တဲ့စနစ်၊ သယ်ယူပို့ဆောင်ရေးစနစ် ဘေးကင်းလုံခြုံမှုရှိဖို့နဲ့ သယ်ယူပို့ဆောင်တဲ့ ပစ္စည်းတွေဘေးကင်းအောင်စောင့်ရှောက် ကာကွယ်တဲ့လုပ်ငန်းတွေကို မရပ်ဆိုင်းရပါဘူး။

နယ်ခြားကမ်းရိုးတန်းစောင့်ကြပ်ကာကွယ်ရေး၊ အမေရိကန်ပြည်ထောင်စုပိုင်ကုန်းလမ်း၊ ရေလမ်း၊ အ ဆောက်အအုံတွေနဲ့ ပစ္စည်းကိရိယာတွေကို ထိန်းသိမ်းကာကွယ်တဲ့လုပ်ငန်းတွေ၊ အကျဉ်းထောင်တွေထဲက အ ကျဉ်းသားတွေ၊ ထိန်းသိမ်းထားသူတွေကိုစောင့်ကြပ်တဲ့လုပ်ငန်းတွေနဲ့ ဥပဒေစိုးမိုးရေးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေး ကိစ္စတွေ မဖြစ်မနေဆက်ပြီးလုပ်ဆောင်ရပါတယ်။

သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့လိုလာရင်လည်း ရပ်ဆိုင်းရလေ့မရှိပါဘူး။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုပိုင်မရှိမဖြစ်ငွေကြေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းစနစ်တွေထိန်းသိမ်း ကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့အခွန်ကောက်ခံမှုနဲ့ ငွေချေးလုပ်ငန်းတွေကို ဆက်ပြီးလည်ပတ်စေပါ တယ်။

လျှပ်စစ်စွမ်းအားထုတ်လုပ်မှုနဲ့ လျှပ်စစ်စွမ်းအားဖြန့်ဝေတဲ့စနစ်ကို ထိန်းသိမ်းကာကွယ်ရေးသုတေသန လုပ်ငန်းနဲ့လုပ်ငန်း၊ အဆောက်အအုံတွေကိုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်တွေကိုဆက် ပြီးလုပ်ကိုင်ဖို့ဆို တဲ့ စည်းကမ်းသတ်မှတ်ချက်တွေဖြစ်ပါတယ်။

အများပြည်သူကို ဘယ်လိုထိခိုက်မှု  တွေရှိပါသလဲ

Government Shut Down ဖြစ်ပြီဆိုတာနဲ့ အစိုးရလုပ်ငန်းတွေ တော်တော်များများရပ်ဆိုင်းသွားတဲ့အတွက် ပြည်သူအများစုပေါ်ရိုက်ခတ်မှု အနည်းနဲ့အများဆိုသလိုရှိလာပါတယ်။ ကွန်ဂရက်လွှတ်တော်ရဲ့မှတ်တမ်းတွေ အရ ၁၉၉၅ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်တွေအတွင်း ထိခိုက်နစ်နာမှု အများအပြားရှိခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ ကျန်း မာရေးနဲ့ပတ်သက်လို့ ပြည်သူပိုင်အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာနတွေမှာ လူနာသစ်ကို လက်ခံတာမျိုး မလုပ်တော့သလိုဆေးကုသရေးနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ ဒါ့အပြင် ရောဂါနဲ့ပတ်သက်လို့ လူနာနဲ့တိုက်ရိုက်အရေးပေါ်ပြန်လည်ဆွေးနွေးဖြေကြားတဲ့ အစီအစဉ်တွေကိုရပ်ဆိုင်း လိုက်ရပါတယ်။ ရောဂါမပြန့်ပွားအောင်ထိန်းသိမ်းကာကွယ်ရေးနဲ့ စောင့်ကြည့်လေ့လာရေးဌာနတွေက လုပ်ငန်း တွေရပ်ဆိုင်းလိုက်ရသလို အဆိပ်သင့်စွန့်ပစ်ပစ္စည်းရှင်းလင်းရေးဌာန ၆ဝ၉ ခုကိုပိတ်ပစ်လိုက်ရပါတယ်။ အဲဒီဌာ နတွေမှာ အလုပ်လိုက်ကိုင်တဲ့ ရှင်းလင်းရေးလုပ်ငန်း ၂,၄ဝဝ ကိုလုပ် ငန်းခွင်ကပိတ်ရက်ပေးလိုက်ရတဲ့အတွက် ရှင်းလင်းရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။

ဒါ့အပြင် အရက်၊ မူးယစ်ဆေးနဲ့ လက်နက်ထိန်းချုပ်စစ်ဆေးရေး ဗျူရိုတွေကလည်းရောင်းချခွင့်၊ ပိုင်ဆိုင် ခွင့်အတွက် တင်ပြတဲ့လျှောက်လွှာတွေကိုစိစစ်တဲ့အခါ ဝန်ထမ်းဦးရေမလုံလောက်တော့တဲ့အတွက်နှောင့် နှေးမှု တွေရှိခဲ့ပါတယ်။ ဒေဝါလီခံရတဲ့အမှု ၃၅ဝဝကို စစ်ဆေးနေတုန်းရပ်တန့်ခဲ့ရတာတွေ ရှိခဲ့သလို နယ်ခြားစောင့် ကြည့်ရေးဌာနအတွက်လုံခြုံရေးတပ်ဖွဲ့ဝင်အသစ်၎ဝဝခန့် ထားမယ့်အစီအစဉ်ကို အဲဒီကာလတွေအတွင်းဖျက် သိမ်းခဲ့ရပါတယ်။ ကလေးစောင့်ရှောက်စရိတ်ပေးဖို့ပျက်ကွက်တဲ့အမှုတွေ တော်တော်များများကိုလည်း အစိုးရ လုပ်ငန်းရပ်ဆိုင်းထားတဲ့ အချိန်အတွင်းမှာအရေးယူဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

နိုင်ငံတစ်ဝန်းမှာရှိတဲ့ပန်းခြံတွေ၊ ပြတိုက်တွေ၊ အနားယူနိုင်တဲ့ပြည်သူပိုင်နေရာ ၃၆၈ နေရာကို ပိတ်ပစ်ခဲ့ ရတဲ့အတွက်အနားယူဖို့ လာတဲ့ဧည့်သည်ခုနစ်သန်းလောက်မလာနိုင်တော့ပါဘူး။ ခရီးသွားလုပ်ငန်းတွေ ထိခိုက် ခဲ့ရပါတယ်။ များသောအားဖြင့်တော့ ဝါရှင်တန်မြို့တော်မှာအထိမ်းအမှတ်နေရာတွေ၊ ပြတိုက်တွေပိတ်ပစ်ခဲ့ရတဲ့ အတွက် ဧည့်သည်နှစ်သန်းလောက်ဆုံးရှုံးခဲ့ရပါတယ်။

ကမ္ဘာတစ်ဝန်းတခြားနိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုကိုလာဖို့လျှောက်တဲ့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာနေ့စဉ် ၃ဝဝဝဝ လောက်ကို ရပ်ဆိုင်းထားခဲ့ရသလို အမေရိကန်ပြည်ထောင်စုအတွင်းမှာလည်း အမေရိကန်နိုင်ငံကူးလက်မှတ်လျှောက်လွှာ နှစ်သိန်းလောက်ကိုအရေးယူဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ကမ္ဘာ လှည့်ခရီးသည်လုပ်ငန်းနဲ့ လေကြောင်းလိုင်းတွေအတွက် ဒေါ်လာသန်းနဲ့ချီ နစ်နာခဲ့ရပါတယ်။

စစ်ပြန်စစ်မှုထမ်းတွေအတွက်ကျန်းမာရေး၊ လူမှုဖူလုံရေး၊ ငွေကြေးနဲ့ခရီးသွားလာ ရေးအထောက်အပံ့ အစီအစဉ်တွေလျှော့ချပစ်ခဲ့ရတာတွေရှိပါတယ်။ ဗဟိုအစိုးရငှားရမ်းထားတဲ့ အစိုးရနဲ့သဘောတူစာချုပ်ချုပ်ထား တဲ့လုပ်ငန်းတွေသန်းပေါင်းဒေါ်လာ ၁၈ဝဝဝ ဖိုးထဲကရာခိုင်နှုန်း၂ဝ၊ သန်းပေါင်း ၃၇ဝဝဖိုး ထိခိုက်နစ်နာခဲ့ရတယ် ဆိုပြီး မှတ်တမ်းတွေမှာတွေ့ရပါတယ်။

ခန့်မှန်းတွက်ဆချက်များ

တချို့ကတော့ အစိုးရလုပ်ငန်းတွေရပ်ဆိုင်းတယ်ဆိုပေမဲ့ မစိုးရိမ်သင့်ဘူးဆိုပြီးပြောနေကြပါတယ်။ အစိုးရလုပ်ငန်းတွေရပ်ဆိုင်းတယ်ဆိုပေမဲ့ သက်ကြီးရွယ်အိုတွေကိုပေးနေတဲ့ သက်ကြီးပင်စင်ခံစားခွင့်၊ ငွေပေး ရေးလုပ်ငန်းတွေကတော့ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ နောက်ထပ်လျှောက်လွှာတင်တဲ့သူရှိရင်လည်း စိစစ် လက်ခံတဲ့လုပ်ငန်းတွေဆက်လုပ်နေတယ်လို့ပြောပါတယ်။ စစ်တပ်အမှုထမ်းတွေရှေ့တန်းစစ်မြေပြင်မှာ ဆက် လက်တာဝန်ယူနေရမှာဖြစ်ပြီး FBIA ဗဟိုအစိုးရစုံစမ်းစစ်ဆေးရေးဗျူရိုထောက်လှမ်းရေးအဖွဲ့တွေနဲ့ နယ်ခြား စောင့်လုံခြုံရေးအဖွဲ့တွေကလည်း သူ့တာဝန်ဆက်ပြီးယူရပါလိမ့်မယ်။

ဗဟိုအစိုးရဝန်ထမ်းတွေထဲမှာ အလုပ်မလာနဲ့ဆိုပြီး လစာမဲ့အိမ်မှာနေရမယ့်သူ ဟာတဝက်တောင်ရှိမှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။ အဲဒီအထဲမှာ အမေရိကန်စာတိုက်လုပ်သားခြောက်သိန်းကတော့အစိုးရ ဘာ ပဲဖြစ်ဖြစ်စာပို့တဲ့အလုပ်ကိုဆက်လုပ်ရပါလိမ့်မယ်။ စစ်ဘက်ဆိုင်ရာ အမှုထမ်း ၁၆ဝဝဝဝဝ ဟာသက်ဆိုင်ရာ  လုပ်ငန်းတွေကရပ်နားခွင့်မရှိပါဘူး။ အခွန်ဘဏ္ဍာကောက်တဲ့ IRS ရုံးကလည်း အခွန်ပေးရမယ့်သူ၊ ပြန်အမ်းငွေ ရမယ့်သူတွေအတွက် တွက်ချက်တင်ပြတဲ့လျှောက်လွှာတွေကိုဆက်ပြီးလက်ခံမှာဖြစ်ပါတယ်။ ပြန်အမ်း ငွေပို့တဲ့ လုပ်ငန်းတွေကိုတော့ ရပ်ဆိုင်းထားပါလိမ့်မယ်။

ဗဟိုအစိုးရဝန်ထမ်းလေးယောက်မှာ တစ်ယောက်နှုန်းလောက်ပဲအိမ်မှာနေရနိုင်တယ်လို့ Washington- Post သတင်းစာကခန့်မှန်းခဲ့ဖူးပါတယ်။ ဗဟိုအစိုးရလုပ်ငန်း ရပ်ဆိုင်းတယ်ဆိုတာ အမေရိကန်ပြည်ထောင်စုမှာ အရင်ကတည်းကဖြစ်လေ့ဖြစ်ထရှိခဲ့တာပါ။ သမ္မတဟောင်း Jimmy Carter လက်ထက်ကဆိုရင် နှစ်တိုင်းလိုလို ဖြစ်ခဲ့ပြီးတစ်ခါဖြစ်တိုင်းပုံမှန် ၁၁ရက်လောက်ကြာခဲ့တာပါ။ သမ္မတဟောင်း Regan လက်ထက်မှာလည်း သက် တမ်းနှစ်ခုစလုံးမှာ အစိုးရလုပ်ငန်းတွေအကြိမ်တော်တော်များများရပ်ဆိုင်းခဲ့ပါတယ်။ တစ်ခါရပ်ဆိုင်း တိုင်းတစ် ရက်နှစ်ရက်ပဲကြာခဲ့ပါတယ်။ ချက်ချင်းပြန်ပြီးညှိနှိုင်းနိုင်ခဲ့လို့ အချိန်ကြာကြာလုပ်ငန်းတွေမရပ်ဆိုင်းခဲ့ပါဘူး။ ဒါ ကြောင့်လည်း အစိုးရလုပ်ငန်းရပ်ဆိုင်းတယ်ဆိုတာကို သိပ်ပြီးမစိုးရိမ်တဲ့အမေရိကန်တွေလည်း ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ဝါရှင်တန်မြို့တော်ကိုလာတဲ့ဧည့်သည်တွေ ပြတိုက်တွေကိုတော့ သွားလည်ခွင့်မရမှာသေ ချာပါတယ်။ ဒါပေမဲ့လည်း အစိုးရလုပ်ငန်းတွေရပ်ဆိုင်းတာက ဝါရှင်တန်မြို့တော်ကပြတိုက်တွေပိတ်တာ မပိတ် တာလောက်ထက်ပိုပြီး စိုးရိမ်စရာလို့မြင်တဲ့သူတွေလည်း အများအပြားရှိပါတယ်။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ အစိုး ရလုပ်ငန်းတွေ ၂၁ ရက်ကြာရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ဇန်နဝါရီလထဲရောက်တဲ့အခါ ဝါရှင်တန်မြို့ တော်တစ်ဝိုက် မှာနှင်းတွေရက်ဆက်ထူထူထပ်ထပ်ကျနေခဲ့ပါတယ်။ အစိုးရလုပ်ငန်းတွေပြန်စဖို့ဆုံးဖြတ်ပြီး ရက်အတော်ကြာတဲ့ အထိ တကယ်တမ်းလုပ်ငန်းတွေပြန်ပြီးမလည်ပတ်နိုင်ခဲ့ပါဘူး။ စီးပွားရေးလုပ်ငန်းတွေလည်း အကြီးအကျယ်ထိ ခိုက်ခဲ့ရပါတယ်။

သက်ကြီးပင်စင်ထောက်ပံ့တဲ့ရုံးတွေမှာ ပုံမှန်ဝန်ထမ်းတွေရဲ့ခုနစ်ရာခိုင်နှုန်းဝန်ထမ်း ငါးထောင်လောက် နဲ့လည်ပတ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း လုပ်ငန်းနှောင့်နှေးကြန့်ကြာတာတွေ၊ လျှောက်လွှာအသစ်ကို မစိစစ် နိုင်တာတွေကြောင့် ဝန်ထမ်း ၅ဝဝဝဝ ပြန်ခေါ်ပြီးအချိန်မီပြီးစီးအောင် လုပ်ငန်းတွေပြန်လည်ပတ်ခဲ့ရပါတယ်။

သမ္မတဟောင်းကလင်တန်လက်ထက် သမိုင်းမှာရက်အကြာဆုံး ၂၁ ရက်အထိ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတာနဲ့ပတ်သက်ပြီး အမေရိကန်ပြည်သူအများစုကသမ္မတကလင်တန်ထက် ရီပတ်ဗလစ်ကန်တွေကို အပြစ်တင်ခဲ့ကြပါတယ်။ အဲဒီအချိန်ရီပတ်ဗလစ်ကန်တွေဘက်က အစိုးရဟာ ရထားပျက်ကြီးတစ်စင်းလိုဖြစ် သွားလိမ့်မယ်ဆိုတဲ့တွက်ဆချက်နဲ့ အသုံးစရိတ်ကိစ္စကိုအကြောင်းပြပြီးသမ္မတဟောင်းကလင်တန်ကို စေ့စပ်ညှိ နှိုင်းရေးစားပွဲဆီသို့ အတင်းအကျပ်ဆွဲခေါ်ခဲ့တာလို့လည်း နိုင်ငံရေးသုံးသပ်သူတွေကပြောပါတယ်။ ဒါပေမဲ့ Government Shut Down ဖြစ်ရတာနဲ့ပတ်သက်လို့ ရီပတ်ဗလစ်ကန်တွေဘက်က ပိုပြီးအထိနာခဲ့တယ်လို့နိုင်ငံ ရေးသုံးသပ်သူတွေကတွက်ဆပါတယ်။ ဒါကြောင့်လည်း အစိုးရလုပ်ငန်းတွေရပ်ဆိုင်းသွားမယ့်ကိစ္စ အတတ်နိုင် ဆုံးရှောင်နိုင်အောင် ဒီမိုကရက်ရောရီပတ်ဗလစ်ကန်ရော နှစ်ဖက်စလုံးက ညှိနှိုင်းလိမ့်မယ်၊ ကြိုးပမ်းကြလိမ့်မယ် ဆိုပြီး ခန့်မှန်းခဲ့ကြတာပါ။

အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းတာနဲ့ပတ်သက် လို့ကြိုတင်ပြင်ဆင်တာမျိုးရှိပါသလား

အိမ်ဖြူတော်ဘဏ္ဍာရေးနဲ့လုပ်ငန်းစီမံခန့်ခွဲရေးရုံး OMB ကတော့ ၁၉၈ဝ ခုနှစ်ကတည်းကတကယ်လို့ လုပ်ငန်းတွေရပ်ဆိုင်းရမယ်ဆိုရင် စနစ်တကျဘယ်လိုလုပ်မလဲဆိုတာကို အစိုးရအေဂျင်စီအားလုံးဆီက အစီအ စဉ်တွေတောင်းခံခဲ့ဖူးပါတယ်။ အေဂျင်စီအားလုံးရဲ့လုပ်ငန်းလည်ပတ်မှုအနေအထားကို မရှိမဖြစ်အနိမ့်ဆုံး လို အပ်ချက်လောက်ကိုပဲလုပ်ကိုင်ရမယ်လို့ ညွှန်ကြားထားပါတယ်။ လုပ်ငန်းတွေရပ်ဆိုင်းရတာမျိုးမဖြစ်အောင် အ သုံးစရိတ်တွေ ကိုကြိုတင်ခွဲဝေစီစဉ်တာမျိုးတွေလုပ်ဖို့လည်း ညွှန်ကြားထားပါတယ်။

အစိုးရလုပ်ငန်းတွေ လည်ပတ်ပုံ

Government Shut Down ဖြစ်နေတဲ့အချိန်မှာ အစိုးရရုံးတွေအားလုံးနီးပါး လုပ်ငန်းလည်ပတ်မှုအနေ အထားမရှိမဖြစ် အနိမ့်ဆုံးလိုအပ်ချက်လောက်ကိုပဲလုပ်ကိုင်လည်ပတ်ရလေ့ရှိပါတယ်။ အေဂျင်စီရဲ့လုပ် ငန်း ဆက်ပြီးလည်ပတ်ဖို့မရှိမဖြစ်လို့ သတ်မှတ်ခံရတဲ့ဝန်ထမ်းအင်အားအနည်းဆုံးနဲ့လည်ပတ်ရတာပါ။ Furlough လုပ်တယ်။ ယာယီအလုပ်ရပ်ဆိုင်းပြီးခွင့်ပေးလိုက်တာမျိုးဘယ်လောက်ကြာမယ်ဆိုတာကို အေဂျင်စီတွေ အတိ အကျမပြောနိုင်ပါဘူး။ ဒီလိုအလုပ်ကရပ်နားခံရတဲ့ဝန်ထမ်းတွေဟာ ရပ်နားခံရတဲ့ကာလမှာတခြားအလုပ်လုပ် ခွင့်မရှိသလို အခမဲ့ပြန်ပြီးစေတနာ့ဝန်ထမ်းအလုပ်လုပ်ခွင့်လည်းမရှိပါဘူး။ Furlough အလုပ်ခံရတဲ့ ဝန်ထမ်းကို အချိန်ဘယ်လောက်ပဲ အများဆုံးလစာမဲ့နားရက်ပေးနိုင်တယ်၊ အလုပ်လက်မဲ့လျော်ကြေးခံစားခွင့် ရှိမရှိဆိုတာ တွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ Human Resources ဌာနတွေက အသေးစိတ်စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်လေ့ရှိပါတယ်။ မဖြစ်မနေလည်ပတ်ရမယ့်လုပ်ငန်းတွေအတွက်၊ မရှိမဖြစ်ဝန်ထမ်းကို လည်းသက်ဆိုင် ရာဌာနအကြီးအကဲတွေနဲ့ ညှိနှိုင်းရွေးချယ်သတ်မှတ်ပြီးလုပ်ငန်းကို အနိမ့်ဆုံးအဆင့်သာလည်ပတ်တာဖြစ်ပါ တယ်။

၂ဝ၁၃ ခုနှစ် သမ္မတအိုဘားမားလက်ထက် အမေရိကန်အစိုးရလုပ်ငန်းတွေ ၁၆ရက် ရပ်နားခဲ့တဲ့အ တွက်ဆုံးရှုံးမှုပမာဏအမေရိ ကန်ဒေါ်လာ၂၄ဘီလျံရှိတယ်လို့ စီးပွားရေးပညာရှင်တွေကခန့်မှန်းပါတယ်။ အစိုးရ လုပ်ငန်းတွေရပ်ဆိုင်းထားတဲ့အချိန် တစ်နာရီတိုင်း၊တစ်နာရီတိုင်း ဒေါ်လာသန်းနဲ့ချီဆုံးရှုံးတာကို ထောက်ပြနေပါ တယ်။ ဒါကြောင့်အခု သမ္မတ Donal Trump လက်ထက်မှာလုပ်ငန်းတွေပြန်လည်ပတ်ဖို့နဲ့၊ ယာယီအသုံးစရိတ် ဥပဒေကိုအတည်ပြုနိုင်ဖို့ မဖြစ်မနေကြိုးပမ်းကြလိမ့်မယ်ဆိုပြီး ကြိုတင်ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။

မျှော်လင့်ထားကြတဲ့အတိုင်းပဲ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ သောကြာနေ့မနက်မှာ လွှတ်တော်နှစ်ရပ် စလုံးကအတည်ပြုထားတဲ့ အသုံးစရိတ်ဥပဒေကို သမ္မတ Trump လက်မှတ်ရေးထိုးပြီး အစိုးရလုပ်ငန်းတွေရပ် ဆိုင်းမှု အဆုံးသတ်ခဲ့ပါတယ်။