အရေးပေါ်ကာလတပ်မတော်အာဏာ

အခုတလော ပစ်တဲ့ခတ်တဲ့ တိုက်ပွဲ သတင်းတွေမကြာခဏ ဖတ်မိပါတယ်။ အရင်သမ္မတဟောင်း ဦး သိန်းစိန်လက်ထက်ကတည်းက ငြိမ်းချမ်းရေးရဖို့ ကြိုးစားလာလိုက်တာ အခုလက်ရှိအစိုးရလက်ထက်ထိ ကို အားကြိုးမာန်တက် ကြိုးစားလျက်ပါပဲ။

ဒီလိုအခြေအနေမှာ ငြိမ်းချမ်းရေးနဲ့ တိုက်ပွဲတွေအကြား နားလည်မှုလွဲတာတွေ၊ တောင်းဆိုမှု အစွဲတွေ မတူညီသေးတာမို့  တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်အကြား အမြင်တွေကွဲပြားလို့ ညှိနှိုင်းဖို့ အား ယူဆဲကာလလို့ ပြောရမှာဖြစ်ပါတယ်။ နောက်ဆက်တွဲရလဒ်က ပြည်သူအများစုရဲ့ စိုးရိမ်စိတ်ရေချိန်ကို တ ဖြည်းဖြည်းနဲ့ အမြင့်ဆုံးကို ဆွဲခေါ်လာသလိုပါပဲ။

အရင်တပ်မတော်အစိုးရ လက်ထက်မှာဆိုရင်တော့ အဲဒီလိုစိုးရိမ်စိတ်ရေချိန်က ခုလောက်ထိ မြင့် တက်ခဲ့မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တပ်မတော်ကအာဏာသိမ်းပြီးအုပ်ချုပ်ခဲ့တာမို့ တိုင်းပြည်မငြိမ် သက်လို့ဆိုပြီး အာဏာထပ်သိမ်းစရာမလိုတာမို့ သန်းခေါင်ထက်ညဥ့်နက်မှာလည်း မပူပန်ကြတဲ့သဘောဖြစ်ပါ တယ်။ အခုက အဲဒီလိုခေတ်မဟုတ်တော့ပါဘူး။ ၂ဝ၁ဝ ပြည့်နှစ်ဝန်းကျင်ကတည်းက တိုင်းပြည် အပြောင်း အလဲကို ဖော်ဆောင်လာလိုက်တာ ယုံမှားသံသယအငြင်းပွားဖွယ်ကင်းတဲ့ ပြည်သူကရွေးချယ်တဲ့ အစိုးရအာ ဏာရလာတဲ့ အခုချိန်ထိပါပဲ။

၂ဝ၁ဝမှာ စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးကို ရှောရှောရှူရှူ ကူးပြောင်းပါတယ်။ ဒီလူ ဒီလူတွေပါပဲ။ စနစ်ပြောင်းပြီး လူမပြောင်းဘူးဆိုပြီး ဝေဖန်မှုအမျိုးမျိုးရှိခဲ့ပေမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ အပြီးမှာ တော့ ပြည်သူမဲပေးရွေးချယ်တဲ့ အရပ်သားစစ်စစ်အစိုးရက လုံးလုံးလျားလျား အာဏာရခဲ့တာမို့ အဲဒီလို ညင် သာတဲ့ မြန်မာ့နိုင်ငံရေးရဲ့ ပါတီစုံဒီမိုကရေစီစနစ် ကူးပြောင်းပုံအဆင့်ဆင့်က  နိုင်ငံတကာကိုတောင် အံ့အားသင့် မှင်သတ်စေခဲ့ပါတယ်။

ပါတီစုံ ဒီမိုကရေစီစနစ်အရရွေးတဲ့ အစိုးရလက်ထက် ရောက်နေပြီမို့ တိုးတက်မှုက နှေးသည်ဖြစ်စေ၊  မြန်သည်ဖြစ်စေ၊ စီမံခန့်ခွဲမှုတွေက အားကောင်းသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ  အရင်လိုစစ်အုပ်ချုပ် ရေးစနစ်အောက် ပြန်မရောက်လိုကြတာ ပြည်သူအများစုရဲ့ ဆန္ဒဆိုတာ ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်က သက် သေပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလိုငြိမ်းချမ်းရေး မရ သေးခင်စပ်ကြား တိုက်ပွဲတွေများနေတဲ့ ကာလမှာ  ဘက်ဂီယာပြန်ထိုးပြီး အာဏာသိမ်းလိုက်လေမလားဆိုပြီး ပြည်သူတချို့က စိုးရိမ်တဲ့သုံးသပ်ပြောကြား ဆွေး နွေးမှုတွေ ရှိလာတာကို မကြာမကြာ ကြားမိပါတယ်။

ဒီနေရာမှာ ထည့်သွင်းစဉ်းစားရမှာက တပ်မတော်ရဲ့ သဘောထားပါ။ လက်ရှိတပ် မတော်က အစိုးရနဲ့ အတတ်နိုင်ဆုံးပူးပေါင်း ပြီး ငြိမ်းချမ်းရေးအတွက် အားတက်သရော ဖော်ဆောင်နေတယ်လို့ ယုံကြည်စရာရှိပါ တယ်။ ဒီမိုကရေစီရဲ့ သဘောသဘာဝအတိုင်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်တွေကို ပွင့်လင်းမြင်သာစွာ  ထုတ်ဖော်ချပြ လာကြတာမို့ အနည်းငယ် အမြင်မတူတာတွေအကြား အစိုးရနဲ့တပ်မတော်က အရိုး သားဆုံး ညှိနှိုင်း ဆောင်ရွက်နေကြတယ်လို့ပဲ အပြုသဘောဆောင် သုံးသပ်မိပါတယ်။ ဥပမာ- ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စမှာလိုပေါ့။ ဒါကြောင့်မို့ ပြည်သူတချို့ စိုးရိမ်သလို အာဏာသိမ်းလိုက်လေမလား ဆိုတဲ့ကိစ္စက ဖြစ်လာဖို့အင်မတန်မှ ခဲယဉ်းပါတယ်။ ဒါကအစိုးရနဲ့ တပ်မတော်လက်ရှိ ပူးပေါင်းဖော်ဆောင်နေတဲ့ တိုင်းပြည် တိုး တက်ပြောင်းလဲရေး အားထုတ်မှုတွေအပေါ်  အကောင်းဘက်က ရှုမြင်တွေးတောကြည့် မိတာ ဖြစ်ပါတယ်။

တစ်ဖက်မှာ  ဥပဒေပြဋ္ဌာန်းချက်တွေအရ ကြည့်မယ်ဆိုရင်လည်း အာဏာသိမ်းတဲ့ကိစ္စက ဖြစ်မလာနိုင် ဘူးလို့ ယူဆစရာရှိပါတယ်။ တပ်မတော်ကနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့  အဓိကတာဝန်ရှိတယ်ဆိုပြီး ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ(စ)မှာ ပြဋ္ဌာန်းထားတာက အကောင်းဆုံး သက်သေပဲဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက်ကို ကြည့်ရင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်တမျှ ကာကွယ်စောင့်ရှောက်မယ်ဆိုတာ အကြွင်းမဲ့ယုံကြည်စရာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုစောင့်ရှောက်မယ့်တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဘယ်တော့မှ ချိုးဖောက်မှာ မဟုတ်ပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော် က အပြီးအပိုင် လုံးလုံးအာဏာသိမ်းဖို့ ပြဋ္ဌာန်းချက်မျိုး မပါဝင်ပါဘူး။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ရှင်းပြလိုပါတယ်။ အဲဒီ ပြဋ္ဌာန်းချက်တွေအရ နိုင်ငံရဲ့အရေးပေါ်ကာ လမှာ တပ်မတော်ရဲ့လုပ်ပိုင်ခွင့်အာဏာက ဘယ်လောက်အတိုင်းအတာထိ ရှိနိုင်မလဲ ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်ကအပြီးအပိုင် လုံးလုံးအာဏာသိမ်းဖို့ ပြဋ္ဌာန်းချက်မျိုး မပါဝင်ဘူး ဆိုပေမယ့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေအရ အစိုးရက တပ်မတော်ကိုအာဏာလွှဲ လိုက်ချိန်မှာ တော့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ တိုင်းပြည်ရဲ့ အဓိကမဏ္ဍိုင်သုံးရပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာ တွေကို သတ်မှတ်ကာလ အတိုင်းအတာ တစ်ခုအထိ တပ်မတော်က ရရှိနေမှာဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနဲ့ အဓမ္မနည်းတွေနဲ့ ရယူဖို့ ဆောင်ရွက်တာ၊ ကြိုးပမ်းအားထုတ်တာတွေကြောင့် ပြည်ထောင်စုပြိုကွဲစေမယ့်၊ တိုင်းရင်းသားစည်း လုံးညီ ညွတ်မှု ပြိုကွဲစေမယ့်၊ အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမယ့် အရေးပေါ်အခြေအနေ ပေါ်ပေါက်ရင် ဒါမှမဟုတ် ပေါ်ပေါက်ဖို့ လုံလောက်တဲ့ အကြောင်းတွေရှိရင် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး ဥပဒေလို အာဏာတည်တဲ့အမိန့်ထုတ်ပြန်ပြီးအရေး ပေါ်အခြေအနေ ကြေညာနိုင် ပါတယ်။ အဲဒီအမိန့်မှာ အရေးပေါ်အခြေအနေ အကျိုးသက်ရောက်တဲ့နယ်မြေက နိုင်ငံတစ်ဝန်းလုံး ဖြစ်တယ် ဆိုတာရယ်၊ အချိန်ကာလသတ် မှတ်ချက်က အမိန့်ထုတ် ပြန်တဲ့နေ့ကနေ တစ်နှစ်အထိ ဖြစ်တယ်ဆို တာရယ် ကို ဖော်ပြရမှာဖြစ်တယ်လို့ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇မှာဆိုပါတယ်။

ပုဒ်မ ၄၁၇အရ အရေးပေါ်အခြေအနေ ကြေညာတဲ့ကိစ္စမှာ နိုင်ငံတော်သမ္မတက နိုင်ငံတော်အတွင်း မူလအခြေအနေကို အမြန်ပြန်လည်ရောက်ရှိစေဖို့၊ လိုအပ်တဲ့အရေးယူ ဆောင်ရွက်မှုတွေလုပ်နိုင်ဖို့ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို လွှဲအပ် တယ်ဆိုပြီး ကြေညာရမှာ ဖြစ်ပါတယ်။

အဲဒီလို ကြေညာတဲ့နေ့ကစလို့ လွှတ်တော်အားလုံးနဲ့ ဦးစီးအဖွဲ့တွေရဲ့ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်း တွေကို ရပ်ဆိုင်းထားတယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ အဲဒီ လွှတ်တော်တွေရဲ့ သက်တမ်းကုန်ဆုံးတဲ့အခါ သက်ဆိုင်ရာလွှတ်တော်တွေက အလို အလျောက် ဖျက်သိမ်းပြီးဖြစ်တယ်လို့ မှတ်ယူရမှာပါ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်ရဲ့အာဏာ လွှဲအပ်ဆောင်ရွက်စေတဲ့နေ့ကစလို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုပဲ ပြဋ္ဌာန်းထားထား နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေကလွဲလို့ ဖွဲ့ စည်းပုံ အခြေခံဥပဒေနဲ့အညီ သက်ဆိုင်ရာလွှတ် တော်တွေရဲ့ သဘောတူညီချက်နဲ့ ခန့်အပ် တာဝန်ပေးထားတဲ့ အဖွဲ့အစည်းဝင်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင် တွေကို တာဝန်ကရပ်စဲပြီး ဖြစ်တယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အာဏာ လွှဲအပ်ခံရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေပြုရေးအာဏာကို မိမိ ကိုယ်တိုင်ဖြစ်ဖြစ်၊ မိမိကိုယ်တိုင်ပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းပြီးတော့ဖြစ်ဖြစ် ကျင့်သုံး ဆောင်ရွက်နိုင် ပါတယ်။

အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတွေကို သင့်လျော်တဲ့အဖွဲ့အစည်း တစ်ရပ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်ဖြစ်၊ သင့်လျော်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်ဖြစ် လွှဲအပ်ကျင့် သုံးဆောင်ရွက်စေနိုင်ပါတယ်။

ဒါ့ပြင် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလမှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လို အပ်တဲ့နယ်မြေဒေသမှာ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတစ်ရပ် ရပ်ကိုဖြစ်ဖြစ်၊ တစ်ရပ်ထက်ပိုပြီးဖြစ်ဖြစ် လို အပ်သလို ကန့်သတ်နိုင်တယ်ရပ်ဆိုင်းထားနိုင်တယ်ဆိုပြီးတော့လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေက လုပ်ပိုင်ခွင့် ပေးထားပါတယ်။

နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေတဲ့ကိစ္စကို ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပချိန်ဖြစ်ရင် အဲဒီအစည်း အဝေးမှာဖြစ်ဖြစ်၊ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပချိန် မဟုတ်ရင် ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူစေပြီးဖြစ်ဖြစ် အစီရင်ခံတင်ပြရမှာ ဖြစ်ပါ တယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့ကို ပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက် ခြင်းမပြုနိုင်သေးလို့ သတ်မှတ်ချိန်ကာလ တိုးမြှင့်ပေးဖို့ အကျိုးအကြောင်းဖော်ပြပြီးတင်ပြရင် အမျိုးသား ကာ ကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး သာမန်အားဖြင့် တစ်ကြိမ်ကို၆လ အထိ နှစ်ကြိမ်တိုးမြှင့်ပေး နိုင်ပါတယ်။ အဲဒီလို တိုးမြှင့်ပေးတဲ့ကိစ္စကို ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ် ယူစေပြီး အစီရင်ခံတင်ပြရမှာပါ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သူ့ကိုပေးထားတဲ့ တာဝန်ကို ပြီးမြောက် အောင်ဆောင်ရွက်ပြီးစီး တယ်ဆိုပြီး နိုင်ငံ တော်သမ္မတကို တင်ပြလာတဲ့အခါ ပြည်ထောင်စုလွှတ်တော် သက်တမ်းမကုန်ဆုံးသေးရင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူစေပြီး အစီရင်ခံ တင်ပြပြီးတဲ့ နေ့ကစလို့ဖြစ်ဖြစ်၊ ပြည်ထောင် စုလွှတ်တော် သက်တမ်းကုန်ဆုံးပြီးဖြစ်ရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ တင်ပြချက် လက်ခံရရှိတဲ့နေ့ကစလို့ဖြစ်ဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက် စေခဲ့တဲ့အမိန့်ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီးပယ်ဖျက်တယ်လို့ ကြေညာရမယ် ဆိုပြီး ပုဒ်မ၄၂၂မှာ ပြဋ္ဌာန်း ထားပါတယ်။

နိုင်ငံတော်သမ္မတက ပုဒ်မ ၄၂၂ အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံက အစီရင်ခံစာကို ရရှိတဲ့အခါ ပြည်ထောင်စု လွှတ်တော်သက်တမ်း မကုန်ဆုံးသေးရင် လွှတ်တော်အားလုံးနဲ့ ဦးစီးအဖွဲ့တွေရဲ့ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားတာကို ပယ်ဖျက်ရမှာဖြစ်ပါတယ်။ အဲဒီနောက် ဖွဲ့စည်း ပုံအခြေခံဥပဒေပါ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းအသစ်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဖွဲ့စည်းတာဝန်ပေးအပ်ရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေက ကျန်ရှိတဲ့ လွှတ်တော်သက်တမ်း အတွက်ပဲ တာဝန်ထမ်းဆောင်ရမှာပါ။

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့က ပြည်ထောင်စုလွှတ် တော် သက်တမ်းကုန်ဆုံးရင်တောင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ နိုင်ငံတော် သမ္မတ အသစ်နဲ့ ဒုတိယသမ္မတအသစ်တွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအသစ်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အသစ်တို့ ကို ရွေးချယ်တင်မြှောက်ပြီးတဲ့အထိ ဆက်လက်တည်ရှိ နေရမှာ ဖြစ်ပါတယ်။

အဲဒီတော့ အထက်မှာပြောခဲ့တဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တချို့ကို လေ့လာကြည့် မယ်ဆိုရင် လိုအပ်လို့ တိုင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတွေကို တပ်မတော် ကို လွှဲအပ်ရဦးတော့ တပ်မတော်က ကာလတစ်ခုထိ တည်ငြိမ်အောင် ထိန်းသိမ်းပေးရတဲ့ သဘောကိုသာ တွေ့ရ မှာဖြစ်ပါတယ်။

တပ်မတော်က လိုအပ်တဲ့ကာလတစ်ခုအထိ နိုင်ငံတည်ငြိမ်အောင် ထိန်းသိမ်းပြီးပြီဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ  ပါတီစုံဒီမိုကရေစီစနစ်အတိုင်း တိုင်းပြည်က ရှေ့ဆက်ရမှာဖြစ်တာမို့ ပြည်သူအများ စုစိုးရိမ်သလို ဖြစ်မလာနိုင်ပါဘူးလို့သာ ယုံ ကြည်ရင်းဖြင့် …။

 

သာဓက