အခြေမခိုင်တဲ့ အုတ်မြစ်ပေါ် တည်ဆောက်နေတဲ့ မြန်မာ့ပညာရေး

ခင်နှင်းဦး

နိုင်ငံတစ်နိုင်ငံအတွက် အခြေခံအုတ်မြစ်ဟာ ကျန်းမာရေးနဲ့ ပညာရေးဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မကြာခဏပြောလေ့ရှိပါတယ်။ မှန်ပါတယ်။ နိုင်ငံတိုင်းဟာ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်း သူပြည်သားတွေ ကျန်းမာရေးနဲ့ပြည့်စုံပြီး ပညာတတ်မြောက်ကြဖို့ ဆောင်ရွက်ကြရပါတယ်။ ဒါပေမဲ့ဆောင်ရွက်ပုံ ဆောင်ရွက် နည်းကွဲလွဲမှုနဲ့ ပါဝင်လုပ်ဆောင်သူတွေရဲ့ လုပ်ကိုင်နိုင်စွမ်းရည်ပေါ်မူတည်ပြီး နိုင်ငံတွေရဲ့အနေအထားကွာခြားသွားကြ ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ပြည်သူပြည်သားတွေများပြားပြီး ပညာတတ်မြောက်သူများပြားတဲ့ နိုင်ငံတွေဟာ ရှေ့တန်း ရောက်သွားပြီး ဒီအချက်တွေမှာ အားနည်းတဲ့ နိုင်ငံတွေဟာ နောက်ကျကျန်ရစ်ကြပါတယ်။ အထင်ရှားဆုံး ဥပမာက ရှည်ရှည်ဝေးဝေးလိုက်ရှာစရာ မလိုပါဘူး။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံပါပဲ။

သက်ဦးဆံပိုင်ဘုရင်ခေတ်တုန်းမြန်မာ နိုင်ငံဟာ အရှေ့တောင်အာရှမှာ စာတတ်မြောက်မှုနှုန်း မြင့်မားတဲ့ နိုင်ငံဖြစ် ကြောင်း အများကလက်ခံခဲ့ကြရပါတယ်။ ဒီကနေ့ကမ္ဘာမှာ မူလတန်းအဆင့် ကျောင်းထွက်နှုန်း အများဆုံးက မြန်မာနိုင်ငံဖြစ် လာပါတယ်။ ၁၈၈၅ ခုနှစ်က စပြီး အင်္ဂလိပ်လက်အောက်ကို ကျရောက်ခဲ့ရတယ်ဆိုပေမဲ့ မြန်မာနိုင်ငံရဲ့ ရှေးရိုးစဉ်လာ ဘုန်းတော်ကြီးသင်ပညာရေးက အမျိုးသားခေါင်းဆောင်ကြီး သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်တွေကို မွေးထုတ် ပေးခဲ့နိုင်ပါ တယ်။ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဘုန်းကြီးကျောင်းထွက်တစ်ယောက်ဖြစ်ပါတယ်။ အင်္ဂလိပ် ခေတ်မှာ အင်္ဂလိပ်သာသနာပြု ကျောင်းတွေပေါ်လာပြီး ရန်ကုန်တက္ကသိုလ်လည်း ပေါ်ပေါက်လာပါတယ်။ အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ဟာ အခု ကမ္ဘာကကျင့်သုံးနေတဲ့ အစိုးရရဲ့ချုပ်ကိုင်ထားမှုကင်းလွတ်တဲ့ ဆီးနိတ်ခေါ် တက္ကသိုလ်ပညာရေး ကောင်စီက စီမံခန့်ခွဲသင်ကြားပေးတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အကောင်းဆုံးတက္ကသိုလ်အဖြစ် သတ်မှတ်ခံရပြီး အာရှနိုင်ငံများက ငွေကြေးကြွယ်ဝသူတို့ရဲ့သားသမီးများလာရောက် ပညာသင်ကြားတဲ့ တက္ကသိုလ်တစ်ခု လည်းဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက နိုင်ငံခြားထွက်ပညာသင်တဲ့ အာရှတိုက်သားတွေဟာ ပထမဦးစားပေးအဖြစ် အောက်စ်ဖို့တက္ကသိုလ်ကိုရွေးချယ်ကြပြီး ဒုတိယဦးစားပေးအနေနဲ့ ရန်ကုန်တက္ကသိုလ်ကိုရွေးချယ်ကြပါတယ်။

၁၉၅၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို ရောက်ပြီး အင်္ဂလိပ်ဘာသာတွဲယူခဲ့တဲ့ ဆရာကြီးဦးသော်ကောင်းက ‘အင်္ဂလိပ် ခေတ်ပညာရေးဟာ ကျွန်ပညာရေးလို့ ဘယ်လိုပဲပြောပြော၊ ရန်ကုန်တက္ကသိုလ်ကနေ ကမ္ဘာကိုရင်ပေါင်တန်းပြောနိုင်ဆိုနိုင် တဲ့ သင်ကြားပေးနိုင်တဲ့ မြန်မာပညာတတ်တွေ အများကြီးထွက်ခဲ့တယ်။ ပညာလည်းတတ်ကြတယ်။ နိုင်ငံနဲ့ လူမျိုးကိုလည်း ချစ်ကြတယ်။ ဆင်ခြင်တုံတရားတွေလည်း ပြည့်ဝကြတယ်။ တိုင်းပြည်အတွက်လည်း အများကြီး အလုပ်လုပ်ပေးခဲ့ကြတယ် လို့ပြောပြီး ဥပမာအဖြစ် ဒေါက်တာထင်အောင်၊ ဆရာဇော်ဂျီ (ဦးသိန်းဟန်)၊ ဆရာမင်းသုဝဏ် (ဦးဝန်-သမ္မတကြီး ဦးထင် ကျော်၏ဖခင်)၊ ဒေါက်တာသာလှ၊ ဒေါက်တာလှမြင့်၊ ဒေါက်တာမောင်မောင်ခ၊ ဒေါက်တာကျော်သက်၊ ဒေါက်တာညီညီ၊ ဦးသက်ထွန်း (အငြိမ်းစားသံအမတ်ကြီး – ကွယ်လွန်)တို့ကို ရည်ညွှန်းပြပါတယ်။

၁၉၆၄ မှာ စနစ်သစ်ပညာရေးပေါ်ပေါက်လာပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရေးမဟာဌာန Faculty System တွေနဲ့ ဖွဲ့စည်းထားပြီး အစိုးရရဲ့စွက်ဖက်မှုကင်းလွတ်တဲ့ ပညာရေးစနစ်ပျက်ပြားခဲ့ပြီး နောက်ပိုင်း မကြာခဏပြောင်းလဲလက် တည့်စမ်းတဲ့ ပညာရေးစနစ်နဲ့ သင်ရိုးညွှန်းတမ်းတွေအောက်မှာ ကျောင်းသားကျောင်း သူမိဘဆရာသုံးဦးသုံးဖလှယ်လုံး စိတ်သောကတွေရောက်ကြရတာ ဒီကနေ့ထိပါပဲ။ ပညာရေးရဲ့ အရည်အသွေး နိမ့်ပြီး ရင်းနိမ့်လာပြီး ခုထိ ပြန်မထူမတ်နိုင်သေးတာ အားလုံးအသိပါပဲ။

ပညာရေးအဆင့်နိမ့် ပျက်ပြားသွားတဲ့ဒဏ်ကို မြန်မာနိုင်ငံခံရတာခုထိပါပဲ။ တိုင်းသူပြည်သားအများစုဟာ လုပ်ကိုင်နိုင်စွမ်း ရည်တွေနိမ့်ပါးသွားကြပါတယ်။ တီထွင်ဖန်တီးလုပ်ကိုင်လိုစိတ်တွေ လျော့ပါးသွားကြပါတယ်။ အမိန့်နာခံခြင်းအကျင့်နဲ့ အထက်ကခိုင်းမှ အောက်ကလုပ်တတ်တဲ့လုပ်ရဲတဲ့ အကျင့်တွေစွဲနေတဲ့အပြင် အထက်ကလည်း အောက်ကို ဖိနှိပ်အုပ်ချုပ် တာတွေ ခုထိကြီးစိုးနေတာ အစိုးရဌာနအားလုံးမှာပါပဲ။ အနည်းနဲ့အများပဲကွာပါတယ်။

ဒီအနေအထားကို မပြင်နိုင်ဘဲ တိုင်းပြည်တည်ဆောက်မှု မြန်ဆန်မှာ မဟုတ်ကြောင်း အင်န်အယ်လ်ဒီအစိုးရသိပါတယ်။ ဒါကြောင့် ၂ဝ၁၆ မှာ အမျိုးသားပညာရေးစီမံကိန်းကို စတင်ဖော်ဆောင်ပါတယ်။ မူကြိုအဆင့်ကစပြီး တစ်နှစ်တစ်တန်းပြင် သွားတဲ့ ပညာရေးစနစ်ဖြစ်ပါတယ်။ အခြေခံပညာရေးကို စကိုင်တွယ်တဲ့အတွက် အခြေခံပညာခိုင်မာကောင်းမွန်မှ အလယ် တန်းအထက်တန်းနဲ့ တက္ကသိုလ်အဆင့်ကို လိုသလို ပုံဖော်နိုင်မယ်ဆိုတာကို အင်န်အယ်လ်ဒီအစိုးရသိရှိကြောင်း ဝမ်းမြောက် ဖွယ်သိရှိရပါတယ်။ ဒါပေမဲ့ အခုထပ်မံ စတင်လိုက်တဲ့ အမျိုးသားပညာရေးစီမံကိန်းကိုက အမျိုးသားရေးအားနည်းနေပါ တယ်။ မူကြိုအဆင့် သင်ရိုးထွက်လာတော့ ဒီသင်ရိုးကို ဦးသိန်းစိန်အစိုးရလက်ထက်က တာဝန်ပေးထားတဲ့အဖွဲ့က ဦးဆောင်လုပ်ခဲ့တာဖြစ်ကြောင်း၊ ဘယ်လိုအားနည်းချက်တွေရှိပြီး ဘယ်လိုအမျိုးသားရေးနဲ့ ကင်းကွာနေကြောင်း သိနားလည် သူတွေက ရေးကြထောက် ပြကြပါတယ်။ ပညာရေးဝန်ကြီးဌာန ကတုတ်တုတ်တောင်မလှုပ်ခဲ့ပါဘူး။

မူကြိုတန်းမှာ စာမသင်ရဘူးလို့ ပြင်ဆင်လိုက်တဲ့ အမျိုးသားပညာရေး စီမံကိန်းကဆိုပေမဲ့ ဒါကိုဘာကြောင့် ကျင့်သုံးခိုင်း မှန်း နားမလည်တဲ့ ဆရာ၊ဆရာမတွေက စာသင်ကြတာ၊ စာမေးပွဲစစ်ကြတာတွေ အမျိုးသားပညာရေးစီမံကိန်း စကျင့်သုံးတဲ့ နှစ်မှာ ဖြစ်ခဲ့ပါတယ်။ မိဘတွေကတိုင်ကြတောကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မူကြိုတန်းမှာစာသင်တာ စာမေးပွဲ စစ်တာတွေကင်းသွားပါတယ်။ ဒါကြောင့် ပထမတန်း၊ ဒုတိယတန်း ဆရာ၊ဆရာမတွေကို ပြောင်းလဲလိုက်တဲ့သင်ရိုးကို ဘယ်လိုသင်ရမယ်ဆိုတဲ့ သင်တန်းတွေပါပေးကြရပါ တယ်။

အမျိုးသားပညာရေးစီမံကိန်းမှာ တာဝန်ယူသူတွေကို လေ့လာကြည့်လိုက်တော့ ပညာရေးမှူးဟောင်းတစ်ယောက် ထောက်ပြသလိုပါပဲ။ မြန်မာစာ မြန်မာမှုဘက်မှာအားနည်းပြီး အင်္ဂလိပ်စာနဲ့ အနောက်တိုင်းစနစ်တွေမှာ အားသာတဲ့ လူများနေပါတယ်။ ဒါကြောင့် မူကြိုတန်းမှာ ရွတ်ဆိုဖို့အတွက်ရွတ်ဆိုလို့ အင်မတန်ကောင်းတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာတွေ၊ ဒေါက်တာမောင်ဖြူးရဲ့ ကဗျာတွေတစ်ပုဒ်မှပါမလာတော့ပါဘူး။ ဆရာတင်မိုး ကဗျာပါနေသေးလို့ တော်ပါသေး ရဲ့လို့ သက်ပြင်းချရပါတယ်။

ကလေးတွေကို လူပုလေးလျှောက်လျှောက်။ လူရှည်ကြီးလျှောက်လျှောက်ဆိုတာကို ကဗျာအဖြစ်ထည့်ပေးထားပါ တယ်။ လမ်းလျှောက်တာသင်ချင်တာလား။ ပုတာရှည်တာ သင်ပေးချင်တာလားမသိပါ။ ဘယ်လိုမှ ကဗျာအနေနဲ့ ဘဝင်ကျ စရာမရှိတဲ့ စာတွေကို ကဗျာဆိုပြီးထည့်ထားလေရဲ့။ နောက်တချက်က မူလတန်းအဆင့်မှာ မြန်မာအက္ခရာ ဗျည်း ၃၃လုံး ထဲက ဋကနေ ဏထိ ဗျည်းငါးလုံးကို စာအုပ်ထဲမှာပါပေမဲ့ ထည့်မသင်ဘဲ ကျန်တဲ့ ဗျည်း ၂၈လုံးကိုပဲ သင်ပါသတဲ့။ ဘာကြောင့်လဲမေးကြည့်တော့ နောက်အတန်းကြီးလာတော့ ထည့်သင်မယ်။ မူလတန်းမှာတော့ ကလေးအတွက် ခက်ခဲမှာ စိုးလို့တဲ့။ ကျွန်မတို့အားလုံး သူငယ်တန်းလေး သူငယ်တန်းကြီး နှစ်နှစ်နေခဲ့ရတုန်းက ဗျည်း ၃၃လုံးစလုံး အကုန် သင်ခဲ့ရ သူတွေချည်းပါပဲ။ ဆရာ၊ဆရာမက သင်ပေးနိုင်သလို အသင်ခံရတဲ့ ကျောင်းသား ကျောင်းသူတွေလည်း အချိန်တန်ရင် ဗျည်း ၃၃လုံးကို ရသွားသူချည်းပါပဲ။ ခြွင်းချက်အနေနဲ့ နဂိုကတည်းက ဥာဏ်ထိုင်းတဲ့ ကလေးကတော့ ဋ မှ မဟုတ် ဋ္ဌ မှ မဟုတ် ကျန်တဲ့ကကြီး ခခွေးလည်း သင်ပေးရခက်ကြတာပါပဲ။ ဒီခေတ်ရောက်မှပဲ စနစ်သစ်အမျိုးသားပညာရေးစီမံကိန်းမှာ သင်ယူရ မယ့် ကလေးတွေ Óဏ်ရည်နိမ့်ကုန်လေ သလား။ ခက်မှာစိုးလို့ ဋ စ ဏ ဆုံး ဗျည်းငါးလုံးချန်သင်ရဆိုပဲ။ မူကြိုမှာသင်ပေး သင့်တဲ့ ဗျည်းပဒေသာဆိုတဲ့ ဗျည်း ၃၃လုံးကို သီချင်းလုပ်ဆိုထားတာလေးရှိပါတယ်။ ရေးစပ်သူက အလင်္ကာကျော်စွာ စိန်ဝေလျှံပါ။ သီဆိုသူက သန်းသန်းဆင့်ပါ။ ဒီသီချင်းလေးရှိမှန်း သင်ရိုးပြုစုသူတွေထဲမှာ ဆရာကြီးဦးဖေမောင်တင်၊ ဆရာကြီးဇော်ဂျီနဲ့ ဆရာကြီးမင်းသုဝဏ်လို အမျိုးသားရေးစိတ်အပြည့်ရှိသူ မြန်မာမှုမြတ်နိုးသူတွေပါရင်သိမှာပါ။ အခု တာဝန်ယူနေသူတွေ စိတ်မှာ အနောက်တိုင်းပုံစံကို ကြိုက်သူတွေလွှမ်းမိုးနေတော့ တီဗွီမှာ ခဏခဏမြင်ရတဲ့ လမ်း လျှောက်ကြမယ် ကကြမယ်ဆိုတာမျိုးတွေ မြန်မာမူကြိုထဲရောက်လာကြပါပြီ။ ကလေးတွေစိတ်ထဲ စိမ့်ဝင်မယ့် သပြေသီးမှည့် လေးတွေ ခရေပန်းလေးတွေ နွားလှည်းလေးတွေ တော့ကျန်ခဲ့ကြပေါ့ကွယ်။

ဒီဗျည်းပဒေသာ သီချင်းလေးဟာ မြန်မာအက္ခရာ ၃၃ လုံးကိုသာမက သရသံတွေကိုပါထည့်ပြီး သီချင်းစပ်ထားတာပါ။ ကလေးတွေ သီချင်းဆိုရင်း စိတ်လည်းပျော်ရွှင် စာလုံးတွေလည်းမှတ်မိ (ဗျည်းနဲ့သရ) မှာဖြစ်ပေမဲ့ ရွှေဒဏ်တော်စူးရောက် သူများ ဒီသီချင်းကိုသိကြပုံမရပါဘူး။ ဒါပေမဲ့ တချို့မိဘတွေက ထက်မြက်ကြပါတယ်။ တချို့မိဘတွေက စေ့စပ်သေချာကြ ပါတယ်။ မိဘတစ်ယောက်က မူလတန်းကျောင်းသားကိုင်စာအုပ် (Text Book) မှာပါတဲ့ အမှားတွေကို ဒီလိုထောက်ပြပါ တယ်။

ခ-ခရေကုံးမလေးပြုံး (ထောက်ပြချက် -ခရေကုံးနဲ့ မလေးပြုံး ကြားတွင် ခွဲထားမပါ ရှိခြင်း) စာ ၁

ငါတီု့စာသင်ကျောင်း (တို့ ရေးရမယ့် အစား တီု့ ဖြစ်နေခြင်း) စာ ၂၁

ညီညီညာညာ အနီးလား (အနီးလာ ရေးရမယ့်အစား အနီးလား) စာ ၂၃

ထီးယူလားသလား (လာ အစားလား ဖြစ်နေခြင်း) စာ ၂၅

သားကလေး တီကာတာ (သားကလေး တီတာတာ ဖြစ်ရမယ့်အစား) စာ ၂၉

မမောပန်းပါ (မမောပမ်း ဖြစ်ရမယ့် အစား) စာ ၃၈

ခြွေး (စာ ၅၄ မြန်မာစာတွင် မရှိသော အသုံး)

တို့တစ်တွေ (တို့တတွေ အစား)- စာ ၆၄

အဲဒါတွေကတော့ စင်ကာပူရောက်နေတဲ့ မြန်မာတစ်ယောက်က သူ့သားကို မြန်မာပြည်မှာ ကျောင်းပြန်ထားဖို့ ပြင်ဆင် တဲ့အခါ မူလတန်းဖတ်စာကို ကြည့်လိုက်တော့ တွေ့တဲ့အမှားတွေပါတဲ့။ ဒါကို အန်တီသိပါစေဆိုတဲ့ ခေါင်းစဉ်နဲ့ မင်းဒင်က ဖေ့စ်ဘုတ်ပေါ်တင်ပေးထားပါတယ်။ မြန်မာပြည်က မိဘတွေသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေ ဒီအမှားတွေ့ကြလေသလား မသိပါ။ မတွေ့ကြဘူးလား ဘယ်သူမှ ထောက်မပြကြသေးပါဘူး။ ကျောင်းသားကိုင်စာအုပ် ဒီလောက်ပေါ့ပေါ့ဆဆ ထွက် လာတာဟာရေးသူ ပုံနှိပ်သူစိစစ်တည်းဖြတ်သူအားလုံးမှာ တာဝန်ရှိပါတယ်။ တာဝန်အရှိဆုံးကတော့ အခြေခံပညာဦးစီး ဌာနက တာဝန်အရှိဆုံးပုဂ္ဂိုလ်နဲ့ ပညာရေးဝန်ကြီး ဌာနက တာဝန်အရှိဆုံးပုဂ္ဂိုလ်ပါ။

ပညာရေးလောက ပညာရေးတက္ကသိုလ်နယ်ပယ်မှာ လူသိများထင်ရှားသူတွေ သူ့ခေတ်နဲ့သူရှိကြပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်ရှေ့ပိုင်းမှာ ပညာရေးတက္ကသိုလ် ပညာရေးကောလိပ်တွေမှာ ဒေါက်တာနုနုဝင်းဆိုတာ လူသိများပါတယ်။ ပညာရေး စိတ်ပညာဌာနပါမောက္ခဖြစ်ပြီး ပညာရေးစိတ်ပညာ၊ သင်္ချာနဲ့ အင်္ဂလိပ်စာသင်ပေးသူ အဲဒီဘာသာရပ်တွေမှာ ကျွမ်းကျင်သူဆို တာ သိသူအတော်များပါတယ်။ ရန်ကုန်နဲ့ မဝေးလှတဲ့ မြို့တစ်မြို့မှာ လက်ရှိ နေ့စား လရှင်းဆရာ၊ ဆရာမတွေ ရိုးရိုးဘွဲ့ရပြီး ဆရာဝင်လုပ်နေသူတွေအတွက် ရည်ရွယ်ပြီး ၂ဝ၁၄ ဝန်းကျင်တုန်းက ပညာရေးစိတ်ပညာဟောပြောပွဲလုပ်ပေးတော့ လာနား ထောင်သူတွေထဲမှာ ဆရာ၊ ဆရာမ ငါးယောက်ထက်မပိုပါဘူး။

တစ်လောက ဒေါက်တာနုနုဝင်းက သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ဘီအီးဒီတွေ၊ အင်မ်အီးဒီတွေရေဆိုပြီး နှစ်စဉ်သင်ခန်းစာပြင် ဆင်မှု (Lesson Plan) ရေးသင့်ကြောင်း ရေးပြီးတင်ပါသတဲ့။ ဒီလိုနှစ်စဉ်ပြန်ရေး ခိုင်းရကောင်းလားလို့ ဖေ့စ်ဘွတ်ထဲဝင် အပြစ်တင်ကြသူတွေထဲမှာ မူလတန်းပြတွေပါနေပါသတဲ့။ ဒေါက်တာနုနုဝင်းရဲ့ ဖေ့စ်ဘွတ်မှာဝင်ရေးတဲ့ မူလတန်းပြတချို့က သုံးနှစ်လောက်ရေးပြီးရင် အလွတ်ရနေတဲ့ သင်ခန်းစာပြင်ဆင်မှု (Lesson Plan) ကို နှစ်တိုင်းရေးခိုင်းတာဟာ စာရွက်ဖိုး မင်ဖိုးဖြုန်းခိုင်းတာပဲလို့ဆိုကြပါသတဲ့။ စိတ်မကောင်းဖြစ်ပေမဲ့ ဒေါက်တာနုနုဝင်းက ဘာကြောင့်နှစ်စဉ်ပြန်ရေးဖို့လိုသလဲ ရှင်းပြ ပါတယ်။ ဒေါက်တာနုနုဝင်းက ဒီမူလတန်းပြတွေရေးတဲ့စာက သူတို့ဟာလုပ်သက် သုံးလေးနှစ်ရပြီ၊ သင်ကြားရေးမှာ ပျင်းရိငြီး ငွေ့နေပြီ၊ ပညာရေးရေအိုင်ပုပ်ထဲက ရေပုပ်ရေသိုးတွေဖြစ်နေပြီဆိုတာကို ပြသလိုက်တာပဲလို့ဆိုပါတယ်။ ရေပုပ်ရေသိုးလို့ ဆိုလိုက်တာက သူတို့ကိုနှိမ်တာမဟုတ်ပါဘူး။ ပညာဆိုတာ အမြဲသင်ယူနေရတယ်ဆိုတဲ့ အသိမရှိတာ၊ ဆက်လေ့လာစရာ တွေ ရှိသေးတယ်ဆိုတာ မသိကြတော့ဘဲ ရောက်ရာနေရာမှာ ရပ်နေသူတွေကို ပြင်ပေးချင်တာပါ။

ပညာရေးကိုပြောနေလို့ တခြားဝန်ကြီးဌာနတွေက ဝန်ထမ်းအများစုဟာလည်း ထူးမခြားနား ဒီနည်းနှင်နှင်တွေများ ပါတယ်။ တာဝန်ကျေသူ တာဝန်သိသူတာဝန်ခံသူတွေနည်းပါးလှပါတယ်။ မြို့နယ်တစ်ခုက ဌာနတစ်ခုဆိုရင်ဌာနသို့ အဝင် အထွက် လစဉ်လူစာရင်း အင်ထုပြီးတင်နေတာ (စာရင်းလိမ်တင်နေတာ) အမြဲတွေ့နေရပါတယ်။ အရင်အစိုးရလက်ထက်က လည်း လိမ်လို့ရနေတယ်။ အခုအစိုးရလက်ထက်မှာလည်း လိမ်နေကြတုန်းပဲ။ ပြောင်းလဲဖို့ဆိုတာ အောက်က လိမ်ညာ နေတာတွေကို အထက်ကလိမ်မှန်းသိကြောင်းပြသပြီး အမှန်သိအောင်လုပ်ပြီး ပြုပြင်ပေးပါမှ ပြောင်းလဲလာကြပါလိမ့်မယ်။ ဌာနဆိုင်ရာတွေမှာ တာဝန်ခံမှု တာဝန်သိမှုတီထွင် ဆန်းသစ်လိုမှု ဆက်လက်လေ့လာလိုမှုမရှိတဲ့ ဝန်ထမ်းအများစုရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးမှာ ပျော့ကွက်ဟာကွက်တွေကို မီဒီယာတွေက ထောက်ပြနေကြပါတယ်။ ဘယ်လိုပဲ ထောက်ပြ ပါစေ၊ ထောက်ပြနေတာတွေဟာ အစိုးရအတွက် ဂရုမူစရာမဟုတ်ဘူးလို့ယူဆပြီး ဆက်ချီတက်နေရင်တော့ တိုင်းပြည်ရဲ့ အဓိကပြုပြင်ရမယ့် ပညာရေးဟာမခိုင်ခံ့တဲ့ အုတ်မြစ်ပေါ်မှာ အထပ်ထပ်ဆက်တင်မယ့် ပညာရေး အမျိုးသားရေး အမျိုးသား စိတ်ကင်းတဲ့ ပညာရေးပဲဖြစ်လာပါလိမ့်မယ်။ ဒါကိုမြင်ပြီး ခံပြင်းပုံရတဲ့ ကိုဌေး(နတ်မောက်) ဆိုသူ စာရေးဆရာကတော့ မြန်မာ့ပညာရေးပြောင်းလဲမှု (အခြေခံပညာအဆင့်)ကို ဒီပုံအတိုင်းဆက်သွားရင် နောင်အနှစ် ၂ဝ မှာ သမိုင်းတရားခံဟာ လက်ရှိသမ္မတကြီးဦးထင်ကျော်ဖြစ်လာပါလိမ့်မယ်လို့ ဟောကိန်းထုတ်ရေးသားခဲ့ပါတယ်။