အပြောင်းအလဲတွေနဲ့ အစိုးရအဖွဲ့ refresh လုပ်နေသလား၊ restart လုပ်နေတာလား

ဂျီအောင်ဘန်း

မကြာသေးခင်က အစိုးရအဖွဲ့ရဲ့အပြောင်းအလဲလုပ်မယ့် သတင်းတွေကခပ်စိပ်စိပ်ထွက်လာပါတယ်။ ဒီ သတင်းပေါ်မှာ သက်ဆိုင်ရာနယ်ပယ်အလိုက်ရှိနေတဲ့ လူအများစုကကြိုဆိုခဲ့ကြပါတယ်။ ဒီလို ကြိုဆိုမှုတွေရှိနေ တာဟာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ဗဟိုအစိုးရအဖွဲ့နေရာတွေမှာ လူနဲ့နေရာမှန်မရှိဘူးဆိုတာကိုပြတဲ့ ထင်ရှားတဲ့ပြသမှုတွေပါပဲ။

၂ဝ၁၅ ရွေးကောက်ပွဲပြီးချိန်မှာ အစိုးရဖွဲ့ဖို့ လူစာရင်းတွေ ထုတ်ပြန်ကတည်းက ပါတဲ့သူတွေကိုကြည့်ပြီး အချို့က တစ်ချိန်မှာ အစိုးရအဖွဲ့စွမ်းဆောင်ရည်ပိုင်းမှာ ထိခိုက်လာနိုင်တယ်လို့ မှတ်ချက်ပြုသံတွေထွက်ပေါ် လာခဲ့ပါတယ်။ ဒီအချိန်မှာ ပြည်သူကရိုးဖြောင့်တဲ့  အရှုပ်အရှင်းကင်းတဲ့ အစိုးရမျိုးကို အဓိကထားနေတဲ့အတွက် ပြင်ပကပညာရှင်တွေပါလာပေမဲ့ စီမံခန့်ခွဲမှုအတွေ့အကြုံရှိသူနည်းလှတာကို သတိမထားမိခဲ့ကြပါဘူး။ ဒါ့အပြင် ပါတီကလည်း အဓိကနေရာတွေမှာ စိတ်ချယုံကြည်ရသူတွေကိုထားလိုတဲ့အတွက် အသက်အရွယ်ကြီးမြင့်သူ တွေကို ခန့်ထားရတဲ့အခြေအနေကိုလည်း ပြည်သူကနားလည်ပေးခဲ့ပါတယ်။

ဒီလိုဖော့ထားတဲ့ အားနည်းချက်တွေက အစိုးရအဖွဲ့ရဲ့ကိုယ်ခံအားကို လျော့စေခဲ့ပြီး စမ်းသပ်မှုပြင်းထန် တဲ့ ယခုလိုသက်တမ်းနှစ်နှစ်ရှိလာချိန်မှာတော့  လိုအပ်ချက်များစွာကိုဖြစ်ပေါ်စေခဲ့ပြီး စွမ်းဆောင်ရည် အပိုင်း ပေါ်မှာလည်း မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ ဒါအပြင် အစိုးရအဖွဲ့နဲ့ဝန်ထမ်းအဖွဲ့အစည်းတွေကြား ယုံကြည်မှု မတည်ဆောက်နိုင်တဲ့ပြဿနာ၊ အမိန့်နာခံမှု၊ မနာခံမှု ပြဿနာ၊ အတွင်းစည်းကနေ သပ်လျှိုမှု ပြဿနာတွေကို တွေ့လာရပါတယ်။ ဒီပြဿနာတွေထဲက  ပထမဆုံးထင်ထင်ရှားရှားတွေ့လာရတာက အတွင်း စည်းပေါက်မှု ပြဿနာပါ။

ဇန်နဝါရီ ၉ ရက်က ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ ရခိုင်ဝန်ကြီးချုပ်တို့ကို သမ္မတကနုတ်ထွက်ခွင့်ပြုတဲ့ သတင်းတွေ State Counsellor Offic Information Committee ဆိုတဲ့ Facebook အတုကနေပေါ် ထွက်လာ ခဲ့ပါတယ်။ ဒီသတင်းက ထိပ်တန်းခေါင်းဆောင်တွေ အပြောင်းအလဲရှိတယ်လို့ ကာလအတော် ကြာထွက်နေတဲ့ ကောလာဟလနဲ့ သွားညီနေတဲ့အပြင် လက်ရှိ Information Committee အကောင့်ရဲ့ ယခင်အမည်ဖြစ်နေလို့ သို့လောသို့လောဖြစ်ပြီး ဒီသတင်းကိုအတည်ပြုနိုင်ဖို့ သတင်းလောကတစ်ခုလုံးတာဝန်ရှိသူကို၊ ကာယကံရှင် တွေကို မေးမြန်းမှု စုံစမ်းမှုတွေလုပ်ခဲ့ရပါတယ်။

ယခုသတင်းကို အများဆုံးအမေးခံရတဲ့ ယခင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဦးဇော်ဌေးက သူ FaceBook စာမျက်နှာကနေတစ်ဆင့် နိုင်ငံတော်သမ္မတရုံးကနေ အမိန့်ကြေညာစာတစ်ခုမှ မထုတ်သေးပါဘူး လို့ ထွက်လာတဲ့ သတင်းတွေကိုငြင်းခဲ့သလို တရားဝင်အစိုးရ FaceBook အကောင့်တွေက Blue mark ပါ တယ်လို့ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီသတင်းအတုကို ပထမဆုံးစဖြန့်တဲ့သူကိုသိရင် Massenger ကနေသူ့ဆီ ပို့ပေးဖို့ ဇန်နဝါရီ ၉ ရက် ညနေပိုင်း ၃ နာရီကျော်မှာ တင်ခဲ့ပါတယ်။

အဆိုပါ အပြောင်းအလဲသတင်းက သို့လောသို့လောမသေချာသလို ဧရာဝတီဝန်ကြီးချုပ် ဦးမန်းဂျော်နီ လို နာမည်ပျက်မရှိသူ၊ မကောင်းသည့်သတင်းတစ်ခုမှ မထွက်သူပါနေသဖြင့်မဖြစ်နိုင်သည့် သတင်းလို့ ပါတီနဲ့ နီးစပ်သူတွေကတောင် ထင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဇန်နဝါရီ ၉ ရက်တစ်ညလုံး ဘာသတင်းမှမထွက်ဘဲ ငြိမ်သက်နေတဲ့ အစိုးရထိပ်တန်းလူအ ပြောင်းအလဲသတင်းက ဇန်နဝါရီ ၁ဝ ရက်နံနက် အစိုးရသတင်းစာများဖြန့်သည့်အခါမှာ FaceBook အကောင့် အတုမှ တင်ထားသည့်အတိုင်းပဲ ဧရာဝတီဝန်ကြီးချုပ်ဦးမန်းဂျော်နီနုတ် ထွက်သည့်သတင်းကပါလာခဲ့တာမို့ အားလုံးအံ့အားသင့်ခဲ့ရပါတယ်။

သတင်းသမားတွေအပါအဝင် နိုင်ငံရေးသမားတွေ နိုင်ငံရေးစောင့်ကြည့် လေ့လာသူတွေ အံ့အားသင့်ရ တာက အများထင်သလို ထိပ်တန်းရာထူးအပြောင်းအရွှေ့တွေကြောင့်မဟုတ်ပါဘူး။ အစိုးရထုတ်ပြန်မယ့် ထိပ် တန်းလျှို့ဝှက်သတင်းကို တစ်ရက်စောပြီး အွန်လိုင်းပေါ်ထွက်လာတဲ့ သတင်းကမှန်နေတဲ့ အတွင်းစည်းကျိုး ပေါက်မှုကိုပါ။ အခက်အခဲများစွာနဲ့ရင်ဆိုင်နေရတဲ့ အရပ်သားအစိုးရလက်ထက်မှာ အဘက်ဘက်က အခက် အခဲတွေအပြင်  မကြာခဏဆိုသလို သတင်းပေါက်ထွက်မှုတွေရှိနေတာကိုအများစုက သတိထားမိနေတာကြာ ပါပြီ။ ယခုဖြစ်စဉ်က ဒီအချက်ကို ထင်းထင်းပြနေခဲ့ပါတယ်။

ဇန်နဝါရီ ၁ဝ ရက်မှာ ဧရာဝတီဝန်ကြီးချုပ် ဦးမန်းဂျော်နီနဲ့  တိုင်းဒေသကြီးဝန်ကြီး ဦးဘဟိန်း၊ ဇန်နဝါရီ ၁၁ ရက်မှာ မကွေးတိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူမှုရေးဝန် ကြီးဦးနေမျိုးကျော်နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးစိုးမြင့်၊ ဇန်နဝါရီ ၁၂ ရက်မှာ ပဲခူးတိုင်းသယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဦးကျော်မင်းစံနဲ့စည်ပင်ဝန်ကြီးဦးမောင်မောင်လွင်တို့ ဆန္ဒအလျောက်နုတ်ထွက်တာကို သမ္မတ ကဆက်တိုက်ခွင့်ပြုခဲ့ပါတယ်။

ဒီလိုဝန်ကြီးချုပ်နဲ့ ဝန်ကြီးနေရာတွေ အပြောင်းအလဲဖြစ်ချိန်မှာ နောက်ထပ်ဘယ်သူတွေ ထပ်ပါလာဦး မလဲ၊ ဘယ်သူတွေက နုတ်ထွက်သူတွေရဲ့နေရာကိုယူမလဲဆိုတာက စောင့်ကြည့်စရာစိတ်ဝင်စားစရာ စောင့် ကြည့်နေကြချိန်မှာ အာဏာရပါတီက ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးရဲ့ သတင်းတွေထွက်လာခဲ့ပြန်ပါတယ်။ ဒီ နောက်မှာ ဝန်ကြီးခန့်အပ်ဖို့ တိုင်းဒေသကြီးလွှတ်တော်တွေကို အစည်းအဝေးခေါ်တဲ့ သတင်းတွေတက်လာခဲ့ပေ မဲ့ ခန့်အပ်ဖို့လုပ်ငန်းစဉ်မပြီးသေးလို့ ပြန်ရွှေ့ခဲ့ရတာတွေဖြစ်ခဲ့ရပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာတော့ ယခင်ပေါင်း ထားတဲ့ ဝန်ကြီးဌာနနှစ်ခုကိုပြန်ခွဲပြီး တစ်ခုကို ပြင်ပကပညာ ရှင်တစ်ဦးကိုခန့်အပ်ဖို့ ပြည်ထောင်စုလွှတ်တော်ကို အတည်ပြုချက်တောင်းခဲ့ပါတယ်။ ဒါ့အပြင် အားနည်းနေတဲ့ ပြန်ကြားရေးဘက်ကို အားကောင်းစေဖို့ ရိုက်တာ သတင်းဌာနက  ဝါရင့်သတင်းသမားတစ်ဦးကို ဒု-ဝန်ကြီးခန့် ခဲ့ပါတယ်။

အစိုးရအဖွဲ့အတွင်း သတင်းပေါက်ကြားမှုတွေရှိနေတာကို ခဏထားပြီးလက်ရှိအခင်းအကျင်းကို ပြန် ကြည့်မယ်ဆိုရင်  အစိုးရအနေနဲ့ယခင်အစိုးရလက်ထက်ကချန်ထားခဲ့တဲ့ နောက်ချန်တပ်လို့ခေါ်တဲ့ ဝန်ထမ်းအဖွဲ့ အစည်းတွေနဲ့ ဆက်ဆံနေရာမှာ အခက်အခဲတွေ့နေရတယ်ဆိုတာကို လတ်တလောအဖြစ်တွေက ထင်ထင်ရှား ရှားတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် မြင်သာတဲ့ကိစ္စက  ဧရာဝတီဝန်ကြီးချုပ်နုတ်ထွက်တဲ့နေ့ သတင်းစာရှင်းလင်း ပွဲလုပ်နေတဲ့ အချိန်မှာရုံးခန်းကို ထုရိုက်ပြင်ဆင်နေတဲ့ အသံမျိုးကြောင့် သတင်းထောက်ကမေတ္တာရပ်ခံပြီး ဝန်ကြီးချုပ်က အော်ဟစ်တားရတဲ့အထိ အဂါရဝဖြစ်တဲ့ဖြစ်ရပ်မျိုးကိုကြည့်ရင် အခြေအနေကိုသိနိုင်ပါတယ်။ နောက်အကြောင်းအချက်တစ်ခုကလည်း ယခင်ကကိုယ်စောင့်ကြည့်ဖမ်းခဲ့တဲ့သူက ကိုယ့်အထက်လူကြီးဖြစ် လာတဲ့အခါ ဆက်ဆံရေးက သူ့မယုံကိုယ့်မယုံဆိုသလို ဖြစ်ရပ်မျိုးတွေ၊ စီမံခန့်ခွဲရေး အတွေ့အကြုံနည်းတဲ့အခါ၊ ကိုယ်မကြုံဖူးတဲ့ နယ်ပယ်ကိုတာဝန်ခံရတဲ့အခါ လွဲချော်မှုတွေလည်းရှိခဲ့ပါတယ်။

ပါတီအတွင်း တာဝန်ယူတဲ့နေရာမှာ အသက်အရွယ်ကြီးတာပြောစရာမဟုတ်ပေမဲ့ အစိုးရအဖွဲ့တစ်ခုကို ဦးဆောင်တဲ့နေရာမှာ ရှိသင့်တဲ့အသက်၊ ဖြစ်သင့်တဲ့အရွယ်ထက် ကျော်လွန်တဲ့အခါ ဦးဆောင်မှုကဏ္ဍမှာ ပြဿ နာရှိလာနိုင်ပါတယ်။ ယခုနုတ်ထွက်ခဲ့တဲ့ ဧရာဝတီဝန်ကြီးချုပ်၊ ခေတ္တခွင့်ယူတဲ့ ကရင်ဝန်ကြီးချုပ်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းစတာတွေကို ကြည့်မယ်ဆိုရင် ဒီအခြေအနေကိုမြင့်တွေ့ရမှာဖြစ်ပါတယ်။ စိတ်ရှိပေမဲ့ ခန္ဓာ ကိုယ်ကမလိုက်နိုင်တဲ့အခါ ကြာတဲ့အခါလက်အောက်ငယ်သားတွေရဲ့ စီစဉ်မှုထဲဝင်သွားပြီး ရုန်းမထွက်နိုင်တာ တွေ လက်တွေ့နဲ့ကင်းကွာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးယခင်အစိုးရ အဆက်ဆက်ကဖြစ်ခဲ့ဖူးခဲ့ပါပြီ။ ဒါ့အပြင် လုပ်ငန်းဌာနအတွင်း မိသားစုလို ရင်ဝယ်သားလို ကျင့်သုံးခဲ့တဲ့အလေ့အထက လုပ်ငန်းဌာနတွေကို ပျက်စီးစေတဲ့လုပ်ငန်း မတွင်ကျယ်မှုတွေ၊ လေးဖင့်မှုတွေ၊ အလွဲ သုံးစားမှုတွေကို ဖြစ်စေတတ်ပါတယ်။

ယခင်အစိုးရလက်ထက်ကရှိခဲ့တဲ့ ဝန်ထမ်းအဖွဲ့အစည်းဆိုတာ အမိန့်နဲ့ပြင်းထန်တဲ အရေးယူမှုလုပ်မှ လုပ်တတ်တဲ့ အသားကျနေတဲ့ယန္တရားကြီးတစ်ခုပါ။ ဌာနတွင်းလာဘ်စားမှုတွေ၊ ခြစားမှုတွေ၊ ပြင်ပနဲ့ ဆက်ဆံရာ မှာ ပြည်သူနဲ့ဆက်ဆံရာမှာ မောက်မာမှုတွေပြည့်လျှမ်းနေတဲ့ လူတွေများတဲ့ယန္တရားကြီးတစ်ခုပါ။ ဒီလို ယန္တရား ကို လက်ရှိအစိုးရကဆက်ခံရတာပါ။ ဒီယန္တရားက သေနတ်ပြပြီးခိုင်းတတ်တဲ့ အစိုးရမျိုးကိုတောင်  ရွေးကောက် မခံရတဲ့အထိ ပြည်သူတွေမယုံကြည်လောက်အောင် ဖြစ်တဲ့အထိလုပ်နိုင်ခဲ့တဲ့ ယန္တရားမျိုးကို ပျော့ပျော့ပျောင်း ပျောင်းချော့ကိုင်တယ်ဆိုတာ ကိုယ့်အန္တရာယ်ကိုယ်ဖိတ်ခေါ်တာပါ။ ပြောရရင်ဘုန်းကြီးတစ္ဆေဖြစ်နေတဲ့ ဝန်ထမ်း အရာထမ်းတွေပါနေတဲ့ အဖွဲ့အစည်းမျိုးပါ။ ကောင်းသူလည်းရှိသလိုမကောင်းသူလည်းရှိပေမဲ့ ထိပ်ပိုင်းမှာ မ ကောင်းတာက များနေတဲ့အတွက် ယခုဖြစ်နေတဲ့ ပြောင်းလဲမှုကို ကန်ဆွဲနေတာကြောင့် အားလုံးတန့်နေတာ ရှေ့ဆက်တိုးမရတာတွေ ကြုံနေရတာပါ။

ဒီလို ယန္တရားအဖွဲ့အစည်းကို  အရပ်သားအစိုးရက တာဝန်ယူယူချင်းခပ်ကြမ်းကြမ်း မကိုင်တွယ်ချင် တာကိုလက်ခံလို့ရပေမဲ့  ရေရှည်တော့ဒီလိုသွားလို့မရပါဘူး။ ဒါကဝန်ထမ်းအဖွဲ့အစည်းဆိုပေမဲ့ တိုင်းပြည်တစ်ခု လုံးရဲ့စနစ်ကိုအကောင်အထည်ဖော်ရမဲ့ ယန္တရားအဖွဲ့ကြီးဖြစ်နေလို့ လိုအပ်ရင်မကောင်းသူကို ဖယ်သင့်ရင်ဖယ်ဖို့ လိုပါတယ်။ ရင်ကြားစေ့တာတွေ ရင်ကြားစိတာတွေက တော်လောက်ပါပြီ။

နောက်ပိုင်းမှာ လိုအပ်ရင် ပြည်သူမျက်နှာကိုသာကြည့်ပြီးလုပ်ရမှာပါ။ သူတောင်လုပ်ရဲရင် ကိုယ်လည်း အရေးယူရဲ ရမယ်ဆိုတဲ့ စိတ်ကိုနှလုံးသွင်းပြီး ဌာနတွေကိုကိုင်တွယ်ဖို့ လုပ်ရမယ့်အခြေအနေပါ။ ယခုချိန်မှာ ဒီလိုအပြောင်းအလဲလုပ်တာ လုပ်ကိုလုပ်ရမယ့်အချိန်အခါပါ။ ရွေးကောက်ခံအများစုကိုမဆိုပေမဲ့ သိမြင်သ လောက် တချို့တွေကအမှတ်တံဆိပ်ကြောင့် ရတဲ့အောင်မြင်မှုနဲ့ လူရာဝင်မှုအပေါ်သာယာလာတာကို တွေ့လာ နေရပါပြီ။ တကယ်က ၂ဝ၁၅မှာ NLD ပါတီကို ပြည်သူက သောင်ပြိုကမ်းပြို ရွေးချယ်ခဲ့တာဟာ NLD ပါတီကို ကြိုက်လို့ရွေးချယ်တာမဟုတ်ပါဘူး။ NLD ပါတီက ပြည်သူတွေလိုချင်တဲ့ စနစ်ကိုဖော်ဆောင်ပေးနိုင် မယ်ထင် လို့ NLD ကိုယုံကြည်မှုနဲ့ ရွေးချယ်ခဲ့တာပါ။ ယခု NLD ပါတီ အာဏာရနေပါပြီ။ ဒါပေမဲ့ ပါတီအပေါ်ယုံကြည်မှုက လျော့ကျလာနေပါပြီ။ အပေါ်ပိုင်းကကုန်းရုန်းပြီးလုပ်ပေမယ့် အောက်ကလူတွေဖဲကြိုးဖြတ်၊ အိမ်သစ်တက်ပွဲတွေ ဆိုင်သစ်ဖွင့်ပွဲ မင်္ဂလာဆောင်တွေမှာ မြင်နေတွေ့နေရတာတွေက ပြည်သူတွေအတွက် စိတ်နှလုံးညှိုးစေပါ တယ်။ အားကိုးရာမဲ့စေပါတယ်။ တစ်ယောက်လာလည်းဒီအချိုး တစ်ယောက်လာလည်း ဒီအချိုးပဲဆိုတဲ့အသိကို ဖြစ်ထွန်းစေပါတယ်။

ပြည်သူကမြင်ချင်တာ လုပ်ငန်းဌာနတွေကို ရုတ်တရက်ဝင်ရောက်စစ်ဆေးတာ၊ တိုင်ကြားမှုရှိလာရင် လုပ်ငန်းကို ခေတ္တရပ်ခိုင်းပြီး ချက်ချင်းစစ်ဆေးတာစတဲ့ မလျော်မကန်လုပ်တာကို အမြဲတစေစောင့်ကြည့် တာ ဝန်ခံမှုကိုလိုချင်တာပါ။ ဒါပေမဲ့ လက်တွေ့မှာဒီလိုမတွေ့ရပါဘူး။ ထောက်ထားမှုတွေ၊ ရင်ကြားစေ့မှုတွေနဲ့ ယခင် လူတွေဘက်ကသာ သူတို့လိုအပ်တဲ့လှေကြီးပေါ်လှေငယ်ဆင့်တဲ့ အခင်းအကျင်းကို စေ့စေ့စပ်စပ်တည်ဆောက် နေတာကိုသာ ပြည်သူတွေကမြင်နေရပါတယ်။ ဥပမာ-တစ်ခုပြောချင်ပါတယ်။ ကွန်ပျူတာသုံးသူတိုင်း စက်က သုံးတာကြာလို့ လေးလာတဲ့အခါ Option နှစ်မျိုးထဲကတစ်မျိုးကို ရွေး ချယ်ရပါတယ်။ တစ်မျိုးက Refrish ဆိုတဲ့ နည်းပါ။ နောက်တစ်နည်းက Rrstart ဆိုတဲ့နည်းပါ။ Refrish နည်းက လုပ်နေတဲ့လုပ်ငန်းဆောင်တာတွေ မ ပျက်ဘဲ စက်ကိုပြန်ဖျတ်လတ်စေတာလို့ ပြောလို့ရပါတယ်။ Rrstart ဆိုတာကတော့ Refrish လုပ်တာတောင် မရတော့တဲ့အခါ လိုတဲ့ဖိုင်တွေကိုသိမ်းပြီး စက်ကို ပိတ်ကာ အစကနေပြန်မောင်းရတာကိုခေါ်တာပါ။ ယခုအခြေ အနေက Refrish လား/ Rrstart လားဆိုတာကို တာဝန်ယူတဲ့သူတွေသိပါလိမ့်မယ်။ တချို့ဖိုင်တွေကို စက်ထဲ ကနေ ရှင်းထုတ်သင့်ရဲ့သားနဲ့မရှင်းရင် စက်ကိုလေးလာစေမယ်။ အဲဒီဖိုင်ထဲမှာ ထရိုဂျန်တွေပါလာရင် စက်ရဲ့ စနစ်ကို အတွင်းကနေဖျက်ဆီးမယ်။ ကြာရင်စနစ်တစ်ခုလုံးပျက်စီးမယ်။ ဒီအခြေအနေကို မြန်မာ့နိုင်ငံရေးမှာ တာဝန်ယူတဲ့ အဖွဲ့အစည်းတိုင်းကြုံခဲ့ဖူး ပြီး ဖြစ်ပါတယ်။

ပြောင်းလဲတာကိုကြိုက်ပါတယ်။ ပြင်ဆင်တာကိုထောက်ခံပါတယ်။ ရင်ကြားစေ့တာကိုယ့်ကြောင့် သူ တစ်ပါးအထိုင်မပျက်စေလိုတာ၊ ရင်ကြားစေ့ညီညွတ်ချင်တာအားလုံးလက်ခံပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်ဆောင် နေတဲ့ ဖော်ဆောင်နေတဲ့စနစ်ကို လေးနေအောင်အလုပ်လုပ်မရအောင်ဖြစ်နေရင် ကိုယ်ဖော်ဆောင်နေတဲ့စနစ် မှာဖွင့်ထားတဲ့လုပ်ဆောင်ချက်တွေများနေလို့လား၊ ဒါမှမဟုတ် စနစ်ထဲပါတဲ့ထရိုဂျန်တွေက အထဲကနေကိုက်နေ လားဆိုတာကို ပြန်စစ်ဖို့လိုပါလိမ့်မယ်။
</p