အဖြေရှာရမည့် NCA လမ်းကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

လက်တွေ့မြင်တွေ့နေရသည့် အရှိတရားများအတိုင်းဆိုရသော် NCA လမ်းကြောင်းအတိုင်းသွားနေ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်နေသည်မှာ ၂၀၁၈ခုနှစ် ဇူလိုင်လတွင် ပြီးဆုံးသွားသည့်တတိယ အကြိမ် (၂၁)ရာစု ပင်လုံညီလာခံပြီးသည်မှ ယနေ့ကာလ (၂၀၁၉ ဒီဇင်ဘာလ)အထိ  တစ်နှစ်ခွဲခန့် ရှိပြီဖြစ်သည်။

တတိယအကြိမ် (၂၁)ရာစုပင်လုံ ညီလာခံအပြီး ဖြစ်ပေါ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှုများ အား ဖြေရှင်းနိုင်ရန် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ ပါသည့် ၁၀+၁၀ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ခေါ် ထိပ်သီးအစည်းအဝေးကို NCA လက်မှတ်ရေးထိုးခြင်း (၃)နှစ်ပြည့်သော ၂၀၁၈၊ အောက်တိုဘာ ၁၅ရက်တွင် ခေါ်ယူကျင်းပခဲ့သည်။ သို့သော် မျှော်လင့်ထားသကဲ့သို့ တစ်ဆို့မှုများ ပွင့်မသွား ခဲ့ပေ။

တစ်ခုတည်းသော တပ်မတော်နှင့်ပတ်သက်၍လည်းကောင်း၊ ပြည်နယ်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရေး ဆွဲရေးနှင့် ခွဲမထွက်ရေး ကတိက၀တ်နှင့်ပတ်သက်၍လည်းကောင်း မတူသောသဘောထားများ ထွက်ပေါ်လာ သည်ကို တွေ့ရသည်။ အကျိုးဆက်အားဖြင့် KNU က NCA သဘောတူညီချက်ပါ ကော်မတီအစည်းအဝေးများ တွင် ပါဝင်ခြင်းကိုလည်းကောင်း၊ RCSS/SSA က JMC တွင် ပါဝင်ခြင်းကိုလည်းကောင်း အသီးသီး ရပ်ဆိုင်း ခဲ့ကြသည်။ NCA တွင် လက်မှတ်ရေးထိုးထားသော လက်နက်ကိုင် ၁၀ဖွဲ့အနက်မှ လက်နက်ကိုင်အင်အား အကောင်းဆုံး အဓိက အဖွဲ့ ၂ဖွဲ့က NCA လုပ်ငန်းစဉ်တွင် ပါဝင်မှု ရပ်ဆိုင်းလိုက် သည်မှစ၍ NCA လုပ်ငန်းစဉ် ရပ်တန့်သွားသည်ကို တွေ့ရပေတော့သည်။

သို့နှင့် ၂၀၁၉ခုနှစ်တစ်ခုလုံးတွင် အစိုးရ NRPCနှင့် ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများသည် NCA လက်မှတ်ရေး ထိုးထားသည့် ၁၀ ဖွဲ့အဓိကအားဖြင့် KNU/RCSS တို့နှင့် အလွတ်သဘောဆွေးနွေးမှုများ ကို ပြည်တွင်း၌လည်းကောင်း၊ ပြည်ပ၌လည်းကောင်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပြီး NCA လမ်းကြောင်း ပြန်လည် အသက်ဝင် ရေးအတွက် နှစ်ဖက်လုံးပန်းနေကြရသည်ကို တွေ့ရသည်။

သို့သော်လည်း တရားဝင်အစည်းအဝေးများကို ၂၀၁၉ခုနှစ်တွင်း မပြုလုပ်နိုင်ဘဲ ၂၀၂၀ဇန်န၀ါရီလမှ  JICM အစည်းအဝေး ပြန်လည်စတင်နိုင်မည်ဟု ညှိနှိုင်းနေသည်ကို တွေ့ရပေသည်။ ထို့ကြောင့်လည်း ငြိမ်း ချမ်းရေးအတွက် NCA မှအပ အခြားမရှိဟုဆိုကြသော်လည်း NCA လမ်းကြောင်း တစ်နှစ်ခွဲခန့်ရပ်တန့်နေ သည်ကို တွေ့ရပေတော့သည်။

တကယ်တမ်းဆိုလျှင် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၂၈ရက်နေ့ NCA  (၄)နှစ်ပြည့်အခမ်းအနားနှင့် အတူ JICM အစည်းအဝေးကျင်းပရန် အခွင့်အလမ်းရှိခဲ့သည်။ ကျင်းပရန်လည်းစီစဉ်ထားခဲ့သည်။ သို့သော် RCSS ဥက္ကဋ္ဌ စ၀်ရွက်ဆစ်၏ ခရီးစဉ်နှင့်ပတ်သက်ပြီး နှစ်ဖက်သဘော တူညီမှုမရရှိဘဲ RCSSဥက်္ကဋ္ဌ အပါအ၀င် RCSS ကိုယ်စားလှယ်တစ်ဖွဲ့လုံး အစည်းအဝေးတက်ရောက်ခြင်း မရှိတော့သဖြင့် JICM အစည်းအဝေး ကျင်းပ နိုင်ခြင်း မရှိတော့ပေ။ သို့နှင့် အလွတ်သဘော ထပ်မံညှိနှိုင်းမှုများ ပြုလုပ်ရပြီး JICMအစည်း အဝေးလည်း ၃လ ကျော်ခန့် နောက်ဆုတ် ခဲ့ရတော့သည်။

သို့ဖြစ်ရာ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးဆွေးနွေးရေး လမ်းကြောင်းတွင် မူဆိုင်ရာပြဿနာ များသာမက NCA ပါအချက်များကို အဓိပ်္ပာယ်ဖွင့်ဆိုမှု အလယ် အသေးအဖွဲပြဿနာဟုဆိုနိုင်သည့် ဆွေးနွေး မည့်နေရာနှင့် ခရီးသွားလာ မှု စသည့် ပြဿနာများပါ ရင်ဆိုင်နေရ ပေသည်။

မူဆိုင်ရာပြဿနာအရဆိုလျှင် ခွဲမထွက် ရေးကတိက၀တ်နှင့် ပြည်နယ်များ အခြေခံ ဥပဒေရေးဆွဲကို ချိတ်ဆက်ထားခြင်း၊ တစ်ခုတည်းသော တပ်မတော်ကို အဓိပ်္ပာယ်ဖွင့် ဆိုခြင်းစသည်တို့၌ သဘောထား ကွဲလွဲခြင်း စသည့် ပြဿနာကြီး နှစ်ရပ်အား ဆွေးနွေး ဖြေရှင်းရန် လိုအပ်နေသည်။

ပေါ်လစီဆိုင်ရာ ပြဿနာဟုဆိုလျှင် NCA သဘောတူညီချက်ပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုသည်နှင့်ပတ်သက်၍ မတူသည့် အဓိပ်္ပာယ်ဖွင့်ဆိုချက်များကို UPDJC ၌ ဖွင့်ဆိုရှင်းလင်းရန် လိုအပ်နေသည်။ အလားတူပင် နှစ်ဖက်တပ် နေရာချထားရေးနှင့်ပတ်သက်၍ JMC ၌ ဆွေးနွေးဖြေရှင်းရန် လိုအပ်နေသေးသည်။

အသေးအဖွဲကိစ္စဟု ဆိုနိုင်သည့် ဆွေးနွေးပွဲကျင်းပမည့်နေရာနှင့်ပတ်သက်၍ လည်းကောင်း၊ ဆွေးနွေး ပွဲလာမည့်သူများ၏ ခရီးစဉ်လမ်းကြောင်းနှင့် ပတ်သက်၍ နှစ်ဖက် သဘောထားကြီးမှုနှင့် လိုက်လျောမှုများ ပြုလုပ်သွားရန် လိုအပ်နေသေးသည်။ ချုပ်၍ဆိုရလျှင် NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်လုပ် ဆောင်နိုင်မှုအရသော်လည်းကောင်း၊ ပေါ်လစီအရသော်လည်းကောင်း၊ အသေးအဖွဲကိစ္စများ ကို သော်လည်းကောင်း ဂရုပြု၍ ဖြေရှင်းသွားရန် လိုအပ်နေပေသည်။

 

စတုတ္ထအကြိမ် (၂၁)ရာစုပင်လုံညီလာခံ

အထက်ပါ အခက်အခဲများကို ကျော်လွှားပြီးနောက်  စတုတ္ထအကြိမ် ညီလာခံကျင်းပပြီး အရေးပါသည့် နိုင်ငံရေးသဘော တူညီချက်များ ရယူသွားရန် လိုအပ်ပေသည်။

ပြီးခဲ့သော ဒုတိယနှင့်တတိယညီလာခံတို့တွင် သဘောတူညီချက် စုစုပေါင်း ၅၁ချက်ရရှိခဲ့သည်ဆို သော်လည်း ယေဘုယျ ကျသည့် မူဆိုင်ရာပြဿနာများဖြစ်ခဲ့သည်။  စတုတ္ထအကြိမ်ညီလာခံတွင် သဘောတူညီ ချက် ရယူရန်လိုအပ်နေသည်မှာ ပြည်နယ် ဖွဲ့စည်းပုံဥပဒေ ၀ါ အလွန်အရေးကြီးသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဿနာဖြစ်သည့်ပြင် တစ်ခုတည်းသော တပ်မတော်နှင့်ပတ်သက်၍ အနည်းဆုံးမူ ၀ါဒ ဆိုင်ရာ သဘောတူညီချက် ရယူရန် လိုအပ်နေပေသည်။ ဆိုလိုသည်မှာ အကြိတ်အနယ်အချိန်ယူ၍ ဆွေးနွေးရ မည့်ပြဿနာ များဖြစ်နေသည်ကို တွေ့ရသည်။ ထို့ပြင် ရှမ်းပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များ မကျင်းပရသေးသည်ဖြစ်ရာ ထို့အတွက်လည်း အချိန်ပေးရဦးမည် ဖြစ်သည်။

လက်ရှိအချိန်တွင် JICM ကို ၂၀၂၀ပြည့်နှစ် ဇန်န၀ါရီလမှ ကျင်းပနိုင်မည်ဖြစ်ရာ နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမည့် UPDJC အစည်းအဝေးကိုလည်း ၂၀၂၀ပြည့်နှစ် ဇန်န၀ါရီလကုန်ပိုင်းထက် စော၍ ကျင်းပရန် မဖြစ်နိုင်ပေ။ တစ်ဖက်ကလည်း ၂၀၂၀ပြည့်နှစ်သည် မြန်မာပြည်အတွက် ရွေးကောက်ပွဲနှစ်ဖြစ်နေသည်။ ပုံမှန် အားဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပဖွယ်ရှိပေသည်။ ရွေးကောက်ပွဲ မတိုင်မီပြင် ဆင်ချိန် ကာလလည်းလိုအပ်ပေရာ ၂၀၂၀အတွင် (၂၁)ရာစုပင်လုံညီလာခံ ကျင်းပရန် အချိန်ကျပ်တည်းနေသည်ဟု ဆိုရပေမည်။

နိုင်ငံရေးအရ အရေးပါသည့် ဖက်ဒရယ်မူများကို ဆွေးနွေးရန်လိုအပ်သည့် UPDJCအစည်းအဝေးကို တက်သုတ်ရိုက် ပြုလုပ်ပြီး သဘောတူညီချက်ရယူကာ ညီလာခံကို ရွေးကောက်ပွဲကာလလွတ်အောင် ရွေးကောက်ပွဲ မဲဆွယ် ကာလမတိုင်မီ ဆောလျင်စွာ ကျင်းပရန် ခက်ခဲပေသည်။ သို့ဖြစ်ရာ ဖက်ဒရယ်မူများ ဆွေးနွေးမည့် UPDJC အစည်းအဝေးကို ၂၀၂၀အတွင်း အချိန်ယူ၍ ပြုလုပ်ရန်လိုအပ်သည်။ UPDJCအစည်း အဝေးမှထွက်လာသည့် ရလဒ်များကို အခြေတည်ပြုလုပ်မည့် ငြိမ်းချမ်းရေးညီလာခံကို ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲအပြီးတွင် ပြုလုပ်သင့်သည်ဟု (အကယ်၍ ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင်ပြုလုပ်ခဲ့ ပါက) သုံးသပ်ရသည်။ ယခင် ၂၀၁၅ ရွေးကောက်ပွဲအခြေအနေကို ပြန်ကြည့်ပါက နိုဝင်ဘာရွေးကောက်ပွဲအပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းသည်မှာ ၂၀၁၆ မတ် ၃၁ရက်နေ့မှဖြစ်ရာ တည်ဆဲအစိုးရသည် ရွေးကောက်ပွဲ တွင် နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေ ၂၀၂၁ခုနှစ် မတ်လကုန်အထိ လေးလခန့် အစိုးရတာဝန်ကိုဆက်လက်ရ ယူထား နိုင်သည့် အခြေအနေရှိပေသည်။ သို့ဖြစ်ရာ ထိုကာလတွင် စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီး နိုင်ငံရေးသဘောတူညီချက်များ ရယူသွားပါက နောက်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို ဆက်လက် လွှဲပြောင်းသွားနိုင်ပေမည်။ ထို့ပြင် ၂၀၂၀ အတွင်းအရေးကြီးသည့် ဖက်ဒရယ်မူ ကိစ္စရပ် များကို UPDJC တွင် အချိန်ယူ လုပ်ဆောင်နိုင်သကဲ့သို့ ရှမ်းပြည်တွင် မပြုလုပ်ရသေးသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်နိုင်ပေမည်။

စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံကျင်းပရေးနှင့်ပတ်သက်ပြီး အချိန်ကာလ ပြဿနာသည် ညှိနှိုင်း ဖြေရှင်း၍ရသည့် ပြဿနာဖြစ်သည်။ UPDJC တွင် ဖက်ဒရယ်မူများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းသည့် အချိန်ကာလကိုသာ တက်သုတ်ရိုက်အလောသုံးဆယ် မလုပ်ရန်လိုအပ်ပေသည်။

 

မောင်မောင်စိုး