အကြိုက်တွေ ပြောင်းချင်ပြီ

အသက်ကြီးတွေကြီးလာတာနဲ့အမျှ အကြိုက်တွေက ပြောင်းလာတယ်။ သူများတွေပြောင်းလား, မပြောင်းလား တော့ မသိပါဘူး၊ မောင်စိုပြေလေးကတော့ပြောင်းကုန်ပြီ။ ငယ်ငယ်ကဆို တွံတေးသိန်းတန်ကြိုက်တယ်။ တွံတေးစိုးအောင် ကြိုက်တယ်။ ရွာမှာနေတာကိုး။ အဲ့သီချင်းတွေပဲ အမြဲနားထောင်နေရတာ။ ရန်ကုန်ရောက်စကတော့ စည်သူလွင်တို့၊ ဇော်ပိုင်တို့၊ ကြိုက်လိုက်သေးတယ်။ နောက်မှ လေးဖြူတို့ အငဲတို့ ကြိုက်လာတာ။ ခဏကြာတော့ ဇော်ဝင်းထွဋ်ကိုလည်း ကြိုက်လိုက်တာပဲ။ ACID ပေါ်ခါစကတော့ မကြိုက်ဘူးရယ်။ အခြားအဖွဲ့တွေလည်း မကြိုက်မိပါဘူး။ သီချင်းဆိုတာ ဖြစ် ကတတ်ဆန်း ဆိုကြတာကို။ ဂျေမီတို့၊ ကြက်ဖတို့၊ ရသတို့တော့ ကြိုက်ပြန်ရော။ သီချင်းတွေကို တစ်မျိုးပြီးတစ်မျိုး ပြောင်း ကြိုက်တာဟာ ပတ်ဝန်းကျင်ရဲ့ စေ့စော်မှု ကြောင့်ရော၊ အပေါင်းအသင်းတွေကြောင့်ရော ပါတာပေါ့လေ။

ရွာနီးချုစပ်မှာ ဗမာသံတွေ ဖွင့်တုန်းက တွံတေးသိန်းတန်ကို အကြိုက်ဆုံးပဲ။ လက်ဖက်ရည်ဆိုင်မှာ ရော့ခ်တွေဖွင့် တော့ ရော့ခ်ပြောင်းကြိုက်။ ဟဲဗီးတွေ ဘာတွေလည်း တစ်ခါတစ်လေကြိုက်။ ပတ်ဝန်းကျင်က ဟစ်ဟော့ပ်ပြောင်းတော့ ဟစ်ဟော့ပ် ကြိုက်။ မြို့ပေါ်က အလှူခံတွေ မနောချည်းပဲဖွင့်တော့ မနောသီချင်းတွေ အကုန်ကြိုက်။ အဲ့ခေတ်တုန်းကများ အဝေးပြေးကားစီးရင် လက်မှတ်ဝယ်ကတည်းက မေးတယ်၊ ညီမ လေးရေ … ညီမလေးတို့ ကားမှာ မနောအခွေဖွင့်လားပေါ့။ မဖွင့်ရင် ကားလက်မှတ် မ၀ယ်ဘူး။ ကားစီးရင်လည်း ဒရိုင်ဘာနဲ့ စပယ်ယာကို သေချာပြောတယ်။ မနော သီချင်းမဖွင့်လို့ ကတော့ ခင်ဗျားတို့ကား မစီးဘူးဗျလို့။ အဲ့လိုနဲ့ မောင်စိုပြေဟာ ဗမာသံရော၊ ပေါ့ပ်ရော၊ ဟစ်ဟော့ပ်ရော၊ ရော့ခ်ရော အစုံကြိုက်နေတာပါပဲ။ ခက်တာက အလွတ်မရ။ ကြိုက်တာက ကြိုက်တာပဲ၊ သီချင်းအလွတ်မရတာ၊ ကီးမသိတာကတော့ ဘာကြောင့်လဲ မပြောတတ်ဘူး။ သူများဆိုရင်တော့ ၀ူးဝူးဝါးဝါးနဲ့ လိုက်ဆိုတတ်တယ်။

အခုတော့ မောင်စိုပြေဟာ ဘာသီချင်းမှ မကြိုက်တော့ပြန်ဘူး။ ရော့ခ်ဖလိုးတွေလည်းက ရိုးပြီ။ ဟစ်ဟော့ပ် ဖလိုး တွေကလည်း စာသားတွေများပြီး ရိုးပြီ။ ပေါ့ပ်နဲ့ ဗမာသံလည်း စိတ်မ၀င်စားတော့ပြန်ဘူး။ အားလုံးဟာ ရိုးအီကုန်ပြီလေ။ အခုနောက်ပိုင်း ကြိုက်လာတာကတော့ EDM ပဲ။ Electronic Dance Music ပေါ့။ အစကတော့ သူ့ကိုလည်း သိပ်မကြိုက် ပါဘူး။ တီးနေတာ ဘာကြီးလဲပေါ့။ ဒုံးဒုံးဒိုင်းဒိုင်း အသံသေး အသံကြောင်တွေပဲထင်တာ။ ဟုတ်တော့လည်း ဟုတ်တယ်။ မြန်မာပြည်မှာပေါ့လေ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ EDMတွေ နားထောင် ဖြစ်လာတယ်။ နားထောင်ရင်း ကြိုက် လာတယ်။ အစပိုင်းကတော့ အပျော့လေးတွေပေါ့။ သီချင်းလေးတွေနဲ့ ရောတဲ့ EDM လေးတွေ။ ဟိုးတစ်နှစ်က ကွယ်လွန် သွားတဲ့ အ၀ီစိတို့ဘာတို့ပေါ့။ အခုနောက်ပိုင်းကတော့ အခြားနာမည်ကြီးတွေ အကုန်နားထောင်တာပါပဲ။ တကယ်တော့ EDM ဆိုတာ Electronic Dance Music ဆိုတဲ့ အတိုင်း နားထောင်ရုံပဲဆိုရင် ကောင်းတာမဟုတ်။ လိုက်ဆိုလို့လည်း မမိုက်။ ဒီတော့ အကလေးပါမှမိုက်တာ။ Clup တွေ၊ KTV တွေမှာပဲ မိုက်တာ။ ဒါမှ မဟုတ် EDM ပါတီတွေ၊ ပွဲတော်တွေမှာမှ ပိုကောင်းတာ။ တီးလုံးလေး၊ သီချင်းလေး တွေကို နားထောင်မယ်၊ ပြီးရင် ကကြမယ်၊ ပျော်ကြမယ်။ EDM ဗီဒီယိုတွေ ကိုကြည့်လိုက်ရင် အားရစရာကြီးပဲ။ ပျော်စရာကြီး။

စိုပြေကတော့ EDM ပွဲတော်တွေကို တစ်ခါမှ မသွားဖူးပါဘူး။ အခြားနိုင်ငံတွေတော့ မသိဘူး။ မြန်မာပြည်မှာ လုပ်ရင် ဈေးကြီးတယ်လေ။ ၀င်ကြေးက လေးငါး သောင်းဆိုတာ အနည်းဆုံး။ VIP က သိန်းနဲ့ချီတယ်။ ဒါကြောင့် မရောက်ဖြစ်တာ။ အဲ့တော့ ပြီးတော့ ကလပ်တွေမှာကလည်းDJ တွေက တလွဲတွေ။ တွံတေးသိန်းတန် ဖွင့်နဲ့၊ စိုင်းထီးဆိုင်သီချင်းတွေကို ဟိုဖြတ် ဒီကပ်နဲ့ ဖွင့်နေတာမဟုတ်လား။ ဒီတော့ KTV ရောက်မှပဲ ကမ္ဘာကျော်သီချင်းတွေနဲ့ ဒွန့်ရတယ်။ KTV ဆိုတာက လည်း အမြဲသွားနိုင်တာမဟုတ်ဘူးလေ။ ခေါ်မယ့်လူရှိမှ သွားရတာ။ ဒီတော့သိပ်မရောက်ဖြစ်။ ဒါနဲ့ နောက်ပိုင်းတော့ အိမ်မှာ Box အသေးလေး တစ်လုံးဝယ်ထားတယ်။ အသံကောင်းတဲ့ ဟာလေးပေါ့။ ညဘက်ဆို အခန်း တံခါးတွေ အလုံပိတ်။ ပြီးရင် EDMတွေဖွင့်ပြီး ကတော့တာပဲ။ မွေးထားတဲ့သားလေးကလည်း EDMတွေ သိပ်ကြိုက်တာ။ သူတို့ ခေတ်ကိုး။ EDM တွေများဖွင့်လိုက်ရင် လိုက်ကနေတာပဲ။ အဲ့ကောင်လေးကြီးလာရင်တော့ EDMကြိုက်ချင်မှ ကြိုက်မှာ ပေါ့လေ။ ဒီ့ထက်ကောင်းတဲ့ဟာတွေ ပေါ်လာမှာပေါ့။

တကယ်တော့ မောင်စိုပြေဟာ ဂီတမှာတင် မဟုတ်ပါဘူး။ နိုင်ငံရေးမှာလည်း အကြိုက်တွေ ပြောင်းခဲ့တာပေါ့လေ။ မဆလခေတ်ကတော့ ဦးနေ၀င်းတို့၊ ဦးစန်းယုတို့ကို သိပ်ကြိုက်ခဲ့တာ။ စစ်အစိုးရခေတ် ရောက်ပြန်တော့လည်း ဦးသန်းရွှေတို့၊ ဦးခင်ညွန့်တို့ကို သိပ်ကြိုက်ခဲ့တာ။ စစ်အစိုးရခေတ်ကနေ အရပ်သား အစိုးရ ပြောင်းခါစကလည်း ဦးသိန်းစိန်တို့၊ ဦးစိုး သိန်းတို့ကို ကြိုက်ပြန်ရော။ ဟော… အခု အမေစုရဲ့ ဒီမိုကရေစီအစိုးရခေတ် လည်းဆိုရော အမေစုတို့၊ ကိုကြီးဖြိုးမင်း သိန်းတို့ကို ကြိုက်ပြန်ရော။ တကယ်တော့လည်း အစိုးရတစ်ဖွဲ့လုံးကို ကြိုက်တာပါ။ ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်ဆို အရမ်း သဘောကျ။ ဒီနေ့တောင် ဦးဖေမြင့်ရဲ့ ကြေးမုံသတင်းစာကနေ အစိုးရဆိုတာ အနန္တောအနန္တဂိုဏ်းဝင်ဆိုပြီး ကြေညာ လိုက်သေးတယ်။ အစိုးရကို စော်ကားတာဟာ မိဘ၊ ဆရာတွေကို စော်ကားတာနဲ့ အတူတူပဲဆိုလား။ အဲ့တော့ ဒီအစိုးရကို ကြိုက်တာ ဘာဆန်းတုန်း။

ဒါပေမယ့်ပေါ့လေ။ စိုပြေလည်း အကြိုက်တွေ ပြောင်းချင်ပါပြီ။ ပေါ့ပ်တွေ၊ ရော့ခ်တွေ မကြိုက်ချင်တော့ဘူးလေ။ အခု EDM ကို ကြိုက်နေပေမယ့် EDMထက် ကောင်းတာ တွေကြိုက်ချင်နေပြီ။ အမေစုတို့ အစိုးရအဖွဲ့ကိုလည်း ကြိုက်ပါတယ်။ ဒါပေမယ့် အမေစုထက်ကောင်းတဲ့ အစိုးရကိုလည်း ထပ်ကြိုက်ချင်ပါသေးတယ်လို့။

 

စိုပြေ