ဦးကိုကိုကြီး (ပြည်သူ့ပါတီ၊ ဥက္ကဌ) တွေ့ဆုံမေးမြန်းခြင်း

‘  No Vote တွေဘာတွေလည်း ကမ်းပိန်းတွေ ဘာညာတွေလည်းအခုက ဖြစ်လာတာကြားရတော့ ကျွန်တော်တို့ အခုလို မဲပေးခွင့်ရဖို့အတွက်က ပေါပေါချောင်ချောင်နဲ့ ရလာတာမဟုတ်ဘူး။ အသက်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာပေးပြီးတော့ မဲပေးခွင့်ရလာတာကို အဲ့ဒါကိုတန်ဖိုးထားဖို့ မဲပေးဖြစ်အောင်ပေးဖို့ အဓိကတိုက်တွန်းချင်တယ် 

ဦးကိုကိုကြီး (ပြည်သူ့ပါတီ၊ ဥက္ကဌ )

မေး။ ။ ၂၀၂၀ရွေးကောက်ပွဲကိုဘာကြောင့်ဝင်ပြိုင်ရတာလဲ။ ဘာလုပ်ပေးနိုင်မယ်လို့ထင်လဲ။

ဖြေ။ ။ အရင်တုန်းကတော့ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃၂နှစ် နိုင်ငံရေးထဲဝင်လာအချိန်တုန်းက အမတ်လည်း မရှိဘူး။ ဝန်ကြီးလည်းမရှိဘူး။ ပြောရရင်ကျွန်တော်တို့ ဘယ်နားနေမှန်းမသိပဲနဲ့ ရေကြည်အိုင်ရောက်သွားတယ် ဆိုတာကြားဖူးတယ်။ ရူးသွားတယ်။ ဘ၀ပျက်သွားတယ်။ ပျောက်သွားတယ်ဆိုတာပဲကြားဖူးတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားချက်သည် ရာထူး၊ အာဏာတွေနဲ့ တိုက်ရိုက်မပတ် သက်ဘူးဆိုတာကို ကျွန်တော်တို့ ၃၂နှစ်ဖြတ်သန်းမှုကို တည်ပြီးတော့ အရင်ဆုံးပြောချင်တယ်။ သို့သော် အခုပါတီ ထောင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နှစ်ပေါင်း(၃၀)လောက် နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံတွေ တစ်ဘ၀လုံး မြုပ်နှံပြီးလုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှု ဗဟုသုတအတွေ့အကြုံတွေကို ပြန်အသုံးချချင်လို့။ ပြန်အသုံးချတဲ့နေရာမှာလည်းပဲ ၂၀၁၅ အထိဟာကိုယ့်ကိုယ်ကို သီးခြားပါတီထောင်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက် မရှိသေးဘူး။ ၂၀၁၅ လွန်တဲ့အခါမှ ကိုယ့်ခြေထောက်ကိုယ့်ရပ်မှ၊ ပါတီတစ်ခုထောင်ပြီးလုပ်မှ ကိုယ်ပြောချင်တဲ့ အသံတွေ ကိုယ့်ရဲ့ စိတ်စေတနာတွေကိုဖော်ဆောင်နိုင်မယ်လို့ အခြေအနေအရတွန်းပို့လို့ ကျွန်တော်တို့ ပါတီထောင်ရတာ။ ပါတီထောင်ပြီးရင်တော့ ဥပဒေအရ ရွေးကောက်ပွဲမှာ အနည်းဆုံးသုံးယောက်ဝင်ရမယ်။ ဒီထက်မက ကျွန်တော်တို့ မျှော်လင့်တာက ကျွန်တော်တို့ လွှတ်တော်ထဲရောက်သွားရင် ကျွန်တော်တို့ အသံပိုပြီးတော့ ကျယ်လာမယ်။ နောက်တစ်ခုက ပြည်သူ့လူထုရဲ့နစ်နာချက်တွေ ခံစားချက်တွေကို ကိုယ်စားပြုနိုင်မယ်။ ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒါပါတီထောင်တယ်။ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မေး ။ ။ စီးပွားရေးပြုပြင်ပြောင်းလဲဖို့အတွက် ဘာတွေပြုပြင်ပြောင်းလဲဖို့လိုလဲ။ ဘယ်လိုလုပ်ကိုင်ဆောင် ရွက် ဖို့လို လဲ။

ဖြေ။ ။ စီးပွားရေးပြုပြင်ပြောင်းလဲဖို့ဆိုတာကတော့ ပထမအချက်ကတော့ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ စဉ်းစားရမှာက ဥပဒေအဆောက်အဦးတွေ အားကောင်းဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ရင်းနှီးမြုပ်နှံဖို့ စဉ်းစားတဲ့သူက ဒီနိုင်ငံမှာ သူ့ရင်းနှီးမြုပ်နှံမှုတွေ မဆုံးရှုံးအောင် ဘယ်လို့အာမခံချက်တွေ အကာအကွယ်တွေဥပဒေအရ ရှိသလဲဆိုတာကအစ စဉ်းစားရမယ်။ ဒါကခုနကပြောတဲ့ ဘဏ်စနစ်တွေ၊ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာဥပဒေတွေအစရှိတဲ့ ဥပဒေပိုင်းဆိုင်ရာအဆောက်အဦးတွေ ကောင်းဖို့လိုတယ်။ နောက်တစ်ခုကတော့ အခြေခံအဆောက်အဦးတွေ ဖြစ်တဲ့ လမ်းတံတား၊ စက်ရုံတည်မယ့်နေရာတွင်မီးပုံမှန်ရရှိနိုင်မှု၊ အင်တာနက်အွန်လိုင်းနဲ့ပတ်သက်တဲ့ ဆက်သွယ်ရေးကောင်းကောင်းမွန်မွန်ရသလား။ ပြီးတော့ ငွေကြေးလွဲပြောင်းမှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ဘယ်လောက်အထိအာမခံချက်ရှိသလဲ၊ နောက်တစ်ခုကတော့ ကုန်စည်ထုတ်လုပ်မှုလမ်းကြောင်းပေါ့။ အဲ့ဒီဟာ ဘယ်လောက်အထိ အချိန်ကိုက်ဆောင်ရွက် နိုင်သလဲ ဆိုတဲ့ အချက်တွေလိုတာပေါ့။ အဲ့ဒါတွေရပြီးဆိုတော့မှ ကျွန်တော်တို့က ရင်းနှီးမြုပ်နှံသူတွေကို ကျွန်တော်တို့ဆီမှာတော့ အခြေခံအဆောက်အဦးတွေဘယ်လောက်ပြည့် ပြည့်စုံစုံရှိတယ်။ ဥပဒေဆိုင်ရာ အဆောက်အဦးဘယ်လောက်အထိ အားကောင်းတယ်ဆိုတာ မျိုးတွေကို ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်ဖို့အတွက် ပြင်ဆင်ရမယ်လို့ မြင်ပါတယ်။

စီးပွားရေးမှာ နိုင်ငံသားရင်းနှီးမြုပ်နှံသူတင်မကပဲနဲ ပြည်တွင်းအသေးစားအလတ်လုပ်ငန်းတွေ အားကောင်းဖို့အတွက်ကိုလည်း အစိုးရက အဓိက အထောက်အပံ့ပေးသင့်တယ်။ အလုပ်အကိုင်အခွင့်အလမ်းအများ ဆုံးဖန်တီးပေးနိုင်တာဟာ SME ပဲ။ ဒါကြောင့်မို့လို့ အဲ့ဒီနယ်ပယ်တွေအားကောင်းဖို့အတွက်ကိုလည်း အစိုးရက မူဝါဒ ပိုင်းဆိုင်ရာရော၊ ငွေကြးဆိုရင်ရာ၊ နည်းပညာဆိုင်ရာ အထောက်အပံ့တွေရဖို့ လိုတယ်လို့မြင်ပါတယ်။

မေး။ ။ ရွေးကောက်ပွဲမှာ မဲပေးမယ့် ပြည်သူတွေအတွက် ဘာများသတင်းစကားပေးချင်လဲ။

ဖြေ။ ။ တစ်အချက်ကတော့ မဲပေးပါလို့ အဓိကတိုက်တွန်းချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အရပ်ထဲမှာတော်တော်များများကြားနေရတာက စိတ်ပျက်တဲ့ အသံတွေကြားရတယ်။ နောက်တစ်ခုက No Vote တွေဘာတွေလည်း ကမ်းပိန်းတွေ ဘာညာတွေလည်းအခုက ဖြစ်လာတာကြားရတော့ ကျွန်တော်တို့ အခုလို မဲပေးခွင့်ရဖို့အတွက်က ပေါပေါချောင်ချောင်နဲ့ရလာတာမဟုတ်ဘူး။ အသက်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာပေး ပြီးတော့ မဲပေးခွင့်ရလာတာကို အဲ့ဒါကိုတန်ဖိုးထားဖို့ မဲပေးဖြစ်အောင်ပေးဖို့ အဓိကတိုက်တွန်းချင်တယ်။ ဘာကြောင့်မဲပေးရမလဲဆိုတော့ နောက်တစ်ချက်ကတော့ ဒီမိုကရေစီကိုယုံပါလို့ ထပ်ပြီးတော့တိုက်တွန်းချင်တယ်။ ကျွန်တော်တို့ တစ်ခါတလေမှာ ကိုယ့်ရွေးချယ်မှုကိုဖြစ်စေ လက်ရှိနိုင်ငံရေးအခြေအနေကိုဖြစ်စေ အားမလိုအားမရ ဖြစ်တဲ့ အခါမှာ ငါးနှစ်မှာ ဒီတစ်ရက်ပဲ ကျွန်တော်တို့က ဆုံးဖြတ်ခွင့်ရတယ်။ မကြိုက်တဲ့ သူကိုမရွေးတော့ဘူးကွာ ဒီထက်ပိုပြီးတော့အလားအလာရှိမယ်။ ကိုယ့်ကို ကိုယ်စားပြုနိုင်မယ့်သူကိုပြောင်းမယ်ကွာဆိုတဲ့ ပြောင်းလဲခွင့် ရွေးချယ်ခွင့်ဟာ ငါးနှစ်မှ တစ်ရက်တည်းရတာဖြစ်တယ်။ ဒါကြောင့်မို့လို့ မဲပေးပါ။ ဒီမိုကရေစီကိုယုံပါ။ မဲပေးပေးဖြစ် အောင်ပေးပါဆိုတာ နံပါတ်(၁)အနေနဲ့ တိုက်တွန်းချင်တယ်။

နောက်တစ်ခုကတော့ သူပြောကိုယ်ပြောတွေနဲ့ မယုံပါနဲ့။ ဒီမိုကရေစီက ရွေးချယ်မှုဖြစ်တဲ့အတွက် ကြောင့်ရွေးချယ်မှုမှားသွားရင် လွဲသွားရင်အနည်းဆုံးငါးနှစ်ခံရမယ်။ အချိန်သိပ်နှမျောဖို့ကောင်းတယ်။ နိုင်ငံတကာ မှကာ အဖြစ်အပျက်တွေက အရမ်းမြန်မြန်ဆန်ဆန် ပြောင်းလဲနေတဲ့အချိန်မှာ ငါးနှစ်ဆိုတဲ့ကာလက နည်းတဲ့ ကာ လမဟုတ်ဘူး။ ဒါကြောင့်မိုလို့ရွေးချယ်တဲ့ အခါမှာ ပါတီတစ်ခုရဲ့မူဝါဒရပ်တည်ချက်၊ သမိုင်းကြောင်းသူ့ရဲ့ ကတိ ကဝတ်ဆိုတာတွေကိုလည်း လေ့လာပါ။ နောက်တစ်ခုကတော့ ကိုယ့်နာမည်တောင်မသိတဲ့ သူကိုရွေးလိုက်ပြီးတော့ ပုံအပ်လိုက်တဲ့ ကိစ္စမျိုးမလုပ်ပါနဲ့။ ကိုယ့်ကိုယ်စားလှယ်ကိုသေသေချာချာသိအောင် သူရဲ့ဖြတ်သန်းမှု၊ သူ့ရဲ့ စွမ်းဆောင်ရေ၊ သူ့ရဲ့စာရိတ္တဆိုတာကအစ သေသေချာ ချာလေ့လာပြီးတော့၊ ပါတီလည်းကြည့်၊ လူ၊ ကိုယ်စားလှယ် ကိုလည်းကြည့်ပြီးတော့ရွေးချယ်ပါ။ အဲ့ဒီလိုမဟုတ်ရင် ရွေးကောက်ပွဲသာပြီးသွားတယ်။ နိုင်ငံကဘာမှ ထူးခြားမလာဘူး။ ဇာတ်မျှောကြီးထဲမှာ ဆက်ပြီးတော့ ဖြစ်နေတဲ့ အခြေအနေမျိုး အဲ့ဒါသိပ်ပြီးစိုးရိမ်စရာကောင်းတယ်။ ဒါကြောင့်မို့လို့ သေသေချာချာ စဉ်းစားပြီးရွေးချယ်ပါ။ သူပြော၊ ကိုယ်ပြော ဟုတ်နိုးနိုးနဲ့ ဆုံးဖြတ်တာမျိုးမလုပ်နဲ့ လို့ ကျွန်တော်က ထပ်ပြီးတိုက်တွန်းချင်တယ်။

မေး။ ။ ကျွန်တော်တို့နိုင်ငံမှာ မြေယာပြသနာကအရမ်းကြီးတယ်။ အသစ်ပြန်လည်ရေးဆွဲထားတဲ့ မြေယာဥပဒေ သစ်မူဝါဒကလည်း ဝေဖန်မှုတွေရှိနေတယ်။ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်တွေ တပ်ပြီးတော့လည်း မြေသိမ်းမှုတွေ ဖြစ်နေတယ်။ စစ်ပွဲကြာင့် မြေယာမဲ့ဘ၀ကိုရောက်သွား တဲ့သူရှိတယ်။ ဒါကြောင့်ပြည်သူ့ပါတီရဲ့ မြေယာစီမံခန့်ခွဲမှု မြေယာမူဝါဒနဲ့ပတ်သက်ပြီး ရှင်းပြပေးပါ။

ဖြေ။ ။ အဓိက က တိုင်းရင်းသားဒေသတွေအဲ့ဒါအရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေမှာ သူတို့ရဲ့ရိုးရာ မြေပိုင်ဆိုင်မှု ဓလေ့ထုံးတမ်းတွေရှိတယ်။ အဲ့ဒီဟာတွေက နိုင်ငံတော်ရဲ့ မြေယာပေါ်လစီထဲမှာ အကျုံး ဝင်ဖို့လိုတယ်။ အဲ့ဒီလိုမဟုတ်ပဲနဲ့ အထူးသဖြင့် စစ်ဘေးရှောင်တွေဆိုလို့ရှိရင် ပြန်လာတော့သူမြေက မရှိတော့ဘူး။ အဲ့ဒါတွေဟာ တိုင်းရင်းသား တန်းတူညီမျှရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပါ အန္တရာယ်ရှိတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့က မြေယာစီမံခန့်ခွဲခွင့်နဲ့ပတ်သက်တဲ့ မြေယာပေါ်လစီဟာ (၁)အချက်က တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းဥပဒေတွေကို ကျွန်တော်တို့ အသိအမှတ်ပြုဖို့၊ နားလည်ဖို့လိုတယ်။ ပြီးတော့လည်း မြေယာပိုင်ဆိုင်မှုမှာ စပြီးတော့ ဒီမြေပိုင်ဆိုင်မှု လျှောက်ထားတုန်းက ဘာလုပ်မယ်ဆိုပြီးတော့ အကြောင်းပြပြီး လျှောက်ထားတယ်။ ပြီးတော့အဲ့ဒီ လုပ်ငန်းကိုမလုပ်ဘူး။ မလုပ်ပဲနဲ့ ဒါတွေကို တဆင့်ပြန်လုပ်ပြီးတော့ ဒါကိုငွေဖော်ပြီးတော့ ရောင်းစားနေတဲ့ကိစ္စဟာ တကယ်လက်တွေ့ စိုက်ပျိုးရေးလုပ်ငန်းလုပ်မယ့် ၊စက်မှု လုပ်ငန်းလုပ်မယ့် လုပ်ငန်းရှင်တွေအတွက် အဟန့်အတားဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က မြေယာပိုင်ဆိုင်မှုတွေရယ်၊ သူတို့သတ်မှတ်ထားတဲ့ လျှောက်ထားစဉ်က ရည်ရွယ်ချက်အတိုင်း လက်တွေ့ဆောင်ရွက်မှု ရှိသလားမရှိဘူးလားဆိုတာတွေကအစ ကျွန်တော်တို့ သေသေချာချာလေ့လာဖို့လိုတယ်။ မြေယာပိုင်ဆိုင်မှုဟာ အဓိက နိုင်ငံရေးမှာလူနဲ့မြေကြီးပဲ အခြေခံအကျဆုံးက “လူ” နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားအခွင့်အရေး တန်းတူ ညီမျှမှု ၊ “မြေ ’’မြေယာပိုင်ဆိုင်မှု မြေယာအသုံးချမှု။ အဲ့ဒါဟာ နိုင်ငံရေးတစ်ခုလုံးရဲ့ အဓိကအခြေခံပြသနာ ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ အဲ့ဒါကို မှန်မှန်ကန်ကန်ထိန်းကျောင်းမှု မလုပ်နိုင်ရင် ပဋိပက္ခတွေပိုကြီးထွားလာနိုင်သလို ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အနှောက်အယှက်ဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်။

မေး။ ။ ခေတ်အဆက်ဆက်မှာ သယံဇာတထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်တပ်ပြီးတော့ ပွင့်လင်းမြင်သာမှုမရှိပဲနဲ့ လုပ်ဆောင်ခဲ့တာတွေရှိတယ်။ အဲ့ဒီအတွက် နိုင်ငံရဲ့စီးပွားရေးတွေလည်း ဆုံးရှုံးနစ်နာမှု ရှိတယ်။ ပြည်သူတွေကတော့ အဘက်ဘက်ကနေပေးဆပ်ခဲ့ရတယ်။ သယံဇာတဖော်ထုတ်ရေးမူဝါဒကိုနည်းနည်း လောက်ရှင်းပြပေးပါ။ တဆက်တည်းမှာပဲ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်ပြီးတော့ သယံဇာတခွဲဝေတဲ့မူဝါဒကို နည်းနည်းလောက်မိတ်ဆက်ပေးပါအုံး။

ဖြေ။ ။ သယံဇာတက နိုင်ငံအတွက် အပေါင်းလက္ခာဏာဆောင်ရမယ့်အစား ၊သယံဇာတ ကျိန်စာလို့တောင်မှ ကျွန်တော်တို့က သတ်မှတ်ခံရသလိုမျိုးဖြစ်နေတယ်။ အဲ့တော့ ပဋိပက္ခဖြစ်တဲ့နေရာတွေက သယံဇာတ ထွက်တဲ့ နေရာတွေ။ သယံဇာတမကုန်မချင်း ပစ်ကြခတ်ကြမယ့်သဘောမျိုးလို့တောင် ကျွန်တော်တို့က စိုးရိမ်စရာဖြစ်တယ်။ ဆိုတော့ဒါကြောင့်မိုလို့ သယံဇာတ ထုတ်လုပ်ရေးနဲ့ပတ်သက်ရင် (၁)အချက်က ဒီအချိန်မှာ EITI စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီအောင် ဂရုစိုက်ဖို့လိုတယ်။ နောက်တစ်ခုက EIA SIA လိုခေါ်တဲ့ ဒေသခံတွေရဲ့ စီးပွားရေး လူမှုပတ်ဝန်းကျင်ကို သက်ရောက်မှု ကျွန်တော်တို့ ဒါကိုဂရုစိုက်ဖို့ လိုတယ်။ ဒါက အခြေခံအကျဆုံးလိုအပ်ချက်တွေပေါ့။ နောက်တစ်ခုက ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ဖို့ဆိုတာ ဒီသယံဇာတဆိုတာ ကျွန်တော် တို့ဘိုးဘွားဘီပင်တွေ မသုံးပဲနဲ့ ထားခဲ့တဲ့စုဗူးဖြစ်တယ်။ နောက်တစ်ခုကဒီဟာသည် ကျွန်တော်တို့ သာစဉ်မြေး ဆက်ကလေးတွေရဲ့ နို့မုန့်ဘိုး၊ ခဲတံဘိုး၊ အနှီးဘိုးအဲ့ဒီလိုမြင်ဖို့လိုတယ်။ ငါ့လက်ထက်မှာ ငါရသလောက်ထုတ် သုံးပစ်လိုက်မယ်။ ငါ့သားစဉ် ငါ့ကလေးတွေ နို့ငတ်တာ၊စာရေးကိရိယာ မပြည့်စုံတာ ငါနဲ့ မဆိုင်ဘူးဆိုတာ အဲ့ဒါဟာ ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးတိုးတက်မှုမဟုတ်ဘူး။ ဒါကြောင့်မို့လို့ သယံဇာတထုတ်လုပ်မှုကို အကန့်အသတ်နဲ့ အရန် သတ္တုသိုက်ဘယ်လောက် ရှိတယ်။ သဘာ၀ဓာတ်ငွေ့သိုက်ဘယ်လောက်ရှိလဲ။ ဘယ်လောက်ထုတ်မယ်ဆိုတာမျိုးကအစ နောက်ထုတ်ယူရရှိတဲ့ အကျိုးအမြတ်ကို ပြန်လည်ရင်းနှီးမှုပေါ့ ။ ပြန်လည်ရင်းနှီးမြုပ်နှံမှုဆိုတာ လမ်း၊ တံတား၊ အဆောက်အဦးတွေ ရင်းနှီးမြှုပ်နှံတာရှိတယ်။ ပညာရေး၊ ကျန်းမာရေးမှာ ပြန်သုံးတာရှိတယ်။ ပြန် လည်ရင်းနှီးမြုပ်နှံ့မှုတွေနဲ့ ပတ်သက်တဲ့ဟာပေါ့။ နိုင်ငံတော်အတွက် စုဆောင်းမှုဘယ်လောက်ရှိရမယ်ဆိုတာ အဲ့ဒါတွေက စနစ်တကျ စီမံခန့်ခွဲဖို့လိုတယ်။ နောက်တစ်ခုကတော့ တိုင်းရင်းသားတွေနဲ့ ချစ်ကြည်ရင်းနှီးမှုရဖို့အတွက် ဖက်ဒရယ်ဖြစ်ဖို့ ဆိုတာက သယံဇာတခွဲဝေဖို့။ ကျွန်တော်တို့ ခဏခဏ ဟိုတုန်းကဆိုရင် လောပိတအောက်မှာ မှိတ်တုတ်၊မှိတ်တုတ် ဖြစ်နေတဲ့ ရွာလေးတွေအကြောင်း ဒါဘယ်လောက်စိတ်ထိခိုက်ဖို့ကောင်းသလဲ။ သူက သူ့အရင်းအမြစ်တွေကိုထုတ်ပေးနေတယ်။ သူကိုယ်တိုင်က ဓာတ်တိုင်ကြီးတွေအောက်မှာ ဖယောင်းတိုင်မီးနဲ့ ဆီမီးနဲ့ နေနေရတယ်ဆိုတာ အဲဒါဟာတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွှတ်ရေးအတွက်ကို ဒါအင်မတန် စိန်ခေါ် မှု ဖြစ်တယ်။ ဒါကြောင့်မို့လို ကျွန်တော်တို့က ကျောက်စိမ်းထွက်မယ့်ဒေသမှာ ဘာတွေဖွံ့ဖြိုးတိုးတက်မှု ဘယ်လောက်ရှိလဲ။ သူတို့အတွက် ကိုယ်တိုင်ကိုင်ပြီးတော့ စီမံခန့်ခွဲနိုင်တဲ့ရာခိုင်နှုန်း ဘယ်လောက်ရပြီးလဲ။ သယံဇာတ ထွက်တယ်။ သဘာဓာတ်ငွေ့ထွက်တယ်။ လျှပ်စစ်မီးမရဘူး။ ရန်ကုန်မှာ တစ်ယူနစ်စျေးနှုန်းနဲ့ တနင်္သာရီမှာရှိတဲ့ တစ်ယူနစ်စျေးနှုန်း၊ ရခိုင်မှာရှိတဲ့ တစ်ယူနစ်စျေးနှုန်း အဲ့ဒါတွေကွာဟနေတာကအစ ဒါတွေဟာ ဖက်ဒရယ် နိုင်ငံ တော်တည်ဆောက်ဖို့အတွက် တိုင်းရင်းသား တန်းတူညီမျှဖို့အတွက် သယံဇာတခွဲဝေသုံးစွဲမှုက အင်မတန် အရေးကြီးတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။

မေး။ ။ အလုပ်သမားအခွင့်အရေးလို့ ပြောနေကြပေမယ် ဒီနေ့အချိန်အထိ အလုပ်သမားတွေရဲ့ လုပ်ခ လစာပြဿနာ အလုပ်အကိုင် မတည်မြဲတဲ့ပြဿနာ စတဲ့ ပြဿနာတွေကရှိနေဆဲပဲ ဖြစ်တယ်။ ဒါကိုဘယ်လိုမျိုး ဖြေရှင်းနိုင်မလဲ။

ဖြေ။ ။ ကျွန်တော်တို့လည်း အလုပ်သမားပဋိပက္ခတွေနဲ့ ပတ်သက်ပြီးလိုက်ပြီး ညှိုနှိုင်းပေး တာတွေ၊ ဖြေရှင်းပေးတာတွေရှိပါတယ်။ ပြဿနာက အလုပ်သမားပြသနာဆိုရင် အလုပ်ရှင်ကိုပဲပြေးပြေးမြင်တယ်။ တကယ့်က အစိုးရရဲ့ အခန်းကဏ္ဍလိုတယ်။ အလုပ်သမားအလုပ်ရှင်ကတိကဝတ်ပေါ့။ လစာဘယ်လောက်နဲ့ခန့်ရမယ်။ လုပ်ငန်း ခွင့်အခြေအနေဘယ်လိုဖြစ်ရမယ်။ သူ့ရဲ့ခွင့်ရက်ခံစားခွင့်၊ လူမှုဖူလုံရေးခံစားခွင့်ဘယ်လိုရှိရမယ် ဆိုတာတွေက ဥပဒေအရ အခိုင်အမာ ဖြစ်ဖို့လိုတယ်။ ဥပဒဒေအတိုင်းဆောင်ရွက်ဖို့လိုတယ်။ အဲ့ဒီလိုဥပဒေအတိုင်း ဆောင်ရွက်နိုင်မယ်ဆိုရင် သပိတ်မှောက်တာတွေ၊ သပိတ်တားတာတွေ ပစ္စည်းတွေ ပျက်ဆီးတာတွေ အစရှိသဖြင့်မဖြစ် အောင်ကာကွယ်နိုင်တယ်။ နောက်တစ်ခုက အလုပ်ရှင်ဘက်က အကြောင်းပြတာကလည်း အလုပ်သမားကို ထိုက်ထိုက်တန်တန်ပေးဖို့ဆိုတာ သူတို့ကိုယ်၌က မမျှော်မှန်းနိုင်တဲ့ ကုန်ကျစရိတ်တွေရှိတယ်။ ဥပမာအားဖြင့် ကြိုးနီ စနစ်ဖြစ်နေတဲ့ ကိစ္စ၊ တချို့ဆိုလို့ရှိရင် စက်မှုဇုံကနေထွက်တဲ့ ပစ္စည်းကို ဆိပ်ကမ်းရောက်အောင် ပို့ရတဲ့ ကုန်ကျ စရိတ်က ဆိပ်ကမ်းကနေပြီးတော့ စျေးကွက်ကိုပို့တဲ့ စရိတ်ထက်ပိုကြီးနေတယ်ဆို တာမျိုးတွေပေါ့။ အဲ့ဒါကကြတော့ အခြေခံအဆောက်အုံ လိုအပ်ချက်တွေဖြစ်လာတယ်။ မီးမမှန်လို့မီးစက်မောင်းရတယ်။ ပြောရရင် အလုပ်ရှင် ဘက်ကလည်းပဲ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေများနေတဲ့ ကိစ္စကြတော့ အစိုးရဘက်က ဖြေရှင်းပေးရမယ့် ကိစ္စတွေအများကြီးရှိတယ်။ ဒါကြောင့်မို့လို့ အစိုးရဘက်ကဖြည့်ဆည်းပေးရမယ့်အပိုင်း၊ အလုပ်ရှင်ဘက်က ညစ်ပတ်တဲ့ ကိစ္စမျိုးဆိုလို့ရှိရင်လည်း အလုပ်သမားက အရှင်မဖြစ်နိုင်ဘူး။ ဥပမာအားဖြင့် အလုပ်ရှင်၊ အလုပ် သမားခုံရုံးကနေ ဆုံးဖြတ်လိုက်တယ်။ အလုပ်ရှင်က အယူခံအဆင့်ဆင့်တတ်တယ်။ ကြာတဲ့ အချိန်မှာသူက မငတ်ဘူး။ အလုပ်သမားက အဲ့ဒီကာလကြာလေလေ သူက ၀င်ငွေက တစ်လုပ်မှ တစ်နေ့စားရတဲ့ အခါကြတော့ သူက တောင့်မခံနိုင်ဘူး။ အဲ့ဒါမျိုးတွေကအစ ကျွန်တော်တို့က လုပ်ငန်းခွင့်ပဋိပက္ခနဲ့ပတ်သက်လို့ ဖြေရှင်းတဲ့ဥပဒေ အချက်အလက်တွေအားကောင်းဖို့လိုတယ်။ ဥပဒေ အတိုင်းဖြစ်ဖို့လိုတယ်။ နောက်တစ်ခုက လူမှုဖူလုံရေးစနစ်ဟာ အလုပ်သမားအများစုကို အကြုံးဝင်အောင်ကျယ်ပြန့်ဖို့ လိုတယ်။ အခုက လုပ်ငန်းသေးတဲ့ သူတွေဆိုလို့ရှိရင် လူမှုဖူလုံရေး စနစ်တွေထဲမှာ အကြုံးမဝင်ဘဲနဲ့ ဘေးရောက်နေတာတွေရှိတယ်။ အစရှိသဖြင့် အလုပ်ရှင်အလုပ်သမားပဋိပက္ခ ဟာလည်း တကယ့်မြေပြင်ပေါ်မှာဖြစ်နေတဲ့ အခြေအနေတွေကို နားလည်အောင် ကြိုးစားပြီးတော့ပြုပြင်ဖို့ လိုတယ်လို့မြင်ပါတယ်။

မေး။ ။ နိုင်ငံခြားကြွေးမြီကိစ္စက အစိုးရသစ်တက်လာတိုင်း စိန်ခေါ်မှုနဲ့ ထွက်ပေါက်လိုဖြစ်နေပြီး မူဝါဒတစ်ရပ်နေနဲ့ လုပ်ဆောင်တာမတွေ့ရဘူး။ ဘယ်လိုဖြစ်သင့်လဲ၊ ဘယ်လိုမူဝါဒတွေရှိလဲ။

ဖြေ။ ။ စီးပွားရေးလုပ်ရင်အကြွေးတော့ ကြောက်လို့မရဘူး။ အဲ့ဒီချေးငွေတွေဟာ ဘယ်ကဏ္ဍတွေမှာ ထိထိရောက်ရောက်ရင်းနှီးမြုပ်နှံသလဲဆိုတဲ့ အပေါ်မှာမူတည်တယ်။ တချို့ဟာတွေက အခုချေးတယ်။ ချက်ချင်း အဲ့ဒီက အသီးအပွင့်အကျိုးအမြတ်တော့ မထွက်သေးဘူး သူကနောက်ဘယ်လောက်ကြမှ ထွက်မယ်ဆိုတဲ့ဟာတွေရှိတယ်။ ဒါကြောင့်မို့လို ကျွန်တော်တို့က ချေးငွေကို ဘယ်လိုသုံးမလဲဆိုတာအရေးကြီးတယ်။ ချေးငွေရဲ့အတိုးနှုန်းတွေ အရေးကြီးတယ်။ အထောက်အပံ့ဆိုတဲ့ကိစ္စကတော့အလကားရမှာပေါ့။ ချေးငွေကြတော့ နှစ်ရှည်ချေးငွေလား၊ ဆိုင်းငံ့ကာလဘယ်လောက်ရှိသလဲ။ အစရှိတဲ့ ဘယ်ကနေပြီးတော့ ချေးငွေယူမလဲဆိုတာတွေကို သေသေချာချာ နားလည်းဖို့လိုတယ်။ နောက်တစ်ခုကတော့ အဲ့ဒီဟာနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်းတွေက ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ ပွင့်လင်းမြင်သာမှုမရှိရင် အစိုးရက သူ့လက်ထက်မှာ သူလုပ်ချင်တာလုပ်သွားတယ်။ ကျန်တဲ့သူကမသိရဘူး။ မသိရတော့ အစိုးရအပြောင်းအလဲကြားမှာ အစိုးရသစ်က ဒါတွေခါးစည်းခံရမယ်။ ဒါမျိုးလည်း မဖြစ်သင့်ဘူး။ အခုပြောသွားတဲ့ အချက်အလက် တွေအားလုံးအတွက် လိုအပ်တာတစ်ခုက သတင်းအချက်အလက်သိရှိနိုင်ခွင့် ဥပဒေပြဌာန်းဖို့ကြိုးစားတာ အခုအစိုးရ နှစ်ဆက်ရှိသွားပြီးမအောင်မြင်ဘူး။ ဒါကို ကျွန်တော်တို့ NGO တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာရှိတယ်။ သတင်းအချက်အလက် သိခွင့်သိလမ်းဆိုင်ရာဥပဒေ အဲ့ဒါကို ပြဌာန်းနိုင်ဖို့လိုတယ်။ ဒါမှကျွန်တော်တို့က အစိုးရလုပ်နေတာကို လေ့လာနေတဲ့အဖွဲ့အစည်းတွေရော၊ သာမန်ပြည်သူတွေရော ဌာနအလိုက် နိုင်ငံခြားကြွေးမှီဆိုတဲ့ ဘယ်နိုင်ငံက၊ ဘယ်ဘဏ်က အတိုးနှုန်းဘယ်လောက်နဲ့ ဘယ်လိုတွေချေးလဲ၊ ဘယ်လို့ပြန်ပြီးတော့ သုံးစွဲတယ်ဆိုတာတွေကို သိခွင့်သိလမ်းဆိုင်ရာ ဥပဒေ တရပ်ပေါ်ပေါက်လာဖို့လိုတယ်။ ဒါမှ ပွင့်လင်းမြင်သာတဲ့ အစိုးရဖြစ်မှာပါ။

ယနေ့ခေတ်။  ။ ကျေးဇူးတင်ပါတယ်။