ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဥက္ကဌ) တွေ့ဆုံမေးမြန်းခြင်း


‘ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ တပ်မတော်နဲ့လည်းရင်ကြားစေ့နိုင်ရမယ်၊

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ယုံကြည်မှုကိုလည်းရအောင်

နိုင်ငံရေးပြယုတ်ကောင်းတဲ့ အစိုးရမျိုးဖြစ်ရမယ် 


ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဥက္ကဌ)

မေး။  ။ ရွေးကောက်ပွဲမှာ မဲပေးမယ့်ပြည်သူတွေကိုပေးချင်တဲ့ သတင်းစကားကိုပြောပြပေးပါ။

ဖြေ။ ။ ဒီနိုင်ငံမှာအနီကသော်လည်းကောင်း၊ အစိမ်းကသော်လည်းကောင်း၊ အဝါကသော် လည်းကောင်း၊ အပြာက သော်လည်းကောင်း မဲနိုင်ရေးအဓိကနဲ့သွားနေ ကြတာတွေ့ရတယ်။ တိုင်းပြည်ကိုငါတို့ဘယ်လိုပြုပြင်ချင်တယ်။ ငါတို့ရောက်လို့ရှိရင် ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်ဓာတ်ကိုဖျောက်ပြီးတော့ ပြည်သူ့အကျိုးကိုကြည့်တဲ့ ပါတီမျိုးတွေလွှတ်တော်ထဲ ရောက်ဖို့လိုတယ်။ အဲ့တော့ တကယ်တမ်းမဲပေး ရွေးချယ်မယ်ဆိုရင် အမျိုးသားညီညွတ်ရေးကိုဖော်ဆောင်နိုင်မယ့် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ဖြစ်အောင် အဲ့လိုလူတွေကို ရွေးချယ်ပြီးတော့ စဉ်းစားပြီးတော့ပေးမှသာလျှင် အမျိုးသားညီညွတ်ရေးအစိုးရ တက်လာမှသာလျင် ကျွန်တော် ပြောတဲ့အချက်တွေကို ဖန်တီးဖော်ဆောင်နိုင်ဖို့ အလေးသာမှာ ဖြစ်ပါတယ်။ အမျိုးသားညီ ညွတ်ရေးအစိုးရဆိုတာ တပ်မတော်နဲ့လည်း ရင်ကြားစေ့နိုင်ရမယ် ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ယုံကြည်မှုကိုလည်းရအောင် နိုင်ငံရေးပြယုတ်ကောင်းတဲ့ အစိုးရမျိုးဖြစ်ရမယ်။ ပြည်သူများကိုလေးစားပြီး ပြည်သူကိုအာဏာရှင်လိုမဆက်ဆံဘဲနဲ့ ပြည်သူကလက်အုပ်ချီနေရတဲ့အစိုးရမျိုးမဟုတ်ဘဲနဲ့ ပြည်သူကို တကယ်အလုပ်အကျွေး ပြုမယ့်အစိုးရမျိုးပုံစံနဲ့ ပြည်သူ့အခွင့်အလမ်းတွေကို လွှတ်တော်မှာ အများစုနဲ့အနိုင်မကျင့်ဘဲနဲ့ ပြည်သူနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အကျိုးစီးပွားကိုရှေ့ရှုပြီးတော့ ဖော်ဆောင်နိုင်မယ့် အစိုးရမျိုးကို ပြည်သူများရွေးချယ်နိုင်ပါမှ ခိုင်မာတဲ့အစိုးရ ၊ ထိရောက်တဲ့အစိုးရ ၊ တရားမျှတတဲ့အစိုးရ ၊အမျိုးသားညီညွတ်ရေးကို ဖော်ဆောင်တဲ့အစိုးရ ၊ တိုင်းပြည်မှာရှိတဲ့ ဘာသာတိုင်း သာသနာတိုင်းကို မဖျက်ဆီးအောင် စွမ်းဆောင်နိုင်တဲ့အစိုးရမျိုးမှသာလျှင် မြန်မာနိုင်ငံကြီးက တိုးတက်မှာဖြစ်တယ်။ အခုအခါ မြန်မာနိုင်ငံကို ဝိုင်းဖိနှိပ်ချင်တဲ့လက္ခဏာတွေ မြင်နေရတော့ စစ်တပ်ကိုလည်း ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ အနေအထားကြီးမှာ မြန်မာနိုင်ငံကြီး ကွဲထွက်မသွားအောင် အမျိုးသားညီညွတ်ရေး အစိုးရတစ်ခု ခိုင်ခိုင်မာမာပေါ်လာမှ ဖြစ်မှာမို့ အမျိုးသားညီညွတ်ရေး အစိုးရကို မဲပေးရွေးချယ်ပေးကြပါလို့လည်း ပြည်သူတွေကို တိုက်တွန်းချင်တယ်။

မေး။  ။ စီးပွားရေးပြုပြင်ပြောင်းလဲဖို့အတွက် ဘာတွေပြုပြင်ပြောင်းလဲဖို့လိုပါသလဲ။ ဘယ်လိုလုပ်ကိုင် ဆောင်ရွက်မှာပါလဲ။

ဖြေ။  ။ ငြိမ်းချမ်းရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်။ ငြိမ်းချမ်းရေးသွားတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကတိကဝတ်တွေကို တစ်ဆင့်ခြင်း ချသွားနိုင်မယ်ဆိုရင် ဖယ်ဒရယ်ပုံစံကို ပေါက်လာမှာပဲ။ ဖက်ဒရယ်နဲ့ ပတ်သတ်တဲ့ အခြေခံဥပဒေကို ပြင်ဆင်ပြီးတော့ ဖယ်ဒရယ် ပြည်ထောင်စုကြီး ဖြစ်သွားမယ်ဆိုရင် ခုနပြောခဲ့တဲ့ အချက်တွေက အလိုလိုနေရင်း ပါလာမှာပါ။ အဲဒီအခါမှာ နိုင်ငံရေးကို ပြောင်းပြီးရင် စီးပွားရေးကလည်းပဲ ပြည်နယ်သားတွေက သူတို့အကျိုးစီးပွားကို သူတို့ကိုယ်တိုင် ခံစားပြီးတော့ လုပ်ငန်းငယ်လေးတွေ လုပ်ပေးနိုင် မယ်ဆိုရင် တိုင်းပြည်စီးပွားရေးကတက်လာမှာ ဖြစ်ပါတယ်။ လူတိုင်းအလုပ်လုပ်နိုင်ခွင့်ရှိအောင် တိုင်းနဲ့ပြည်နယ်တွေ ဖြန့်ကျက်ပြီးတော့ စျေးကွက်စီးပွားရေးရဲ့ လက္ခဏာဖြစ်တဲ့ ပိုင်ဆိုင်ခွင့်ပေးရမယ်။ အပြိုင်အဆိုင် လုပ်ငန်း တွေပေးရမယ်။ လူတိုင်းကို လွှမ်းခြုံတဲ့ စျေးကွက်စီးပွားရေးဖြစ်အောင် တစ်ဖွဲ့၊တစ်သင်း၊ တစ်စုကပဲ လက်ဝါးကြီး အုပ်မထားပဲနဲ့ သွားဖို့လိုတယ်။ ဒါကြောင့် လွှတ်တော်မှာ လက်ဝါးကြီးအုပ်ကာကွယ်ရေးဥပဒေတင်ဖို့လည်း လျာထားပြီးသားဖြစ်ပါတယ်။ အဲ့ဒီနည်းနဲ့ စီးပွားရေး ၊ နိုင်ငံရေး တစ်ပြိုင်နက်တည်း တိုးတက်လာအောင် ဆောင်ရွက်သွားမှာဖြစကြောင်း ပြောချင်ပါတယ်။

မေး။  ။ ဒီနိုင်ငံမှာ မြေယာပြဿနာကသိပ်ကြီးတယ်။ အခုမြေယာဥပဒေအသစ်ကလည်း ဝေဖန်မှုတွေရှိနေတယ်။ ဖွံ့ဖြိုးတိုးတတ်ရေးခေါင်းစဉ်အောက်ကမြေသိမ်းနေတာ။ စစ်ပွဲတွေကြောင့် မြေယာမဲ့ဘဝရောက်ခဲ့တာတွေလည်း ဖြစ်နေတာဆိုတော့ ပါတီရဲ့ မြေယာစီမံခန့်ခွဲမှု၊ မြေယာမူဝါဒကိုပြောပြပါဦး။

ဖြေ။  ။ ပါတီအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဟာ တစ်ဆက်စပ်တည်း ရှိတယ်ဆိုတာ သိလို့ နိုင်ငံရေးပြောင်းရင် စီးပွားရေးပါ ပြောင်းရမယ်ဆိုတဲ့မူ သတ်မှတ်ထားတာရှိတယ်။ နိုင်ငံရေးပြောင်းတဲ့အခါမှာ ဖယ်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုရင် ဖယ်ဒရယ်ပုံစံစီးပွားရေး ဖြစ်လာဖို့ ရည်ရွယ်ထားတာပေါ့ဗျာ။ မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးက အဓိကမို့လို့ လယ်ယာကဏ္ဍကို အထူးဦးစားပေးပါတယ်။ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ထားတာတွေကနေပြီး လယ်သမားတွေ အခွင့်အရေး ဆုံးရှုံးနေတယ်။ ဒီမိုကရေစီ ခေတ်ကိုရောက်နေပြီ။ လယ်လုပ်သူတိုင်း လယ်ပိုင်ဆိုင်ခွင့်ရှိရမယ်လို့ ကျွန်တော်တို့က မူဝါဒ ချမှတ်ထားပါတယ်။ လယ်လုပ်သူတိုင်း လယ်ပိုင်ဆိုင်ခွင့် ရှိရမယ်ဆိုတာ ဗီယက်နမ်မှာလို၊ တရုတ်မှာလို၊ ထိုင်းမှာလို ဂရန်စနစ်နဲ့ပေါ့ နှစ်သုံးဆယ် ဂရန်စနနစ်နဲ့ လိုအပ်ရင် ငါးနှစ်ဆယ် နှစ်ထိ ထပ်တိုးပေးပြီးတော့ လယ်သမားတွေ အခွင့်အရေးပေးဖို့ ရည်ရွယ်ထားတာတွေ ရှိပါတယ်။ လယ်သမားဆိုတဲ့ အခါမှာလည်း နိုင်ငံသားလယ်သမားဖြစ်ရမယ်၊ တိုင်းရင်းသားလယ်သမားဖြစ်ရမယ်။ ဒီတိုင်း ရင်းသား လယ်သမားနဲ့ နိုင်ငံသား လယ်သမားတွေသာ ဒီအခွင့်အရေးကို ခံစားခွင့်ရှိစေရမယ်။ ဒါ လယ်ယာကဏ္ဍနဲ့ ပတ်သက်တဲ့ ပထမမူပေါ့။ ဒုတိယမူကတော့ သဘာဝဘေးအန္တရာယ်တွေ၊ စစ်ဘေးအန္တရာယ်တွေ ရှိတာကြောင့် နေရင်းဒေသတွေထွက်ပြီး လက်ငုပ်လက်ရင်းတွေ ပျောက်ပြီး လုပ်ကိုင်စားသောက်ဖို့ မရှိတော့တဲ့ လယ်သမားတွေအတွက် အမတော်ကြေးငွေကို ပြန်ဆပ်ခွင့်ကနေ ကင်းလွတ်ခွင့်ပေးမယ်။ လက်ငုပ်လက်ရင်းပျောက်သွားတဲ့ လယ်သမားတွေကို အမတော်ကြေး ကင်းလွတ်ခွင့် ပေးရမယ်။ နောက်ပြီး လယ်ယာကဏ္ဍမှာ မိသားစုတွေဟာ လုပ်ရင်းနဲ့ ရှုံးနေကြတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ပါတီကတင်ထားတဲ့ တစ်ဧကကို တစ်သိန်းခွဲပေးဖို့ဆိုတာထက် ပိုပြီးရအောင် လွှတ်တော်ထဲမှာ လယ်သမားတွေ စိုက်ပျိုးစရိတ်ကိုကာမိအောင် တောင်းဆိုသွားဖို့ရှိသလို လယ်သမားတွေ အမတော်ကြေး ပြန်ဆပ်ရမယ့်ဟာကို နှစ်နှစ်တန်သည် ၊ သုံးနှစ်တန်သည် အစိုးရရဲ့ အခွန်အတုတ်ကို ကြည့်ပြီး ပြန်မဆပ်ပဲ ဆိုင်းငံ့ကာလ တိုးမြှင့်သွားဖို့ အဆိုတင်သွင်းဖို့ ရှိပါတယ်။ တတိယအချက်ပေါ့။ စတုတ္ထအချက်က လယ်သမားတွေဟာ စိုက်ပျိုးသီးနှံတွေ ထွက်လာတဲ့အခါ နိုင်ငံခြားကိုပို့တဲ့ အခါမှာ ပို့ပုံပို့နည်းအဆင့်ဆင့်တွေရှိတဲ့ အတွက်ကြောင့် လယ်သမားထုတ်တဲ့ ပိုက်ဆံနဲ့ နိုင်ငံခြားပို့တဲ့ငွေနဲ့က ကြားမှာကွာဟ မှုသိပ်ကြီးသွားတယ်။ ဒါကြောင့်မို့ လယ်သမားနဲ့ နိုင်ငံခြားပို့ကုန်ကြားမှာ အဆင့်တွေနည်းအောင် အစီအမံတွေ လုပ်ထုံးလုပ်နည်းတွေကို တင်သွင်းဖို့ရှိ ပါတယ်။ ယနေ့ပေါက်စျေးနဲ့ နိုင်ငံခြားပို့တဲ့စျေး မကွာအောင် နည်းလမ်းရှာဖို့ တင်သွင်းသွားဖို့ ရှိပါတယ်။

မေး။  ။ အလုပ်သမားအခွင့်အရေးပေါ့။ အလုပ်သမားအခွင့်အရေးလို့ပြောနေကြပေမယ့် အခုချိန်ထိ အလုပ်သမား လစာ ကိစ္စ၊ အလုပ်အကိုင်တည်မြဲရေး အစရှိတဲ့ အရေးကိစ္စတွေ ဘာကြောင့်ဆက်ရှိနေတာပါလဲ။ ဘယ်လိုဖြေရှင်းနိုင်ပါမလဲ။

ဖြေ။  ။ အလုပ်သမားတွေက မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ ထုတ်ကုန်တွေကို finish goodsတွေ ထုတ်ပေးရတဲ့သူ တွေပေါ့။ ကျွန်တော်တို့ နိုင်ငံမှာက အထည်ချုပ် အလုပ်သမားတစ်ယောက် လောက်လုပ်ရင် အိမ်က လေးငါးယောက်လောက် မှီခိုစားသောက်နေရတော့ အထည်ချုပ်လုပ်ငန်းနဲ့ပက်သက်တဲ့ စက်ရုံအလုပ်ရုံတွေပေါ့။ အထည်ချုပ်လုပ်ငန်းကော အခြားစက်ရုံတွေကောက အလုပ်သမားတွေရဲ့ ဘဝ သာယာလှပရေးကို အမြဲတမ်း ရှေးရှုပါတယ်။ စက်ရုံ အလုပ်ရုံတွေ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် နံပါတ် ၁ လျှပ်စစ်ဓတ်အားပြတ် တောက်ခြင်းမရှိ ပေးနိုင်အောင်လို့ လွှတ်တော်ထဲမှာ ကြိုတင်ပြီးတော့ စက်ရုံအလုပ်ရုံတွေကို လျှပ်စစ်ဓတ်အားပေးတဲ့ အခါမှာ ဘယ်လိုပုံစံနဲ့ သွားရလဲ၊ ဘယ်လိုဓာတ်အားထုတ်လုပ်မှု တွေရှိသင့်လဲဆိုတာ ကော်မတီတွေဖွဲ့ပြီး ကျွန်တော်တို့ မေးမြန်ပြီးတော့ အကောင်းဆုံး အခြေအနေရောက်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။ အထူးသဖြင့် ဂျပန်တို့ ၊ တရုတ်တို့ ဥရောပ သမဂ္ဂတွေနဲ့ အထည်ချုပ်တွေက အထည်တွေကို ပို့ပေးနေရတဲ့ အခါမှာ တစ်ချို့ နိုင်ငံတွေမှာ လူ့အခွင့်အရေးနဲ့တိုင်းတာပြီးတော့ သက်သာခွင့်တွေ GSPလို အခွန်အတုတ်နဲ့ ပတ်သက်ပြီးတော့ ပေးတာတွေ ရှိပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ စွပ်စွဲချက်တွေကြောင့် GSP အလုပ်သမားတွေ ထုတ်ထားတဲ့ ထုတ်ကုန်တွေပေါ်မှာ အခွန်အတုတ် တိုးမကောက်ပဲနဲ့ တခြားနိုင်ငံတွေလို အခွန်သက်သာခွင့်ပေးရေးလိုမျိုးတွေ ရနိုင်အောင် အစိုးရဘက်ကရော လူ့အခွင့်အရေးဘက်ကရော လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ စွပ်စွဲခံထား ရတာတွေကို အမြန်ဆုံးပြီးပြေသွားအောင် နိုင်ငံတကာကနေပြီးတော့ အထင်အမြင် လွဲမှားတာတွေကို ချေဖျက်နိုင်ဖို့အပြင် သံတမန်ရေး ကိစ္စတွေပါ ပါဝင်ပြီးတော့ ဆောင်ရွက်ပေးသွားဖို့ လွှတ်တော်မှာအဆို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက အကြောင်းတစ်စုံတစ်ရာ ကြောင့် အလုပ်ရပ်စဲခံရရင်လည်း သူတို့ကို လူမှုဖူလုံရေး လစာပေးဖို့ အဆိုတင်သွင်းသွားပါ့မယ်။ အလုပ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်ရှိစေဖို့ အလုပ်သမတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်လာရင် နစ်နာကြေးအပြင် ဥပဒေအရပါ တင်းကျပ်စွာ ကာကွယ်ပေးမှုတွေ ရရှိအောင်ဆောင် ရွက်ပေးသွားဖို့ရှိပါတယ်။

မေး။  ။ ခေတ်အဆက်ဆက်မှာ သယံဇာတ ထုတ်လုပ်ရေးကို ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ပြီး ပွင့်လင်းမြင်သာမှုမရှိပဲ ဖော် ဆောင်ခဲ့တယ်။ နိုင်ငံအတွက်စီးပွါးရေးဆုံးရှုံးနစ်နာရပြီး ပြည်သူတွေအတွက်ကတော့ အဘက်ဘက်ကပေး ဆပ်နေရဆဲဖြစ်ပါတယ်။ အဲတော့ သယံဇာတဖော်ထုတ်ရေးမူဝါဒကိုပြောပြပါဦး။ တဆက်ထဲမှာပဲ ဖက်ဒရယ် ပြည်ထောင်စုနဲ့ပတ်သက်တဲ့ သယံဇာတွဲဝေရေးမူဝါဒကိုမိတ်ဆက်ပေးပါ။

ဖြေ။  ။ သယံဇာတထုတ်ယူရေးကတော့ ဖယ်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ သယံဇာတ ခွဲဝေသုံးစွဲမှုစနစ်ကို ရောက် အောင်သွားပါမယ်။ သဘောကတော့ ပြည်နယ်တွေမှာရှိတဲ့ သယံဇာတတွေကို ပြည်နယ်သားတွေ အကျိုးခံစားခွင့် ရှိစေမယ့် စနစ်မျိုးကို ညှိနိုင်းဆောင်ရွက်သွားဖို့အစီအစဉ် ရှိပါတယ်။ မြန်မာပြည်မြောက်ပိုင်းမှာ ရေခဲတောင်တွေ ဖုံးလွှမ်းနေတဲ့ ရေခဲဥယျာဉ်တွေရှိတယ်။ မြန်မာပြည်တောင်ပိုင်းမှာ မြိတ်ကျွန်းစုလို နေရာမျိုးမှာ အမြဲစိမ်းသစ်တောတွေ ဖုံးလွှမ်းဆဲပဲ ရှိသေးတယ်။ အဲ့လိုနေရာမျိုးတွေမှာ Eco- tourism ပေါ့ သဘာဝခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်ပြီး နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ တိုးမြှင့်လာအောင် စီးပွားရေးဘက်ကနေ နိုင်ငံနဲ့ ပြည်သူကိုအကျိုး ပြုအောင်ဆောင်ရွက်ဖို့ ရှိပါတယ်။ လယ်ယာကဏ္ဍကို ဘက်စုံမြင့်မားအောင် လယ်ယာသုံး စက်ကိရိယာတွေကို ပြည်ပနိုင်ငံတွေက ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံအတွင်းမှာပဲ ဖက်စပ်လုပ်ပြီး လယ်သမားတွေကို ဖြန့်ဖြူးပေးဖို့ အစီ အစဉ်တွေလဲရှိပါတယ်။ အလုပ်သမား ၊ လယ်သမားနဲ့ ခရီးသွားလုပ်ငန်း မြင့်မားလာအောင်လည်း အစီအစဉ် တွေဆောင် ရွက်ထားတာရှိပါတယ်။

မေး။  ။ နိုင်ငံခြားကြွေးမြီကိစ္စကလည်း အစိုးရသစ်တိုင်းအတွက် စိန်ခေါ်မှုနဲ့ ထွက်ပေါက်လိုဖြစ် နေပြီး မူဝါဒတစ် ရပ်အနေနဲ့ လုပ်ဆောင်နေတာမတွေ့ရသေးဘူး ဘယ်လိုဖြစ်သင့်ပါသလဲ ဘယ်လိုမူဝါဒတွေရှိပါသလဲ။

ဖြေ။  ။ အစိုးရချေးငွေကတော့ ရေရှည်သွားမယ့်ဟာတွေပါသလို အတိုးနှုန်းကြီးမြင့်တဲ့ ဟာမျိုးတွေ တရုတ်နိုင်ငံက ယူတာမျိုးတွေက သတိထားဖို့ လိုပါတယ်။ အတိုးကြီးကြီးနဲ့ ချေးတာမျိုးကို ရှောင်ရှားစေချင်တယ်။ Short loan တွေရဖို့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ချေးငွေတွေရဖို့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ပြပြီး ချေးဖို့လိုပါတယ်။ ပြည်တွင်းမှာလည်း အလုပ်အကိုင် တိုးပွားရေးကို ခုနကပြောခဲ့တဲ့ အစီအမံတွေနဲ့အလုပ်အကိုင် တိုးပွားလာမယ်။ လူသားရင်းမြစ်တွေရဲ့ လုပ်ကွက်တွေ ပေါ်လာရင် တော့ အလုပ်အကိုင်များပြီးတော့ နိုင်ငံသားတွေရဲ့ ဝင်ငွေ တက်လာမယ်ဆိုရင် နိုင်ငံတော်ကနေပြီး အတိုးစရိတ်မြင့်မားတာတွေကို အတန်ငယ်လျော့ချနိင်မယ်။ ငွေစက္ကူထုတ်တဲ့ ကိစ္စကိုလည်း ဂရုစိုက်ပြီးတော့ အပိုမထုတ်ဖို့ ငွေဖောင်းပွတာမျိုးမဖြစ်အောင် ဗဟိုဘဏ်ကနေ ကြီးကြပ်ပေးရန်၊ အခွန်အတုတ် ကောက်တဲ့ အခါမှာလညး ရှိပြီးသားလုပ်ငန်း ၁၀၀ရှိရင် အဲ့ဒီလုပ်ငန်းတစ်ရာကနေပြီး အခွန်တွေ အရမ်းမကောက်ပဲနဲ့ လုပ်ငန်းတစ်ထောင်ပြည့်အောင် တိုင်းနဲ့ ပြည်နယ်တွေကိုပါဖြန့်ကျက်ပြီး တော့ လုပ်ငန်းတွေဆောင်ရွက်ခွင့်ပေးပြီး လုပ်ငန်းအခွန်ကောက်တဲ့ အကျိုးအမြတ်နဲ့ ကျွန်တော်တို့ သာမန်အသုံးစရိတ်တွေ ဝန်ပိနေတဲ့ အစိုးရကို နိုင်ငံတကာ ငွေထုတ်ငွေရင်း ချေးတာတွေကို လျော့ချနိုင်အောင်၊ပြည်တွင်းကနေ အခွန်အတုတ် တိုးတက်လာအောင် မျှတတဲ့ အခွန်အတုတ်စနစ်ကို ဆောင်ရွက်ဖို့ လွှတ်တော်မှာ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။

ယနေ့ခေတ်။  ။ ကျေးဇူးတင်ပါတယ်။