ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဥက္ကဌ)နှင့် တွေ့ဆုံမေးမြန်းခြင်း


အဖိအနှိပ်ခံနေရတဲ့သူတွေ၊ ဒီမိုကရေစီအခြေအနေတွေ၊ တိုင်းရင်းသားအခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ ဒီလိုကိစ္စမျိုးတွေကို ကိုယ်စားပြုပြီးတော့ အသံထွက်ချင်တယ် 


ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဥက္ကဌ)

မေး။ ။ ရွေးကောက်ပွဲမှာ မဲပေးမယ့်ပြည်သူတွေကိုပေးချင်တဲ့ သတင်းစကားကိုပြောပြပေးပါ။

ဖြေ။ ။ အခုရွေးကောက်ပွဲမှာ လူများများ မဲမပေးမှာ စိုးရိမ်တယ်ဗျ။ ကျွန်တော်တို့ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မဲပေးဖို့ ကိစ္စကို စိတ်ဝင်စားစေချင်တယ်။ စိတ်ဝင်တစားနဲ့ ကိုယ့်အတွက်ကို တကယ်အလုပ်လုပ်ပေးနိုင်မယ့်ပါတီ၊ ကိုယ့်အတွက်ကို အလုပ်လုပ်ပေးမယ်လို့ ယုံကြည်တဲ့ လူပုဂ္ဂိုလ် ဒါမျိုးတွေကို သေသေချာချာရွေးချယ် စဉ်းစားပြီးတော့ မဲပေးစေချင်တယ်။ ဘာကြောင့် ကျွန်တော်အဲ့သလိုပြောလည်းဆိုတော့ ရွေးကောက်ပွဲတွေက လက်တွေ့မှာကျတော့ ကျွန်တော် တို့ ဒီမိုကရေစီရေးဖြစ်စဉ်နဲ့ တစ်ဆက်တည်းဖြစ်နေလို့ ဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲတွေကိုက ပြည့်စုံတဲ့ ဒီမိုကရေစီရွေးကောက်ပွဲတွေ မဟုတ်သေးဘူး။ ကျွန်တော်တို့ ရွေးကောက်ပွဲတွေ တစ်ခုပြီးတစ်ခုကျင်းပရင်းနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို မြှင့်တင်သွားရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ပြည်သူတွေက မဲပေးမှုကျလေလေ ကျွန်တော်တို့ ဒီမိုကရေစီ အဆင့်နေရာက ကျလေလေဖြစ်လိမ့်မယ်။ ယနေ့ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ဆိုတာတောင်မှ တကယ့်ဒီမိုကရေစီရွေး ကောက်ပွဲလို့ ပြောဖို့ခက်သေးတယ်။ ဘာကြောင့်လည်းဆိုတော့ လွှတ်တော်ထဲမှာရှိတဲ့ လေးပုံသုံးပုံနေရာအတွက်ပဲ ရွေးကောက်ပွဲလုပ်တာ၊ ကျန်တဲ့တစ်ပုံအတွက်က အလိုလိုလာ ထိုင်တဲ့သူတွေရှိတယ်။ ဒီမိုကရေစီကရွေးကောက်ပွဲကနေတစ်ဆင့် ရှေ့ကိုတက်သွားဖို့ လိုလိမ့် မယ်လို့ ထင်တယ်။ အခုကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အခြေအနေကို ကြည့်ရတာတော့ ရင်တထိတ်ထိတ်ပဲ ရခိုင်မှာလည်းရွေးကောက်ပွဲ လုပ်ဖြစ်မယ့် အခြေအနေရှိ မလား,မရှိဘူးလား မပြောတတ်ဘူး။ အရှေ့မြောက်ဘက်၊ မြောက်ပိုင်းမှာပဲဖြစ်ဖြစ် ရွေးကောက်ပွဲတွေကတစ် နိုင်ငံလုံး အတိုင်းအတာအရ တကယ်လုပ်နိုင်မှာလား မလုပ်နိုင်ဘူးလားဆိုတာ တော်တော်ပြော ဖို့ခက်တယ်။

မေး။ ။ ဒီနိုင်ငံမှာ မြေယာပြဿနာကသိပ်ကြီးတယ်။ အခုမြေယာဥပဒေအသစ်ကလည်း ဝေဖန်မှုတွေရှိနေတယ်။ ဖွံ့ဖြိုးတိုးတတ်ရေးခေါင်းစဉ်အောက်ကမြေသိမ်းနေတာ။ စစ်ပွဲတွေကြောင့် မြေယာမဲ့ဘဝရောက်ခဲ့တာတွေလည်း ဖြစ်နေတာဆိုတော့ ပါတီရဲ့မြေယာစီမံခန့်ခွဲမှု၊ မြေယာမူဝါဒကိုပြောပြပါဦး။

ဖြေ။ ။ အရင်အစိုးရလက်ထက်ကတည်းကပေါ့။ အခုအစိုးရအထိ ဆက်ကိုင်ဆွဲနေတဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေဆိုတာ ရှိတယ်လေ။ အဲ့ဒီဥပဒေကို သေသေချာချာလေးပြန်ပြီးတော့ သုံးသပ်ဖို့ ပြင်ဆင်ဖို့ လိုလိမ့်မယ်။ ဒါမှမဟုတ် တစ်ခုလုံးပြန်ပြီး ရေးဆွဲနိုင်ဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်တော်တော့ အဲ့လိုထင်ပါတယ်။ အခုအရင်အစိုးရလက်ထက်ကစပြီး အခုအစိုးရလက်ထက် တစ်လျှောက်လုံး ဖြစ်ပျက်လာခဲ့တဲ့ ဒီလယ်ယာမြေနဲ့ပတ်သတ်လို့ ဖြေရှင်းနိုင်မှု အတော် အားနည်းခဲ့တယ်။ နောက် ပြည့်စုံတဲ့ လယ် ယာမြေနဲ့ ပတ်သတ်တဲ့ ဥပဒေ အခုအချိန်ထိ မပေါ်ပေါက်လာသေးဘူး။ အဲ့ဒီလို ပြည့်စုံတဲ့ လယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လုပ်ရမယ့်လယ်ယာမြေ ဥပဒေမျိုး ကျွန်တော်တို့ အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအရ အထူးသဖြင့်တော့ လယ်သမားသမဂ္ဂတွေ၊ အစိုးရတွေ၊ ပညာရှင်တွေ အဲ့လိုတောင်သူလယ်သမား ညီလာခံတွေက တစ်ဆင့်ပဲ ဒီလိုဥပဒေတွေကို အခြေခံအားဖြင့် ဖော်ထုတ်သင့်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ လယ်ယာမြေ ပြဿနာတွေ ဒါ နိုင်ငံအနှံ ဖြစ်နေတာ၊ အခုအချိန်ထိ ပြဿနာတွေတက်နေတာ။ ပြဿနာတော်တော် များများကလည်း ဖြေရှင်းပေးနိုင်တယ်လို့ကို မရှိသေးဘူး။ တစ်ချို့ဆိုရင် လယ်ယာမြေတွေကို ပြန်ပေးဆိုပြီး အမိန့်ချမှတ်ခဲ့ပေမယ့် တကယ့်တကယ် လယ်လုပ်တဲ့ လယ်သမားတွေဆီ အဲ့လယ်ယာမြေတွေ ပြန်ရောက်တဲ့ အနေအထားမျိုးကို မတွေ့ရသေးဘူး။ လယ်ယာမြေနဲ့ ပတ်သတ်လို့ လယ်ယာကဏ္ဍနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးက အဲ့အပေါ်မှာ လက်တလောအားဖြင့် မှီနေရတဲ့ အခြေအနေရှိတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ တိုင်းပြည်က ယနေ့အခြအနေအထိ စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဘဝကနေ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေ မရှိသေးဘူး။ လယ်ယာကဏ္ဍကို မှီနေရတဲ့ အနေအထားမှာရှိသေးတယ်။ အလုပ်သမားနဲ့ ပတ်သက်လို့ကော စီးပွားရေးနဲ့ပတ်သက်လို့် ကောအစစ ဒီလယ်ယာကဏ္ဍ၊ သားငါး ကဏ္ဍ၊ ရေကဏ္ဍပေါ့နော် အဲ့ဒါတွေအပေါ်မှာ မှီနေရတဲ့ အနေအထားရှိနေသေးတယ်။ ဒီလယ်သမားတွေ အလုပ်သမားတွေ၊ ရေလုပ်သားတွေ စသဖြင့် ဒီလူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေတစ်ခု ကျွန်တော်တို့ တိုင်းပြည်မှာ ခိုင်ခိုင်မာမာပေါ်ထွန်းဖို့ လိုတယ်။ အဲ့တာကို ဝိုင်းပြီး ကြိုးစားဖို့လိုတယ်လို့ ယူဆပါတယ်။

မေး။  ။ အလုပ်သမားအခွင့်အရေးပေါ့။ အလုပ်သမားအခွင့်အရေးလို့ပြောနေကြပေမယ့် အခုချိန်ထိ အလုပ်သမား လစာကိစ္စ၊ အလုပ်အကိုင်တည်မြဲရေး အစရှိတဲ့ အရေးကိစ္စတွေ ဘာကြောင့်ဆက်ရှိနေတာပါလဲ။ ဘယ်လိုဖြေရှင်း နိုင်ပါမလဲ။

ဖြေ။  ။ အလုပ်သမားကိစ္စတွေဆိုတာ တောက်လျှောက်ဖြစ်နေတာ။ အခု ကိုဗစ်ကာလကြီး တစ်လျှောက်လုံးမှာ တောင်မှ ကိုဗစ်ကာလစဖြစ်တဲ့ အချိန်ကစပြီးတော့ ဇွန်လောက်ထိ အလုပ်သမား လှုပ်ရှားမှုတွေ ရှိခဲ့သေးတယ်။ ဒီကာလမှာ အလုပ်သမား တစ်သိန်း တစ်သိန်းခွဲဝန်းကျင် အလုပ်ပြုတ်တယ်လို့ ကြားရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ အလုပ်သမားအရေးနဲ့ ပတ်သတ်ပြီး ဖြေရှင်းတဲ့ ကိစ္စတွေ အလုပ်ရှင်အလုပ်သမား နောက်တစ်ခုက အစိုးရ အဲ့ဒီ သုံးပွင့်ဆိုင် ဖြေရှင်းတဲ့ နည်းလမ်းတွေကလည်း လက်တွေ့မှာ မအောင်မြင်ဘူး။ အကုန်လုံး ပြဿနာ ဖြစ်တိုင်းဖြစ်တိုင်းမှာ အလုပ်သမားတွေကပဲ တရားခံဖြစ်နေတယ်။ တစ်ကယ်လို့ အလုပ်ရှင်တွေက လျော်ကြေး ပေးရမယ်ဖြစ်ဖြစ် ဒီခုံရုံးတွေက ဆုံးဖြတ်ချက် ချလိုက်ရင် အလုပ်ရှင်တွေ သဘောမတူရင် ဘာမှ ဖြစ်မလာဘူး။ ဆိုတော့ အဲ့ဒီအခြေအနေနဲ့ ကျွန်တော်တို့ အလုပ်သမားထုက အခုက ရင်ဆိုင်နေရတဲ့ အနေအထားဖြစ်တယ်။ အစိုးရကလည်း လက်တွေ့မှာကျတော့ အလုပ်ရှင်နဲ့ပဲ ပိုနီးစပ်တယ်။ အလုပ်သမားတွေကို ပြည့်ပြည့်ဝဝ ဥပဒေအရ အကာအကွယ်ပေးနိုင်တဲ့ အခြေအနေ မရှိသေးဘူး။ လွန်ခဲ့တဲ့ လွှတ်တော်ငါးနှစ်သက်တမ်းကို ပြန်ကြည့်ရင်လည်း အလုပ်သမားတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ လွှတ်တော်ထဲမှာ ဆွေးနွေးတာ၊ ငြင်းခုံတာတွေပေါ် ထွက်လာတာ တွေ ကျွန်တော်တို့ မတွေ့ရသေးဘူး။ မနေ့တစ်နေ့ကတော့ ကျွန်တော်တို့ တွေ့လိုက်တာ တစ်ခုတော့ရှိတယ်။ အိမ်အကူအလုပ်သမားတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတာ မနေ့တစ်နေ့ကမှ ကျွန်တော်တို့ ကြားဖူးတယ်။ လက်တွေ့မှာ ကိုဗစ်ကာလ တစ်လျှောက်မှာ စက်ရုံတွေပိတ်ပြီး ပြေးကြတော့ ကျွန်တော်ထင်တာ အလုပ်သမား တစ်သိန်းခွဲလောက်ပြုတ် တယ် ရန်ကုန်မှာတင်။ အဲ့ဒီလို ကိစ္စမျိုးတွေနဲ့ ပတ်သက်လို့ သေသေချာချာ စီမံခန့်ခွဲပေးနိုင်တာ အစိုးရမှာအရမ်းကို အားနည်းတယ်။ လက်တွေ့မှာ အလုပ်သမားတွေ ဆန္ဒပြလို့ဆိုပြီး အ လုပ်သမားတွေဖက် ပုံတာတွေ့ရတယ်။ အဲ့လိုအခြေအနေမျိုးတွေကို ပြုပြင်ဖို့ လိုလိမ့်မယ်ထင်တယ်။ အဲ့လိုဆက် သွားမယ်ဆိုရင် ကျွန်တော်တို့ အလုပ်သမားတွေအခြေအနေ အနေအထားက တက်လာနိုင်စရာ မရှိဘူးလို့ ထင်ပါတယ်။

မေး။ ။ ခေတ်အဆက်ဆက်မှာ သယံဇာတ ထုတ်လုပ်ရေးကို ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ပြီး ပွင့်လင်းမြင်သာမှုမရှိပဲ ဖော် ဆောင်ခဲ့တယ်။ နိုင်ငံအတွက်စီးပွါးရေးဆုံးရှုံးနစ်နာရပြီး ပြည်သူတွေအတွက်ကတော့ အဘက်ဘက်ကပေး ဆပ်နေရဆဲဖြစ်ပါတယ်။ အဲတော့ သယံဇာတဖော်ထုတ်ရေးမူဝါဒကိုပြောပြပါဦး။

ဖြေ။ ။ ဒီကိစ္စက ကျွန်တော်တို့ဆီမှာရှိတဲ့ ဖက်ဒရယ်မှုနဲ့ သွားပြီးဆက်စပ်မှုရှိတယ်လို့ ထင်တယ်။ သယံဇာတခွဲဝေ ရေး၊ ထုတ်လုပ်ရေးနဲ့ ပတ်သက်လို့ မျှဝေသုံးစွဲရေး ဒီကိစ္စတွေဟာ ကျွန်တော်တို့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုး ရ တွေ ကြားထဲမှာ ဘယ်လောက်ထိ ဆက်စပ်ပြီး ဘယ်လောက်ထိ အပေးအယူရှိရှိ အလုပ်လုပ်နိုင်သလဲ ဆိုတဲ့ အခြေခံအပေါ်မှာမူတည်တယ်။ ယနေ့ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရဆိုရင်တော့ အဲလိုကိစ္စအားလုံးဟာဗဟို အစိုးရနဲ့ပဲ သက်ဆိုင်သလို ဖြစ်တယ်။ ယနေ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်လို ကိစ္စမျိုး၊ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူညီရေး ကိစ္စလိုမျိုး၊ဖက်ဒရယ်ပြည်ထောင်စု၊ ဒီမိုကရက်တစ်ပြည် ထောင်စုတည်ဆောက်ရေးဆိုတာတွေနဲ့ ယနေ့ ကျွန်တော်တို့ အခြေအနေနဲ့ တော်တော်ကို အလှမ်းဝေးတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ အဓိကထောက်ပြ ချင်တာကတော့ အကယ်၍ဖက်ဒရယ်နိုင်ငံကို တည်ထောင်နိုင်ဖို့ မရှိသေးဖူးဆိုရင်တောင်မှ မရှိသေးတဲ့ အခြေအနေအောက်ပါ တစ်ချို့ လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်လို့ ပြည် ထောင်စုနဲ့ ဗဟိုအစိုးရကြားမှာ decentralize လုပ်ဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေ၊ သဘာဝအရင်းအမြစ်တွေ ရှာဖွေတာ၊ ထုတ်လုပ်တာ သဘာဝသယံဇာတတွေ ရှာဖွေထုတ်လုပ်တာ ဒီလိုကိစ္စမျိုးတွေနဲ့ပတ်သတ်လို့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရကြားထဲမှာ သေသေချာချာ အာဏာကို ပြန်လည်သတ်မှတ် ခွဲဝေတာမျိုးတွေ သေချာညှိနိုင်းဆောင်ရွက် သင့်တယ်လို့ ကျွန်တော့အနေနဲ့ ယူဆပါတယ်။

မေး။ ။ နိုင်ငံခြားကြွေးမြီကိစ္စကလည်း အစိုးရသစ်တိုင်းအတွက် စိန်ခေါ်မှုနဲ့ ထွက်ပေါက်လိုဖြစ်နေပြီး မူဝါဒ တစ်ရပ်အနေနဲ့ လုပ်ဆောင်နေတာမတွေ့ရသေးဘူး ဘယ်လိုဖြစ်သင့်ပါသလဲ ဘယ်လိုမူဝါဒတွေရှိပါသလဲ။

ဖြေ။ ။ ကြွေးမီကိစ္စတွေကတော့ အစိုးရအဆက်ဆက် ရှိလာတာပဲ။ ကျွန်တော်တို့တိုင်းပြည် တစ်စုံတရာကို စီးပွားရေးအရအခြမခိုင်သေးပဲနဲ့ သေသေချာချာကျွန်တော်တို့ တိုင်းပြည် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်မယ့် အခြေအနေမရှိသေးဘူးဆိုရင် ဒီလို ကြွေးမီတွေနဲ့ပဲ ဆက်ပြီး နပန်းလုံးနေရမယ့် အခြေအနေရှိတယ်။ အဲ့ဒါမျိုးတွေကို ဘယ်လိုလျော့ချမယ်၊ မလျော့ချဘူးပေါ့။ ဒီလိုကိစ္စမျိုးတွေနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ ပါတီအနေနဲ့ သေသေ ချာချာမူဝဒါတွေရေးဆွဲထားတာ၊စဉ်းစားထားတာမရှိသေးဘူး။

မေး။ ။ စီးပွားရေးပြုပြင်ပြောင်းလဲဖို့အတွက် ဘာတွေပြုပြင်ပြောင်းလဲဖို့လိုပါသလဲ။ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်မှာပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ ပါတီကတော့ အဲ့တာတွေလုပ်နိုင်မယ့်ပါတီမဟုတ်ဘူးဗျ။ ပွင့်ပွင့် လင်းလင်းပြောရရင် ကျွန်တော်တို့ပါတီက စီးပွားရေးကိစ္စတွေ ပြုပြင်ပြောင်းလဲနိုင်မယ့် ပါတီမျိုးလဲမဟုတ်ဘူး။ ခုနကလို သယံဇာတလို ကိစ္စမျိုးတွေ၊ လယ်သမား၊ အလုပ်သမား ကိစ္စမျိုးတွေမှာ အဖိနှိပ်ခံရတဲ့ လူတွေဖက်ကနေပြီးတော့ ရပ်တည်ပြီးတော့ ပြောဆိုပေးမယ့် နိုင်ငံရေးအဆင့်နေရာလောက်ကိုပဲ ကျွန်တော်တို့ လုပ်နိုင်မှာဖြစ်တယ်။ ပါတီကိုယ်တိုင်က လူနည်းနည်းလေးပဲ ရွေးကောက်ပွဲဝင်မှာပါ။ ရည်ရွယ်ချက်က တိုင်းပြည်ထဲမှာ အဖိအနှိပ်ခံနေရတဲ့သူတွေ၊ ဒီမိုကရေစီအခြေအနေတွေ၊ တိုင်းရင်းသားအခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ ဒီလိုကိစ္စမျိုးတွေကို ကိုယ်စားပြုပြီး တော့ အသံထွက်ချင်တယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးချင်တယ်။ သူတို့ကိုကိုယ်စားပြုပြီး ပြောတာဆိုတာ၊ တွန်းတာ၊ တိုက်တာ၊ ပြောတာဆိုတာတွေလုပ်ချင်တယ်။ အဲဒါကတော့ရွေးကောက်ပွဲ ဝင်ရတဲ့ရည်ရွက်ချက်ပါ။ ကျွန်တော်တို့ယုံကြည်တာက တိုင်းပြည်ကလက်တွေ့မှာ ဒီမိုကရေစီမဟုတ်သေးဘူး။ ဒီမိုကရေစီစနစ်ကိုဆက်သွားဖို့ တွန်းဖို့လိုသေးတယ်လို့ ယုံကြည်တယ်။ အဲ့အတွက် အားတစ်ခုအနေနဲ့ ပါဝင်ချင်တယ်။ ဒါကြောင့်မို့ ဒီရွေး ကောက်ပွဲမှာပါဖို့ စဉ်းစားတာဖြစ်ပါတယ်။

မေး။ ။ ဖြည်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့တိုင်းပြည်မှာ အလုပ်သမားပဲကြည့်ကြည့် လယ်သမားပဲကြည့်ကြည့် အများစုကြီးက တော်တော်ပဲဆင်းရဲမွဲတေနေတယ်။ အဲ့ဒီဆင်းရဲမွဲတေမှုကို ကျော်လွှားနိုင်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့နိုင်ငံရေးအခြေနေတွေ ကပိုပြီးတော့ပွင့်လင်းဖို့လိုမယ်။ ဒါကြောင့်မို့ ဒီနေ့ရွေးကောက်ပွဲဟာအရေးကြီးတယ်။ ဒီရွေးကောက်ပွဲကတဆင့် ဒီထက် ပိုပွင့်လင်းတဲ့ နိုင်ငံရေးအခြေနေ၊ နိုင်ငံရေးဝန်းကျင်မျိုးကိုတက်လှမ်းနိုင်ဖို့ လိုလိမ့်မယ်လို့ ယူဆတယ်။ ဒါကြောင့်မို့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ဒီနေ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စိတ်ဝင်စားစေချင်တယ်။ ဒီရွေးကောက်ပွဲကတဆင့် ပိုပြီးပွင့်လင်းတဲ့လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်ဖို့ အားလုံးကဝိုင်းပြီး အာရုံစိုက်သင့်ပါတယ်။

ယနေ့ခေတ်။ ။ ကျေးဇူးတင်ပါတယ်။