ဧရာဝတီကို ကယ်တင်ပေးပါ

 

လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကာလတုန်းက မြန်မာပြည်သူတို့အတွက် မီးတစ်စကို စစ်အစိုးရက စတင်မွေးပေး လိုက်ပါတယ်။ အဲဒီမီးဟာ မြစ်ဆုံစီမံကိန်းပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံ China Power Inves-tment Coporation (CPI) နဲ့ စစ်အစိုးရရဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂ဝဝ၆ခုနှစ်၊ ဒီဇင်ဘာ ၂၈ရက်မှာ ဧရာဝတီမြစ်ဆုံ၊ မေခ၊ မေလိခမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း များဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU)ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အထက်မှာဆိုခဲ့ တဲ့မီးကို စတင်မွှေးခဲ့တဲ့ကာလဖြစ်ပါတယ်။

အဲဒီကတစ်ဆင့် နောက်ပိုင်းတွေ့ဆုံဆွေးနွေးမှုတွေ၊ သဘောတူစာချုပ်ချုပ်ဆိုမှုတွေရဲ့ နောက်မှာတော့ မြစ်ဆုံဆည် စီမံကိန်းဟာ အများပြည်သူ မသိရှိလိုက်ချိန်မှာဘဲ စတင်အကောင်အထည်ဖော်တဲ့ဆီကို ရောက်လာခဲ့ပါတယ်။

ဘယ်ပြည်သူတစ်ဦး တစ်ယောက်ကိုမှ အသိပေးချပြခြင်းမရှိ၊ ဘယ်ပြည်သူတစ်ဦး၊ တစ်ယောက်ရဲ့ သဘောတူညီချက် မှမပါဘဲကိုယ်ထင်ရာကိုယ်စိုင်းခဲ့တဲ့ အဲဒီစီမံကိန်းဟာ ပြီးခဲ့တဲ့အစိုးရဖြစ်တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်ကစပြီး ပြည်သူလူ ထုထံ မီးစတစ်ခုအဖြစ်နဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရ တက်လာချိန်မှာ အဲဒီမြစ်ဆုံဆည်စီမံကိန်းအပေါ် တဖြည်းဖြည်း လူသိများလာခဲ့ရာကနေ ကန့်ကွက် မှုတွေ ပြင်းထန်လာပါတယ်။ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးပညာရှင်တွေသာမက ဘက်ပေါင်းစုံပညာရှင်တွေ၊ သာ မန်ပြည်သူတွေပါဝင်တဲ့ စုပေါင်းအားနဲ့ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ့လို စုပေါင်းအားနဲ့ ကန့်ကွက်မှုတွေကြောင့်ပဲ ၂ဝ၁၁ခုနှစ်၊ စက်တင်ဘာ ၃ဝရက်မှာ သမ္မတဦးသိန်းစိန်က ”မိမိတို့ အစိုးရသည် ပြည်သူကရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ဆန္ဒကို အလေးထားရပါမည်။ ပြည်သူ များ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်” ဆို တဲ့စကားရပ်နဲ့အတူ မြစ်ဆုံ ဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်မှာ မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမယ်ဆိုတဲ့ သဝဏ်လွှာတစ်စောင်ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ ဥက္ကဋ္ဌများထံ ပေးပို့ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် သဝဏ်လွှာပို့ခဲ့တဲ့အဲဒီနေ့ဟာ သမိုင်းမှတ်တမ်းရေးထိုးတဲ့နေ့ ဖြစ်ပါတယ်။ မြန်မာပြည်သူလူထု ဟန်ဆောင်မှုကင်းစွာ ဝမ်းသာကြည်နူးဖြစ်ခဲ့ရတဲ့နေ့လည်းဖြစ်ပါတယ်။ ပြည်သူလူထုတိုင်းလိုလို ဝမ်းသာမဆုံး တပြုံးပြုံး ကာလဖြစ်ပါတယ်။

သို့ပေမယ့် ဦးသိန်းစိန်အစိုးရသက် တမ်းကုန်လွန်ခါနီးဖြစ်တဲ့ ၂ဝ၁၄ခုနှစ်လောက်ကစပြီး မြစ်ဆုံဆည်စီမံကိန်း သတင်း များဟာ ပြန်လည်ခေါင်းထောင်လာပါတယ်။ ဒါကြောင့် ပြည်သူလူထုထံက ကန့်ကွက်ဆန္ဒပြမှုတွေ တစ်ဖန်ပြန်လည်ပေါ် ထွက်လာခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းဖို့ လှုံ့ဆော်စာရွက်တွေ၊ လက်ကမ်းစာစောင်တွေ လိုက်လံဝေငှတာ၊ မြစ်ဆုံအထိ လမ်း လျှောက်ချီတက်တာ၊ ဧရာဝတီမြစ်အတွင်း လက်ပစ်ကူးဆန္ဒပြတာ၊ စက်ဘီးစီးအဖွဲ့က မြစ်ကြီးနားအထိ ၁၃ရက်ကြာ စက်ဘီးစီးခရီးနှင်တာ၊ စုဝေးဆုတောင်းတာတို့ ပြုခဲ့ကြပါတယ်။ အဲဒီ ၂ဝ၁၄ခုနှစ်ကနေ စတင်ဆန္ဒပြခဲ့တဲ့ အရေးဟာ အစိုးရသစ်လက်ထက် ၂ဝ၁၆ ခုနှစ်အထိ လိုက်ပါလာခဲ့ပါတယ်။

အဲဒီကတစ်ဆင့် ပြန်လည်ငြိမ်သက်သွားခဲ့တဲ့ မြစ်ဆုံအရေးဟာ အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ဒီဇင်ဘာလ အတွင်းမှာ ပြန်လည်လှုပ်ခတ်စေခဲ့ပြန်ပါတယ်။ တရုတ်သံအမတ်မစ္စတာဟုန်လျန်နဲ့ ကချင်ပေါင်းစည်းရေးပါတီသုံးခုက ခေါင်းဆောင်သုံးဦးဟာ မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာ၂၉ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ မြစ်ဆုံစီမံကိန်းပြန်လည်စတင်ဖို့ ကချင်ပါတီတွေနဲ့ ဆွေးနွေးခဲ့တယ်ဆိုတဲ့ တရုတ်ဘက်က သတင်းထုတ်ပြန်ချက်နဲ့ ပတ် သက်ပြီး ပြန်လည်ပွဲဆူခဲ့တာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်အပေါ် ကချင်ပေါင်းစည်းရေး ပါတီသုံးခုက ထုတ်ပြန်ချက်တစ်စောင်ကို တန်ပြန်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ကတော့ တရုတ်သံအမတ်နဲ့ ဆွေးနွေးမှုတွေအပေါ် တရုတ်ဘက်ကထုတ်ပြန်ချက်မှာ ကွဲလွဲမှုတွေရှိ နေကြောင်း၊ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး ထာဝရရပ်ဆိုင်းပေးဖို့ မူဝါဒသဘောထားရှိကြောင်းတို့ ပါဝင်ခဲ့ပါ တယ်။

ဒီလိုမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်ဘက်က အသံပြန်ထွက်လာချိန်မှာပဲ   ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဘာသာရေးခေါင်းဆောင်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားမျိုးနွယ်စုကိုယ်စားလှယ်တွေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဇန်နဝါရီ ၁ဝရက်က မြစ်ကြီးနားမြို့ရှိ Palm Spring ဟိုတယ်မှာ တွေ့ဆုံပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဘာသာရေးခေါင်းဆောင်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ်တွေက ဘာသာ ရေးလွတ်လပ်ခွင့်ရရှိရေး၊ မူးယစ်ဆေးဝါးတားဆီးရေး၊ မြေယာဥပဒေသစ်ကြောင့် ပြည်သူများနစ်နာနေမှုတွေ၊ စစ်မှန်တဲ့ငြိမ်း ချမ်းရေးရှိရေး၊ စစ်ဘေးရှောင်စခန်း (IDP)တွေ အမြန်ဆုံးဖြေရှင်းပေးရေး၊ မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည် မဖော်ရေးစတဲ့ ကိစ္စရပ်တွေကို တင်ပြဆွေးနွေးခဲ့ရာမှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တိကျတဲ့အဖြေမရဘဲ ဆက်လက်ဖော် ဆောင်မယ့် သဘောတွေ့ရတာကြောင့် အဲဒီစကားရပ်အပေါ် စိုးရိမ်မှု တွေတိုးခဲ့ပြန်ပါတယ်။

ဒီလိုအခြေအနေမှာပဲ အစိုးရအဖွဲ့အတွင်းက သတင်းစကားတစ်ခုလည်းထွက်လာပါတယ်။ အဲဒါကတော့ မြစ်ဆုံရေ အားလျှပ်စစ်စီမံကိန်းကို အရွယ်အစားနဲ့နေရာ ပြောင်းလုပ်ဆောင်ဖို့ တရုတ်နဲ့ ညှိနှိုင်းနေတဲ့အကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောဆိုလာတာဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလတုန်းက ကချင်ပြည်နယ်မှာ မဲဆွယ်ရင်း  ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့စကားဟာ ဒီကနေ့ကာလမှာ ထောက်ပြစရာအဖြစ် တည်ရှိနေပါတယ်။ အဲဒီ စကား ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရဖြစ်ခဲ့ရင် ပထမဦးဆုံး အလုပ်အဖြစ် မြစ်ဆုံရေကာတာနဲ့ပတ်သက် ပြီး အစိုးရက သက်ဆိုင်ရာကုမ္ပဏီများနဲ့ ဘယ်လိုသဘောတူညီချက်ယူထားတယ်ဆိုတာ ပြည်သူထံ ဦးစွာချပြမယ်ဆိုတဲ့ စကားပါ။ ဒီစကားဟာလည်း အခုအချိန်အထိ မတည်နိုင်သေးတဲ့ စကားအဖြစ် ကျန်ရစ်နေပါတယ်။

ဒါတွေကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်တာကာလကစပြီး ဒီကနေ့ကာလအထိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ် သက်ပြီး အစိုးရတို့ရဲ့ ဆောင်ရွက်ချက်၊ ပြည်သူလူထုရဲ့တုံ့ပြန်ချက်တွေထဲက ထင်သာမြင်သာရှိတဲ့ အချက်တချို့ကို မှတ် တမ်းအဖြစ် ပြန်လည်ဆွဲထုတ် ပြထားချက်တွေဖြစ်ပါတယ်။

လက်ရှိအခြေအနေအရတော့ မြစ်ဆုံနဲ့ပတ်သက်ပြီး အစိုးရဘက်က သမိုင်းစာမျက်နှာသစ်တွေ ရေးထိုးသွားဖို့ရှိနေ တာကိုတွေ့နေရသလို ပြည်သူလူထုဘက်ကလည်းတန် ပြန်ရေးထိုးလာမယ့် သမိုင်းစာမျက်နှာတွေလည်း ထင်ကျန်စေဦး မှာဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းအရေးဟာ မပြီးဆုံးသေးတဲ့ ပန်းချီကားတစ်ချပ်အဖြစ် ဆက်လက်တည် ရှိနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းက ပုဂံကို စာရေးသူခရီးထွက်ဖြစ်ပါတယ်။ ဒီတစ်ခေါက်ပုဂံခရီးဟာ စိတ်အေးလက်အေး သွားခဲ့ရတာဖြစ်လို့ စိတ်အပန်းပြေစေခဲ့တဲ့ ခရီးပါ။ သို့သော် မထင်မှတ်တဲ့မြင်ကွင်း တချို့ကြောင့် စိတ်အပန်း မပြေမှုတချို့ လည်း စွဲကပ်လာခဲ့ပါတယ်။

ပုဂံကိုရောက်ပြီး နောက်တစ်နေ့မနက်မှာပဲ လောကနန္ဒာစေတီကိုဝင်ဖူးပါတယ်။ အဲဒီမှာ ဟိုးအရင်ပုဂံကို ရောက်ဖြစ်ခဲ့ ချိန်တိုင်းမြင်မတွေ့ရတဲ့ ဘုရားပေါ်ကနေ မြစ်ဘက်ကိုကြည့်ရင် မြင်တွေ့ရတဲ့ လှိုင်းထန်နေတဲ့ မြစ်ပြင်ကျယ်နဲ့ ဝဲဂယက် တွေကို မမြင်တွေ့ရတော့တာပါပဲ။ အဲဒီမြင်ကွင်းမျက် စိရှေ့ကပျောက်သွားတာ ဆယ်စုနှစ်တစ်ခုတောင် မကြာလိုက်သေး ပါဘူး။ အရမ်းကိုတိုတောင်းလွန်းပါတယ်။ အဲဒီမြင်ကွင်း မျက်စိရှေ့ကပျောက်သွားတာဟာ စိတ်ထဲမှာ အတော်လေးကို ခံစားရပါတယ်။

ဟိုအရင်ကဆိုရင် စေတီပေါ်ကနေ အောက်ကိုငုံ့ကြည့်ရင် စေတီအုတ်ခုံတံတိုင်းကို လာရောက်ရိုက်ခတ်တတ်တဲ့ ရေ လှိုင်းတွေကိုတွေ့ရပါတယ်။ အခုအဲဒီမြင်ကွင်း မရှိတော့ပါဘူး။ ဟိုးခပ်ဝေးဝေးနေရာ အထိရေမရှိဘဲ ခြောက်ကပ်နေတဲ့ မြစ်ကြမ်းပြင်ကိုသာ တွေ့ခဲ့ရပါတယ်။

ဘုရားပေါ်က ပြန်အဆင်းလမ်းရဲ့ ဘယ်ဘက်အခြမ်းမှာရှိတဲ့ နားနေစရာအုတ် ထိုင်ခုံတွေပေါ်ကနေ ဧရာဝတီကို အတန် ကြာ ငေးမောဖြစ်ခဲ့ပြန်ပါတယ်။ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ဖြစ်နေတဲ့ သောင်ခုံတွေ၊ အဲဒီသောင်ခုံတွေ ကြားကနေ လိမ်ဖယ်လိမ် ဖည်နဲ့ဖြတ်စီးလာတဲ့ ဧရာဝတီကို စိတ်မကောင်းစွာ တွေ့ခဲ့ရပါတယ်။

ဒါဟာ ပွင့်လင်းရာသီရေကျချိန်ကြောင့်ဆိုတဲ့ အကြောင်းပြချက်လောက်နဲ့တော့ မလုံလောက်ပါဘူး။ ဒီကိုရောက်ဖြစ်ခဲ့ တဲ့ပြီးခဲ့တဲ့ အခေါက်တွေတိုင်းလည်း ဒီလိုပွင့်လင်းရာသီမှာပဲဖြစ်ပါတယ်။ ဒီ့ထက်တောင်နောက်ကျတဲ့ ကာလတွေတောင် ရှိပါတယ်။ သို့ပေမယ့် အဲဒီကာလဧရာဝတီဟာ တင့်တယ်ခဲ့ပါတယ်။

”ရာဇဝင်များရဲ့သတို့သမီး၊ မြန်မာပြည် သူတို့ရဲ့မိခင်” လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ဧရာဝတီဟာ နာမကျန်းဖြစ်နေပါပြီ။ မြစ်ခွဲကိုးစင်းနဲ့အတူ မိုင်းပေါင်းထောင်ချီစီးဆင်းလာတဲ့ဧရာဝတီဟာ အခုတော့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

သိပ်မကြာ မတင်ကာလတုန်းက စကားတစ်ခွန်း ကျွန်တော်တို့ကြားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး ဟာ နိုင်ငံတော်ရဲ့ကျန်းမာရေးလို့ဆိုတဲ့ စကားဖြစ်ပါတယ်။ အခုဧရာဝတီဟာလည်း ထို့အတူပါပဲ။ ဧရာဝတီရဲ့ ကျန်းမာရေး ဟာ မြန်မာပြည်သူတို့ရဲ့ ကျန်းမာရေးပါ။ ဒီဧရာဝတီရဲ့ အသက်ဟာ မြန်မာပြည်သူတို့ရဲ့ အသက်ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေခြင်းဟာ ကချင်ဒေသတစ်ခုတည်း၊ မြစ်ဆုံတစ်ခုတည်းအတွက် ကန့်ကွက်နေတာ မဟုတ်ပါဘူး။ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေရခြင်းဟာ ဧရာဝတီကို ကာကွယ်နေခြင်း၊ ကယ်တင်နေခြင်း ဖြစ်ပါတယ်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ ဧရာဝတီကို အသက်ရှူကျပ်စေမယ့် စီမံကိန်းဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကို ဖော် ဆောင်မယ့်သဘောတူညီချက်ဟာ ဧရာဝတီကို အသေသတ်ပစ်လိုက်မယ့် သဘောတူညီချက်သာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သာမန်ပြည်သူလူထုသာမက နယ်ပယ်အရပ်ရပ်မှာရှိကြတဲ့ ကျွမ်းကျင်ပညာရှင် အများစုကပါ ခေတ် အဆက်ဆက်၊ အစိုးရအဆက်ဆက်တိုင် မြစ်ဆုံစီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ အရွေ့တစ်ခုကို ဖော်ဆောင်နိုင်စွမ်းရှိတဲ့ အစိုးရတစ်ရပ်အနေနဲ့လည်း ဧရာဝတီကိုကာကွယ်ပေးပါ၊ ဧရာဝတီကို ကယ်တင်ပေးပါလို့ မေတ္တာ ရပ်ခံချင်တာပါပဲ။

 

ဂျေငြိမ်း