ကျောမွဲတို့နောက်ကျောကို ထပ်စိုက်မယ့်ဓားတစ်စင်း

နေထွန်းနိုင်

(၂ဝ၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်း အပေါ်သုံးသပ်ချက်)

၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၃ဝ ရက်မှာ ဦးဘမျိုးသိန်းဦးဆောင်တဲ့ အမျိုးသားလွှတ်တော်၊ တောင်သူ လယ်သမားရေးရာကရေးဆွဲထားတဲ့ ၂ဝ၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းကို ဆွေးနွေးဖို့ အမျိုးသားလွှတ်တော် ကိုတင်သွင်းခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းဟာ ဗြိတိသျှကိုလိုနီခေတ်က ရေးဆွဲပြဋ္ဌာန်းထားတဲ့ ‘၁၈၉၄ ခုနှစ် မြေ သိမ်းဥပဒေ’ အစားထိုးဖို့ခြေလှမ်းပြင်တာဖြစ်ပါတယ်။ အခုချိန်ထိ(ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၈ ခုနှစ်အထိ)ဒီ ဥပဒေ ကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခြင်းမရှိသေးပါဘူး။ ဒါပေမဲ့မကြာခင်မှာဆွေးနွေးပြီး၊ အတည်ပြုဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။ တစ်ချိန်တည်းမှာပဲဗျူရိုကရက်အရာရှိဟောင်း ဥပဒေသမား တချို့ဦး ဆောင်တဲ့လူတစ်စုက’၂ဝ၁၇ခုနှစ်မြေသိမ်းဥပဒေကြမ်း’ ကိုသကာလောင်းပြီးတောကပြောင်စေဖို့ အရောင်တင် နေကြတာတွေ့ရပါတယ်။

တစ်ခါမြန်မာနိုင်ငံမှာသိမ်းဆည်းခံမြေယာပြဿနာ (အထိုက်အလျောက်အားဖြင့်) ပြေလည်မှုမရှိသေး ချိန်မှာနောက်ထပ်မြေသိမ်းဥပဒေကြမ်းတစ်ခုကိုဆွေးနွေးဖို့ ဘာကြောင့်    အဆိုတင်ကြသလဲဆိုတဲ့မေးခွန်းရှိပါ တယ်။ ဒီမေးခွန်းကအုပ်ချုပ်သူတွေအနေနဲ့မရှိ နွမ်းပါးဆင်းရဲသူတွေထံက (ဥပဒေနှင့်အညီ ဆိုသောခေါင်းစဉ် အောက်မှ) မြေတွေထပ်သိမ်းဖို့ပြင်ဆင်နေသလား၊ ဒါမှမဟုတ်မတရားသဖြင့်မြေသိမ်းယူထားမှုတွေအပေါ် (တ ရားသဖြင့်ဖြစ်စေဖို့အရေးဆိုနေကြတာတွေကို) ကန့်လန့်ကာချ၊ တစ်ခန်းရပ်ပစ်ချင်လို့လားဆိုတဲ့ မေးခွန်းတွေနဲ့ သက်ဆိုင်ပါတယ်။ အတည်ပြုနိုင်ခြင်းမရှိတဲ့ ပြောစကားတွေအရအခုအမျိုးသားလွှတ်တော်ကိုတင်သွင်းတဲ့ မြေ သိမ်းဥပဒေကြမ်းလိုပဲ (အလားတူ) မြေသိမ်းဥပဒေကြမ်းတစ်ခုကို ပြည်ထဲရေးဝန်ကြီးဌာန ကရေးဆွဲပြီးလွှတ် တော်ကိုတင်ပြဖို့ရှိကြောင်းသိရပါတယ်။ ဒါကိုလွှတ်တော်အမတ်တွေကလက်ဦးမှုယူပြီးသူတို့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကတစ်ဆင့်တင်သွင်းလိုက်ခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။

ပုံမှန်အားဖြင့် အစိုးရဒါမှမဟုတ် ဝန်ကြီးဌာနကတင်သွင်းတဲ့ဥပဒေကြမ်းတွေဟာ အုပ်ချုပ်သူ အမြင် ဘက်ကကြည့်ပြီး ရေးဆွဲတာဖြစ်တဲ့အတွက် ဆိုးလေ့ရှိပါတယ်။ ဆိုးလေ့ရှိတဲ့ အဲဒီဥပဒေကြမ်းတွေကိုပြင်ဆင် တည့်မတ်ပြီး ပြည်သူကိုအကာအကွယ်ပေးတဲ့ဥပဒေဖြစ်အောင် ပြည်သူတွေရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ် စားလှယ်က လုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ ‘၂ဝ၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်း’ကို ပြည်သူတွေရွေး ချယ် ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတင်သွင်းခဲ့တာပါ။ ဒါပေမဲ့အဲဒီဥပဒေကြမ်းဟာ အစိုးရနဲ့အင်အားကြီး သူတွေရဲ့အကျိုးစီးပွားကိုသာ ဦးစားပေးထားတယ်လို့မြင်ပါတယ်။ ခပ်ကြမ်းကြမ်းပြောရရင် ‘၁၈၉၄ ခုနှစ်မြေ သိမ်းဥပဒေ’ နဲ့ဆန့်ကျင်ဘက်ဖြစ်နေပြီး ဗြိတိသျှကိုလိုနီတွေလောက် တောင်လယ်သမားတွေအပေါ်၊ ကျောမွဲ လူထုလူတန်းစားအပေါ် စေတနာမရှိဘူးလားဆိုတဲ့မေးခွန်းဖြစ်စေပါတယ်။

၂ဝ၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းကိုဆန်းစစ်တဲ့အခါ တိုင်းရင်းသားဒေသမှာ တောင်ယာလုပ်ကိုင်နေသူ တွေအပါအဝင် တစ်နိုင်ငံလုံးက တောင်သူလယ်သမားတွေနဲ့အခြေခံလူထု၊ လူတန်းစားတွေအတွက် ကောင်း တာနည်းနည်း၊ ဆိုးတာများများလို့ မြေသိမ်းလိုသူလူတစ်စုအတွက် သေချာတဲ့ဖွင့်ဆိုချက်တွေသာဖြစ်ပြီး မြေ သိမ်းခံရမယ့် လူအများစုအတွက်တော့ မရေရာတဲ့ ကောင်းခြင်းမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ရှုပ်ထွေးတဲ့လုပ်ငန်းစဉ် အဆင့်ဆင့်က ဥပဒေရေးရာတွေကိုသိနားလည်ခြင်းမရှိတဲ့ကျောမွဲတွေနဲ့တောင်သူလယ်သမားတွေကို ကျုံးသွင်း လိုတဲ့ အဓိပ္ပာယ်သက်ရောက်စေတဲ့အပြင်၊ နစ်နာသူတွေကို အဆုံးမဲ့ဝင်္ကပါထဲလမ်းပျောက်အောင်တွန်းပို့မယ့် ဆိုးကွက်တွေက အသာစီးယူထားပါတယ်။

တကယ်တော့ ကိုလိုနီခေတ်ကနေ ဒီနေ့ခေတ်အထိ အသက်ဝင်ဆဲဖြစ်တဲ့၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေ ဟာ လယ်သမားတွေအတွက်ကောက်ရိုးတစ်မျှင်ဖြစ်ပါတယ်။ မြေသိမ်းဆည်းမှုတွေနဲ့ပတ်သက်ပြီး ဒီကနေ့အ တည်ဖြစ်နေတဲ့ ဥပဒေပေါင်းများစွာအနက် ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေမှာ ပါဝင်တဲ့အချက်အများစုဟာ လယ်သ မားတွေ အကျိုးရှိတဲ့အချက်တွေဖြစ်သလို နစ်နာမှုတွေအတွက်ထိုက်သင့်တဲ့လျော်ကြေးရအောင် အရေးဆိုပိုင် ခွင့်ရှိတဲ့အချက်တွေ လည်းပါဝင်နေပါတယ်။

ဒါကြောင့် ဖြစ်ခဲ့တဲ့မြေသိမ်းဆည်းမှုအားလုံးမှာ ၁၈၉၄ ခုနှစ်ဥပဒေနဲ့အညီသိမ်းဆည်းခြင်းက ၁ဝ ရာခိုင် နှုန်းလောက်ပဲရှိပြီး ကျန်နေတဲ့ရာခိုင်နှုန်း၉ဝက တရားမျှတမှုနည်းပါးတဲ့အခြားသောဥပဒေတွေနဲ့သိမ်းဆည်းထား တာဖြစ်ပါတယ်။ ဒီအချိန်မှာ အဲဒီလို တရားမျှတမှုနည်းတဲ့ ဥပဒေတွေနဲ့ သိမ်းဆည်းထားတဲ့မြေယာအမှုတွေကို ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေနဲ့အညီ သိမ်းဖို့တွန်းအားပေးရမယ့်အစား (လယ်သမားတွေရဲ့နောက်ဆုံး ကောက်ရိုး တစ်မျှင်ဖြစ်တဲ့) ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေကိုပယ်ဖျက်၊ သူ့နေရာမှာ (တရားမျှတမှုမရှိတဲ့အခြားသောဥပဒေ တွေလို) နောက်ထပ်ဥပဒေ တစ်ရပ် အစားထိုးမယ်ဆိုတာ မလုပ်သင့်တဲ့ကိစ္စလို့မြင်ပါတယ်။

ဒီဆောင်းပါးမှာ ‘၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်း’ ရဲ့ဆိုးကွက်တွေကို အဓိကထောက်ပြမှာဖြစ်ပါတယ်။ ဒါကို ထောက်ပြတဲ့အခါ ‘၁၈၉၄ခုနှစ်မြေသိမ်းဥပဒေ’ မှာပါရှိတဲ့အချက်တွေနဲ့ ချိန်ထိုးပြပါမယ်။ အဲဒီနောက် ‘၂ဝ၁၇ခုနှစ်မြေသိမ်းဥပဒေကြမ်း’ဟာလွှတ်တော်မှာဆွေးနွေးဖို့မဆိုထားနှင့်၊ အပြီးတိုင်ဖျက်သိမ်းရမယ့်ဥပဒေ ကြမ်းဖြစ်ကြောင်းတင်ပြမှာဖြစ်ပါတယ်။

ဘာကြောင့် လက်မခံသင့်သလဲ

၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနဲ့ ၂ဝ၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်း ခြားနားချက်ကိုမပြောခင် ၂ဝ၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းကို ဘာကြောင့်လက်မခံသင့်သလဲဆိုတဲ့အချက်တွေကို အကြမ်းဖျင်း ဖော်ပြချင်ပါတယ်။

၂ဝ၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းဟာ  (၁) တိုင်းရင်းသားဒေသတွေအပါအဝင် တောင်သူလယ်သမား၊ အခြေခံလူတန်းစားတွေရဲ့ အကျိုးစီးပွားကိုကာကွယ်ထားခြင်းမရှိဘဲ အုပ်ချုပ်သူတွေနဲ့ မြေသိမ်းလိုသူဓနအင် အားကြီးမားသူတွေရဲ့ အကျိုးစီးပွားကိုဦးစားပေးထားပါတယ်။

(၂) မတရားသဖြင့် မြေသိမ်းယူထားမှုတွေကိုဥပဒေနဲ့အညီတရားဝင်မှုဖြစ်စေပြီး ဥပဒေရဲ့အဓိပ္ပာယ်ဖွင့် ဆိုချက်မှာဖော်ပြထားတဲ့ ‘အများပြည်သူအလို့ငှာ’ (မြေသိမ်းယူခြင်း) ဆိုတဲ့အချက်ကိုလည်း တိကျရှင်း လင်းစွာ ဖော်ပြထားခြင်းမရှိပါဘူး။

(၃) မြေသိမ်းယူမှုအဆင့်ဆင့်မှာ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရေး ပါတဲ့လုပ်ပိုင်ခွင့်နေရာမှာရှိနေပြီး ဒါဟာမြေသိမ်းယူမှုတွေအပေါ် တပ်မတော်ရဲ့ထိန်းချုပ်ပိုင်ခွင့်အလို အလျောက် ပေးအပ်ထားတာဖြစ်ပါတယ်။

(၄) မြေသိမ်းယူမှုဖြစ်စဉ်တွေအတွက် ပြည်ထောင်စုလွှတ်တော်ရဲ့အခန်းကဏ္ဍ(တစ်နေရာသာပါရှိ) ပျောက်ကွယ်နေပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အခန်းကဏ္ဍလည်း (တစ်နေရာသာပါရှိ) အရေးပါတဲ့နေ ရာမှာမရှိပါဘူး။

(၅) မြေသိမ်းခံရသူ ဒါမဟုတ် နစ်နာသူတွေအတွက် လျော်ကြေးငွေသတ်မှတ်ပေးမှုဟာလည်း ၁၈၉၄ ခု နှစ် မြေသိမ်းဥပဒေမှာဖော်ပြထားသလို ရှင်းလင်းပြတ်သားမှုမရှိဘဲ မြေသိမ်းယူမှုအကောင်အထည်ဖော် ရေးအ ဖွဲ့ရဲ့အဆုံးအဖြတ်ပေါ်မှာပဲတည်မှီနေပါတယ်။ ဆိုလိုတာက လျော်ကြေးနဲ့နစ်နာကြေးတွေဟာ ကာလပေါက် ဈေးအတိုင်းမြေသိမ်းခံရသူတွေရချင်မှရမယ်ဆိုတဲ့သဘောပါ။ တစ်ခါမြေသိမ်းခံရသူတွေ အတွက်ပြန်လည်ထူ ထောင်ရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ပေးမယ်ဆိုပေမဲ့ အဲဒီလိုလုပ်ပေးဖို့အတွက် နောက်တစ်နေရာ မှာ မြေထပ်သိမ်းမယ့်ဖွင့်ဆိုချက်တွေလည်းပါဝင်နေပါတယ်။ ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်မယ်ဆိုတဲ့ သဘောမျိုး ပါပဲ။

(၆) မြေသိမ်းခံရသူတွေအတွက်အာမခံချက်နည်းပေမဲ့ မြေသိမ်းလိုသူတွေအတွက် ခိုင်မာတဲ့အာမခံ ချက်ပေးထားတာတွေတွေ့ရပါတယ်။ ဥပမာ-တရားရုံးက မြေမသိမ်းသင့်ဘူးလို့ဆုံးဖြတ်ခဲ့ရင်တောင် ဒီ ဆုံးဖြတ် ချက်ကိုပြင်ဆင်အမိန့်ချမှတ်ပေးဖို့အတွက် မြေသိမ်းလိုသူကနိုင်ငံတော်သမ္မတထံအသနားခံပိုင်ခွင့် (မြေသိမ်းလို သူက နိုင်ငံတော်သမ္မတထံအသနားခံပိုင်ခွင့်) ရှိစေရမယ်လို့ဆိုထားပါတယ်။ မြေသိမ်းခံရသူက မကျေနပ်ရင် သူ့ရဲ့လုပ်ပိုင်ခွင့်ဟာ တရားရုံးမှာပဲလမ်းဆုံးမှာဖြစ်ပေမဲ့ မြေသိမ်းလိုသူကတော့ (တရားရေး ဆုံးဖြတ်ချက်အား ကျော်ပြီး) နိုင်ငံတော်သမ္မတအထိအသနားခံပိုင်ခွင့်ရှိပါတယ်။ ဒါကို သမ္မတကသင့်လျော်တယ်လို့ ထင်မြင်ယူဆ တဲ့အမိန့်ချမှတ်နိုင်ပါတယ်။ သမ္မတကတရားရေးရဲ့ ဆုံးဖြတ်ချက်ကိုကျော်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်သက် ရောက်ပါတယ်။ ဒါ့အပြင် အဲဒီလုပ်ပိုင်ခွင့်ဟာ ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုရှိ၊ မရှိဆိုတာမေး ခွန်းထုတ်စရာ ဖြစ်ပါတယ်။

(၇) မြေသိမ်းယူမှုအဆင့်ဆင့်တိုင်းမှာ အင်မတန်ရှုပ်ထွေးပြီး ဗဟိုချုပ်ကိုင်မှုများတဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကို အခြေပြုထားတာဖြစ်တဲ့အပြင် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတွေလည်းကင်းမဲ့နေပါတယ်။ အထူးသဖြင့်၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းဟာ ၂ဝဝ၆ ခုနှစ်အမျိုးသားမြေအသုံးချမှု မူဝါဒတွေနဲ့ကိုက်ညီမှု မရှိပါဘူး။

(၈) မြေသိမ်းယူမှုတွေအတွက် လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ အရပ်သားပြည်သူတွေဦးဆောင်တဲ့ စောင့်ကြည့် ရေးအခန်းကဏ္ဍပါဝင်ခြင်းမရှိသလို မတရားသဖြင့်မြေသိမ်းယူမှုတွေအတွက် နစ်နာသူတွေဘက်ကကူညီဆောင် ရွက်ပေးနေသူတက်ကြွလှုပ်ရှားသူ၊ အရပ်ဘက်အဖွဲ့အစည်းကိုအရေးယူထောင်ချနိုင်တဲ့ပုဒ်မတွေကိုလည်းထည့် သွင်းထားပါတယ်။

ဖော်ပြပါအချက်ရှစ်ချက်ဟာ ၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်းကို ဘာကြောင့် အပြီးတိုင်ဖျက်သိမ်းသင့် သလဲဆိုတဲ့ အဆိုပြုချက်အတွက်အကြမ်းဖျင်းဖော်ပြထားတာဖြစ်ပါတယ်။ နောက်တစ်ပတ်မှာတော့ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေပါ အချက်အလက်တွေနဲ့ချိန်ထိုးပြီး ‘၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်း’ ဟာဗြိတိသျှကိုလိုနီနယ် ချဲ့ တွေ လောက်တောင်လယ်သမားတွေအပေါ်စေတနာမရှိဘူးလား အဆိုပြုချက်မှန်၊ မမှန်ဆန်းစစ်ပါမယ်။

တရားမျှတမှုကင်းမဲ့တဲ့ ဥပဒေတွေ

၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်း အကြောင်းဆန်းစစ်မှုမလုပ်ခင် အမျိုးသားလွှတ် တော်မှာဆွေးနွေး ခဲ့ကြပြီးဖြစ်တဲ့ ‘မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း’ နဲ့ဆက်စပ်လို့ သတိပြုစရာတချို့ ပြောလိုပါတယ်။

တကယ်တော့အဲဒီ ‘မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ’ အပါအဝင် ‘လယ်ယာမြေ’ ဥပ ဒေတွေဟာ ၂ဝ၁၂ ခုနှစ်မှာပေါ်ပေါက်ခဲ့တာပါ။ ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ၊ ၁၉၆၃ ခုနှစ်သီးစားချထားရေးဥပဒေ၊ ၁၉၆၃ခုနှစ် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးဥပဒေတွေကို၂ဝ၁၂ ခုနှစ်လယ်ယာမြေဥပဒေနဲ့ပယ်ဖျက်ပြီး အစားထိုးခဲ့ပါတယ်။ ဥပဒေဟောင်းကကောင်းတဲ့အချက်တွေပါ မလာခဲ့ပါ ဘူး။

ဒါ့အပြင် အခုချိန်မှာသီးစားချထားရေးဥပဒေ မရှိတော့ပေမဲ့ သိမ်းထားတဲ့မြေတွေမှာရော၊ အသိမ်းမခံရ သေးတဲ့မြေတွေမှာပါ သီးစားချထားမှုတွေဆက်ရှိနေပါတယ်။ လက်ရှိသိမ်းဆည်းထားတဲ့မြေတွေပေါ် သီးစားချ ထားရာမှာ တပ်မတော်နဲ့ဆက်နွှယ်နေတဲ့မြေတွေလည်းပါဝင်သလို ကုမ္ပဏီတွေကပြန်ပြီးသီးစားချတာ၊ တောင် သူအချင်းချင်း (သိမ်းဆည်းခံမဟုတ်သည့် မြေပေါ်၌) သီးစားချတာတွေရှိနေတာပါ။

၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ မြေနဲ့ပတ်သက်ပြီး အကျိုးစီးပွားသက်ဆိုင်သူဖွင့်ဆိုချက် (ဥပဒေ ကြမ်းပုဒ်မ ၂၊ ပုဒ်မခွဲ ခ-၂) အရ ”သိမ်းဆည်းမြေများတွင်သီးစားအဖြစ်ဖြင့်ဖြစ်စေ၊ အကျိုးတူအဖြစ်ဖြစ်စေ၊ ငှား ရမ်း၍ဖြစ်စေလုပ်ကိုင်နေသူများ”ဆိုတာကြောင့် တပ်မတော်အပါအဝင်သိမ်းဆည်းထားတဲ့ မြေတွေပေါ် သီးစား ချထားသူအားလုံးဟာ အကျိုးစီးပွား သက်ဆိုင်သူတွေအဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီအချက်ကမိရိုးဖလာ၊ ဓားမဦးချမြေပိုင်ထားသူ မူလမြေသိမ်းခံတောင်သူတွေအတွက် ဝမ်းနည်းစရာဖြစ်ပါတယ်။

အသေးစိတ်မဟုတ်ဘဲ လိုရင်းပြောရင် (ဦးသိန်းစိန်အစိုးရတက်ချိန်မှာ အငိုက်ဖမ်းတက်သုတ်ရိုက်ပြ ဋ္ဌာန်းထားတဲ့) ၂ဝ၁၂ ခုနှစ် မြေလွတ်၊ မြေရိုင်းဥပဒေရော၊ လယ်ယာမြေဥပဒေရောနှစ်ခုစလုံးဟာ (လယ်သမား များအပေါ်ကာကွယ်စောင့်ရှောက်မှု) တရားမျှတမှုကင်းမဲ့နေတာကြောင့် အသစ်ပြန်ရေးရမယ့်ဥပဒေတွေဖြစ်ပါ တယ်။

အထူးသဖြင့် ၂ဝ၁၂ ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့ဥပဒေနှစ်ရပ်လုံးဟာ တိုင်းရင်းသားဒေသတွေကဌာနေ တိုင်း ရင်းသားတွေနဲ့ ကျေးလက်နေပြည်သူတွေရဲ့ အခွင့်အရေးတွေကိုအကာအကွယ်ပေးမှုကင်းမဲ့နေတဲ့အပြင် ကျေး လက်နေပြည်သူတွေအသုံးပြုနေတဲ့ မြေယာအသုံးပြုမှုဓလေ့ထုံးတမ်း၊ စိုက်ပျိုးရေးနည်းစနစ်တွေကိုလည်း လုံးဝ အသိအမှတ်ပြုထားခြင်းမရှိပါဘူး။

တစ်ချိန်တည်းမှာပဲ အကောင်းဆုံးမဟုတ်ပေမဲ့ (အလွှာပေါင်းစုံကကိုယ်စားပြုရာခိုင်နှုန်း၆ဝကျော်သ ဘောတူခဲ့သော)အကောက်တွေကြားကအဖြောင့်ဆုံးလို့ဆိုရမယ့် ၂ဝ၁၆ ခုနှစ် ‘အမျိုးသားမြေအသုံးချမှုမူဝါဒ’ (National Land Use Policy) ထွက်ထားပြီးဖြစ်ပါတယ်။

အဲဒီမူဝါဒအပေါ်အခြေခံပြီး၊ ချမှတ်ထားတဲ့မူဝါဒနဲ့ကိုက်ညီအောင် (အားလုံးကိုခြုံငုံမိတဲ့) မြေယာဥပဒေ တွေအသစ်ရေးဆွဲဖို့စိုင်းပြင်း၊ မတရားသဖြင့်မြေသိမ်းယူခြင်းခံနေရတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လယ်သမား နင်းပြားတွေအတွက် တရားမျှတမှုရှာဖွေပေးရမယ့်အချိန်ပါ။

ဒီလိုအချိန်မျိုးမှာ အရင်ကမတရားသဖြင့်ရှိနေခဲ့တဲ့ ဥပဒေတွေကိုမဖြစ်ညစ်ကျယ် ဖာထေးမှုလုပ်ပြီး၊အ ပြီးတိုင်ဖျက်သိမ်းရမယ့်အစားအနည်းငယ်ပြင်ဆင်ဖို့လွှတ်တော်မှာဆွေးနွေးမှုတွေလုပ်နေတာဟာအရင်ကလည်း ကျင့်သုံးခဲ့၊အခုလည်းကျင့်သုံးဖို့ တာစူနေတဲ့မတရားမှုတွေအပေါ် တရားပါတယ်လို့အသိအမှတ်ပြုရာ ရောက်နိုင် တာကိုလွှတ်တော်ကိုယ်စားလှယ်များ သတိပြုသင့်ပါတယ်။

၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်းအကြောင်းဆက်ပြောပါမယ်။

 

ရည်ရွယ်ချက်အတိုင်း ဖြစ်ပါ့မလား

 

အသေးစိတ်လေ့လာမှုမလုပ်ဘဲ ရည်ရွယ်ချက်တစ်ခုတည်းကိုကြည့်ရင် ၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေ ကြမ်းမှာပါဝင်တဲ့ ရည်ရွယ်ချက်တွေကောင်းပါတယ်။

အချက်ခြောက်ချက်ပါဝင်တဲ့ရည်ရွယ်ချက်တွေထဲမှာ ပထမဆုံးဖော်ပြထားတာက ‘ ဥပဒေနှင့်အညီမြေ သိမ်းမှုဖြစ်ပေါ်စေခြင်းဖြင့်၊မတရားမြေသိမ်းဆည်းမှုများကို တားဆီးရန်နှင့်မြေသိမ်းခံရသူများ၏ အကျိုးစီးပွား ကိုဥပဒေ၏ကာကွယ်စောင့်ရှောက်မှုရ ရှိစေရန် ‘လို့ ဆိုပါတယ်။

ဒုတိယအချက်က’ မြေသိမ်းခြင်းပြုရာတွင် အကျိုးစီးပွားထိခိုက်နစ်နာသူမိသားစုများ၊ဒေသခံပြည်သူများ ပါဝင်သော ကြိုတင်အသိပေးခြင်း၊လွတ်လပ်စွာညှိနှိုင်းခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်များဖြင့် ပွင့်လင်း မြင်သာစွာဆောင်ရွက်ရန်’

တတိယအချက်မှာ ‘အကျိုးစီးပွားထိခိုက်နစ်နာမှုခံရသူမိသားစုများအတွက် တရားမျှတမှုလျော်ကန် သည့်လျော်ကြေးနှင့်နစ်နာကြေးများ ခံစားရရှိစေရန် ‘

စတုတ္တအချက်မှာ ‘မြေသိမ်းရာတွင်အိမ်ရာမြေစွန့်လွှတ်ဖယ်ရှားခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဆုံးရှုံး နစ်နာမှုများအတွက် ပြန်လည်နေရာချထားပေးခြင်း ခံစားရရှိစေရန်’

ပဉ္စမအချက်မှာ ‘မြေသိမ်းခံရခြင်းကြောင့်အကျိုးစီးပွားထိခိုက်သူများနှင့်နစ်နာသူ မိသားစုများ၏ လူမှုစီး ပွားဘဝ ပြန်လည်ထူထောင်ပေးခြင်းခံစားရရှိစေရန်’

နောက်ဆုံးအချက်မှာ ‘မြေကိုသိမ်းယူရာတွင်ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်း ကျင်နှင့်အများပြည်သူ ၏ လူမှုစီးပွားထိခိုက်နစ်နာမှုများအားတားဆီးကာကွယ်ရန်’ စသည်တို့ ဖြစ်ပါတယ်။

ရည်ရွယ်ချက်တစ်ခုတည်းကိုကြည့်ပြီးပြောရင် ၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်းဟာ ချက်ချင်းပြဋ္ဌာန်း သင့်တဲ့ဥပဒေပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ပေးမယ့်သူတွေ၊ လုပ်နည်း လုပ်ဟန်တွေ၊ နောက်မှာမြုပ်ချည်ပေါ်ချည်ဖြစ်နေတဲ့ပြဋ္ဌာန်းချက်တွေနဲ့ ချိတ်ဆက်မယ်ဆိုရင် ကောင်းတယ်ဆို တဲ့ ရည်ရွယ်ချက်ဟာ ငါးမျှားချိတ်ကိုဖုံးကွယ်ထားတဲ့ ငါးစာသာသာမျှပဲဖြစ်ပါတယ်။

ဥပမာအားဖြင့် ဥပဒေကြမ်းပြဋ္ဌာန်း ချက်တစ်ခုကို ဖော်ပြပါမယ်။

၂ဝ၁၇ခုနှစ်မြေသိမ်းဥပဒေကြမ်းပုဒ်မ ၈မှာ’ အများပြည်သူအလို့ငှာမြေသိမ်းပေး ရန်အဆိုပြုသည့်တင်ပြ ချက်တွင် အောက်ပါလိုအပ်သည့် အထောက်အထားများပူးတွဲပါရှိစေရမည်’ လို့ဆိုပြီး အချက်(၁ဝ)ချက်ဖော်ပြ ထားပါ တယ်။

(က) အဆိုပြုတင်ပြသူ(သို့မဟုတ်) အဆိုပြုရန် တာဝန်ပေးအပ်ခံရသူကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် အဆိုပြုလွှာ၊

(ခ) အလိုရှိသည့်မြေနှင့် ပတ်သက်သည့်မြေပုံနှင့်မြေရာဇဝင်မှတ်တမ်း၊

(ဂ) မြေကိုသိမ်းယူရန် အလိုရှိသည့်အကြောင်းရင်းဖော်ပြချက်၊

(ဃ) အလိုရှိသည့်မြေပေါ်တွင် ဘာသာရေးအဆောက်အအုံများ၊ အများပြည်သူ ဆိုင်ရာသုသာန်မြေနှင့်သင်္ချိုင်း ဂူများပါဝင်မှုရှိ၊မရှိနှင့်ပါရှိပါက ယင်းနေရာကို ချန်လှပ်ထားရေးအပေါ် သဘောထားတင်ပြချက်၊  ချန်လှပ်ခြင်းမရှိ ဘဲသိမ်းယူလိုပါက ပြောင်းရွှေ့ဖယ်ရှားမှုအတွက် ကုန်ကျစရိတ် အဝဝတာဝန်ယူကြောင်း ကတိခံဝန်ချက်၊

(င) အလိုရှိသည့်မြေတွင် လုပ်ဆောင်မည့်လုပ်ငန်းတို့အတွက် ပတ်ဝန်းကျင်ထိခိုက်မှု၊ဆန်းစစ်ချက်ဆောင်ရွက် ထားရှိမှုအစီရင်ခံစာနှင့်ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်၊

(စ) အလိုရှိသည့်မြေတွင်အကျိုးစီးပွားသက်ဆိုင်သူများ၊ ထိခိုက်နစ်နာသူမိသားစုများနှင့်စပ်လျဉ်း၍ လူမှုစီးပွား ရေးဘဝထိခိုက်မှုဖြစ်နိုင်ခြေသုံးသပ်တင်ပြချက်၊

(ဆ) အလိုရှိသည့်မြေတွင်အကျိုးစီးပွားသက်ဆိုင်သူများနှင့်စပ်လျဉ်း၍ ပြန်လည်နေရာချထားရေးနှင့်လူမှုစီးပွား ရေးဘဝပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးမည့် အစီအစဉ်၊

(ဇ) မြေသိမ်းခြင်းလုပ်ငန်းစဉ်အရပ်ရပ်အတွက် ဘဏ္ဍာရေးနှင့်အခြားအထောက်အပံ့ကိစ္စရပ်များကိုတာဝန်ယူ ကြောင်း ဝန်ခံကတိပြုလွှာ၊

(ဈ) အဆောတလျင် (သို့မဟုတ်) ယာယီသိမ်းပေးရန်လိုအပ်ပါက အကျိုးအကြောင်းဖော်ပြချက်၊

(ည) အုပ်ချုပ်မှုဆိုင်ရာသဘောတူညီချက်။

ဖော်ပြပါ ၁ဝ ချက်ဟာ ‘အများပြည်သူအလို့ငှာမြေသိမ်းပေးရန်’ (အများပြည်သူအလို့ငှာစာသားအား ရှင်းလင်းကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိ) အဆိုပြုချိန် မှာတင်ပြရမယ့်အချက်တွေဖြစ်ပါတယ်။ ဒီတင် ပြချက်ဟာ ဥပဒေရဲ့ရည်ရွယ်ချက်ကိုပေါက်မြောက်ဖို့ပံ့ပိုးတဲ့ ပုဒ်မတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပုဒ်မအတိုင်း လုပ်ဆောင်စရာမလိုဘဲ မြေသိမ်းခွင့်ရှိကြောင်းဖွင့်ဆိုထားတဲ့ပုဒ်မတစ်ခုကိုလည်း ဥပဒေကြမ်းမှာ ထည့်သွင်း ထားပါတယ်။

၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းအခန်း ၁၂၊ အထွေထွေကဏ္ဍအောက် (ဥပဒေကြမ်းဆုံးခါနီး မထင်မ ရှားတစ်နေရာ၌) ပုဒ်မ ၆၉ မှာ’မြေသိမ်းရန်အဆိုပြုလွှာတွင် ပူးတွဲပါဝင်ရန်ပုဒ်မ ၈ အရသတ်မှတ်ချက်များနှင့် စပ် လျဉ်း၍ပြည်ထောင်စုအစိုးရသည် မြေသိမ်းယူမည့်အကြောင်းအရာပေါ်မူတည်၍ ခြွင်းချက်ပြုရန် အချက်များကို အမိန့်ကြော်ငြာစာ ဖြင့်ထုတ်ပြန်နိုင်သည်’ လို့ ဆိုထားပါတယ်။

ဒီအချက်ဟာ ပုဒ်မ ၈ မှာပါဝင်တဲ့အချက်တွေအတိုင်းလိုက်နာစရာမလို၊ တင်ပြစရာမလိုပဲ(ခြွင်းချက်ပြု အချက်များဖြင့်) မြေသိမ်းလိုကသိမ်းယူခွင့်ပေးလိုက်တဲ့ သဘောသက်ရောက်ပြီး ဥပဒေရည်ရွယ်ချက်က ဘယ် လိုပဲဆိုဆို၊မြေသိမ်းတဲ့အခါ သိမ်းလိုသူရဲ့ဆန္ဒအတိုင်း အစိုးရရဲ့ခြွင်းချက်ပြုခွင့်နဲ့ သိမ်းလို့ရအောင်ဖွင့်ဆိုထားတာ ပဲ ဖြစ်ပါတယ်။

ခြွင်းချက်ပြုမှုကို နိုင်ငံတော်ကာကွယ်ရေးခေါင်းစဉ်အောက်နေ တပ်မတော်ကသုံးဖို့လား၊ နိုင်ငံဖွံ့ဖြိုးရေး၊ စီမံကိန်းကြီးတွေ ခေါင်းစဉ်အောက်ကနေမြေသိမ်းလိုတဲ့ အင်အားကြီးသူတိုက်ကွန်း/ခရိုနီတွေ၊ ရင်းနှီး မြှုပ်နှံသူ တွေသုံးဖို့လား၊ ဘယ်သူသုံးလို့ရသလဲဆိုတဲ့ ဖွင့်ဆိုချက်မတွေ့ရပါဘူး။

ဒါကြောင့် ဥပဒေရည်ရွယ်ချက် ဘယ်လောက်ကောင်းကောင်း အခြားဖွင့်ဆိုထား တဲ့ပြဋ္ဌာန်းချက်တွေ ကြောင့် မတရားမှုတွေဆက်ဖြစ်စေနိုင်တာအတွက် သက်သေပြချက်တစ်ခုဖြစ်ပါတယ်။

ဘယ်သူတွေက သိမ်းလို့ရသလဲ

အပေါ်ကဖော်ပြချက်နဲ့ဆက်စပ်ပြီး ဘယ်သူတွေကမြေသိမ်းခွင့်ရှိသလဲဆိုတာကိုလေ့လာပါမယ်။ ၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ မြေသိမ်းဖို့လျှောက်ထားပိုင်ခွင့်ရှိသူအမျိုးအစား(လေး)မျိုးခွဲခြားထားပါတယ်။၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေမှာတော့ အများပြည်သူအကျိုးစီးပွား (ကြံရွယ်ချက်)အတွက်သို့မဟုတ်ကုမ္ပဏီအတွက် လို အပ်သည့်မြေကိုသိမ်းခြင်းလို့ ဆိုထားပါတယ်။

၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ ဖွင့်ဆိုထားချက်အရ မြေသိမ်းခွင့်ရှိသူတွေဟာ –

(၁) နိုင်ငံတော်အဖွဲ့အစည်းများ၊

(၂) ပြည်ထောင်စုအစိုးရအဖွဲ့၏လက်အောက်ရှိဌာနများနှင့်အဖွဲ့အစည်းများ၊

(၃) ဖက်စပ်ရင်းနှီး၊မြှုပ်နှံသူများနှင့်ပူးပေါင်းဆောင်ရွက်မည့်အစိုးရဌာနအဖွဲ့အစည်းများ

(၄) တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်နှင့်အများပြည်သူအတွက်ထောက်ပံ့ကူညီလှူဒါန်းသည့် ပြည်တွင်း ပြည်ပမှပုဂ္ဂလိကတစ်ဦးချင်းနှင့်အဖွဲ့အစည်းများကိုယ်စားဦးစီးဆောင်ရွက်ပေးမည့် အစိုးရဌာန၊ အဖွဲ့အစည်းများ ဖြစ်ပါတယ်။

ဖော်ပြပါအမျိုးအစား(လေး)မျိုးမှာပါဝင်သူတွေအနက်အမှတ်စဉ် (၃)နဲ့(၄)မှာပါဝင်သူတွေက ဘယ်သူတွေဖြစ်မ လဲ၊သူတို့က ဘာရည်ရွယ်ချက်နဲ့သိမ်းမှာလဲဆိုတဲ့ မေးခွန်းကိုဖြစ်စေပါတယ်။

တစ်ခါ ၂ဝ၁၇ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ မြေရှင်ကိုအမျိုးအစားလေးမျိုး ခွဲခြားထားပါတယ်။

ပထမတစ်ချက်က’ဥပဒေအရသတ်မှတ်ထားသည့်မြေယာမှတ်တမ်းများတွင်မြေ သို့မဟုတ် အဆောက် အအုံ သို့မဟုတ် ယင်းတို့အစိတ်အပိုင်း၏ပိုင်ရှင်ဖြစ်ကြောင်း သို့မဟုတ် လက်ဝယ်ပိုင်ဆိုင်ထားသူဖြစ်ကြောင်း တရားဝင်မှတ်တမ်းတင်ထားသူ’

ဒုတိယအချက်မှာ ‘တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ယင်းမြေနှင့်စပ်လျဉ်း၍အပိုင်ဂရန်၊ အငှားဂရန်ချထား ခြင်းခံရသူ’

တတိယအချက်မှာ ‘တရားရုံးသို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိသူ၏အမိန့်တစ်ရပ် ရပ်ဖြင့်မြေပိုင်ရှင်ဖြစ် ကြောင်းကြေညာခြင်းခံရသူ၊ စာရင်းသွင်းခံရသူများ’

နောက်ဆုံးတစ်ချက်မှာ ‘တရားဝင်မှတ်တမ်းအထောက်အထားမရှိသော်လည်း ဒေသဆိုင်ရာ ထုံးတမ်း အစဉ်အလာများနှင့်အညီ ပိုင်ဆိုင်သည်ဟုအသိအမှတ်ပြုခံရသူ’ စသည်တို့ ဖြစ်ပါတယ်။

ဒီဖွင့်ဆိုချက်ဟာကောင်းသလိုနဲ့ အာမခံချက်မရှိဘူးလို့ပဲဆိုရမှာပါ။

အတိအကျပြောရင် လက်ရှိမြေသိမ်းထားသူ တိုက်ကွန်း/ခရိုနီတစ်နည်းအားဖြင့်ဖွံ့ဖက်တွေအတွက် အာမခံချက်ရှိပြီး လယ်သမားလူထုလူတန်းစားတွေအတွက်တော့ အာမခံချက်ကင်းမဲ့တယ်လို့ပြောရပါမယ်။

လက်ရှိအခြေအနေမှာ လယ်ယာစိုက်ပျိုးသူအားလုံးရဲ့ ၁၅ ရာခိုင်နှုန်းလောက်ပဲ မြေအသုံးချပိုင်ခွင့် လက်မှတ် (ပုံစံ-၇) ရှိပါတယ်။ ကျန်တဲ့ ၈၅ ရာခိုင်နှုန်းလောက်မှာမရှိသေးပါဘူး။ တစ်ခါမြေပိုင်ဆိုင်ကြောင်း အ ထောက်အထားပြနိုင်တဲ့မြေခွန်ပြေစာ၊ သီးနှံခွန်ပြေစာ၊ ပုံစံ ၁ဝ၅၊ ပုံစံ ၁ဝ၆ အပါ အဝင်ပုံစံ ၇ ပါ ရှိထားပါလျက် မြေသိမ်းခံနေရသူတွေ အခုချိန်ထိရှိနေဆဲဖြစ်ပါတယ်။ ဒို့မြေကွန်ရက်က ၂ဝ၁၄ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ သု တေသနအစီရင်ခံစာအရဆိုရင် ပိုင်ဆိုင်ကြောင်းအထောက်အထား ပြနိုင်ပါလျက် မြေသိမ်းခံထားရသူ ၄၉ ရာ ခိုင်နှုန်းအထိရှိနေပါတယ်။

ဒါကြောင့်၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းအရ ဖွင့်ဆိုထားတဲ့မြေရှင်အဓိပ္ပာယ်သတ်မှတ်ချက်မှာ လယ် သမားတွေအသိအမှတ်ပြုခံရဖို့နည်းပါတယ်။ တစ်ခါမြေရှင်အတွက် နောက်ဆုံးဖွင့်ဆိုချက်မှာ’တရားဝင်မှတ် တမ်းအထောက်အထားမရှိသော်လည်း ဒေသဆိုင်ရာထုံးတမ်းအစဉ်အလာများနှင့်အညီပိုင်ဆိုင်သည်ဟု အသိ အမှတ်ပြုခံရသူ’ လို့ပြောပါတယ်။ ဒီနေရာမှာလည်းလက်ရှိပြဋ္ဌာန်းထားတဲ့ မြေယာဥပဒေတွေအရ ဓလေ့ထုံး တမ်းပိုင်ဆိုင်မှုကို အသိအမှတ်ပြုထားတာမရှိတဲ့အတွက် ဒါကလည်းအာမခံချက်မရှိတဲ့အချက်လို့ပဲပြောရပါ မယ်။

မြေသိမ်းထားသူ တိုက်ကွန်း/ခရိုနီတွေ အတွက်တော့ မြေရှင်အဖြစ် အာမခံချက်ပေးတဲ့ဖွင့်ဆိုချက်ကို တတိယအချက်မှာတွေ့နိုင်ပါတယ်။ ‘တရားရုံး သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိသူ၏ အမိန့်တစ်ရပ်ရပ်ဖြင့် မြေ ပိုင်ရှင်ဖြစ်ကြောင်းကြေညာခြင်းခံရသူ၊စာရင်းသွင်းခံရသူများ’ လို့ဆိုတဲ့အချက်ပါ။ မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက် ပြီး တရားရုံးကဆုံးဖြတ်ချက်မချနိုင်သေးပါဘူး။ ဒီအခါ ”လုပ်ပိုင်ခွင့်အာဏာရှိသူ” ရဲ့ဆုံးဖြတ် ချက်ကအခုမတ ရားသဖြင့်မြေသိမ်းထားသူ တွေရဲ့ပိုင်ဆိုင်မှုကို တရားဝင်ဖြစ်အောင်လုပ်ပေးနိုင်စွမ်းရှိနေပါတယ်။ ”လုပ်ပိုင်ခွင့် အာဏာရှိသူ” ဘယ်သူဘယ်ဝါဆိုတာကိုလည်း တိတိကျကျညွှန်းဆိုဖော်ပြထားတာမရှိပါဘူး။ အဂတိလိုက်စားမှု အတွက် ငါးကြီးကြီးတွေဝင်လို့ရအောင်လှပ်ထားတဲ့ တံခါးတစ်ချပ်လည်း ဖြစ်နေပါတယ်။

ဥပဒေကြမ်း ပုဒ်မ၁၅မှာ”မြေသိမ်းယူ မှုအကောင်အထည်ဖော်ရေးအဖွဲ့သည်လုပ် ငန်းများစတင်ဆောင် ရွက်မှုမပြုမီ ရုံးလုပ်ငန်းကိစ္စအဝဝနှင့်မြေပြင်ကွင်းဆင်းလုပ်ငန်းအရပ်ရပ်အတွက် လိုအပ်မည့်ခန့်မှန်း ကုန်ကျစ ရိတ်နှင့် ပေးလျော်ရန်ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာကြေးများကို ကြိုတင်တွက်ချက်၍ မြေသိမ်းပေးရန် အဆိုပြု သူထံမှကြိုတင်တောင်းခံထားရမည်။ အဆိုပါအသုံးစရိတ်ငွေများ လက်ဝယ်ရောက်ရှိထိန်းသိမ်းပြီးမှသာ မိမိ တို့၏လုပ်ငန်းကို စတင်ဆောင်ရွက်ရမည်” လို့ဆိုထားပါတယ်။ ဒီအချက်ဟာလည်း ငါးကြီးကြီးတွေအတွက် သ ဘောတွေ့စရာတစ်ခုဖြစ်နေပါတယ်။ ပိုက်ဆံကြိုပေးပြီး မြေသိမ်းလို့ရတယ်ဆိုတဲ့အဓိပ္ပာယ် ဖြစ်သွားနိုင်ပါတယ်။

လျော်ကြေးနှင့် နစ်နာကြေး

မြေသိမ်းယူမှုတွေမှာ အရေးကြီးဆုံးအပိုင်းက ကာလပေါက်ဈေးနဲ့လျော်ညီတဲ့လျော်ကြေး၊ နစ်နာကြေး ကိစ္စဖြစ်ပါတယ်။ လျော်ကြေး၊နစ်နာကြေးကိစ္စဟာ ကရုဏာကြေးမဟုတ်တာကြောင့် တန်ရာတန်ကြေး ဖြစ်ရပါ လိမ့်မယ်။

၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ လျော်ကြေး၊နစ်နာကြေးအပြင်ရွှေ့ပြောင်း နေရာချထားပေးရေး စရိတ်၊ ပြန်လည်နေရာချထားပေးခြင်း၊ လူမှုစီးပွားဘဝပြန်လည်ထူထောင်ပေးခြင်း စတာတွေပါဝင်ပေမဲ့ ‘ကာလ ပေါက်ဈေး/တန်ဖိုးနဲ့လျော်ညီစွာ ဒါတွေရကိုရရမယ်’ အာမခံချက်ပေးထားတာမျိုးမတွေ့ရပါဘူး။

၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်း ပုဒ် မ ၃၇ မှာ မြေသိမ်းယူဖို့အတွက်မြေပြင်ကွင်းဆင်းစစ်ဆေးမှတ် တမ်းတင်ခြင်းလုပ်ငန်းမှာ  ဘာတွေလုပ်ရမလဲဆိုတာ ပြဋ္ဌာန်းထားပါတယ်။ အတိအကျအားဖြင့် – ‘မြေပြင်ကွင်း ဆင်းစစ်ဆေး မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်တွင်အောက်ပါတို့ကိုဆောင်ရွက်ရမည် ‘

(က) မြေပြင်ကွင်းဆင်းစစ်ဆေးမှတ်တမ်းယူမည်ကို အကျိုးစီးပွားသက်ဆိုင်သူများသို့ (သုံး) ရက်ကြိုတင်အ ကြောင်း ကြားခြင်း။

(ခ) မြေပြင်ကွင်းဆင်းတိုင်းတာမှတ်သားရာတွင်မြေတွင် အကျိုးစီးပွားသက်ဆိုင်သူ သို့မဟုတ် ယင်း၏တရားဝင် ကိုယ်စားလှယ်နဲ့အတူအောက်ပါအချက်များကို စစ်ဆေးမှတ်တမ်းတင်ရမည်။

(၁) မြေတွင် အကျိုးစီးပွားသက်ဆိုင်သူနှင့်မိသားစုဝင်များစာရင်း၊ ယင်းတို့၏အသက်မွေးမှုအခြေအနေ၊ မိသားစု ပိုင်ကျွဲနွားတိရစ္ဆာန်တို့နှင့်စက်ကိရိယာများစာရင်း၊

(၂) မြေ၏တည်နေရာ၊ အကျယ်အဝန်း၊ မြေအမျိုးအစား၊ အတန်းအစားနှင့်ပုဒ်မ ၁၄ အရ မြေကိုအလိုရှိကြောင်း ကြော်ငြာသည့် နေ့ရှိမြေ၏ဈေးကွက်ပေါက်ဈေး၊

(၃) မြေပေါ်ရှိအဆောက်အအုံ၏သက်တမ်း၊ ဆောက်လုပ်ထားရှိမှု အနေအထားနှင့်ပုံစံ၊ ကာလတန်ဖိုး၊

(၄) မြေပေါ်ရှိနှစ်ရှည်ပင်များ၏ အမျိုးအစား၊ အရေအတွက်၊ တစ်ပင်ချင်း၏ သက်တမ်းနှင့်တန်ဖိုး၊ အပင်မှအ ကျိုးခံစားခွင့်ရရှိမှု သုံးနှစ်ပျမ်းမျှတန်ဖိုး၊

(၅) ရာသီသီးနှံများ၏ အမျိုးအစား၊ အရေအတွက်၊ ရင့်မှည့်မှု အခြေအနေနှင့် အကျိုးခံစားခွင့်ရရှိမှု သုံးနှစ်ပျမ်းမျှ တန်ဖိုး၊

(၆) မြေကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ထားမှုများအတွက်ကုန်ကျစရိတ်၊

(၇) တစ်စိတ်တစ်ပိုင်း သိမ်းယူမှုကြောင့် ဖြစ်ပေါ်လာသည့်နစ်နာမှုတန်ဖိုး။

(ဂ) မြေပြင်ကွင်းဆင်းတိုင်းတာမှတ်သားရာတွင်ထိခိုက်နစ်နာသူ မိသားစုများအတွက် အောက်ပါအချက်များကို စစ်ဆေးမှတ်တမ်းတင်ရမည်။

(၁) မြေသိမ်းယူခံရမှုကြောင့် ယင်းမြေပေါ်တွင် အသက်မွေးဝမ်းကျောင်းနှင့်အလုပ်အကိုင်အခွင့်အလမ်း ထိခိုက် နစ်နာဆုံးရှုံးမှုများ၊

(၂) သိမ်းယူခံရသည့် မြေနှင့်ထိစပ်နေသည့် မြေများအတွက် အကျိုးဆုတ်ယုတ်ထိခိုက်နစ်နာမှုများ။

(ဃ) ကွင်းဆင်းတိုင်းတာ မှတ်သားရာတွင်လိုအပ်မှု အခြေအနေအရနယ်နိမိတ်မှတ်တိုင်များကို မြေသိမ်းပေးရန် အဆိုပြုသူ ၏ကုန်ကျစရိတ်ဖြင့် မြင်သာစွာစိုက်ထူမှတ်သားပေးရမည်။

(င) ကွင်းဆင်းတိုင်းတာမှတ်တမ်းတင်မှုကို မြေတွင်အကျိုးစီးပွားသက်ဆိုင်သူနှင့် ထိခိုက်နစ်နာသူ မိသားစုတစ် စုချင်းသို့  အသိပေးရမည်။

(စ) ကွင်းဆင်းတိုင်းတာ မှတ်သားမှုလုပ်ငန်းပြီးစီးပါက သက်ဆိုင်ရာကာယကံရှင်များ၏ အတည်ပြုချက်ဖြင့်မှတ် တမ်းတင်ထားသည့်အချက်များကိုစာရင်း ဇယားဖြင့်အများပြည်သူသို့ ထုတ်ပြန်အသိပေးရမည်။

ဖော်ပြပါအချက်တွေက မြေသိမ်းဖို့အတည်ဖြစ်တာနဲ့လုပ်ရမယ့်’ မြေပြင်ကွင်းဆင်းမှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်’ ဖြစ်ပါတယ်။ စကားလုံးအားဖြင့်လှပါတယ်။ ဖြစ်လည်းဖြစ်ထိုက်ပါတယ်။ ဒါပေမဲ့ အဲဒါတွေမလုပ်ဘဲ မြေသိမ်းလို့ရတဲ့ အချက်ကိုလည်း ဥပဒေကြမ်းမှာဖော်ပြထားပါတယ်။

ဥပဒေကြမ်းပုဒ်မ ၃၅ (ခ) မှာ မြေသိမ်းယူမှုအကောင်အထည်ဖော်ရေးအဖွဲ့အနေနဲ့’ သိမ်းဆည်းမည့်မြေ ကိုလိုအပ်ပါက ကွင်းဆင်း၊စစ်ဆေးမှတ်သားခြင်းနှင့်မြေသိမ်းလျော်ကြေးတွက်ချက်ထုတ်ပေးခြင်း’လို့ဆိုပါတယ်။

ဒါဟာ ဥပဒေကြမ်းပုဒ်မ ၃၇ မှာ ဖော် ပြထားတဲ့အချက်တွေနဲ့သက်ဆိုင်နေပါတယ်။ ‘လိုအပ်ပါက’ ဆိုတဲ့ စကားလုံးကိုသုံးထားတာဖြစ်တဲ့အတွက်လိုအပ်မှသာ (လိုအပ်မှသာ) ကွင်းဆင်းစစ်ဆေးမှာဖြစ်ပြီး မလိုအပ်ဘူး လို့ ဆုံးဖြတ်ရင် မလုပ်ဘူးလို့ဆိုရမယ့်သဘောသက်ရောက်ပါတယ်။

ဒါ့အပြင်ကွင်းဆင်းမှတ်တမ်းတင်ခြင်းလုပ်ပြီးတဲ့အခါပြောထားတဲ့အတိုင်းကာလတန်ဖိုးအတိုင်းရမှာလား၊ ဆိုရင် ဒါကလည်းအာမခံချက်မရှိပါဘူး။

ဥပဒေကြမ်းပုဒ်မ၃၈ (က) မှာ ”ပေးလျော်ရန်လျာထားချက်များကို မြေသိမ်း ယူမှုအကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့၏အစည်းအဝေးတွင်တင်ပြအတည်ပြုချက်ရယူမည်” လို့ ဆိုထားပါတယ်။

တစ်နည်းအားဖြင့် လျော်ကြေး၊ နစ်နာကြေးဆိုင်ရာကိစ္စရပ်တွေဟာ မှတ်တမ်းတင်ခံထားရတဲ့အဆင့်နဲ့ ပဲပြီးသွားနိုင်ပြီး ဘယ်လောက်ရမယ်ဆိုတာကလည်း မြေသိမ်းအာဏာပိုင်အဖွဲ့ကအတည်ပြုပေးတဲ့ နှုန်းထားပဲ ဖြစ်ပါလိမ့်မယ်။

ဒီအချက်တွေက ၂ဝ၁၇ခုနှစ်မြေသိမ်း ဥပဒေကြမ်းမှာ လျော်ကြေး၊ နစ်နာကြေးကိစ္စ တွေထည့်ထားပေမဲ့ ဒါဟာထိုက်တန်တဲ့ကာလပေါက်ဈေးရဖို့အာမခံချက်မရှိဘဲ မစားရဝခမန်း မက်လုံးပေးထားတဲ့သဘောဖြစ်နေ တာကို ဖော်ပြနေတာဖြစ်ပါတယ်။

ဗြိတိသျှကိုလိုနီနယ်ချဲ့တွေပြဋ္ဌာန်းခဲ့ တဲ့ ၁၈၉၄ခုနှစ်မြေသိမ်းဥပဒေမှာ လျော်ကြေး၊ နစ်နာကြေးအတွက် အကျယ်ချဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားတာမရှိပါဘူး။ ဒါပေမဲ့ကာလပေါက်ဈေးနဲ့လျော်ညီတဲ့လျော်ကြေး တွက်ချက် ပေးဖို့ တိကျတဲ့အာမခံချက်ပေးထားပါတယ်။

၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေ ပုဒ်မ၂၃ မှာ အောက်ပါအတိုင်း ဖွင့်ဆိုထားပါတယ်။

၂၃ (၁) ဤအက်ဥပဒေအရ သိမ်းဆည်းသည့်မြေအတွက် ပေးရသည့်လျော် ကြေးငွေပမာဏကိုသတ် မှတ်ရာတွင် တရားရုံးသည် အောက်ပါတို့ကိုထည့်သွင်းစဉ်းစားရမည်။

ပထမ – ပုဒ်မ ၄ ပုဒ်မခွဲ (၁)အရ အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့တွင် ထိုမြေ၏ကာလတန်ဖိုး (Market -Value)

ဒုတိယ – ကော်လိတ္တော်အရာရှိက မြေကိုလက်ရောက်ရယူသည့်အချိန်တွင် ထိုမြေပေါ်တွင်ရှိသည့် သီးနှံပင်များ (သို့မဟုတ်)သစ်ပင်များကို သိမ်းယူလိုက်ခြင်းကြောင့်အကျိုးခံစားခွင့်ရှိသူများတွေ့ကြုံခဲ့ရသည့် ထိခိုက်ဆုံးရှုံးမှု များ၊

တတိယ – ကော်လိတ္တော်အရာရှိက မြေကိုရယူသည့်အချိန်တွင်ထိုမြေနှင့်ပတ် သက်၍အကျိုးခံစားခွင့်ရှိသူအား ထိခိုက်မှု (အကယ်၍ ရှိလျှင်)

စတုတ္တ – ကော်လိတ္တော်အရာရှိက မြေကိုရယူသည့်အချိန်တွင် ထိုမြေတွင်အကျိုးခံစားခွင့်ရှိသူအား ယင်းသို့ မြေကိုရယူခံရခြင်းကြောင့် ၎င်း၏အခြားသောရွှေ့ပြောင်းနိုင်သော (သို့မဟုတ်) မရွေ့ပြောင်းနိုင်သောပစ္စည်းများ (သို့မဟုတ်)၎င်း၏ဝင်ငွေကို တစ်နည်းနည်းဖြင့်ထိခိုက်ရမှု၊

ပဉ္စမ – ကော်လိတ္တော်အရာရှိက မြေကိုရယူခြင်းကြောင့် အကျိုးဆက်အနေဖြင့်မြေတွင် အကျိုးခံစားရသူအနေ ဖြင့်နေအိမ် (သို့မဟုတ်) စီးပွားရေးလုပ်ကိုင်သည့်နေရာကိုအတင်းအကြပ်ရွှေ့ပြောင်းခံရ၍ ထိုသို့ပြောင်းရွှေ့ခံရ မှုကြောင့်လျော်ကန်သင့် မြတ်သည့်ကုန်ကျစရိတ်(အကယ်၍ရှိခဲ့သော်)

ဆဋ္ဌမ – အက်ဥပဒေပုဒ်မ ၆ အရ အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့တွင် ကော်လိတ္တော်အရာရှိက မြေကိုသိမ်း ယူသည့်အချိန်နှစ်ခုအကြား ထိုမြေမှရရှိသည့်အကျိုးအမြတ်မှာ လျော့နည်းသွားခြင်းဖြင့် အမှန်တကယ်ဆုံးရှုံးမှု (အကယ်၍ ရှိခဲ့လျှင်)

(၂) အဆိုပါတရားရုံးသည် အထက်တွင်ပြဋ္ဌာန်းထားသည့်အတိုင်း မြေ၏ကာလပေါက်ဈေး (Market Value) တွင် ယင်းသို့သိမ်းယူရသည့် သဘောသဘာဝကိုစဉ်းစားလျက် ထိုမြေ၏ကာလပေါက်ဈေး၏ ၁၅  ရာ ခိုင်နှုန်းကို ပေါင်းထည့်၍ပေးရမည်။

အထက်ဖော်ပြပါအချက်တွေကို ကြည့်ရင် ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ  လျော်ကြေးဆုံးဖြတ်မှု အတွက် တရားရုံးကို အာဏာပေးတဲ့အခါ အလေးဂရုပြုထည့်သွင်း စဉ်းစားရမှာကို အတိအကျဖော်ပြခဲ့ပါတယ်။

နောက်ထပ်ကောင်းတာတစ်ခုက မြေသိမ်းယူမှုအတွက် ကန့်ကွက်ချက်အားလုံးကိုကြားနာတဲ့အခါ ‘အမှု တိုင်းကိုအများပြည်သူရှေ့မှောက်၌ကြားနာစီရင်ရမည်ဖြစ်သည့်အပြင် တရားမ တရားရုံးတစ်ခုတွင်ပါဝင်ဆောင် ရွက်ခွင့်ရှိသူအားလုံး ယင်းအမှုတွင်တရားရုံးရှေ့သို့လာရောက်ခွင့်၊လျှောက်လဲခွင့်နှင့်ဆောင်ရွက်ခွင့် (အမှုအ ခြင်းအရာအရ) ရှိသည်’ လို့ ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေ ပုဒ်မ ၂၂ မှာဆိုခဲ့တာပါ။ ၂ဝ၁၇ ခုနှစ်မြေ သိမ်းဥပဒေကြမ်းမှာ ဒီအချက်တွေပါဝင် ခြင်း မရှိပါဘူး။

၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ လျော်ကြေးအတွက်တွက်ချက်ဖို့ဖွင့်ဆိုရာ မှာကာလပေါက်ဈေးပေး ဖို့အာမခံချက် ပေးထားဖို့မဆိုထားနဲ့၊ ‘ကာလပေါက်ဈေး’ဆိုတဲ့ စကားရပ်ကိုတောင်(ဥပဒေကြမ်းပုဒ် မ ၃၈ မြေ သိမ်းလျော်ကြေးထုတ်ပေးရေးလုပ်ငန်းစဉ်ဆောင်ရွက်ရမည့်အချက်များ၌)သုံးစွဲထားခြင်း မရှိပါဘူး။ လျော်ကြေး အပေါ်မကျေနပ်ရင်တရားရုံးကိုတင်ပြပြီး ဆက်ရှင်းလို့ရပေမဲ့(၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေမှာ အတိအကျဖော်ပြ ထားသကဲ့သို့) တရားရုံး ကအလေးဂရုပြု ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။

ဒါသည်ပင်လျှင်’၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်း’ ဟာ ဗြိတိသျှကိုလိုနီနယ်ချဲ့တွေလောက်တောင် လယ်သမားတွေအပေါ်စေတနာမရှိဘူးလားဆိုတဲ့ အဆိုပြုချက်မှန်၊မမှန်’ ဆန်းစစ်ဖို့လုံလောက်တဲ့အချက် တစ် ချက်ဖြစ်ပါတယ်။

ကျောမွဲတွေ ခံရဖို့သာမြင်

 

၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်းဘာကြောင့်လက်မခံသင့်သလဲဆိုတဲ့အကြမ်းဖျင်း အချက်ရှစ်ချက်ကို ဆောင်းပါးအစပိုင်း မှာဖော်ပြခဲ့ပါတယ်။ အဲဒီနောက် ၁၈၉၄ခုနှစ်မြေသိမ်းဥပဒေနဲ့ ခြားနားမှုတွေထဲက (ကောင်း တဲ့အချက်တွေပြန်ပါမလာတဲ့အပေါ်) ထင်ရှားတဲ့အချက်တွေကိုပြောခဲ့ပါတယ်။ အခု၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေ ကြမ်းဟာ ၂ဝ၁၆ခုနှစ် အမျိုးသားမြေအသုံးချမူဝါဒတွေနဲ့ ဆီလျော်မှုမရှိတာကိုတင်ပြမှာဖြစ်ပြီး ဒီဥပဒေကြမ်းဟာ လွှတ်တော်မှာဆွေး နွေးဖို့မသင့်တော်တာကို ဖော်ပြပါမယ်။

၂ဝ၁၆ ခုနှစ် အမျိုးသားမြေအသုံးချမူဝါဒအပိုင်း ၅၊ ပုဒ်မ ၄ဝ မှာ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များနှင့်၊ လုပ်ထုံးလုပ်နည်းများကိုပြင်ဆင်ခြင်းနှင့်အသစ်ပြဋ္ဌာန်းခြင်းပြုရာတွင်အမျိုးသားမြေဥပဒေနှင့်ညီ ညွတ် ပြီးအခြေခံရမယ့်အချက်တွေကို ဖော်ပြထားပါတယ်။ ၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ အဲဒီလိုဖော်ပြထားတဲ့ အချက်တွေ အတိအကျပါဝင်ခြင်းမရှိပါဘဲ မျက်စိမှောက်စရာရောထွေးမှုတွေ လုပ်ထားပါတယ်။

ထပ်ပြောရရင်တော့ ၂ဝ၁၇ခုနှစ်မြေသိမ်းဥပဒေကြမ်းဟာ လက်ရှိမတရားသဖြင့် မြေသိမ်းထားသူတွေ၊ တပ်မတော်နဲ့ တိုက်ကွန်း(ခရိုနီ)တွေသိမ်းဆည်းထားတဲ့ မြေတွေကိုပြန်သိမ်းဖို့ (ဥပဒေပြဋ္ဌာန်းချက်များ ရှိသည့် တိုင် ယနေ့အချိန်အထိပြန်သိမ်းနိုင်ခြင်းမရှိသည့်အတွက်) ဖြစ်နိုင်ခြေလုံးဝမရှိ သေးဘဲလယ်သမားထုအပါအ ဝင်၊ မြေယာအပေါ်တည်မှီလုပ်ကိုင်နေရတဲ့မရှိဆင်းရဲသားကျောမွဲရဲ့မြေတွေကိုထပ်သိမ်းရာမှာ အသုံးပြုလာနိုင် တာကြောင့် ဒါကိုလက်ခံပေးဖို့မဖြစ်နိုင်ပါဘူး။ ဒီဥပဒေကြမ်းအရဆိုကျောမွဲလူထုလူတန်းစားတွေ ခံရဖို့သာမြင် ပါတယ်။

၂ဝ၁၆ ခုနှစ် မြေမူဝါဒမှာ ဘာလဲ

နိုင်ငံအနှံ့ မတရားမှုပေါင်းစုံ၊ ပြဿနာပေါင်းများစွာနဲ့ရှုပ်ထွေးပြီး နက်နဲတဲ့မြေ သိမ်းအမှုအခင်းတွေကို ဖြေရှင်းနိုင်ဖို့ လမ်းစတစ်ခုအဖြစ်၂ဝ၁၆ခုနှစ်၊ ဇန်နဝါရီမှာအမျိုးသားမြေအသုံးချမှု မူဝါဒထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ မူဝါဒတွေအရ အမျိုးသားမြေအသုံးချမှုကောင်စီကိုဖွဲ့စည်းပြီး အမျိုးသားမြေဥပဒေပြဋ္ဌာန်းရမှာဖြစ်ပါတယ်။ ဥပ ဒေရေးဆွဲဖို့အခြေခံမူတွေ ရှိထားပြီးဖြစ်တာကြောင့် ဥပဒေရေးဖို့သိပ်မခက်ဘူးလို့ဆိုရပါမယ်။

ဒါပေမဲ့ မကြာသေးခင်အချိန်ကမှကောင်စီဖွဲ့ပါတယ်။ ဥပဒေရေးဆွဲမှုဘယ် အခြေအနေမှာရှိတယ်ဆို တာမသိရပါဘူး။ မြန်မြန်ဆန်ဆန်လုပ်သင့်တဲ့ကိစ္စတစ်ခု၊ နှောင့်နှေးနေတဲ့ဖြစ်စဉ်မှာ မရိုးသားမှုဘာ ရှိနေသလဲ ဆိုတာ သံသယဖြစ်စရာပါ။ တစ်ခါ ၂ဝ၁၆ခုနှစ်အမျိုးသားမြေအသုံးချမှု မူဝါဒ အရအမျိုးသားမြေဥပဒေမပေါ်ခင် မှာဘဲ(ချမှတ်ထားပြီးဖြစ်တဲ့မူဝါဒတွေနဲ့ဆီလျော်မှုမရှိသည့်) ၂ဝ၁၂ခုနှစ်မြေလွတ်၊  မြေလပ်နှင့်မြေရိုင်းများစီမံခန့် ခွဲရေး ဥပဒေပြင်ဆင်ရေး၊ ၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေ ကြမ်းဆွေးနွေးရေး၊ဒါတွေကိုအပူတပြင်းလုပ်ဆောင်လာ တာ၊ အဲဒီနောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိသလဲဆိုတာမေးစရာဖြစ်ပါတယ်။

အမျိုးသားမြေအသုံးချမှု မူဝါဒဟာအကောင်းဆုံးမဟုတ်ပေမဲ့ ပြီးခဲ့တဲ့အစိုးရလက် ထက်မှာအလွှာပေါင်း စုံကအများကိုယ်စားပြုဆန္ဒတွေအများဆုံး (၆ဝရာခိုင်နှုန်းနီးပါး) ပါဝင်တဲ့မူဝါဒတစ်ခု ဖြစ်ပါတယ်။ အဲဒီထဲမှာ မတ ရားခံနေရသူတွေအတွက် မျှတမှုဆောင်ကြဉ်းပေးနိုင်တဲ့အချက်တွေ ပါဝင်ပါတယ်။

ဥပမာအားဖြင့်

‘တိုင်းရင်းသားလူမျိုးများ၏ဓလေ့ထုံးတမ်းဆိုင်ရာ မြေလုပ်ပိုင်ခွင့်နှင့်လုပ်ထုံးလုပ် နည်းများကိုအသိအ မှတ်ပြုပြီး အကာအကွယ်ပေးရန်’၊

‘မြေနှင့်သက်ဆိုင်သော အငြင်းပွားမှုများကိုတရားဥပဒေစိုးမိုးရေးအတွက်ပွင့်လင်းမြင်သာမှု၊တရားမျှတ မှု၊ ငွေကြေးအကုန်အကျသက်သာမှုနှင့် လွတ်လပ်မှုရှိသောဖြေရှင်းဆုံးဖြတ်သည့် လုပ်ငန်းစဉ်ထူထောင်ရန်’၊

‘နိုင်ငံတော်၏ စီးပွားရေး၊ညီညွတ်မျှတစွာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက် မှု၊ အများပြည်သူပါဝင်ဆုံးဖြတ်မှု၊ မြေအရင်းအမြစ်များအားအခြေခံသောတာဝန်ခံမှု၊ တာဝန်ယူမှုရှိသည့် ရင်းနှီး မြှုပ်နှံမှုများနှင့်မြေအသုံးချမှုစီမံခန့်ခွဲမှုတို့ ဖွံ့ဖြိုးတိုးတက်စေရန်’ စတဲ့အချက်တွေဟာ ကောင်းမွန်တဲ့အချက်တွေ ဖြစ်ပါတယ်။

မူကို ဆန့်ကျင်နေသလား

ဗြိတိသျှကိုလိုနီနယ်ချဲ့တွေပြဋ္ဌာန်းခဲ့တဲ့ ၁၈၉၄ခုနှစ်မြေသိမ်းဥပဒေပါ ကောင်းမွန်တဲ့ ပြဋ္ဌာန်းချက်တွေကို ၂ဝ၁၇ခုနှစ်မြေသိမ်း ဥပဒေကြမ်းမှာဖယ်ထုတ်ထားတာကိုဖော်ပြပြီးဖြစ်ပါတယ်။ အခု  ၂ဝ၁၆ခုနှစ်မြေမူဝါဒတွေ နဲ့လည်းဆီလျော်မှုမရှိခြင်းအတွက်  သက်သေပြလို့ရတဲ့အချက်များစွာထဲကအရေးကြီးတဲ့အချက်တချို့ကို ပြော ပါမယ်။

၂ဝ၁၇ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ  တိုင်းရင်းသားလူမျိုးတွေရဲ့ဓလေ့ထုံးတမ်းဆိုင်ရာ မြေလုပ်ပိုင်ခွင့် နှင့် လုပ်ထုံး၊လုပ်နည်းများကို အသိအမှတ်ပြုကာကွယ်ပေးထားတဲ့ အချက်ပါဝင်ခြင်းမရှိပါဘူး။

မြေရှင်အမျိုးအစားအတွက် ပြောထားတဲ့ဖွင့်ဆိုချက်တစ်နေရာမှာ ”တရားဝင်မှတ် တမ်းအထောကအ ထားမရှိသော်လည်း ဒေသဆိုင်ရာထုံးတမ်းအစဉ်အလာများနှင့်အညီပိုင်ဆိုင်သည်ဟု အသိအမှတ်ပြုခံရသူ” လို့ ဆိုထားပေမဲ့ ‘တိုင်းရင်းသားလူမျိုးများ၏ဓလေ့ထုံးတမ်းအရပိုင်ဆိုင်မှု’ ဆိုတဲ့ စကားရပ်အတိအကျ ထည့်သွင်း ထားတာမဟုတ်ပါဘူး။ ရောထွေးပြောဆိုထားတာဖြစ်ပါတယ်။ ဒါဟာလက်ရှိတည်ဆဲ မြေယာဆိုင်ရာဥပဒေတွေ မှာဖော်ညွှန်းနေသလို ‘တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးတမ်းပိုင်ဆိုင်မှုအပေါ်အသိအမှတ်မပြုခြင်း’ ကို ဆက်လက် ကိုင်စွဲထားတဲ့ သဘောပါပဲ။

ဒါပေမဲ့ ဥပဒေကြမ်းပုဒ်မ ၅၊ ပုဒ်မခွဲ (ဂ) မှာ ‘တိုင်းရင်းသားလူမျိုးစုများ၏ရိုး ရာဓလေ့ထုံးစံအရအသုံးပြု နေသောမြေများ နှင့်အမြတ်တနိုး ရိုသေတန်ဖိုးထားစောင့်ရှောက်ထိန်းသိမ်းထားသည့်နေရာများ’ မှ မြေနေရာ ကိုသိမ်းမယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ရဲ့သဘောတူညီချက်ယူရမယ်၊ လွှတ်တော်သဘောမတူရင် မသိမ်း ရဘူးလို့ ဆိုပါတယ်။

ဒါက ၂ဝ၁၆ခုနှစ်မြေမူဝါဒနဲ့ ဆန့်ကျင်နေတဲ့အပြင် (တိုင်းရင်းသားတွေကိုကိုယ်စားပြုနည်းနေဆဲဖြစ် သည့်) ပြည်ထောင်စုလွှတ်တော်ကခွင့်ပြုရင်သိမ်းလို့ရတယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ အခြားတစ် ဖက်မှာလည်း ဒါကိုအကြောင်းပြပြီး (ဥပမာ-ခေါင်ရည်တစ်အိုး၊ ကြက်တစ်ကောင်၊ နွားနောက်ပေး၍မြေပိုင်ထား သော ချင်းတိုင်းရင်းသားတို့၏ဓလေ့ထုံးတမ်းပိုင်ဆိုင်မှုကို အသိအမှတ်ပြုခြင်းမရှိ) တိုင်းရင်းသားတွေပိုင်ဆိုင် ထားတဲ့မြေတွေသိမ်းယူနိုင်တာကို နောက်ထပ်ဥပဒေတစ်ခုနဲ့ထပ်ပြီးအတည်ပြုပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားတွေပိုင်ဆိုင်မှုအတွက် အသိအမှတ်မပြု၊ အာမခံချက်မပေးသည့်တိုင် (အစိုးရ၊ တပ်မတော်၊ အင် အားကြီးသူတွေဘက်၌ရှိနေသော) သိမ်းချင်သူကသိမ်းလိုတယ်ဆိုရင်ရတယ်လို့ ဆိုထားတဲ့သဘောဖြစ်တာ ကြောင့် တိုင်းရင်းသားတွေအတွက် မျှတမှုမရှိပါဘူး။

လုပ်ထုံးလုပ်နည်း ကွဲပြား

မြေသိမ်းတာ၊ ပြန်လည်နေရာချတာ၊ လျော်ကြေးပေးတာ၊ ပြန်လည်ထူထောင်ရေးလုပ်ပေးတာ (ပြန် လည်အစားထိုးဖြည့်ဆည်းပေးတာ) ဒါတွေအတွက်ဘယ်လိုလုပ်ထုံးလုပ်နည်းတွေရှိရမယ်ဆိုတာ၂ဝ၁၆ခုနှစ်မြေ မူဝါဒမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာဖော်ပြထားတဲ့လုပ်ထုံးလုပ်နည်းတွေက ၂ဝ၁၆ခုနှစ်မြေမူဝါဒကပြောထားတဲ့လုပ်ထုံး၊လုပ်နည်းတွေအတိုင်းအသွင်သဏ္ဌာန်အားဖြင့် လိုက်နာသယောင် ရှိပြီး အာမခံမှုနဲ့အနှစ်သာရပိုင်းမှာကွဲပြားနေပါတယ်။

၂ဝ၁၆ ခုနှစ်၊မြေမူဝါဒအခန်း ၃၊ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဇ) မှာ ‘မြေသိမ်းဆည်းခြင်း၊ လျော်ကြေးပေးခြင်း၊ ပြန် လည်နေရာချထားခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်အစားထိုးဖြည့်ဆည်းပေးခြင်းနှင့်စစ်ဘေးစစ် ဒဏ် ကြောင့်ဖြစ်စေ၊ မတရားသိမ်းဆည်းခံရခြင်းကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ အခြားအ ကြောင်းကြောင့်ဖြစ်စေ မိမိနေထိုင်လုပ်ကိုင်သောမြေကိုစွန့်ခွာသွားရသူများနှင့် ဌာနေကိုပြန်လာသူများ၏ မြေ လုပ်ပိုင်ခွင့်နှင့်နေထိုင်ခွင့်များပြန်လည်ရရှိစေခြင်းဆိုင်ရာတရားမျှတသောလုပ်ထုံးလုပ်နည်းများသတ်မှတ်ပြဋ္ဌာန်း ရန်’ လို့ဆိုထားပါတယ်။

ဒါ့အပြင် လုပ်ထုံး၊လုပ်နည်းအနေနဲ့ ၂ဝ၁၆ခုနှစ်၊မြေမူဝါဒ အပိုင်း ၅၊ ပုဒ်မ ၃၈ မှာ ‘မြေသိမ်းဆည်းခြင်း နှင့်မြေခွဲဝေချထားခြင်းတို့ကြောင့်လည်းကောင်း၊ မြေကိုမတရားသိမ်းဆည်းခံရခြင်း သို့မဟုတ် စစ်ဘေး စစ်ဒဏ် ခံရ၍မြေကိုစွန့်လွှတ်ခဲ့ရခြင်းကြောင့်လည်းကောင်း ဖြေရှင်းဆောင်ရွက်ရန်လိုအပ်သည့် ပြန်လည်နေရာချထား ခြင်း၊လျော်ကြေးပေးခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့်ပြန်လည်အစားထိုးဖြည့်ဆည်းခြင်းဆိုင်ရာ ကိစ္စများစီမံခန့် ခွဲရာတွင်မြို့နယ်၊ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအဆင့်ရှိအကျိုးသက်ဆိုင်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အ စည်းများ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များနှင့်ကျွမ်းကျင်သူများပါဝင်၍ အပြည်ပြည်ဆိုင်ရာရှင်းလင်း သည့် အကောင်းဆုံးနည်းလမ်းများနှင့်လူ့အခွင့်အရေးစံများ ကိုကျင့်သုံးဆောင်ရွက်ရမည်’ လို့ ဆိုထားပါတယ်။

၂ဝ၁၇ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ ‘ပြန်လည်နေရာချထားခြင်းနှင့်လူမှုစီးပွားဘ ဝပြန်လည်ထူထောင် ခြင်း’ အခန်းတစ်ခုထည့်ထားပေမဲ့ ၂ဝ၁၆ခုနှစ်မြေမူဝါဒနဲ့လျော်ညီတဲ့ဖွင့်ဆိုချက်တွေအားနည်းပါတယ်။ ဥပမာ အားဖြင့် မြေနဲ့သက်ဆိုင်ဥပဒေတွေ၊လုပ်ထုံး၊လုပ်နည်းတွေပြင်ဆင်မယ်၊အသစ်ပြဠာန်း မယ်ဆိုရင်လုပ်ထုံးလုပ် နည်း အရအခြေခံရမယ်ဆိုတဲ့အချက်တွေကို ဆန့်ကျင်ထားပါတယ်။

ဒီအချက်တွေထဲမှာ လျော်ကြေး၊ ပြန်လည်နေရာချထားရေးကိစ္စတွေအတွက်ထိ ရောက်ပြီးရှေ့နောက် ညီညွတ်မှုရှိတဲ့ တန်ဖိုးတွက်ချက်မှုစနစ်ဖော်ပြရမယ်၊ မြေသိမ်းခံရသူတွေ ရှိရင်းစွဲစားဝတ်နေရေးအခြေ အနေကို ထိန်းသိမ်းဖို့လိုအပ်တဲ့ပြန်လည်ထူထောင်ရေးဆောင်ရွက်ရမယ်၊ ဒီနှစ်ခုကိုလုပ်ဖို့အချိန်ကာလသတ်မှတ်ချက် ထည့်သွင်းရမယ်ဆိုတဲ့ကိစ္စတွေပါဝင်ပါတယ်။

၂ဝ၁၇ခုနှစ်၊မြေသိမ်းဥပဒေကြမ်းမှာ ဖော်ပြပါသုံးချက်ထဲကနှစ်ချက်နဲ့သက်ဆိုင် တဲ့ဖွင့်ဆိုချက်တွေပါပေ မဲ့ရှင်းလင်းခြင်းမရှိသလို ကာလတန်ဖိုး၊ လက်ငင်းလိုအပ်ချက်နဲ့ကိုက်ညီပြီးပေးကိုပေးမယ်ဆိုတဲ့အာ မခံချက်မပါ ပါဘူး။ တတိယအချက်ဖြစ်တဲ့ အချိန်ကာလသတ်မှတ်ချက်ကိုလည်း ဥပဒေကြမ်းမှာထည့်သွင်းခဲ့ခြင်းမရှိပါဘူး။ ဒီအချက်တွေကို နည်းဥပဒေမှာဖော်ပြမယ်လို့ဆင်ခြေပေးနိုင်ပေမဲ့နစ်နာသူတွေကို စာနာထောက်ထားမယ်ဆိုရင် ပင်မဥပဒေမှာကို အတိအကျထည့်သွင်းပေးရမယ့် အချက်တွေဖြစ်ပါတယ်။

ကာကွယ်ပေးလိုသူတွေကို တားဆီး

၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ မြေသိမ်းခံပြည်သူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနိုင်တဲ့ ‘အ ရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များနှင့်ကျွမ်းကျင်သူများ’ ရဲ့ အခန်းကဏ္ဍ ကိုဖယ်ထုတ်ထားတဲ့အပြင်    မတရားတာကိုမြင်နေလို့ဝင်ပြီးပြောတဲ့သူ  တွေကိုပါအရေးယူနိုင်တဲ့ပုဒ်မထည့် သွင်းထားပါတယ်။

ဒီအချက်က ၂ဝ၁၆ခုနှစ်၊မြေမူဝါဒ အခန်း ၂၊ ပုဒ်မ ၄၆ မှာဆိုထားတဲ့ ‘မြေနှင့်သက် ဆိုင်သည့် အငြင်း ပွားသူတို့၏ အယူခံအခွင့်အရေးများကို အကာအကွယ်ပေးနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်နိုင်သောအ ရပ်ဘက်လူမှုအဖွဲ့အစည်းနှင့်တစ်သီးပုဂ္ဂလများ၏ပူးပေါင်းဆောင်ရွက်မှုကိုခွင့်ပြုသည့်’ အချက်ကို ပြောင်ပြောင် တင်းတင်းဆန့်ကျင်ထားတာဖြစ်ပါတယ်။

၂ဝ၁၇ခုနှစ်၊မြေသိမ်းဥပဒေကြမ်း ပုဒ်မ ၆၂ မှာမြေသိမ်းယူမှုအကောင်အထည်ဖော်ဆောင်ရွက်ရေး အဖွဲ့ကိုဖြစ်ဖြစ်၊ အဲဒီအဖွဲ့ကတာဝန်ပေးထားသူကိုဖြစ်ဖြစ် ဟန့်တားမယ်၊ နှောင့်ယှက်မယ်၊ ပိတ်ပင်တားဆီးမယ် ဆိုရင် အဲဒီလူကိုထောင်တစ်လ၊ငွေငါးသောင်း၊ ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ နှစ်ရပ်လုံးချမှတ်နိုင်တယ်လို့ပြော ထားပြီး ဒါဟာအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေ၊ ကျွမ်းကျင်သူ တွေ ရဲ့ပါဝင်ပတ် သက်ခွင့်ကိုတားမြစ်လိုက် တာဖြစ်ပါတယ်။

နစ်နာသူတွေ လမ်းပျောက်နိုင်

၂ဝ၁၆ခုနှစ်မြေမူဝါဒမှာ ‘မြေနှင့်သက်ဆိုင်သောအငြင်းပွားမှုများကို တရားဥပဒေ စိုးမိုးရေးအတွက်ပွင့် လင်းမြင်သာမှု၊ တရားမျှတမှု၊ ငွေကြေးအကုန်အကျသက်သာမှုနှင့် လွတ်လပ်မှုရှိသောဖြေရှင်းဆုံးဖြတ်သည့် လုပ်ငန်းစဉ်ထူထောင်ရန်’ ဆိုတဲ့အချက်ကို ဖော်ပြထားပါတယ်။

၂ဝ၁၇ခုနှစ်၊မြေသိမ်းဥပဒေကြမ်းမှာ ဖော်ပြထားတဲ့အချက်တွေကိုကြည့်ရင်ရှုပ်ထွေးတဲ့လုပ်ငန်းစဉ် အ ဆင့်ဆင့်နဲ့ ဥပဒေကိုနားမလည်တဲ့နစ်နာသူတွေ မျက်စိလည်လမ်းပျောက်အောင်လုပ်ထားပါတယ်။ ၂ဝ၁၆ခု နှစ် ၊မြေမူဝါဒအပိုင်း – ၆၊ ပုဒ်မ၄၂မှာ ‘မြေနှင့်သက်ဆိုင်သည့် ဥပဒေရေးရာအထူးကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်နိုင် ရန် လိုအပ်ပါကသီးသန့်လေ့ကျင့်သင်ကြားပေးထားသည့် တရားသူကြီးများနှင့် ဥပဒေအရာရှိများဖြင့်စစ်ဆေးစီ ရင်သည့် အထူးတရားရုံးများတည်ထောင်ရေးအတွက်စီစဉ်ဆောင်ရွက်ခြင်း’ လို့ဆိုထားပေမဲ့ ၂ဝ၁၇ ခုနှစ်၊မြေ သိမ်းဥပဒေကြမ်းမှာဒီအချက်ပါဝင်ခြင်းမရှိပါဘူး။

၂ဝ၁၇ ခုနှစ်၊မြေသိမ်းဥပဒေကြမ်းမှာ မြေယာအမှုအခင်းကိစ္စတွေအတွက်ဆောင်ရွက်ပိုင်ခွင့်ဟာ ‘တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ထက်မနိမ့်သော’ တိုင်းတရားရုံးနှင့်အထက်တရားရုံးတွေရဲ့ လက်ထဲမှာသာရှိနေပါတယ်။ ဒါဟာကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေဆီတောင်မသွားဝံ့တဲ့ အခြေခံလူတန်း စားတွေအတွက် ကြီးမားသောအတားအဆီးတစ်ခု ဖြစ်နေပါတယ်။

ဒါ့အပြင် မြေသိမ်းခံရလို့မကျေနပ်ဘဲကန့်ကွက်ချင်တယ်ဆိုရင်နစ်နာသူတွေအတွက်ရက် ၃ဝ ပဲအချိန်ရ ပါမယ်။ ဝေးလံခေါင်သီတဲ့အရပ်ဒေသတွေမှာရှိနေတဲ့ နစ်နာသူတွေအဖို့ဥပဒေကိုလည်းနားမလည်၊ တရားရုံးကို လည်းကြောက်၊ သူတို့တစ်ခါမှမရောက်ဖူးတဲ့နေရာမှာရှိနေတဲ့ တိုင်းတရားရုံးတွေဆီရက် ၃ဝ အတွင်းသွား ရောက်ကန့်ကွက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါဟာ နစ်နာသူတွေအတွက် ညှာတာမှုကင်းမဲ့ပြီး တရားမျှတမှုရှာဖို့ လက်လှမ်းမမီအောင် လုပ်ထားသလိုပဲဖြစ်စေပါတယ်။

ဗဟိုချုပ်ကိုင်မှုကြီးစိုး

၂ဝ၁၆ခုနှစ်မြေမူဝါဒ အခန်း ၃၊ ပုဒ်မ ၈ (ဎ) မှာ ‘မြေနှင့် သက်ဆိုင်သောဆုံး ဖြတ်ချက်များချမှတ်ရာတွင် ဗဟိုချုပ်ကိုင်မှုလျှော့ချရန်’ဆိုတဲ့ အချက်ပါဝင်ပါတယ်။

၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်းကို ကြည့်ရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေဟာ တပ်မတော်နဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနကလူတွေကို အခြေပြုထားတဲ့လူတွေနဲ့ဗဟိုချုပ်ကိုင်မှုလုပ်ထားတာတွေ့ရပါတယ်။ လုပ်ထုံး၊လုပ် နည်းတွေကိုကြည့်ရင်လည်း ရှုပ်ထွေးတဲ့အဆင့်အမျိုးမျိုးဖြစ်အောင်လုပ်ထားပါတယ်။

အစိုးရအဖွဲ့ဝင်တွေ၊ ကော်မတီတွေ၊ ဆပ်ကော်မတီတွေကိုအုပ်ချုပ်ရေးလုပ်ငန်း စဉ်တွေနဲ့ရောထွေး ထားပြီး မြေသိမ်းခံပြည်သူတွေလက်လှမ်းမမီနိုင်အောင်လုပ်ထားပါတယ်။ ဒီအချက်ကမြေသိမ်းခံရသူတွေအ တွက် ကန့်ကွက်ပိုင်ခွင့်ပျောက်ဆုံးအောင်လုပ်ပြီးမြေသိမ်းလိုသူတွေစိတ်ကြိုက်လုပ်နိုင်အောင် မျက်နှာသာပေး ထားသလိုဖြစ်နေတဲ့အပြင် အကျိုးစီးပွားပဋိပက္ခနဲ့အဂတိလိုက်စားမှုတွေဖြစ်အောင် လမ်းဖွင့်ပေးထားသလိုဖြစ် နေပါတယ်။ ဒါကလည်း၂ဝ၁၆ ခုနှစ်မြေမူဝါဒ နဲ့ဆန့်ကျင်နေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

ပြည်သူ့ကိုယ်စားလှယ်တွေဆုံးဖြတ်ခွင့်မရှိ

၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်းအရ မြေသိမ်းမှုဖြစ်စဉ်တွေမှာပြည်သူကရွေးချယ် ထားတဲ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ထားပါတယ်။

ဥပဒေကြမ်း ပုဒ်မ ၅ မှာမြေသိမ်းတဲ့အခါပြည်ထောင်စုလွှတ်တော်ရဲ့အတည်ပြု ချက်နဲ့ဆောင်ရွက်ရမဲ့ ဖော်ပြချက်တချို့ပါပေမဲ့ ဒါကမြေသိမ်းကိစ္စအားလုံးနဲ့မသက်ဆိုင်ဘဲရှေးဟောင်းအမွေအနှစ်တည် ရှိရာနေရာဒေ သ၊ အထင်ကရသဘာဝနယ်မြေတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊အထိမ်းအမှတ်နေရာတွေ၊ တိုင်းရင်း သားတွေရိုးရာအရအသုံးပြုနေတဲ့မြေတွေနဲ့ တန်ဖိုးထားစောင့်ရှောက်ထိန်းသိမ်းထားတဲ့မြေ နေရာတွေအတွက်ပဲ ဖြစ်ပါတယ်။

ဒီအချက်က မြေသိမ်းယူမှုတွေမှာအုပ်ချုပ်ရေးပိုင်းရဲ့ ဆုံးဖြတ်ချက်ကသာအဓိကကျပြီး ပြည်သူ့ကိုယ် စားပြုအသံဖော်ပြနိုင်တဲ့ လွှတ်တော်ကဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာမှာ မရှိဘူးဆိုတာပြဆိုနေတာပါ။ ဒါကိုပံ့ပိုးနေ တဲ့ နောက်ထပ်အချက်နှစ်ခုကိုလည်း၂ဝ၁၇ ခုနှစ်မြေသိမ်းဥပဒေကြမ်းမှာ တွေ့ရပါတယ်။

ပထမတစ်ချက်က ၂ဝ၁၇ခုနှစ်၊မြေသိမ်းဥပဒေကြမ်း ပုဒ်မ ၁၁ မှာမြေသိမ်းဖို့သဘောထားတောင်းယူရာ မှာ သိမ်းဖို့အဆိုပြုထားတဲ့မြေတည်ရှိရာအရပ်နဲ့သက်ဆိုင်တဲ့တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ရဲ့ သဘောထားကိုယူရမှာဖြစ်ပေမဲ့ အဲဒီသဘောထားကို ‘အတွင်းရေး’ အဖြစ်သာရယူရမယ်လို့ ဖော်ပြထားပါတယ်။ ဒါကလွှတ်တော်ကိုယ်စားလှယ်ရဲ့သဘောထားကလျို့ဝှက်အဖြစ်သာရှိပြီးဖော်ပြခွင့်၊ ပေါက် ကြားခွင့်မရှိဘူးဆိုတဲ့သဘောပါပဲ။

ဒုတိယတစ်ချက်က ၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်းပုဒ်မ ၂ဝ ပုဒ်မခွဲ (က) မှာ ဖော်ပြထားတဲ့အချက် ဖြစ်ပါ တယ်။ အဲဒီမှာဖော်ပြထားချက်အရသိမ်းယူမဲ့မြေနဲ့ပတ်သက်ပြီး ပြည်သူတွေကိုဆွေးနွေးရှင်းပြချိန်မှာ    ‘သက်ဆိုင်သည့်ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့်ပြည် နယ်လွှတ်တော်ကိုယ်စား လှယ်များအားလည်းဖိတ်ကြားပါဝင်စေရမည်’ လို့ဆိုထားပါတယ်။ ဒီအချက်အရ ပြောရင်ပြည်သူနဲ့စကားပြော ချိန်မှာသာလွှတ်တော်ကိုယ်စားလှယ်တွေကိုသုံးပြီး ဆုံးဖြတ်ချက်ချရာမှာတော့ပါဝင်ခွင့်မရှိတာကိုတွေ့ရပါတယ်။

အရေးကြီးတာအရင်လုပ်ကြပါ

မတရားမှုပေါင်းစုံနဲ့ရောထွေးနေတဲ့ ပြဿနာကိုကိုင်တွယ်ဖို့ဆိုတာ ဖြစ်စဉ်တစ်ခုလုံးကိုလွှမ်းခြုံနိုင်တဲ့ မူဝါဒတစ်ခုရှိဖို့နဲ့ အဲဒီမူဝါဒကို အခြေခံပြီးအများသဘောတူလက်ခံတဲ့ ဥပဒေတစ်ရပ်ပေါ်ထွက်ဖို့ဖြစ်ပါတယ်။

အခုချိန်မှာ မြေယာပြဿနာတွေကိုကိုင်တွယ်ဖို့ ၂ဝ၁၆ခုနှစ်၊ အမျိုးသားမြေအ သုံးချမှုမူဝါဒရှိထားပြီးဖြစ် ပါတယ်။ ဒါကိုအများလက်ခံနိုင်တဲ့ဥပဒေဖြစ်အောင်အသက်သွင်းဖို့က လွှတ်တော်ကိုယ်စားလှယ်  တွေရဲ့တာ ဝန်ပါ။ မူဝါဒကိုအခြေခံ၊ အများကိုကိုယ်စားပြုနိုင်မဲ့ အဲဒီဥပဒေကသာလျှင်    မြေယာပြဿနာတွေကိုဖြေရှင်းနိုင် မယ့်လမ်းစဖြစ်ပါတယ်။ ဒါကိုလုပ်သင့်တာပါ။ အရင်ကမြေသိမ်းကိစ္စတွေနဲ့ပတ်သက်ပြီးတရား သဖြင့်ရှိနေခဲ့တဲ့ဥ ပဒေတွေကို ဖျက်သိမ်းခြင်းမလုပ်ဘဲ မဖြစ်ညစ်ကျယ်ပြင်ဆင်၊ ဥပဒဟောင်းတွေထဲကကောင်းတဲ့အချက်တွေ ပယ်နုတ်၊ ချထားပြီးဖြစ်တဲ့မူတွေနဲ့ဆီလျော်မှုမရှိတဲ့ ဥပဒေအသစ်တွေရေးဆွဲပြီး နစ်နာသူတွေပိုပြီး နစ်နာစေတဲ့ ဆန်စင်ရာကျည်ပွေ့လိုက် လုပ်ဆောင်မှုတွေရှောင်ကြဉ်သင့်ပါတယ်။

လုပ်သင့်တာတွေကို မလုပ်ဘဲ၊ မလုပ်သင့်တာတွေကိုလုပ်နေမယ်ဆိုရင် ခေတ်အဆက်ဆက် မတရား သဖြင့်ရှိခဲ့တာတွေကို တရားပါတယ်လို့ အသိအမှတ်ပြုရာရောက်ပြီး၊ ဒီလုပ်ဆောင်မှုတွေကတစ်ဆင့် နောင်မှာ မတရားမှုတွေဆက်ဖြစ်လာမယ်ဆိုရင် ဒီမတရားမှုတွေဖြစ်စေဖို့ လုပ်ဆောင်ခဲ့သူတွေ ဟာသမိုင်းတရားခံဖြစ်နိုင် တာကို သတိပြုရပါမယ်။

၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်းဟာ ၁၈၉၄ခုနှစ် မြေသိမ်းဥပဒေလို နစ်နာသူတွေ အတွက်အာမခံချက် အတိအကျမပေးနိုင်ဘူးဆိုရင်တောင် ၂ဝ၁၆ခုနှစ်အမျိုးသားမြေအသုံးချမှု မူဝါဒတွေနဲ့ဆီလျော်သင့်ပါတယ်။ ဒီ လိုဆီလျော်မှုမရှိဘဲ လွှတ်တော်မှာဆွေးနွေးဖို့လည်းမသင့်တော်ပါဘူး။ ဒီလို မသင့်တော်တဲ့ကိစ္စကိုသင့်တော်ပါ တယ်လို့ယူဆပြီး ဆွေးနွေးကြမယ်ဆိုရင်ဖြင့် ဘာအတွက်အလျင်လိုနေသလဲလို့မေးရမယ်ထင်ပါတယ်။

တချို့ကလည်းမြေသိမ်းရမယ်၊ ၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်းဟာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လို့ဆိုပါတယ်။ ဒါဖြင့်ရင်ပြန်စဉ်းစားလို့ရတာက အခုလက်ရှိသိမ်းဆည်းမြေတွေဟာ ဘယ်သူတွေလက်ထဲမှာ အ များဆုံးရှိနေသလဲ၊ သိမ်းထားပြီးအသုံးပြုနေသလား၊ သူတို့လက်ထဲကမြေတွေကိုပြန်ယူနိုင်ဖို့ အာမခံချက်ရှိတဲ့ အချက်တွေကို ဥပဒေကြမ်းမှာမတွေ့ရပါဘူး။

ဒါကြောင့်ပဲ ၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေကြမ်းဟာ လက်ရှိမြေသိမ်းထားသူတွေ ရဲ့လက်ထဲကမြေကိုပြန် ယူဖို့မဟုတ်ဘဲ တိုင်းရင်းသားတွေအပါအဝင်၊ အခြေခံလူတန်းစား၊ ပြည်သူတွေဆီကမြေတွေထပ်သိမ်းဖို့ပဲ ဖြစ် နေတာတွေ့ရပါတယ်။ နစ်နာသူတွေအတွက်အာမခံချက်မရှိတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေသုံးပြီး မြေတွေထပ်သိမ်း ဖို့မလုပ်သင့်တော့ပါဘူး။

ဒီနေရာမှာ ဖိလစ်ပိုင်ရဲ့အတွေ့အကြုံကိုသတိပြုဖို့လိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အာဏာရှင်မားကို့စ်ကို ဖြုတ်ချခဲ့ပြီးနောက် ပြည်သူ့အာဏာလှုပ်ရှားမှုခေါင်းဆောင် သမ္မတကိုရာဇွန်အကွီနိုက ပထမဆုံးအမျိုးသမီး သမ္မတအဖြစ်တိုင်းပြည်ကိုဦးဆောင်ခဲ့ပါတယ်။ ဖိလစ်ပိုင်ဒီမိုကရေစီရဲ့ မီးရှူးတိုင်အဖြစ်တင်စားခံခဲ့ရတဲ့ သူ့လက် ထက်မှာအခက်အခဲတွေကြားထဲကလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲမအောင်မြင်တဲ့ကိစ္စတွေထဲမှာ မြေယာ ပြုပြင်ပြောင်းလဲရေးအကြောင်းအရာလည်းပါခဲ့ပါတယ်။

ကိုရာဇွန်အကွီနိုဟာ ‘ကိုယ်ပိုင်တဲ့မြေကိုကိုယ့်ဆန္ဒအလျောက်ရောင်းဝယ်ခွင့်မူ’ နဲ့ မြေယာပြုပြင်ပြောင်း လဲရေးလုပ်ဖို့Jကြိုးစားခဲ့တာပါ။ ဒါပေမဲ့သူအပါအဝင် (ကွန်ဂရက်လွှတ်တော်တွင်းနဲ့လွှတ်တော်ပြင်ပမှာ ရှိနေ သော) အင်အားကြီးပြီး ကြွယ်ဝတဲ့မြေရှင်ကြီး (ခရိုနီ) တွေယူထားတဲ့မြေကိုပြန်ရအောင်မလုပ်နိုင်ခဲ့ပါဘူး။ ဒီလို မလုပ်နိုင်ဘဲ ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဟာလည်းအင်အားကြီးသူတွေအတွက်အားသာချက်ဖြစ်စေခဲ့တာ ကြောင့်အောင် မြင်မှုမရခဲ့ဘူးလို့ သမိုင်းမှာမှတ်တမ်းတင်ခံခဲ့ရပါတယ်။ မအောင်မြင်မှုရဲ့နောက်ဆက်တွဲအဖြစ် အငြင်းပွားဖွယ် ရာတွေနဲ့ ရှုပ်ထွေးမှုတွေဟာမျက်မှောက်ခေတ်အထိဆက်ဖြစ်ခဲ့ရပါတယ်။

ဖိလစ်ပိုင်နဲ့ မြန်မာအခြေအနေကထပ်တူကျပုံစံမဟုတ်ပေမဲ့ ယူတတ်ရင်သင်ခန်းစာရနိုင်ပါတယ်။ အခု ချိန်မှာ သိမ်းဆည်းခံထားရတဲ့မြေတွေထဲက အသုံးမပြုဘဲရှိနေတဲ့မြေတွေကိုပြန်သိမ်းဖို့ကအဓိကလား၊ နိုင်ငံ့ဖွံ့ ဖြိုးရေးခေါင်းစဉ်အောက်ကနေ အင်အားကြီးတွေအသာစီးရနိုင်တဲ့ ဥပဒေတွေနဲ့ပြည်သူတွေဆီက မြေတွေထပ် သိမ်းဖို့ခွင့်ပြုမလား။ ဒါမှမဟုတ်မြေသိမ်းဥပဒေအားလုံးကိုထိန်းချုပ်နိုင်တဲ့ မြေယာပြဿနာအားလုံး ကိုင်တွယ် ဖြေရှင်းနိုင်ပြီး နစ်နာသူတွေကိုအကျိုးရှိစေမယ့် တစ်ခုတည်းသော (အများသဘောတူ) ဥပဒေသစ်တစ်ခုရေးဆွဲ မလား အရေးကြီးတာအရင်လုပ်ဖို့ပါပဲ။

အတွက်မှားရာကနေသမိုင်းတရားခံမဖြစ်ချင်ကြပါနဲ့လို့ပဲပြောချင်ပါတယ်။ ၂ဝ၁၇ခုနှစ် မြေသိမ်းဥပဒေ ကြမ်းဟာ လယ်သမားထုအပါအဝင် ကျောမွဲတွေရဲ့နောက်ကျောကိုထပ်စိုက်မယ့်ဓားတစ်စင်းသာ ဖြစ်နေပါ တယ်။

(ဆောင်းပါးရှင်မှတ်ချက် -The Speaker သတင်းဂျာနယ်တွင် အပိုင်းလိုက်ဖော်ပြခဲ့သောဆောင်းပါးများကိုအ ခြေခံ၍ ယခုဆောင်းပါးအား တည်းဖြတ်ပြင်ဆင်ထားပါသည်။)

နေထွန်းနိုင်