ခေတ်က ပခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန်

၁၉၉၃-၂ဝဝ၈ စတင်ရေးဆွဲ ကတည်းကရော၊ ၂ဝဝ၈ခုနှစ်နောက်ပိုင်းမှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူလူထု သိန်းနဲ့ချီသေဆုံးလို့ သောကတွေဝေနေကြရတာကို လျစ်လျူရှုပြီး အတည်ပြုပြဋ္ဌာန်းတုန်းကရော ပြည်သူလူထုလက်မခံ၊ အသိအမှတ်မပြုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ”ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ပူးပေါင်းရေး ကော်မတီ ဖွဲ့စည်းရန်”ဆိုတဲ့ အရေးကြီးအဆိုတစ်ခုကို ၂ဝ၁၉၊ ဇန်နဝါရီ ၂၉ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မှာ တင်သွင်းခဲ့ပါတယ်။ တင်သွင်းသူကတော့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦး အောင်ကြည်ညွန့်ဖြစ်ပါတယ်။

ဒီအခြေခံဥပဒေပြင်ဆင်ဖို့အတွက် ပြည်သူလူထုက အမြဲတမ်းကြိုးစားနေရပြီး ၂ဝ၁၅မတိုင်ခင်က လက်မှတ် ကောက်ခံမှုတွေနဲ့နိုင်ငံအဝန်း ပြုလုပ်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ လက်မှတ်ပေါင်း ၅သန်းကျော်ကို အဲဒီအချိန်က ”ပြည်သူ့ အသံလွှတ်တော်အသံ”ဆိုတဲ့ လွှတ်တော်ကြီးတွေကဥပေက္ခာ ပြုခဲ့ကြပါတယ်။ ဒီ ၂ဝ၁၈ကိုမပြင်နိုင်ဘူးဆို ရင် တိုင်းပြည်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မရောက်ရှိနိုင်ဘဲ ပြည်သူတစ်ရပ်လုံးမျှော်လင့်နေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို မတည်ထောင်နိုင်တော့ဘူးလို့ ယုံကြည် ပါတယ်။

ဒါပေမယ့် ဒီလို ၂ဝဝ၈အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ဒါမှမဟုတ် အသစ်ပြန်ပြီးရေး ဆွဲနိုင်ကြဖို့ ပြည်သူလူထုက လိုလားတောင့် တနေကြချိန်မှာ ဒီ ၂ဝဝ၈ကိုပြင်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းတဲ့ အခါမှာတော့ တပ်မတော်သားကိုယ်စားလှယ် အားလုံးကမတ်တတ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ အကြောင်းပြချက်ကတော့ အခုအဆိုတင် သွင်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေလုပ် ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီဘူးလို့ ဆိုတာပဲဖြစ်ပါတယ်။ ဒီကနေ့ အဆိုနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ကြရာမှာ အဆိုကိုဆွေး နွေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပေမယ့် အခုအချိန်မှာတော့ အဲ့ဒီလိုဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ပြည်ထောင်စုလွှတ် တော်နာယကဆီကို ကန့်ကွက်စာပေးပို့ထားတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အခုလို အခြေခံဥပဒေပြင်ဖို့အတွက် အသံကလေးထွက်လာတာကြောင့် ကျွန်တော်က ရှေ့နေကြီးဦးကိုနီကိုသွားပြီး သတိရလိုက်ပါတယ်။

ဦးကိုနီသည် မွတ်ဆလင်လူမျိုးဖြစ်ပြီး အစ္စလမ်ဘာသာကို ယုံကြည်ကိုးကွယ်ပါသည်။

ကျွန်တော်သည် ဗမာလူမျိုးဖြစ်ပြီး ဗုဒ္ဓ ဘာသာကို ယုံကြည်ကိုးကွယ်ပါသည်။

ဦးကိုနီသည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပေါင်းစုံကို ချစ်ရှာပါသည်။

ကျွန်တော်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်သည် ဦးကိုနီကို လေးစားချစ်ခင်ရပါသည်။

၂၉- ၁- ၂ဝ၁၇… ထိုနေ့က ကျွန်တော်လေးစားချစ်ခင်ရသည့် ဦးကိုနီတစ်ယောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်ကြီးသို့ ရောက်လာသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့နှင့် မာလူကူပြည်နယ်တို့တွင် ကျင်းပပြုလုပ်သည့် Senior Leadership Progranmme သို့သွားရောက်  လေ့လာပြီးနောက် အတူသွားသူ ပြန်ကြားရေးဝန်ကြီးအဖွဲ့နှင့်အတူ ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။ လာရောက်ကြိုဆိုသူ သမီးဖြစ်သူထံမှ မြေးကလေးကို ပွေ့ချီချော့ မြှူနေစဉ် လူသတ်သမားတစ်ဦး မိမိနောက်သို့ရောက်ရှိလာသည်ကို ဦးကိုနီမသိခဲ့ပါ။ လူသတ်သမားသည် ၎င်းယူဆောင်လာသည့်သေနတ်နှစ်လက်အနက် ၉မမပစ္စတိုကိုထုတ်ယူကာ အလွန်သတ္တိရှိစွာဖြင့် ဦးကိုနီ၏ဦးခေါင်းကို နောက်ဘက်မှ အနီးကပ်ပစ်ထည့်လိုက်သည်။ ဤ သေနတ်ဒဏ်ရာဖြင့်ပင်ဦးကိုနီတစ်ယောက် လဲကျကာပွဲချင်းပြီး သေဆုံးသွားခဲ့ရပါသည်။ ဦးကိုနီကိုလုပ် ကြံသတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ”သူရဲဘောကြောင်တဲ့ အကြမ်းဖက် လုပ်ရပ်ကြောင့် သူရဲကောင်းတစ်ယောက်ကျဆုံးသွားခဲ့ရတာပါ။ ဆရာဦးကိုနီကျဆုံးသွားရတာကို နိုင်ငံအတွက်ရော၊နိုင်ငံသား တွေအတွက်ပါ ဆုံးရှုံးမှုလို့ ရှုမြင်တယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတော်လူသတ်မှုကြီးအဖြစ် သတ်မှတ်ပါတယ်။ ၂ဝဝ၈ဖွဲ့စည်းပုံအကျပ် အတည်းကို ကျော်လွှားဖို့ သူကြိုးစားခဲ့တာပါ။ သူသည် အစ္စလမ်ဘာသာဝင် မွတ်ဆလင် လူမျိုးတစ်ယောက်ဖြစ်လင့်ကစား အဲဒီဘာ သာဝင်တွေအတွက် အဓိကထားလုပ်နေခြင်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံက တစ်မျိုးသားလုံးအတွက် သူကရုန်းကန်ကြိုးပမ်း ရင်းနဲ့ မနေ့က ၅နာရီဝန်းကျင်မှာ အကြမ်းဖက်လုပ်ရပ်ကြောင့် ကျဆုံးသွားတာကို ယူကျုံးမရဖြစ်မိပါတယ်၊”ဟု ဝမ်းနည်း ကြေကွဲစွာပြောလိုက်သည်ကို ကျွန်တော်ဖတ်လိုက်ရပါသည်။ ဦးကိုနီကျဆုံးသွားခြင်းအတွက်ပြည်သူများနှင့်အတူ ကျွန်တော် လည်း ဝမ်းနည်းရပါသည်။ ထို့အတူ ဦးကိုနီကို မည်သူတွေ သတ်သလဲ၊ ဘာကြောင့်သတ်သလဲ။ မည်သည့်အတွက်ကြောင့် သတ်ရန်စေခိုင်းကြသလဲ စသည်တို့ကို ကျွန်တော် စိတ်ဝင်တစားရှိလှပါသည်။ ဦးကိုနီကိုသတ်ခြင်းမှာ ဒီမိုကရေစီကို သတ်ခြင်းလည်းဖြစ်သည်ဟု ကျွန်တော်ယုံကြည်မိပါသည်။ ၂ဝဝ၈ ခယောင်းတော၌ လူးလွန့်ရှင်သန်နေကြရသော ကျွန်တော်တို့၏ ဒီမိုကရေစီသည် အသက်ကို အငမ်းမရ ပင်ပန်းကြီးစွာ ရှူနေရသည်မဟုတ်လား။

ကာလအတန်ကြာခဲ့ပြီ ဖြစ်သောကြောင့် ကဗျာကလေး၏အမည်ကို ကျွန်တော်မမှတ်မိတော့ပါ။ ကဗျာကလေးထဲမှာ ”ပြောက်ကျား”ရဲဘော်ကလေးတစ်ဦးပါရှိနေသောကြောင့် မြန်မာ့လွတ်လပ်ရေးအတွက် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက် ထုတ်နေရသည့်အချိန်လည်း ဖြစ်ပါလိမ့်မည်။ မျိုးချစ်မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူတို့၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှု ကြောင့် ဖက်ဆစ်တို့ ဆုတ်ခွာထွက်ပြေးနေကြရသည်။ ထိုကဲ့သို့ ဆုတ်ခွာကြစဉ်မှာ နောက်ကလိုက်လာကြ မည့် တော်လှန် ရေး ရဲဘော်များထိခိုက်ပျက် စီးကျဆုံးရန်အတွက် မြေမြှုပ်မိုင်းများကို ထောင်၍ထားခဲ့ကြသည်။ ထိုမိုင်းများထဲမှ တစ်လုံးကို ပြောက်ကျားရဲဘော်ကလေး နင်းမိသွားပါသည်။ သွေးအလိမ်းလိမ်းဖြင့် သေအံ့မူးမူးဖြစ်နေသော ပြောက်ကျား ရဲဘော် ကလေးကို မိတ်ဆွေတော်လှန်ရေးသမားများက ကြင်ကြင်နာနာ ပိုက်ပွေ့ကာသူ၏ နောက်ဆုံးဆန္ဒအား မေးမြန်းကြပါ သည်။ မိဘတွေကို ဘာမှာခဲ့ချင်သလဲ၊ချစ်သူ လေးကိုဘာမှာခဲ့ချင်သလဲ၊ တိုင်းပြည်ကို ဘာမှာခဲ့ချင်သလဲ စသည်စသည်ဆိုပါ တော့။

”အမောင်ပြောက်ကျား တိုင်းပြည်အားကို

ဘာများမှာခဲ့လိုသနည်း” ဟု မေးမြန်း ကြရာတွင် ပြောက်ကျားရဲဘော်ကလေး၏ အဖြေမှာလွမ်းစရာကောင်းလှပါ၏။ ကြောက် စရာကောင်းလှပါ၏။ ရင်နင့်စရာကောင်း လှပါ၏။ ကြက်သီးထစရာ ကောင်းလှပါ၏။ စဉ်းစားဆင်ခြင်တွေးတောစရာ ကောင်းလှ ပါ၏။ ကြည့်ကြပါတော့…။

”ခရီးမတ်တတ်၊ လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍၊ အားနာခဲ့ကြောင်းပြောပါလေ”တဲ့ မဟုတ်လား။ လွတ်လပ်ရေးမရခင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင် နေစဉ်မှာကျဆုံးသွားရခြင်းဖြစ်သောကြောင့် တိုင်းပြည်အပေါ်မှာ တာဝန်မကျေပွန်ရာ ရောက်နေသဖြင့် အားနာပါ တယ်ဟု ပြောက်ကျားရဲဘော်ကလေး ပြောခြင်းဖြစ်သည်။ ဦးကိုနီလည်း အားနာနေမှာပါပဲ။ တိုင်းပြည်ကအစစ်အမှန် ဒီမိုကရေစီ မရသေးဘူးမဟုတ်လား။

ဘာကြောင့် ကျွန်တော်တို့ တိုင်းပြည်က ”အစစ်အမှန်ဒီမိုကရေစီ” မရသေးဘူး လို့ကျွန်တော်ပြောရလဲ။ ဘာကြောင့် တိုင်းသူ ပြည်သားတွေက ”အစစ်အမှန်ဒီမိုကရေစီ” မရရှိ၊ မခံစားကြရသေးဘူးလို့ ပြောနေကြသလဲ။ စင်ကာပူမှာ ဦးကိုနီ ဟောပြောခဲ့တဲ့ ဟောပြောချက်တွေထဲက ဟောဒီအပိုဒ်ကို ဖတ်ကြည့်ကြရအောင်ပါ။

”ဥပဒေပြုအာဏာကို ပြည်ထောင်စု လွှတ်တော်ကပိုင်တယ်။ ဒါဆိုပြည်ထောင်စု လွှတ်တောကို ဘယ်လိုဖွဲ့စည်း ထားသလဲ။ ပြည်ထောင်စုလွှတ်တော်ဆိုတာ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း ပြီးဖွဲ့စည်းထားတာ။ ပြည်သူ့လွှတ်တော်ကို လွှတ်တော်အမတ် ၄၄ဝနဲ့ ဖွဲ့တယ်။ အဲဒီမှာ ၃၃ဝက ပြည်သူတွေရွေးတာ။ ၁၁ဝက ကာကွယ်ရေး ဦးစီးချုပ်ကခန့်တာ။ အမျိုးသားလွှတ်တော်ကို လွှတ်တော်အမတ် ၂၂၄ယောက်နဲ့ဖွဲ့တယ်။ အဲဒီမှာ ၁၆၈ ယောက်က ပြည်သူတွေရွေးတာ။ ၅၆ ယောက်က ကာကွယ်ရေးဦးစီးချုပ်က ခန့်တာ။

လွှတ်တော်နှစ်ရပ်ပေါင်းတော့ ၆၆၄ ယောက်ရှိတယ်။ ၄၉၈ယောက်ကအရပ်သား တွေ ရွေးထားတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေ။ ၁၆၆ယောက်ကကာကွယ်ရေးဦးစီးချုပ် ဆိုတဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း က ခန့်အပ်ထားတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ။ အဲဒီတော့ နိုင်ငံတော်အာ ဏာကို လွှတ်တော်ကပိုင်တယ်။ လွှတ်တော် အမတ် လေးပုံသုံးပုံကို ပြည်သူလူထုကပိုင်တယ်။ လေးပုံတစ်ပုံကို ကာကွယ်ရေးဦးစီး ချုပ်က ပိုင်တယ်။ ဆိုတော့ ပြည်သူပိုင်တာ ဥပဒေပြုအာဏာရဲ့ လေးပုံသုံးပုံပဲပိုင်တာ။ ကျန်တဲ့ လေးပုံတစ်ပုံကိုကာကွယ်ရေးဦးစီး ချုပ်ဆိုတဲ့ လူတစ်ဦးတစ်ယောက် တည်းက ပိုင်နေတယ်။ ပုဒ်မ ၁ဝ၉၊ ၁၄၁၊ ၁၆၁အရ နိုင်၏ငံတော်အာဏာရဲ့ လေးပုံတစ်ပုံကို ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်တည်းရဲ့လက်ထဲမှာ အပ်ထားတာ။

အကြမ်းဖျင်းအားဖြင့် မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆ဝရှိတယ်။ လွှတ်တော်မှာအ ရပ်သားအမတ်ပေါင်းက ၄၉၈ ယောက်ပဲရှိတယ်။ ထားပါ ၅ဝဝ။ သန်း ၆ဝကို ၅ဝဝနဲ့ စားရင်အရပ်သား တစ်သိန်းနှစ်သောင်းမှ လွှတ်တော်ကိုယ်စားလှယ် တစ်သိန်းနှစ်သောင်းမှ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ပဲရတယ်။ တပ်မတော်သားက ငါးသိန်းသုံးသောင်းကျော် ရှိတယ်။ စားကြည့်လိုက်ရင် စစ်သား ၃၂ဝဝကို အမတ်တစ်ယောက်ရတယ်။ ကျွန်တော်တို့ဘက်က အရပ်သားတစ်သိန်း ကျော်ကို အမတ်တစ်ယောက်ပဲရနေချိန်မှာ သူတို့က လူ၃ဝဝဝကျော်ကို အမတ်တစ်ယောက်နှုန်းနဲ့ လွှတ်တော်ကို စီးထား တယ်။ ဥပဒေပြုအာဏာရဲ့ လေးပုံသုံးပုံကို ကျွန်တော်တို့ရထားတယ်။ လေးပုံသုံးပုံဆိုပြီး ပျော်မနေပါနဲ့၊ အုပ်ချုပ် ရေးအာဏာ ကို ဆက်ကြည့်ရအောင်။

ဖွဲ့စည်းပုံဥပဒေပုဒ်မ ၁၆မှာနိုင်ငံတော် သမ္မတသည် နိုင်ငံတော်၏အကြီးအကဲ လည်းဖြစ်သည်။ အစိုးရအဖွဲ့၏ အကြီးအကဲ လည်းဖြစ်သည်။ ပုဒ်မ ၅၈မှာ နိုင်ငံတော်၏ အကြီးအကဲ ဖြစ်သည်တဲ့။ နောက်ပုဒ်မ ၁၉၉မှာ အစိုးရအဖွဲ့၏ အကြီးအကဲမှာ သမ္မတဖြစ်သည်လို့ ရေးထားပါတယ်။

ပြည်သူရွေးတဲ့ သမ္မတမှာ နိုင်ငံတော်အာဏာရှိရင် ပြည်သူမှာအာဏာရှိတာနဲ့ အတူတူပါပဲ။ ပြည်သူရွေးကောက်တင် မြှောက်တဲ့ လွှတ်တော်မှာအာဏာရှိတာနဲ့ အတူတူပါပဲ။ ပြည်သူကရွေးထားတာဖြစ်တဲ့အတွက် မကြိုက်ရင်ဖြုတ်ပစ်ပြီး နောက်တစ်ယောက်ရွေးလို့ရတယ်။ ဒါဆိုရင်သမ္မတမှာ တကယ်အာဏာရှိသလား ကြည့်ရအောင်။

နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်အကြီးအကဲမှန်ရင် သူ့လက်အောက်မှာအလုပ်လုပ်တဲ့ဝန်ကြီးတွေကို သူခန့်ရမယ်။ အရေးပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ။ အဲဒီအဖွဲ့အားလုံးက လက်နက်ကိုင်အဖွဲ့တွေ။ အဲဒီ သုံးဌာနရဲ့ ဝန်ကြီးရော၊ ဒုဝန်ကြီးကိုပါ သမ္မတကခန့်ခွင့်ရှိရမယ်။ အခုတော့ သုံးဌာနရဲ့ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေကို ကာကွယ်ရေးဦးစီး ချုပ်ကခန့်ရမယ်။ အဲဒီလိုကာကွယ်ရေးဦးစီးချုပ်က ခန့်တာကို လွှတ်တော်နဲ့သမ္မတက ငြင်းပိုင်ခွင့်လည်း မရှိဘူး။ ဖြုတ်ပိုင် ခွင့်လည်းမရှိဘူး။ အဲဒီအတိုင်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားရေးထားတယ်။ အခုကျွန်တော်တို့ ရွေး ကောက်တင် မြှောက်ထားတဲ့ သမ္မတကြီးသည် နိုင်ငံတော်အတွက် အင်မတန်အရေး ကြီးသည့် ဝန်ကြီးသုံးပါးနဲ့ ဒုဝန်ကြီးတွေကို ခန့်အပ် ပိုင်ခွင့်မရှိဘူး၊ အဲဒီအာဏာကို ကာကွယ်ရေးဦးစီးချုပ်ကို လုံးဝဥဿုံ အပြတ်ပေးထားတယ်။ ကာလုံကို ၁၁ ယောက်နဲ့ဖွဲ့တယ်။ သမ္မတကို ဥက္ကဋ္ဌခန့်ထားတယ်။ အဲဒီ ၁၁ယောက်ထဲက သမ္မတကို မဲပေးမယ့်သူက ၂ယောက်ပဲရှိတယ်။ အရပ်သားဒုသမ္မတ နဲ့ပေါင်းမှ ၃ယောက်ပဲရှိတယ်။ နောက်လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်က ဘယ်သူ့ကိုမဲပေးမလဲမသိ။ နောက်ထပ် ၆ယောက်။ ကာကွယ်ရေးဦးစီးချုပ်၊ သူ့တပည့် ဒုကာကွယ်ရေးဦးစီးချုပ်၊ နောက်ပြီး သူ့တပည့်တွေဖြစ်တဲ့ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲ ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ နောက်ပြီး တပ်မတော်သား ဒုသမ္မတ၊ ဒါလည်းသူခန့်ထားတဲ့ သူ့တပည့်ပဲ။

ဒီတော့ကာကွယ်ရေးဦးစီးချုပ်နဲ့ သူ့တပည့်၅ယောက်က ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာပါနေတယ်။ ၁၁မဲမှာ သူက ၆မဲ။ ကာကွယ်ရေးဦးစီးချုပ်အောက်မှာ လုပ်ရတဲ့ သူ့တပည့် ၅ယောက်ကမလွဲမသွေကိုထောက်ခံရမယ်။ ဒီတော့ မေးစရာရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်ကို ဘယ်သူကခန့်သလဲတဲ့။ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်တို့ကို သမ္မကြီးက ခန့်နိုင်တယ်။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်ကိုတော့ မခန့်နိုင်ဘူး။ သိပ်အံ့သြဖို့ကောင်းတယ်။ ပုဒ်မ ၃၄၂မှာ ကာကွယ် ရေးဦးစီးချုပ်ကို ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် သမ္မကခန့်ရမည်တဲ့။ သမ္မတက ကာ/လုံခိုင်းတဲ့ အတိုင်းအမိန့်ထုတ်ပေးရမှာ။ ကာ/လုံရဲ့အာဏာက ဘယ်သူ့လက်ထဲမှာလဲ၊ ကာကွယ်ရေးဦးစီး ချုပ်လက်ထဲမှာ။ ဒီလိုဆို ကာကွယ်ရေးဦးစီးချုပ်ကို ဘယ်သူခန့်မှာလဲ။

အဲ့ဒါ စာထဲပါတဲ့အတိုင်း ပြောပြတာ။ အုပ်ချုပ်ရေးဌာန အကြီးအကဲသည်  သမ္မတ၊ နိုင်ငံတော်အကြီးအကဲသည် သမ္မ တ။ ဒါစာအုပ်ထဲမှာပါတာ။ ဒါဆိုအဲဒါဟုတ်,မဟုတ် စဉ်းစားကြည့်ကြရအောင်၊ မြန်မာတစ်နိုင်ငံလုံးကို ဘယ်သူအုပ်ချုပ် နေသလဲ။

အနိမ့်ဆုံးရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သူ့အထက်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ သူ့အထက်မှာ အင်္ဂလိပ်လွိုဗ GA (Grnreal Adminstration) လို့ခေါ်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရှိတယ်။ သူ့အထက်မှာတိုင်း ထွေ/အုပ်ရှိတယ်။ နောက်ပြီး တော့ပြည်ထောင်စုအဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိတယ်။ သူ့အထက်မှာ ပြည်ထဲရေးဝန်ကြီး၊ လက်တွေ့မှာ တိုင်းပြည်ကို အဲဒီအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အုပ်ချုပ်နေတယ်။

အဲဒီအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ အုပ်ချုပ်မှုကို ရဲတပ်ဖွဲ့ကအထောက်အကူပေးတယ်။ အမိန့်မနာခံတဲ့ ကောင်တွေ အားလုံးကို တရားစွဲမယ်။ အချုပ်ထဲထည့်မယ်။ ထောင်ချမယ်။ လက်နက်ကိုင်ထားတဲ့ ရဲက GAနဲ့တွဲပြီး အလုပ် လုပ်တယ်။ မြို့နယ် ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့၊ သူတို့အထက်မှာ ရဲချုပ်နဲ့ အထက်ဆုံးမှာ ပြည်ထဲ ရေးဝန်ကြီးရှိနေတယ်။

ဒီကနေ့ မြန်မာတစ်နိုင်ငံလုံးကိုအထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ပြည်သူ့ရဲတပ် ဖွဲ့ကအုပ်ချုပ်နေတယ်။ သူတို့ နှစ်ယောက်အထက်မှာ ပြည်ထဲရေးဝန်ကြီးရှိတယ်။ ပြည် ထဲရေးဝန်ကြီးကို ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတယ်။ ဒီတော့ တိုင်းပြည်ကိုတကယ် အုပ်ချုပ်နေတဲ့ ပြည်ထဲရေးဝန်ကြီးသည် သမ္မတအလိုကျအုပ်ချုပ်မလား၊ ကာကွယ်ရေးဦးစီးချုပ် အလိုကျ အုပ်ချုပ်မလား။ အဲဒါတိုင်းပြည်ကို ဘယ်သူက အုပ်ချုပ်နေသလဲဆိုတာ မြင်သာအောင်ပြောပြတာ။ စာအုပ်ထဲမှာ တိုင်းပြည်ကိုကြည့်ရင် သမ္မတအုပ်ချုပ်ပါတယ်လို့ (ထင်ရအောင်) ရေးထားပေမယ့် တကယ့်လက်တွေ့မှာ တိုင်းပြည်ကို သမ္မတအုပ်ချုပ်နေပါတယ်လို့ မပြောနိုင်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ အုပ်ချုပ်မှု အာဏာကိုလည်း ကာကွယ်ရေးဦးစီးချုပ်ကိုပေးထားတယ်။

နောက်ဆုံးတရားစီရင်ရေး အာဏာကို ကြည့်ရအောင်။ ၁၉၄၇ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တရားစီရင်ရေးအာဏာ ကို တရားလွှတ်တော်ချုပ်ကို အပြည့်အဝအပ်နှံတယ်။ ဘယ်သူကိုမှ ခွဲမပေးဘူး။ ဦးနေဝင်းလက်ထက်မှာတုန်းကလည်း တခြား ဟာတွေသာ သူယူထားတယ်။ တရားစီရင်ရေးအာဏာကို ယူမထားဘူး။ တရားသူကြီးကိုသာ ဖိအားပေးချင်ပေးမယ်။ တရား ရေးအာဏာကိုတော့ တရားရုံးချုပ်ကိုပဲ အပ်ထားတယ်။ အဲဘက် ဗိုလ်သန်းရွှေခေတ်မှာလည်းပဲ တရားရုံးချုပ်ကိုပဲ အာဏာ အပ်ထားတာပဲ။ စစ်တပ်ကဘယ်တုန်းကမှ တရားရေးအာဏာကို မယူခဲ့ဘူး။ အခု ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၃မှာ စစ်ဘက်တရားစီရင်ရေးနဲ့ပတ်သက်ရင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။ ဆိုလိုတာက ကာကွယ်ရေးဦးစီးချုပ်ဟာ စစ်ဘက်တရားစီရင်ရေးရဲ့ တရားသူကြီးချုပ်၊ စစ်သားအားလုံးဟာ ကာကွယ်ရေးဦး စီးချုပ် အောက်မှာ ဘယ်လိုမှ လှုပ်မရအောင်ထည့်ပေးလိုက်တာ။ တကယ့်ကိုပဲ အာဏာရှင် အစစ်အမှန်ဖြစ်အောင်လုပ်ပေးထား တာ။

အုပ်ချုပ်ရေးကိုလည်း ကာချုပ်ပဲလုပ်၊ စစ်တပ်ကိုလည်း ကာချုပ်ပဲလုပ်၊ တရားရေးကိုလည်း ကာချုပ်ပဲလိုပ်ဆိုတော့ ဘယ်လို နည်းနဲ့မှ တရားမျှတတဲ့ တရားစီရင်ရေး မဖြစ်နိုင်ဘူး၊ ဒါမျိုးကမ္ဘာပေါ်မှာလည်း မရှိဘူး။ ဆိုတော့ နိုင်ငံတော်အချုပ် အခြာအာဏာ သုံးခုစလုံးကို ကာကွယ်ရေးဦး စီးချုပ်လက် ထဲအပ်ထားတာဟာ ပြီးခဲ့တဲ့ စတုတ္ထမြန်မာနိုင်ငံတော်ကို အုပ်စိုးခဲ့တဲ့ စစ်အစိုးရက နောက်ပဉ္စမနိုင်ငံတော်ကို အုပ်စိုးဖို့ချထားတဲ့ ဖောင်ဒေးရှင်းပဲ။

အဲဒီဖောင်ဒေးရှင်းအတိုင်းသာသွားရင်တော့ ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံ မရောက်နိုင်ဘူး။ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ စံချိန်ဟာ နိုင်ငံတော်အာဏာဘယ်မှာ တည်ရှိသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ နိုင်ငံတော်အာဏာဟာ ပြည်သူတွေ လက်ထဲမှာရှိမှ ဒီမိုကရေစီနိုင်ငံအမှန်ဖြစ်မယ်။ တကယ်လို့ နိုင်ငံတော်အာဏာဟာ ပြည်သူတွေလက်ထဲမှာမရှိဘဲ တစ်စုံတစ် ယောက်တစ်စုတစ်ဖွဲ့ရဲ့ လက်ထဲမှာရှိခဲ့လျှင် အဲဒါ ဒီမိုကရေစီနိုင်ငံမဟုတ်တော့ဘူး။ အဲဒါကြောင့်မို့လို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တည်ဆောက်မယ့် မြန်မာနိုင်ငံဟာ ဘယ်နည်းနဲ့မှ ဒီမိုကရေစီနိုင်ငံမဖြစ်နိုင် တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ခုနက ကျွန်တော်ပြောခဲ့တဲ့ ပုဒ်မတွေကိုအပ်နှင်းရမယ့်အစား တစ်စုံတစ်ယောက်သောသူကို အလွန်အကျွံပေးအပ်ထားတဲ့အတွက် အဲဒီ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီနိုင်ငံကို ဘယ်လိုမှတည်ဆောက်လို့ မရနိုင်တော့ဘူး။

ဤဟောပြောချက်ပါ အချက်အလက်များသည် အစစ်အမှန်ဒီမိုကရေစီကို နားလှည့်ပါးရိုက်ထားကြသည်။ တိုင်းပြည်နှင့် လူထုသည် အတုအယောင်ဒီမိုကရေစီကိုရ ရှိခံစားနေကြရသည်။ ပြည်သူ့အစိုးရသည် အတုအယောင် ဒီမိုကရေစီ လောင်းရိပ်မိနေသော ပြည်သူလူထုကို အစစ်အမှန်ဒီမိုက ရေစီလရောင်အောက်သို့ ပြောင်းရွှေ့ပေးရန် တာဝန်ရှိ နေသည်။ ထို့ကြောင့် ၂ဝဝ၈ဖွဲ့စည်းပုံကို ပြုပြင်ရန်ကြိုးစားနေပါသည်။ ထိုသို့ ကြိုးစားရာတွင် ကိုယ်ရောစိတ်ပါတက်တက် ကြွကြွဖြင့် မိမိတက်ကျွမ်းနားလည်ရာ ဥပဒေပညာဘာသာရပ်ဖြင့် ပါဝင်ကူညီနေ သူမှာဦးကိုနီဖြစ်ပါသည်။

ထို့ကြောင့် ရှေ့နေကြီးဦးကိုနီကို အ နောက်ဘက်မှ သေနတ်ဖြင့် ပစ်ခတ်သွားသူမှာ ”အခြေခံဥပဒေကို မပြင်ဆင်လိုသူ(သို့) အသစ်ပြန်လည်ရေးဆွဲလိုခြင်း မရှိသူ”သာ ဖြစ်ပါလိမ့်မည်။

ဦးကိုနီသည် မွတ်ဆလင်လူမျိုးဖြစ်ပြီး အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်ပါသည်။

ကျွန်တော်သည် ဗမာလူမျိုးဖြစ်ပြီး ဗုဒ္ဓ ဘာသာကို ယုံကြည်ကိုးကွယ်ပါသည်။

ဦးကိုနီသည်မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ အတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်း သားပေါင်းစုံကို ချစ်ရှာပါသည်။

ကျွန်တော်လည်းထိုနည်းလည်းကောင်း ပင်ဖြစ်ပါသည်။

အခုကျွန်တော်တို့၏ ခေတ်ကြီးကတာ ဝန်တစ်ခုကို ကျွန်တော်တို့၏ ပခုံးများပေါ် သို့ တင်ပေးလိုက်ပြီ ဖြစ်သည်။ ထိုတာဝန်မှာ ၂ဝဝ၈အခြေခံဥပဒေကိုပြင်ဆင်(သို့)အသစ် ရေးဆွဲဖို့ပင် ဖြစ်ပေသည်။

ကျွန်တော်တို့ ……။

 

ရဲခေါင်မဲမောင်