ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်ကြိုးဆွဲအရုပ်များ

မြတ်လှိုင်း

ကျွန်တော်တို့ မြန်မာလူမျိုးများအနေနဲ့ ဇာတ်သဘင်ပွဲလမ်းများကို ဝါသနာပါကြပါတယ်။ ဒီလိုပွဲလမ်းများဟာ မိုးရာသီ ကုန်ဆုံးချိန်မှာ အနယ်နယ်အရပ်ရပ်တိုင်းနာမည် ကြီးဇာတ်ပွဲများလှည့်လည် ကခဲ့ကြပါတယ်။ ဒီဇာတ်ရုံကြီးတွေမှာလည်း ရုပ်သေးပွဲတွေ ပါဝင်ခဲ့ကြပါတယ်။

ရုပ်သေးသဘင်နဲ့ပတ်သက်ပြီး အနည်းငယ်ပြောချင်ပါတယ်။ ရုပ်သေးဆိုတာခေါင်း၊ ခြေ၊လက်စတဲ့ ကိုယ်အင်္ဂါအစိတ် အပိုင်းတွေ လှုပ်ရှားပြီး လူ့သဏ္ဌာန်ဟန်အမူအရာအ တိုင်းကပြနိုင်ဖို့စီမံထားရတဲ့ အရုပ်လေးတွေ ကိုကြိုးနဲ့ဆွဲပြီးကပြတဲ့ သဘင်ပဲဖြစ်ပါတယ်။ မြန်မာ့ရုပ်သေးကိုအင်းဝခေတ်မှာ ရုပ်ကြီးနဲ့ ရုပ်ငယ်လို့ခေါ်ဝေါ်ခဲ့ပါတယ်။ ညောင်ရမ်းခေတ်မှာအရုပ် က၊ ကုန်းဘောင်ခေတ်မှာရုပ်စုံ၊ ရတနာပုံခေတ်မှာတော့ အမြင့်သဘင်ဆို ပြီးပြောင်းလဲခေါ်ဝေါ်ခဲ့ကြတာကို ဖတ်ရှုရပါတယ်။ အခုနောက်ပိုင်းမှာ မြန်မာ့ရုပ်စုံသဘင်လို့ခေါ်ခဲ့ပါတယ်။ ခေတ်အဆက်ဆက်က ကပြဖျော်ဖြေခဲ့တဲ့ မြန်မာ့ရုပ်သေးသဘင် များဟာ ဖော်ဖြေရုံသက်သက်သာမကဘဲ တိုင်းပြည်ရေးရာတွေကို မတော်မလျော်လုပ်ဆောင်တာမြင်တွေ့တဲ့ အချက်တွေ ကို ထောက်ပြကပြဖျော်ဖြေခဲ့တာကို မှတ်သားခဲ့ရပါတယ်။ ဒီလိုကပြဖျော်ဖြေမှုတွေကို အမှားတွေပြုပြင်ဖို့အတွက် ပြက်လုံး၊ ဇာတ်၊ နိပါတ်၊ ဇာတကဝတ္ထုတွေနဲ့ သတိပေးကပြ ဖျော်ဖြေခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒီးဒုတ်ဦးဘချိုက မြန်မာ့ရုပ်သေးကို နိုင်ငံခြားတိုင်းပြည်များအနေနဲ့ လေးစား တန်ဖိုးထားကြကြောင်း၊ အနုပညာအဆင့်အတန်း အလွန်မြင့်မားကြောင်းကိုမှတ်ချက်ပြုခဲ့ပါတယ်။

ရုပ်သေးသဘင်မှာလည်း အရုပ်များစွာရှိပါတယ်။ ဒါပေမဲ့ အရုပ်မျိုးစုံကို ကိုယ်လုပ်ချင်တိုင်းလုပ်လို့မရပါဘူး၊ ရုပ်သေး သဘင်မှာပါဝင်ရမယ့် အရုပ်များကို ဗုဒ္ဓရဲ့အဘိဓမ္မာ တရားတော်လာဥပါဒါရုပ်၂၄ပါး၊ ဘူတရုပ်လေးပါး၊ ပေါင်း၂၈ပါးကို အစွဲပြုပြီး အရုပ်၂၈ ရုပ်ပါဝင်ပါတယ်။ ဆရာကြီး ဦးဘချိုရေးသားခဲ့တဲ့ မြန်မာ့ရုပ်သေးဆောင်းပါးထဲမှာ (၁)နတ်ကတော် ရုပ်နှစ်ရုပ်၊ (၂) မြင်းရုပ်တစ်ရုပ်၊ (၃)ဆင်ဖြူဆင်မည်း နှစ်ရုပ်၊ (၄)ကျားရုပ်တစ်ရုပ်၊ (၅)မျောက်ရုပ်တစ်ရုပ်၊ (၆)ကြက်တူရွေး တစ်ရုပ်၊ (၇)နဂါးရုပ် တစ်ရုပ်၊ (၈)ဘီလူးရုပ်နှစ်ရုပ်၊ (၉)ဇော်ဂျီတစ်ရုပ်၊ (၁ဝ)ဝန်ကြီးလေးရုပ်၊ (၁၁)မင်းသားတစ်ရုပ်၊ (၁၂)ရှင် ဘုရင်တစ်ရုပ်၊ (၁၃)မင်းသ မီးတစ်ရုပ်၊ (၁၄)မင်းသားကြီးမျက်နှာနီ၊မျက်နှာဖြူ နှစ်ရုပ်၊ (၁၅)ပုဏ္ဏားတစ်ရုပ်၊ (၁၆)ရသေ့ တစ်ရုပ်၊ (၁၇)နတ် တစ်ရုပ်၊ (၁၈)ဗြဟ္မာ တစ်ရုပ်၊ (၁၉)အမယ်အိုတစ်ရုပ်၊ (၂ဝ)လူပြက်နှစ်ရုပ်၊ စုစုပေါင်း၂၈ ရုပ်ပါဝင်ပါတယ်။

ရှေးခေတ်က ရုပ်သေးစင်များကို စင်တော်ကြီး၊ စင်တော်ကလေး၊ သမီးတော်စင်၊ ဝင်းစင်ဆိုပြီး ခွဲခြားထားခဲ့ပါတယ်။ အဲဒီအထဲမှာ စင်တော်ကြီးကို မင်းအမိန့်နဲ့သာ တည်ထောင်ထားနိုင်ပါတယ်။ ကြိုးဆွဲတဲ့နေရာမှာလည်း မင်းသမီးရုပ်ကို အကောင်းဆုံး ကြိုးဆွဲဆရာက ဆွဲရပါတယ်။

ရုပ်သေးအကြောင်း စဉ်းစားရင်းနဲ့ကျွန်တော်တို့ မြန်မာနိုင်ငံအကြောင်းကိုတွေးလိုက်မိပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေအတိုင်းပြောမယ်ဆိုရင် မင်းမိန့်အရကပြနေရတဲ့ရုပ်သေးရုပ်တွေဖြစ်နေပါတယ်။ ကျွန်တော်တို့ မျှော်လင့်ခဲ့သလို ဒီမိုကရေစီခေတ်သစ်ကိုပြန်ပြီး တည်ထောင်နေတဲ့အချိန်ပါ။ ဒီအချိန်ကိုဦးဆောင်သူဟာ သူမျှော်လင့်သလို ကြိုးဆွဲနိုင်လိမ့်မယ်လို့ ထင်ထားခဲ့ပါတယ်။ သူမျှော်လင့်သလို ပြည်သူတွေကလည်း မျှော်လင့်ခဲ့ကြပါတယ်။ သူမက ဘာကို မျှော်လင့်ခဲ့သလဲဆိုတော့ မြန်မာပြည်ငြိမ်းချမ်းရေးလမ်းပေါ်လျှောက်လှမ်းနိုင်ဖို့၊ ဒီငြိမ်းချမ်းရေးလမ်း ကနေတစ်ဆင့် မြန်မာ ပြည်တွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအကုန်ပါဝင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ထောင်နိုင်ဖို့ အတွက်ပါ။ အခုအချိန်မှာတော့ စိတ်ကူးယဉ်ဆန်သလို ဖြစ်နေပါလိမ့်မယ်။ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ ကတည်းက တိုင်းရင်းသားပြည်သူတွေကို အသိပေးကြွေးကြော်ခဲ့ပါတယ်။ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို နိုင်ပြီးတဲ့ အချိန်မှာ သူကြွေးကြော်ခဲ့တဲ့ ပြည်တွင်းစစ်ပွဲတွေရပ်ပစ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကိုဦး စားပေးဆောင်ရွက်ခဲ့ပါတယ်။ ဒါတွေ ကလည်း အိပ်မက်မက်သလို ဖြစ်နေပါပြီ။

ဒီမြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလမ်းကို ၂ဝရာစု ပထမပင်လုံညီလာခံစိတ်ဓာတ်ကို အခြေခံခဲ့ပါတယ်။ ပထမပင်လုံ ညီလာခံတုန်းက တိုင်းရင်းသားတွေ တညီတညွတ်တည်းထောက်ခံခဲ့တဲ့အတွက် မြန်မာပြည်နိုင်ငံလွတ်လပ်ရေးရယူဖို့ အခြေခံအုတ်မြစ်ချနိုင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ၂ဝရာစုပင်လုံ စိတ်ဓာတ်တွေ တကွဲတပြားဖြစ်နေပါပြီ။ တိုင်းရင်းသားတွေကလည်း တကွဲတပြား ဖြစ်နေကြပါတယ်။ တစုတဝေးထည်းဖြစ်ဖို့အကြိမ်ကြိမ်ပြန်ညှိနှိုင်းဖို့ဆိုတာကလည်း အလွန်ခက်ခဲနေတုန်းပါ။ တိုင်းရင်းသား လူမျိုး စုခေါင်းဆောင်တွေကလည်း ကိုယ့်ဒေသအတွင်းမှာ လက်နက်စွဲကိုင်ပြီး အယူအဆရေး အရတော်လှန်ရေးတွေ ဆင်နွှဲ နေခဲ့ကြပါတယ်။ အစုအစုလိုက်ဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေ တစုတစည်းတည်းပြန်ပေါင်းစည်းဖို့တင်မကပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က လူမျိုးစုလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ တပ်မတော်ရဲ့အကွဲကိုပါ ရင်ကြားပြန်စေ့နေရပါတယ်။

ဒီရင်ကြားစေ့မှုအတွက် အရပ်ဘက်ခေါင်းဆောင်(သူမ)နဲ့ စစ်ဘက်ခေါင်းဆောင်က မင်းသားနဲ့မင်းသမီးအဖြစ် အဓိကအခန်းကဏ္ဍမှပါဝင်ကပြနေရပါတယ်။ NCA ဝတ်စုံကြီးကိုဆင်တူဝတ်ထားခဲ့တာ တွေ့နေရပါလိမ့်မယ်။

ရုပ်သေးသဘင်မှာ မင်းသားမင်းသမီးမှလွဲရင် တိုင်တည်သီချင်းကိုဆိုခွင့်မရသလိုပါပဲ။ အဲဒီလိုပဲ မြန်မာ့နိုင်ငံရေး ဟာ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဆွဲတဲ့ကြိုးအောက် မှာအစိုးရနှစ်ဖွဲ့ ‘က’ နေရသလိုဖြစ်နေပါတယ်။ ဒီအစိုးရနှစ်ဖွဲ့ ထဲမှာမှ စစ်ဘက်အစိုးရကိုတိုင်းပြည်ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးတွေကိုအပေါ်က ၂ဝဝ၈ကြိုးဆွဲ ဆရာက ချပေး လိုက်ပါတယ်၊ အရပ်ဘက်အစိုးရကိုတော့ ပြည်သူတွေရဲ့စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့သွားရေးလာရေးတို့ကို အဓိကလုပ်ဆောင်ရမယ့် အခန်းကဏ္ဍကို၂ဝဝ၈ခြေဥကကြိုးဆွဲကစေခဲ့ပါတယ်။ အရပ်ဘက်အစိုးရက ပြည်သူတွေကိုလုပ် ကျွေးနိုင်ဖို့ကအဓိကပါ။ ဆိုရရင်မင်းသားက အဖေနေရာမှာနေပြီး၊ မင်းသမီးကအမေနေရာမှာ သရုပ်ဆောင်ကပြရတဲ့ ပုံစံ မျိုးပေါ့။ ဒီနေရာမှာ ရုပ်သေးသဘင်ထဲမှာဆိုရင်ဘာနဲ့တူသလဲဆိုတော့ ဂဠုန်နဲ့နဂါးရုပ်တွေပြိုင်တူထွက်ရတာကို သွားပြီးမြင် ယောင်လိုက်မိတယ်။ (ရုပ်သေးသဘင်မှာလည်းဂဠုန်ကအထက်ကဆင်းရပါတယ်။ နဂါးကအောက်က နေထွက်ရပါတယ်)။ ပုံပြင်တွေမှာသိမြင်ရတဲ့သဘောအရဆိုရင် နဂါးကိုဂဠုန်ကစီးနေတာကိုတွေ့ရမှာပါ။ ဒါထားပါတော့။

၂ဝဝ၈ ခြေဥအရ ကြိုးဆွဲတာကိုဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားအစိုးရအနေနဲ့ကနိုင်ဖို့ဆို ပြည်သူတွေအတွက် စားဝတ်နေရေးပြည့်စုံဖို့အရေးဟာ အဓိကပါပဲ။ ဒီအခန်းတွေကို ကနိုင်အောင်အတွက် သက်ဆိုင်ရာကဏ္ဍတွေမှာ ဝန်ကြီး တွေကိုကြိုးဆွဲပြီးကခိုင်းရပါတယ်။ ဒါကို ၂ဝဝ၈ ခြေဥကိုင်ထားတဲ့ကြိုးကို တစ်ဆင့်ပြန်ဆွဲရမှာကမင်းသမီးပါ။

(ရုပ်သေးသဘင်အတွက် အရုပ်ထုလုပ် ဖို့ရွေးချယ်ထားတဲ့သစ်သားတွေကအဓိကကျပါတယ်။ အရုပ်ကိုကိုယ်ထုချင်တာနဲ့ ထုလို့မရပါဘူး။ ဥပမာအားဖြင့်လူ၊ မြင်း၊ နတ်ရုပ်တွေကို ယမနေသား၊ သစ်၊ မဉ္ဇူသားတို့နဲ့ထုလုပ်ရပြီး၊ ကျန်တဲ့အရုပ်တွေကို တော့ လက်ပံ သံသတ်ပင်များနဲ့ထုလုပ်ရပါတယ်)။

ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးမှာတော့ အရပ်ဘက်အစိုးရဝန်ကြီးတချို့ကို နီးစပ်ရာဆွဲခန့်သဘောမျိုးနဲ့ ဝန်ကြီးအဖြစ် မင်းသမီးကြိုးဆွဲရာကနေကြပါတယ်။ ဒါပေမဲ့ ဒီဝန်ကြီးတွေကို မင်းသမီးအနေနဲ့သေသေချာချာကြိုးဆွဲမနေနိုင်ဘဲ စစ်ဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေအတွက်ရင်ကြားစေ့ပေးနိုင်ဖို့ အဓိကထားအာရုံရောက်နေတယ်လို့ ပြောရမှာပါ။ စစ်ဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကလည်း မင်းသမီးကြိုးဆွဲရာနောက်ကို လိုက်မကတာကို အချိန်ကြာလာတာနဲ့အမျှ သဘောပေါက်လာကြပါတယ်။ အရပ်ဘက်ဝန်ကြီးတွေကိုလည်း သေချာကြိုး ဆွဲပြီးမကခိုင်းနိုင် တော့ ဝန်ကြီးအကတွေက, ကပေါက်ချိကပေါက်ချာဖြစ်နေကြပါတယ်။ ပရိသတ်ကြီးစိတ်ပျက်နေသလို ပြည်သူတွေကလည်း မျှော်လင့်သလိုဖြစ်မလာဘဲ စားဝတ်နေရေးတွေ ပိုကျပ်တည်းလာတော့ မင်းသမီးလျှောက်ချင်စိတ်ဇောသန်နေတဲ့ ငြိမ်းချမ်း ရေးလမ်းကို လက်ခုပ်တီးပြီးအားမပေးချင်ကြတော့သလို အေးစက်စက်ဖြစ်လာပါတယ်။ တိုင်းရေးပြည်ရေးထက်ဝမ်းရေး ခက်ဆိုတဲ့ စကားအတိုင်း မိမိတို့တစ်ဝမ်းတစ်ခါးအတွက် တစ်နေ့တာ အသက်ရှင်ရေးကိုပဲ ရုန်းကန်လှုပ်ရှားနေရတဲ့ဘဝတွေ ရောက်ခဲ့ပါပြီ။ ပြည်သူတွေအတွက်အခုအချိန်မှာစားဝတ်နေရေး၊ သွားရေးလာရေးအဆင်ပြေဖို့အတွက် အဓိကကျနေပါ တယ်။

နိုင်ငံရေးထက် ညစာစားပြီးလုံခြုံစိတ်ချစွာအိပ်စက်နိုင်ဖို့လိုအပ်နေပါတယ်။ စစ်ပွဲတွေထက် ကိုယ့်အိမ်မှာ စားစရာ မရှိဘဲ လင်နဲ့ မယားရန်ထမဖြစ်ဖို့က အရေးကြီးပါတယ်။ မိသားစုဝင်တစ်ယောက် အချိန်တန်ရင် အိမ်ကိုပြန်ရောက် လာဖို့က လည်း အရေးကြီးပါတယ်။ ပြောမယ်ဆိုရင် ရုပ်သေးသဘင်ဆိုတာလည်း ပြည်သူတွေမကြည့်နိုင်တော့ပါဘူး။ ဘယ်အရုပ်ကို ဘာသားနဲ့ထုရတယ်ဆိုတာလည်း မသိချင်ကြတော့ပါဘူး။

အဲဒီလိုပဲ မြန်မာ့နိုင်ငံရေးစင်မြင့်မှာက ပေါက်ချိကပေါက်ချာဖြစ်နေရတာလည်း  ပြည်သူတွေ ကံမကောင်းကြဘူးလို့ ပဲမှတ်ယူထားရမှာပါ။ ၂ဝဝ၈ ခြေဥကကြိုးဆွဲနေတဲ့အောက်မှာ မင်းသားရော၊မင်းသမီးနဲ့ဝန်ကြီး အရုပ်တွေပါ ကနေကြရတာ ပါ။ နောက်ဆုံး အရုပ်တွေဖြစ်တဲ့ အမယ်အိုငိုခန်းပြီးရင် လူပြက်တွေထပြက်မှာကိုကြည့်ရပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာက ရုပ်သေးပညာမှာ မင်းသားနဲ့မင်းသမီးဟာ နှစ်ကိုယ့် တစ်စိတ်လို့ခေါ်ပါကြောင်း။ ဒါပေမဲ့ ၂ဝဝ၈ ခြေဥကကြိုးဆွဲကပြခိုင်းထားတဲ့ မြန်မာ့နိုင်ငံရေး ရုပ်သေးစင်မှာတော့ မင်းသားနဲ့မင်းသမီးဟာ နီးစပ်သလိုလိုနဲ့ ခပ် လှမ်းလှမ်းကနေ ကနေရပါတယ်။ မင်းသမီးက ရုပ်သေးအကလို နှစ်ကိုယ့်တစ်စိပ်(စိတ်)ဖြစ်နိုင်အောင် ရင်ကြားစေ့ဖို့ ကြိုးစား နေရပါတယ်။

မြတ်လှိုင်း