ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းလိုလူထုခေါင်းဆောင်ဖြစ်နိုင်ပါ့မလား

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းကို လူထုခေါင်းဆောင် (သို့မဟုတ်) အမျိုးသားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့တာကို ဘယ်သူမှ အငြင်းမပွားနိုင်ကြပါ။ လူထုခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ မြန်မာတစ်ပြည်လုံးမှာ နေထိုင် ကြတဲ့တိုင်း ရင်းသားပေါင်းစုံပါဝင်တဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံမှုကအရေး ကြီးပါတယ်။ ဒါ့အပြင် မြန်မာ ပြည်တွင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးရဲ့ အသိအမှတ်ပြု ခြင်းကလည်း အရေးကြီးပါတယ်။ စာရေးဆရာကြီး ဦးအောင် သင်းပြောခဲ့သလို “တစ်ချို့ကပြောကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ဗိုလ်ချုပ်မျိုးရှားတယ်တဲ့ အမှန်ကရှားတာ မဟုတ်ဘူး၊ ရှိကိုမရှိတာ”လို့ပြောခဲ့ဖူးပါတယ်။ အခု NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း လူတချို့က ပြောနေကြ သလို၊ မီဒီယာတချို့ကလည်း လူထုခေါင်း ဆောင်လို့ ပြောနေကြပါတယ်။

ကျွန်တော့်အနေနဲ့တော့ ဗိုလ်ချုပ်အောင်ဆန်းဦးစီးဆောင်ရွက်ခဲ့တဲ့ ပင်လုံညီလာခံနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင် ကျင်းပနေတဲ့ (၂၁)ရာစုပင်လုံ (ပြည်ထောင်စုအမျိုးသားငြိမ်းချမ်းရေးညီလာခံ) နှစ်ခုကိုနှိုင်းယဉ် ကြည့်ချင်ပါတယ်။

အခုလက်ရှိကျင်းပနေတဲ့ (၂၁)ရာစု ပင်လုံညီလာခံကို သုံးသပ်ပြချင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်က လူမျိုးစုတွေ အများ အပြားနေခဲ့ကြတဲ့တိုင်းပြည်ပါ။ ပြောမယ်ဆိုရင် ပြည်ထောင်စုနိုင်ငံပါ။ ဒီပြည်တွင်းစစ်ကြောင့်လည်း တိုင်းပြည် ဆင်းရဲ မွဲတေခဲ့သလို လူမျိုးစုတွေကြားမှာ အမုန်းစိတ်တွေဖြစ်ပေါ်ခဲ့ရပါတယ်။ တစ်မျိုးသားလုံးရဲ့စည်းလုံးညီညွတ်ရေးဆိုတာလည်း ပျောက်ကွယ် ပျက်စီးခဲ့ရပါတယ်။ ရင်ကြားမစေ့နိုင်အောင် ကွဲနေတဲ့အနေအထားမျိုးပါ။ ဒီပြည်တွင်းစစ်ပွဲတွေဖြစ်နေရင် အကြောင်းကြောင်းကြောင့် ပျက်စီးနေတဲ့ တိုင်းပြည်ကို အပျက်တွေပြင်ပြီး ပြန်တည်ဆောက်ဖို့ မလွယ်ကူနိုင်ဘူးဆိုတာ ပြည်သူတွေအားလုံးသိနေခဲ့ကြပါတယ်။ ကျွန်တော်တို့ တိုင်းပြည်အခြေအနေက စစ်အာဏာရှင် စနစ်အောက်က အတင်း ရုန်းကန်တိုးထွက်လာခဲ့ရတဲ့အခြေအနေပါ။ အခုမှဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖြစ်ပေါ်လာအောင် ပြန် တည်ဆောက်ဖို့လမ်းအစပဲရှိပါသေးတယ်။ ဒီလမ်းအစမှာ ရှေ့လမ်းကို ဆက်လျှောက်လှမ်းဖို့အတွက် တိုင်းရင်းသား လူမျိုးစု တွေအချင်းချင်းမုန်းတီးမှုတွေနဲ့ရော၊ ပြည်တွင်းစစ်ဖြစ်နေတာရောကတားဆီးနေပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ ကြားမှာ ကွဲနေတဲ့ ရင်ကြားကို ပြန်စေ့နိုင်မှ ဒီလမ်းအစကနေဆက်လျှောက် လှမ်းနိုင်မှာပါ။ အမျိုးသားပြန်လည် သွေးစည်း ညီညွတ် ရေးဆိုတဲ့ တိုင်းရင်းသားလူမျိုးစုတွေကြားမှာ ကွဲနေတဲ့ ရင်ကြားပြန်စေ့ပေးနိုင်ဖို့ မဖြစ်မနေလုပ်ရတော့မှာပါ။ တိုင်းရင်းသား အစုံပါဝင်တဲ့ တစ်မျိုးသားလုံးအတွက် ရင်ကြားပြန်စေ့ပေးနိုင်ဖို့ရည်ရွယ်ပြီး (၂၁)ရာစု ပင်လုံညီလာခံကို ခေါ်ယူ ကျင်းပပြုလုပ် ခဲ့ရတာပါ။ (၂၁)ရာစုပင်လုံညီလာခံအနေနဲ့ ကျင်းပမယ်ဆိုရင်၊(၂၀)ရာစုပင်လုံနဲ့ ဘယ်လိုကွာသလဲဆိုတာ နှိုင်းယှဉ်ပြရမလို ဖြစ်နေပါတယ်။

ကျွန်တော်တို့နိုင်ငံက လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်သလို ဗမာလူမျိုးအများစုက မြေပြန့်ဒေသမှာ နေထိုင်ပြီး တော့ တိုင်းရင်းသားလူမျိုးစုတွေက တောင်ပေါ်၊ တောင်တန်းဒေသနဲ့ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်ကြတာ ထူးခြားချက်လို့ ပြောရမလိုဖြစ်နေပါတယ်။ တောင်တန်းတွေကလည်း မြန်မာနိုင်ငံအတွက်သစ်တောတွေ၊ ကျောက်သံ ပတ္တမြားတွေပိုင်ဆိုင်နေတဲ့ဒေသဖြစ်နေပါတယ်။ ဗြိတိသျှနယ်ချဲ့တွေက မြန်မာပြည်ကိုလွတ်လပ်ရေးပေးရတော့မယ့် အခြေ အနေမှာတိုင်းရင်းသားတွေနေထိုင်တဲ့ တောင်တန်းဒေသတွေကိုလက်မလွှတ်ချင်ခဲ့ပါဘူး။ ဒီလိုအခြေအနေမှာ၂၀ရာစုပင်လုံ စာချုပ်ဆိုတာဖြစ် ပေါ်ခဲ့ရပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံတစ်နိုင်ငံလုံး လွတ်လပ်ရေးရဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းက အပင်ပန်းခံကြိုးစားခဲ့မှုရဲ့ ပြယုဂ်အဖြစ် ပင်လုံစာချုပ်က သက်သေပြနေပါတယ်။ ပင်လုံစာချုပ်ကိုအကျဉ်းပြန်ပြောပြရမယ်ဆိုရင် ၁၉၄၅ခုမတ်လမှာ ဖက်ဆစ်ဂျပန်တွေကို မြန်မာပြည်ထဲမှတိုက်ထုတ်ပြီး နယ်ချဲ့ဗြိတိသျှတွေမြန်မာပြည်ကို ပြန်လည် အုပ်ချုပ်နိုင်ဖို့ကြိုးစားခဲ့ ပါတယ်။ ဗြိတိသျှတွေက စက္ကူဖြူစီမံကိန်းကိုရေးဆွဲပြဋ္ဌာန်းလာခဲ့ပါတယ်။ အဲဒီစက်္ကူဖြူစီမံကိန်းအရ မြန်မာပြည်မကို ဒိုမီနီယံ အုပ်ချုပ်ရေးအဆင့်တိုးမြှင့်ပေးပြီး၊ တောင်တန်းဒေသတွေကိုတော့ မြန်မာပြည်မနဲ့ ခွဲခြားဆက်ဆံမယ်ဆိုတဲ့စီမံကိန်းပါ။ အဲဒီစက်္ကူဖြူစီမံကိန်းဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသားငြင်းဆန်လိုက်ပါတယ်။ မြန်မာပြည်ကို လုံးဝ လွတ်လပ်ရေးပေးရမှာဖြစ်ကြောင်းနဲ့ လွတ်လပ်ရေးပေးတဲ့နေရာမှာလည်း တောင်တန်းဒေသတွေပါဝင်ရမယ်လို့ တောင်းဆိုခဲ့ ပါတယ်။ ဒီတောင်းဆိုချက်ကို ၁၉၄၆ခုနှစ်၊ စက်တင်ဘာလ၂၆ရက်နေ့မှာကျင်းပတဲ့ အထွေထွေသပိတ်မှောက်ခဲ့တဲ့အခါ၊ ဗြိတိသျှအုပ်ချုပ်ရေးယန်္တရားကြီး လုံးဝရပ်ဆိုင်းသွားခဲ့ရတယ်။ ဒီလိုအခြေအနေမှာ ၁၉၄၆၊ ဇန်န၀ါရီ ၂ရက်နေ့မှာဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို လန်ဒန်မြို့ကိုဖိတ်ခေါ်ပြီး မြန်မာပြည်လွတ်လပ်ရေးပေးဖို့ ဆွေး နွေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်ထဲမှာပါဝင်တဲ့ တောင်တန်းဒေသတွေပါ တစ်ပြိုင်နက်တည်း လွတ်လပ် ရေးပေးရမယ်လို့ ပြတ်ပြတ်သားသား ဆွေးနွေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ပြဿနာတစ်ခုပေါ်လာပါတယ်။ ရှမ်းပြည်နယ် စော်ဘွားကောင်စီဝင်တချို့က ဗိုလ်ချုပ်အောင်ဆန်းက စော်ဘွားတွေအုပ်ချုပ်နေတဲ့ ရှမ်းပြည်နယ်ရဲ့ ကိုယ်စားလှယ်မဟုတ် ကြောင်း၊ တောင်တန်းဒေသတွေကိစ်္စကို စော်ဘွားတွေကို သီးသန့်ဖိတ်ပြီး ဆွေးနွေးဖို့ ကြေးနန်းစာတစ်စောင်ပေးပို့ခဲ့ပါတယ်။ ဒီကြေးနန်းစာကြောင့် ၁၉၄၆ ဇန်န၀ါရီလ ၂၁ရက်နေ့မှာ ဆွေးနွေးမှုကိုခေတ်္တရပ်ဆိုင်းပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကိုယ်စား လှယ်အဖွဲ့ဟာ မြန်မာပြည်ကိုပြန်ခဲ့ရတယ်။

 

ဒါပေမယ့် ဒီလုပ်ရပ်ဟာ ဗြိတိသျှတွေရဲ့ လှည့်ကွက်မှန်းသိတဲ့ ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့(ရပလ)က လူငယ်တွေဟာ ရှမ်းပြည်နယ်လူထုအစည်းအဝေးပွဲကို ခေါ်ယူကျင်းပပြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသာ ရှမ်းပြည်နယ် လူထုရဲ့ ကိုယ်စားလှယ်အစစ်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ လန်ဒန်မြို့မှ ဗိုလ်ချုပ် အောင်ဆန်းတို့လည်း ဖေဖော်ဝါရီ ၂ရက်နေ့မှာ ပြန်ရောက်လာပြီး လုံးဝမနားပဲ ပင်လုံကိုဆက်ထွက်ခွာခဲ့ပါတယ်။

၁၉၄၇၊ ဖေဖော်ဝါရီလ ၉ရက်နေ့မှာ ကျင်းပတဲ့ တောင်တန်းဒေသစုံညီပင်လုံ အစည်းအဝေးပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တာကတော့ …။ ဘိလပ်ဆွေးနွေးပွဲမှာ တောင်တန်းဒေသများကို မြန်မာပြည်မနဲ့ တစ်ချိန်တည်းလွတ်လပ်ရေးမပေး ရင်မဖြစ်နိုင်ကြောင်း၊ မြန်မာများဟာ ဗြိတိသျှရဲ့ကျွန် မဖြစ်လိုသလို၊ တောင်တန်းဒေသများကိုလည်း ဗြိတိသျှကျွန်အဖြစ် မခံနိုင်ကြောင်း၊ ဒါအပြင် တောင်တန်းဒေသများဟာလည်း မြန်မာတို့ရဲ့ကျွန် မဖြစ်ကြစေချင်ပါဘူး၊ တောင်တန်းဒေသ လူမျိုးများကလည်း ဘယ်သူခြောက်ခြောက် မကြောက်ကြဖို့လိုကြောင်း၊ ချော့ရင်လည်း မပျော့ကြဖို့လိုကြောင်း၊ တောင်တန်း ဒေသ လူမျိုးများဟာ မြန်မာပြည်မကဲ့သို့ တူညီတဲ့ အဆင့်အတန်း ကိုလိုချင်ပါတယ်လို့ ပြောရမှာဖြစ်ကြောင်း၊ ဒီစကားဒီနေ့ ပြောရင် နက်ဖြန်လွတ်လပ်ရေးရမယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ် သားသားတာဝန်ယူပြောဆိုခဲ့ပါတယ်။ လူထု ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြတ်သားတဲ့စကားကို ပြောဖို့လိုသလို၊ တာဝန်လည်းယူရဲရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောပြီး၊ နောက်ရက်ဖြစ်တဲ့ ၁၉၄၇၊ ဖေဖော်ဝါရီ ၁၂ရက်နေ့ နံနက်၁၀နာရီမှာ ပင်လုံစာချုပ် လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ မြန်မာပြည်က တိုင်းရင်းသားတွေ အားလုံက ဗိုလ်ချုပ်ပြောတဲ့စကားကို ယုံကြည်မှုအပြည့်ရှိတဲ့အပြင်၊ ဗိုလ်ချုပ်အောင်ဆန်း ကလည်း အပြောပြတ်သားတဲ့အပြင် သူပြောတဲ့စကားကို တာဝန်ယူရဲတယ်ဆိုတာ၊ သူပြောတဲ့အတိုင်း လွတ်လပ်ရေးမရရင် တိုက်ယူမယ်ဆိုတာ လည်း ဗြိတိသျှတွေက သိခဲ့ကြပါတယ်။

ပြောမယ်ဆိုရင် (၂၀)ရာစုပင်လုံစာချုပ်ဟာ မြန်မာပြည်တစ်ပြည်လုံး လွတ်လပ်ရေးရဖို့အပြင် တိုင်းရင်းသားလူမျိုးများ အားလုံး သွေးစည်းညီညွတ်စွာအတူတကွ နေထိုင်ကြမယ်ဆိုတာကို ကတိပေးခဲ့ကြတဲ့စာချုပ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီအချိန်က စစ်သေနာပတိဖြစ်သလို၊ လူထုခေါင်းဆောင်လည်း ဖြစ်နေတဲ့အတွက် တိုင်းရင်းသားတွေအားလုံးက ဗိုလ် ချုပ်အောင်ဆန်းကို ယုံကြည်ခဲ့ကြတယ်။ ဒီလိုယုံကြည်ခဲ့တာရယ်၊ ဗြိတိသျှတွေကလည်း ကြောက်လန့်တာရယ်ကြောင့် (၂၀)ရာစုပင်လုံဟာ အချိန်တိုလေးအတွင်းမှာ အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး နောက်မှသာ လူမျိုးစုတွေနဲ့သဘောထားကွဲ လွဲပြီး ပြည်တွင်းစစ်ဖြစ်လာခဲ့ပါတယ်။

အခု (၂၁)ရာစုပင်လုံညီလာခံနဲ့ မြန်မာပြည်တွင်းမှာ အတူနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ သွေးစည်းညီညွတ်ရေး ကို အဓိကထားတယ်ဆိုပေမယ့်၊ (၂၀)ရာစုပင်လုံနဲ့ ကွာခြားချက်တွေ များစွာရှိနေပါတယ်။ မြေပြန့်နေ ဗမာလူမျိုးကြီး ၀ါဒကိုင်စွဲထားတယ်ဆိုတဲ့ တောင်တန်းနေ တိုင်းရင်းသားတွေရဲ့ အမြင်မှာရှိနေတဲ့ မုန်းတီးစိတ်ကို အရင်ဆုံးအနေနဲ့ ချေဖျက် နိုင်ဖို့ လိုအပ်ပါတယ်။ နောက်နှစ်ပေါင်း ၇၀နီးပါးကြာ ပြည်တွင်းစစ်ဒဏ်ကိုခံနေကြရတဲ့ တိုင်းရင်းသားတွေဟာ (၂၁) ရာစုပင်လုံညီလာခံကိုခေါ် ယူကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ယုံကြည်လာဖို့ လိုပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကို တိုင်းရင်းသားတွေ ယုံကြည်လာဖို့အတွက်၊ ဗိုလ်ချုပ်အောင်ဆန်း ပြတ်ပြတ်သားသားပြောခဲ့သလို ပြောပြီး၊ တာဝန်ယူရဲဖို့လည်း လိုနေပါတယ်။ နောက် ..ကွာခြားနေတဲ့အချက်က ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံစာချုပ်ချုပ်ချိန်မှာ စစ်တပ်သေနာပတိဖြစ်နေတာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆုံးအဖြတ်ကို အရပ်ဘက်-စစ်ဘက် နှစ်ဖက်ညှိနေရ မယ့် အနေအထားမရှိပါဘူး။ တိုင်းပြည်လွတ်လပ်ရေးရဖို့ လူမျိုးစုတွေအားလုံး သွေးစည်းညီညွတ်နေတဲ့ အချိန်ဖြစ်ပါတယ်။

အခုအခြေအနေနဲ့ အရမ်းကွာနေပါတယ်။ အခုခက်ခဲစွာကျော်ဖြတ်နေရတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ နယ် ဘက်-စစ်ဘက် အစိုးရနှစ်ခုကလည်း နီးစပ်နိုင်အောင် ရင်ကြားစေ့ရေးဆောင် ရွက်နေရတဲ့ အနေအထားဖြစ်ပါတယ်။ တိုင်းပြည်မှာ အကွဲကွဲအပြဲပြဲဖြစ်နေတာကို ရင်ကြား ပြန်စေ့နိုင်ရေးကိုတောင် အချိန်ယူကြိုးစားဆောင်ရွက်ရပါမယ်။ ရင်ကြား စေ့ပေးဖို့ အတွက်လည်း တိုင်းရင်းသားတွေကို ပြီးခဲ့တဲ့ခေတ်ကာလမှာ ဖြစ်ခဲ့တဲ့ လူလူချင်းခွဲခြားဆက်ဆံမှုတွေ၊ နယ်ပယ် ပေါင်းစုံမှာ အဆင့်အတန်းနိမ့်ကျခဲ့မှုတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေယုံကြည်မှုကို အာမခံပေးနိုင်ဖို့လိုပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်အဖြစ် သတ်မှတ်ထားနိုင်ဖို့ကြိုး စားဆောင်ရွက်ရလိမ့်ဦးမယ်လို့ ပြောချင်ပါတယ်။ လူထုခေါင်းဆောင်ဆို တာ လက်နက်ကိုင် တပ်ဖွဲ့များရဲ့ သေနာပတိဖြစ် နေရပါလိမ့်မယ်။ “မင်းတို့စစ်မြေပြင်ကိုသွားရလိမ့်မယ်၊ မင်းတို့အတွက် ဘာရမလဲဆိုတော့၊ ပင်ပန်းမယ်၊ ဆင်းရဲမယ်၊ ဒဏ်ရာရမယ်၊ သေမယ်၊ ငါလည်းမင်းတို့နဲ့အတူလိုက်မယ်”ဆိုတဲ့ စကားကို ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ပါတယ်။ ဒီစကားက ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံရဲမှုဖြစ်ပါတယ်။

(၂၀)ရာစုပင်လုံနဲ့ (၂၁)ရာစုပင်လုံရဲ့ အဓိကကွာခြားနေတဲ့ အချက်ပါ။ ဒီကွာခြားချက်ကြောင့် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ခြွင်းချက်မရှိလက်ခံနိုင်မှုကလည်း ကွာခြားနေပါလိမ့်မယ်။ ယုံကြည်မှုရှိလာနိုင်မှသာ တစ်မျိုးသားလုံးရင်ကြား စေ့ရေးကို အမြန်ဖော်ဆောင်နိုင်ပါလိမ့်မယ်။ တစ်နိုင်လုံးအပစ်ရပ်စဲဖို့တင်မကပဲ၊ တိုင်းပြည်ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင် ပါလိမ့်မယ်။ ဒါကလည်း အချိန်ယူဆောင်ရွက်ရမယ့်အနေအထားမှာဖြစ်နေပါတယ်။ နောက်တစ်ချက်အနေနဲ့ ပြောရမယ်ဆို ရင် ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တပ်မတော်နဲ့ ရေးဆွဲပြီး အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သဘောတူလက်မှတ်ရေးထိုး ဖို့လိုအပ်နေပါတယ်။ ဒီ NLD စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တစ်ခြမ်းက လက်မှတ်ထိုးပြီး တစ်ခြမ်းက လက်မှတ်မထိုးသေး ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး သဘောတူ လက်မှတ်ထိုးမှသာ၊ ဒီစာချုပ်အဓိပ်္ပာယ် ပြည့်စုံမယ့် အနေအထားရှိနေပါတယ်။ လက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်ခြမ်းလက် မှတ်ထိုးပြီးမှသာ (၂၁)ရာစုပင်လုံညီလာခံ ဟာလည်း အဓိပ်္ပာယ်ပြည့်စုံမှာပါ။ ဒါကို ခေါင်းဆောင်နေရာမှာ တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးနိုင်ဖို့ အများကြီး လိုအပ်ပါတယ်။

 

၁၉၄၇ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးတုန်းက ရှမ်းစော်ဘွား၇ဦး၊ ရှမ်းလူထု ကိုယ်စားလှယ်၂ဦး၊ ကချင်ကိုယ် စားလှယ် ၅ဦး၊ ချင်းကိုယ်စားလှယ်၃ဦး၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာကိုယ်စားလှယ်၂၃ဦး ပါဝင်လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။ ဒီလို တောင်တန်းဒေသအားလုံး မပါဝင်ခဲ့တာကို ဗြိတိသျှတွေကထောက်ပြခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ ကျန် တိုင်းရင်းသားများပါဝင်တဲ့ တောင်တန်းဒေသစုံစမ်းရေးကော်မတီဖွဲ့စည်းတာကို လက်ခံပြီးစုံစမ်းခဲ့ရပါတယ်။ ဒီတောင်တန်း ဒေသစုံစမ်းရေး ကော်မတီမှာသခင်နု၊ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ ဦးကျော်ငြိမ်း၊ ဦးမြင့်သိန်း၊ ဦးထွန်းဖေ၊ မိုင်းပွန စော်ဘွားစ၀်စံထွန်း (ရှမ်း)၊ ဗိုလ်မှူးရှမ်းလုံ၊ ဆမားဒူးဝါးဆင်ဝါးနောင်(ကချင်)၊ ဦးဝမ်းကိုဟော(ချင်း)၊ စောစံကေး (ကရင်)တို့ ပါဝင်ခဲ့ပါတယ်။ တိုင်းရင်းသားတို့ တင်ပြခဲ့သော ဆန္ဒတွေကို မှတ်တမ်းတင်ထားခဲ့ပြီး ဗြိတိသျှကို တင်ပြခဲ့ပါတယ်။ ၁၉၄၇၊ မေလ၁၈ရက်နေ့မှာ ဗြိတိသျှအစိုးရက ပင်လုံစာချုပ်ကို အတည်ပြုလက်ခံပြီး မြန်မာတစ်ပြည်လုံးကို လွတ်လပ်ရေးပေးခဲ့ ပါတယ်။

အခု (၂၁)ရာစုပင်လုံမှာလည်း တိုင်းရင်းသားအားလုံးပါဝင်ဖို့ အရေးကြီးတာကို ပြောချင်ပါတယ်။ တိုင်းရင်းသား အားလုံး မပါဝင်ဘဲနဲ့ (၂၁)ရာစုပင်လုံညီလာခံဟာ မအောင်မြင်နိုင်ပါဘူး။ တောင်တန်းဒေသ တိုင်းရင်းသားတွေအားလုံး NLD ကို သဘောတူ လက်မှတ်ရေးထိုးဖို့ဆိုတာ ပထမအဆင့် ကြိုးစားရမယ့်အချက်ပါ၊ ဒီပထမအဆင့်ကို အောင်မြင်စွာကျော်လွန် နိုင်မှ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက (၂၀)ရာစုပင်လုံနဲ့ (၂၁)ရာစုပင်လုံဟာ အလွန်ကွားခြားနေတာကို နှိုင်းယှဉ်ကြည့်ပြီး ဗိုလ်ချုပ်အောင်ဆန်း လူထုခေါင်းဆောင်ဖြစ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တော့ အခုအချိန်မှာ လူထုခေါင်းဆောင် မဖြစ်နိုင်သေးပါဘူးလို့ ပြောချင်ပါတယ်။

မြတ်လှိုင်း