“နောက်ခံသမိုင်းကြောင်းကိုပြန်ကြည့်ရင် ရခိုင်တွေဟာ တကယ့်နိုင်ငံဖြစ်ထိုက်တဲ့ လူမျိုးတွေထဲမှာ ရခိုင်က ပါတယ်”

“လက်ရှိရောက်နေတဲ့ ပကတိအနေအထားရဲ့ အောက်မှာ နိုင်ငံသားအားလုံး အတူယှဉ်တွဲနေထိုင်လို့ ရအောင် Confederate စနစ်ကို ပိုကြိုက်တယ်ဆိုပြီးတော့ ပြောတာ”

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရဲကင်းစခန်းလေးခုကို ရက္ခိုင်တပ်မတော်(AA)က ဇန်န ဝါရီ ၄ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အစိုးရနှင့်တပ်မတော်က AAအဖွဲ့အား အကြမ်းဖက်သောင်း ကျန်းသူအဖြစ် ကြေညာပြီး ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။  လက်ရှိအချိန်ထိလည်း တပ် မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး စစ်ရေးပဋိပက္ခကြောင့် နှစ်ဖက် တပ်ဖွဲ့ဝင်များသာမက အရပ်သားထိခိုက်သေဆုံးမှုများ၊ ဒဏ်ရာရမှုများရှိခဲ့ပြီး စစ်ဘေးဒုက္ခသည် တစ်သောင်း ကျော်အထိ ရှိလာပြီဖြစ်သည်။

ထို့ကြောင့် ရက္ခိုင့်တပ်မတော်၏ ရပ်တည်ချက်နှင့်  ရှေ့ဆက်လုပ်ဆောင်မည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့် ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့် ဆယ်သွယ်မေးမြန်းခြင်း။ 

မေး ။  ။ AA အဖွဲ့ကို အကြမ်းဘက်သောင်းကျန်းသူအဖြစ်ကြေညာပြီး အမြစ်ပြတ်ချေမှုန်းမယ်ဆိုပြီး ပြောခဲ့တာရှိပေမယ့် အခုနောက်ပိုင်း အစိုးရဘက်က  အပစ်ရပ်လက်မှတ်ထိုးဖို့ လေသံပြောင်းလာတဲ့သဘောဆို တော့ အဲ့ဒီအပေါ်မှာကော ဘယ်လိုထင်မြင်မိလဲ။

ဖြေ။  ။ ဒီဟာကတော့ သူတို့လုပ်နေကျ နည်းဗျူဟာလို့ပြောလို့ရတာပေါ့။ အဲ့လို လိုတစ်မျိုး၊ မလို တစ်မျိုး  သွေးခွဲအုပ်ချုပ်တဲ့ မူဝါဒနဲ့ တစ်လျှောက်လုံး အုပ်ချုပ်လာတဲ့အတွက်လည်း အခုပြည်တွင်းစစ်က နှစ် ၇၀ ကျော် ကြာရှည်လာတာ။ တကယ်ရိုးသားတဲ့စိတ်ဓာတ်နဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းအရ၊ တကယ်တွေ့ဆုံ အဖြေရှာဖို့အတွက် အစိုးရဘက်က လုပ်ခဲ့တယ်ဆိုရင် တိုင်းပြည်က အခုအနေထားထိ ရောက် လာစရာ အကြောင်းမရှိဘူး။ အခုလည်းပဲ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေတယ်လို့ ကျွန်တော်တို့ဘက်က မယူဆ သေးဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုက သူတို့က နိုင်ငံတကာဖိအားတွေကို ရပ်တန့်အောင်လောက်ပဲ ဆေးမြီးတိုနဲ့ ကုမယ်ဆိုတဲ့သဘောမျိုး တွေ့နေရတယ်။ အဲ့လို ဆေးမြီးတိုနဲ့ ကုနေလို့ကတော့ အလုပ်မဖြစ်ဘူးဗျ။ တကယ်ငြိမ်းချမ်းရေးကိုလိုချင်ရင် တိုင်းရင်းသားအချင်းချင်း ရိုးသားတဲ့စိတ်ဓာတ်၊ ညီအစ်ကိုစိတ်ဓာတ်နဲ့ ဖြေ ရှင်းမယ်ဆိုရင် ပြဿနာက ပြေလည်နိုင်မယ့် အလားအလာရှိတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ အခုလုပ်နေသလို တိုင်း ရင်းသားအဖွဲ့တွေကို အင်အားကြီးတဲ့အဖွဲ့ကို ဘယ်လိုဆက်ဆံမယ်၊ အင်အားနည်းတဲ့အဖွဲ့ကို ဘယ်လို ဆက်ဆံမယ်။ အဲ့လိုမျိုးမူဝါဒတွေနဲ့ သွားနေလို့ကတော့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရဖို့မမြင်ဘူးဗျ။

မေး။ ။မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို Deed of Commitment ထိုးပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ် ဆိုတဲ့အပေါ်မှာ AA ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အရင်တစ်ခေါက်ကူမင်းမှာ တွေ့တုန်းကလည်း ကျွန်တော်တို့ မြောက်ပိုင်းမဟာမိတ်ဘက်က တော့ Bilateral ကိုအရင်သွားမယ်။ အစိုးရဘက်ကတော့ DOCပေါ့နော်။ Deed of Commitment ကို အရင်ထိုးရ မယ်ဆိုပြီး အဲ့လိုမျိုးပြောလာတာရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ အဲ့လိုမျိုး DOCကို  မထိုးနိုင် ဘူး။ အဲ့ဒီမှာ သူတို့အစိုးရဘက်ကလာတဲ့သူတွေက အဆုံးအဖြတ်မပေးနိုင်ဘူး။ သူတို့ဘက်က အဆုံးအဖြတ် မပေးနိုင်လို့  အထက်ပြန်တင်ပြမယ်ဆိုပြီး အစည်းအဝေးက အဲ့ဒီမှာပဲရပ်သွားတာ။ ဘာပဲဖြစ်ဖြစ်တွေ့ကြတာ ကတော့ ဖြစ်ပေါ်တိုးတက်မှုတစ်ခုပေါ့။ ဒါပေမယ့် ဒီနေရာမှာ မေးခွန်းထုတ်စရာကတော့ အများကြီးရှိတာပေါ့။ ဥပမာ အခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရနဲ့ စစ်တပ်ကြားမှာ ဘယ်သူကနေ ဦးဆောင်ပြီးတော့ တိုင်းပြည်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အဖွဲ့အစည်းလဲဆိုတာလည်း ကျွန်တော်တို့ဘက်က မေးခွန်းထုတ်စရာ တွေရှိတယ်။ အစိုးရနဲ့ဆွေးနွေးလို့ ကိစ္စကမပြီးဘူး။ တပ်ကကန့်ကွက်ရင်လည်း အဲ့ဒါကအလုပ်မဖြစ်ဘူး။ စစ်တပ် နဲ့ပြီးပြန်တော့လည်း အစိုးရက သဘောမတူရင် အလုပ်မဖြစ်ပြန်ဘူး။ ဘယ်သူနဲ့ဆွေး နွေးလို့ရှိရင် နောက်ဆုံး အဆုံးအဖြတ်ဖြစ်နိုင်တယ်ဆိုတာ ဥပမာ-ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်တဲ့အစိုးရလား၊ တပ်မတော်လား။ လက်ရှိအစိုးရကို ဦးဆောင်တာမှာဘယ်သူက Decision Maker လဲ။ ဘယ်သူဟာ တကယ်ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ ကျွန်တော်တို့ဘက်က မသဲကွဲဘူးဖြစ်နေတယ်။

မေး။ ။ ရဲကင်းစခန်းတွေကို တိုက်ခိုက်တာနဲ့ပတ်သက်ပြီး လူထုကြားမှာ ဝေဖန်ပြောဆိုမှုတွေရှိပါတယ်။ နိုင်ငံတ ကာကလည်း ဝေဖန်တာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။။ ရဲကင်းစခန်းကို တိုက်ခိုက်တယ်ဆိုတာကပုံစံအမျိုးမျိုးရှိတယ်။ တစ်ချို့ဟာတွေဆိုလို့ရှိရင် ဥပမာ- နယ်ခြားစောင့်ဆိုရင် သူတို့က တိုက်ခိုက်ရေးမှာနေပြီးတော့၊ စစ်ဆင်ရေးတွေမှာ အပြည့်အ၀တာဝန်ယူပြီးတော့ တပ်နဲ့အတူတူ စစ်ဆင်ရေးတွေ ပူးပေါင်းဆောင်ရွက်ရတယ်။  ဆိုတော့ အဲ့ဒီနယ်ခြားစောင့်တွေကိုလည်း ကျွန် တော်တို့က တိုက်ခိုက်ရမယ်။ တစ်ချို့ရဲတွေကျလို့ရှိရင် ဥပမာ-ရွာမှာနေတယ်ဆိုပေမယ့်လို့ သူတို့ ရဲ့အဓိကတာ ၀န်ဖြစ်တဲ့ ပြည်သူလူထုလုံခြုံရေးတာဝန်ကိုယူနေ၇င် ဘာမှ ကျွန်တော်တို့နဲ့ ပြဿနာမရှိဘူး။ ဒါပေမယ့် ဗမာ စစ် တပ်ကို သတင်းတွေထောက်လှမ်းပေးတာတို့  နောက်ပြီး ပြည်သူလူထုကို မတရားဖမ်းဆီး ရိုက်နက်တာတွေ လုပ်တယ်။ မတရားအမှုဆင်ပြီးတော့ ဖမ်းတာတွေလုပ်တယ်။ အဲ့လိုမျိုး ပြည်သူလူထုကို ဒုက္ခပေး လာတဲ့အခါ ကျတော့ ကျွန်တော်တို့ဘက်ကလည်း လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုကတော့ ဒါလုပ်ကိုလုပ် ရမှာဖြစ်တယ်။  အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီရဲကင်းစခန်းတွေကို တိုက်ခိုက်တဲ့ဟာက ဥပမာ-အမေရိက တို့်လို့၊ ဥရောပတို့ လိုနိုင်ငံမျိုးက ရဲတွေနဲ့ စံချိန်ထိုးလို့မရဘူး။ ရဲတော့ရဲပဲဗျာ ဒါပေမယ့် စံချိန်ထိုးလို့မရဘူး။ အဲ့လိုမျိုးတကယ်စံချိန် ၊စံညွန်း တကယ်လိုက်နာတဲ့ ရဲတွေဆိုရင် ဘာပြဿနာမှမရှိဘူး။ အခုဗမာပြည်မှာက သိတဲ့အတိုင်းပဲ အခြေခံ ဥပဒေထဲမှာကိုယ်၌က ဗမာပြည်ထဲမှာရှိတဲ့ လက်နက်ကိုင်တွေအားလုံးဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထိန်းချုပ်မှု အောက်မှာရှိတယ်ဆိုတာ ဖော်ပြထားပြီးသား။ နောက်ပြီး ရဲတွေကိုယ်တိုင်ကလည်း ပြောမယ်ဆိုရင် အစိုးရရဲ့ ပြည်သူလူထုကို ဖိနှိပ်ရေးယန္တရားထဲမှာ အဓိကနေရာကပါတယ်။ ဒါကြောင့်မို့လို့ လိုအပ်ရင် လိုအပ်သလို ကျွန်တော်တို့ဘက်က ရဲတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ရတာ ရှိပါတယ်။

မေး။ ။ AA ခေါင်းဆောင်က ရခိုင်ပြည်နယ်ကို Confederate အဖြစ် ထူထောင်မယ်လို့ ပြောထား တာရှိတယ်။ ဒါက ရက္ခိုင့်တပ်မတော်အတွက်အဓိက ရည်မှန်းချက်လို့ ပြောလို့ရလား။ 

ဖြေ။  ။ ကျွန်တော်တို့က ရခိုင်အနေနဲ့ပြောမယ်ဆိုရင် Confederate လို့ ပြောတာက အများနဲ့နေပြီး တော့ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ အခင်းအကျင်းကို အကောင်းဆုံးအချိုးချပြီးတော့ ပြောထားတာ။ ရခိုင်တွေ ရဲ့ဖြစ်တည်မှု နောက်ခံသမိုင်းကြောင်းကိုပြန်ကြည့်ရင် ရခိုင်တွေဟာ တကယ့်နိုင်ငံဖြစ်ထိုက်တဲ့ လူမျိုးတွေထဲမှာ ရခိုင်ကပါတယ်။ ဒါပေမယ့်လို့ ကျွန်တော်တို့ကလက်ရှိရောက်နေတဲ့ ပကတိအနေအထားရဲ့ အောက်မှာနိုင်ငံ သားအားလုံးကနေပြီး အတူယှဉ်တွဲနေထိုင်လို့ရအောင် Confederate စနစ်ကို ပိုကြိုက်တယ်ဆိုပြီးတော့ ပြော တာ။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ အခု ကျွန်တော်တို့ရက္ခိုင့်တပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ အစိုးရဘက်က ပြောတာ က ဆူပူသောင်းကျန်းမှုပေါ့ဗျာ။ အဲ့လိုမျိုးစကားတွေ ပြောတာရှိတယ်။ ဆိုတော့ နိုင်ငံရေးပြဿနာဘာကြောင့် ဖြစ်သလဲဆိုတာကို တကယ့်ပကတိအနေထားကို လက်ခံပြီးတော့ဖြေရှင်းမယ့်အစား အဲ့ဒီဟာကို ဆူပူသောင်း ကျန်းမှုလို့မြင်နေတယ်။ သူတို့အဲ့လိုမျိုးမြင်တဲ့ဟာတွေ ဆက်ပြီးရှိနေလို့ရှိရင် စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲ ရောက်ဖို့အတွက်ရော၊ ငြိမ်းချမ်းရေးကို ဖြောင့်ဖြောင့်တန်းတန်းသွားဖို့အတွက်ရော ဒါတွေက တော်တော်လေး အတား အဆီးဖြစ်နိုင်တဲ့ အနေအထားလို့ ပြောချင်တယ်။

အက်စ်အမ်အေ